သာသနာနှင့်ရာဇာအပိုင်း (၂၂)


*****************
တစ်ညသောအခါ၌ ပရက္ကမဗာဟုသည် သူ့ဦးရီးတော်ကို မပြောမဆိုဘဲ သင်္ခနာယကတ္ထလီရှိ ဘုရင့်နန်းတော်မှ တိတ်တဆိတ် ထွက်ပြေးသည်။ မြို့စောင့် မမြင်စေရန် ပုန်းလျှိုးကွယ်လျှိုးနှင့် မြို့ပြင်ဘက် ထွက်လာပြီးလျှင် ဗဒလတ္ထလီ (ဗတလဂိုဒ)အနီးရှိ ပိလိဝတ္ထုသို့ ရောက်ရှိ လာသည်။ ထိုနေရာ၌ နဂိုကကြိုတင် အချိန်းအချက်
ပြုထားသည့်အတိုင်း သူ၏ လူယုံတစ်ဦးနှင့်ဆုံသည်။ ဗတလဂိုဒသည် ဒက္ခိဏဒေသ၏ နယ်စပ်၌ရှိသည်။ ထို အရပ်၌ အရေးကြီးသော ခံတပ်တစ်တပ်ရှိသည်။ယင်းခံတပ် ၏ သေနာပတိမှာ သင်္ခဖြစ်သည်။ ပရက္ကမဗာဟုသည် နောက်လိုက်နောက်ပါများနှင့် အတူတကွ ထိုနေရာသို့
ရောက်ရှိလာသည်။
ဘုရင်မင်းကြီးကို အသိမပေးဘဲ သားတော် ပရက္ကမဗာဟု
ထွက်ပြေးလာသည်ကို သိရ၍ သေနာပတိသည် သားတော် အား တလေးတစား ကြိုဆိုဧည့်ခံပြီးလျှင် သူ၏ အိမ်ဂေဟာ ၌ အလိမ္မာနှင့် နေရာပေးထားသည်။ ဘုရင်မင်းကြီးထံ အကြောင်းကြားပြီး ဘုရင်မင်းကြီးထံမှ သားတော် ပရက္ကမဗာဟုနှင့် စပ်လျဉ်း၍ မည်သို့ ဆောင်ရွက်ရမည် ဆိုသည့်အမိန့် ရောက်မလာမချင်း သားတော်က နောက် လိုက်ငယ်သားများကို သားတော်နှင့် အဆက်အသွယ်
မလုပ်နိုင်အောင် နေရာသတ်သတ်စီ ချပေးထားသည်။
သားတော်သည် သူ၏ စီမံကိန်းကို တစ်ဖန် ပြန်လည်စဉ်းစား ဆင်ခြင်ပြီးလျှင် အမိန့်ချမှတ်လိုက်၏။ ယင်းအမိန့်အတိုင်း
တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ကြသည်။ သား တော်သည် နောက်ပိုင်းတွင် သူ၏ လုပ်ငန်းအတွက်အနှောင့် အယှက် အဟန့်အတား ဖြစ်လာမှာ စိုးရိမ်သည့်အတွက် သေနာပတိကို ဖျောက်ဖျက်ပစ်လိုက်သည်။ သေနာပတိကို ရှင်းလင်းသုတ်သင်ပစ်သည့်အကြောင်းကို စူဠ၀ံသ၌ အကျယ်တ၀င့် ဖော်ပြထားသည်။
စူဠ၀ံသ၌ ပရက္ကမဗာဟုအား မဟာသူရဲကောင်းအဖြစ် လည်းကောင်း၊ ထိုခေတ် သီဟလဒီပ သီဟိုဠ်ကျွန်း၏ မဟာရာဇာ အဖြစ်လည်းကောင်း ချီးကျူးဂုဏ်ပြု ရေးသား ဖော်ပြထားသည်။
ယင်းအချက်နှင့် စပ်လျဉ်း၍ အိပ်ခ်ျ၊ စီ၊ ရွိုင်းက တစ်ဖက် တွင် သားတော် ပရက္ကမဗာဟုအား သေနာပတိကို သတ်သူ အဖြစ် ဖော်ပြထားပြီး အခြားတစ်ဖက်၌ မဟာသူရဲကောင်း၊ မဟာရာဇာအဖြစ် ဖော်ပြခြင်းသည် အဆီအငေါ်မတည့်ဟူ၍ မှတ်ချက်ချထားသည်။ ရွိုင်း၏ အယူအဆအရ မည်သည့် ဘုရင်ကိုမှ `မဟာ´ တပ် မခေါ်သင့်ပေ။ ကမ္ဘာပေါ်၌ `မဟာ´ ဘွဲ့ ရထားသော ဘုရင်များအနက် အများအပြား မှာ သွေးစွန်းပြီး `မဟာ´ ဘွဲ့ရထားသော ဘုရင်များသာ ဖြစ်ကြသည်။
သူ၏ အယူအဆအရ အခြားဘုရင်များနှင့် ပတ်သက်၍ မှန်ကန်မှု ရှိနိုင်သော်လည်း သားတော် ပရက္ကမဗာဟုနှင့် ပတ်သက်၍မူ ခြွင်းချက်ထားသင့်၏ဟု အချို့က ဆိုကြ သည်။ သေနာပတိကို လုပ်ကြံချိန်၌ သားတော်၏အရွယ်မှာ ၁၄ နှစ်၊ ၁၅ နှစ်မျှသာ ရှိသေးသည်။ သူငယ်အရွယ်၌ ရှိနေ ကျ တက်ကြွမှုမျိုးသည် သားတော် ပရက္ကမဗာဟုတွင်လည်း ရှိနေသည်။ ထိုမျှသာမက သားတော်သည် သူရဲကောင်းစစ် သည် သားတော်တစ်ပါးလည်း ဖြစ်နေပြန်သည်။ ထို့ကြောင့် ဤမျှလောက်သော လုပ်ရပ်ကြောင့် ပရက္ကမဗာဟု၏ `မဟာ´ ဖြစ်ရေး၌ "အနှောင့်အယှက် အဟန့်အတား မဖြစ်သင့်" ဟု အချို့က အယူရှိကြသည်။
သေနာပတိ လုပ်ကြံခံရသောအခါ သားတော်သည် သူ၏ ဦးရီးတော် ဘုရင်မင်းကြီးအား ပုန်ကန်ခြားနားနေပြီဟု ယုန်ထင်ကြောင်ထင် ဖြစ်သွားကြသည်။ အချို့က သားတော် ဘက်က ရပ်ကြသည်။ ဘုရင့်သစ္စာ စောင့်သိကြ သူများကမူ သားတော်အား လက်နက်စွဲကိုင် တိုက်ခိုက်ရန်
အသင့်ဖြစ်နေကြသည်။ သားတော်ဘက်က ကူညီတိုက်ခိုက် လိုသူများက သားတော်အား သင်္ခနာယကတ္ထလီကို ၀င် ရောက်တိုက်ခိုက်ပြီးလျှင် ဘုရင်အား ဖမ်းဆီး အကျဉ်းချ ထားရန် အကြံဉာဏ်ပေးကြသည်။
ယင်းရည်ရွယ်ချက်ဖြင့်ပင် ပဒါဝါရ သုညကဏ္ဍသို့အထိ
ချီတက်လာကြသည်။ သို့သော်လည်း သားတော် ပရက္ကမဗာဟုက မိမိ၏အကြံမှာ ဘုရင်မင်းကြီးအား ရန်ပြု ရန် မဟုတ်ကြောင်း၊ ထိုဒေသ၌လည်း မိမိအုပ်ချုပ်မင်း လုပ်ရန် မရည်ရွယ်ကြောင်းအကြောင်းပြန်ကြားလိုက်သည်။ ----------
အရှေ့ဘက်၌ သားတော်သည် ဗတလဂိုဒမှ ဆီရိယာလသို့ ချီတက်သည်။ ထိုအရပ်၌ သားတော်သည် ရန်သူများနှင့် ရင်ဆိုင်ရသည်။ မိမိ၏ နောက်လိုက်များနှင့် ဗုဒ္ဓဂါမ (မေဏိကဒေဏ) သို့ ရောက်သွားသည်။ ဗုဒ္ဓဂါမ သည် သီရိဒေ၀ီ (နိကုလာကန္ဒ) တောင်အနီး၌ တည်ရှိသည်။
ထိုအရပ်၌ သားတော်အား ခုခံတွန်းလှန်ရန် ကြိုးပမ်းအား ထုတ်ကြသည်။ သို့သော်လည်း အောင်မြင်မှု မရှိပေ။
သားတော်သည် ဗုဒ္ဓဂါမမှနေ၍ နဂရဂိရိဂေါကဏ္ဏအား ဂဇဗာဟုကို ပစ်ထားခဲ့ပြီး သူနှင့် လာပူးပေါင်းရန် ဖိတ်မန္တက ပြုလိုက်သည်။ ဂေါကဏ္ဏသည် ကာလ၀ါပီခရိုင်တွင် အုပ် ချုပ် ရသည့် ဂဇဗာဟု၏ အုပ်ချုပ်ရေးမှူးဖြစ်သည်။ သား တော်၏ အဆိုပြုချက်ကို လက်ခံပြီး ဂေါကဏ္ဏသည် သားတော်ထံ အဖိုးထိုက် အဖိုးတန် လက်ဆောင် ပဏ္ဏာ များကို ပေးပို့လိုက်သည်။ သားတော်သည် အချိန်အတန် ကြာ မျှ ဗုဒ္ဓဂါမ၌ တပ်စခန်း ချနေသည်။
ပရက္ကမဗာဟု ထွက်ပြေးသွားသောကြောင့် ကိတ္တိသီရိမေဃ ဘုရင်သည် ပရက္ကမဗာဟုက မိမိနှင့် ဂဇဗာဟုအကြားတွင်
ရန်မီးမွှေးမှာကိုလည်းကောင်း ဒက္ခိဏနှင့် ရာဇရဋ္ဌကို စစ်မီး လောင်ကျွမ်းအောင် လုပ်မှာကိုလည်းကောင်း စိုးရိမ်ထိတ် လန့် နေသည်။ ဘုရင်မင်းကြီးသည် မှူးမတ်များ၏ အကြံ ဉာဏ်ကို ရယူပြီးလျှင် သားတော်အား ဖမ်းဆီးရန် သေနနှင့် မဟိန္ဒ၏ ဦးဆောင်မှုဖြင့် စစ်တပ်တစ်တပ်ကို စေလွှတ်လိုက် သည်။ ဘုရင့်စစ်တပ် ရောက်မလာခင်ပင် သားတော်သည် မဟာတိလ (မာတလေ)ခရိုင် ဆာရဂ္ဂါမသို့ ထွက်သွားသည်။ တစ်ဖန် တစ်တပ်လုံး ပူးပေါင်းပြီးလျှင် တောင်များကြား ထဲ ၀င်၍ သားတော်ကို ရှာကြသည်။ ထိုဒေသ၌ သားတော်၏ နောက်လိုက်များသည် ဘုရင့်စစ်တပ်၏ရန်ကို အလူး အလှိမ့် ခံကြရသည်။
သားတော်သည် ဘုရင့်စစ်တပ်က နောက်မှတိုက်ခိုက်သဖြင့် တစ်နေရာမှ တစ်နေရာသို့ တိမ်းရှောင်ထွက်ပြေးရာ ဂဇဗာဟု နယ်စပ်ဖြတ်ကျော်လာသည့်အတွက် ထိတ်လန့် သွားပြီးလျှင် ပရက္ကမဗာဟုထံ အဖိုးထိုက် အဖိုးတန် လက် ဆောင်ပဏ္ဏာများ ပို့လျက် ပိုလန္နရုဝသို့လာရန် ဖိတ်မန္တက ပြုလိုက်သည်။ ပရက္ကမဗာဟုသည် ပိုလန္နရုဝ၌ အချိန် အတန်ကြာစွာ ဧည့်သည်တော်အဖြစ် နေထိုင်သည်။
သို့ရာတွင် သားတော်သည် နေပြည်တော်သို့ ရောက်လာ ရခြင်း၏ ရည်ရွယ်ချက်ကို မေ့မထားပေ။
နေပြည်တော်၏ အခြေအနေကို သိအောင်လုပ်သည်။ မှူးမတ်များနှင့် မိတ်ဆွေဖွဲ့သည်။ တောကစားသွားမည် ဟူသော အကြောင်းပြချက်ဖြင့် မြို့အပြင်ဘက် ထွက်ပြီး လျှင် စစ်စခန်းများနှင့် စစ်တပ်အင်အားကို လေ့လာ သည်။ ထိန်း၍လွယ်လွယ်နှင့် မရသည့်ဆင်ကို စီးပြီးလျှင် မြို့တော် အတွင်းရှိ လမ်းများပေါ် လည့်လည်သွားလာလျက် ဆင်က
အတင်းဆွဲခေါ်သွားသည့်ဟန်ဖြင့် မှူးမတ်များ၏ အိမ်သို့
ရောက်သွားတတ်သည်။ တွေ့သမျှလူနှင့် ရင်ဖွင့်စကား ဆွေးနွေးသည်။ မိမိနှင့် တွေ့သူသည် ဘုရင်မင်းကြီးအပေါ် မည်မျှ သစ္စာစောင့်သည် ဆိုသည်ကိုလည်း စုံစမ်းသည်။
သားတော်၏ နောက်လိုက် ရဲမက်များကလည်း အငြိမ် ထိုင်မနေကြပေ။ မိမိတို့ ရောက်ရာအရပ်၌ သတင်းစုံကို စုံစမ်းလေ့လာကြသည်။ အချို့က ကုန်သည် အသွင် ဖြင့်လည်းကောင်း၊ အချို့က ဂီတသမားအသွင်ဖြင့် လည်း ကောင်း၊ အချို့က မျက်လှည့်ဆရာ၊ ဆေးဆရာ၊ ဘုန်းကြီး စသော အသွင်ဖြင့်လည်းကောင်း လှည့်လည်သွားလာ ပြီး ထောက်လှမ်းရေးအလုပ် လုပ်ကြသည်။
ပရက္ကမဗာဟုသည် သူ၏ နှမတော်အငယ် ဘဒြာဝတီအား ဂဇဗာဟုနှင့် ထိမ်းမြားရန် သူ၏မယ်တော်ကို တိုက်တွန်း သည်။ ဖြစ်သည့်နည်းနှင့် ဂဇဗာဟုအား အယုံသွင်းလို သည့်ဆန္ဒ ရှိနေသောကြောင့် ဖြစ်သည်။
တစ်ဖက်ကလည်း မိမိ၏ သူလျှိုအထောက်များ၏ အကူ အညီဖြင့် ဂဇဗာဟု၏ တိုင်းပြည်အုပ်ချုပ်ပုံကို အဘက် ဘက်မှ သိအောင် ကြိုးစားသည်။ တိုင်းပြည်ဝင်ငွေ ရိက္ခာ ဘဏ္ဍာ စစ်တပ်အင်အား လက်နက်အင်အား အုပ်ချုပ်ရေး ယန္တရား မင်းမှူ့ထမ်းများနှင့် တပ်မှူးများ၏ ဘုရင့် အပေါ် သဘောထား စသည်တို့ကို စုံစမ်းသည်။
ထို့နောက် ပရက္ကမဗာဟုသည် သူ့အပေါ် ဘုရင်ဂဇဗာဟု သင်္ကာမကင်း ဖြစ်လာပြီဆိုသည်ကို သိရသောအခါ ပိုလန္နရုဝ မှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ့နောက် လိုက်များကို အရင်လွှတ်လိုက်သည်။ သူကမူ ဂဇဗာဟု နှင့်တွေ့ပြီး သူ့ကို သွားခွင့်ပြုရန် ခွင်ပန်လျက် တစ်ဖန်ပြန် လာမည်ဟု ပြောပြီးလျှင် ပိုလန္နရုဝမှ ညဥ့်အချိန်တွင်
တိတ်တဆိတ် ထွက်ခွာသွားသည်။ -----

နံနက်အချိန်၌ တောင်တန်းများ၏ အနောက်ဘက် ဒေမိယဂါမသို့ ရောက်သွားသည်။ သူ့အရင် ထွက်ခွာသွား ကြသော သူ၏ နောက်လိုက်များနှင့် မင်္ဂလဗေဂါမ၌ ဆုံ သည်။ ပရက္ကမဗာဟု၏ သတင်းကို ကြားသိရသောအခါ ဒက္ခိဏဒေသ ဘုရင်သည် အားရ၀မ်းသာ ဖြစ်သွားပြီး လျှင် ပရက္ကမဗာဟုအား ဘေးမသီ ရန်မခစေဘဲ နန်းတော်သို့
ပြန်ခေါ်လာရန် တမန်များကို စေလွှတ်လိုက်သည်။ သို့ရာတွင် ပရက္ကမဗာဟုသည် သူ့ဦးရီးတော်ထံ ပြန်လိုက် မသွားဘဲ ဆာရဂ္ဂါမ၌ တပ်စွဲနေသည်။
သံဃဂိုဏ်းမှ အကြီးအမှူး မထေရ်တစ်ပါးနှင့် နိုင်ငံ၏ ထိပ် တန်းမင်းမှုထမ်းများကလည်း ပရက္ကမဗာဟုအား နားချကြ သည်။ သို့သော်လည်း ပရက္ကမဗာဟုက ငြင်းဆန် နေသည်။ သားတော်အား ကြိုးစားပမ်းစား ပြန်ခေါ်သော်လည်း အောင်မြင်မှု မရရှိသောအခါ သားတော် ပရက္ကမဗာဟု၏ မယ်တော်မိဖုရားကြီး ရတနာဝလီသည် ရောဟဏမှ သင်္ခနာယကတ္ထလီသို့ သွားပြီးလျှင်ကိတ္တိသီရိမေဃဘုရင်နှင့် တိုင်ပင်လျက် ကိုယ်တိုင် ဆာရဂ္ဂါမသို့ သွားသည်။ ဆာရဂ္ဂါမ တွင် သူ၏သားတော်နှင့် တွေ့ဆုံပြီးလျှင် သားတော်အား နားချလျက် ဗတလဂိုဒသို့ ခေါ်လာခဲ့သည်။ ထိုမှတစ်ဆင့်
သေနာပတိဒေ၀ (သေနာပတိသင်္ခကို ဆက်ခံသူ)နှင့်အတူ
သင်္ခနာယကတ္ထလီသို့ သွားလျက် ပရက္ကမဗာဟုကို သူ့ဦးရီး တော်ထံ အပ်နှံလိုက်သည်။
ထို့နောက် မကြာမီ ကာလအတွင်းမှာပင် ကိတ္တိသီရိမေဃ
ကံကုန်သွားသည်ဖြစ်၍ ပရက္ကမဗာဟုသည် ဒက္ခိဏဒေသ ဘုရင် ဖြစ်လာသည်။ ဒက္ခိဏဒေသဘုရင် ဖြစ်လာပြီးနောက် ပရက္ကမဗာဟုသည် ရှေးဦးစွာ နယ်စပ်ဒေသ လုံခြုံရေး အတွက် ကြိုးစားသည်။ နေရာအသီးသီး၌ တပ်စခန်းများ ကို ချထားသည်။ အထူးသဖြင့် ဂဇဗာဟု၏ ရာဇရဋ္ဌနှင့်
ဒက္ခိဏဒေသနယ်ချင်း စပ်နေသည့် အရှေ့ဘက် နယ်ခြား ဒေသ၌ လုံခြုံရေးအတွက် အားဖြည့်သည်။ ထို့နောက်တွင်
လယ်ယာစိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သည်။ မြေရိုင်းများကို စိုက်ခင်းလုပ်ရန် စီမံကိန်းများကို ချမှတ်ပြီး လျှင် စီမံကိန်းအတိုင်း အကောင်အထည်ဖော်သည်။ ရေကန်သစ်များကို တူးဖော်ပြီးလျှင် ဆည်မြောင်းများကို အကြီးအကျယ် ဖောက်လုပ်သည်။
ပရက္ကမဗာဟု မင်းကြီး၏ "မိုးရေတစ်ပေါက်ကိုမျှ အသုံးမချ ဘဲ ပင်လယ်ထဲ အချည်းနှီး အလဟဿ စီးမသွားစေနှင့်" ဟူသော ဆိုစကားသည် ယခုထက်တိုင် သီရိလင်္ကာနိုင်ငံသူ နိုင်ငံသားများအား အားပေးလှုံဆောင်မှု ပြုနေသည်။ ထို့ကြောင့် ဒက္ခိဏဒေသသည် တခြား တိုင်းနိုင်ငံများနှင့်စာ လျှင် ဆန်ရေစပါး ပေါများကြွယ်ဝပြီး ကိုယ့်ခြေထောက် ပေါ် ကိုယ် ရပ်တည်နိုင်သည့်နိုင်ငံ ဖြစ်သွားသည်။
ပရက္ကမဗာဟုသည် လင်္ကာဒီပတစ်ခုလုံးကို တစ်ထီးတစ်နန်း တည်း ဖြစ်စေလိုသည့် သူ၏ ရည်မှန်းချက်ကို အကောင် အထည်ဖော်ရန်အတွက် အနာဂတ် အောင်မြင်မှုကို မျှော်ကိုးပြီး တောင့်တင်းခိုင်မာသော စစ်တပ်ကြီး တစ်တပ် ဖြစ်လာအောင်လည်း ကြိုးပမ်းအားထုတ်လေသည်။
အပိုင်း (၂၃)ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်