အရှင်ဥပဂုတ္တ အကြောင်း ရှင်းတမ်း

အရှင်ဥပဂုတ္တ အကြောင်း ရှင်းတမ်း


အရှင်ဥပဂုတ္တ ရှိကြောင်း ရေးသားသောစာပေပညာရှင်တို့၏ ကိုးကားရာ ကျမ်းစာများမှာ မဟာယာန ကျမ်းများ ဖြစ်သောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် (ထိုမထေရ် တကယ်ရှိ မရှိ နောက် ထား) ထေရ၀ါဒ သင်္ဂါယနာတင် ပိဋကတ်တော်များ၌ ခိုင်ခိုင်မာမာ မပါရှိဟူသော အချက် ကို ရှေးဦးစွာ သိထားသင့်၏။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို လေ့လာရာ၌ ဘုရားရှင်၏ မူရင်းစကားတော်ဖြစ်သော ပါဠိတော်၊ ထို ပါဠိတော်၌ အသိခက်သော အနက်အဓိပ္ပာယ်တို့ကို ဖွင့်ပြသော အဋ္ဌကထာ၊ ထိုအဋ္ဌကထာကိုပင် ထပ်ဆင့်ဖွင့်သော ဋီကာဟု အဆင့်ဆင့်ရှိရာ ဋီကာဆရာ၏ မှတ်ချက် သည် ပါဠိတော်၊ အဋ္ဌကထာ လောက် မခိုင်မာ သည်မှာ ထင်ရှားပါသည်။

အရှင်ဥပဂုတ္တ အကြောင်းအရာသည် ပိဋကတ်စာပေတွင် ၀ဇီရဗုဒ္ဓိဟူသော ၀ိနည်းဋီကာကျမ်း တစ် ဆောင်ထဲ၌သာ တွေ့ရ၏။ (သဒ္ဒါကျမ်းကိုကား စာရင်းမသွင်းတော့ပါ။ တချို့ကား မိလိန္ဒပဉှာကျမ်း တွင် လည်း ပါသည်ဆို၏။ သို့ရာတွင် ဆဋ္ဌမူ၌ သူတို့ ထုတ်ပြသော ပါဠိကို မတွေ့ရ။)

အရှင်ဥပဂုတ္တဟူသော ရဟန္တာပုဂ္ဂိုလ်တစ်ပါးရှိခဲ့ မရှိခဲ့ကိစ္စကို မငြင်းလိုပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူထု လက်ခံထားသော အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ယုံကြည်ချက် လက်ခံထားချက် တို့ကိုသာ ပါဠိ တော် အဋ္ဌကထာနှင့် ဆန့်ကျင်မှုရှိ မရှိ စီစစ်ကြည့် ရအောင်ပါ။

(၁) ရှေးဦးစွာ စီစစ်ပြလိုသည်မှာ ”အရှင်ဥပဂုတ္တသည် ယခုတိုင် အသက်ထက်ရှားရှိသေးလျက် တောင် သမုဒ္ဒရာတွင် ကြေးပြာသာဒ်၌ နေတော်မူ၏” ဟူသောအချက် ဖြစ်၏။
”မယှံ ဘိက္ခဝေ ဧတရဟိ အပ္ပကံ အာယုပ္ပမာဏံ ပရိတ္တံ လဟုကံ၊ ယော စီရံ ဇီဝတိ သော
ဝဿသတံ အပ္ပံ ဝါ ဘိယျော။”
”ဒီ။ ၂၊ ၃။သံ။၁၊ ၃၉၈။အံ။၂၊ ၅၀၃-စသည်

ရဟန်းတို့ ယခုအခါ ငါဘုရား၏ အသက်အတိုင်းအရှည်သည် နည်းပါလှ၏။ တိုတောင်းလှ၏။ လျှင်မြန် လှ၏။ အသက်အရှည်ဆုံး သောသူသည် အနှစ်တစ်ရာသော်လည်း၊ အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်း (အသက်ရှင်နေရ၏)  (ဒီ။ မြန်။၂၊၁၁)

အပ္ပံ ဝါ ဘိယျောတိ ဝဿသတတော ဝါ ဥပရိ အပ္ပံ အညံ ဝဿသတံ အပတွာ ဝီသံ ဝါ တိံသံ ဝါ စတ္တာလီသံ ဝါ ပဏ္ဏာသံ ဝါ သဋ္ဌိ ဝါ ၀ဿာနိ ဇီဝတိ။ဧဝံ ဒီဃာယုကော ပန အတိဒုလ္လဘော အသုကော ကိရ ဧဝံ စိရံ ဇီဝတိ တတ္ထ တတ္ထ ဂန္တွာ ဒဋ္ဌဗ္ဗော ဟောတိ။ 
(ဒီ၊ဋ္ဌ။၂၊၆)

အနည်းငယ်ပိုလွန်၍သော်လည်းကောင်း-ဟူသည် အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော် လည်းကောင်းတည်း။ နောက်ထပ် အနှစ်တစ်ရာသို့ မရောက်မူ၍ အနှစ်နှစ်ဆယ်သော်လည်းကောင်း၊ သုံးဆယ်သော်လည်းကောင်း၊ လေးဆယ်သော်လည်းကောင်း၊ ငါးဆယ် သော်လည်းကောင်း၊ ခြောက် ဆယ် သော်လည်းကောင်း အသက်ရှင် တတ်၏။ သို့ရာတွင် `ဤသို့ အသက်ရှည်သူကား ရှားလှ ၏။`ဤ သူသည် ဤမျှ ကြာမြင့်စွာ အသက်ရှင်သတတ်`ဟု ထိုထိုအရပ်သို့ (အထူးအဆန်းသဖွယ်) သွားရောက် ကြည့်ထိုက်၏။”

အထက်ပါ ပါဠိတော်အဋ္ဌကထာနှင့် မြန်မာပြန်ဆိုချက်များကို ထောက်ဆ၍ အရှင်ဥပဂုတ္တနှင့် ပတ် သက်သော ခံယူချက်ကို လက်ခံ လျှင် ဘုရားရှင် စကားကို လက်မခံရာရောက်၏။ ထေရ၀ါဒ ပိဋကတ်က မည်သူမဆို အသက်တစ်ရာတမ်းတွင် အသက်နှစ်ရာထက် မကျော်နိုင်ဟုဆို၏။ အရှင်ဥပဂုတ် လက်ခံသူတို့ကား နောင်ဘုရားပွင့်သည်အထိ အသက်ရှည်မည့် ပုဂ္ဂိုလ်အဖြစ် ယူဆကြ၏။ ဤကား ပထမကွဲလွဲချက်တည်း။

(၂) အချို့ကလည်း `ရဟန်းတို့ မကြံသင့်သော ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်၊ ယင်း (ဈာန်အရာ) ကို ကြံသူသည် ရူးသွပ်ရန်ဆင်းရဲ ပင်းပန်းရန်သာဖြစ်၏။ “ (အင်၊ မြန်။ ၄၊ ၁၀၃) ဟူသော ပါဠိတော်ကို ထောက်ဆ၍ တန်ခိုးအရာ မကြံသာသည်မဟုတ်ပါလော- ဟု မေးလိုကြပေလိမ့်မည်။

တန်ခိုးအရာ မကြံသာသည်မှာ မှန်ပါသည်။ သို့သော်လည်း တန်ခိုးသည် တန်ခိုးအရာ၌သာ စွမ်းနိုင်ပါ သည်။ မျက်စိမည်မျှပင် ကောင်းကောင်း အသံကို မမြင်နိုင်ပါ။ နားမည်မျှပင်ကောင်းကောင်း အနံ့ကို မရှုနိုင်ပါ။ အလားတူပင် တန်ခိုးမည်မျှပင်ကြီးကြီး “ပျက်တတ်သော သဘောကို မပျက်အောင် မတား နိုင် ပါ၊သေတတ်သော သဘောကို မသေအောင် မစွမ်းဆောင်နိုင်ပါ။”

အောက်ပါစကားရပ်မှာ မဟာပရိနိဗ္ဗာနသုတ်လာ ဘုရားရှင် မိန့်တော်မူချက်ဖြစ်၏။ “အာနန္ဒာ၊ မြတ်စွာဘုရားသည်ကား ပြီးစီးခြင်း၏အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါးတို့ကို ပွားများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီးဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီးဖြစ်၏။ ကောင်းစွာ ဆည်းပူးထားပြီး ဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီး ဖြစ်၏။

အာနန္ဒာ- သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်တော်မူ၏)။” (ဒီ၊မြန်၊၂။၁၁၁)

ယင်းသုတ် အဋ္ဌကထာတွင် “ဧတ္ထ စ ကပ္ပန္တိ အာယုကပ္ပံ။ တသ္မိံ တသ္မိံ ကာလေ ယံ မနုဿာနံ  အာယုပ္ပမာဏံ ဟောတိ၊ တံ ပရိပုဏ္ဏံ ကရောန္တော တိဋ္ဌေယျ၊ ကပ္ပါဝသေသံ ဝါ တိ -“အပ္ပံ ဝါ ဘိယျော” တိ ဝုတ္တဝဿသတတော အတိရေကံ ဝါ။” (ဒီ၊ဋ္ဌ၊ ၂။၁၄၄)ဟု ဖွင့်ဆိုထား၏။

ဆိုလိုရင်းမှာ ဣဒ္ဓိပါဒ်လေးပါး ပွါးများထားသူသည် ကပ်ပတ်လုံးဖြစ်စေ ကပ်ထက်လွန်၍ ဖြစ်စေ တည်နိုင်ပေ၏-ဟူရာ၌ ကပ္ပ=ကပ်ဟူသော စကားအရ မဟာကပ်၊ ကပ်ကမ္ဘာစသည်ကို မယူရ၊ လူတို့၏ အသက်တမ်းဟူသော အာယုကပ်ကို ယူရမည်ဟု ဆိုလို၏။

အာယုကပ်ထက်လွန်၍ တည်နိုင်သည်ဟူရာ၌လည်း အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန် ကာ နေနိုင်၏။ အနှစ်နှစ်ရာတိုင် အောင် မည်သူမျှ မနေနိုင်။ ဤသို့လျှင် ဘုရားရှင်သော်မှ အသက် နှစ်ရာကျော်အောင် မနေနိုင်ဘဲ ပရိနိဗ္ဗာန် ဝင်စံခဲ့ရပါလျက် အရှင်ဥပဂုတ္တက နေနိုင်သည်ဟု လက်ခံလျှင် အရှင်ဥပဂုတ္တသည် ဘုရားရှင်ထက် တန်ခိုးကြီး၏ဟု ယူဆရပေတော့မည်။

(၃) နောက်တစ်ချက် စိစစ်လိုသည်မှာ အရှင်ဥပဂုတ္တ တန်ခိုးပြသည့် ကိစ္စဖြစ်၏။ 
“န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ၊  အာပတ္တိ ဒုက္ကဋဿ။” (ဝိ၊၄၊၂၄၇)
“ရဟန်းတို့၊ လူတို့၏ ကုသိုလ်ကမ္မပထ တရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို လူတို့အား မပြအပ်၊ ပြသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။”
(ဝိ၊မြန်၊ ၄၊ ၂၇၈)
ဤကား ဘုရားရှင် ပညတ်တော်မူချက် ဖြစ်၏။

ယင်းအဋ္ဌကထာတွင် “ဣဒ္ဓပါဋိဟာရိယန္တိ ဧတ္ထ ဝိကုဗ္ဗနိဒ္ဓိပါဋိဟာရိယံ ပဋိက္ခိတ္တံ၊ အဓိဋ္ဌာနိဒ္ဓိ ပန အပဋိက္ခိတ္တာတိ ဝေဒိတဗ္ဗာ။” (ဝိ၊ဋ္ဌ၊၄၊ ၄၆) “တန်ခိုးပြာဋိဟာ -ဟူသော စကားရပ်၌ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာကိုသာ ပယ်မြစ်ခြင်းဖြစ်၏။ အဓိဋ္ဌာန် တန်ခိုး ပြာဋိဟာကိုကား မပယ်မြစ်အပ်ဟု မှတ်အပ်၏။” ဟု ဖွင့်ပြထားပါသည်။

သို့ဆိုလျှင် ဘုရားရှင် ပယ်မြစ်တော်မူအပ်သော ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာ ဟူသည် အဘယ်နည်း။  “သာ ဟိ `ပကတိဝဏ္ဏံ ဝိဇဟိတွာ ကုမာရကဝဏ္ဏံ ဝါ ဒေဿတိ နာဂဝဏ္ဏံ ဝါ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒေဿတီတိ” ဧဝံ အာဂတာ ဣဒ္ဓိ ပကတိဝဏ္ဏဝိဇဟနဝိကာရဝသေန ပဝတ္တတ္တာ
ဝိကုဗ္ဗနိဒ္ဓိ နာမ။” (သာရတ္ထ၊၁။၁၃၉)

ဟူသော ဋီကာအဖွင့်အရ ဝိကုဗ္ဗနိဒ္ဓိဟူသည် -တန်ခိုးရှင်သည် မိမိ၏ ပင်ကိုယ်အဆင်းကို စွန့်၍ မင်းသားသဏ္ဌာန်၊ နဂါးသဏ္ဌာန်ဖြစ်အောင် စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာ မျိုး၊ အထူးထူး အပြားပြားသော စစ်ဆင်ဟန် စသည်ကို စီမံပြုလုပ်ကြောင်းဖြစ် သော တန်ခိုးပြာဋိဟာမျိုးတည်း။”

ပင်ကိုယ်အဆင်းကို မစွန့်ဘဲ မိမိကိုယ်ကိုပင် အဆင်းအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရေအတွက် အများအပြားဖြစ်အောင် အဓိဋ္ဌာန်ကြောင်းဖြစ်သော အဓိဋ္ဌာနိဒ္ဓိ ကိုကား ပြကောင်း၏။
သို့ရာတွင် “မာရ်နတ်သားလည်း မိမိလွှတ်သော လက်နက် မရောက်သည်ကို မြင်လျှင် အမျက်ထွက်၍ ကြီးစွာသော နွားဥသဘအဟန် ဖန်ဆင်း၍ မီးကို ငြိမ်းစေခြင်းငှါ ပြေးလာ၏။ ရှင်ဥပဂုတ်လည်း ကျား အဟန် ဖန်ဆင်း၍ ကြောက်မက်ဖွယ်သော အသံကိုမြည်လျက် လိုက်၏။ လူအပေါင်းတို့လည်း ကြည့် ကြကုန်၏။

မာရ်နတ်သားလည်း နွားဥသဘအဖြစ်ကို စွန့်၍ ဦးခေါင်းခုနစ်လုံး ရှိသော နဂါးအဟန်ကို ဖန်ဆင်း၍ ကျားကို ကိုက်အံ့သောငှါ လိုက်၏။ ရှင်ဥပဂုတ်လည်း ကျားအသွင်ကို စွန့်၍ ဂဠုန်အဟန် ဖန်ဆင်းပြီး ဖမ်းလေ၏။” (ဇိနတ္ထ၊ ၇၉၃) စသည်ကို ထောက်ဆ၍ အရှင်ဥပဂုတ္တ၏ တန်ခိုးပြမှုမှာ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုး ဖြစ်ကြောင်း ထင်ရှား၏။

“အရိယာပုဂ္ဂိုလ်ဖြစ်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ ဟူသော ပုဂ္ဂိုလ် နှစ်ယောက်တို့သည် စေတနာ ရှိသည်ဖြစ်၍ အာပတ်သို့ ရောက်ခြင်းငှါ မထိုက်ကုန်။” (ဝိ၊မြန်၊၅။ ၃၂၉) ဟူသော ပါဠိတော် စကားအရ အရှင်ဥပဂုတ္တသည် အရိယာပုဂ္ဂိုလ်သာမှန်လျှင် အာပတ်သင့်မှန်းသိလျက် ကျူးလွန်မည် မဟုတ်ပါ။

ဤသို့လျှင် အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိသည် ထေရဝါဒပိဋကတ် နှင့် ဆန့်ကျင်သော အရာများစွာ ရှိသောကြောင့် ဆရာအများက တကယ်မရှိဘဲ လုပ်ကြံဖန်တီးထားသော ဇာတ်ကောင်အဖြစ် မှတ်ယူကြပါသည်။

(၄) “ဧတ္ထာဟ - ကိံ ဘဂဝတော မာရာဝဋ္ဋနပဋိဃာတာယ သတ္တိ နတ္ထီတိ ? အတ္ထိ။ တထာပိဿ ပစ္ဆာ ဥပဂုတ္တကာလေ ပသာဒဟေတုတ္တာ အဓိဝါသေတိ။” (ဝဇီရ၊ ၆၃)

အထက်ပါ ပါဠိသည် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်ဖြစ်၏။ မြတ်စွာဘုရားရှင် ဝေရဉ္စာပြည်တွင် ဝါဆိုခိုက် မာရ်နတ်၏ လှည့်ပတ်မှု ကြောင့် တစ်ဝါတွင်လုံး မြင်းကုန်သည်တို့၏ မြင်းဝိုင်းတို့၌ ဆွမ်းခံကာ မြင်းစာ ဖြစ်သော မုယောဆန်တို့ကို ထောင်းကာ ဘုဉ်းပေးကြရသည်ကို အများသိပြီးဖြစ်၏။

အဋ္ဌကထာတွင် ဘုရားရှင်သည် ဝေရဉ္စာပြည်၌ ဝါကပ်တော်မူရန် ပင့်ဖိတ်ထားသော ဝေရဉ္စသူဋ္ဌေးကြီး နှင့် ဝေရဉ္စပြည်သူတို့ မာရ်နတ်လှည့်ပတ်သဖြင့် ဆွမ်းလောင်းဖို့ မေ့လျော့ကြမည်ကို သိပါလျက် မြင်း ကုန် သည်တို့အား ချီးမြှောက်တော်မူလို၍ ဝေရဉ္စာပြည် ၌ပင် ဝါကပ်တော်မူခဲ့ကြောင်း -စသည်ဖြင့် အချက်အလက်များစွာကို ဖွင့်ပြထား၏။

သို့ရာတွင် မာရ်နတ်လှည့်ပတ်ခြင်းကို ဘုရားရှင် တားနိုင်/မတားနိုင်ပြဆိုဆွေးနွေး ထားခြင်း မရှိ။ ဝဇီရဗုဒ္ဓိဋီကာတွင်သာ အထက်၌ ထုတ်ပြထားသော ပါဠိအတိုင်း အမေးအဖြေပုံစံဖြင့် ဖွင့်ပြထား၏။
ထိုပါဠိရပ်၏ အဓိပ္ပါယ်မှာ “ဘုရားရှင်အား မာရ်နတ်လှည့်ပတ်ခြင်း ကို တားမြစ်နိုင်သော အစွမ်း သတ္တိ မရှိသလော? ရှိပါ၏။ ထိုသို့ရှိသော်လည်း နောင်အခါ အရှင်ဥပဂုတ္တလက်ထက်၌ ထိုမာရ်နတ်၏ ကြည် ညိုခြင်း၏ အကြောင်းဖြစ်သောကြောင့် သည်းခံတော်မူ၏။” ဟု ဖြစ်၏။

ထိုစကားရပ်သည် အဋ္ဌကထာ၌ မပါသလို ဝဇီရဗုဒ္ဓိဋီကာ၏ နောက်မှရေးသော အလားတူ ဝိနည်း အဋ္ဌကထာဖွင့် ဋီကာကြီးနှစ်စောင် ဖြစ်သော သာရတ္ထဒီပနီဋီကာနှင့် ဝိမတိဝိနောဒနီ ဋီကာတို့ တွင် လည်း အရိပ်အမြွက်မျှပင် ထောက်ခံရေးသားမှုကို မတွေ့ရခြင်း၊ ဘုရားရှင်သည် ဝါတွင်းသုံးလ ပတ်လုံး မုယောဆွမ်းကို ဘုဉ်းပေးရခြင်းမှာ ဝိပါက်တော်ကြောင့် ဖြစ်၏။

မည်သူမျှတားမရသော ကံအကျိုးကို ဘုရားရှင် ရှောင်လွှဲတော်မူလေ့ မရှိခြင်း၊ မာရ်နတ်ကိုလည်း သည်းညည်းမခံ တုန့်ပြန် တားမြစ်လေ့မရှိခြင်း စသောအကြောင်းများ ကြောင့် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်သည် အားနည်းနေသည်ကို တွေ့ရ၏။ ထို့ကြောင့် ဆရာအများက ပမာဏမြောက်သော အကိုးအကားအဖြစ် မမှတ်ယူကြခြင်း ဖြစ်ပေမည်။

၈၈၈၈၈

မြန်မာပြည်မှာ မဟာယန ဗုဒ္ဓဘာသာ ရှိခဲ့ မရှိခဲ့ ဆိုတာကို အရင်ဆုံးလေ့ လာကြရအောင်ပါ။

မဟာယန ဗုဒ္ဓဘာသာသည် ပျူခေတ်ကတည်းကပင် မြန်မာနိုင်ငံသို့ ရောက် ရှိနေခဲ့ပြီ ဖြစ်ကြောင်း၊ ပျူခေတ် ဘုရားလောင်းပုံပါ အုတ်ခွက်များက သက်သေ ခံနေခဲ့သည်။

ပျူမြို့တော်ဟောင်း များကို တူးဖော်ပြီး ဖြစ်သော်လည်း ပြည့်ပြည့်စုံစုံ သုတေသန မပြုရသေးသောကြောင့် ပျူခေတ်တွင် ဗုဒ္ဓဘာသာ တန္တရ၀ါဒ ထွန်းကားခဲ့ခြင်း ရှိ၊မရှိကိုမူ အတိအကျမ သိရသေးချေ။

ပျူခေတ်ကို ဆက်ခံသော ပုဂံခေတ် ၌ကား၊ သမိုင်းဝင်ဖြစ်ရပ်များ၊ သုတေသန အထောက်ထားများအရ မဟာယနဗုဒ္ဓဘာသာတဖြစ်လဲ တန္တရ၀ါဒ ထွန်းကားလျက် ရှိသည်ဟု ယူဆနိုင်ပါသည်။

မဟာယာနကျမ်းတစ်ခုဖြစ်သော အရှင်ဥပဂုတ္တဒိဗျာဝဒါနသက္ကတကျမ်းတွင် (ရှေုပိုစ့်တွင် ဖော်ပြပြီး)


သက္ကရာဇ် ( ၁၁၅၄ ) ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိပါဠိ သဒ္ဒါကျမ်းတွင်လည်း (ရှေုပိုစ့်တွင် ဖော်ပြပြီး)



ပုဂံခေတ် အရည်းကြီးများသည် တန္တရ၀ါဒ ( မဟာယန ) ကို ကျင့်သုံးခဲ့သူများပင် ဖြစ်သည်ဟု ယူဆခဲ့ကြ သည် ထေရ၀ါဒဗုဒ္ဓဘာသာဝင် ရဟန်းတော်အချို့ သည် တောကျောင်း ဂိုဏ်းဟု ဂိုဏ်းသီးခြား တည်ထောင် လာကာ နေ့ညမဟူ အမဲသားငါး စားခြင်း၊သေရည်သေရက်သောက်ခြင်း တို့ကို ပြုကြလေသည်။
အိန္ဒိယတန္တရ ၀ါဒီ တို့၏ လုပ်ရပ်တချို့ဖြစ်သော နတ်ဘုရား၊ နတ်ဘုရားမ ပူဇော်ကာ၊ မန္တာန်ရွတ်ဖတ်ခြင်း၊ အင်း၊ အိုင်၊ ခလှည့်လက်ဖွဲ့စီရင်ခြင်းစသည့် ဂန္ဓာရီကျင့်စဉ်များကို အကောင်အ ထည်ဖော် ခဲ့ကြသည်။ သိဒ္ဓိ (လိုရာပြီးစီးခြင်း) ၊ မဟိဒ္ဓိ(တန်ခိုးအစွမ်း အမျိုးမျိုးပြည့် စုံခြင်း)လမ်းတို့ကို လိုက်ခဲ့ကြသည်။တောကျောင်း ဂိုဏ်းသည် အင်းဝခေတ် ၁၅ -ရာစုအထိ ထွန်းကားခဲ့သည်။ထို့နောက်တွင်လည်း အရည်းကြီးတို့၏ အယူအဆဖြစ်သော ထွက်ရပ်ပေါက် လုပ်ငန်း၊ ဂန္ဓာရီလုပ်ငန်း လိုက်စားမှု့များ ကြိုကြားပေါ်ပေါက်ခဲ့သည်။ မျက်မှောက်ကာလတိုင် အချို့ က လိုက်စားနေဆဲ ရှိသည် ကို တွေ့နိုင်ပါသည်။

ထိုခေတ် အချိန်အခါက ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည်ပင် ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ဆိုသူကိုလည်း ကိုးကွယ်နေကြသည် ဖြစ်ရာ မဟာယန ကျမ်းများတွင်ပါသော အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာအရှင်မြတ် ရှစ်ပါး ( သေလေးပါး၊ ရှင်လေးပါး ) တို့ကို ကိုးကွယ် ကုန်ကြ သည်

သေလေပါးမှာ
အရှင်မဟာကဿပ(ဝေဘာရတောင်ထက်)
ရှင်မဟာသံသာရ(ဥတ္တမတောင်)
ရှင်ဥပေက္ခေ(မကုလတောင်)
ရှင်ဓမ္မသာရ(မကုလတောင်) တို့ ဖြစ်ကြသည်။

ထိုရဟန္တာများသည် လူ့ဝေါဟာရအရပရိနိဗ္ဗာန်ပြုပြီးသော်လည်း မပုပ်မသိုး မပျက်မစီး ဆက်လက် ရှင်သန်နေ သည်။ တန်ခိုးအစွမ်း ရှိနေသည်ဟု ယုံကြသည်ကြသည်။


ရှင်လေးပါးမှာ.
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊
မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊
အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊
အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။

ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေ ဆက်လက်ရှင်နေဆဲဖြစ်သည်ဟု ယုကြည်ကြ သည်။ ( ထေရ၀ါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သောအယူဖြစ်သည်။ )

ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ထူး များအဖြစ် မြန်မာ ပြည်၌ အလေးထားခံရသူများမှာ ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့၊ ဘိုးဘိုးအောင်၊ ဘိုးမင်ခေါင်၊ ယက္ကန်းစင်တောင် ဆရာတော် စသည်တို့ဖြစ်ကြသည်။

 ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘားမဲ့ တို့မှာ ထေရ၀ါရအနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။
ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက် ပြီး  ရှင်မထီး နှင့်ဘာမဲ့ တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။

ထိုပုဂ္ဂိုလ်များသည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ၀င်စား လာကြ သည်။ ယနေ့တိုင် ဓာတ်စီး ၀င်ခြင်း၊ လူသတ္တ၀ါတို့အား ကျေးဇူးပြုခြင်း ရှိနေသေးသည် ဟု ဆိုသည်။

ဤအယူအဆများသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်းမြဲသော အတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။
ထိုပုဂ္ဂိုလ်များသည် သေလွန်ပြီးနောက် နတ်သော်လည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊ဖြစ် သွားဖွယ် ရှိသည်ဟု ဝေဖန်ချက်များပေးခဲ့ကြသည်။


ဗျာဒိတ်တော် အပိုငျး

 ( ၁ ) မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှာ ရေးထားတာက ( ရှေုပိုစ့်တွင် ဖော်ပြပြီး)

( ၂ )  မဟာယန အယူရောထွေးနေသော ထေရ၀ါဒဗုဒ္ဓဘာသာဝင် သီဟိုဠ် ဆရာတော်များရေးသော မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ 

 ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှ ဘုရား ရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်းခွင့်တောင်းရာ ဘုရားရှင် က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏ တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်း တားမြစ်ကြ သဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။

 စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူပြီးနောက် အနှစ် တရာရှိသော် သီရိဓမ္မာ သောက မင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီး မားတော်မူမည်။
သီရိဓမ္မာသောကမင်းသည်စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီး များ ပြုလုပ် သည့်အခါ မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှော က် လိမ့် မည် လို့ ဗျာဒိတ် တော်ထားခဲ့ပါတယ်လို့ ရေးထားပြန်ပါရော...။

( ၃ ) မဟာယန ကျမ်းတစ်ခုတွင်လည်း

ဘုရားရှင်လက်ထက်တော်က ဆွမ်းခံကြွလာသော ဘုရားရှင်အား ပီယဒဿီ-အမည်ရှိ သူဌေးသားသူငယ်က ကြည်ညိုသဒ္ဓါ လှသဖြင့် (မိမိတို့ကစားနေသော နေရာတွင် အခြားလှူဖွယ်ပစ္စည်းလည်း တစုံတရာ မရှိသဖြင့်) ကစားနေသော မြေမှုန့်များကိုသာ အမွန်အမြတ်ပြုကာ ရိုရိုသေသေ လောင်းလှူလိုက်လေ၏။ ထိုသဒ္ဓါတရား အလှူကုသိုလ် အဟုန်၏ အကျိုးပေးကို သိမြင်တော်မူသော ဘုရားရှင်က သာသနာနှစ် ဤရွေ့ ဤမျှ အချိန်တွင် အသောကမင်းကြီး၏ အနုမောဒနာပွဲ၌ မာရ်နတ်၏ အန္တရာယ် ခပ်သိမ်း မှ တားဆီးကာ အသောကမင်းကြီး၏ သာသနာပြုခြင်းကို ကူညီထောက် ပံ့မည့်  ဥပ ဂုတ္တမည်သော ရဟန္တာဖြစ်လတံ့ ဗျာဒိတ်တော် ၇ှိလာပါသည် ဟု ရေး ထားပြန် ပါသည်။

( ၄ ) ရာဇ၀ံသကျမ်းနှင့်  လောကပညတ္တိကျမ်းမှာတော့( ဖော်ပြပြီး)

( ၅ ) ရှင်ဥပဂုတ်ပူဇော်နည်းနှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ စာအုပ်တွင် ရှင်ဥပဂုတ် သည် မစ္ဆဒေ၀ီ၏ သားဟု ဖေါ်ထားသော်လည်း ဒိဗျာဝဒါနကျမ်းတွင် ရှင်ဥပဂုတ်သည် မဓုရပြည်သားရေမွှေး ကုမ္ပဏီပိုင်ရှင်ဂုတ္တ၏သားဟူ၍ ဖေါ်ပြလေ၏။

( ၆ ) မုန်ရွေးဇေတ၀န် ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း တွင်(ဖော်ပြပြီး)


( ၇ ) မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿ တ္ထေရာဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံဧတေပိနိဒ္ဒိသတိမယံပရိနိဗ္ဗုတေပဉ္စသတ ၀ဿသတေကာလေ ဧတေ ဥပဇ္ဇိဿန္တိ (ဆဌမူတွင် မပါပါ)

စသည်ဖြင့်အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊အရှင်ဥပဂုတ္တထေရ်စသည်တို့သည်တရားညွှန်ပြသကဲ့သို့ထို့အတူပရိနိဗ္ဗာန်စံပြီးနောက်အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့ ဟု ဗျာဒိတ် ထားတော် မူကြောင်း များကိုသာ တွေ့ဖူးချေသည် ဟူ၍ ဖော်ပြထားပါသည်။

( ၈ ) ရှင်ဥပဂုတ္တကို ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊ မြေဘုတ် ဘီလူး တစ္ဆေ၊ သရဲ၊ စသည်တို့ မကပ်ရောက်နို င်ခြင်း၊ ရော ဂါကင်းခြင်း၊ စသည့်အကျိုးများကို ရသည်ဟု ဘားမဲ့ ဆရာတော်က မိန့်တော်မူ ခဲ့ကြောင်း မှတ်သားဖူးသည်။

အထက်ဖော်ပြခဲ့သည့်ပုဂ္ဂိုလ်များအထောက်အထားအကြောင်းအရာများအရမဟာယနကျမ်းလာ ရှင်ဥပဂုတ္တ မထေရ်မြတ် ကို မြန်မာထေရ၀ါဒ သာသနာတော်ဝင် လူအများ ယုံကြည် ကိုး ကွယ်ပူဇော်ကြသည်ဟု ယူဆမိ ပါသည်။

သာမန်လူအများစုသည်ရှင်ဥပဂုတ်မထေရ်နှင့်ပတ်သက်ပြီး မာရ်နတ်လိုတန်ခိုးကြီးနတ်ကိုပင် ခါးပန်းကြိုး
နှင့် တောင်နံရံတွင် ကပ်ချည်ထားနိုင်လောက်အောင်တန်ခိုးကြီးသော ရဟန္တာအရှင်မြတ်တစ်ပါးဟု ယူဆကြ၏ ။

သမုဒ္ဒရာအလယ် ပြဿဒ်ကျောင်းဆောင်တွင် ယနေ့တိုင် သီတင်းသုံးနေသည်ဟု ယုံကြည်ကြ၏ ။ အလှူအတန်းကိစ္စ ၊ ပွဲလမ်းသဘင်ကိစ္စများတွင် မိုးတားပေးရန်အတွက် ပွဲထိုးပြီး လျှောက်သောအခါ မထေရ်မြတ် ကြွရောက် စောင့်ရှောက်ပေးတော်မူသည် စသည်ဖြင့် ယုံကြည်ကြ၏ ။

အရှင်ဥပဂုတ်အကြောင်း ရှေးဆရာတော်ကြီးအချို့လည်း လူအများ မေးလျှောက်ကြသဖြင့် မကြာခဏ ဖြေဆိုတော်မူ နေကြရဟန်တူလေ၏ ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးက သမန္တစက္ခုဒီပနီကျမ်းတွင် ဖြေဆိုခဲ့သည်မှာ သဒ္ဒါကျမ်းများ၌ ဝေါဟာရစကားလုံးတစ်ခုအဖြစ်ပါဝင်ကြောင်း မိလိန္ဒပဥှာ၌ ပါဝင်ကြောင်း ဖြေဆို၏ ။သို့ရာတွင် မိလိန္ဒပဥှာပါဠိတော်၌ အလျဉ်းမပါရှိချေ ။ ယိုးဒယားမူ၌ရှိလေဟန် ဆိုကြပြန်လေ၏ ။ " နောက်ဆုံး ဇေတ၀န်ဆရာတော်ဘုရားကြီးက အရှင်ဥပဂုတ်၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠီကမ္မဥာပကပြု၍ မှတ်သားလောက်အောင် ကျမ်းဂန် မတွေ့ဖူးချေ " ဟု ဆုံးဖြတ်တော်မူခဲ့၏ ။ ( မှတ်ချက် - ကျမ်းဂန်ဆိုသည်မှာ သင်္ဂါယနာတင် ဆရာအစဉ်အဆက် အလေးမူသော ကျမ်းဂန်ကို ဆိုလိုသည် )

ပါဠိ ၊ အဋ္ဌကထာ ၊ ဋီကာကျမ်းပေါင်း တစ်ရာကျော်တွင် မည်သည့်နေရာ၌မျှ အရှင်ဥပဂုတ်အကြောင်း
အရိပ်အမြွက်မျှပင် မပါရှိပဲ ၀ိနည်းဋီကာ ၀ဇီရဗုဒ္ဓိ ( ၆၃ - ဝေရဉ္ဇာခန်းအဆုံး ) ၌သာ အရိပ်အမြွက်တွေ့ရပေရာ
အလွန်အံ့သြစရာပါ ။ ဋီကာဆရာ မူလရေးရင်းမှ ဟုတ်ပါလေစဟု သံသယဖြစ်ဖွယ် ရှိ၏ ။ မုံရွေးဇေတ၀န်
စသော အလွန်ကျမ်းဂန်နှံ့စပ်သည့် ဆရာတော်ကြီးများ ထိုမျှထင်ရှားသော ကျမ်းမှာပါသည်ကို မတွေ့ဘဲမရှိ
တန်လေရာ ဟု ထင်မိ၏ ။

ဋီကာဖွင့်ပြထားသည်မှာလည်း ဝေရဉ္ဇာကဏ္ဍဆုံးခါအလွတ် ( ပါဠိပုတ္တက ) သဘောမျိုး ဖွင့်ပြခြင်းဖြစ်၏ ။
ဖွင့်ပြသည့်အဓိပ္ပာယ်မှာ မြတ်စွာဘုရား ဝေရဉ္ဇာပြည်၌ ၀ါကပ်လျှင် မာရ်နတ်နှောင့်ယှက်သည်ကို ဖျက်ဆီးနိုင်
သော အစွမ်းမရှိသလော ။ ရှိပါ၏ ။ သို့ရာတွင် နောက်ကာလ ဥပဂုတ်လက်ထက်၌ သာသနာကြည်ညိုမှုရရန်
အကြောင်းရှိ၍ သည်းခံတော်မူသည်ဟု ဖွင့်ပြသည်မှာ အလွန်မဆီမဆိုင်လွန်းလှ၏ ။

ယင်းဋီကာစာမျက်နှာ ( ၃၁ ) ၌ပင် ဝေရဉ္ဇာပြည် ၀ါကပ်ရခြင်း၏အကြောင်းများကို ထောက်ပြရာတွင်
အရှင်မောဂ္ဂလာန် ၏ တန်ခိုးအာနုဘော် ၊ အရှင်သာရိပုတ္တရာ ၏ ၀ိနည်းပညတ်ရန် အကြံဖြစ်ပေါ်မှုပြရန် ၊ဝေရဉ္ဇာပုဏ္ဏားကြီးအား ချီးမြှောက်ရန် ၊ သာသနာဝင်အစဉ်အဆက် အာဟာရအပေါ်သည်းခံနိုင်မှုသင်ခန်းစာ ဖြစ်စေရန် စသော ရှေ့နားမှာ ပြခဲ့သည့် အကြောင်းပြချက်များကိုပါ ပေါ့ပျက်သွားစေ၏ ။ အကယ်၍ မာရ်နတ်အကြောင်း ဖွင့်ပြလိုလျှင်လည်း ရှေ့နားကပင်လျှင် ဖွင့်ပြသင့်၏ ။ ယခုမူ ပြီးမှ ပြန်၍ ပြောနေခြင်းမှာ စဉ်းစားစရာဖြစ်၏ ။ ယင်းဋီကာ၏ မှီရာ ပါရာဇိကဏ်အဋ္ဌကထာ ( ၁ - ၁၄၇ ) ၌ အဋ္ဌကထာဆရာကြီးကိုယ်တိုင် ဝေရဉ္ဇာပြည် ကြွရောက်ဝါကပ်ရာ၌ မာရ်နတ်နှောင့်ယှက်မည်ကို မသိရာသလော ဟု မေးခွန်းထုတ်က - မသိ၍မဟုတ် ၊ ထိုအချိန်က မာရ်နတ်သည် အလွန်ရန်ငြိုးကြီးနေချိန်ဖြစ်၍ မြတ်စွာဘုရား တာဝတိံသာ သို့ ၀င်ကြွ၍ ၀ါကပ်သော် လည်း နှောင့်ယှက်မည်သာ ဖြစ်သည်ဟု ဖွင့်ပြထားသော စကားနှင့် နှိုင်းယှဉ်ပြန်သော် ဋီကာဆရာ၏စကားသည် ပို၍ စဉ်းစားစရာ ဖြစ်ပေ၏ ။

ဋီကာဆရာပြောသကဲ့သို့လည်းကောင်း ယခုအခါ လူအများထင်မှတ်နေကြသကဲ့သို့လည်းကောင်း အရှင်ဥပဂုတ် လို တန်ခိုးကြီးသော ရဟန္တာကြီးတစ်ပါး တတိယသင်္ဂါယနာခေတ်က အမှန်တကယ် ဖြစ်ထွန်းခဲ့ပါ
လျှင် ၊ သို့မဟုတ် ထေရ၀ါဒ၌ အမှန်တကယ် စံပြုလောက်သော တကယ့်ပုဂ္ဂိုလ်ကြီးသာ ဟုတ်ရိုးမှန်ခဲ့ပါလျှင်
အဋ္ဌကထာဆရာကြီးများသည် တစ်နေရာရာ၌ မလွဲမသွေ ဖော်ပြသင့်ခဲ့ပေ၏ ။

အထူးသဖြင့် တတိယသင်္ဂါယနာတင်ခန်း၌ကား မဖော်ပြပဲ မနေသင့်ပေ ။ တစ်ဖန် တန်ခိုးက္ကဒ္ဓိပါဒ်ကြီး
မားသော ပုဂ္ဂိုလ်များကို စံတင်ညွှန်းပြရာတွင်လည်း သီဟိုဠ်ခေတ်က ပုဂ္ဂိုလ်ထူးများကိုပင် ဖော်ပြခဲ့သေးရာ
အရှင်ဥပဂုတ်အား မည်သို့မျှ မေ့လျော့နေရန် ၊ ခြွင်းချန်ခဲ့ရန်အကြောင်း မရှိပါချေ ။ ၀ဇီရဗုဒ္ဓိဋီကာဆရာသည်
( မူလရေးရင်း အမှန်ဖြစ်ခဲ့သော် ) အဋ္ဌကထာဆရာကြီးများကိုပင် ကျော်လွန်ရာ ကျပေ၏ ။

စင်စစ် အရှင်ဥပဂုတ်သည် သာသနာစောင့်မထေရ်ကြီးများ အဆက်ဆက် အလေးမူသော ကျမ်းဂန်များ
တွင် အလာမရှိ ။ သာသနာနှင့်ဆန့်ကျင်သောအယူဝါဒများတွင် ပါဝင်နေသဖြင့် ပါဠိလိုရေးထားသော်လည်း
ဆရာအစဉ်အဆက် အလေးမမူသော လောကပညတ္တိကျမ်းတွင်သာ ရှိ၏ ။

ရာဇ၀င်ကြီးကိုပြုစုသောဆရာများနှင့် ကျီးသဲလေးထပ်ဆရာတော်သည် အဆိုပါသဘောကို အလေးအနက်
မသုံးသပ်ပဲ သဒ္ဓါတရားဖြစ်ပွားစေရန်လောက်ကိုသာ ရည်ရွယ်၍ ဆရာအစဉ်အဆက်ဆက် အလေးမမူသော
လောကပညတ္တိကျမ်းမှယူ၍ မှန်နန်းရာဇ၀င်ကြီး ၊ ဇိနတ္ထပကာသနီ နှင့်မဟာဝင်ဝတ္ထုများတွင် ဖော်ပြခဲ့မိကြလေ
၏ ။

မြန်မာစာပေအနေဖြင့် ကျီးသဲလေးထပ်ဆရာတော် စီရင်တော်မူသော ဇိနတ္ထပကာသနီကျမ်းနှင့် ဦးကုလား
မဟာရာဇ၀င်ကြီး တို့တွင် ထည့်သွင်းဖော်ပြထား၏ ။ပါဠိစာပေအနေဖြင့် ၀ဇီရဗုဒ္ဓိဋီကာဆရာတော်အရှင်ဝဇီရဗုဒ္ဓိ
မထေရ်၏ဋီကာကျမ်းတွင် " အရှင်ဥပဂုတ်၏တန်ခိုးသည် ၀ိကုဗ္ဗနိဒ္ဓိ မဟုတ် ၊ အဓိဋ္ဌာနိဒ္ဓိသာ ဖြစ်ကြောင်း "
အကျဉ်းမျှ ထည့်သွင်း မိန့်ဆိုထား၏ ။ ကစ္စည်းသဒ္ဒါကျမ်း၌လည်း " ဥပဂုတ္တေန မာရော ဗန္ဓော " ဆိုပြီး သဒ္ဒါပြယုဂ် ထုတ်ပြထား၏ ။ နောက် မဟာဝံသဋီကာ၌လည်း ထိုအကြောင်းအရာကိုပင် ပြဆိုထား၏ ။

မဟာဝံသဋီကာ သည် အရှင်ဥပဂုတ်အကြောင်း ဖော်ပြထားခြင်းကြောင့် ထိုရာဇ၀င်ကျမ်း၌လည်း ထည့်
သွင်းဖော်ပြရခြင်းဖြစ်သည် ဟုလည်း မှတ်ချက်ပြုထားသော ဦးကုလားရာဇ၀င်၌ တွေ့ရလေ၏ ။ မြန်မာစာပေ
တွင် အရှင်ဥပဂုတ်မထေရ်အကြောင်း ရေးသားဖော်ပြကြရာ၌ မဟာဝံသဋီကာ တွင်ပြဆိုထားခြင်း ဖြစ်သော
ကြောင့် အစဉ်အဆက် ဖော်ပြကြတာဖြစ်ကြောင်း နားလည်နိုင်ကြလိမ့်မည် ဖြစ်၏ ။

သို့ရာတွင် မဟာဝံသဋီကာ ၌ပြဆိုထားသော အရှင်ဥပဂုတ် အကြောင်းအရာများသည် မြောက်ပိုင်းဖြစ်
ကျမ်းတစ်စောင်ဖြစ်သော " ဒိဗျာဝဒါန " ကျမ်းလာ စကားရပ်အား အခြေခံထားကြောင်း ၊ ထို ဒိဗျာဝဒါနကျမ်း
သည်လည်း သူ့ထက် ရှေးကျသော မြောက်ပိုင်းဖြစ် " ကလ္ပနာ ဟဏ္ဍီတိကာ" ကျမ်းမှ ကူးယူ ဖော်ပြတာဖြစ်
ကြောင်း သုတေသီများ လေ့လာ ဖော်ထုတ်ထားကြပြီးဖြစ်၏ ။ထို့ကြောင့် အရှင်ဥပဂုတ်အကြောင်းအရာတွေ
သည် ဘယ်ကဆင်းသက်လာသည့် အကြောင်းအရာ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်၏ ။

ကျီသဲလေးထပ်ဆရာတော်ကြီးကား ၁၉၂၁ - ခုနှစ်က ပုံနှိပ်သော ၀ိမတိစ္ဆေဒနီကျမ်း ( ၉၃ ) ၌ပင် အင်္ဂလိပ်
လောကဓာတ်ဆရာများ ပင်လယ်အတွင်း၌ ကြေးပြာဿဒ်ကြီးကို မြင်တွေ့ရကြောင်း ၁၂၂၅ - ခုနှစ် သတင်းစာ
ပါ သတင်းကိုပင်ဖော်ပြထားသေး၏ ။ထိုအခါမှစ၍ မြန်မာပြည် ထေရ၀ါဒသာသနာဝင်တို့ လောက၌ အလှူ မဏ္ဍပ် ထိုးရာမှအစ အရှင်ဥပဂုတ်သည် ကန်တော့ပွဲတစ်ပွဲ ရတော်မူလေ၏ ။သီးခြားကျောင်းဆောင် ရေကန်နှင့် သမင်လည်ပြန် ကာယိနြေ္ဒမဲ့သော ရုပ်တု ထုလုပ်ကိုးကွယ်ကြ၏ ။

အထက်ပါကျမ်းများသည် အသုံးတွင်ကျယ်သော ကျမ်းများဖြစ်၍ မူရင်း မဟာဝင်၌ ပါလေဟန် ပါဠိအဋ္ဌကထာ
လာ ဖြစ်လေဟန် ထင်မှားကုန်ကြလေ၏ ။နောက်ဆုံး ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သတိပြုသင့်သော အချက် တစ်ခုရှိ၏ ။ ယင်းမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ကျောရိုးသည် သီလ ၊ သမာဓိ ၊ ပညာ ဖြစ်၏ ။ ထို့ကြောင့် သီလ ၊ သမာဓိ ၊ ပညာ ကို ဦးတည်သော ကိုးကွယ်မှုသာလျှင် အနှစ်သာရရှိသော ကိုးကွယ်မှု ၊ လောကီ ၊ လောကုတ္တရာ ကောင်းကျိုး အမျိုးမျိုးအား သယ်ပိုးပေးမည့် ကိုးကွယ်မှု ဖြစ်၏ ။

ကောက်ချက်ချကြည့်၇ရင် တော့

သီဟိုဠ် မဟာယန ဆရာတော်တွေက သူတို့ ဘုရားဟောမဟုတ်တာကို သာဓက တစ်ခုခု ပေးချင်ပြီဆိုရင်  အမည်မသိ ဗာရာဏ မင်းမသိ ဗြဟ္မဒတ် ဆိုတဲ့အတိုင်း  ဗျာဒိတ်တော်တွေမှာ ... ဗာရာဏသီ ဗြဟ္မဒတ် လို့ သုံး ထားခြင်းကို ကြည့်ခြင်းအားဖြင့် မဟာယနဂိုဏ်းမှ လုပ်ကြံဖန်တီး ၍ ရောသမမွှေကာ ၀င်ရောက် လာသော ရှင်ဥပဂုတ္တ ဇာတ်လမ်းသည် ဖြူစင်သော  သန့်ရှင်းသော စင်ကြယ်သော ,မြင့်မြတ်သော အထက်တန်း  ထေရ ၀ါဒ ဗုဒ္ဓဘာသာ၌ အမည်းစက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ဗျာဒိတ်တော်တွေက အမျိုးမျိုး ပြောင်းနေခြင်း ကြောင့်လည်း တစ်ကယ် ရှိ မရှိ ဆိုတာ သံသယဖြစ်စရာပါ

မဟာယန ဂိုဏ်းသားတွေဟာ   ဘာသာဝင်အားလုံး ဘုရားဆုပန် (ဗောဓိသတ္တ) များသာ ဖြစ်ကြရမယ် ဆိုတဲ့ အယူဝါဒရှိပါတယ် ... ဒီရှင်ဥပဂုတ် ဒဏ္ဍာရီက မရ်နတ်ကြီး ညည်းတွားသံက ဒါဟာ မဟာယနအယူဆိုတာ ခိုင်မာတဲ့ သက်သေပါ ..။

မာရ်နတ် နဲ့ ရှင်ဥပဂုတ် တန်ခိုးပြိုင်ပြီး ရှင်ဥပဂုတ္တက မာရ်နတ်ရဲ့ လည်ပင်း ကို ခွေးသေကောင် ပုတ်ကြီး စွပ်ပေး လိုက်တဲ့အခါ မာရ်နတ်ဟာ နတ်ပြည်၊ ဗြပ္မာာ့ပြည် များမှာ သွားပြီး ချွတ်ပေးဘို့တောင်းပန် ခဲ့ပါတယ်တဲ့ ဒါပေမယ့် ဘယ်သူမှ မချွတ်ပေးရဲကြဖူးတဲ့ ဒီအခါမာရ်နတ်ကြီးဟာ ဘယ်လို ညည်းတွားလဲဆိုတော့...

ငါသည် ရှေးအခါက မြတ်စွာဘုရားအား များစွာဖောက်ပြန်သော အမှုကိုပြုခဲ့၏မြတ်စွာ ဘုရား သည် ငါ့အား တစ်စုံတစ်ခုသော ညှင်းဆဲခြင်းကို မပြု ၊ယခုသာဝက(ရှင်ဥပ ဂုတ်) သည် သနားခြင်း မရှိ သည်ဖြစ်၍ ငါ့အား ညှင်းဆဲနှိပ်စက်ဘိ၏

ငါသည်ရှေးရှေးသော ဘ၀ကလည်း ဘုရားရဟန္တာဖြစ်အောင် ပုညအစု ကောင်းမှု အထူးကို ဆည်းပူးခဲ့ပြီး ဤကုသိုလ်၏အာနိသင်ကြောင့်နောင်သောအခါ ဘုရားဆုကို သာ ရလိုပါ၏ ။သတ္တ၀ါတို့အား သနားခြင်းမရှိသော သာဝက မဖြစ်လိုပါ

ဒီဆုတောင်းတွေအရ မဟာယာန တို့၏ သာဝက(ရဟန္တာ)မဖြစ်ချင် ဘုရားလောင်း (ဗောဓိသတ္တ) သာ ဖြစ်ချင် သည် ဆိုသည့်အချက် နှင့် တစ်ထပ်တည်း ကျနေပါတယ်..။

မာရ်နတ် နဲ့ ရှင်ဥပဂုတ် တန်ခိုးပြိုင် ရာ မာရ်နတ်ကြီး ရှုံးပြီး ရှင်ဥပဂုတ္တက မာရ်နတ် ရဲ့လည်ပင်း ကို ခွေးသေ ကောင် ပုတ်ကြီး စွပ်ပေးလိုက် သည်တဲ့

ဒီမှာလဲမေးစရာ တစ်ခုရှိနေပြန်ပါတယ် ပစ္စေကဗုဒ္ဓ ရဟန္တာ များ လူတွေရှေ့မှာ တန်ခိုးပြခြင်း မရှိကြပါဘူး...

 မြတ်စွာဘုရားရှင် ကိုယ်တော်ဟာ သည်တပည့်သာဝကတို့ကိုတန်ခိုးအရာမှာ အားပေးတော်မူခြင်း မရှိခဲ့ပါ။

ဝေရဉ္ဇာပြည်ဒု ဗ္ဘိက္ခ န္တရ ကပ်ကြီး ဆိုက်ရောက်၍ ဆန်ကွဲထ္မင်းကို မျှတရုံ ဘုဉ်းပေးနေရသော အချိန် လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန် မထေရ်မြတ်မှ - ဘုန်းတော်ကြီးတော် မူသောမြတ်စွာဘုရား ကမ္ဘာ ပထ၀ီမြေကြီး၏ အောက်အပြင်တွင် အလွန်ချိုမြိန်ကောင်းမြတ်သောမြေဆီ မြေလွှာ မြေသြဇာများရှိပါ
သည်။ ထိုမြေဆီမြေလွှာများကို ယူ၍ ရဟန်းသံဃာတော်တို့အားဆက်ကပ်ပါမည် ခွင့်ပြုတော်မူပါ ဟုမြတ် စွာဘုရား အားလျှောက်ထားရာ

ဘုရားရှင်က ချစ်သား မောဂ္ဂလာန် သတ္တ၀ါတွေကို သင်ဘယ်လိုဆောင်ရွက်မည်နည်း ဟု မေးပါတယ် ဒီအခါ မထေရ် မြတ်က မှန်လှပါဘုရားတပည့်တော်၏ လက်တစ်ဘက်ကို ယ္ခုနေသောမြေကြီး အဟန်ဖန်ဆင်း၍ လက်တစ်ဘက်ဖြင့် မြေဆီမြေလွှာကိုယူပါမည်ဘုရားဟု လျှောက်ထားပါတယ် ..

ထိုအခါ ဘုရား ရှင်က “အလံတေမောဂ္ဂလာန မာတေရုစ္စိပထ၀ိံပရိဝတ္တေတုံ၊၀ိပ္ပလ္လာသံ ပိသတ္တာပဋိလဘေယျုံ” အစရှိသော ဂါထာကို မိန့်တော်မူပါ တယ် အဓိပ္ပါယ် ကတော့

ချစ်သားကမ္ဘာပထ၀ီမြေကြီး ကိုပြောင်းပြန်လှန်ပြီးမြေဆီမြေလွှာ ကိုယူဖို့သင်မနှစ် သက်ပါနှင့်။ သတ္တ၀ါတွေဟာ သင်တို့လွန်မြောက် ရာ ကာလရောက်သော်ဖောက်ပြန် ခင်း အမှုကိုပြု ကြပေလိမ့် မည် ဟု အရှင် မဟာမောဂ္ဂလာန်၏ တန်ခိုးအရာကို ကန့့် ကွက် တော်မူခဲ့ပါတယ်

အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်စန္ဒကူးသပိတ်ကိုတန်ခိုးပြ၍ယူရာ တွင်လည်းနောင် အခါတန်ခိုးမပြရ အာပတ် သင့်စေ ဟုတားမြစ်တော်မူခဲ့ပါ၏။

ဒီတော့ မာရ်နတ်ကို တရားမဟောပဲ တန်ခိုး ပြိုင်ခြင်းဟာ စဉ်းစားစရာပါ .... ဒါ့အပြင် ဘုရားရှင် လက်ထက် တော်က  မာရ်နတ်ရဲ့ ဦးရီးတော်ခဲ့ဖူးသူ ရှင်သာရိပုတ္တရာ ဆုံးမခဲ့တဲ့အတွက် မာရ်နတ်ဟာ သံဝေဂ ရပြီးတဲ့ အထောက် အထားတွေ ရှိနေပါတယ်။


ရှင်ဥပဂုတ္တကို  အဘယ့်ကြောင့် ကိုးကွယ်ကြသနည်း ဟုလေ့လာကြည့် ရာတွင် အသောကမင်း အလှူပွဲတွင် မာရ်နတ်ကိုနှိမ်နင်း၍ အနိုင်ရ လောက်အောင် တန်ခိုးကြီးသောကြောင့် ဆိုသည့် အဖြေကို တွေ့ရလေ၏ ။

 တန်ခိုးကြီး တဲ့ ရဟန္တာကိုမှ ကိုးကွယ်ချင်ကြတယ် ဆိုရင်  တန်ခိုးအရာ ဧတ ဒဂ် ရတော်မူတဲ့ လက်ဝဲတော်ရံ မထေရ်မြတ်ကြီးကို  မကိုးကွယ်သင့်ဘူးလား မေးစရာပေါ့လေ

ရှင်ဥပဂုတ္တသည် ငါတို့၏ထေရ၀ါဒ ပိဋကတ်ကျမ်းတို့တွင်မလာမရှိပေ။ သဒ္ဒါကျမ်းများတွင် ဥဒါဟရုဏ်ပုံစံ (example) အနေဖြင့် ဥပဂုတ္တေနမာရော ဗန္ဓော။ ဟုသာထုတ်ပြထားလေ၏။ သို့စဉ်လျှင် ပုရိသေနသြဒနောပစ္စတေ--စသည် တို့ကို ဘယ်လို သဘောထားကြမည်နည်း

ရှင်ဥပဂုတ်နှင့်ပတ်သက်၍စကြာ ရန်အောင်ဆရာတော်  ရေးသားတော်မူသော- ဗုဒ္ဓနိုင်ငံတော်- စာမျက်နှာ (၄၉၀) တွင် ဤကဲ့သို့ဖေါ် ပြထားလေ၏။

( က ) မဟာယာန ဗုဒ္ဓဘာသာမှတ်တမ်းများအရ အသောကမင်းတရား လက်ထက်က မဓုရမြို့အနီး နတဘာသိတ တောအုပ်ကြီး အတွင်းဂုရုမုဏ္ဍတောင် ပေါ်တွင် သီတင်း သုံးသော ဥပဂုတ္တမထေရ် စသည်ဖြင့် မဟာယာနမထေရ် တစ်ပါးသာ ဖြစ့်ကြောင်းပြဆို ထားလေ၏ ။

( ခ ) ဆရာဇာဂရုဆိုသောပုဂ္ဂိုလ် တစ်ဦးရေးသားသည့် ရှင်ဥပဂုတ္တရဟန္တာ ပူဇော် နည်းနှင့်ပရိတ်တော် စာအုပ်တွင်ရဟန္တာဟုပြဆိုထားရုံမျှမက ဣုန္ဒဂုတ္တ အဿဂုတ္တ မထေရ်ကြီးများပင် ရှင်ဥပဂုတ်ဖြစ်ကြောင်းပြ ဆိုထားရာ များစွာရောထွေးသွားလေ၏။

( ဂ ) သို့ရာတွင်မဟာယာန သာသနာဝင်ဖြစ်သော သက္ကတဘာသာရေး ဒိဗျာဝဒါန ကျမ်းမှ ရှင်ဥပဂုတ် အတ္ထုပ္ပတ္တိကို ဖတ်ရှုရပေရာ တနည်းအားဖြင့် ထိုကျမ်းဆရာ အား ကျေးဇူး တင်ရပေသည်။

ထိုစာအုပ်မှာ ဒိဗျာဝဒါနမဟာယာနသာသနာဝင် ကိုမူထား၍ ဟိန္ဒူပညာရှင်များ ခရစ်ယာန်သာသနာပိုင် ကာလ်ဒ၀ဲလ် စသောပညာရှင်များ၏ (သက္ကတ၊ဟိန္ဒီ၊အင်္ဂလိပ်) အဆိုအမိန့် များကိုပေါင်းစပ်၍ သုတေ သနပြုထားသောကျမ်းဖြစ်သည်

ရှင်ဥပဂုတ်သည် မဓုရပြည်သားရေမွှေးကုမ္ပဏီပိုင်ရှင် ဂုတ္တ၏ သားငယ်ဖြစ်ပြီး  ရှင်ဥပဂုတ်သည် လက္ခဏာကြီးငယ် မပါသော ဘုရားတစ်ဆူ ဖြစ်ကြောင်း

အဃတ်စ်တျသံဟိတာကျမ်း၊အဃတ်စ်တျဂီတာကျမ်း၊သကလအာဒိကာရကျမ်း များပြုစုကြောင်း ဂဏန်း ကျမ်းကောင်းကင်နက္ခတ် ကုမ္ဘစက်ဂြိုဟ်နေကြတ် လကြတ် စသည် တို့ကိုဓာတ်စေတော်မူသည့် တန်ခိုး ကုဒ္ဓိပါဒ်အရှင်ဖြစ်ကြောင်း ရေးသား ထားတာ ကိုဖတ်ခြင်းအားဖြင့် ရှင်ဥပဂုတ်ဟူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကွဲကွဲပြားပြား သိစေမှာပါ။စည်းပွား အာဏာ ရာထူး စသည်တို့အတွက် ကိုးကွယ် ပသခြင်း ဆိုတာ သေချာ သွားပါတယ်။

ယုံကြည်ရာအလိုက်ကိုးကွယ်နေကြတာကို မပြောလိုသော်လည်း အရှေ့နှင့် အနောက်ခြားနား လှသော သဘာဝ နှစ်ခုကိုမူ ထပ်တူပြုခံယူရေးသားခြင်း ဗုဒ္ဓအယူနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို ထပ်တူပြုခြင်း သည် ဆိုးရွား လှပါ သည်။

နောက်ဆုံး ကောက်ချက်ချကြည့် ရရင်ဖြင့် ရှင်လေးပါးကိစ္စပါ ပေါင်းဆို ချင်ပါတယ်။
(၁)တောင်သမုဒ္ဒရာရှိ အရှင် ဥပဂုတ္တ၊
(၂) အနောက်သမုဒ္ဒရာရှိ အရှင်ခေမ
(၃)မြောက်သမုဒ္ဒရာရှိ အရှင်ဘဒ္ဒ
(၄)အရှေ့သမုဒ္ဒရာရှိ အရှင်ဓမ္မသာရတို့ ကို ယခုတိုင် သက်ရှိထင်ရှားရှိသောတန်ခိုးရှင်များအဖြစ် ယုံကြည်ကိုးကွယ်ကြ၏။

 မိမိတို့ကား ယင်းမထေရ်ကြီးတို့သည် ဆဠာဘိညာပတ္တရဟန္တာများအဖြစ် လက်မခံခြင်းမျိုးမရှိ။ စာမတင်မိ သော သမိုင်းတွင် ယင်းကဲ့သို့ဖြစ်နိုင်၏။ သို့သော်…..…ယခုတိုင် သက်ရှိထင်ရှား ရှိနေတယ်လို့ ဆိုကြ၀ယ် ဣဒ္ဓိပါဒ်လေး ပါး နှင့် အသက်ကို ဆက်စပ် စဉ်းစားမိ၏။

“ဣဒ္ဓိပါဒ်လေးပါးကို ပွားများထားပါက ထိုပုဂ္ဂိုလ်များသည် အလိုရှိသည်ဖြစ်အံ့ တစ်ကပ်လုံးသော်လည်းကောင်း ထိုထက် အလွန်သော်လည်းကောင်း တည်နိုင်၏ဟု” သုတ်မဟာဝါမဟာပရိနိဗ္ဗာနသုတ်တွင် မြတ်ဗုဒ္ဓ မိန့်တော်မူ ခဲ့ခြင်းကြောင့် သေလောက်သောရောဂါပင် ရှိစေဦး တစ်ကပ်ပြည့်အောင် ထို့ထက်လွန်အောင် မိမိ၏ သက်တမ်း ကို ဆွဲထားနိုင်၏ဟု မှတ်သားရ၏။

 သာသနာ၏ သက်တော်ရှည်မထေရ်ကြီး အရှင် ဗာကုသ (ရောဂါကင်းသူတို့တွင် အသာလွန်ဆုံး ဧတဒဂ်ရ) မထေရ်ကြီးသည်လည်း သက်တော် (၁၈၀)တွင် လွန်တော် မူခဲ့၏။

သို့ဖြစ်ရကား အရှင်ဥပဂုတ္တစသောမထေရ်များသည် တန်ခိုးကြီးရဟန္တာများအဖြစ်ကား အတိတ်တွင် ရှိခဲ့နိုင်ပါ၏။ ရှိခဲ့သည်ဟု ယုံကြည်သည့်နောက် သုပ္ပဋိပန္နတာ ဂုဏ်တော် များဖြင့် သံဃာဂုဏ် မှန်းပူဇော်က လည်း အကျိုး မနည်းတန်ရာ။ လွန်စွာကောင်းလှပါ၏။

သို့သော် သာသနာ့နောက်ပိုင်း အရှင်ဥပဂုတ္တစသည် တို့သည် ယခုတိုင် သက်တော်ထင်ရှားရှိနေသည်ဟု ယုံကြည်ခြင်းသည် မသင့်တန်ရာ။ ဘုရားမနှစ်သက်သော သဘာဝလွန် ယူဆမှားမှုဟုသာ သုံးသပ်လိုပါ၏။ ဆင်ခြင်ကြ ပါကုန်……….။


အရှင်ဥပဂုတ္တ တကယ် ရှိရှိ မရှိရှိ ကိုယ့်စိတ်ထဲတွင် ရဟန္တာ အမှတ်ဖြင့် ကြည်ညိုကိုးကွယ်နိုင်လျှင် အကျိုးရှိသည် မှန်ပါသည်။ ရဟန္တာဟု အမှတ်ရှိပါလျက် မိုးတားပေးဖို့ အစောင့်ချသလို ဆက်ဆံလျှင် လည်း အပြစ်ဖြစ်နိုင်ပါသည်။

ဤတွင် ထေရဝါဒကိုးကွယ်မှု အရိုအသေပေးမှု အစဉ်အလာ တစ်ခုကို ဖော်ပြလိုပါ သည်။ မိမိတို့စိတ် တွင် ကြည်ညိုစိတ်ဖြစ်ကာ အရိုအသေပေးရာ အလေးအမြတ်ပြုရာတွင် သီလ-သမာဓိ-ပညာစသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။ မိမိအပေါ် ကျေးဇူးများမှုဟူသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။

ဥပမာ-ဘုရားရှင်နှင့် သာဝကများရှိရာတွင် ဘုရားရှင်ကိုသာ အရိုအသေပြုရ၏။ အခြား သာဝကများ အား ဘုရားရှင်နှင့် ထပ်တူမပြုရ။ ဘုရင်ကြွလာလျှင်လည်း ဘုရားရှင်ကို ကျောပေးကာ ဘုရင်ကို အရို အသေမပြုရ။ “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးသော် သင့်၍ ထင်ရှားရှိတော်မူ စဉ် မသင့်သော အာပတ် သည် ရှိ၏။”ဟု ပရိဝါပါဠိတော်တွင် လာရှိ၏။

အဘယ်ကြောင့် အဘယ်အာပတ်သင့်သနည်းဟူမူ မိမိထက် ဝါကြီးသော ရဟန်းကို ဘန္တေ= (အရှင်ဘုရား) ဟု ခေါ်ရမည့်အစား အာဝုသော= (ငါ့ရှင်)ဟု အငယ်ကို ခေါ်သည့် အာလုပ် ပုဒ်ဖြင့် ခေါ်ခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်ခြင်းဖြစ်၏။ သို့ရာတွင်
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကမူ မိမိထက် မည်မျှပင် ဝါကြီးစေကာမူ ဘန္တေ-ဟု မခေါ်ရ။ အာဝုသော-ဟုပင် ခေါ်ရ၏။ ဘုရားရှင်ကိုလည်း ဘန္တေ၊ ရဟန်းအချင်းချင်းလည်း ဘန္တေ-ဟု ခေါ်လျှင် ဘုရားရှင်နှင့် ရဟန်းများကို တန်းတူထားရာရောက်၏။

သီလ သမာဓိ ပညာစသော ဂုဏ်ရည်အားဖြင့် များစွာမကွာခြားသော ပုဂ္ဂိုလ်အများကို ဆည်းကပ်ရာ အရိုအသေ ပေးရာ၌ကား အသက်သိက္ခာကြီးသူကို ရှေးဦးစွာ ဆည်းကပ်ရ၊ အရိုအသေပေးရ၏။ ထိုပုဂ္ဂိုလ်အပေါင်းတွင် မိမိအား အထူးကျေးဇူးများ သော ပုဂ္ဂိုလ်ကို အထူးဆည်းကပ်မှု ၊ အထူးအရို အသေ ပေးမှု ပြုနိုင်၏။ အခြားပုဂ္ဂိုလ်များအား မထီလေးစား ပြုရာမရောက်။

အိမ်တစ်အိမ်တွင် အသက်သိက္ခာကြီးမားသော ဒေါ်ကြီး ဒေါ်လေးများ ရှိသော်လည်း မိမိအပေါ် အထူး ကျေးဇူးများသော မိခင်ကိုသာ (အဒေါ်ကိုကျော်၍) အထူးဆည်းကပ်မှု အထူးအရိုအသေ ပေးမှု ပြုနိုင် ၏။ ဂုဏ်သိက္ခာချင်းတူပါလျက် မိခင်ကိုကျော်၍ အဒေါ်ကိုသာ (တစ်ခုခု ပေးလိမ့်မည်အထင်ဖြင့်) ကပ်ဖားသမှု အထူး အရိုအသေပြုနေလျှင်ကား မိခင်ကို စော်ကားရာ အလေးမထားရာ ရောက်၏။

သီလ-သမာဓိ-ပညာ စသောဂုဏ်ဖြင့်ပင်ယှဉ်ယှဉ်၊ မိမိတို့အပေါ် (သာသနာတော်အပေါ်) ကျေးဇူး များသည့်ဂုဏ်ဖြင့်ပင် ယှဉ်ယှဉ် အရှင်ဥပဂုတ္တသည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော ပုဂ္ဂိုလ်များထက် မသာလွန်ပါ။ ဤသို့ မသာပါသည်ကို သာသည်ဆိုပြီး ပိုမိုကာ အလေးအမြတ်ထားပါ လျှင် “အမေကိုကျော်ကာ ဒွေးတော် လွမ်းခြင်း” သာ ဖြစ်ပါလိမ့်မည်။ အရှင်သာရိပုတ္တရာ၊ အရှင် မဟာမောဂ္ဂလာန် စသည်တို့ကို စော်ကားရာ အလေးမထားရာ ရောက်ပါလိမ့်မည်။

ရုပ်တု ရုပ်ပွား ထုလုပ်ကိုးကွယ်သူတို့၏ မူလရည်ရွယ်ချက်မှာ
ရုပ်ပွားတော်ရှေ့တွင် ထိုင်၍ ထိုရုပ်ပွားရှင်၏ ဂုဏ်ကို လွယ်ကူလျင်မြန်စွာ အာရုံပြုနိုင်ဖို့သာ ဖြစ်ပါသည်။ တနည်းအားဖြင့် မိမိတို့သန္တာန်တွင် သဒ္ဓါ-သတိစသော တရားကောင်းများ အလွယ်တကူ ဖြစ်ပွားနိုင်ဖို့သာ ဖြစ်ပါသည်။

ထိုသဒ္ဓါ၊ သတိ-စသော ကုသိုလ်တရားကောင်းများ မိမိတို့ သန္တာန်၌
ဖြစ်ပွားအားကောင်းလာသောအခါ ထိုကုသိုလ်တရားကောင်း တို့၏ စွမ်းအင်ကြောင့် အကျိုးပေးရန် အလှည့်စောင့်နေသော အကုသိုလ်ကံတို့ မှေးမှိန်၍ ကုသိုလ်ကံတို့ အကျိုးပေးခွင့်သာသဖြင့် ကောင်းကျိုးဖြစ်ပွားတတ်သည်လည်း ရှိ၏။
ထိုသူတော်ကောင်းကို နတ်ကောင်းတို့ စောင်မသည့်အခါလည်း ရှိ၏။

သို့ရာတွင် ထိုပုဂ္ဂိုလ်သည် ထိုသဘောတရားတို့ကို မသိမမြင်နိုင်ရကား
မိမိကိုးကွယ်သော ရုပ်ပွားက မိမိကို စောင်မကယ်တင်သည်ဟု ထင်လာ၏။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အကြောင်းပြု၍ ရုပ်တုထုစရာ အရာဝတ္ထုသည် အမျိုးမျိုးအစားစား ကွဲပြားလာ၏။ ယင်း၏ ဂုဏ်သတ္တိလည်း ထူးခြားလာ၏။ တဖန် ရုပ်တု၏ ပုံသဏ္ဌာန်လည်း ကွဲပြားလာပြန်၏။ ဘုရားရှင်ကို ဆင်စီးစေ၏။ မြင်းစီးစေ၏။ မကိုဋ် စလွယ်တပ်ပေး၏။

ရတနာမျိုးစုံ စီခြယ်ပေး၏။ ပုံသဏ္ဌာန် အမျိုးမျိုးအလိုက် တန်ခိုးစွမ်းရည်
အမျိုးမျိုး ကွဲပြားကြောင်း လုပ်ကြံဖန်တီးကြ၏။ ဤသို့ဖြင့် ကိုးကွယ်ဆည်းကပ်ရာတွင် အကျိုးရမှုသည် ကိုးကွယ်ဆည်းကပ်သူ၏ အဇ္ဈတ္တသန္တာန်၌ဖြစ်သော သဒ္ဓါ၊ သတိစသော ကုသိုလ်တရားတို့နှင့် မဆိုင်တော့ပဲ ဗဟိဒ္ဓသန္တာန်၌ရှိ သော အကိုးကွယ်ခံ ရုပ်တုပုံသဏ္ဌာန်နှင့် ဆိုင်လာ၏။

ဤသို့ဖြင့် ကောင်းနိုးရာရာ လက်ခံကိုးကွယ်လာခဲ့ကြရာ အပြစ်မဆိုသာသော ရှင်သီဝလိ၊ ရှင်ဥပဂုတ် တို့မှ အစပြု၍ သူရဿတီ နှင့် ကာဠီမယ်တော်လည်း ရောက်လာခဲ့၏။ ယခုအခါ ဥတည်ပွားနှင့် ကွမ်ယင်မယ်တော်လည်း ရောက်လာခဲ့ပြီဖြစ်၏။

ဤသို့ဖြင့် “သိပ်အရေးမကြီးပါဘူး၊ စာတတ်ပေတတ် ဆရာတော် ကြီးတွေတောင်မှ ဘာမှမပြောပဲ ကိုယ်ကရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူး” စသည်ဖြင့် လျစ်လျူရှုတတ်ကြရာ မကြာမီ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစင်တွင် ရှီဝ၏ လိင်ရုပ်ကိုပါ ဖူးတွေ့ရတော့ မည်ဖြစ်သည်။



  နှစ်ဦးသား ဗာလတို့

မိုက်ကြသည့်အနေ။

 တစ်ဦးသား ဗာလက

ရဟန္တာ ဧကန္တကို

ဤသူလျှင် ဒုဿီလဟု

 မြွက်ဟတုံပေ။

တစ်ဦးမှာ ဒုဿီလကို

 ရဟန္တာ ဧကန္တဟု

ခွန်းနှုတ်က ဖွင့်ချေသည်

ဆိုပုံလေ လွန်ရိုင်း။

 နှစ်ပါးစုံ ထိုကံညစ်မှာ

အပြစ်ကယ် အတူရှိတယ်

 ဖြေ၏ မှန်တိုင်း။ ။

မင်းကွန်းဆရာတော်နှင့် မန်လည်ဆရာတော်တို့၏ ပညာဝီမံသကထာကျမ်းမှ အထက်ပါ အဆိုအမိန့်ကိုထောက်၍ ရဟန္တာမဟုတ်သူကို ရဟန္တာဟု ဆိုနေကြခြင်းမှ ရှောင်ကြဉ်နိုင်ကြပါစေ။

သေလေးပါးရှင်လေးပါးအကြောင်း ရှင်းရန် ချန်ထားခဲ့ပါတယ် ဒီဟာနဲ့ သိပ်မသက်လို့ပါ အဲထဲက အရှင်ဥပဂုတ္တ ကိုေ​ပြာခြင်းမဟုတ်ပါ


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်