#‎သာသနာနှင့်ရာဇာအပိုင်း‬(၂၃)


*****************
ရက္ကမဗာဟုသည် လယ်ယာစိုက်ပျိုးရေး စီမံကိန်းအရ ဥဇ္ဇရာ မြစ်(ဒေဒုရုသြယ)တွင် တာတမံဖို့လျက်ဆည်တည်ဆောက် ထားလိုက်လေသည်။ ပရက္ကမပူရမြို့ကိုလည်း တည်ထောင် သည်။ သူတည်သော မြို့တော်ကြောင့် မင်းကြီးသည် ဂုဏ် သိက္ခာ အထူးတက်သွားသည်။ (ယခုခေတ် ပရုဝဆ
နုကျရဟေတိပိုလအနီး)။
ထိုဒေသမှ ပဏ္ဍ၀ါပီ ရေကန်ငယ်ကိုလည်း ချဲ့ပြီးရေကန်ကြီး လုပ်လိုက်သည်။ ထိုရေကန်သည် ပရက္ကမ သမုဒ္ဒရာအမည် ဖြင့် ထင်ရှားကျော်ကြားသည်။ ယင်းရေကန်ကြီးအနီးတွင်
ခံတပ်များ ရံထားသည့် နန်းတော်ကို တည်ဆောက်သည်။
အုပ်ချုပ်ရေးစနစ်ကိုလည်း အသစ်တစ်ဖန် ဖန်တီးပြုပြင် ထားသည်။
ဒက္ခိဏဒေသကို ပြန်လည် တည်ဆောက်သည့် အုပ်ချုပ်ရေး စနစ်နှင့် စပ်လျဉ်း၍ သူဠ၀ံသ၌ ဤသို့ဆိုထားသည်။ နိုင်ငံ၌ အဓိကဖြစ်သော အာဏာပိုင်နှစ်ဦး ရှိသည်။ စစ်ရေးစစ်ရာ အတွက် သေနာပတိ (ကာကွယ်ရေးဝန်ကြီး) ရှိပြီး၊စီးပွားရေး နှင့် အခြား အုပ်ချုပ်ရေးအတွက် အခြား အာဏာပိုင်တစ်ဦး ရှိသည်။ ယင်းအာဏာပိုင်၏ အောက်၌ အမတ်နှစ်ဦးရှိသည်။ ယင်းအမတ် နှစ်ဦးက ဒေသ၏ နယ်မြေတစ်ခုစီ တစ်ခုစီ ကို စီမံအုပ်ချုပ်သည်။
နိုင်ငံ၏ နယ်မြေတစ်ခုလုံးသည်မြေသြဇာကောင်းသောနယ်မြေ
ဖြစ်သည်။ ရတနာနှင့် ဓာတ်သတ္တုထွက်သော၊ ထွက်လိမ့် မည် ဟု ခန့်မှန်းရသော နယ်မြေကို စီမံအုပ်ချုပ်ရန်အတွက်
အထူးအာဏာပိုင်တစ်ဦး ခန့်အပ်ထားသည်။ နိုင်ငံခြားတိုင်း ပြည် များနှင့် ကုန်သွယ်မှု ဆက်သွယ်ရေး လုပ်ပြီးလျှင် ကျောက်သံပတ္တမြားများကို တင်ပို့ရောင်းချသည်။ အဓိက ကျသော ဆိပ်ကမ်းများမှာ ဥရုဝေလာ၊ ကလပ္ပိတိယ၊ကိလမ္ဗု တို့ ဖြစ်ကြသည်။
ပရက္ကမဗာဟုသည် အင်အားကြီးမားသော နိုင်ငံတော်၏ အကြီးအကဲများ အနေဖြင့် နန်းတော်တွင်း၌ ပညာသင်ကြား ပေးသည်။ အမျိုးမျိုး အပြားပြားသော တပ်စိတ်တပ်ခွဲများ ကိုလည်း ဖွဲ့စည်းထားသည်။ အချို့တပ်ဖွဲ့များအား ညဥ့် အချိန် ၌ စစ်ပညာ အထူးသင်တန်းပေးသည်။ စစ်တပ် တွင် တပ်မှူးများကိုလည်း ခန့်ထားသည်။ စစ်ဖြစ်သောအခါ
စစ်သားဦးရေ မနည်းစေရန် အားလုံးအတွက် စစ်ပညာ မသင်မနေရ ဥပဒေပြဋ္ဌာန်းထားသည်။ လန္နာရုဝ၌ ဂဇဗာဟု သည် ပြည်ပမှ မင်းညီမင်းသားများအား စည်းရုံး ထားသည်။ ထို့ကြောင့် ဂဇဗာဟု ကွယ်လွန်သွားသောအခါ
ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယင်းမင်းညီမင်းသားများထဲက တစ်ပါးပါး၊ ဂဇဗာဟု၏ အရိုက်အရာ ဆက်ခံမှာစိုးရိမ်နေရ သည်။ နေ့စဉ်နှင့်အမျှ စစ်အင်အား ချဲ့ထွင်နေသော ပရက္ကမဗာဟုကို တွေ့ရသောအခါ ရာဇရဋ္ဌနှင့် ရောဟဏ ဒေသနှစ်ခုလုံး မိမိတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေ ကြ ပြီးလျှင် ပရက္ကမဗာဟု ကျူးကျော်လာမည့်အရေးကို
ရင်ဆိုင်ရန် အဆင်သင့် စောင့်နေကြသည်။
ပရက္ကမဗာဟုသည် ဒုမ္ဗရနှင့် ဒုမ္ဗရအနီးရှိ နယ်မြေများအား
ဝင်ရောက်တိုက်ခိုက်ပြီးလျှင် စစ်ပွဲကို စတင်သည်။ ဂဇဗာဟု၏ တပ်မှူး ရက္ခထံ လျှို့ဝှက်စွာ တမန်စေလွှတ်၍ မိမိဘက်ပါလာအောင် သိမ်းသွင်းထားလိုက်သည်။ ပါတဒုမ္ဗုရကို အလွယ်တကူ တိုက်ယူရရှိသော်လည်း ယဋ္ဌိကဏ္ဍ၌ တပ်စွဲထားသည့် စစ်တပ်က ပရက္ကမဗာဟု ၏ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်သည်။ သို့သော်လည်း နယ် မြေများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးလျှင် ပရက္ကမဗာဟု ၏ စစ်တပ်သည် ပိုလန္နရုဝသို့ ချီတက်ရောက်ရှိလာသည်။ သူ၏ သူလျှို အထောက်များက မြို့တံခါးကို ဖွင့်ထားလိုက် ကြသည်ဟု အဆိုရှိသည်။ ပရက္ကမဗာဟု၏ စစ်တပ်သည် မြို့တော်တွင်းသို့ ၀င်ရောက်လာပြီးလျှင် ဂဇဗာဟုကို သူ၏ နန်းတော်တွင်း၌ပင် ချုပ်နှောင်ထားလိုက်သည်။
ပရက္ကမဗာဟုသည် နာလန္ဒာမှနေ၍ ဂဇဗာဟု သူ့သြဇာ အာဏာကို လက်ခံမခံ၊ သူ့ထံ လက်ဆောင်ပဏ္ဏာ ပို့မပို့
စောင့်နေသည်။ သို့ရာတွင် ပိုလန္နရုဝ၏ အခြေအနေမှာ
အလွန်ဆန်းကြယ်သည်။ ပိုလန္နာရုဝ၌ ရှိနေသော သူ၏ သေနာပတိက "ဂဇဗာဟု အသက်ထင်ရှား ရှိနေသရွေ့ နိုင်ငံတွင်းရှိ ပြည်သူသည် အခြားဘုရင် တစ်ပါးပါး၏ သြဇာ အာဏာကို လက်ခံဖို့ရန် အဆင်သင့်မရှိပေ။ ထို့ကြောင့် ဂဇဗာဟု ဘုရင်ကို ရှင်းပစ်သင့်၏" ဟူ၍ အကြောင်းကြား လွှာ ပေးပို့လိုက်သည်။
ပိုလန္နာရုဝ၌ တပ်စွဲထားသော ပရက္ကမဗာဟု၏ အောင်ပွဲရ စစ်တပ်သည် အမိန့်အာဏာကို လွန်ဆန်ပြီး လုယက်ဖျက် ဆီးခြင်းအမှုကို ပြုလုပ်ကြသည်။ ဂဇဗာဟု၏ မှူးမတ်များ သည် လျှို့ဝှက်စွာ တိုင်ပင်၍ ရောဟဏဘုရင် မာနာဘရဏ ထံ အကူအညီပေးရန် တောင်းပန်ကြသည်။ ရာဇရဋ္ဌထီးနန်း ကို လွှဲအပ်ပါမည်ဟူ၍လည်း ကတိပေးကြသည်။ ထိုအချိန် အတောအတွင်း၌ ပရက္ကမဗာဟုသည် သေနာပတိဒေ၀ကို
ပိုလန္နာရုဝသို့ စေလွှတ်ပြီးလျှင် စည်းကမ်းဖောက်ဖျက်သူ
တပ်သားများအား အပြစ်ဒဏ် အပေးခိုင်းသည်။ သေနာပတိ ဒေ၀ ပိုလန္နာရုဝ ရောက်လာချိန်၌ မာနာဘရဏ၏ စစ်တပ် လည်း ပိုလန္နာရုဝသို့ ရောက်လာသည်။ မာနာဘရဏ၏ စစ်တပ်နှင့် ပရက္ကမဗာဟုစစ်တပ် ရင်ဆိုင်တိုက်ခိုက်ကြ သည်။ ယင်းတိုက်ပွဲ၌ ပရက္ကမဗာဟု၏စစ်တပ် အရှုံးနှင့် ရင်ဆိုင်ရသည်။ သေနာပတိ ဒေ၀ကိုယ်တိုင် အဖမ်းခံရ သည်။
မာနာဘရဏသည် ဂဇဗာဟုကို အကျဉ်းက လွှတ်ပေးပြီး လျှင် ပိုလန္နာရုဝ၌ စိုးမိုးအုပ်ချုပ်သည်။ ဂဇာဗာဟု၏ မှူးမတ် များကို ဖယ်ရှားပြီးလျှင် ဂဇဗာဟုကိုလည်း တစ်ဖန် ဖမ်းဆီး လျက် အကျဉ်းတိုက်ထဲ ထည့်ထားလိုက်ပြန်သည်။
မာနာဘရဏသည် ဂဇဗာဟုဘုရင်၏ ဆင်၊ မြင်းနှင့်စည်းစိမ် ဥစ္စာများကို သိမ်းပိုက်ပြီးလျှင် ပထမ ဇယဗာဟု ဘုရင်လက် ထက်၌ ပိုလန္နာရုဝသို့ ပင့်ဆောင်သွားသော မြတ်စွာဘုရား ၏ ဓာတ်တော်နှင့် သပိတ်တော်ကို ပြန်လည် အပင့်ခိုင်း သည်။ ယင်းသို့အားဖြင့် မာနာဘရဏသည် ဂဇဗာဟု၏ ထီးနန်းကို အုပ်စိုးသူဘုရင်အဖြစ် ကြေညာလိုက်သည်။ မိမိ၏ မယ်တော်နှင့်လည်းကောင်း၊ မှူးမတ်များနှင့် လည်း ကောင်း တိုင်ပင်ပြီးလျှင် ဂဇဗာဟုအား အဆိပ်ကျွေး၍ဖြစ် စေ၊ အစာအငတ်ထား၍ဖြစ်စေ ဖျောက်ဖျက်ပစ်မည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။ မာနာဘရဏ၏ ယင်း အကြံအစည်ကို ရိပ်မိသည်ဖြစ်၍ ဂဇဗာဟုသည် တစ်နည်း နည်းဖြင့် ပရက္ကမဗာဟုနှင့် လျှို့ဝှက်စွာ ဆက်သွယ်ပြီးလျှင် သူ့ကို အကျဉ်းက ထုတ်ယူသွားရန် တောင်းပန်သည်။ ယင်းတောင်းပန်ချက်အရ ပရက္ကမဗာဟုသည် ဂဇဗာဟုအား အကူအညီပေးရန် စစ်တပ် စေလွှတ်လိုက်သည်။ ---------
မာနာဘရဏသည် မြတ်စွာဘုရား၏ ဓာတ်တော်နှင့်
သပိတ်တော်ကိုလည်းကောင်း၊ မယ်တော်နှင့် မိဖုရားကို လည်းကောင်း ခေါ်ယူပြီးလျှင် ရောဟဏသို့ တိမ်းရှောင် ထွက်ပြေးသွားသည်။ ပရက္ကမဗာဟု၏ စစ်တပ်သည် မြို့တော်တွင်း ၀င်ပြီး ဂဇဗာဟုကို အကျဉ်းကလွှတ်ပစ် လိုက်သည်။ မာနာဘရဏသည် ပရက္ကမဗာဟုအား ကြိုဆို ရန် ထိုနေရာက စောင့်မနေတော့ဘဲ ကောဋ္ဌာသာရခရိုင် ဘက်ထွက်သွားသည်။ ပိုလန္နာရုဝ၌ ဒုတိယအကြိမ်
သိမ်းပိုက်စိုးမိုးသော်လည်း ပရက္ကမဗာဟုသည် မြို့တော် တွင်းသို့ ၀င်ရောက်မလာပေ။ ဂိရိတတာက (ဂိရိတလေ) ၌သာ နေသည်။ ထိုအချိန် အတောအတွင်း၌ ဂဇဗာဟု၏ နောက်လိုက်များသည် ပရက္ကမဗာဟု၏ တပ်အား ၀င် ရောက်တိုက်ခိုက်သည်။ ဂဇဗာဟု၏ ယင်းကဲ့သို့သော ကျေးဇူးကန်းမှုနှင့် သစ္စာဖောက်မှုကြောင့် ပရက္ကမဗာဟု သည် အကြီးအကျယ် ရာဇမာန် ရှသွားသည်။
ပရက္ကမဗာဟု ၏ စစ်တပ်သည် ဂဇဗာဟုအား ဖမ်းဆီးရန် သူ
စတည်းချနေသည့် ကောဋ္ဌသာရသို့ ချီတက်သွားသည်။ မိမိ၏ အင်အားကို သိရှိထားသော ဂဇဗာဟုသည် အနှေးနှင့် အမြန် မိမိ ဖမ်းမိမည်ဆိုသည်ကို သိရှိနားလည်သွားသည်။ ဂဇဗာဟုအတွက် မိမိကိုယ်မိမိ ကာကွယ်ရန်မှတစ်ပါး
တခြားနည်းလမ်းမရှိတော့ပေ။ ပရက္ကမဗာဟုနှင့် နားလည်မှု ရရှိရန်အတွက် ဂဇဗာဟုသည် ရဟန်းသံဃာ၏ အကူအညီ ကိုယူသည်။ သူ၏ တောင်းပန်ချက်ကို ရဟန်းသံဃာများက လက်ခံလိုက်သည်။ ရဟန်းသံဃာတစ်စု ပရက္ကမဗာဟုထံ ကြွလျက် "ဓမ္မ ထွန်းကားပြန့်ပွားရေးနှင့် ပြည်သူ၏ အကျိုး အတွက် စစ်ပြေငြိမ်းပြီး မိမိ ရပ်ဌာန်သို့ ပြန်ပါ။ ဂဇဗာဟု သည် အချိန်ကြာကြာ နေရတော့မည် မဟုတ်ပါ။ သူ့မှာ သားထောက်သမီးခံလည်း မရှိ၊ ညီတော် နောင်တော်လည်း မရှိ။ ထို့ကြောင့် အချိန်စောင့်ဆိုင်းနေစေချင်ပါ၏" ဟူ၍
တောင်းပန်ကြသည်။
လူသား၏ ကောင်းကျိုးအတွက်လည်းကောင်း၊ရဟန်းသံဃာ ၏ ဂုဏ်သိက္ခာကို ထောက်ထားသောကြောင့်လည်းကောင်း ပရက္ကမဗာဟုသည် သူ့ရပ်ဌာန်သို့ ပြန်သွားရန် သဘောတူ ညီ ပြီးလျှင် မိမိ၏ စစ်တပ်နှင့် အတူတကွ ဒက္ခိဏဒေသသို့ ပြန်လည်ဆုတ်သွားသည်။ ယင်းအပြုအမူသည် ပရက္ကမဗာဟုအတွက် နည်းနည်းနောနော စွန့်လွှတ်မှု
မဟုတ်ပေ။ ထိုခေတ်က ဘုရင်တစ်ပါးပါးအတွက် ယင်း ကဲ့သို့ အလျှော့ပေးလိုက်ဖို့ရန်မှာ မလွယ်ပေ။ ဂဇဗာဟု လည်း နောက်ပိုင်းတွင် မည်သည့်အခါမှ ပိုလန္နာရုဝဘက် မလှည့်တော့ပေ။ မိမိ၏ နောက်ဆုံးအချိန်ကို စိတ်ချမ်းသာ စွာဖြင့် ကုန်လွန်ခဲ့လေသည်။
မာနာဘရဏကမူ အလျှော့ပေးလိုသည့်စိတ် မရှိပေ။ ရာဇရဋ္ဌ ထီးနန်းစိုးစံလိုသည့်ဆန္ဒ ထက်သန်အားကောင်း နေတုန်းပင် ရှိသေးသည်။ ထို့ကြောင့် အမြဲမပြတ် ဆင်ကြံ ကြံနေသည်။ လက်ဆောင်ပဏ္ဏာများနှင့်တကွ ဂဇဗာဟုထံ သံတမန်စေလွှတ်ပြီး မဟာမိတ်ဖွဲ့ရန် ကြိုးစားသည်။ သို့သော်လည်း ဂဇဗာဟုသည် မာနာဘရဏ၏ အကြံကို ရိပ်မိသွားပြီးဖြစ်၍ ပရက္ကမဗာဟုအား ဆန့်ကျင်ရန် အကြံပြု ချက်ကို လက်မခံတော့ပေ။ မဏ္ဍလဂိရိ (မေဒိဂိရိ) ကျောင်း တိုက်သို့ သွားပြီးလျှင် သံဃာတော်များ၏ မျက်မှောက်၌
လူသိရှင်ကြား "ငါသည် မိမိ မျက်နှာလွှဲသွားပြီးသည့် နောက်၌ ပရက္ကမဗာဟုအား ရာဇရဋ္ဌ၏ ထီးနန်းရှင်အဖြစ် လက်ခံပါ၏" ဟူ၍ ကျောက်စာ ထွင်းထုစေသည်။ ထို့ နောက် မကြာမီ ၁၁၅၃ ခုနှစ်၌ ဂဇဗာဟု ကွယ်လွန် သွား သည်။
ထို့နောက် ပရက္ကမဗာဟုသည် စစ်ဆက်လက် တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ မာနာဘရဏ၏ ပိုင်နက်နယ် စပ်သို့ ၀င်တိုက်ရန် အကြံပြုလိုက်သည်။ သို့သော်လည်း ပရက္ကမဗာဟုသည် မာနာဘရဏကို ခဲခဲယဉ်းယဉ်း နှိမ်နင်း တိုက်ခိုက်ယူရသည်။ ထို့နောက် အချိန်အတန်ကြာ သွား သောအခါ မာနာဘရဏ ကွယ်လွန်သွားသည်။ ကွယ်လွန် ခါနီးတွင် မာနာဘရဏသည် သူ၏ သားတော်များအား
ပရက္ကမဗာဟု၏ စိုးမိုးမှုကို လက်ခံပြီး ပရက္ကမဗာဟု၏
အမိန့်အာဏာအတိုင်း နေသွားကြရန် အမိန့်ပေးသွားသည်။
ထို့နောက် ပရက္ကမဗာဟုသည် လင်္ကာဒီပ သီဟိုဠ်တစ်ကျွန်း လုံး၏ ဘုရင်အဖြစ် ဒုတိယအကြိမ် ရာဇဘိသိက် ခံယူသည်။ ရာဇဘိသိက် ခံယူပြီးနောက် ၁၂ နှစ်အကြာတွင် ဒေ၀နဂလ တွင် ထွင်းထုသော ကျောက်စာ၌ "ငါသည် ပုဂ္ဂိုလ်နှစ်ဦး (ကဇဗာဟုနှင့် မာနာဘရဏ)နှင့် စစ်တိုက်ပြီး ကျွန်းတစ် ကျွန်းလုံးကို တစ်ခုတည်းသော ထီးဖြူအောက်၌ စိုးမိုးခဲ့ ၏" ဟူ၍ ရေးထိုးထားသည်။
ပရက္ကမဗာဟုသည် ခရစ်နှစ် ၁၁၅၄ ခုနှစ်တွင် ပိုလန္နာရုဝ၌ လင်္ကာဒီပဘုရင်အဖြစ် ဒုတိယအကြိမ် ရာဇဘိသိက် ခံသည့် အကြောင်းကို စူဠ၀ံသ၌ အကျယ်တ၀င့် ရေးသားဖော်ပြထား သည်။

စူဠ၀ံသ၏ အလိုအရ ပရက္ကမဗာဟုသည် လင်္ကာဒီပ သီဟိုဠ် ကျွန်း၏ ဘုရင်ဧကရာဇ် ဖြစ်လာပြီးနောက် လုပ်ငန်းကြီး လေး ရပ်ကို ပြုလုပ်ဆောင်ရွက်သည်။ ယင်းလုပ်ငန်းကြီး လေးရပ်မှာ တိုင်းသူပြည်သားများ ၀ပြောအောင်လုပ်ခြင်း၊ ဗုဒ္ဓသာသနာတော်ကြီးကို ပြန်လည် ပြုစုပျိုးထောင်ခြင်း၊ နယ်ခြားလုံခြုံရေးကို ခိုင်မာတောင့်တင်းအောင် လုပ်ခြင်း၊ ခိုလှုံလာသူများအား အကူအညီပေးခြင်းတို့ ဖြစ်သည်။ သာသနာတော် စင်ကြယ်သန့်ရှင်းရေးအတွက် ပရက္ကမဗာဟုဘုရင်သည် အရေးပါသော လုပ်ငန်းနှစ်ခုကို ပြုလုပ်ဆောင်ရွက်သည်။ တစ်ခုမှာ သံဃာအတွင်း စည်းလုံး ညီညွတ်မှုရှိအောင် လုပ်ခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ အကျင့် ပျက် ရဟန်းများအား သာသနာတော်အတွင်းမှထုတ်ပစ်ခြင်း ဖြစ်သည်။
ဒေ၀ါနံ ပိယတိဿမင်းကြီး လက်ထက်မှစ၍ မဟာဝိဟာရ သံဃဂိုဏ်း အစဉ်အလာသည်လည်းကောင်း၊ မလ၀ံဘာ မင်းကြီးလက်ထက်မှစ၍ အဘယဂဏရိဂိုဏ်း အစဉ်အလာ သည်လည်းကောင်း၊ မဟာသေနမင်းကြီး လက်ထက်မှစ၍ ဇေတ၀န်ဂိုဏ်း အစဉ်အလာသည်လည်းကောင်းဆင်းသက် ပြန့်ပွားလာခဲ့သည်။ ယင်းဂိုဏ်းကြီး သုံးဂိုဏ်းတို့သည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အပြင်းအထန် ဆန့်ကျင်ကြသည်။
ထိုမျှသာမက အယူအဆရေးရာ၌လည်း တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ကွဲပြားခြားနားမှု ရှိကြသည်။ မဟာဝိဟာရ ဂိုဏ်း နှင့် ကျန်ဂိုဏ်း နှစ်ဂိုဏ်းတို့သည် သံဃာကိစ္စတို့၌ သဘော ထားတူညီမှု မရှိကြပေ။ မဟာဝိဟာရဂိုဏ်းက မိမိဂိုဏ်းကို ထေရ၀ါဒဂိုဏ်းစစ်စစ်ဟု ပြောကြားပြီး ကျန်ဂိုဏ်းနှစ်ဂိုဏ်း ကို ဝေတုလျဝါဒီဂိုဏ်းဟု စွပ်စွဲပြောဆိုသည်။
ယင်းဂိုဏ်းသုံးဂိုဏ်းကို ရင်ကြားစေ့အောင် လုပ်ဖို့ရန်မှာ မလွယ်ကူပေ။ သို့သော်လည်း ပရက္ကမဗာဟုမင်းကြီး လက် ထက်၌ အာဏာစက်ပါ အသုံးပြုသည်ဖြစ်၍ ယင်းဂိုဏ်းကြီး သုံးဂိုဏ်းမှာ ညီညွတ် စည်းလုံးသွားကြသည်။
ပရက္ကမဗာဟု မင်းကြီးလက်ထက်၌ သာသနာတော်အတွက် အရေးပါ အရာရောက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက် ပေါ်ပေါက်လာသည်။
ပရက္ကမဗာဟု ဘုရင်မင်းကြီး လက်ထက်အထိ တစ်နည်း အားဖြင့် ပြောရလျှင် ၁၂ ရာစုအထိ မည်သည့်ရဟန်းသံဃာ ကိုမှ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းခြင်း မပြုခဲ့ပေ။ ဆက်ကပ် လှူဒါန်းသည့် အစဉ်အလာလည်း မရှိခဲ့ပေ။ ပိုလန္နာရုဝခေတ် ၌ သာသနာတော် သန့်စင်ရေးကို ဆောင်ရွက်ပြုလုပ်ပြီး သောအခါ နေပြည်တော်ရှိ ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူသော သာရိပုတြမထေရ်အား `သံဃရာဇာ´ (သာသနာပိုင်) ဘွဲ့တံဆိပ် ဆက်ကပ် လှူဒါန်းသည်။
အပိုင်း (၂၄) ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်