ဗုဒ္ဓရှင်တော် ရဲ့ သဗ္ဗညုတဥာဏ်တော် ကို လေ့လာခြင်း



ဗုဒ္ဓရှင်တော် မှာ သဗ္ဗညုတဥာဏ် ရှိပါသလား။ ရှိခဲ့တယ် ဆိုရင်လဲ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် ဆိုတာက ဘယ်လို ဥာဏ်ပညာမျိုး ဖြစ်ပါသလဲ။ သဗ္ဗညုတဥာဏ် ကို ဗုဒ္ဓရှင်တော် ဘယ်လို ရရှိတော် မူခဲ့ ပါသလဲ။ ဗုဒ္ဓရှင်တော် ကိုယ်တိုင် သဗ္ဗညုတဥာဏ် ကို ဘယ်လို အနက်ဖွင့်ခဲ့ ပါသလဲ။  

ဗုဒ္ဓဘာသာဝင်မှန်ရင် ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် ကို တော့ တစ်နည်းနည်းနဲ့ လက်ခံယုံကြည်ထား ကြသူတွေချည်း ပါပဲ။ ဒါပေမဲ့ ဒီမေးခွန်းတွေ ကို ဖြေဖို့   အတွက်ကတော့ တော်ရုံတန်ရုံ စဉ်းစားကြမိမှာမဟုတ်ပါ။ ကိုယ့် မိရိုးဖလာ ရိုးရာ ယုံကြည်မှု အနေနဲ့ပဲ လက်ခံထားကြတာဖြစ်တယ်။ သရဏဂုံ ဆောက်တည်တဲ့ အခါ ပထမဆုံး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ ရွတ်ဆိုကြရတဲ့ အခါ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် ကို စိတ်က ရည်မှန်းပြီး ရွတ်ဆိုဆောက်တည်ကြရတာမို့ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် နဲ့ ဆိုင်တဲ့ ကိစ္စဟာ ဗုဒ္ဓဘာသာဝင် အားလုံး အတွက် အရေးအကြီးဆုံးသော မေးခွန်းတွေ ထဲ က တစ်ခုဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ အစဉ်အလာ အရ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် ကို သာမန်လူသားတို့ မကြံစည်အပ်တဲ့ (ဘုရား-သံသရာ-ကံ-ပါရမီ စတဲ့) အစိန္တေယျတရား တွေထဲမှာ ထည့်သွင်း ရေတွက်ထားလေ တော့ ဒီ မေးခွန်းတွေကို မေးဖို့က မ၀ံ့မရဲ ဖြစ်ချင် ဖြစ်မယ်။ မေးလဲ အဖြေရချင်မှ ရမှာဆိုတော့ အကျိုးသိပ်မရှိဘူးလို့ ထင်ချင်လဲထင်မယ်။ မေးသူကိုယ်တိုင်ဘုရားဖြစ်ပြီးတော့ သဗ္ဗညုတဥာဏ် ကို ရမှပဲ သဗ္ဗညုတဥာဏ် ဘာလဲဆိုတာ ဌာန်ကုန်အောင်သိနိုင်မယ်လို့ လဲ ထင်စရာဖြစ်ပါတယ်။ ဂိုဏ်းသင့် မဲ့ မစဉ်းစားကောင်းတဲ့ ကိစ္စ စဉ်းစားစရာ မလိုတဲ့ ကိစ္စ လို့ လဲ သဘောပိုက်ထားကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဘ၀ တစ်သက်တာလုံးအတွက် ပူဇော်လေးမြတ် ခယ၀ပ်တွား ကိုးကွယ်ရမယ် ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် ကို အတိုင်းအတာ တစ်ခုထိတော့ သိသင့်တာပဲ။ သိနိုင်ခွင့်လဲ ရှိတယ်လို့ယုံကြည်ပါတယ်။ ပါဠိပိဋကတ် နိကာယ်ကျမ်းတွေထဲမှာ ဟိုတစ်စ သည်တစ်စ ရှိနေတဲ့ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် နဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်တွေ ဖေါ်ပြချက်တွေ ကို နိုင်းယှဉ်လေ့လာ ကြည့် ရင် တော့ ဗုဒ္ဓရှင်တော် ရဲ့  သဗ္ဗညုတဥာဏ် ဟာ ဘာလဲ ဆိုတာကို အကြမ်းဖျင်းလောက်တော့ ဆ၀ါးနိုင်တန်ကောင်းပါရဲ့  လို့ ထင်မိပါတယ်။ ဒီတော့ အရင်ဆုံး ထေရ၀ါဒ အဋ္ဌကထာတွေ က ရေးသားထားချက် တွေ ကို လေ့လာ ကြည့် ကြရအောင်။

သဗ္ဗညုတဥာဏ်တော် ရဲ့   အစွမ်းသတ္တိ
ထေရ၀ါဒ အဋ္ဌကထာတွေ က ရေးသားထားချက်တွေ အရဆိုရင် မြတ်ဗုဒ္ဓဟာ အလောင်းတော်ဘ၀ ကာလတစ်လျှောက်မှာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလတိုင်အောင် လူတကာပြုနိုင်ခဲတဲ့ ပါရမီတော်များကို ဖြည့် ဆည်းခဲ့ရပါတယ်။ သမုဒ္ဒရာရေ မည်မျှပင်များပြားစေကာမူ မြတ်ဘုရားအလောင်းတော် လှူဒါန်းခဲ့သော အသွေးတော် ရဲ့ အရေအတွက်ကို တော့ မမှီနိုင်ပါဘူး လို့ ဆိုတယ်။ မိုးကောင်းကင်က ကြယ်တာရာများ မည်မျှ များပြားစေကာမူ လှူဒါန်းခဲ့သော မျက်လုံးတော်တွေရဲ့  အရေအတွက် ကိုကား မမှီနိုင်ပါ။ မြင့်မိုရ်တောင်ကြီးသည် ယူဇနာ ရှစ်သောင်းလေးထောင် မြင့်မားစေကာမူ လှူဒါန်းခဲ့သော ဦးခေါင်းတော်များစုပုံထားသည့် မြင့်မားမှုကိုကား မမှီနိုင်ပါ။ ကမ္ဘာမြေကြီးသည် မည်မျှပင် ထုထယ်ကြီးမားစေကာမူ လှူဒါန်းခဲ့သော အသားတော်၏ ထုထယ်ကိုကား မမှီနိုင်ပါ လို့ အလင်္ကာဖွဲ့နွဲ့  ရေးသားကြပါတယ်။

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူတဲ့ ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ အစိန္တေယျ ဘုရားရှိခိုးကြီးမှာ ဆိုရင်လဲ ရှင်တော်ဗုဒ္ဓ ရဲ့ဥာဏ်တော် တွေ ကို အခုလို လှပစွာ သီကုံးပူဇော်ထားတာကို တွေ့ရပါတယ်။

ဇမ္ဗူ့ကျက်သရေ၊ချက်ဗွေဘူမိ ၊ အပရာဇိခရိုင် ညောင်မဏ္ဍိုင်ကို ၊စိုးပိုင်တော်မူအံ့သော ကာလ၌ ၊ကာမလောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ် လှိုက်ခုန်တုန်ဘနန်းမျှ၊ သန်းအကုဋေ ၊နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော ၊မေခလာဂီရိ၊တောင်တရှိမျှ၊ ပြောင်ကြီး သေဌ်နင်း၊မာန်နတ်မင်း ကိုဖြည့်တင်းတော်မူခဲ့သော၊ ပါရမီဉာဏ်၊ ကံသမ္ဘာရှိန် ၊ ဝရဇိန် လျှံပြောင်၊ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင် ၊အောင်မြင်တော်မူစေ၍ ၊ ကိလေသာစက်၊သုံးထောင်ဝက်ကို ၊ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊အာနာပါန ၊ဘာဝနာ ဖြင့် ရူပါဝစရ၊ အရူပါဝစရ၊စတုတ္ထသမာပတ်တို့ကို ၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ ၊ အဓိဋ္ဌာနဝသီ၊ ဝုဋ္ဌာန ဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့် ၊ အဖန်ဖန်လေ့လာတော်မူပြီးလျှင်….။
ရှေးတီးကာလ ၊ ဘဝရှည်ကျူး၊ ဖြစ်ဘူးသမျှ ၊ဒေသရပ်ရွာ၊ ခန္ဓာပင်စည် ၊ အမည် အမျိုးစသော ၊ ပရမတ်+ပညတ် တို့ကို ၊တပ်အပ်သိနိုင် စွမ်းသော၊ ပုဗ္ဗေနိဝါသဉာဏ်….။
သုံးတိုက်ဘုံသား၊ အများသတ္တ ၊ဝေနေယျ တို့၏ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန် ဋ္ဌာန နှင့်တကွ၊ ဒုရ+ပရိစ္ဆန္န ၊ သဏှ+သုခုမ ဖြစ်သော၊ ရူပါရုံတို့ကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်….။
လေးတန်သြဃ၊ အာသဝနှင့် ယောဂဂန္ထာ၊ လေးဖြာဥပါဒါန် ၊ ခြောက်တန် နီဝရဏ၊ အနုဿယ ခုနှစ်အင်၊ သ့ယောဇဉ် ဆယ်တန်၊ခြံရံ လျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို ၊စင်စွာပယ်ဖြတ် ၊ အလွန်မြတ်သောကြောင့် အရဟတ္တမဂ္ဂ အမည်ရသော အာသဝက္ခယ ဉာဏ်…။
ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့် ၊ သယမ္ဘူ အထွတ်။လူ တမွတ်ဟု ။ မချွတ် သမိုက်အပ်ထသော ။ ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့ ရခြင်းငှာ မထိုက်၊ သုံးထိုက်ဘုံသား၊ အများသတ္တ ၊ဝေနေယျ ပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ၊ အာသယ ကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုဿယဉာဏ်….။
ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့်သိနိုင်စွမ်းသော ၊ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်………….။
ပရမတ်၊ ပညတ် အလုံးစုံကို ၊ အကုန် အစင်သိမြင်နိုင်သော၊ သဗ္ဗညုတ ဉာဏ်………။
သင်္ခါရ၊ ဝိကာရ ၊လက္ခဏာ၊ နိဗ္ဗာန် ၊ပညတ် တည်းဟူသော၊ ဉေယျဓံငါးအင်ကို ၊သိမြင်တော်မူရာ၌ ၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဉာဏ် ………….။

နောက်တစ်ခါ မဟာဂန္ဓာရုံဆရာတော်ဘုရား ကြီး အရှင်ဇနကာဘိဝံသ ရဲ့  လင်္ကာလေးမှာတော့ သဗ္ဗညုတဥာဏ်တော်ရဲ့  အစွမ်း နဲ့ ပတ်သက်ပြီး ဒီလို ဖေါ်ပြထားပါတယ်။

၁။ သိရန်မှန်က,မကျန်ရအောင်,လုံးဝစုံလင်,အကုန်မြင်,သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်။
၂။ သိသည့်တရား ၊ များအပြား၌ ၊ ဟောထားစဖွယ် ၊ နည်းသွယ်သွယ်ကို ၊ ခြယ်လှယ်စုံ လင် ၊ အကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ ၊ များဝေနေ၏ ၊ ဣနြေ္ဒစရိုက် ၊ သူ့အကြိုက်ကို ၊ နှိုက်ချွတ်စုံလင် ၊ အ ကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၎။ ဥာဏ်တော်စွမ်းပကား ၊ ဤသုံးပါးကြောင့် ၊ အများဝေနေ ၊ ကျွတ်လွတ်စေဖို့ ၊ မနေမနား ၊ သက်တော်အားဖြင့် ၊ ကြီးမားလေဘိ ၊ ရှစ်ဆယ်ပြည့်၍ ၊ ပရိနိဗ္ဗာန် ၊ စံသည့်တိုင် အောင် ၊ သယ်ယူဆောင် ၊ ဘုန်းခေါင် ငါတို့ဘုရားတည်း ။ ။

အရှင်ဇနကာဘိဝံသ ဆိုလိုချင်တာကတော့ သဗ္ဗညုတဥာဏ်တော် ဆိုတာ သိစရာ ရှိတဲ့ အကြောင်းအရာမှန် သမျှကို အကြွင်းမရှိ အကုန်အစင် သိတယ်။ သိစရာ ရှိတဲ့ အကြောင်းအရာတစ်ခုချင်းစီမှာ ရှိရှိ သမျှကို အကြွင်းမရှိ အကုန်အစင် သိတယ်။ ဝေနေယျတွေ ကို ချေချွတ်ဖို့ ဝေနေယျတွေရဲ့ စရိုက်တွေ ပါရမီ အနုအရင့် ဣနြေ္ဒစရိုက် တွေ ကို လဲ အကြွင်းမရှိ အကုန်အစင် သိတယ်။ ကာလ-အာကာသ-ပယောဂ အားဖြင့် အတားအဆီးအပိတ်အပင်မရှိ အကြွင်းမရှိ အကုန်အစင် သိတယ်။- လို့  ဆိုလိုချင်ပုံပါပဲ။  ဒီလို သဗ္ဗညုတဥာဏ်တော် မျိုးကတော့ ထာဝရဘုရားသခင် (God) ရဲ့   အလုံးစုံကို အကြွင်းမရှိ သိတဲ့ ဥာဏ်မျိုး စကြ၀ဠာအနန္တမှာ အပ်ကျတာကအစ သိတဲ့ ဥာဏ်မျိုး လို့   ဆိုလိုချင်ပုံပါပဲ။ ဒါကြောင့် မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တွေကိုဖွင့်ရာမှာ အလုံးစုံသိ(သဗ္ဗညူ) အလုံးစုံမြင် (သဗ္ဗဒဿဝီ) လောကကိုသိသူ(လောက၀ိဒူ) လူနတ်ဗြဟ္မာတို့ရဲ့  ဆရာ (သတ္ထာဒေ၀မနုဿာနံ) စသဖြင့်ဖေါ်ပြကြတာဖြစ်ပါတယ်။

ဗုဒ္ဓရှင်တော် သဗ္ဗညုတဥာဏ်ကို ဘယ်လိုရသလဲ
ထေရ၀ါဒ အဋ္ဌကထာတွေ က ရေးသားထားချက်တွေ အရဆိုရင် ဗုဒ္ဓရှင်တော် ဟာ အရဟတ္တမဂ် ကို ရတာနဲ့ တစ်ပြိုင်နက် သဗ္ဗညုတဥာဏ်ကို ပါ တစ်ပါတည်း ရ ရှိတော်မူတယ်လို့ ဆိုကြပါတယ်။ စွယ်စုံကျော်ထင်ကျမ်း မှာ တော့ အခုလို ရေးသား ထားတာကို တွေ့  ရတယ်။

 ငါတို့ မြတ်စွာဘုရား အလောင်းတော်သည် ဥရုဝေဠတောသို့ရောက်၍ ဒုက္ကရစရိယာကို ကျင့်တော်မူပြီးလျှင် အဇပါလ ညောင်ပင်ရင်း၌ သူဋ္ဌေး သမီး သုဇာတာသည် လှူအပ်သော နို့ဃနာဆွမ်းကို ရွှေလင်ပန်းနှင့် အကပ်ခံ၍ နေရဉ္စရာချောင်းနား၌ လေးဆယ့်ကိုးလုတ် ဘုဉ်းပေးပြီးလျှင် နတ်တို့ဖန်ဆင်းအပ်သော ခရီးဖြင့် ဗောဓိမဏ္ဍိုင်သို့ ကပ်လေ၏။ ဗောဓိပင်မှ တစ်ဆယ့် နှစ်တောင် ခြားသော အရှေ့မျက်နှာ အရပ်၌ နေဇာမျက်ခင်း ၌ ထက်ဝယ်နေတော်မူလျက် နေမဝင်မီ မာရ်စစ်သည်ကို အောင်ပြီးမှ အဝိဇ္ဇာ ပစ္စယာ အစရှိသော ပဋိစ္စ သမုပ္ပါဒ်တရားကို ဆောက်တည်၏။ ညဥ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသဥာဏ်၊ သန်းခေါင်ယာမ်၌ ဒိဗ္ဗစက္ခုဥာဏ်၊ မိုးသောက်ယာမ်၌ အာသဝက္ခယ ဥာဏ်တို့ကို ရတော်မူ၏။ ထို့နောက် အရုဏ်တက်သည်နှင့် တပြိုင်နက် ပစ္စဝေက္ခဏာ ဝီထိ အဆုံး၌ သဗ္ဗညု တဥာဏ်ကို ရတော်မူ၏။

ဇိနာလင်္ကာရ ဋီကာ မှာတော့ အရုဏ်တက်သည်နှင့် တပြိုင်နက် ပစ္စဝေက္ခဏာ ဝီထိအဆုံး၌ သဗ္ဗညု တဥာဏ်ကိုရသည် လို့ ဖေါ်ပြထားတာကို တွေ့ရပါတယ်။

အသို့ နည်းဟူမူကားခရီးဝေးသို့ လာ၍  မိမိ၏ အိမ်သို့ ဝင်အံ့။ ဤသို့ တစ် စက်ကျရာအရပ်မှအတွင်းသို့ ဝင်သောယောက်ျား၏ ဟင်းလင်းသော တံခါး ရှိသော အိမ်၌ တံခါး ခုံ၌ ထိ၍ ရပ်ခြင်းသည် မသင့်သကဲ့သို့ ဤအတူ လည်းကောင်း၊ ရှစ်ပါးသောဥာဏ်တို့ ၏ အစဉ်အားဖြင့် လာ၍ ထိုမြတ်စွာဘုရားသည်။ သစ္စာနှင့်လျော် သောဥာဏ် (သစ္စာနုလောမဥာဏံ)သို့ ထိ၍  ထိုအရပ်သည်။ မသင့်၊ ထို့ကြောင့်။ ဥာဏပဋိပဒါ၌၊ လာသော။ ထိုမြတ်စွာဘုရားသည် ပရိကံ ဥပစာ အနုလုံဟု ဆိုအပ်ကုန် သော၊ တစ်ပါး သောအရာရှိကုန် သော သုံးပါးကုန်သော သစ္စာလေးပါးနှင့် လျော်သော ဥာဏ် တို့ဖြင့် သစ္စာ လေးပါးကို ဖုံးလွှမ်းတတ်သော မောဟကို  သတ်ပြီးသည်ရှိ သော် စင်ကြယ်သော ကောင်းကင်၌ံ လကို ကြည့်သကဲ့သို့ ဂေါတြဘူစိတ်၏ အခြားမဲ့၌ သောတာ ပတ္တိ မဂ်ဥာဏ်ဖြင့် နိဗ္ဗာန်ကို မြင်၏။ ထို့ကြောင့် ထိုမြတ်စွာဘုရား၏ (ဝါ) မြတ်စွာဘုရားအား၊ သက္ကာယဒိဋ္ဌိလည်းကောင်း၊ ဝိစိကိစ္ဆာလည်းကောင်း၊ သီလဗ္ဗတ ပရာမာသော ခွေးသတင်း ခွေးအကျင့်၊ မြင်းသတင်း မြင်းအကျင့်မှ ထွက်မြောက်၏ ဟူသော အယူလည်း ကောင်း၊ ဤသုံးပါးသော ကိလေသာ တို့ကို ပယ်အပ်ကုန်သည် ဖြစ်ကုန်၏။ ဤ အတူလည်းကောင်း တဖန် အဖြစ်အပျက်မှ စ၍ သုံးသပ်သည် ရှိသော်။ သောတာပတ္တိမဂ်မှ ကြွင်း သော အရိယာမဂ်တို့ဖြင့် ကိလေသေ ကြွင်းကုန်သော ကိလေ သာတို့ကို။ ပူပန်စေလျက် ဝါသနာနှင့်တကွ ဖြစ် ကုန်သော၊ ကိလေသာတို့ ကို၊ အနုမြူမျှလည်း။ ဝါသနာအပြစ် မျှကိုလည်း၊ အနုသယတို့ကို၊ မကြွင်းစေ၍ ပူပန်စေလျက်၊ အရဟတ္တဖိုလ်သို့ ရောက်ခြင်းကြောင့်၊ စင် ကြယ်သော စိတ်ရှိသည် ဖြစ်၍၊ ဗောဓိ အပြင်၌ ထိုင်တော်မူလျက် ဘုရားသည် ဖြစ်၏။ အရဟတ္တဖိုလ်ကို ရသဖြင့်လျှင် လေးပါးကုန်သော၊ ပဋိသမ္ဘိဒါဥာဏ်တို့သည် လည်းကောင်း၊ ခြောက်ပါးကုန်သော  အသာဓရဏ ဥာဏ်တို့သည်လည်းကောင်း၊ တစ်ဆယ့်လေးပါးကုန်သော ဘုရားဥာဏ်တို့လည်းကောင်း၊ တစ်ဆယ့်ရှစ်ပါးကုန်သော အသီးဖြစ်ကုန် သော တရား (အာဝေဏိကဓမ္မာ) တို့လည်းကောင်း၊ ဒသဗလတည်းဟူသော အားဆယ်ပါး စတုဝေသာရဇ္ဇဥာဏ် အစရှိကုန်သော ကျေးဇူးတို့သည် ပြီးကုန်၏။ အရုဏ် တက်ခြင်းသည် လည်းကောင်း၊သဗ္ဗညုတ ဥာဏ်ကိုရ ခြင်းသည်လည်းကောင်း၊ တပြိုင်နက်၌ ဖြစ်၏။  ဤသို့ သိအပ်၏။
ဗုဒ္ဓရှင်တော်ရဲ့   ၀ိသေသဥာဏ်တော် (၁၀)ပါး
ဗုဒ္ဓရှင်တော် ဟာ လူသာမန် နတ်သာမန် တို့နှင့် မတူ ခြားနားတဲ့ ပင်ကိုယ် အသိဥာဏ်  ရှိတော်မူတဲ့ အတွက်၊ သတ္တ၀ါ တစ်ဦးတစ်ယောက်ကို မြင်လိုက်တာနဲ့ ဤသူသည် ရာဂစရိုက်ရှိ၏၊ ဘယ်သို့သော တရားကို ဟောလိုက်လျင် တရားထူး ရနိုင်မယ် ဆိုတာတွေ အပြင် ဤသူသည် ဒေါသစရိုက်၊ ဒေါသအားကြီး၏၊ ဤသူသည် မောဟစရိုက်၊ မောဟများလွန်း၏၊ ဤသူသည် သဒ္ဓါစရိုက် သဒ္ဓါတရား ယုံကြည်မှု အားကောင်း၏၊ ဤသူသည်  ၀ိတက် စရိုက် အကြံအစည် သံသယများလွန်း၏၊ ဤသူသည် ဗုဒ္ဓိစရိုက် ပညာကို အလေးထား၏၊ ပညာဥာဏ် ကြီးမား၏၊ ဤသတ္တ၀ါအား ပညာနှုင့်စပ်သော ခက်ခဲ နက်နဲသော အကြောင်းအရာကို အခြေခံကာ တရားဟောလိုက်လျင် ကျွတ်တမ်းဝင်နိုင်လိမ့်မည် စသည်ဖြင့် သိတော်မူနိုင်တယ်လို့ ဆိုပါတယ်။ ဒီ ဥာဏ်တော် အမျိုးအစား တို့ကို  သရုပ်ခွဲလိုက်ရင် ( ၁၀ ) မျိုး ရှိကြောင်း  ကျမ်းဂန်များတွင် ပြဆို ထားတာရှိပါတယ်။

(၁) ဌာနာ ဌာန ကောသလ္လဥာဏ်တော် (အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူသောဥာဏ်တော်)
(၂) အတီတာနာဂတ ပစ္စုပ္ပန္နာန ကမ္မသမာဒါနာန ၀ိပါက ဥာဏ်တော် (အလုံးစုံသော ကံတို့၏ ရှေ့ဖြစ် နောက်ဖြစ် အားလုံး ကို သိတော်မူသော ဥာဏ်)
(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဥာဏ်တော် (အလုံးစုံကုန်သောသုဂတိ၊ ဒုဂ္ဂတိ ဘ၀တို့သို့ရောက်ကြောင်းဖြစ်သော ကျင့်စဉ် လမ်းစဉ်ကို သိတော်မူသော ဥာဏ်တော်)
(၄) အနေကဓါတု နာနာဓါတု လောကဥာဏ်တော် (မတူခြားနားသော အမျိုးမျိုးသော ဓာတ် သဘာဝရှိသော သတ္တလောကကို သိတော်မူသော ဥာဏ်တော်)
(၅) သတ္တာနံ  နာနာ ဓိမုတ္တိကတာ ဥာဏ်တော်(များပြားလှစွာသော သတ္တ၀ါတို့၏ အမျိုးမျိုးသော နှလုံးသွင်း မှန် မမှန် ကို၎င်း၊ ဓာတ်ခံ ကောင်း မကောင်းကို ၄င်းသိတော်မူတတ်သော ဥာဏ်တော်)
(၆) ဣန္ဒြိယ ပရောပရိယတ္တိ ဥာဏ်တော် (သတ္တ၀ါတို့၏ တရားထူးရနိုင် မရနိုင် နှင့်  ဣနြေ္ဒ အနု အရင့် စသည်ကို သိတော်မူနိုင်သော ဥာဏ်တော်)
(၇) ဈာန ၀ိမောက္ခ သမာဓိ သမာပတ္တီနံ သံကိလေသ ဝေါဒါန ၀ုဋ္ဌာန ဥာဏ်တော် (ရရှိပြီးသော ဈာန်တရား ၀ိမောက္ခတရား သမာဓိ သမာပတ်တရားတို့ နှင့် ပတ်သက်
(၈) ပုဗ္ဗေ နိဝါသာ နုဿတိ ဥာဏ်တော် ရှေးကနေခဲ့ဖူး ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်၊ ဘ၀အစဉ် တို့ကို ဘ၀ခြားသည်ဖြစ်စေ၊ တစ်ဆက်တည်းဖြစ်စေ၊ ကပ်ကမ္ဘာတွေ ခြားသည်ဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ၊ ကိုယ်တော်တိုင်၏ ဘ၀ဖြစ်စဉ်ကို၎င်း၊ စကြာဝဠာအနန္တ၌ ရှိနေကြကုန်သော သုဂတိ ဒုဂ္ဂတိ သတ္တ၀ါအားလုံးတို့၏ ဘ၀ဖြစ်စဉ်ကို၎င်း သိတော်မူနိုင်သော ဥာဏ်တော် ဖြစ်၏၊
(၉) စုတူပ ပါတ ဥာဏ်တော် (သတ္တ၀ါ အားလုံးတို့၏ သေရမည့်အချိန်၊ သေခါနီးအချိန်၊ ပဋိသန္ဓေနေရမည့်အချိန်၊ ပဋိသန္ဓေနေ ပြီးခါစ အချိန်၊ စသည်တို့ကို သိမြင်တော်မူနိုင်သော ဥာဏ်တော်)  တစ်ချို့နေရာ၌ ဒိဗ္ဗစက္ခု အဘိဥာဏ် ဟုလည်း သုံးနှုံးကြ၏၊
(၁၀) အာသ၀ါနံ ခယာ အနာသ၀ စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဥာဏ်တော်(အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို သိတော်မူ ခြင်းကြောင့်  သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းဟူသောဥာဏ်တော်)

ဒီဥာဏ်တော်တွေကို လေ့လာကြည့်ရင်တောင် ဗုဒ္ဓရှင်တော် ရဲ့  အနေအထားက စူပါ့စူပါ ဖြစ်နေပါပြီ။ ဒါပေမဲ့ မဟာ လူသားတစ်ယောက် အနေနဲ့ ရနိုင်ရောက်နိုင်တယ်လို့ ထင်စရာဖြစ်တဲ့ ဥာဏ်တော်တွေ လို့ ဆိုနိုင်ပါသေးတယ်။ အထပ်ထပ် ချဲ့  ထွင်ရေးသားတဲ့ အဋ္ဌကထာတွေ ကတော့ ဗုဒ္ဓရှင်တော် ရဲ့   ဥာဏ်တော်တွေကို (၇၂) ပါးထိ ဖေါ်ပြကြပါသတဲ့။

ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် ကို ငြင်းပယ်ပုံ
ဗုဒ္ဓရှင်တော်နဲ့ ခေတ်ပြိုင်ပေါ်ခဲ့ပြီး ဗုဒ္ဓရှင်တော် လိုပဲ ရှေးဟောင်း ဝေဒအစဉ်အလာ ကို ငြင်းပယ်ခဲ့ ကြတဲ့ တိတ္ထိဆရာကြီးတွေ တောင် မိမိတို့ဟာ ဘုရားဖြစ်တယ် သဗ္ဗညုတဥာဏ် ပိုင်ရှင်တွေဖြစ်တယ် လို့  ပြောဆိုကြပုံထောက်ရင်တော့ အဲဒီခေတ် ကာလဟာ ဘုရားဖြစ်တယ် လို့ ၀န်ခံ ကြေငြာနိုင်ဖို့ အတွက် သဗ္ဗညုတဥာဏ် ရှိကြောင်း ကိုလဲ ၀န်ခံ ကြေငြာနိုင်ဖို့ လိုတဲ့ ခေတ်မျိုးဖြစ်နေတာကိုတွေ့ ရတယ်။ သဗ္ဗညုတဥာဏ် ပိုင်ရှင်ဖြစ်ခြင်းဆိုတာကို က ခေတ်ရဲ့  တောင်းဆိုချက်ဖြစ်နေပါတယ်။ ဗုဒ္ဓရှင်တော် ကိုယ်တိုင်ကရော ဒီ ခေတ်ရဲ့  တောင်းဆိုချက် အတိုင်း မိမိဟာ သဗ္ဗညုတဥာဏ် ပိုင်ရှင်ဖြစ်တယ် လို့ ၀န်ခံခဲ့ ပါသလား လေ့ လာကြည်ရအောင်။

တေ၀ိဇ္ဇသုတ် မှာ တော့ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် နဲ့ ပတ်သက်လို့   ၀စ္ဆပရိဗိုဇ် နဲ့ အပြန်အလှန် ဆွေးနွေးထား ချက်တွေ ရှိပါတယ်။

ဝစ္ဆအနွယ်ဖြစ်တဲ့ပရိဗိုဇ်က မြတ်စွာဘုရားအား-အသျှင်ဘုရား ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏၊ ငါ သွားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေအမြဲမပြတ်ဥာဏ် အမြင်သည် ရှေးရှုထင်၏ဟု အကြောင်းမဲ့ ဥာဏ်အမြင်ကို ၀န်ခံ၏-လို့ကြားဖူးတဲ့ အကြောင်းကို လျှောက်ထားပြီးတော့  ဒီလိုပြောတာ အမှန်အတိုင်းပြောတာ ဟုတ်-မဟုတ်ကို မေးပါတယ်။ ဒီအခါမှာ ဗုဒ္ဓ က ၀စ္ဆ ရဟန်းဂေါတမသည် အလုံးစုံကို သိ၏၊ အလုံးစုံကိုမြင်၏၊ ငါ သွားနေသည်ဖြစ်စေ၊ ရပ်နေ သည်ဖြစ်စေ၊ အိပ်ပျော်နေသည်ဖြစ်စေ၊ နိုးကြားနေသည်ဖြစ်စေ အမြဲမပြတ်ဥာဏ်အမြင်သည် ရှေးရှု ထင်၏ဟု အကြောင်းမဲ့ ဥာဏ်အမြင်ကို ၀န်ခံ၏-ဟူ၍ ပြောဆိုသောသူတို့သည် ငါ၏ စကားအရ ပြောဆို သူများ မဟုတ်ကုန်၊ ငါ့ကို မဟုတ်မမှန်သောအားဖြင့်လည်း စွပ်စွဲကြကုန်၏ဟု (မိန့်တော်မူ၏)။--လို့   ဖေါ်ပြထားတာ တွေ့ ရပါတယ်။
ဒီနောက် မှာ တော့ ဗုဒ္ဓရှင်တော် ကသူ ရ ရှိထားတာက ၀ိဇ္ဇာသုံးပါး (ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု နဲ့ အာသ၀က္ခယ ဥာဏ်တော်တွေ) ဖြစ်ပြီး သဗ္ဗညုတဥာဏ် မဟုတ်ကြောင်း ကို အခုလို ဆက်ပြီး ဟောကြားပါတယ်။

ဝစ္ဆ-ရဟန်းဂေါတမသည် ၀ိဇ္ဇာသုံးပါးရှိ၏-ဟု ပြောဆိုသောသူသည် အမှန်အားဖြင့် ငါ၏ စကား အရပြောဆိုခြင်း ဖြစ်ရာ၏၊ ငါ့ကို မမှန်သောအားဖြင့်လည်း မစွပ်စွဲရာ၊ အကြောင်းမှန်ကိုလည်းအကြောင်းမှန်အားလျော်စွာ ပြောကြားသည် ဖြစ်ရာ၏၊ ငါ၏ စကားကို လိုက်၍ ပြောဆိုသော သီတင်းသုံးဖော် တစ်စုံတစ်ယောက်သည် သူတစ်ပါးကဲ့ရဲ့အပ်သော အကြောင်းရှိသည်ဖြစ်၍ ကဲ့ရဲ့စရာအကြောင်းလည်း အနည်းငယ်မျှ မရှိရာ။
ဝစ္ဆ ငါသည် အလိုရှိသလောက် များသော အပြားရှိသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကိုအောက်မေ့နိုင်၏။ ဤရှေး၌ နေဖူးသော ခန္ဓာအစဉ်ဟူသည်ကား အဘယ်နည်း၊ တစ်ဘ၀ကိုလည်းကောင်း၊ နှစ်ဘ၀တို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များသော အပြားရှိသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။
ဝစ္ဆ ငါသည် အလိုရှိသလောက် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခု ဥာဏ်ဖြင့် စုတေဆဲသတ္တ၀ါ ပဋိသန္ဓေနေဆဲသတ္တ၀ါ ယုတ်သောသတ္တ၀ါမြတ်သောသတ္တ၀ါ အဆင်းလှသောသတ္တ၀ါ အဆင်းမလှသောသတ္တ၀ါ ကောင်းသော လားရာရှိသောသတ္တ၀ါမကောင်းသော လားရာရှိသောသတ္တ၀ါတို့ကို မြင်၏။ပ။ ကံအားလျော်စွာ ကပ်ရောက်ရသောသတ္တ၀ါတို့ကို အပြားအားဖြင့် သိ၏။
ဝစ္ဆ ငါသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော စိတ်၏ ကိလေသာမှ လွတ်ခြင်း ပညာဖြင့် ကိလေသာမှ လွတ်ခြင်းကို မျက်မှောက်သော ဘ၀၌သာလျှင် ကိုယ်တိုင် ထူးသောဥာဏ်ဖြင့် သိလျက် မျက်မှောက်ပြုကာ ရောက်၍ နေ၏။

ဒီနေရာမှာ ရှင်တော်ဗုဒ္ဓ ပယ်ခဲ့တဲ့ သဗ္ဗညုတဥာဏ်ဆိုတာ က ဂျိန်း (နိဂဏ္ဍတွေ) လက်ခံကြတဲ့ အလိုလိုသိ အမြဲသိနေတဲ့ သဗ္ဗညုတဥာဏ် မျိုး ကို ပယ်ခဲ့တာလို့   ကောက်ယူကြပါတယ်။

ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ် ကို လက်ခံကြောင်း အထောက်အထားများ
ဒါပေမဲ့ လဲ သံယုတ္တနိကာယ်-ကောသလသံယုတ်-ပဌမ၀ဂ်-ဒဟရသုတ် မှာ တော့အခုလိုဖော်ပြထားတာ ကို တွေ့ ရတယ်။တစ်ခါတုန်းက ရှင်တော်ဗုဒ္ဓ ဟာ သာဝတ္ထိပြည် အနာထပိဏ်သူဌေး ရဲ့  အရံဖြစ်သော ဇေတ၀န်ကျောင်းမှာ (သီတင်းသုံး) နေတော်မူပါတယ်။ ဒီအခါမှာ ပသေနဒီ ကောသလမင်းဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ အသျှင်ဂေါတမသည်လည်း အတုမရှိသော သဗ္ဗညုတဥာဏ်ကို ထိုးထွင်း၍ သိ၏ဟူ၍ ၀န်ခံ သလော--လို့   ရှင်တော်ဗုဒ္ဓ ကိုလျှောက်ပါတယ်။  ဒီအခါမှာ ဗုဒ္ဓ က မင်းကြီး သဗ္ဗညုတဥာဏ်ကို ဟူသော စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး မှန်၏၊ ငါသည် အတုမရှိသော သဗ္ဗညုတဥာဏ်ကို ထိုးထွင်း၍ သိ၏   လို့ မိန့်တော်မူ ပါသတဲ့။

ဒီအခါမှာ ပသေနဒီ ကောသလမင်းက ပူရဏကဿပ၊ မက္ခလိ ဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ ဗေလဋ္ဌရဲ့ သား သိဉ္စည်း၊ ပကုဓကစ္စာယန၊ လူတို့၏ ဆံပင်ဖြင့် ရက်သော ကမ္ဗလာကို ဆောင်သော အဇိတ စတဲ့ တိတ္ထိဂိုဏ်းဆရာကြီးတွေ တောင် အတုမရှိသော သဗ္ဗညုတဥာဏ်ကို ထိုးထွင်း၍ သိ၏ဟူ၍ ၀န်ခံကုန်သလော လို့  မေးရင် ၀န်မခံကြပဲ နဲ့  အသျှင်ဂေါတမဟာ ဇာတ်အနွယ်အားဖြင့် ငယ်-ရဟန်းပြုသစ်စလည်း ဖြစ် တာ တောင် သဗ္ဗညုတဥာဏ်ကို ထိုးထွင်း၍ သိ၏ လို့ ဘာကြောင့် ၀န်ခံပါသလဲ-လို့  လျှောက်ပါတယ် ဒီအခါမှာ ဗုဒ္ဓ က ငယ်၏ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန်။ ငယ်၏ ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာလေးပါး (မင်းသား-မြွေ-မီး-ရဟန်း) ရှိတဲ့ အကြောင်း ကို ရှင်းပြပါတယ်။

ထိုနည်းတူစွာပဲ မဇ္ဈိမနိကာယ်-မဇ္ဈိမပဏ္ဏာသပါဠိတော်--ကဏ္ဏကတ္ထလသုတ် မှာ ရှင်တော်ဗုဒ္ဓ က သမဏ ဗြာဟ္မဏတွေမှာ သဗ္ဗညုတဥာဏ်အမြင် ရှိတယ်ဆို တာ မဖြစ်နိုင်ဘူး လို့   သူ မယူဆဘူး ဆိုတာ ကို အခုလို ပြောခဲ့ ပါတယ်။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မြတ်စွာဘုရားအား -အသျှင်ဘုရား -တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သောအကြောင်းမဲ့ဥာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ ၀န်ခံနိုင်သော အကြောင်းမျိုးသည်မရှိနိုင်ဟု ရဟန်းဂေါတမ ဆို၏ ဟူ၍ အကျွန်ုပ်ကြားရပါ၏။
အသျှင်ဘုရား -တရားအလုံးစုံကို သိသောတရားအလုံးစုံကို မြင်သော အကြွင်းမဲ့ဥာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော်လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိနိုင်၊ ဤသို့ (၀န်ခံနိုင်) သော အကြောင်းမျိုးသည် မရှိနိုင်ဟုရဟန်းဂေါတမသည် ဆို၏ဟု ပြောဆိုကြသော သူတို့သည် မြတ်စွာဘုရား၏ စကားအတိုင်း ပြောဆိုကြပါကုန်သလော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော အကြောင်းဖြင့် မစွပ်စွဲဘဲ ရှိကြပါကုန်၏လော၊ အကြောင်းအားလျော်သော အကြောင်းကိုလည်း ပြောကြားကြပါကုန်၏လော၊ တစ်စုံတစ်ခုအကြောင်းအားလျော်သော ရှေးဦးစွာ ပြောဆိုခြင်း အဆင့်ဆင့် ပြောဆိုခြင်းသည် ကဲရဲ့အပ်သော အရာသို့ မရောက်ဘဲ ရှိပါ၏လော--ဟု လျှောက်၏။
မင်းကြီး -တရားအလုံးစုံကို သိသော တရားအလုံးစုံကို မြင်သောအကြောင်းမဲ့ဥာဏ်အမြင်ရှိ၏ဟု ၀န်ခံနိုင်သော သမဏသည်သော် လည်းကောင်း၊ ဗြာဟ္မဏသည်သော်လည်းကောင်း မရှိ၊ ဤသို့ ၀န်ခံနိုင်သော အကြောင်းမျိုးသည် မရှိနိုင်ဟု ရဟန်းဂေါတမ ဆို၏ဟု ပြောဆိုကြသော သူတို့သည် ငါ့စကားအတိုင်း ပြောဆိုကြသည် မဟုတ်ကြကုန်၊ ထိုသူတို့သည် မဟုတ်မမှန်သော အကြောင်းအရာ ဖြင့်လည်း ငါ့ကို စွပ်စွဲကြကုန်၏-ဟု (မိန့်တော်မူ၏)။

ထိုနည်းတူစွာပဲ အင်္ဂုတ္တိုရ်ပါဠိတော်-စတုက္ကနိပါတ်-ကာဠကာရာမသုတ် မှာ တွေ့  ရပြန်တာကတော့ ရှင်တော်ဗုဒ္ဓ ဟာ နှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အရာခပ်သိမ်း ကို အကုန်အစင် ပိုင်းခြားသိကြောင်း ထို အာရုံအလုံးစုံသို့ မြတ်စွာဘုရားသည် (တဏှာ ဒိဋ္ဌိတို့ဖြင့်) ကပ်ရောက်တော်မမူ ကြောင်း တုန်လှုပ်မှု မရှိကြောင်း ကို ဟောကြားခဲ့ ပါတယ်။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါသိ၏။
ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ထူးသောဥာဏ်ဖြင့် သိပြီးပြီ၊ ထို အာရုံအလုံးစုံကို မြတ်စွာဘုရားသည် ထင်စွာသိအပ်ပြီးပြီ၊ ထို အာရုံအလုံးစုံသို့ မြတ်စွာဘုရားသည် (တဏှာ ဒိဋ္ဌိတို့ဖြင့်) ကပ်ရောက်တော်မမူ။
ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါမသိဟု ဆိုငြားအံ့၊ ငါ၏ စကားသည် အမှားဖြစ်ရာ၏။
ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ်သော အရုံတရားတို့၌ (ကောင်းဆိုးနှစ်ခု) ထပ်တူ ရှုတော်မူတတ်သည် ဖြစ်၍သာလျှင် တာဒီ မည်တော်မူ၏၊ ထို မြတ်စွာဘုရားတည်းဟူသော တာဒီ ပုဂ္ဂိုလ်မှ တစ်ပါး အခြား ထို့ထက် သာလွန်သော မြင့်မြတ်သော တာဒီပုဂ္ဂိုလ် မရှိဟု ငါဆို၏ဟု (မိန့်တော်မူ၏)။”

ဒီဟောကြားချက်တွေ ကျပြန်တော့ တေ၀ိဇ္ဇသုတ်မှာ ပယ်ခဲ့ တဲ့ သဗ္ဗညုတဥာဏ် ကို ပြန်လက်ခံ ထားသယောင် တွေ့ ရပြန်တယ်။ ထေရ၀ါဒ အဋ္ဌကထာတွေ ကတော့ ဗုဒ္ဓ လက်ခံခဲ့တဲ့ သဗ္ဗညုတဥာဏ် နဲ့ ဂျိန်းတွေ လက်ခံတဲ့ သဗ္ဗညုတဥာဏ် ဆိုတာ အတူတူပါပဲ။ အလုံးစုံကို အကြွင်းမရှိ သိနိုင်တဲ့ ဥာဏ်မျိုး ပါပဲ။ ဒီသဗ္ဗညုတဥာဏ်ဟာ သိချင်တာကို သိအပ်တာကို အာရုံပြုမှ သိနိုင်တယ် လို့ ထေရ၀ါဒ အဋ္ဌကထာတွေ က အနက်ဖွင့်ပါတယ်။ ဂျိန်းတွေ ကတော့ အာရုံပြုပြု မပြုပြု တစ်ချိန်လုံးထွန်းထားတဲ့ မီးလို ဒီသဗ္ဗညုတဥာဏ်ဟာ သိချင်တာကို သိအပ်တာကို တစ်ပြိုင်နက် သိနေတယ် လို့ ဆိုကြတယ်။ ဒီ အချက်လေးမှာ ပဲ ခြားနားကြတယ်။

သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် (၁)
ထေရ၀ါဒ အဋ္ဌကထာတွေ က အနက်ဖွင်တဲ့ သဗ္ဗညုတဥာဏ်တော် ကို ခဏထား လို့   နိကာယ်စာပေတွေ မှာ တွေ့ ရတဲ့ သဗ္ဗညုတဥာဏ်တော်နဲ့ ပတ်သက်တာတွေ ကို လေ့ လာကြည့် တဲ့ အခါမှာ စောဒက တက်ချင်စရာတွေ သံသယပွား ချင်စရာတွေ ကို ပါဠိစာပေ ပညာရှင်တွေ တွေ့   လာခဲ့ ကြတယ်။ ဒီ စောဒနာချက်တွေကို လေ့  လာ ကြည့်ကြရအောင်။

ပါရာဇိကဏ် ပါဠိတော် မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို တွေ့  ရတယ်။ (သံယုတ္တနိကာယ်-မဟာဝဂ္ဂ-ဝေသာလီသုတ် မှာလဲ ဒီဖြစ်ရပ်ကိုပဲ မှတ်တမ်းတင်ထားတာ တွေ့  ရတယ်) တစ်ခါက ရှင်တော်ဗုဒ္ဓ ဟာ ဝေသာလီမြို့  မဟာဝုန်တော ပြာဿဒ်ဆောင်ပေါက်သော ကျောင်းကြီးမှာ  သီတင်းသုံးနေခိုက်မှာ ရဟန်းတွေကို အသုဘ ကမ္မဋ္ဌာန်း တရား ကို ဟောကြားတော်မူပါသတဲ့။ ဒီလို ရဟန်းတွေကို အသုဘ ကမ္မဋ္ဌာန်းတရား ကို ဟောကြားတော်မူ ပြီးတဲ့ အခါ ရှင်တော်ဗုဒ္ဓ ဟာ လ၀က်ခန့် လောက် တစ်ပါးတည်း ဧကစာကျင့်သုံးဆောက်တည်နေပါတယ်။ ရဟန်းတွေက ခန္ဓာကိုယ် အတ္တဘောရဲ့   စက်ဆုပ်ရွံရှာဘွယ်ရာတွေကို အသုဘ ကမ္မဋ္ဌာန်းတရား အရ ဆင်ခြင်နှလုံးသွင်း ကြတဲ့ အခါ မိမိတို့ရဲ့ ခန္ဓာကိုယ် အတ္တဘော ကို ငြီးငွေ့  ရှက်နိုးစက်ဆုပ် ရွံရှာ လာကြပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ အချင်းချင်းလည်းသတ်ကြသတဲ့။ မိဂလဏ္ဍိက ရဟန်းယောင် တစ်ပါးကိုလဲ အဖိုးအခ ပေးပြီး သူတို့  ကို သတ်ဖြတ် ခိုင်းပါသတဲ့။

ရှင်တော်ဗုဒ္ဓ ပြန် ရောက်လာတဲ့ အခါ ရဟန်းတွေ အရေအတွက်နည်း နေတာကိုတွေ့ တော့  ဘာဖြစ်သလဲလို့  ရှင်အာနန္ဒာ ကို ခေါ်ပြီးမေးတဲ့ အခါ ရှင်အာနန္ဒာ က အကြောင်းစုံကို လျှောက်ထားတင်ပြပါတယ်။ ရှင်အာနန္ဒာ က  ရဟန်းတွေကို အသုဘ ကမ္မဋ္ဌာန်းတရား မှတပါးသော ကမ္မဋ္ဌာန်းတရား ကို ပေးဖို့   ကို တောင်းပန်ခဲ့ပါတယ်။ ဒီအခါမှ ရှင်တော်ဗုဒ္ဓ က ဝေသာလီပြည်မှာ ရှိသမျှ ရဟန်းတွေကို စုဝေးစေပြီးတော့ အာနာပါန ကမ္မဋ္ဌာန်းတရား ကို ဟောကြားခဲ့ ရပါသတဲ့။

ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူတွေကတော့   ရှင်တော်ဗုဒ္ဓဟာ မိမိဟောခဲ့တဲ့ အသုဘ ကမ္မဋ္ဌာန်းတရားကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးတရားတွေကို ကြိုတင်သိမြင်ပုံ မရဘူးလို့  ဆိုကြတယ်။ ရဟန်းတွေ အရေအတွက်နည်းနေရတဲ့ အကြောင်းတရားကိုတောင် မသိလို့   ရှင်အာနန္ဒာ ကို  ခေါ်ပြီးမေးရတာဖြစ်တယ်လို့ ဆင်ခြေတက်ကြပါတယ်။  ရှင်တော်ဗုဒ္ဓဟာ ဒီလို အဖြစ်ဆိုးကြီးဖြစ်လာနိုင်မယ်ဆိုတာကို ကြီုတင်ပြီးသိခဲ့ရင် အစကတည်းက ရဟန်းတွေကို အာနာပါန ကမ္မဋ္ဌာန်းတရား ကို ပဲ ဟောကြားခဲ့ သင့်တယ်လို့ ဝေဖန်ကြပါတယ်။
မဇ္ဈိမနိကာယ်-သန္ဒကသုတ်မှာ ရှင်အာနန္ဒာ ကိုယ်တိုင် ဂျိန်းဘာသာရေးခေါင်းဆောင် နိဂဏ္ဍနာဋပုတ္တ ကို ( လမ်းမသိလို့ မေးရတာ၊ ဆွမ်းမချက်တဲ့ အိမ်ကို ဆွမ်းခံဝင်မိတာ) စတဲ့ အနီးအနာဂတ်ကို မသိတာတွေနဲ့တွေထောက်ပြပြီး နိဂဏ္ဍ နာဋပုတ္တ ရဲ့   သဗ္ဗညုတဥာဏ်ကို လှောင်ပြောင်သရော်ခဲ့ ဖူးတာတွေ ရှိခဲ့တယ်။
ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူတွေက ထပ်ပြီးထောက်ပြကြတာ ကတော့ ဗုဒ္ဓရှင်တော်ဟာ သဗ္ဗညုတဥာဏ်ကို ပိုင်ဆိုင်တယ်ဆိုရင် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ ကို ရှင်အာနန္ဒာ ကို မေးစရာမလိုပဲ မိမိဘာသာ ဆင်ခြင်ပြီးတော့ သိသင့် လှတယ်ပေါ့  ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ထေရ၀ါဒ အဋ္ဌကထာတွေရဲ့  ရှင်းပြချက်ကတော့ သေဆုံးသွားရတဲ့ ရဟန်းတွေဟာ ဟိုးယခင် အတိတ်ဘ၀တွေတုန်းက မုဆိုးတွေဖြစ်ခဲ့ကြတယ်လို့  ဆိုတယ်။ သူတို့ဟာ အကုသိုလ်ကံကြောင့် ငရဲမှာ အဖန်ဖန်ကျက် ပြီးတဲ့ အခါ အတိတ်ကုသိုလ်ကံတရားကြောင့် ရှင်တော်ဗုဒ္ဓ ရဲ့  သာသနာမှာ ရဟန်းတွေ ဖြစ်လာကြပါတယ်။ ရှင်တော်ဗုဒ္ဓက သူတို့ ရဲ့  အတိတ်အကုသိုလ်ကံတရားတွေကြောင့် ဒီလို အဖြစ်ဆိုးတွေ ကြုံကြရတယ်ဆိုတာကို ကြိုသိ နေနှင့်လို့  သူတို့ စွဲလန်းတွယ်တာမှုတွေ လျှော့စေဖို့အတွက် ခန္ဓာကိုယ် အတ္တဘောရဲ့  စက်ဆုပ်ရွံရှာဘွယ်ရာတွေကို အသုဘကမ္မဋ္ဌာန်း တရား အရ ဆင်ခြင်နှလုံးသွင်းနိုင်အောင် ဟောကြားခဲ့ ရတာလို့ ဆိုပါသတဲ့။
ဒီ ဖြေရှင်းချက် ကတော့ သိပ်လက်ခံနိုင်ဖွယ် မရှိ ပါဘူး။ ဘာဖြစ်လို့  လဲဆိုတော့ ရှင်တော်ဗုဒ္ဓ ပယ်တော်မူခဲ့ တဲ့ ပုဗ္ဗေကတ ဟေတုဝါဒ ဒိဋ္ဌိ အမြင်မျိုးဖြစ်နေလို့ပါပဲ။ လက်ရှိ ဘ၀မှာ ရွေးချယ်ဆုံးဖြတ်တဲ့ကိစ္စတွေ (ကိုယ့်ကိုယ်ကို သတ်သေ ခြင်းအပါ အ၀င်) ဟာ အတိတ်ကုသိုလ်အကုသိုလ်ကံတရားတွေကြောင့် ဖြစ်ရတယ်လို့ ပြောနေသလို ဖြစ်လို့ပါပဲ။

သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် (၂)
နောက်ထပ် တွေ့  ရတဲ့ သဗ္ဗညုတဥာဏ်တော် နဲ့ ပတ်သက်နိုင်တဲ့ အဖြစ်အပျက် တစ်ခုကတော့ စာတုမသုတ် မှာ တွေ့  ရပါတယ်။ တစ်ခါက ဗုဒ္ဓရှင်တော်ဟာ စာတုမရွာ ရှစ်ရှားတော မှာ သီတင်းသုံးနေတော်မူ ပါတယ်။  ထိုအချိန်မှာ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အမှူးရှိကုန်သော ငါးရာသော ရဟန်းတို့ ဟာ ဗုဒ္ဓရှင်တော်ကို ဖူးမြင်ရန် စာတုမရွာသို့ ရောက်လာကြ ပါတယ်။  ထိုဧည့်သည်ရဟန်းတို့ဟာ ကျောင်းနေရဟန်းတို့နှင့်အတူ ၀မ်းမြောက်ဝမ်းသာ စကားပြောကြား ကြတဲ့ အခါ ကျောင်းအိပ်ရာနေရာတို့ကို ခင်း ကြတဲ့ အခါ သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်း ကြတဲ့ အခါ ကျယ်သောအသံ ဆူညံသောအသံတို့သည်ဖြစ်စေပါတယ်။

ဒီိအခါ ဗုဒ္ဓရှင်တော်  က - အာနန္ဒာ ငါးစိမ်းသည်များ ငါးရောင်းရာ၌ကဲ့သို့ ဤကျယ်လောင် သောအသံ ဆူညံသော အသံတို့ကား အဘယ်အသံတို့နည်း- လို့  အသျှင်အာနန္ဒာကို မေးပါတယ်။ အသျှင်ဘုရား အသျှင်သာရိပုတြာ နဲ့ အသျှင်မဟာမောဂ္ဂလာန် အမှူးရှိကုန်သော ငါးရာသော ရဟန်းတို့ ဟာ မြတ်စွာဘုရားကို ဖူးမြင်ရန် စာတုမရွာသို့ ရောက်လာကြ တဲ့ အကြောင်း  ထိုဧည့်သည်ရဟန်းတို့ဟာ ကျောင်းနေရဟန်းတို့နှင့်အတူ ၀မ်းမြောက်ဝမ်းသာ စကားပြောကြား ကြတဲ့ အခါ ကျောင်းအိပ်ရာနေရာတို့ကို ခင်း ကြတဲ့ အခါ သပိတ်သင်္ကန်းတို့ကို သိုမှီးသိမ်းဆည်း ကြတဲ့ အခါ ကျယ်သောအသံ ဆူညံသောအသံတွေ ဖြစ်စေတဲ့ အကြောင်းတွေ ကိုလျှောက် ထားပါတယ်။
အဲဒီအခါမှာ ဗုဒ္ဓရှင်တော် က ဒီ ရဟန်းတွေ အားလုံး ကို သူ့  ထံ ခေါ်လာဖို့   ရှင်အာနန္ဒာ ကို ခိုင်းတယ်။ ရဟန်းတွေ ရောက်လာတဲ့ အခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် တို့  ကို ဘာကြောင့် ဆူညံနေရတာလဲ လို့ မေးပြီးတော့ အကြောင်းစုံကို သိရတဲ့ အခါ မှာ--ရဟန်းတို့ သွားကြကုန်၊ သင်တို့ကို နှင်ထုတ်၏၊ သင်တို့သည် ငါ၏ အထံ၌ မနေသင့် လို့ဆိုပြီး အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အမှူးရှိကုန်သော ငါးရာသော ရဟန်းတွေ ကို နှင်ထုတ်ပါသတဲ့။ ရဟန်းတွေလဲ  မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပြီးလျှင် ကျောင်းအိပ်ရာနေရာကို သိုမှီးဆိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်း ကို ယူကာ ထွက်လာခဲ့ကြပါတယ်။

ဒီအခါမှာ စာတုမရွာမှာ နေကြတဲ့ သာကီဝင်မင်းတွေ ဟာ အဝေးမှ ကြွလာကြတဲ့ ရဟန်းတော်တွေကို မြင်ကြတဲ့ အခါ အသျှင်ဘုရားတို့ ယခု အဘယ်အရပ်သို့ ကြွတော်မူကုန်အံ့နည်း လို့ ရဟန်းတို့ကို မေးလျှောက်ကြပါတယ်။ ရဟန်းတွေ ကလဲ ငါ့သျှင်ဒါယကာတို့ မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူ၏ လို့ ဖြေတဲ့ အခါ သာကီဝင်မင်းတွေ က  အသျှင်ဘုရားတို့ ထိုသို့ဖြစ်ပါမူ တစ်ခဏမျှ ဆိုင်းငံ့နေတော်မူကြပါကုန်ဦးလော့၊ တပည့်တော်တို့ သည် မြတ်စွာဘုရားကို ကျေနပ်စေခြင်းငှါ စွမ်းနိုင်ကောင်း စွမ်းနိုင်ကြပါလိမ့်မည် လို့ လျှောက်ကြပါတယ်။ ဒီလိုနဲ့ပဲ စာတုမရွာသား သာကီဝင်မင်း တို့ဟာ ဗုဒ္ဓရှင်တော်  ထံ သွားရောက်ကြပြီး ရဟန်းတွေ ကို သနား သည်းခံ ခွင်လွှတ်ပေးဖို့ အကြောင်း  ရဟန်းတွေထဲ မှာ မကြာခင်ကမှ သာသနာတော်သို့ ရောက်လာကြတဲ့ ရဟန်းသစ်တွေ ရှိတဲ့ အကြောင်း ထို ရဟန်းသစ်တွေဟာ မြတ်စွာဘုရားကို မဖူးမြင်ကြရကုန်သည်ရှိသော်နုနယ်သောမျိုးသစ်ပင်တို့သည် ရေကို မရကုန်သည်ရှိသော် ပြောင်းလွဲခြင်း ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့ နုနယ်သော နို့စို့နွားငယ်သည်အမိကို မမြင်ရ သည်ရှိသော် စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ်ရာသကဲ့သို့ စိတ်ပြောင်းလွဲခြင်း စိတ်ဖောက်ပြန်ခြင်း ဖြစ် နိုင်တဲ့ အကြောင်း တွေ ကို ရှင်းပြ လျှောက်ထားကြပါသတဲ့။ ထုံးစံအတိုင်း သဟမ္ပတိဗြဟ္မာ ကလဲ စာတုမရွာသား သာကီဝင်မင်း တို့နည်းတူ ရဟန်းသစ်တွေ ကို ခွင့်လွှတ သည်းခံ ပေးဖို့ လျှောက်ထားပါတယ်။

ဒီလိုနဲ့ပဲ အသျှင်သာရိပုတြာ နဲ့ အသျှင်မဟာမောဂ္ဂလာန် အမှူးရှိကုန်သော ငါးရာသော ရဟန်းတို့ ဟာ ဗုဒ္ဓရှင်တော်ရဲ့  ရှေ့ မှောက် ပြန်ရောက်လာကြပြီးတော့ သင့်လျော်ရာမှာ ထိုင်နေကြပါတယ်။ ဗုဒ္ဓရှင်တော် က အသျှင်သာရိပုတြာကို ရဟန်းအပေါင်းကို နှင်ထုတ်စဉ်က အဘယ်သို့သော စိတ်အကြံဖြစ်လေသနည်း လို့ မေးပါတယ်။
အသျှင်သာရိပုတြာ က -မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါမြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေခြင်းကိုအားထုတ်တော် မူလျက် နေတော်မူလတ္တံ့၊ ယခုအခါ ငါတို့သည်လည်း ကြောင့်ကြမဲ့ မျက်မှောက်သောကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေထိုင်မှုကို အားထုတ်ကုန်လျက် နေကြကုန် တော့အံ့ လို့   အကြံဖြစ်ကြောင်း ဖြေတဲ့ အခါ သာရိပုတြာ သင်ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း ကို သင်ဆိုင်းငံ့ဦးလော့ ရယ်လို့ ဗုဒ္ဓရှင်တော် က တားပါတယ်။

ထို့အတူပဲ ဗုဒ္ဓရှင်တော် က အသျှင်မဟာမောဂ္ဂလာန် ကို ရဟန်းအပေါင်းကို နှင်ထုတ်စဉ်က အဘယ်သို့သော စိတ်အကြံဖြစ် လေသနည်း လို့ အလားတူ မေးတဲ့ အခါ အသျှင်မဟာမောဂ္ဂလာန် က မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ် တော်မူပြီ၊ ယခုအခါမြတ်စွာဘုရားသည် ကြောင့်ကြမဲ့ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေတော်မူခြင်း ကိုအားထုတ်လျက် နေတော်မူ လတ္တံ့၊ ယခုအခါ ငါသည်လည်းကောင်း၊ အသျှင်သာရိပုတြာ သည်လည်းကောင်း ရဟန်းအပေါင်းကို ဆောင် ကြကုန်တော့အံ့ လို့ အကြံဖြစ်ပါ၏လို့ ပြန်ဖြေတော့  ဗုဒ္ဓရှင်တော် က မောဂ္ဂလာန် ကောင်းပေစွ ကောင်းပေစွ၊ လို့ အသျှင်မဟာမောဂ္ဂလာန် ကို ချီးကျူးပြီး တော့ မောဂ္ဂလာန် ငါသည် လည်းကောင်း၊ သာရိပုတြာ မောဂ္ဂလာန်တို့သည်လည်ကောင်း ရဟန်းအပေါင်းကို ဆောင်ကြကုန်အံ့ လို့ မိန့်ကြားပါတယ်။ အဲဒီနောက်မှာ တော့ ဗုဒ္ဓရှင်တော်က ရဟန်းတွေကို ရေသို့ သက်ဆင်း သောသူတွေ တွေ့ကြုံရတဲ့ လေးပါးသော လှိုင်းတံပိုးဘေး၊ မိကျောင်းဘေး၊ ၀ဲဘေး၊ ငါးမန်းဘေး တွေ လိုပဲ သာသနာတော် မှာ ရဟန်းတို့ မပျော်မွေ့စေနိုင်တဲ့ ဘေးကြီး လေးပါး ကို ဟောကြားတော် မူပါသတဲ့။

ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူတွေက ဒီဖြစ်ရပ်မှာ အချက် နှစ်ချက်ကို ထောက်ပြ စောဒနာ ကြပါတယ်။
(၁) ဗုဒ္ဓရှင်တော် ဟာ ဆူညံသံတွေ ကို ကြားတယ်။ ဒါပေမဲ့ ဘယ်သူတွေမှန်းမသိဘူး။ သူ့ အတော်ဆုံး သာဝကနှစ်ပါး ရောက်လာတယ် ဆိုတာ လဲ မသိဘူး။ ဒါကြောင့် ရှင် အာနန္ဒာ ကို ဘယ်သူတွေလဲ လို့   သွားကြည့်ခိုင်းရတယ်။
(၂) ဗုဒ္ဓရှင်တော် ဟာ ရဟန်းတွေ ကို နှင်ထုတ် လိုက်ရာမှာ သာသနာထဲကို ရောက်ကာစ ရဟန်းသစ်တွေ ပါနေတယ် ဆိုတာကို သိပုံမရဘူး။ စာတုမရွာသား သာကီဝင်မင်းတို့က လာပြီးတော့ ဖျောင်းဖျ အကြံပေးတော့ မှသာ သာသနာထဲကို ရောက်ကာစ ရဟန်းသစ်တွေ ပါနေတယ် ဆိုတာကို သိပြီးတော့ မှ ပြန်လက်ခံလိုက်တယ်။သဗ္ဗညုတဥာဏ်တော်ရှင် အနေနဲ့ မလွဲချော်ကောင်းတာကို လွဲချော် မိနေသလိုဖြစ်တယ်။

သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် (၃)

နောက်ထပ် ပြီးတော့ သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် ကတော့ ယောက်ဖတော် ဒေ၀ဒတ် ကို ရဟန်းပြုခွင့်ပေး ခဲ့တာနဲ့ သက်ဆိုင်နေပါတယ်။  

အဋ္ဌကထာစာပေတွေအလိုအရ ဒေ၀ဒတ်က ဘုရားရှင်ကို မုန်းရတဲ့ ပထမဆုံးရန်ညှိုးကတော့ ကမ္ဘာ တစ်သိန်း ကာလ ရွဲကုန်သည်ဘ၀က စတယ် လို့ ဆိုပါတယ် ။ သူကအချောင်လိုချင်လို့ ပဲဝက်တောင်မတန်ဘူး လို့ ပြောထားခဲ့တဲ့ ရွှေခွက်ကို ဘုရားလောင်းကုန်သည် ကအမှန်အတိုင်း ပြောပြီး ၀ယ်သွားရာကနေ ဒေ၀ဒတ်လောင်းဟာ လောဘ နဲ့ ဒေါသ မီးတွေ လောင်ပြီး လှေဆိပ်မှာ ရင်ကွဲနာကျ သေခဲ့ရတယ် ။ မသေခင်နောက်ဆုံး သူ့ အမုန်းတွေဟာ ဘ၀တွေ ပြောင်းသွားပေမယ့် ဘုရားလောင်းပေါ်မှာ အမြဲ ရှိနေတယ် လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း ဘုရားလောင်းကို သူသတ်ခဲ့တာတွေ မျောက်မင်း ဘ၀ (၂) ခု ၊ ဆဒ္ဒါန်ဆင်မင်း ၊ စူဠဓမ္မပါလ ဇာတ် စသည် ဖြင့် ဖေါ်ပြထားတာ အများကြီးပါပဲ ။

နောက်ဆုံးဘ၀မှာတော့ ကောလိယ တိုင်း ၊ ဒေ၀ဒဟပြည် ၊ သုဗ္ဗဗုဒ္ဓ မင်းကြီး ရဲ့  သားငယ်အဖြစ်မွေးဖွားလာတယ် ။ နာမည်ကဒေ၀ဒတ္တ - နတ်ပေးသော မင်းသား လို့ အဓိပ္ပါယ် ရှိတယ်။ ယသော်ဓရာ ရဲ့  မောင် ပေါ့ ။ ဘုရားလောင်း သိဒ္ဓတ္တ နဲ့ကတော့ နှစ်ဖက်တော် ညီအကို တစ်ဝမ်းကွဲပါပဲ။ ဘုရားဖြစ်ပြီး (၁) နှစ်အကြာမာလတိုင်း ၊ အနုသီယ တောအုပ် မှာ ဘုရားရှင်နောက်လိုက်လာပြီး ရဟန်းဝတ်ကြတာ သာကီဝင် မင်းသား (၆)ယောက် ဘဒ္ဒိယ၊ အနုရုဒ္ဓါ ၊ အာနန္ဒာ ၊ ဗကု ၊ကိမိလ ၊ ဒေ၀ဒတ္တ တို့် ဖြစ်ကြတယ်။ သူတို့နဲ့ အတူ ဆတ္တာသည် ဥပါလိတော့ ပါသေးတာပေါ့ ။ ဘဒ္ဒိယ၊ အနုရုဒ္ဓါ ၊ ဗကု ၊ကိမိလ (၄) ပါး ရဟန္တာ ဖြစ်တယ်။ အာနန္ဒာ က သောတာပန်မှာ ပဲ တင်နေတယ် ။ ဒေ၀ဒတ္တကတော့ ဣဒ္ဓိဝိဓ အဘိဥာဉ် တစ်မျိုးပဲ ရတယ်။ ဘာတရားထူးမှ မရဘူး။

ဒီလိုနဲ့ ပါတိမောက်ပြပြီး သာသနာတရားဝင်ထူထောင်တော့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန် တို့ ကို အဂ္ဂသာဝက တွေ အရာ အပ်နှင်းတော့ မင်းမျိုးကို မခန့်ဘဲ ၊ ပုဏ္ဏားမျိုးကို ခန့်ရမလားရယ်လို့ မနာလိုတွေဖြစ်ပြီး ၊ သံဃာထုကို သူ့ ဆီအပ်ထားပြီး အေးအေးဆေးဆေးနေဖို့ ဘုရားရှင်ကို လျှောက်တယ်။ မြတ်စွာဘုရား က ဇေတ၀န် ကျောင်းတော်မှာ နေတော်မူသောအခါ ဒေ၀ဒတ်က အဇာတသတ်မင်းနဲ့ ပူးပေါင်းပြီးတော့ ဘုရားရှင်ကိုသတ်ရန် လေးသမားတို့ကို စေလွှတ်ခြင်း၊ ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးကြီးကို လှိမ့်ချခြင်း၊ နာဠာဂိရိဆင်ကို လွှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒါတွေ တခုမျှ မအောင်မြင် တဲ့အခါမှာ  သံဃာငယ်များကို ဟောပြောသွေးဆောင်လို့ သံဃာဂိုဏ်းခွဲ တယ်လို့ ဆိုပါတယ်။ဘုရားရှင်က လက်မခံတော့ အချက်(၅)ချက်တောင်းတယ်။ သံဃာတွေ စည်းစိမ်ရစ်နေကြပြီ ၊ ခြိုးခြံပြီး မကျင့်တတ်ကြတော့ဘူးတဲ့ ဒီတော့ ဒီအချက် (၅)ချက် သာသနာမှာ ပြဋ္ဌာန်းပေးပါ လို့ တောင်းတယ်။

(၁) မြို့ကျောင်းတွေမှာ မနေရဘူး။ တောမှာ ပဲ နေရမယ်။
(၂) သစ်ပင်ရိပ်မှာနေရမယ်။
(၃) သဉ္ဇ၀ရိတ်ဆောင်ရမယ်။
(၄) သတ်သတ်လွတ်စားရမယ်။
(၅) ပံသကူ သင်္ဃန်းပဲ ဆောင်ရမယ် ။

ဒါတွေကို ဘုရားက လက်မခံတော့မှ သူက သံဃာကို ဂိုဏ်းခွဲလိုက်တယ်။.ဒီမှာ သံဃဘေဒကကံ ဖြစ်လာတာပေါ့ ။ သူ့နောက် ကို ရဟန်းတွေ (၅၀၀)လောက်လိုက်သွားတာကို အရှင် သာရိပုတ္တရာ နဲ့ အရှင် မဟာမောဂ္ဂလာန်က လိုက်သွားပြီး ပြန်ခေါ်လာတယ်။ အဲဒီမှာ သူက ပြောသေးတာပေါ့ ။ ငါ့ဝါဒကို ကြိုက်လို့ အရှင် သာရိပုတ္တ နဲ့ အရှင် မဟာမောဂ္ဂလာန်တောင် လိုက်လာကြပြီ ဆိုပြီးတော့ သူက ပျော်နေတာ။ ဂဇာသီယ မှာ သူက ဘုရားလို လုပ်နေတယ်လို့ ဆိုပါတယ်။

ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလန်တို့ က လိုက်သွားပြီးတော့ ပြန်ပြီး ဟောပြောဆုံးမတာကြောင့် များစွာသောသံဃာတို့ ပြန်ရောက်လာ ကြပါတယ်။ တနေ့တော့ ဒေ၀ဒတ် မှာ ရောဂါကပ်ရောက်ပြီး မကျန်းမမာ ဖြစ်လာကာ ကိုးလပတ်လုံး ပြင်းထန်သော ဆင်းရဲဒုက္ခ ခံစားနေရပါတယ်၊ သေခါနီးကာလမှာ နောင်တရပြီး ဘုရားရှင်ကို ဖူးမြော်ရန် ထမ်းစင်စီး လာခဲ့တော့ ဇေတ၀န်ကျောင်းတော်အနီးသို့ ရောက်တဲ့အခါ ရေကန်ငယ်တခုတွင် ရေသန့်စင်ရန်အတွက် ထမ်းစင်ပေါ်မှ ဆင်းပါတယ်၊ မြေပေါ်သို့ ခြေချလျှင်ပင် မြေမျိုခြင်း ခံရလေပါသတဲ့။
ဒီ ကိစ္စ နဲ့ ပတ်သက်လို့ မိလိန္ဒပဥှာထဲမှာ မိလိန္ဒမင်းကြီး အမေးကို ရှင်နာဂသိန်က ပြန် ဖြေထားတာတွေ့  ရတယ်။ မိလိန္ဒမင်းကြီး မေးတာ ကတော့ ယောက်ဖတော် ဒေ၀ဒတ် ဟာ သံဃာကို သင်းခွဲမယ် ဆိုတာ ကို ရှင်တော်ဗုဒ္ဓ က ကြိုသိခဲ့ ရင် ဘာဖြစ်လို့ ရဟန်းပြုခွင့် ပေးခဲ့တာလဲ လို့ ဖြစ်ပါတယ်။ ရှင်နာဂသိန်က ဒေ၀ဒတ် ဟာ သံဃာကို သင်းခွဲမယ် ဆိုတာ ကို ရှင်တော်ဗုဒ္ဓ က ကြိုသိခဲ့ ပါတယ် လို့ ပြန်ဖြေပါတယ်။ ဒီတော့ မိလိန္ဒမင်းကြီး က ဒါဆိုရင် ရှင်တော်ဗုဒ္ဓဟာ မဟာကရုဏာ တော်ရှင်ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒေ၀ဒတ် ကို ရဟန်းပြုခွင့်ပေးခဲ့တာ ကြောင့် ဒေ၀ဒတ် အပါအ၀င် လူသူအများ ဒုက္ခ ရောက်ကြရလို့ပဲ လို့ မိလိန္ဒမင်းကြီး က ထပ်ပြီး စောဒနာပြန်ပါတယ်။ ရှင်နာဂသိန်က ဘယ်လို ပြန် ဖြေရှင်းချက် ထုတ်သလဲဆို တော့ ဒေ၀ဒတ် ဟာ သံဃာကို သင်းခွဲမယ် ဆိုတာ ကို ရှင်တော်ဗုဒ္ဓ က ကြိုသိခဲ့ ပါတယ် ရှင်တော်ဗုဒ္ဓ က မဟာကရုဏာတော် နဲ့ ဒီလို ဖြစ်လာမယ်ဆိုတာ သိလျှက်နဲ့ ခွင့်ပြုခဲ့တာပဲဖြစ်တယ်- ရှင်တော်ဗုဒ္ဓ က ဒေ၀ဒတ် ရဲ့   ကံ ၀ိပါက် အကြွေးတွေ ကို မြင်တော်မူ လို့ ဒေ၀ဒတ် သက်သာရာ သက်သာကြောင့်း  ရဟန်းပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ် လို့ ဆိုတယ်။ ဒေ၀ဒတ် ဟာ ရဟန်းပြုခွင့် ရခဲ့တဲ့ အတွက် နောက်ဆုံး မှာ ဘုရားရှင် ကို ကြည်ညို သွား ပြီး တော့ (သူ့  အပြစ်တွေ အတွက် သူခံ ရပြီးတဲ့ အခါ) အမြန်ဆုံး လွတ်မြောက်ခွင့် ကို ရှင်ပစ္စေကဗုဒ္ဓါတစ်ဆူ အနေ နဲ့ နောက်ဆုံး ရရှိသွားနိုင် လိမ့်မယ်လို့ ရှင်နာဂသိန်က ဖြေခဲ့ ပါတယ်။

ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူတွေ အတွက်တော့ ရှင်နာဂသိန် ရဲ့   အဖြေဟာ ကျေနပ်စရာ မရှိ ပါဘူး။ တကယ်တော့ ဒေ၀ဒတ် ကို ရဟန်းပြုခွင့်ပေးခဲ့တာ ကြောင့် ဆိုးဝါးတဲ့ အဖြစ်တွေ အများကြီးကြုံခဲ့ ရတယ် ဆိုတာ မငြင်းနိုင်ပါ။ ဒေ၀ဒတ် က အာဏာရူးပြီးတော့ အဇာတသတ် မင်းသား ကို အဖသတ်သား ဖြစ်စေခဲ့ တယ်။ သံဃာကို သင်းခွဲ ခဲ့ တယ်။ ဗုဒ္ဓရှင်တော် ကို လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစာခဲ့တယ်။ ဗုဒ္ဓရှင်တော် ကို သွေးစိမ်းတည် စေခဲ့တယ်။ ဒီ အပြစ်တွေ ဟာ သာသနာမှာ အကြီးမား အဆိုးဝါးဆုံး အနန္တရိယ ကံကြီးတွေ ပါ။ ဒေ၀ဒတ် ကို ရဟန်းပြုခွင့် မပေးခဲ့ ရင် ဒေ၀ဒတ် ဟာ ဒီ လို ဂရုကံကြီးတွေ ကို ကျူးလွန် ဖြစ်လိမ့်မယ် လို့ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။ ဒေ၀ဒတ် ကို ရဟန်းပြုခွင့်ပေးခဲ့တာ ကြောင့် သာ အဆိုးဝါးဆုံး အနန္တရိယ ကံကြီးတွေ ကို သူကျူးလွန်မိခဲ့တာ ဖြစ်နိုင်ပါတယ်။

ရှင်နာဂသိန် ရဲ့   ဖြေရှင်းချက်မှာ အခက်အခဲ တွေ ရှိနေပါတယ်။ အနန္တရိယ ကံကြီးတွေ ကို ကျူးလွန်မိခဲ့တဲ့ အတွက်ကြောင့် ဒေ၀ဒတ် ဟာ မြေမျို သေဆုံးပြီးတော့ မဟာ အ၀ီစိ ငရဲကြီးမှာ ဒီ ကမ္ဘာ အဆုံးထိ အောင်ခံစား ရပြီး နောက် ကမ္ဘာ တစ်သိန်း ကာလမှာ အဋ္ဌိဿရ ဘွဲ့တော်ရှိတဲ့ ရှင်ပစ္စေကဗုဒ္ဓါတစ်ဆူ အနေ နဲ့ နောက်ဆုံး ကျွတ်တမ်းဝင် ရမယ် ဆိုတဲ့ အဖြေ ကရော ယုတ္တိ တန် ရဲ့  လား တွေးကြည့် စရာ ကောင်းလှပါတယ်။ ဒေ၀ဒတ် က ဘုရား ကို စော်ကားနှောက်ယှက်ခဲ့ တာ ဒီဘ၀မှာ တင် မဟုတ်ပဲ ဟိုအရင် ကမ္ဘာ တစ်သိန်း ကာလ (ရွဲကုန်သည် ဘ၀ တည်းက) တင်ခဲ့တဲ့ ရန် ကြွေး ကြောင့် ဘ၀တိုင်း လိုက်လံ တိုက်ခိုက် နှောင့်ယှက်ခဲ့တဲ့ အကြောင်း ဒေ၀ဒတ် အလောင်း ဟာ အလွန် ဆိုးသွမ်းယုတ်မာတဲ့ သူ ဖြစ်တဲ့ အကြောင်း ဇာတ် နိပါတ်တော် များစွာမှာ ပုံ ဖေါ် ရေးသားခဲ့ တာ တွေ ရှိတယ်။ ထေရ၀ါဒ အဋ္ဌကထာ တွေ အရ ရှင်ပစ္စေကဗုဒ္ဓါ တစ်ဆူ ဖြစ်ဖို့ နှစ်အသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း ကာလ တိုင် အောင် ပါရမီ တွေ ဖြည့် ခဲ့ ရတယ် လို့ လဲ ဆို ပြန်တယ်။ ဒီ တော့ ဒီလိုဗျာဒိတ်ရ ရှင်ပစ္စေကဗုဒ္ဓါ အလောင်း အလျာ ဒေ၀ဒတ် ဟာ ဒီ လောက် ဆိုးသွမ်းယုတ်မာတဲ့ သူ ဖြစ်တယ် ဆို တာ ကလဲ လုံးဝ ယုတ္တိ မတန် သလို ဖြစ် နေပါတယ်။ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင် သူတွေ က တော့ ဗုဒ္ဓရှင်တော် ဟာ ဒေ၀ဒတ် ကို စေတနာ ကောင်းနဲ့ ရဟန်းပြုခွင့် ပေးခဲ့ ပေမဲ့ ဒီလို ဖြစ်ရပ် တွေ ဖြစ်လာ မှာ ကို ကြိုတင် မသိခဲ့ တာက ပို ပြီးဖြစ်နိုင်တယ် လို့ ကောက်ချက်ချ ကြပါတယ်။


သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် (၄)

သဗ္ဗညုတဥာဏ်တော်အပေါ်  စောဒကတက်နိုင်တဲ့ ဖြစ်ရပ်တစ်ခုကို ခုဒ္ဒကနိကာယ်-ဥဒါန်းပါဠိတော် -ဇစ္စန္ဓ၀ဂ်-သတ္တဇဋိလသုတ် မှာ အခုလိုတွေ့  ရ ပြန်ပါတယ်။ တစ်ခါက ဗုဒ္ဓရှင်တော် ဟာ သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ၀ိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဗုဒ္ဓရှင်တော် ဟာ ညနေချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူပြီးတော့  ပြာသာဒ်တံခါးမုခ်ပြင်ပမှာ နေတော်မူပါတယ်။ ထိုအခါ ပသေနဒီကောသလမင်းဟာ ဗုဒ္ဓရှင်တော်ထံသို့ ချဉ်းကပ်ပြီးလျှင်   ဗုဒ္ဓရှင်တော်ကို ရှိခိုးပြီး အနီးမှာထိုင်နေခဲ့တယ်။ ထိုအချိန်မှာ ဆံကျစ်ရသေ့ခုနစ်ယောက်-နိဂဏ္ဌတိတ္ထိ ခုနစ်ယောက်-အ၀တ်မ၀တ်သော အစေလကခုနစ်ယောက်-အ၀တ်တစ်ထည်သာဝတ်သော တိတ္ထိခုနစ်ယောက်- ပရိဗိုဇ် ခုနစ်ယောက်တို့ဟာ မနီးမဝေးမှ ဖြတ်သန်းသွားကြပါတယ်။ပသေနဒီကောသလ မင်းသည် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ လက်ျာပုဆစ်ဒူးဝန်းကို မြေ၌ ထောက်လျက် ၄င်းတို့ထံသို့ လက်အုပ်ချီလျက် -အသျှင်ဘုရားတို့ တပည့်တော်သည် ပသေနဒီကောသလမင်းပါတည်း။ ဟု သုံးကြိမ်တိုင်တိုင် အမည်ကို ပြောကြားပါသတဲ့။ ဒီပုဂ္ဂိုလ်တွေ လွန်သွားတော့ ပသေနဒီကောသလမင်းဟာ ဗုဒ္ဓရှင်တော်ထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် -အသျှင်ဘုရား လောက၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့ဟူ၍သော်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သော ပုဂ္ဂိုလ်တို့ဟူ၍ သော်လည်း ကောင်းရှိကြသည့် ပုဂ္ဂိုလ်တို့တွင် ထိုပုဂ္ဂိုလ်တို့သည် တစ်ပါးအပါအ၀င်ပါတည်း လို့ မေးပါတယ်။

မင်းကြီး ကာမစည်းစိမ်ခံစားသူ သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်ရာ၌ နေထိုင်ကာကာသိတိုင်းဖြစ် စန္ဒကူးကို မပြတ်ခံစားလျက် ပန်းနံ့သာ နံ့သာပျောင်းကို ဆောင်သူ ရွှေငွေကိုသာယာသည့် လူဖြစ်သော သင်မင်းကြီးသည် ဤသူတို့ကား ရဟန္တာပုဂ္ဂိုလ်တို့တည်း။ ဤသူတို့ကားအရဟတ္တ မဂ်သို့ ရောက်သူတို့တည်း ဟု သိနိုင်ခဲ၏။

မင်းကြီး အတူတကွ နေထိုင်ခြင်းဖြင့်သာ သီလကို သိနိုင်၏။ ယင်းသီလကိုလည်း ရှည်ကြာစွာအတူတကွ နေထိုင်ခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ နေထိုင်ခြင်းဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင်သူမှသာသိနိုင်၏။ မစဉ်းစားသူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။ မင်းကြီး အတူတကွ စကားပြောခြင်းဖြင့်သာ စင်ကြယ်သည်၏ အဖြစ်ကို သိနိုင်၏။ ယင်းကိုလည်းရှည်ကြာစွာ ပြောဆိုဖူးမှသာ သိနိုင်၏။ တစ်ခဏမျှ ပြောဆိုကာမျှဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင်သူမှသာ သိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။ မင်းကြီး ဘေးရန်တွေ့ကြုံသောအခါတို့ဥာဏ်အားစွမ်းကို သိနိုင်၏။ ယင်းကိုလည်း အခါ များစွာဘေးရန်တွေ့ကြုံမှသာ သိနိုင်၏။ တစ်ရံတစ်ခါ တွေ့ကြုံကာမျှဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင်သူမှသာသိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်။ မင်းကြီး အတူတကွ တရားစကား ဆွေးနွေးခြင်းဖြင့်သာ ပညာကို သိနိုင်၏။ ယင်းကိုလည်း ကာလရှည်စွာ ဆွေးနွေးခြင်းဖြင့်သာ သိနိုင်၏။ တစ်ခဏမျှ ဆွေးနွေးခြင်းဖြင့် မသိနိုင်၊ စဉ်းစားဆင်ခြင် သူမှသာသိနိုင်၏။ မစဉ်းစားမဆင်ခြင်သူသည် မသိနိုင်၊ ပညာရှိသူမှသာ သိနိုင်၏။ ပညာမဲ့သူသည် မသိနိုင်  

လို့  ဗုဒ္ဓရှင်တော် က ဖြေကြားပါတယ်။

ဒီအခါမှာ ကောသလမင်းကြီးက ဗုဒ္ဓရှင်တော် ရဲ့  အဖြေကို ချီးကျူးပြောဆိုပြီးတော့ ဒီ ပုဂ္ဂိုလ် (၃၅) ဦးဟာ တရားရှာမှီးတဲ့ ရသေ့ရဟန်းတွေ မဟုတ် ပဲ သူ စေလွှတ်ထားတဲ့ သူလျှိုယောက်ျား တွေ ဖြစ်တဲ့ အကြောင်းကို အခုလို ဖွင့်ပြောပါတယ်။

အသျှင်ဘုရား ဤသူတို့သည် တပည့်တော်၏ သူလျှိုယောက်ျားတို့ပါတည်း။ ဇနပုဒ်ကို စုံစမ်းထောက်လှမ်းကုန်၍ သွားကြပါကုန်၏။ ထိုသူတို့ ရှေးဦးစွာ စုံစမ်းထောက်လှမ်းပြီးသည်ကို တပည့်တော်ကနောက်မှ ပြုလုပ်ဆောင်ရွက်ရပါ၏။ အသျှင်ဘုရား ယခုပင် ထိုသူတို့သည် ထိုမြူအညစ်အကြေးကို ဆေးလျော်ကုန်လျက် ကောင်းစွာ ရေချိုးကုန် ကောင်းစွာ လိမ်းကျံကုန်၍ ဆံမုတ်ဆိတ်ပြုပြင်ကာ အ၀တ်ဖြူကို ၀တ်ကုန်၍ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားကြပေလိမ့်မည်

ထိုအခါ မှာ မြတ်စွာဘုရားဟာ ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ရဟန်းသည် မကောင်းမှု အလုံးစုံတို့၌ လုံ့လမပြုရာ၊ (ရဟန်းအသွင်အပြင်ဖြင့်) သူတစ်ပါး၏အခစားယောက်ျား မဖြစ်ရာ၊ သူတစ်ပါးကိုမှီ၍ အသက်မမွေးရာ၊ တရားဟောခြင်းဖြင့် (လာဘ်ပူဇော်သကာ) ကုန်သွယ်ခြင်းတို့ကို မပြုကျင့် ရာ လို့ ဥဒါန်းကို ကျူးရင့်တော်မူပါသတဲ့။

ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူတွေက ဒီဖြစ်ရပ်မှာ ဗုဒ္ဓရှင်တော် ဟာ ကောသလမင်းကြီးရဲ့   သူလျှိုတွေ ဖြစ်တယ် ဆိုတာကို ကောသလမင်းကြီးက ထုတ်ဖေါ်ပြောပြမှ ပဲ သိသွာပြီးတော့ ဥဒါန်းကို ကျူးရင့်တော် မူတာဖြစ်တဲ့ အကြောင်းနဲ့ မပြောသေးခင်မှာ သိပုံမရတဲ့ အကြောင်း ကို စောဒနာကြပါတယ်။

သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် (၅)

သဗ္ဗညုတဥာဏ်တော် နဲ့ ပတ်သက်လို့ စောဒနာချင်တဲ့ ပါဠိစာပေ သုတေသီတွေ နောက်ထပ် ထောက်ပြကြတာက ၀ဇ္ဇီတိုင်း ကို အဇာတသတ်မင်း က ကျုးကျော်တိုက်ခိုက် ဖျက်စီးနိုင်ခဲ့တဲ့ သမိုင်းဖြစ်ရပ်ပါပဲ။ ရှေးခေတ်အိန္ဒိယ မှာ“မဂဓတိုင်း” ကို “အဇာတသတ်မဟာရာဇာ” အုပ်ချုပ်မင်းပြုပြီး၊ “၀ဇ္ဇီတိုင်း”ကို “၀ဇ္ဇီမင်း”ကပင် အုပ်ချုပ်နေခဲ့ပါတယ်။ ရှေးခေတ်အိန္ဒိယ မြေပုံအရ မဂဓတိုင်းနဲ့ ၀ဇ္ဇီတိုင်းတို့ဟာ အိမ်နီးခြင်းနိုင်ငံနှစ်ခု ဖြစ်ကြပါတယ်။ “တိုင်း”လို့ ခေါ်ပေမဲ့ ကိုယ်ပိုင်မင်းများဖြင့် “ဂဏစနစ်”ကို တည်ထောင်ပြီး အုပ်ချုပ်ကြသည့် နိုင်ငံများပင်ဖြစ်တယ်။ “ဂဏစနစ်”ကို “ဒီမိုကရေစီစနစ်”ဟုလည်း ဆိုကြပါတယ်။

ပါဠိစာပေအထောက်ထားများအရ ၀ဇ္ဇီတိုင်းဟာ သာယာပြီး၊ ချမ်းသာ၊ ၀ပြောသည့် နိုင်ငံဖြစ်တယ်။ ရေ မြေသဘာဝ အခြေခံကောင်းသောနိုင်ငံလည်း ဖြစ်တယ်။ ရုပ်ရေအဆင်းလည်း အလွန်လှပသော လူမျိုးများ နေထိုင်သည့်နိုင်ငံ ဖြစ်ကြောင်းဆိုပါတယ်၊၊ တစ်ခါက မြတ်စွာဘုရားရှင်က ရဟန်းသံဃာတော်များအား “ချစ်သားရဟန်းတို့ တာဝတိံ  သာနတ်ပြည်က နတ်သား နတ်သမီးများကိုမမြင်ဘူးလျင် ၀ဇ္ဇီလူမျိုးများကို ကြည့်ကြကုန်လော့”ဟု မိန့်တော်မူဘူးပါတယ်၊၊ မြတ်စွာဘုရားပင် ချီးမွှန်းလောက်အောင် ချောမော၊ လှပသောလူမျိုးများ ဖြစ်ပါသတဲ့။

ဒီလို ကြွယ်ဝမှု၊ ဂုဏ်ရည်တို့နှင့်ပြည့်စုံသောဝဇ္ဇီနိုင်ငံကို အိမ်နီးခြင်းမဂဓနိုင်ငံပြည့်ရှင် အဇာတသတ်မင်း လိုချင်နေတာက မဆန်းပါဘူး။၊ အဇာတသတ်ဘုရင်ဟာ ၀ဇ္ဇီနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန်အရေးကို ပညာရှိအမတ်ကြီးဖြစ်တဲ့ “၀ဿကာရ”အား မြတ်စွာဘုရားထံသို့ စေလွှတ်ပြီး အကြံဉာဏ်ရယူစေ တယ်။

ဝဿကာရအမတ်ဟာ မြတ်စွာဘုရားရှင်နေတော်မူရာ ဂိဇ္ဈကုတ်တောင်သို့လာရောက်ပြီး၊ မြတ်စွာဘုရားကို အရိုသေပြုအပြီးတွင် သူ ရဲ့  လာရင်းကိစ္စဖြစ်တဲ့ ၀ဇ္ဇီနိုင်ငံအား တိုက်ခိုက်သိမ်းပိုက်ရေးကို ဆွေးနွေးပါ တယ်။
ထိုအချိန်မှာ မြတ်စွာဘုရားရဲ့ အနီးတွင် ညီတော်အာနန္ဒာရဟန်း ရှိနေပါတယ်။ မြတ်စွာ ဘုရားရှင်သည် ၀ဿကာရ၏ လျောက်တင်ချက်ကို တစ်စုံတရာဖြေကြားခြင်း မပြုဘဲ၊ အရှင်အာနန္ဒာအား မေးခွန်းခုနှစ်မျိုးကို မေးတော်မူပါ တယ်။ ဒီမေးခွန်း ခုနှစ်မျိုးသည်ပင် “အပရိဟာနိယဓမ္မ” ခုနှစ်မျိုး ဖြစ်ပါ တယ်။

(၁) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် မကြာမကြာ စည်းဝေးပွဲလုပ်ကြကုန်၏လော၊ အကြိမ်များစွာ စည်းဝေးပွဲများ ပြု လုပ်ကြကုန်၏လော၊၊

(၂) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အညီအညွတ်စည်းဝေးပွဲများ ပြုလုပ်ကုန်၏လော၊ စည်းဝေးပွဲများပြီးဆုံးသည့် အချိန်တွင် တညီတညွတ်တည်း စည်းဝေးရာစားပွဲမှ ထကုန်၏လော၊ ၀ဇ္ဇီတိုင်းပြည်ရေးရာ ကိစ္စရပ်များကို ညီညီညွတ်ညွတ် လုပ်ကြကုန်၏လော၊၊

(၃) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် ရှေးကမရှိဘူးသော ပညတ်ချက်အသစ် အသစ်များကိုမညတ်ဘဲ ရှိကုန်၏လော၊ ပညတ်ခဲ့ပြီးသော ကျင့်ထုံးများကိုလည်း လိုက်နာကျင့်သုံးကုန်၏လော၊၊

(၄) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အသက်အရွယ်ကြီးကုန်သော လူအိုများကို အရိုအသေပေးကုန်၏လော၊ အလေးအမြတ်ပြုကုန်၏လော၊ ပူဇော်မှုပြုကုန်၏လော၊ ကြီးသူတို့၏စကားကို လိုက်နာသင့်သည်ဟု ထင်မှတ်ကြ ကုန်သလော၊၊

(၅) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး/ငယ်များကို အနိုင်အထက် ပြုကြကုန်သလော၊၊

(၆) အာနန္ဒာ, ၀ဇ္ဇီမင်းတို့သည် မြို့အတွင်းအပြင်ရှိ နတ်ကွန်းစေတီများကို အရိုအသေပြုကြကုန်သလော၊ အလေးအမြတ်ပြုကြကုန်သလော၊ မြတ်နိုးပူဇော်ကြကုန်သလော၊ ထိုနတ်ကွန်း စေတီတို့အား ရှေးကပြုမြဲ
ဖြစ်သည့်ဗလိနတ်စာကို ပေးကုန်၏လော၊၊

(၇) အာနန္ဒာ,၀ဇ္ဇီတိုင်းသို့ မလာရောက်သေးသော ရဟန္တာတို့သည်လာခြင်းငှာ၊ လာပြီးသောရဟန္တာတို့သည် ၀ဇ္ဇီတိုင်းအတွင်းတွင် ချမ်းသာစွာနေခြင်းငှာ တရားနှင့်အညီစောင့်ရှောက် ကာကွယ်မှုပေးလျက်၊ လုံခြုံမှုကို ကောင်းကောင်းစီမံပေး၏လော၊၊

ဒီမေးခွန်းခုနှစ်မျိုးအတွက် အဖြေကို အရှင်အာနန္ဒာသည် “မှန်ပါ,အရှင်”ဟူသော အဖြေတစ်ခုတည်းကို ပေးခဲ့ပါ တယ်။

ဗုဒ္ဓရှင်တော်ဟာ အရှင်အာနန္ဒာအား မေးခွန်းများကို မေးပြီး၊ အရှင်အာနန္ဒာ၏ အဖြေစကားကို ကြားရ ပြီးတဲ့အခါ၊ ၀ဿကာရ ပညာရှိအမတ်၏ဘက်လှည့်ပြီးတော့ “ငါသည် ၀ဇ္ဇီမင်းတို့အား အပရိဟာနိယဓမ္မ= တိုင်းပြည်တိုးတက်ကြောင်း အခြေခံလိုအပ်ချက်ခုနှစ်မျိုးကို သင်ပြခဲ့ပြီးဖြစ်သည်၊ အကယ်၍ ၀ဇ္ဇီတို့သည် တိုးတက်ကြောင်းခုနှစ်မျိုးကို လိုက်နာနေသေးသည်ဆိုလျင် ၀ဇ္ဇီတို့အတွက် တိုးတက်မှုသာဖြစ်နိုင်သည်၊ မဆုတ်ယုတ်နိုင်”ဟု မိန့်တော်မူပါ တယ်။

ဆိုလိုတာကတော့ ဘုရားရှင်သင်ပြထားတဲ့ “အပရိဟာနိယဓမ္မ” ခုနှစ်မျိုးကိုသာ လိုက်နာနေသေးလျင် ၀ဇ္ဇီမင်းတို့အား မဂဓတိုင်းသခင်အဇာတသက် စစ်တိုက်လို့ မအောင်မြင်နိုင်ဟု ဖြစ်ပါ တယ်။ အပေါ်တွင် ဖော်ပြပြီးတဲ့ တိုးတက်ကြောင်း အခြေခံလိုအပ်ချက် ခုနှစ်မျိုးကို တစ်ခုခြင်းရေတွက်လျင်--

(၁) မကြာခဏ စည်းဝေးခြင်း၊
(၂) အညီအညွတ် စည်းဝေးပြီး၊ ညီညီညွတ်အကောင်ထည်ဖော်ခြင်း၊
(၃) စည်းဝေးပြီးဆုံးလျင် နေရာများမှပြိုင်တူ ထွက်ခွာကြခြင်း၊၊
(၄) ကြီးသူကို ရိုသေ၊ပြုစုခြင်းနှင့်အတူ၊ သက်ကြီးစကားကို လိုက်နာခြင်း၊၊
(၅) အမျိုးသမီးများကို လေးစား တန်ဖိုးထားခြင်း၊
(၆) ရိုးရာကိုးကွယ်မှုကို မမေ့တတ်ခြင်း၊
(၇) ဘာသာရေးနယ်ပယ်မှ သူတော်စင်များကို စောင့်ရှောက်ခြင်း၊၊

မြတ်စွာဘုရားဆွေးနွေးခဲ့တဲ့ တိုးတက်ကြောင်းအခြေခံလိုအပ်ချက်ခုနှစ်မျိုးကို မဂဓ ရဲ့  ပညာရှိအမတ်ကြီး ကြားသိ လိုက်ရတဲ့အခါ “အရှင်ဘုရား အပရိဟာနိယဓမ္မခုနှစ်မျိုးလုံးကိုမဆိုထားဘိ တစ်မျိုးတည်းကို လိုက်နာနေလျင်ပင် တိုးတက်ကြောင်း၊ မရှုံးနိမ့်ကြောင်းဖြစ်ပါသည်”ဟု လျောက်တင်ပြီး၊ ၀ဿကာရအမတ်သည် မြတ်စွာဘုရားအား နှုတ်ဆက်လျက် ပြန်လည်ထွက်ခွာခဲ့ပါ တယ်။

“၀ဿကာရ ပညာရှင်အမတ်”ကြီးသည် မြတ်စွာဘုရားအထံမှ “အပရိဟာနိယဓမ္မခုနှစ်မျိုး”ကို ကြားနာ ဆွေးနွေးပြီးတဲ့ အခါ သူ ရဲ့   အရှင်ဖြစ်သူ “အဇာတသတ်မင်း”ထံရောက်တဲ့အခါ မှာ မြတ်စွာဘုရား ဆွေးနွေးသမျှအလုံးစုံကို ပြန်လည် တင်ပြခဲ့ တယ်။ ဒီလိုနဲ့ အချိန်ကာလတစ်ခုကို စောင့်ဆိုင်းပြီးတဲ့အခါ မှာ “အဇာတသတ်မင်း”နှင့် “၀ဿကာရအမတ်”တို့ ဟာ ကြီးကျယ် တဲ့ လျို့ဝှက်အစီအမံကြီးတစ်ခုကို ပြုလုပ် လိုက်ကြပါတော့ တယ်။

ထိုလျို့ဝှက်ချက်ကြီးမှာ-အဇာတသတ်မင်း က အမတ်ကြီးဝဿကာရ ကို ညီလာခံအလယ်တွင် အမျက်ဒေါသအကြီး အကျယ် ထွက်ပြီး၊ ၀ဿကာရအမတ်ကြီးအား ဦးခေါင်းမှ ဆံပင်များကို တစ်ပင်မကျန်ရိပ်စေလျက်၊ ထုထောင်းရိုက်နှိက်ပြီး၊ သူ၏မဂဓနိုင်ငံတော်မှ နှင်ထုတ်လိုက်လေတော့တယ်။

ဝဿကာရအမတ်ကြီးဟာ ကြီးကြယ်သည့်ရာထူးမှ လျောကျရုံမျှမက ပြည်နှင်ဒဏ်၊ ထုထောင်းရိုက် နှက်ဒဏ်များကို ခံထားရ လို့   သေလုမျောပါးမျှ ဝေဒနာခံစားရခဲ့ ရပုံကို ဖမ်းထားပါတယ်။ မဂဓတိုင်းအပြင် နယ်စပ်ဒေသ၊ လမ်းကြို လမ်းကြား တောင်းရမ်းစားသောက်ရတဲ့ သူတောင်းစားကြီးအသွင်သို့ (ဟန်ဆောင်) ကျရောက်သွား တော့ တယ်။

ဒီလိုမျိုး နိမ့်ပါးလှတဲ့အဆင့်သို့ကျရောက်နေတဲ့ သူတောင်းစားတဖြစ်လဲ မဂဓ အမတ်ပညာရှင်ကြီး ၀ဿကာရကို ၀ဇ္ဇီမင်းသားတို့တွေ့ရှိသွားပြီးတော့ နန်းတော်သို့ခေါ်ကာ အကျိုးအကြောင်းကို စုံစမ်းမေးမြန်းကြလေတယ်။ ဖြစ်ပုံအကြောင်းအရာအစုံအလင်ကို ၀ဿကာရအမတ်ကြီးမှ သနားစဖွယ် ပြောပြ တဲ့ အခါမှာ ၀ဇ္ဇီမင်းသားတို့သည် ၀ဿကာရအမတ်ကြီး ကို သူတို့ထံ မှာ ခစားစေပြီး၊ တိုင်းပြည်ရေးရာ အကြံဉာဏ်များကို ပေးစေလေ တယ်။ ၀ဇ္ဇီမင်းသားတို့ ဟာ သိုးရေခြုံထားတဲ့ မြေခွေးအို ကြီး ကို မသိနိုးနားစွာနဲ့ မြွေပွေးခါးပိုက်-ပိုက် မိကြပါတော့တယ်။

မဂဓဘုရင် အဇာတသတ်ကို စိတ်နာလေဟန် ဆောင်နေတဲ့ ၀ဿကာရအမတ်ကြီး ဟာ ၀ဇ္ဇီမင်းများထံမှာ တာဝန်ကို အထူးကြိုးစားလုပ်ကိုင်ပြပြီး တော့ ၀ဇ္ဇီမင်းတို့ ရဲ့   ယုံကြည်မှုကို ရယူနိုင်ခဲ့ပါတယ်။ တစတစနဲ့ ၀ဿကာရ အမတ်ကြီးဟာ ၀ဇ္ဇီမင်းတို့ ရဲ့  အတွင်းလူအဖြစ်သို့ ရောက်ရှိယုံမျှမက တချို့မင်းသားငယ်များကို စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်နိုင်သူအဆင့်အထိ ရောက်လာခဲ့ တယ်။ အထူးလျို့ဝှက်ကြံစည်ထားတဲ့ ၀ဿကာရအမတ်ကြီးဟာ ၀ဇ္ဇီနိုင်ငံတော်ရဲ့  ၀င်ပေါက်၊ ထွက်ပေါက် မှအစ၊ အ တွင်းရေးများအားလုံးကို သူ ရဲ့ သခင်အဇာတသတ်အား လျို့ဝှက်သတင်းပေးပို့နေ တာကို ၀ဇ္ဇီမင်းသားတို့ မသိကြပါဘူး။ ၀ဿကာရအမတ်ဟာ ၀ဇ္ဇီမင်းသားငယ်များကိုလဲ အချင်းချင်းစိတ်ဝမ်းကွဲအောင် အမျိုးမျိုး နည်းတွေသုံးပြီး ကြံဆောင်လေတော့တယ်။

ဝဿကာရရဲ့ လှည့်ဖျားမှုအောက်မှာ ၀ဇ္ဇီမင်းသားတို့ဟာ အချင်းချင်းယုံကြည်မှု၊ လေးစားမှု၊ စည်းလုံးမှုများ မရှိကြတော့ဘဲ၊ အခြင်းခြင်းတိုက်ခိုက်သည့်အဆင့်သို့ ရောက်ရှိခဲ့တော့တယ်။ ဒီအချိန်မှာ အဇာတသက်ရှင်ဘုရင် ရဲ့ စစ်တပ်ကြီးများဟာ ၀ဿကာရ၏ လျို့ဝှက်လမ်းညွှန်မှုဖြင့် ၀ဇ္ဇီပြည်အတွင်းသို့ ၀င်ရောက်လာပြီး၊ နတ်ပြည်တမျှ သာယာဝပြော၊ စည်ကား၊ လှပတဲ့  ၀ဇ္ဇီတိုင်းပြည်ကြီးကို အလွယ်တကူ တိုက်ခိုက်သိမ်း ယူလိုက်ပါတော့ တယ်။ ၀ဇ္ဇီတို့ တပ်ပျက်ပြီး၊ စစ်ရှုံး၊ တိုင်းပြည်ကို သူ့ကျွန်အပြုခံလိုက်ရသည်မှာ သူတို့ ရဲ့ စစ်ရေးနှင့်၊ ရဲစွမ်းသတ္တိ ညံ့ဖျင်း လို့ မဟုက်ဘဲ၊ “အပရိဟာနိယဓမ္မ” မရှိတော့ခြင်းကြောင့်ဖြစ်ရတာ အထင်အရှားပါပဲ။ အပရိဟာနိယဓမ္မ(ခေါ်)တိုးတက်ကြောင်းအခြေခံကျင့်ဝတ်ခုနှစ်မျိုးကိုသာ ၀ဇ္ဇီမင်းတို့ မမေ့လျော့လိုက်နာကြ ရင် တော့ မဂဓစစ်တပ်ကို ရှုံးနိမ့်ဖွယ် အကြောင်းမရှိပါဘူး။

အပရိဟာနိယဓမ္မ=တိုးတက်ကြောင်း အခြေခံလုပ်ငန်းစဉ်ကို ဗုဒ္ဓရှင်တော် သင်ပြဟောကြားရတဲ့ အထက်ပါ ဖြစ်ရပ်မှာ စဉ်းစားစရာ သံသယ၀င်စရာတွေ အများကြီးပါဝင်နေပါတယ်၊၊ ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူ ပါဠိစာပေ ပညာရှင်များစွာ တို့က ဒီအကြောင်းအရာများနှင့်ဆက်စပ်ပြီးတော့ မေးခွန်းများစွာထုတ်ခဲ့ကြပါတယ်။

အဇာတသတ်ရှင်ဘုရင်သည် တိုင်းပြည်တစ်ခုကို စစ်တိုက်ပြီး သိမ်းယူမည့်အရေး ဗုဒ္ဓအားအဘယ့်ကြောင့် ဆွေးနွေးစေရပါသနည်း……..၊၊

မြတ်စွာဘုရားရှင်သည် စစ်ရေးနိုင်ငံရေး ပရိယာယ်ကျွမ်းကျင်လှသည့် ၀ဿကာရပညာရှင်အမတ်ကြီး နည်းရသွားစေ လောက်သည့် အရိပ်အမြွက်စကားကို အဘယ့်ကြောင့် မိန့်တော်မူခဲ့ပါသနည်း……..၊၊

သဗ္ဗညုတဥာဏ် ကို ပိုင်ဆိုင်တဲ့ အကြမ်းဖက်မှုကို မလိုလားတဲ့ ဗုဒ္ဓရှင်တော်သည် လူပေါင်းသန်းနှင့်ချီ သေဆုံးရမည့် စစ်ပွဲကြီးကိုဆင်နွှဲရန် လာရောက်တိုင်ပင်သည်ကို ဗုဒ္ဓရှင်တော် အဘယ့်ကြောင့်မတားမြစ်ခဲ့ပါသ နည်း………..၊၊
ဗုဒ္ဓရှင်တော်၌ အဇာတသတ်ရှင်ဘုရင်အား စစ်အောင်နိုင်ရေးအတွက်ကူညီရန်ဆန္ဒရှိခဲ့ပါသလား………

စတဲ့ မေးခွန်းတွေက ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူ ပါဠိစာပေ ပညာရှင်တို့အတွက်သံသယ ဖြစ်စေတဲ့  မေးခွန်းများ ဖြစ်နေခဲ့ပါတယ်။ ဗုဒ္ဓရှင်တော် ဟာ မဟာကရုဏာတရားနဲ့ ပြည့်ဝသူဖြစ်လို့  ၀ဿကာရပညာရှင် အမတ်ကြီး က အပရိဟာနိယဓမ္မတရားတွေ ကို ပြောင်းပြန် အနက်ကောက် အသုံးချ နည်းယူ ပြီးတော့  လူပေါင်းသိန်းနှင့်ချီ သေဆုံးရမည့် စစ်ပွဲကြီး ကို ဖြစ်စေခဲ့မယ်ဆိုတာကို ကြို မသိခဲ့လို့ သာ ဒီ လို ဟောတော်မူခဲ့တာ ဖြစ်နိုင်တယ်လို့   ပါဠိစာပေ ပညာရှင်တို့ က ကောက်ချက်ချကြပါတယ်။

သဗ္ဗညုတဥာဏ်တော်အပေါ် စောဒနာချက် (၆)

နောက်ဆုံးတွေ့  ရတဲ့ စောဒနာချက်ကတော့ ၀ိဋဓူပ မင်းကြောင့် သကျသာကီဝင် တွေ ပျက်စီး ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်နေပါတယ်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ဗုဒ္ဓ ရဲ့   မွေးရပ်တိုင်းပြည် ကပ္ပီလ၀တ်နှင့် ဗုဒ္ဓကို အလွန် ကြည်ညို လေးစားသော ကောသလမင်းကြီး ရဲ့  ကောသလတိုင်း နိုင်ငံတို့မှာ အိမ်နီးချင်းများ ဖြစ်ပါတယ်။ ကောသလတိုင်း သားတို့သည် ဗုဒ္ဓ ရဲ့  ကပ္ပီလ၀တ် တိုင်းသားတို့ကဲ့သို့ သကျသာကီဝင်အနွယ်များ မဟုတ်ကြပါ။ ကောသလမင်းကြီး က ဗုဒ္ဓဘုရားရှင်အား အလွန်ကြည်ညိုလှသောကြောင့် တစ်ကြောင်း မြောက်ပိုင်းမှာ ရှိတဲ့ ဂဏ နိုင်ငံခယ်များနဲ့ မိတ်ဖက်ဖြစ် လိုတဲ့ သဘောကြောင့် တစ်ကြောင်း ကပ္ပီလ၀တ်ပြည်သို့ သာကီဝင် မင်းသမီးတပါးအား လက်ဆက်လိုကြောင်း ကမ်းလှမ်း ခဲ့ပါတယ်။  ထိုခေတ် ထိုအချိန်က အလွန်မာန ထောင်လွှားသော သာကီဝင် တို့က ၄င်းတို့ထက် အမျိုးဇာတ်နိမ့် တယ်လို့ ယူဆတဲ့ ကောသလမင်းအား သာကီဝင် မင်းသမီးကို မပေးလိုပါဘူး။ ဒါပေမဲ့ ကောသလတိုင်းဟာ ထိုစဉ်က ၄င်းတို့ထက် စစ်အင်အားလည်း သာလွန်နေတာကြောင့် ငြင်းလည်း မငြင်းဆန်ဝံ့ပါဘူး။ ဒါကြောင့် မဟာနာမ် သာကီဝင်မင်း ဟာ သူ ကျွန်မနှင့်ရပြီး မွေးထားတဲ့ ကျွန်ဇာတ်သာသာရှိတဲ့ ဇာတ်နိမ့် မင်းသမီးတပါးကို သာကီဝင်အစစ်အဖြစ် လိမ်လည်ပြီး ဆက်သလိုက် ပါတယ်။

ကောသလမင်းကြီးလည်း သာကီဝင် မင်းသမီး အမှတ်နှင့် ပေါင်းသင်းခဲ့ပြီး ၀ိဋဓူပ မင်းသားကို ဖွားမြင်ခဲ့ပါတယ်။ ထိုမင်းသားဟာ တနေ့၌ ၎င်း၏ ဆွေတော်မျိုးတော်များဟု မှတ်ယူထားသော သာကီဝင်များနေထိုင်ရာ ကပ္ပီလ၀တ်ပြည်သို့ သွားရောက် လည်ပတ်စဉ်တွင် ဇာတ်ခွဲခြား ဆက်ဆံခြင်းကို ခံရရာမှ အစပြုပြီး ၎င်းသည် ကျွန်မသား ဖြစ်သည်ဟူသော အဖြစ်မှန်ကို သိရတော့  ကောသလမင်းကြီးလည်း ၀ိဋဓူပ နဲ့ သူ့မယ်တော် ကို အရာကနေချပါတယ်။ ဗုဒ္ဓ က ကောသလ မင်းကြီးကို သွားရောက် မေတ္တာရပ်ခံမှသာ ပြန်ပြီးချီးမြောက်ပါသတဲ့။ ဒီ အချိန်ကစလို့   ၀ိဋဓူပ မင်းသား ဟာ သာကီဝင် များကို လွန်စွာ အမျက်ထွက်ပြီး တနေ့ ပြန်လည် လက်စားချေရန် ကြုံးဝါးခဲ့ပါသတဲ့။ ဒါကြောင့် သူ မင်းဖြစ် တဲ့ အခါမှာ ကပ္ပီလ၀တ်ကို တိုက်ခိုက်ဖျက်ဆီးရန် တပ်အင်အား အလုံးအရင်းနှင့် စစ်ချီလေတော့တယ်။ ဒီအချင်းအရာကို သိနေတဲ့ ဗုဒ္ဓရှင်တော်ဟာ စစ်ချီရာလမ်းကြောင်း မှာ တရားထိုင်နေရင်း ၀ိဋဓူပမင်းအား တားမြစ်ခဲ့ရာ ၎င်းက စစ်ကြောင်းကို ပြန်လှည့်ခဲ့ပါတယ်။ ဒုတိယနှင့် တတိယအကြိမ်တို့တွင်လည်း ထိုသို့ တားမြစ်ခဲ့၍ ပြန်လှည့်ခဲ့ရပြန်တယ်။ စတုတ္ထအကြိမ် မှာတော့ ဗုဒ္ဓရှင်တော်ဟာ သာကီဝင်တို့၏ အတိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်လို့  မရနိုင်တော့တာကို သိလို့   မတားမြစ်ခဲ့တော့ခြင်းပင် ဖြစ်တယ်လို့ အဋ္ဌကထာစာပေတွေ က ဆိုပါတယ်။ သာကီဝင်တွေ ဟာ တံငါသည်ဘ၀ တစ်ခုက ငါးတွေ ကို သတ်ဖြတ်ခဲ့ကြတဲ့ အတိတ် အကုသိုလ်ကံအရ (သေသင့်သေထိုက်လို့  ) ပျက်စီးကြရတာပဲ လို့ ဆိုပါတယ်။

ဗုဒ္ဓရှင်တော် ရဲ့   သဗ္ဗညုတဥာဏ်ကို စောဒကတက်ချင်သူတွေက ဒီဖြစ်ရပ်မှာ အချက် နှစ်ချက်ကို ထောက်ပြ စောဒနာကြပါတယ်။
(၁) ဗုဒ္ဓရှင်တော် ဟာ သဗ္ဗညုတဥာဏ် နဲ့ အလုံးစုံကို သိနိုင်မယ်ဆိုရင် ဒီပြဿနာ မီးပွား စကတည်း က သိပြီး သာကီဝင်တွေ ကို ရှင်းပြသင့်တယ်။ ကောသလမင်းကြီး ကို မလိမ်ဖို့ သာကီဝင်တွေ ကို သတိပေးသင့်တယ်။ ဒီလို သတိပေးခဲ့တာ မရှိတော့ ဒီလို အကျိုးဆက်တွေ ဖြစ်ပွားလာလိမ့် မယ်ဆိုတာ ကြိုမသိခဲ့ ပုံပေါ်နေတယ်။
(၂) ၀ိဋဓူပမင်းကို တားမြစ်ခဲ့ရာမှာ (၃) ကြိမ်တိုင်အောင် တားမြစ်ပြီးတော့ စတုတ္ထအကြိမ် ကျမှ သာကီဝင်တို့၏ အတိတ် အကုသိုလ်ကံအရ ၀ိရူဓူပမင်းအား တားမြစ်၍ မရနိုင်တော့သည်ကို သိ လို့ မတားတော့ဘူး ဆိုတာ က လဲ ယုတ္တိ လွဲနေတယ်။ အတိတ်ကံ ကြောင့် သာ တားမရ ရင် (၃) ကြိမ်တိုင်အောင် တား နေတာကလဲ အချည်းနှီးပေါ့။ တကယ်တော့ ၀ိဋဓူပမင်း ရဲ့   အညိုးအတေး အာဃာတကြီးမှု ရဲ့  သဘော ကို စတုတ္ထအကြိမ် ကျမှ မြင်လို့ မတားတော့ တာပဲ ဖြစ်နိုင်ပါတယ်။ ၀ိဋဓူပမင်း ရဲ့   အညိုးအတေး အာဃာတကြီးမှု ကို အစက မသိခဲ့လို့ သာ (၃) ကြိမ်တိုင်အောင် တားဖို့ ကြိုးးစားခဲ့တာပဲဖြစ်နိုင်ပါတယ်။

သဗ္ဗညုတဥာဏ်တော် ရဲ့  အနက်မှန်
အထက်မှာ တင်ပြခဲ့တဲ့ စောဒနာချက်တွေ က သဗ္ဗညုတဥာဏ်တော် ဆိုတာ မရှိဘူး လို့   အပ်ချမတ်ချ သက်သေပြနိုင်တဲ့ အချက်တွေ တော့ မဟုတ်ပါဘူး။ သဗ္ဗညုတဥာဏ်တော် ကို ယုံကြည်သူတွေ ဖက်က လဲ ဒီ စောဒနာတွေ ကို ရှင်းပြဖို့  ရှိမှာ အမှန်ပါ။ ဒါပေမဲ့ ဒီ ဖြစ်ရပ်တွေ က ညွှန်ပြနေတာကတော့ သဗ္ဗညုတဥာဏ်တော် ကို လက်ခံ ရင် ဒီ အဖြစ်တွေ ကို ယုတ္တိ ရှိစွာ (သက်ဝင်ယုံကြည်မှုမပါပဲနဲ့) ရှင်းပြဖို့  အတော်ခက်ခဲတယ် ဆိုတဲ့ အချက်ပါပဲ။ နိကာယ်စာပေတွေထဲမှာ တွေ့ ရတဲ့ ဗုဒ္ဓရှင်တော် ရဲ့   ရုပ်ပုံလွှာ က ထာဝရဘုရား နဲ့ မတူပဲ မဟာလူသားတစ်ယောက် နဲ့ ပဲ ပိုတူနေပါတယ်။ မဟာလူသား ဟာ လဲ လူသား ပဲ ဖြစ်လို့   လူသားဘ၀ ရဲ့   အကန့်အသတ်တွေ မုချရှိနေမှာပါပဲ။
ရှင်တော်ဗုဒ္ဓ မှာ သဗ္ဗညုတဥာဏ်တော် ရှိတယ် ဆိုတဲ့ အယူအဆ က သူ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်မှာ ပိုလို့တိုးတက် ထွန်းကားလာ ပုံရပါတယ်။ နောက်ပိုင်း ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တွေ မှာ ရှင်တော်ဗုဒ္ဓ ရဲ့  ရုပ်ပုံလွှာဟာ မဟာလူသား တစ်ယောက် အဖြစ်ကနေ နတ်ဒေ၀တာ ဘုရားတစ်ဆူ သဖွယ် ပြောင်းလဲ လက်ခံလာ ကြတာကို ကြည့် ရင် ဒီ အရွေ့   ဟာ မြင်သာ ပါတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တွေ မှာ တွေ့  ရတဲ့ မဟာဝတ္တု လလိတာဝတ္တာရ သဒ္ဓမ္မပုဏ္ဍရိကာ စတဲ့ ကျမ်းတွေ မှာ ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် လက်မခံခဲ့တဲ့ အလွန် အကျုး ဖွဲ့နွဲ့မှုတွေ ကို တွေ့  ရပါတယ်။ ထေရ၀ါဒ ဂိုဏ်းမှာ ရှိတဲ့ နောက်ပိုင်း လက်ရာတွေဖြစ်တဲ့ ဗုဒ္ဓ၀ံသ ပါဠိတော် နဲ့ စရိယာပိဋကတ် တွေ မှာ ဒီလို အဖွဲ့  အနွဲ့ တွေ ပါ ၀င် နေတာကို တွေ့ ရပါတယ်။
ရှေးဟောင်းနိကာယ်ကျမ်းကြီးတွေထဲမှာ တွေ့  ရတဲ့ ဗုဒ္ဓရှင်တော် ရဲ့   ရုပ်ပုံလွှာ က လူသားဆန် သလောက် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ထေရ၀ါဒနဲ့ မဟာယာန အဋ္ဌကထာကျမ်းတွေ က ချယ်မှုန်းထားတဲ့ ဗုဒ္ဓရှင်တော် ရဲ့   ရုပ်ပုံလွှာ ကတော့ လူ့  အတိုင်းအတာ ကို လွန်နေတဲ့ ရုပ်ပုံလွှာ မျိုးဖြစ် နေပါတယ်။ ဒါတွေက အသေးစိတ် ထပ်ပြီး သုတေသန ပြုရင် ပိုပြီးထင်ရှား လာပါလိမ့် မယ်။ ဒီနေရာမှာ တော့ အကျယ်မချဲ့  လိုတော့ ပဲ ရှေးဟောင်းနိကာယ်ကျမ်းကြီးတွေထဲမှာ တွေ့  ရတဲ့ ဗုဒ္ဓရှင်တော် က သူ့ ကိုယ်သူ ဘယ်လို ပုံဖေါ် ခဲ့ သလဲ ဆိုတာ လေ့ လာကြည့် ကြပါစို့  ။

သံယုတ္တနိကာယ်-သီသပါဝန၀ဂ် သီသပါဝနသုတ် မှာ တော့ ဗုဒ္ဓရှင်တော် က သူ သိပြီး ရဟန်း တွေကို မဟောပဲထားတဲ့ တရားတွေ က ဟောခဲ့တဲ့တရားတွေ ထက် အဆပေါင်း များစွာ ကြီးမား ကြောင်းကို လက်ထဲမှာကိုင်ထားတဲ့ ယင်းတိုက်ရွက် တွေ ကို ပြ ပြီး ဥပမာ ပေးခဲ့ ပါတယ်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ယင်းတိုက်ရွက်တို့ကို လက်ဖြင့် ကိုင်၍ ရဟန်းတို့ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ငါ လက်ဖြင့် ကိုင်ထားအပ်ကုန်သောအနည်းငယ်သောယင်းတိုက်ရွက်တို့နှင့် ယင်းတိုက်တော အတွင်းရှိ ယင်းတိုက်ရွက်တို့သည် အဘယ်ကများပြားသနည်း ဟု ရဟန်းတို့ကို မိန့်တော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရားလက်ဖြင့်ကိုင်ထားအပ်ကုန်သော ယင်းတိုက်ရွက် တို့သည် နည်းလှပါကုန်၏၊ စင်စစ်သော်ကား ယင်းတိုက်တောအတွင်းရှိ ယင်းတိုက်ရွက်တို့သာ များလှပါ ကုန်၏ဟု (လျှောက်ကုန်၏)။
ရဟန်းတို့ ဤအတူပင် ငါသည် ထူးသောဥာဏ်ဖြင့် သိ၍ မဟောအပ်သော တရားသည်သာ များပြား၏၊ အဘယ့်ကြောင့် ထိုတရားကို ငါ မဟောသနည်းဟူမူ- ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစမဟုတ်၊ ငြီးငွေ့ရန် တပ်မက်မှု ကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသောဥာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှ ထွက်မြောက်ရန် မဖြစ်၊ ထို့ကြောင့် ထိုတရားကို ငါ မဟောအပ်။
ရဟန်းတို့ အဘယ်တရားမျိုးကို ငါ ဟောအပ်သနည်းဟူမူ-ရဟန်းတို့ ]]ဤကား ဆင်းရဲတည်းဟု ငါဟောအပ်၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်းဟု ငါ ဟောအပ်၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း}}ဟု ငါ ဟောအပ်၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင့်းအကျင့်တည်း ဟု ငါ ဟောအပ်၏။
ရဟန်းတို့ အဘယ့်ကြောင့် ထိုတရားကို ဟောသနည်းဟူမူ- ရဟန်းတို့ ထိုတရားသည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသောအကျင့်မြတ်၏ အစဖြစ်၏၊ ထိုတရားသည် ငြီးငွေ့ရန် တပ်မက်မှုကင်းရန် ချုပ်ရန် ငြိမ်းရန် ထူးသောဥာဏ်ဖြင့် သိရန် ကိုယ်တိုင် သိရန် တဏှာမှ ထွက်မြောက်ရန် ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို ဟောအပ်၏။
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ]ဤကား ဆင်းရဲတည်း-ဟု သိရန် အားထုတ်ရမည်။ပ။ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း}}ဟု သိရန် အားထုတ်ရမည်ဟု (မိန့်တော်မူ၏)။

ဒီလို ပြောခဲ့ တာဟာ ရှင်တော်ဗုဒ္ဓ ဟာ သဗ္ဗညုတဥာဏ်တော် ကို  (သွယ်ဝိုက်သောနည်းနဲ့ ) ၀န်ခံ ပါတယ် လို့ ပြောမလား။ တကယ်တော့ ဒီသုတ် က ညွန်ပြနေတာ က သဗ္ဗညုတဥာဏ်တော် ကို မဟုတ်ပဲ အရိယာသစ္စာ (၄) ပါး ရဲ့   လေးနက်မှု အသုံးကျမှု တန်ဖိုးရှိမှု လက်တွေ့  ဆန်မှု ဆိုတာတွေ ကို ပဲ ဖြစ်တယ်။ ရှင်တော်ဗုဒ္ဓ ဟာ လောက ရဲ့  ဆရာတစ်ဆူ ဖြစ်လို့ တပည့်သာဝက တွေထက် အများကြီး ပို အသိပညာ ကြွယ်ဝ နက်ရှိုင်းနေမယ် ဆိုတဲ့ အချက် ကတော့ သံသယ ဖြစ် စရာ မရှိ ပါဘူး။ ဒါ ပေမဲ့ ရှင်တော်ဗုဒ္ဓ ကိုယ် တိုင် က ဂျိန်းတွေ ရဲ့  သဗ္ဗညုတဥာဏ်တော်မျိုးကို ငြင်းခဲ့ သလို စစ်မှန်တဲ့သဗ္ဗညုတ ဥာဏ်တော် တစ်မျိုး ကို လဲ လက်ခံ ခဲ့ တာ အမှန်ပါပဲ။ ဒီ လို သဗ္ဗညုတဥာဏ်တော်မျိုး ကို သူ ရရှိ ပိုင်ဆိုင်ထားတယ် လို့ လဲ ၀န်ခံခဲ့တာ တွေ အပေါ်မှာ ရေးသားခဲ့ ပြီးပါပြီ။ ဒီတော့ ရှင်တော်ဗုဒ္ဓ ရဲ့  သဗ္ဗညုတဥာဏ်တော်က ဘယ်လို ဥာဏ်မျိုး ဖြစ်နိုင်မလဲ။

ရှင်တော်ဗုဒ္ဓ လက်ခံခဲ့ တဲ့ အလုံးစုံသော တရားသဘော (သဗ္ဗဓမ္မ)
ရှင်တော်ဗုဒ္ဓ ဟာ သဗ္ဗညုတဥာဏ်တော် ကို ၀န်ခံသည်ဖြစ်စေ ၀န်မခံသည်ဖြစ်စေ အဓိက ဟောကြားခဲ့တဲ့တရားတွေ ကတော့ ဒုက္ခ- ဒုက္ခ ရဲ့ အကြောင်းတရား ဒုက္ခချုပ်ငြိမ်းမှု  ဒုက္ခချုပ်ငြိမ်းကြောင်း အကျင့်လမ်းအမှန် စတာတွေ ကို ပဲ မူတည်ပြီး ဟောခဲ့တာပါပဲ။

လောကသုတ် မှာ ရှင်တော်ဗုဒ္ဓဟာ လူနတ်ဗြဟ္မာတို့ ရဲ့  အာရုံကျက်စားရာ လောက အလုံးစုံကို သိကြောင်းပြောခဲ့
သူ့ရဲ့  လောက အနက်က လူနတ်ဗြဟ္မာတို့ ရဲ့  သစ္စာလေးပါး ကို သာ ဆိုလိုတယ်။

ရဟန်းတို့ မြတ်စွာဘုရားသည် လောကကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောကမှ ကင်းတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ ဖြစ်ကြောင်းကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောက၏ ဖြစ်ကြောင်းကို ပယ်တော်မူ၏။ ရဟန်းတို့ မြတ်စွာဘုရားသည် လောကချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောကချုပ်ငြိမ်းရာ (နိဗ္ဗာန်)ကို မျက်မှောက်ပြုတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောက၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို ပွါးများတော်မူ၏။
ရဟန်းတို့ မြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံ အလုံးစုံကို ထိုးထွင်း၍ သိတော်မူ၏၊ ထို့ကြောင့် တထာဂတ ဟု ဆိုအပ်၏။
သဠာယတနသံယုတ်-သဗ္ဗဝဂ်-သဗ္ဗသုတ် မှာ တော့ ရှင်တော်ဗုဒ္ဓ လက်ခံခဲ့ တဲ့ အလုံးစုံသော တရားသဘော (သဗ္ဗဓမ္မ) 

ဆိုတာဘာလဲလို့ သိနိုင်မဲ့ သဲလွန်စတွေ ကို တွေ့  ရတယ်။ ဒီသုတ် ရဲ့  အလိုအရ ဆိုရင် အလုံးစုံသော တရားသဘော တွေ ဆိုတာ အာရုံ(၆) ပါး အာယတန (၁၂) ပါး ဓါတု (၁၈) ပါး စတဲ့ တရား တွေ ပဲ ဖြစ်ကြောင်း အတိအကျ မိန့်ဆိုထားပါတယ်။
ရဟန်းတို့ အလုံးစုံကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံဟူသည် အဘယ်နည်း။ မျက်စိနှင့် အဆင်းတို့လည်းကောင်း၊ နားနှင့်အသံ တို့လည်းကောင်း၊ လျှာနှင့် အရသာတို့လည်းကောင်း၊ကိုယ်နှင့် အတွေ့အထိတို့လည်းကောင်း၊ စိတ်နှင့် သဘောတရားတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်ကို အလုံးစုံဟု ဆိုအပ်၏။
ရဟန်းတို့ ''ငါသည် ဤအလုံးစုံကို ပယ်စွန့်၍ တစ်ပါးသော အလုံးစုံကို ပညတ်မည်''ဟု တစ်ဦးတစ်ယာက်က ဆိုခဲ့ပါလျှင် ထိုသူ၏ စကားသည် အပြောမျှသာ ဖြစ်ရာ၏၊ မေးသည်ရှိသော်ကား အပြည့်အစုံ မဖြေဆိုနိုင်ရုံသာမက ပင်ပန်းခြင်းသို့လည်း ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အရာ မဟုတ်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

ဒီ သုတ် ရဲ့  နောက် က လာတဲ့ ပဟာနသုတ် မှာ ဒီ အလုံးစုံသော သိအပ်တဲ့တရားတွေ ကို (၀ိပဿနာဥာဏ်-မဂ်ဥာဏ် စတာတွေနဲ့) အမှန်အတိုင်းသိပြီးတော့ စွဲလန်းတပ်မက်တဲ့ တဏှာ ဥပါဒါန်တွေ ကို ပယ် အပ်ကြောင်း ထပ်ပြီးဟောပါတယ်။

ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ အလုံးစုံကို ပယ်ခြင်းငှါ ဟောမည့် တရားဟူသည် အဘယ်နည်း။
ရဟန်းတို့ မျက်စိကို ပယ်ရမည်၊ အဆင်းတို့ကို ပယ်ရမည်၊ စက္ခုဝိညာဏ်ကို ပယ်ရမည်၊ စက္ခုသမ္ဖဿကို ပယ်ရမည်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာကိုလည်း ပယ်ရမည်။ နားကို။ပ။ နှာခေါင်းကို။ပ။ လျှာကို ပယ်ရမည်၊ အရသာတို့ကို ပယ်ရမည်၊ ဇိဝှါဝိညာဏ်ကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿကို ပယ်ရမည်၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။ကိုယ်ကို ပယ်ရမည်၊ စိတ်ကို ပယ်ရမည်၊ သဘောတရားတို့ကို ပယ်ရမည်၊ မနောဝိညာဏ်ကို ပယ်ရမည်၊ မနောသမ္ဖဿကို ပယ်ရမည်၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကိုလည်း ပယ်ရမည်။
ရဟန်းတို့ ဤသို့လျှင် အလုံးစုံကို ပယ်ခြင်းငှါ ဟောပြအပ်သော တရားတည်းဟု (မိန့်တော်မူ၏)။

ဒီ နောက်မှာတော့ ဒီ အလုံးစုံသဘော ကို အခြေခံပြီး  အဘိညာပရိညာပဟာနသုတ် (အလုံးစုံကို အထူးသိ၍ ပိုင်းခြားသိ၍ ပယ်ခြင်း အကြောင်း)ပဌမ+ဒုတိယ အပရိဇာနနသုတ် (အလုံးစုံကို အထူးမသိသေးလျှင် ပိုင်းခြား၍ မသိသေးလျှင် မခွါနိုင်သေးလျှင် မပယ်နိုင်သေးလျှင် ဆင်းရဲကုန်ခြင်းငှါ မထိုက် ကြောင်း) အာဒိတ္တသုတ် (စွဲမက်မှု 'ရာဂ' မီးဖြင့်,အမျက် ထွက်မှု 'ဒေါသ' မီးဖြင့်, တွေဝေမှု 'မောဟ' မီးဖြင့် အလုံးစုံသော တရားတွေ ဟာ ပြောင်ပြောင်တောက်လောင် နေကြောင်း--ပဋိသန္ဓေနေမှု 'ဇာတိ' အိုမှု 'ဇရာ' သေမှု 'မရဏ' စိုးရိမ်မှု 'သောက' ငိုကြွေးမှု'ပရိဒေဝ'ကိုယ်ဆင်းရဲမှု 'ဒုက္ခ' စိတ်ဆင်းရဲမှု 'ဒေါမနဿ' ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ' တို့ဖြင့်ပြောင်ပြောင်တောက်လောင်နေကြောင်း)--စတဲ့ သုတ္တန်တွေ ကို တွေ့ ရပါတယ်။

အလုံးစုံ တကာ့ အလုံးစုံ သဘော တွေ ကိုသိတဲ့ ဥာဏ်တော်

မဇ္ဈိမနိကာယ်-မူလပဏ္ဏာသပါဠိတော်-မူလပရိယာယဝဂ်- မူလပရိယာယသုတ် မှာ တော့ အထက်မှာ ဖေါ်ပြခဲ့တဲ့ သုတ္တန်တွေ အပြင် ပိုလို့ နက်ရှိုင်းကျယ်ဝန်း အသေးစိတ်တဲ့ အလုံးစုံသဘော အနက်ဖွင့်ဆိုချက်ကို တွေ့ ရပြန်ပါတယ်။ဒီနေရာမှာ တော့ တထာဂတ (မြတ်စွာဘုရား) ဟာ မြေ-ရေ-လေ-မီး၊ ပုဂ္ဂိုလ်သတ္တ၀ါ လူနတ်ဗြဟ္မာ ခန္ဓာ အာယတန ဓါတု သစ္စာ ဈာန် မဂ်ဖိုလ် -အလုံးစုံသဘော (လောက) နဲ့ အလုံးစုံသဘောမှ ဆိတ်သုဉ်းလွန်မြောက်နေတဲ့ ၀ိမုတ္တိတရား (နိဗ္ဗာန်)- စတဲ့ အလုံးစုံ တကာ့ အလုံးစုံ သဘော တွေ ကို ဥာဏ်ပညာနဲ့ အထူးသိပြီးတော့ အတ္တ-အတ္တနိယ အနေနဲ့ မစွဲလန်းတဲ့ အကြောင်း ကို ဟောကြားထားပါတယ်။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- မြတ်စွာဘုရားသည် ထို (အားလုံး) ကို ပိုင်းခြား၍သိပြီးသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။
ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- မြတ်စွာဘုရားသည်ထို (အားလုံး) ကို ပိုင်းခြား ၍ သိပြီးသောကြောင့် တည်းဟု (ငါဘုရား) ဆို၏။

ဒီ အလုံးစုံသဘောတွေကို ချုပ်လိုက်ရင် မျက်စိ-နား-နှာခေါင်း-လျှာ-ကိုယ်-စိတ် ဆိုတဲ့ ဣနြေ္ဒ(၆)ပါး ကို ပဲ တွေ့ ရမယ်။ ဒီဣနြေ္ဒ(၆)ပါးတို့ဟာ ဘာကြောင့် သက်ရှိသတ္တဝါအားလုံး အတွက် အရေးအပါဆုံး ဣနြေ္ဒများလို့ ပြောရသလဲ ဆိုရင်တော့ လူဖြစ်စေ၊ နတ်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သက်ရှိသတ္တဝါ မှန်သမျှအတွက် ခန္ဓာကိုယ် အတွင်းမှာ ရှိသမျှ တရားအားလုံး (သဗ္ဗ)ကို ဖော်ပြပါဆိုရင် ဒီဣနြေ္ဒ(၆)ပါးက လွဲလို့ တခြား ဘာမျှမရှိပါဘူး။ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ရှိသမျှတရား အားလုံး ဆိုတာ မြန်မာလို ပြောရမယ်ဆိုရင်တော့ မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကျန်တဲ့ ခန္ဓာကိုယ်ကြီးရယ်၊ အတွင်းက သိတတ်တဲ့ မန(စိတ်)ရယ်၊ ဒီ(၆)မျိုးပဲရှိပါတယ်။ ခန္ဓာကိုယ် အပြင်ဘက်မှာ သတ္တဝါတစ်ဦး တစ်ယောက် ပိုင်ဆိုင်နိုင်သမျှ တရားအားလုံး(သဗ္ဗ)ဆိုတာကလဲ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေးဆိုတဲ့ ဒီအာရုံ(၆)မျိုးက လွဲလို့ တခြားမရှိတော့ပါဘူး။ ဒါကြောင့် အလုံးစုံကို သိမြင်တော်မူတဲ့ သဗ္ဗညု ဘုရားရှင်တို့ဆိုတာ အတွင်းမှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့နဲ့အပြင်က အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေး(ဓမ္မာရုံ)ဆိုတဲ့ အာရုံ(၆)ပါး တို့ရဲ့  သဘောသဘာဝ အပြည့်အစုံကိုလဲ သိတယ်၊ ဒီအတွင်းရှိသမျှ (သဗ္ဗ)နဲ့ အပြင်မှာရှိသမျှ(သဗ္ဗ)တို့ တိုက်ဆုံမှု (ဖဿ) ကို အကြောင်းပြုပြီး (၁) သတ္တဝါတို့ သံသရာမှာ ကျင်လည် ကြရခြင်းကိုလည်း သိတယ်၊ (၂) ကျင်လည်ရခြင်းရဲ့ အကြောင်း ကိုလည်း သိတယ်၊ (၃) သံသရာမှ လွတ်မြောက်ခြင်းကိုလည်း သိတယ်၊ (၄) လွတ်မြောက် ရခြင်းရဲ့ အကြောင်းကိုလည်း သိတယ် ။ လောကမှာ ရှိတာဟူသမျှ ဆိုရင်လဲ ဒီ(၆)စုံသာရှိပြီး သိစရာဆိုလို့လဲ ဒီ(၄)ချက်ပဲရှိပါတယ်။ဒီသိစရာ(၄)ချက်ကို ထိုးထွင်း သိမြင်တာကိုလည်း သစ္စာ(၄)ပါးကို ထိုးထွင်းသိမြင်တယ်လို့ ဆိုရသလို၊ သိစရာရှိသမျှ အားလုံးကို အပြည့်အစုံ သိတယ် (သဗ္ဗညူ ) လို့လည်း ခေါ်ရပါတယ်။

ရှင်တော်ဗုဒ္ဓ သိရမယ့် သဗ္ဗ(အားလုံး)ဆိုတာ အတွင်းဣနြေ္ဒ (အာယတနလို့လဲခေါ်တယ်) (၆) ခုနဲ့ အပြင်အာရုံ (၆)မျိုးရယ်၊ အတွင်းနဲ့ အပြင်တိုက်ဆုံမှုကို အကြောင်းပြုပြီး သိစရာ (၄)မျိုးရယ်ကလွဲလို့ တခြားဘာမျှမရှိပါဘူး။ သဗ္ဗညုတ ဉာဏ်တော် ရဲ့ နယ်ပယ်မှာရှိတာ အားလုံးဆိုရင် ဒီ(၆)စုံပါပဲ။ သိစရာ မှန်သမျှကလဲ ဒီ (၄)မျိုးပဲရှိတယ်။ ဒီဣနြေ္ဒ(၆)ခုဟာ အတွင်းမှာရှိတဲ့ အလုံးစုံ(သဗ္ဗ)ဖြစ်သလို၊ သံသရာနဲ့နိဗ္ဗာန်၊ တနည်း ပြောရင်တော့ ကာမသုခလ္လိကာ နုယောဂလမ်း၊ အတ္တကိလမထာ နုယောဂ လမ်းဆိုတဲ့ အစွန်း(၂)ပါးနဲ့ မဇ္ဈိမပဋိပဒါလမ်းတို့ရဲ့ အဓိက “ဆုံမှတ်”နေရာလည်း ဖြစ်ပါတယ်။ သဿတဒိဋ္ဌိ နဲ့ ဥစ္ဆေဒဒိဋ္ဌိ အစွန်း(၂)ပါးနဲ့ မဇ္ဈိမပဋိပဒါ-သမ္မာဒိဋ္ဌိ တို့ရဲ့ အဓိက “ဆုံမှတ်”နေရာလည်း ဖြစ်ပါတယ်။ ဒီဣနြေ္ဒ(၆)ခု ကို မှီတွယ် ပြီး ဖဿတွေ ဖြစ်ပွားတယ်။ ဖဿ ကို အခြေခံ ပြီး သံသရာနဲ့နိဗ္ဗာန် ဆိုတာတွေ ဖြစ်လာရတာ မို့ ဒီတရားတွေ အကြောင်း (ဖြစ်ပေါ်ရာ- ချုပ်ငြိမ်းရာ နဲ့ ချုပ်ငြိမ်းစေတဲ့လမ်း အမှန်) တွေ ကို သိ ရင် အလုံးစုံကို သိ တယ် လို ဆိုနိုင်ပါတယ်။ 
ဒီစကားရပ်ကို ဒီမြန်မာ ဗုဒ္ဓဘာသာဝင်တွေ အလေးအနက် သိရှိသဘောပေါက်စေချင်ပါတယ်။သဗ္ဗညုဆိုတာ ဘာမဆို အကုန်လုံးကို သိတယ်။ အနုမြူဖော်မြူလာတွေ၊ အခုပေါ်နေတဲ့ ကွန်ပြူတာ ပညာရပ်တွေ သိပ္ပံပညာရပ်တွေ အားလုံး ကို ရော မြတ်စွာဘုရားရှင် သိတယ် စသဖြင့် ဆွေးနွေးငြင်းခုံနေကြတာတွေ ကို ရပ်တန့် သင့် ကြပါပြီ။  တကယ်တော့  ရှင်တော်ဗုဒ္ဓ ရဲ့  သဗ္ဗညုတဥာဏ်တော် ဆိုတာထွေထွေရာရာအချက်အလက်တွေကို သိတဲ့ (Factual Knowledge) မျိုးမဟုတ်ပဲ လောက-လောကရဲ့  အကြောင်းတရား - လောကချုပ်ငြိမ်းရာ-လောကချုပ်ငြိမ်းကြောင်း အကျင့်မြတ် စတာတွေ ကို ယေဘုယျဥပဒေသ သဘောအရ အကြွင်းမဲ့ သိတဲ့ (Principle Knowledge) သာဖြစ်တဲ့ အကြောင်း ကို ကွဲကွဲပြားပြား နားလည် သဘောပေါက်အောင်  လေ့လာကြပါ လို့  ပြောကြားရင်း ဒီ လေ့လာချက်ကို နိဂုံးချုပ်အပ်ပါတယ်။
ဗုဒ္ဓရှင်တော် ရဲ့ သဗ္ဗညုတဥာဏ်တော် ကို ဆန်းစစ်လေ့လာခြင်း