သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ




သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာအကြောင်း ပို့ချချက်ကို သင်ယူ လေ့လာကြရ၏။

‘သစ္စာ’ ဆိုသည်မှာ အမှန်တရား၊ ပြောတိုင်း ဟုတ်နေသော အမှန်တရား ဖြစ်၏။
ဗုဒ္ဓဘာသာတွင် သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ ဟူ၍ ၂-မျိုး လက်ခံထား၏။
‘သမ္မုတိသစ္စာ’မှာ ‘လူ’, ‘မိန်းမ’, ‘ယောက်ျား’, ‘အိမ်’, ‘ကျောင်း’, ‘ခွေး’, ‘နွား’, ‘တိရိစ္ဆာန်’ စသည်ဖြင့် လူအများ သဘောတူ သတ်မှတ်ထားသော၊ သုံးနှုန်းထားသော အမှန်တရား ဖြစ်သည်။
‘သမ္မုတိသစ္စာ’ ကို ‘ပညတ်’ဟုလည်း ခေါ်၏။
 
သမ္မုတိသစ္စာ (သို့မဟုတ်) ပညတ် အနည်းဆုံး ၂-မျိုး ရှိ၏။
‘လူ’, ‘တိရိစ္ဆာန်’, ‘ခွေး’, ‘ကြောင်’ စသည် အခေါ်အဝေါ်မျှသာ ဖြစ်သော “နာမပညတ်”နှင့် ထိုအခေါ်အဝေါ်က ကိုယ်စားပြုသည့် အနက်ဒြပ် အကောင်အထည်ဖြစ်သော “အတ္ထပညတ်” ဟူ၍ ဖြစ်၏။
‘မပြုံး’ဟု ‘နာမပညတ်’ကို ပြောဆိုလိုက်ရာတွင် ပြောသူ၌ အကောင်အထည် အနက်ဒြပ် ‘အတ္ထပညတ်’ကို ပထမ အာရုံပြု၍ ‘နာမပညတ်’သို့ ရောက်၏။

နာယူသူ ကြားသူ၌မူ ‘နာမပညတ်’ကို ပထမ အာရုံပြုပြီးမှ ‘အတ္ထပညတ်’သို့ ရောက်၏။
စိတ်ဖြစ်မှု လျင်မြန်ခြင်းကြောင့် ကြားလျှင်ကြားချင်း နာမပညတ်နှင့် အတ္ထပညတ်ကို တပြိုင်တည်း သိသည် ထင်ရ၏။

‘ပရမတ္ထသစ္စာ’မှာ တကယ် အဟုတ်အမှန်ရှိသော သဘောတရား ဖြစ်၏။
“မဖောက်မပြန်
မှန်ကန်တည့်မတ်
ဂုဏ်သကတ်
အမြတ်ဟူ၍ ခေါ်။”
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

ပရမတ္ထတရားတို့မှာ ‘စိတ်’၊ ‘စေတသိက်’၊ ‘ရုပ်’၊ ‘နိဗ္ဗာန်’ ဟူ၍ လေးပါး ရှိ၏။
စိတ် – အာရုံကို သိခြင်းမျှ သဘောတရား၊
စေတသိက် – စိတ်ကို မှီ၍ စိတ်နှင့် ဖြစ်တတ်သော တရား၊
ရုပ် – အချမ်းအပူ စသည်ကြောင့် ဖောက်ပြန်တတ်သော တရား၊
နိဗ္ဗာန် – ရာဂ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းရာ သဘောတရား၊

အဘိဓမ္မာပိဋကတ်မှာ ဒီလေးပါးကိုပဲ နာမည်အမျိုးမျိုးနဲ့ နည်းအမျိုးမျိုးနဲ့ ဝေဖန်ပြီးတော့ မြတ်စွာ ဘုရားဟောတယ်။
စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တွေကို တကယ် ကျကျနန သိဖို့ နားလည်ဖို့ဆိုရင် တရားလည်းပဲ ထိုင်ရမယ်။ တရားထိုင်ပြီးတော့ သိမှ အဘိဓမ္မာဟာ တကယ်သိတယ်လို့ ဆိုရတယ်။ ဒါကြောင့်မို့ အဘိဓမ္မာဗဟုသုတနဲ့ တရားဗဟုသုတ တွဲသွားရမယ်။
အဘိဓမ္မာဗဟုသုတရှိထားတဲ့အတွက်ကြောင့်မို့ တရားထိုင်တဲ့အခါကျတော့ ပိုပြီးတော့ နားလည်နိုင်တယ်။
ကိုယ်က ဗဟုသုတရှိထားပြီးသားဖြစ်တော့ တွေ့ကြုံလာတဲ့အခါကျတော့ ဆရာက အထူးပြောနေစရာ မလိုတော့ဘူး။ ကိုယ့်ဟာကိုယ် သိသွားပြီ။
တရားထိုင်ရင်း သိသွားတဲ့ သိထားတဲ့အသိက တကယ် လေးလေးနက်နက် ဖြစ်တယ်။
အဘိဓမ္မာ .. ပြန်တွေ့တယ်။ ခုန စိတ်သဘောတရား၊ စေတသိက်သဘောတရား၊ ကုက္ကုစ္စသဘောတရားတို့ ဘာတို့ တော်ကြာ တရားထိုင်တဲ့အခါကျတော့ ပေါ်တယ်။ အဲဒီကျတော့ တကယ်လည်း မြင်လာတယ်။
အဲဒီအခါကျမှ အမှန်က ကိုယ့်ရဲ့ အသိဉာဏ်ဟာ ပြည့်စုံသွားတာ။ စာနဲ့မှတ်ထားတဲ့ အသိဟာ တခါ တလေ ပြည့်စုံသေးတာ မဟုတ်ဘူး။ အမျိုးမျိုးတွေ တော်ကြာကျတော့ တွေ့မယ်။ တရားအားထုတ် ရင် မြင် လာတာ။ အဲဒီလို မြင်လာမိတော့ မြတ်စွာဘုရားကတော့ ဟောတာနော်။ ကိုယ်ကတော့ ဘုရားဟောတာ အရင်သိပြီးတော့မှ တရားထိုင်ကြတာကိုး။ မြတ်စွာဘုရားကတော့ တရားထိုင် ဒါတွေ သိပြီးမှ ဟောတယ်။
ဒါကြောင့်မို့ ပရမတ်သဘောတရားဆိုတာ ကိုယ်တိုင် မြင်တွေ့နိုင်တဲ့ တရားမျိုး။
သူများထံက တဆင့်ကြား နဲ့ လက်ခံရမယ့် တရားမျိုး မဟုတ်ဘူး။ တဆင့်ကြားနဲ့ ယုံကြည်ရမယ့် တရားမျိုး မဟုတ်ဘူး။
အရိယာတွေကျတော့ (အရိယာဆို ရဟန္တာတွေထိအောင် ပါသွားပြီ) ကိုယ်တိုင် တွေ့ပြီးသား၊ ကိုယ်တိုင် မြင်ပြီးသား ဖြစ်နေပြီ။ ဒါကြောင့်မို့ ရဟန္တာကို ဘယ်လို ခေါ်သလဲ။ သူတပါးအပေါ်မှာ ယုံကြည်မှု မရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။ ‘အသဒ္ဓ’တဲ့။ သူများ ယုံကြည်မှု မရှိဘူးဆိုတာ သူများစကားနဲ့ ယုံစရာ မလိုတော့ဘူး။ ကိုယ်တိုင် တွေ့ထားတာ။ ရန်ကုန်ကို ရောက်ဖူးပြီးသား ပုဂ္ဂိုလ်က သူများကတဆင့်ပြောတာ ယုံစရာ မလိုတော့ဘူးပေါ့။ ကိုယ်ကိုယ်တိုင် သိနေပြီပဲ။ ဘယ်နား ဘာရှိတယ်။ ဒီအဆောက်အဦကြီးက ဘာပဲ ညာပဲ။ အဲဒီလိုပဲ ဘုရား ရဟန္တာ အရိယာတို့ဟာ ကိုယ်တိုင်သိပြီး သားဖြစ်တော့ သူများကို ယုံစရာ မလိုဘူး။ ဒါကြောင့်မို့ ယုံကြည်စရာ မလိုတဲ့ ပုဂ္ဂိုလ်တွေ။
အဲဒီ ထိအောင် ဒီကလူတွေကလည်း ရည်မှန်းရမှာပေါ့လေ။ ဒီဘဝမှာ ပါရမီမပြည့်သေးလို့ အဲဒီအဆင့် မရောက်ရင် နောက်ဘဝ နောက်ဘဝ နောက်ဘဝတွေ ရောက်အောင်။ သို့သော် ပါရမီ ကိုတော့ တွက်မနေနဲ့တဲ့။ မဟာစည်ဆရာတော်က ပြောတယ်။
မင်း .. နဂိုက ပါရမီ မရှိသေးရင်လည်း အခု အားထုတ်တာ ပါရမီဖြစ်လိမ့်မယ်။
နဂိုက ပါရမီပါလာရင်လည်း အခု ပေါက်လိမ့်မယ်။
ပါရမီ ရှိ,မရှိ မသိလို့ အားမထုတ်ဘူး ဆိုရင် မင်း ဘယ်တော့မှ မရဘူး။ ……

အင်္ဂုတ္တိုရ် တိကနိပါတ် ပါဠိတော်၊ မဟာဝဂ်၊ ‘ဘယသုတ်’၊ ‘အမာတာပုတ္တိကသုတ်’ကို “ဘေးလွတ်ရာလမ်း သင်လျှောက်လှမ်း”ဟူသော တရားအမည်ဖြင့် ဟောကြားသည်။
လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော မီးဘေး၊ ရေဘေး၊ ပြည်ပျက်ဘေးတို့ထက် ပို၍ ကြီးမားသော အိုဘေး၊ နာဘေး၊ သေဘေးတို့မှ လွတ်ရာသို့ မဂ္ဂင်လမ်းဖြင့် လျှောက်ရန် ဟောကြားသွား၏။မဟာစည်ဆရာတော် ၏ မဂ္ဂင်ရှစ်ပါး ဆောင်ပုဒ်
“မှန်စွာမြင်သိ၊ ကြံမိမှန်ကန်၊
မှန်စွာပြောပြု၊ ရှာမှုလမ်းမှန်၊
မှန်စွာကြောင့်ကြ၊ မှတ်ရမှန်ကန်၊
စူးစိုက်ကပ် ရှစ်ရပ် မဂ်လမ်းမှန်။”
“မှန်စွာ မြင်သိ (သမ္မာဒိဌိ)
ကြံမိ မှန်ကန် (သမ္မာသင်္ကပ္ပ)
မှန်စွာ ပြော-ပြု (သမ္မာဝါစာ)-(သမ္မာကမ္မန္တ)
ရှာမှုလမ်းမှန် (သမ္မာအာဇီဝ)
မှန်စွာကြောင့်ကြ (သမ္မာဝါယာမ)
မှတ်ရမှန်ကန် (သမ္မာသတိ)
စူးစိုက်ကပ် (သမ္မာသမာဓိ) ရှစ်ရပ် မဂ်လမ်းမှန်။”

ဥတ္တရိမနုဿဓမ္မ


ပါဠိသုတ္တန်တွေမှာ “ဥတ္တရိမနုဿဓမ္မ” ဆိုတဲ့ စကားလုံးလေး ရှိတယ်။
မြန်မာလို ပြန်ရင် “လူတို့၏ ကုသိုလ်ကမ္မပထ တရား ၁၀-ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ် တရား”တဲ့။
အထက်တန်းကျတဲ့ တရားပေါ့လေ။သာမန်လူတွေ ရတာမျိုးမဟုတ်ဘဲ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ၊ တော်တဲ့ ပုဂ္ဂိုလ်တွေ ရတဲ့ စိတ်မျိုးပေါ့။ဒါကို “ရူပါဝစရစိတ်”က စပြီး “ဥတ္တရိမနုဿဓမ္မ”လို့ ခေါ်တယ်။
(အရှင်သီလာနန္ဒာဘိဝံသ)
+++++

‘ရူပါဝစရ’ – ရူပ ၁၅ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်။
‘ရူပါဝစရစိတ်’ – ရူပ ၁၅ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သော စိတ် (ဈာန်စိတ်)။
ဤရူပါဝစရစိတ်များကို လှူဒါန်း ဒါနပြုရုံ၊ ဘုရားရှိခိုးရုံ စသည့် ရိုးရိုးကုသိုလ်ပြုရုံမျှဖြင့် မရနိုင်ဘဲ ကမ္မဋ္ဌာန်းထိုင်မှသာ ရရှိနိုင်၏။

ဗုဒ္ဓဘာသာတွင် ‘သမထကမ္မဋ္ဌာန်း’၊ ‘ဝိပဿနာကမ္မဋ္ဌာန်း’ဟူ၍ ကမ္မဋ္ဌာန်း နှစ်မျိုး ရှိ၏။
သမထကမ္မဋ္ဌာန်းမှာ သမာဓိဖြစ်အောင်လုပ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ သမာဓိကို အားပေး၏။ အကျိုးကလည်း သမာဓိအကျိုးသာ ရ၏။

ဝိပဿနာကမ္မဋ္ဌာန်းမှာ ရုပ်နာမ်တရား သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တကို မြင်အောင်ကြည့်ပြီး၊ နောက်ဆုံး နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်တိုင်အောင် (မဂ်ဖိုလ်ရသည့်တိုင်အောင်) အားထုတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။
သမထကမ္မဋ္ဌာန်းသည် ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို မြင်အောင် ရှုခြင်း မဟုတ်ဘဲ၊ စိတ်တည်ကြည်မှု သမာဓိအားကို ထူထောင်ပြီး၊ သမာဓိအားဖြင့် ဈာန်စိတ် အဆင့်ဆင့် တက်ကာ အဘိညာဉ်စိတ်များရအောင် အားထုတ်သော ကမ္မဋ္ဌာန်း ဖြစ်၏။ 

သမထကမ္မဋ္ဌာန်း အမျိုးအစားပေါင်း ၄၀ ရှိ၏။
ကသိုဏ်း ၁၀-ပါး၊
အသုဘ ၁၀-ပါး၊
အနုဿတိ ၁၀-ပါး၊
အပ္ပမညာ ၄-ပါး၊
သညာ ၁-ပါး၊
ဝဝတ္ထာန် ၁-ပါး၊
အာရုပ္ပ ၄-ပါး၊
စုစုပေါင်း ၄၀ ဖြစ်၏။

ထို အမျိုးပေါင်း ၄၀ အနက်၊ “အနုဿတိ ၁၀-ပါး”မှ ‘ဗုဒ္ဓါနုဿတိ’၊ ‘ဓမ္မာနုဿတိ’၊ ‘သံဃာနုဿတိ’၊ ‘သီလာနုဿတိ’၊ ‘စာဂါနုဿတိ’၊ ‘ဒေဝတာနုဿတ’ိ၊ ‘ဥပသမာနုဿတိ’၊ ‘မရဏာနုဿတိ’ ၈-ပါးနှင့် သညာ ၁-ပါး (အာဟာရေပဋိကူလသညာ)၊ ဝဝတ္ထာန် ၁-ပါး (စတုဓာတုဝဝတ္ထာန်)တို့မှာ ဈာန်မဖြစ်နိုင်။
ကျန် အမျိုးပေါင်း ၃၀ တွင် ဈာန်ဖြစ်နိုင်ပြီး၊ ပထမဈာန်မှ ပဉ္စမဈာန်တိုင်အောင် ဈာန် ငါးပါးစလုံး ရချင်သူ အတွက် ‘ကသိုဏ်း ၁၀-ပါး’၊ ‘အာနာပါနသတိ’၊ ‘မေတ္တာကို အခြေခံ၍ ဥပေက္ခာကမ္မဋ္ဌာန်း’တို့ကို အား ထုတ်ခြင်းဖြင့်သာ ရရှိနိုင်၏။

ဤကဲ့သို့ အားထုတ်ခြင်းဖြင့် –

(၁) ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဈာန်အင်္ဂါ ငါးပါးနှင့်တကွ ပထမဆုံးဖြစ်ပေါ်သော ဈာန်စိတ်ကို ပထမဈာန်စိတ်၊
ဆက်လက် လေ့လာ အားထုတ်ခြင်းဖြင့် –
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော ဒုတိယဈာန်စိတ်၊
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော တတိယဈာန်စိတ်၊
(၄) သုခ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော စတုတ္ထဈာန်စိတ်၊
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာနှင့် တကွဖြစ်သော ပဉ္စမဈာန်စိတ် ဟူသော ရူပါဝစရကုသိုလ်စိတ် ၅-ပါး ဖြစ်ပေါ်၏။
ရူပါဝစရဝိပါက်စိတ် ၅-ပါး၊ ရူပါဝစရကြိယာစိတ် ၅-ပါးတို့မှာ ရူပါဝစရကုသိုလ်စိတ် ၅-ပါးနှင့် အတူတူပင် ဖြစ်၏။
အကျိုးစိတ်များနှင့် ပြုကာမျှ ဖြစ်ကာမျှဖြစ်သော စိတ်များ ဟူ၍သာ ကွဲပြား၏။
စုစုပေါင်း ရူပါဝစရစိတ် ၁၅-ပါး ဖြစ်၏။


ဈာန်၏ အဓိပ္ပာယ်

(၁) အာရုံကို စူးစူးစိုက်စိုက် ရှုခြင်း (ပထဝီကသိုဏ်းရှုက ကသိုဏ်းအာရုံပေါ်တွင် မြဲမြံ တည်ငြိမ်နေအောင် စိတ်ထားခြင်း)
(၂) အနှောင့်အယှက်တရားများကို ရှို့ပစ် လောင်ပစ်ခြင်း (ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတရားတို့ကို လောင်ကျွမ်းစေတတ်ခြင်း)ဟု အဓိပ္ပာယ် ၂ မျိုး ရှိ၏။
‘ဝိတက်’၊ ‘ဝိစာရ’၊ ‘ပီတိ’၊ ‘သုခ’ (ဝေဒနာ)၊ ‘ဧကဂ္ဂတာ’၊ ‘ဥပေက္ခာ’ (ဝေဒနာ)တို့ကို “ဈာန်၏ အစိတ်အပိုင်း”၊ “ဈာန်အင်္ဂါ”ဟု ခေါ်သည်။
ထို“ဈာန်အင်္ဂါငါးပါးအပေါင်း”ကို “ဈာန်”ဟုခေါ်သည်။
ထိုဈာန်နှင့်ယှဉ်သော စိတ်ကို ဈာန်စိတ်ဟု ခေါ်သည်။
‘ဝိတက်’ – အတူတကွ ဖြစ်ဘက်တရားတို့ကို အာရုံသို့ တင်ပေးခြင်း သဘော။
‘ဝိစာရ’ – အာရုံကို သုံးသပ်ခြင်း (ထပ်၍ ထပ်၍ ယူခြင်း) သဘော။
‘ပီတိ’ – နှစ်သက်ခြင်းသဘော။
‘သုခ’ – ကောင်းသော အာရုံကို ခံစားခြင်း သဘော။
‘ဧကဂ္ဂတာ’ – အာရုံတစ်ခု၌ တည်တံ့ခြင်း (တည်ကြည်ခြင်း) သဘော။
“ဝိတက်”
စိတ်ကို အာရုံဆီသို့ ခေါ်သွားတတ်၊ ရောက်အောင် ပို့ပေးတတ်သော သဘောတရားဖြစ်၏။ ရိုးရိုးအားဖြင့် ဆိုရသော် ‘ကြံစည်ခြင်း’ဟု အဓိပ္ပာယ် ရှိ၏။
မြို့တော်သို့ မရောက်ဖူးသည့် တောသားကို မြို့တော်ရောက်လာသည့်အခါ မြို့တော်နေသူက ဘုရင်ဆီသို့ ခေါ်သွားသော ဥပမာ ပြုကြ၏။
‘ခေါ်သွားသော သူ’ = ‘ဝိတက်’၊ ‘အခေါ်ခံရသော တောသား’ = ‘စိတ်’။
“ဝိစာရ”
အာရုံကို သုံးသပ်ခြင်း၊ ထပ်၍ ထပ်၍ ယူခြင်းသဘော ဖြစ်၏။
ဝိတက်နှင့် ဝိစာရသည် တပြိုင်တည်း အတူဖြစ်သော သဘောရှိ၏။
ဥပမာ (၁) ခေါင်းလောင်းထိုးသော ဥပမာ
ခေါင်းလောင်းကို ထိုးလိုက်သဖြင့် ဒေါင်ကနဲ ပထမဆုံး မြည်ခြင်းက ဝိတက်သဘော၊ ထိုနောက် ဆက်ပြီး မြည်နေသော ညည်းသံလို မြည်နေခြင်းက ဝိစာရနှင့် တူ၏။
ဥပမာ (၂) ငှက်ကြီးများ ကောင်းကင်သို့ ပျံခြင်း ဥပမာ
ငှက်ကြီးများ ကောင်းကင်သို့ မပျံနိုင်သေးခင် ပထမ အတောင်ပံကို ခတ်ပြီး နည်းနည်း သွားကာ အတောင်ပံခတ်ခြင်းက ဝိတက်၊
ကောင်းကင်ပေါ်ရောက်ပြီး လေဟုန်စီး ၀ဲနေခြင်းက ဝိစာရသဘောနှင့် တူ၏။
ဥပမာ (၃) ပျားပိတုန်းနှင့် ကြာပွင့် ဥပမာ
ပျားပိတုန်း၏ ပဒုမ္မာကြာပွင့်ဆီသို့ ထိုးဆင်းသွားခြင်းက ဝိတက်သဘော၊
ကြာပွင့်ပေါ်တွင် တဒီဒီ ၀ဲပျံနေခြင်းက ဝိစာရသဘောနှင့် တူ၏။
“ပီတိ”
နှစ်သက်ခြင်း သဘော ရှိ၏။
“သုခ”
ကောင်းသော အာရုံကို ခံစားခြင်း သဘော ရှိ၏။
‘ပီတိ’နှင့် ‘သုခ’ကို ကန္တာရထဲ ခရီးသွားသူ၏ အိုအေစစ်ရှာပုံနှင့် ဥပမာ ပြုကြ၏။
နေပူသဖြင့် မောပန်း၊ ချွေးများ ယိုစီး၊ ရေငတ်နေသည့် ကန္တာရထဲ ခရီးသွားသူသည် လူတစ်ယောက်ကို တွေ့ရာ ရေကလေးများ ဘယ်နားရှိပါသလဲ၊ နားခိုရာ အိုအေစစ် ဘယ်နားမှာ ရှိသလဲ မေးမြန်း၏။
ထိုအခါ အမေးခံရသူက ရှေ့နား တစ်မိုင် နှစ်မိုင်လောက်မှာ ရေကန်ရှိကြောင်း ညွှန်၏။
ထိုသို့ ကြားရသည့်အချိန်မှ စ၍ ကန္တာရခရီးသွား၌ ဝမ်းသာ၏။ ပီတိဖြစ်၏။ နီးပြီ နီးပြီ ဆိုပြီး ဆက်သွားရင်း ရေကန်ရောက်သည်တိုင်အောင် သဘောကျ နှစ်သက် ဝမ်းသာနေခြင်းမှာ ပီတိ သဘော ဖြစ်၏။
ရေကန်ရောက်ပြီး ရေသောက် ရေချိုး၊ ကြာစွယ်များ စားပြီး၊ သစ်ပင်ရိပ်အောက် အိပ်၍ ကောင်းလေစွ ကောင်းလေစွဟု အရသာခံစားနေခြင်း သဘောမှာ သုခ ဖြစ်၏။
ပီတိနှင့် သုခတွင် ပီတိက အရာကျဉ်း၏။ သုခက အရာကျယ်၏။
ပီတိရှိတိုင်း သုခရှိပြီး၊ သုခရှိတိုင်း ပီတိ ရှိချင်မှ ရှိ၏။
“ဧကဂ္ဂတာ” (ဧက = တစ်၊ အဂ္ဂ = အာရုံ)
အာရုံတစ်ခု၌ တည်တံ့ခြင်း သဘော ဖြစ်၏။ သမာဓိနှင့် တူ၏။
အမှုန့်ကလေးများကို ရေနှင့် ရောလိုက်သောအခါ အမှုန့်ကလေးများ တွဲစပ် ပေါင်းစည်းသွား၏။ ထို ရေကဲ့သို့ ဟိုအာရုံ ဒီအာရုံ ဖရိုဖရဲဖြစ်နေသော စိတ်များကို ပေါင်းစုပေးသော သဘောမှာ ဧကဂ္ဂတာ ဖြစ်၏။
+++++
ဈာန်ရရန် နီဝရဏကင်းအောင် လုပ်ရ၏။ နီဝရဏကို ပယ်ရ၏။ အပြီးသတ် ပယ်ခြင်းမျိုး မဟုတ်သေးသော်လည်း ခေတ္တပယ်ခြင်း ဖြစ်၏။
ဈာန် အင်္ဂါ ၅-ပါးမှာ သူနှင့် ဆိုင်ရာ ဆန့်ကျင်ဘက် နီဝရဏများရှိရာ မှတ်သားစရာ ကောင်း၏။
‘ဝိတက်’၏ ဆန့်ကျင်ဘက်မှာ ‘ထိနမိဒ္ဓ’-အိပ်ငိုက်မှု ထိုင်းမှိုင်းမှု ဖြစ်၏။
‘ဝိစာရ’၏ ဆန့်ကျင်ဘက်မှာ ‘ဝိစိကိစ္ဆာ’-မဆုံးဖြတ်နိုင်မှု ဖြစ်၏။
‘ပီတိ’၏ ဆန့်ကျင်ဘက်မှ ‘ဗျာပါဒ’-ဒေါသ ဖြစ်၏။
‘သုခ’၏ ဆန့်ကျင်ဘက်မှာ ‘ဥဒ္ဓစ္စ’-ပျံ့လွင့်မှုနှင့် ‘ကုက္ကုစ္စ’-နောင်တတဖန် ပူပန်မှု ဖြစ်၏။
‘ဧကဂ္ဂတာ’၏ ဆန့်ကျင်ဘက်မှာ ‘ကာမစ္ဆန္ဒ’-ကာမဂုဏ် အာရုံများအပေါ်၌ တွယ်တာမှု ဖြစ်၏။
‘ဥပေက္ခာ’မှာ အေးချမ်း ငြိမ်သက်သော သဘောရှိသဖြင့် ဆန့်ကျင်ဘက်မှာ ‘သုခ’၏ ဆန့်ကျင်ဘက်နှင့်အတူတူ (ဥဒ္ဓစ္စနှင့် ကုက္ကုစ္စ)ပင် ဖြစ်၏။
သုတ္တန်ပါဠိတော်များ၌ များသောအားဖြင့် ဈာန် ၄-ပါးသာ ဟော၏။ အလွန် ရှားရှားပါးပါး နေရာများ၌သာ ဈာန် ၅-ပါးဟု ဟော၏။
အဘိဓမ္မာ၌မူ ၄-ပါးလည်း ဟောပြ၏။ ၅-ပါးလည်း ဟောပြ၏။
ပုဂ္ဂိုလ်၏ အစွမ်းသတ္တိပေါ်မူတည်၍ အချို့က ဝိတက်နှင့် ဝိစာရကို တပြိုင်နက် ပယ်၏။ ထိုကဲ့သို့ အစွမ်းသတ္တိ အားကြီးသော ပုဂ္ဂိုလ်တို့အတွက် ဈာန် ၄-ပါး ဖြစ်၏။
– ဈာန် ၅-မျိုးမှာ ပထမဈာန်သည် ဈာန် ၄-မျိုးမှာ ပထမဈာန်။
– ဈာန် ၅-မျိုးမှာ ဒုတိယဈာန်သည် ဈာန် ၄-မျိုးမှာ မရှိ။
– ဈာန် ၅-မျိုးမှာ တတိယဈာန်သည် ဈာန် ၄-မျိုးမှာ ဒုတိယဈာန်။
– ဈာန် ၅-မျိုးမှာ စတုတ္ထဈာန်သည် ဈာန် ၄-မျိုးမှာ တတိယဈာန်။
– ဈာန် ၅-မျိုးမှာ ပဉ္စမဈာန်သည် ဈာန် ၄-မျိုးမှာ စတုတ္ထဈာန်။
ဈာန်စိတ် ရရှိရုံမျှဖြင့် ကောင်းကင်ပျံခြင်း၊ တန်ခိုးဖန်ဆင်းခြင်း၊ သူများစိတ်ကို သိခြင်း စသည်တို့ မဖြစ်နိုင်ပေ။
ဈာန် ၅-ပါးကို ရရှိပြီး၊ အရူပဈာန် ၄-ပါးကို ရအောင် အားထုတ်ခြင်း၊ ထို ဈာန် ၉-ပါးစလုံးကို အပြန်ပြန်အလှန်လှန် ကျေညက်အောင် ပြုလုပ်ပြီး ပဉ္စမဈာန်ကို အထူး အားထုတ်ကာ အဘိညာဏ်ကို ဖြစ်စေပြီးမှ ကောင်းကင်ပျံခြင်း၊ တန်ခိုးဖန်ဆင်းခြင်း စသည် ပြုလုပ်နိုင်၏။

စိတ် အစဉ်တန်းများ

ပထမဦးစွာ ‘စေတသိက်’ဆိုတာ ဘာလဲ?
ဟို အစတုန်းကလည်း ပြောခဲ့ပါတယ်။ စေတသိက်ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်တဲ့တရား။ ဒါကိုပဲ စိတ်၌ ဖြစ်သောတရားလို့ ကျမ်းဂန်တွေမှာ သုံးတယ်။
ပရမတ္ထတရား ၄ ပါး – ‘စိတ်’၊ ‘စေတသိက်’၊ ‘ရုပ်’၊ ‘နိဗ္ဗာန်’ ဆိုပြီးတော့ ရှိတယ်။
‘စိတ်’ဆိုတာ အာရုံသိမှု သက်သက်ကလေးကို စိတ်လို့ ခေါ်တယ်။ 

စိတ်က ဘာနဲ့တူသလဲဆိုတော့ အရောင်မရှိတဲ့ ရေလိုပေါ့။ အဲဒီ အရောင်မရှိတဲ့ ရေထဲ အနီရောင်ထည့် လိုက်တဲ့အခါ ရေက အနီရောင်၊ အစိမ်းရောင်ထည့်လိုက်တဲ့အခါ ရေက အစိမ်းရောင် ဖြစ်သွားသလို စိတ်ကို မှီပြီး ဖြစ်တဲ့တရား၊ စိတ်ကို ခြယ်လှယ်တဲ့ တရားကို စေတသိက် လို့ ခေါ်တယ်။  ခြယ်လှယ်တယ် ဆို တာ ကောင်းတဲ့ စေတသိက်တွေနဲ့ တွဲမိတဲ့အခါ ဒီစိတ်ကို ကောင်းတဲ့စိတ်လို့ ခေါ်လိုက်တယ်။ မကောင်းတဲ့ စေတသိက်တွေနဲ့ တွဲမိတဲ့အခါ ဒီစိတ်ကို မကောင်းတဲ့စိတ်လို့ ခေါ်တယ်။ 

ဒါကြောင့်မို့ လယ်တီဆရာတော်ဘုရားကြီးက –
စိတ်ကို မှီတွယ်၊ စိတ်ကိုခြယ်
ငါးဆယ်နှင့်ဒွိတ်၊ စေတသိက်
” လို့ ဒီလို လင်္ကာလေး ရေးထားတယ်။
ဒွိတ်ဆိုတာ ၂ ပေါ့။ ငါးဆယ်နှင့်ဒွိတ်ဆိုတာ ၅၂ ပေါ့။
စိတ်ကို မှီပြီးတော့ စိတ်ကို ခြယ်လှယ်တဲ့ တရားတွေ ၅၂ ပါး ရှိတယ် တဲ့။

အဲဒီ စေတသိက် မှာ ဘယ်လို လက္ခဏာရှိသလဲ?
စေတသိက်မှာ လက္ခဏာ ၄ ပါး ရှိတယ်။
(၁) စိတ်နဲ့ အတူဖြစ်ခြင်း
စိတ်နဲ့ တပြိုင်နက် ဖြစ်တယ်။ အတူ ဖြစ်တယ်။ စိတ်ဖြစ်တဲ့ အခိုက်အတန့်မှာပဲ စေတသိက် လိုက်ဖြစ်တယ်။ စိတ်က အရင် ဖြစ်သွားပြီး စေတသိက်က နောက်က လိုက်ဖြစ်တာမျိုး မဟုတ်ဘူး။ တပြိုင်နက်သော ခဏ မှာ ဖြစ်တယ်။

(၂) စိတ်နဲ့ အတူချုပ်ခြင်း

ပျောက်သွားတဲ့အခါမှာလည်း စိတ်နဲ့ အတူတူ ပျောက်သွားမယ်။ စိတ်က အရင်ပျောက်သွား ပြီး 
တော့ စေတသိက်က နောက်မှ ပျောက်တာမျိုး မဟုတ်ဘူး။ စေတသိက်က အရင်ပျောက်ပြီးတော့ စိတ် က နောက်မှ ပျောက်တာမျိုးလဲ မဟုတ်ဘူး။ စိတ်ပျောက်တာနဲ့ တပြိုက်နက် စေတသိက်လည်း ပျောက်၊ စိတ်နဲ့ စေတသိက်ဟာ ပြိုင်တူ ချုပ်ရမယ်၊ ပြိုင်တူ ပျောက်ရမယ်။

(၃) စိတ်နဲ့ တူသော အာရုံ ရှိခြင်း

အာရုံဆိုတာ မြင်စရာ၊ ကြားစရာ၊ နံစရာ ဒါတွေကို အာရုံလို့ ခေါ်တယ်။ အခု ကြည့်လိုက်တဲ့အခါ တစ်စုံ တစ်ခုကို မြင်တယ်ဆိုရင် ဒါဟာ မြင်စရာ အာရုံ၊ ပြောလို့ ကြားတဲ့ အသံဟာ ကြားစရာ အာရုံ။ အဲဒီလို အာရုံတွေရှိတော့ စိတ်က မြင်စရာတွေကို အာရုံပြုရင် စေတသိက်ကလည်း မြင်စရာကိုပဲ အာရုံပြုရမယ်။ စိတ်က အသံကို အာရုံပြုရင် စေတသိက်ကလည်း အသံကိုပဲ အာရုံပြုရမယ်။ စိတ်က အာရုံပြုတာ တစ်ခု၊ စေတသိက်က မတူတဲ့ တခြားအာရုံကို အာရုံပြုတာမျိုး မရှိရဘူး။ ဒါကြောင့်မို့ စေတသိက်ဟာ စိတ်ယူတဲ့ အာရုံကိုပဲ ယူရမယ်။

(၄) စိတ်နဲ့တူသော မှီရာ ရှိခြင်း

စိတ်ဆိုတာက အဘိဓမ္မာသဘောအရ မှီရာ မရှိဘဲ မဖြစ်ဘူး။ မှီရာဆိုတာ ရှိရတယ်။ မှီရာကို ပါဠိလို ဝတ္ထု လို့ ခေါ်တယ်။ အဲဒီ မှီရာဆိုတာက … ဆိုပါတော့၊ မျက်လုံးအကြည်ဓာတ်ကို မှီရာလို့ ခေါ်တယ်။ နားကို မှီရာလို့ ခေါ်တယ်။ နှာခေါင်းကို မှီရာလို့ ခေါ်တယ်။ မျက်လုံးကို အမှီပြုပြီး မြင်တဲ့စိတ် ဖြစ်ပေါ် တယ်။ မြင်တဲ့ စိတ်ဟာ မျက်လုံး မရှိရင် မဖြစ်ပေါ်နိုင်ဘူး။ကြားတဲ့စိတ် ဟာ နား(အကြည်ဓာတ်) မရှိရင် မဖြစ်ပေါ်နိုင်ဘူး။
အဲဒါကြောင့် စိတ်ဟာ ထိုထိုဝတ္ထုလို့ ခေါ်တဲ့ မျက်စိတ်အကြည်ဓာတ်၊ နားအကြည်ဓာတ် စသည်တို့ကို အမှီပြု ရတယ်။စိတ်က မျက်စိကို အမှီပြုတယ်ဆိုရင် စေတသိက်ကလည်း မျက်စိကိုပဲ အမှီပြုရတယ်။ အဲဒီလို အမှီပြု တာချင်းလည်း တူရမယ်။

 စေတသိက်လက္ခဏာ ၄ ပါးက စိတ်နှင့်အတူဖြစ်ခြင်း၊ စိတ်နှင့်အတူ ချုပ်ခြင်း၊ စိတ်နှင့်တူသော အာရုံရှိခြင်း၊ စိတ်နှင့်တူသော မှီရာရှိခြင်း။ ဒီအင်္ဂါလက္ခဏာ ၄ ပါးနဲ့ ပြည့်စုံတဲ့ တရား ကို စေတသိက်လို့ ခေါ်တယ်။

ဒါကြောင့် လယ်တီဆရာတော်ကြီးက –
“ဖြစ်, ပျက်, မှီ, အာ၊ တူလေးဖြာ၊ အင်္ဂါယှဉ်နိမိတ်” တဲ့။ ဒီအင်္ဂါ လေးဖြာနဲ့ ပြည့်စုံတာပေါ့။

အဲဒီတော့ စေတသိက်ဟာ စိတ်မှ သီးခြားဖြစ်တဲ့ သဘာဝတရား တစ်ခု။ ပရမတ္ထတရားတစ်ခု အမှန် တရား တစ်ခုလို့ ဆိုလိုတယ်။အဲဒီ စေတသိက်ပေါင်း ၅၂ ပါး ရှိတယ်။ ဒီနေ့ အဲဒီ ၅၂ ပါးကို တစ်ခု ချင်း လေ့လာသွား ရမယ်။ အဲဒီ စေတသိက် ၅၂ ပါးကို စိတ်မှာတုန်းကလိုပဲ အုပ်စု ခွဲထားတယ်။ စိတ်မှာတုန်း က လောကီ စိတ်၊ လောကုတ္တရာစိတ်၊ ကာမာဝစရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ် စသည်ဖြင့် အုပ်စုခွဲထားသလို ဒီမှာလည်း အုပ်စုခွဲထားလိမ့်မယ်။ ပထမအုပ်စု အညသမန်း စေတသိက် ၁၃ ပါး။
အဲဒီ အညသမန်းစေတသိက် ၁၃ ပါးမှာမှ သဗ္ဗစိတ္တ သာဓာရဏ စေတသိက်က ၇ ပါး၊ ပကိဏ်းစေတသိက်က ၆ ပါး။ အဲသလို ခွဲတယ်။

အညသမန်းဆိုတာက ဘာလဲ?

ပါဠိလို ‘အညသမာန’၊ ‘အည’ဆိုတာက ‘တစ်ပါး’ ‘တခြား’၊ ‘သမာန’ ဆိုတာက ‘တူတာ’ ‘ဆက်ဆံတာ’။
ဒါကြောင့်မို့ ‘အညသမာန’ဆိုတာ ‘သူများနဲ့ တခြားတစ်ပါးနဲ့ ဆက်ဆံတာ’။ ဆိုလိုတာက ဒီစေတသိက်တွေ ဟာ ကောင်းတဲ့စိတ်နဲ့ရော မကောင်းတဲ့စိတ်နဲ့ရော ဆက်ဆံတယ်။ သူက စိတ်အားလုံး နဲ့ ယှဉ်မှာ။ စိတ်အား လုံးဖြစ်တိုင်း သူက ပါမှာဆိုတော့ ကောင်းတဲ့ စိတ်နဲ့လည်း သူက လိုက်လျောလို့ ရတယ်။ မကောင်းတဲ့ စိတ် နဲ့လည်း လိုက်လျောလို့ ရတယ်။အဲဒီ အညသမန်းစေတသိက် ၁၃ ပါးမှာမှ ‘သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး’နဲ့ ‘ပကိဏ်းစေတသိက် ၆ ပါး’ ဆိုပြီး ၂-မျိုး ထပ်ခွဲတယ်။

သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး
‘သဗ္ဗ’ဆိုတာက ‘အလုံးစုံ’၊ ‘စိတ္တ’ဆိုတာက ‘စိတ်’၊ ‘သာဓာရဏ’ဆိုတာက ‘ဆက်ဆံတာ’။
စိတ်အားလုံးနဲ့ ဆက်ဆံတာ၊ အလုံးစုံသောစိတ်တို့နှင့် ဆက်ဆံတာ။ ဆက်ဆံတယ်ဆိုတာ အတူတူဖြစ်တာ၊ ယှဉ်တာကို ပြောတာ။ အဲဒီတော့ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့စေတသိက်ဆိုတာ စိတ်အားလုံးနဲ့ အတူတူဖြစ် တဲ့ စေတသိက်။ အဲဒီတော့ စိတ်ဖြစ်တိုင်း ဒီစေတသိက် ၇ ခုဟာ အမြဲတမ်း ပါရတယ်လို့ ဆိုလိုတယ်။ စိတ်တိုင်း စိတ်တိုင်းနဲ့ သူက ယှဉ်တယ်။ စိတ်ပေါင်း ၈၉ သို့မဟုတ် ၁၂၁ မှာ တစ်ခုတစ်ခုသော စိတ်နဲ့ ဒီ ၇ ခုလုံးက ယှဉ်လိမ့်မယ်။ အဲဒီစိတ် တစ်ခုတစ်ခုဖြစ်တိုင်း ဒီ ၇ ခုက ပါပြီးသားပဲ။ ဒီ ၇ ခုအပြင် တခြားဟာတွေ လည်း ပါဦးမယ်။ သူကတော့ မပါမနေ, ပါပြီးသားပဲ။

ဖဿ
ကောင်းပြီ။ ပထမဆုံးစေတသိက်က ဖဿစေတသိက်တဲ့။ ဒါကိုတော့ ပါဠိလို မှတ်မိအောင် ကျက်ရမယ်  
 မြန်မာလို နားလည်အောင် လုပ်ရမယ်။ ဖဿဆိုတာ အာရုံကို တွေ့ထိခြင်းသဘောတဲ့။ ဒီနေရာမျာ တွေ့ထိခြင်း ဆိုတာ နာမ်ချင်း တွေ့ထိတာ။ Physical contact မဟုတ်ဘူး။ မြင်လိုက်တယ် ဆိုပါတော့ မြင်စရာအာရုံ နဲ့  မြင်တတ်တဲ့ မျက်စိ ဆုံသွားတာ။ ဆုံသွားတဲ့အခါမှာ ဖဿစိတ်ကလေး ပေါ်လာတယ်။အဲဒီလို  နာမ်တွေ့ထိမှု ကို ဖဿလို့ ခေါ်တယ်။ ရုပ်တွေ့ထိမှုကို ဆဋ္ဌမပိုင်းကျတော့ လာလိမ့်မယ်။ ဖောဋ္ဌပ္ဖလို့ ခေါ်တယ်။ဖဿသဘော ဟာ ဘယ်လိုနေရာတွေမှာ ထင်ရှားသလဲ?
ကျမ်းဂန်ထဲမှာလာတဲ့ အတိုင်း ပြောရရင် တစ်စုံတစ်ယောက်က အချဉ်စားနေရင် ကိုယ်က သွားရည်ကျနေ တယ်။ အဲဒါ ဖဿပဲ။ အာရုံချင်း ထိခိုက်တာ၊ အာရုံချင်း တွေ့သွားတာ။
အဲဒီလို နာမ်တရားချင်း တွေ့ထိမှုသဘောကို ဖဿလို့ ခေါ်တယ်။ ဒီနေရာမှာ သဘောလို့ ဆိုရတာက အဘိဓမ္မာတရား ပရမတ္ထတရားကို လေ့လာတဲ့အခါ ဒီလိုပုဒ်တွေကို အဓိပ္ပာယ်ဖွင့်ပြတဲ့အခါ အသုံးပြုရ တာ ဖြစ်တယ်။သူ့ကို “ပြုတတ်တဲ့ တရားအနေနဲ့”၊ “ပြုကြောင်းဖြစ်တဲ့ တရားအနေနဲ့”၊ “ပြုခြင်းအနေနဲ့” ၃ မျိုး အဓိပ္ပာယ်ဖွင့်လို့ရတယ်။‘ဖဿ’ဆိုတာ ‘အာရုံကို တွေ့တတ်တဲ့ သဘောတရား’ပဲလို့ ဒီလို ပြောလို့ ရတယ်။ (သူဟာ ဒါလုပ်တတ်တယ်ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။)

တစ်နည်း ‘အာရုံကို တွေ့ကြောင်းဖြစ်တဲ့တရား’လို့ ဒီလိုလည်း ပြောလို့ ရတယ်။ (အာရုံကို တွေ့တဲ့အခါ သူမပါရင် မပြီးဘူးဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ အာရုံကို တွေ့ကြောင်းဖြစ်တဲ့ တရားဆိုတာ အာရုံကို တွေ့တဲ့ အခါမှာ စိတ်လည်း ပါတယ်၊ တခြား စေတသိက်တွေလည်း ရှိသေးတယ်။ အဲဒီ စိတ်တွေနဲ့ တခြား စေတသိက်တွေ အာရုံကို တွေ့တဲ့အခါမှာ သူမပါရင် မဖြစ်ဘူး။ သူပါမှ ဖြစ်တယ်။ အဲဒါကိုပဲ ပါဠိလို ဘုန်းကြီးစကားနဲ့ ပြောရင် တွေ့ကြောင်းတရားလို့ သုံးတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေ တရားဟောရင် လူဝတ်ကြောင်တွေ ပြည့်ပြည့်စုံစုံ နားလည်ဖို့ မလွယ်ဘူးဆိုတာ အဲဒါ ပြောတာ။ ဘုန်းကြီးကတော့ သူနား လည်သလို လူတွေ နားလည်မယ် ထင်ပြီး ပြောသွားတာ။ တကယ်ကျတော့ လူဝတ်ကြောင်တွေက နားမ လည် ဘူး။)
ဒါမှမဟုတ် ‘အာရုံကို တွေ့ခြင်းမျှလေးပဲ’၊ ‘အာရုံကို တွေ့ခြင်းသဘောပဲ’။ ဒီလိုလည်း ပြောလို့ ရတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ တကယ်ကို သဘောထိမိတဲ့ ဖွင့်ဆိုချက် ဖြစ်တယ်။ တခြား ၂-ခု ကတော့ အတ္တစွဲရှိတဲ့သူတွေကို ကန့်ကွက်ဖို့ ချေပဖို့ဆိုတဲ့ အနေနဲ့ အဓိပ္ပာယ်ပေးတာ။ တကယ့်တကယ်ကတော့ သဘောအထိမိဆုံး အဓိပ္ပာယ်ကတော့ တွေ့ခြင်းသဘောမျှပဲ လို့ဆိုတဲ့ ‘ခြင်း’ပါတဲ့ အဓိပ္ပာယ်ဖြစ်တယ်။
ဒါဟာ ဘာလဲဆိုတော့ ဗုဒ္ဓဘာသာအပြင်ဘက်က လူတွေက မြင်တယ်ဆိုတာ ဒီထဲမှာ အတ္တဆိုတာလေး ရှိတယ်။ ဝိညာဉ်လေး လိပ်ပြာလေး စသည်ဖြင့်ပေါ့ … မြန်မာမှာလည်း အယူအဆ ရှိတယ်။ အဲဒီ အတ္တဆို တာလေးက မြင်တယ်။ အာရုံကို တွေ့တယ်ဆိုတာ အတ္တလေးက တွေ့တာ … ဒီလို သူတို့က ထင်ထား တယ်။
ဒီလိုထင်ထားတဲ့ ပုဂ္ဂိုလ်တွေကို “မင်းတို့ ထင်ထားတာ မဟုတ်ဘူး။ ဒါဟာ ဖဿကွ။ တွေ့လား” အဲသလို အဓိပ္ပာယ်မျိုးနဲ့ ဖဿဟာ ‘တွေ့တတ်တဲ့သဘောတရား’။ ဒီလို ဆိုတယ်။ ရှေးတုန်းက ဒီဝါဒတွေက ရှိတော့ ဒါတွေနဲ့ အမြဲတမ်း တိုက်နေရတာ။တချို့ကျတော့လည်း “အာရုံကို တွေ့ထိတဲ့အခါမှာ မရှိမဖြစ်တဲ့ အတ္တက ဒို့သန္တာန်တိုင်းမှာ ရှိတယ်။ အဲဒီအတ္တလေးကြောင့် ဒို့တွေက တွေ့နေတာ” ဒီလို ယူဆတဲ့ ပုဂ္ဂိုလ်တွေကို “မဟုတ်ဘူး။ တွေ့ကြောင်းဆိုတာ ဟောဒီ ဖဿပဲ။ မင်းတို့ ထင်တဲ့ အတ္တမဟုတ်ဘူး။ အတ္တဆိုတာ ရှိကို မရှိဘူး။ ဖဿကြောင့် ဒို့က တွေ့ရတာ” အဲသလို ပြောဖို့ရာ အဲဒီလို သူတို့ရဲ့ ဝါဒကို ပယ်ဖို့ရာ ဒုတိယအဓိပ္ပာယ်မျိုးလဲ သုံးရတယ်။
တတိယအဓိပ္ပာယ်ကတော့ ပြုတတ်တယ်ဆိုတာလည်း မရှိဘူး၊ ပြုကြောင်းဆိုတာလည်း မရှိဘူး၊ ပြုခြင်းမျှပဲ ဆိုတဲ့ အဓိပ္ပာယ်။ သဘော အထိမိဆုံးပဲ။ အဲဒါကြောင့်မို့ အာရုံကို တွေ့ခြင်းသဘောဆိုရင် ဒါဟာ အကောင်းဆုံး အဓိပ္ပာယ်ပဲ။
ဒီလိုပဲ တခြား စေတသိက်တွေကျရင်လဲ ၃-မျိုး ၃-မျိုး အဓိပ္ပာယ် ဖွင့်သွားနိုင်တယ်။

ဝေဒနာ
ဝေဒနာဆိုတာ အာရုံ၏ အရသာကို ခံစားခြင်းသဘော။ အာရုံကို အရသာခံတယ်၊ ကောင်းတဲ့ အာရုံပဲ၊ မကောင်းတဲ့ အာရုံပဲ။ ဒါဟာ ဝေဒနာက ခံစားသွားတာ။

ဒီမှာလည်း ခံစားတတ်တဲ့သဘော၊ ခံစားကြောင်းဖြစ်တဲ့ သဘော၊ ခံစားခြင်းသဘော သုံးမျိုး ဖွင့်ဆိုနိုင်တယ်။
ဒီနေရာမှာ နားလည်ရမှာက ဝေဒနာဆိုတာ စိတ်ထဲမှာ ဖြစ်တာ။ အခုခေတ်က ခန္ဓာကိုယ်ထဲမှာ နာကျင်ခံစား ရတာကို ဝေဒနာလို့ ပြော,ပြောနေတယ်။ အမှန်ကတော့ နာတဲ့ ရုပ်က ဝေဒနာ မဟုတ်ဘူး။ နာတဲ့ ရုပ်ကို စိတ်က ခံစားမှုလုပ်တယ်။ စိတ်မှာ ဖြစ်တာကို ဝေဒနာ ခေါ်တယ်။ အဲဒီ ဝေဒနာစေတသိက်က အာရုံရဲ့ အရသာကို ခံစားခြင်းသဘော ရှိတယ်။ သူ့ကို ဘာနဲ့နှိုင်းသလဲဆိုတော့ ပွဲတော်တည်တဲ့ ရှင်ဘုရင် နဲ့ နှိုင်း တယ်။
ထမင်းရဲ့ အရသာကို တကယ်ခံစားတာက ရှင်ဘုရင်၊ ချက်တဲ့ ပြုတ်တဲ့ စားတော်ကဲက ချက်ပြုတ် … နည်းနည်းပါးပါး မြည်းပြီး ဘုရင်ကို သွားဆက်ရတာ။ တကယ် ကျကျနန ထိုင်စားတာက ရှင်ဘုရင်က စားတာ။
ဒီနည်းတူ တခြားတရားတွေ အာရုံခံစားတာက မစို့မပို့လေး နည်းနည်းလေးဆို ပါတော့။ ဝေဒနာ 
စေတသိက်ကသာ ပိုင်ပိုင်နိုင်နိုင် အာရုံကို ခံစားတယ်။ စိတ်ပိုင်းတုန်းက ဝေဒနာ ဘယ်နှမျိုး တွေ့ခဲ့သလဲ?
၅-မျိုးတောင် တွေ့ခဲ့ပြီ။ သောမနဿဝေဒနာ-ဝမ်းမြောက်တဲ့ ဝေဒနာပေါ့။ ဒေါမနဿဝေဒနာ-စိတ်ဆိုးတဲ့ ဝေဒနာပေါ့။ ဥပေက္ခာဝေဒနာ-အလယ်အလတ်ဝေဒနာ။ ပြီးတော့ သုခဝေဒနာ-ဒါက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အတွေ့ကောင်းတဲ့အခါမှာ ချမ်းသာတာ။ ပြီးတော့ ဒုက္ခဝေဒနာ-ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နာကျင်တဲ့ အခါမှာ ဖြစ်တဲ့ ဝေဒနာ။ အဲဒီ ဝေဒနာ ၅-မျိုး ရှိတယ်။ ဝေဒနာရဲ့သဘောက အာရုံရဲ့ အရသာကို ခံစားခြင်းသဘော။

သညာ

သညာဆိုတာ အာရုံကို မှတ်ခြင်းသဘော။ အမှတ်ပြုပြီး သိခြင်းသဘောကို သညာလို့ ခေါ်တယ်။
အာရုံတစ်ခုနဲ့ တွေ့လိုက်ပြီဆိုရင် သညာလေးက မှတ်တော့တာပဲ။ အဲဒီသညာရဲ့အမှတ် အမှန်အမှားပေါ် မူတည်ပြီး နောက်ပိုင်းမှာ ကိုယ့်ရဲ့ အယူအဆတွေ အမှန်အမှားဖြစ်ကုန်တာပဲ။ တစ်ခါတလေ အမှားမှတ် ထား မိရင် တော်တော်နဲ့ ဖျောက်လို့ မရဘူး။ ဒါကြောင့်မို့ သညာဟာ အလွန်ကြောက်စရာကောင်း တယ်။
အာရုံတစ်ခုကို တွေ့တဲ့အခါမှာ ဒီသညာက မှတ်သားထားတဲ့အတွက်ကြောင့် နောက်တစ်ခါ ထပ်ပြီး ဒီအာရုံမျိုး တွေ့တဲ့အခါကျတော့ ဒါပဲဆိုတာ ဆုံးဖြတ်ပြီး သိနိုင်တယ်။
ဒါကြောင့် သညာကို ဘာနဲ့ ဥပမာ ပေးသလဲဆိုတော့ လက်သမားတွေ မျဉ်းသား အမှတ်အသားပြုတဲ့အခါ ဒီနေရာက ဆက်စပ်ဖို့၊ ဒီနေရာက ပယ်ပစ်ဖို့ ဖြတ်ပစ်ဖို့ ဒါကယူဖို့ စသည်ဖြင့် အဲဒီ အမှတ်အသား 
လေး၊ နောက် ပြန်မြင် တဲ့အခါကျတော့ သိတယ်။ အဲသလို သိအောင် မှတ်တာမျိုးကို သညာလို့ ခေါ်တယ်။
သညာဟာ အမှန်လည်း မှတ်တတ်တယ်။ အမှားလည်း မှတ်တတ်တယ်။ စာခြောက်ရုပ်ကို တိရစ္ဆာန်တွေက တကယ့်လူ ထင်ပြီး ကြောက်နေကြတာ သညာဝိပ္ပလာသ ခေါ်တယ်။ သညာအမှတ်မှားထားတာ။ သူက တကယ်လူ ထင်ပြီး မြင်လိုက်တာနဲ့ ကြောက်လန့်ပြီး ပြေးတော့တာပဲ။

စေတနာ
စေတနာဆိုတာ အာရုံ၌ သမ္ပယုတ်တရား (အတူတူဖြစ်တဲ့ တရား၊ ယှဉ်ဘက်တရား) တို့ကို စေ့ဆော်ခြင်း သဘောတဲ့။
အဲဒီစေတနာကို တပည့်ကြီး၊ ကျောင်းမှာ အတန်းခေါင်းဆောင် မော်နီတာလိုပေါ့ … နဲ့ ဥပမာပေးတယ်။
တပည့်ကြီးဟာ သူကိုယ်တိုင်လဲ စာကို ကြိုးစား အားထုတ်တယ်။ တခြား သူ့အောက်ငယ်တဲ့ တပည့်တွေ ကိုလည်း စာကြိုးစားအောင် လုပ်သလိုပဲ စေတနာက သူကိုယ်တိုင်လည်း အားထုတ်တယ်။ သူများကိုလည်း အားထုတ်ဖို့ တိုက်တွန်း နှိုးဆော်တယ်။ အဲဒီတရားမျိုးကို စေတနာလို့ ခေါ်တယ်။

မြန်မာစကားမှာ စေတနာ ဆိုရင် ကောင်းတဲ့ဘက်မှာပဲ သုံးတယ်။ အမှန်အတိုင်း ကတော့ ကောင်း တဲ့  စေတနာ  ရှိတယ်၊ မကောင်းတဲ့ စေတနာ ရှိတယ်။
အဲဒီ စေတနာဟာ ကျွန်တော်တို့ နားလည်နေတဲ့ ကံဆိုတာပါပဲ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ကံကောင်း တယ်၊ ကံမကောင်းဘူး ဆိုတာတွေ။ စေတနာကို ကံလို့ မြတ်စွာဘုရားဟောခဲ့တယ်။ တိုက်ရိုက်ပါဠိစကားက “စေတနာ ဟံ ဘိက္ခဝေ ကမ္မာဝဒါမိ”။

ဧကဂ္ဂတာ
ဧကဂ္ဂတာရဲ့ အဓိပ္ပာယ်က အာရုံ၌ တည်တံ့ခြင်းသဘော။
ဧက=တစ်၊ အဂ္ဂ=အာရုံ။ တစ်ခုတည်းသော အာရုံမှာ တည်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
သမာဓိဆိုတာလည်း ဧကဂ္ဂတာကို ခေါ်တာပဲ။
ဧကဂ္ဂတာမှာလည်း ကောင်းတာရော မကောင်းတာရော နှစ်မျိုးလုံး ရှိတယ်။ တရားအားထုတ်တဲ့အခါ သမာဓိတည်နေတာက ကောင်းတဲ့ ဧကဂ္ဂတာ၊ ငါးမျှားတဲ့အခါ စိတ်တည်တံ့မှုက မကောင်းတဲ့ မိစ္ဆာဧကဂ္ဂတာပေါ့။

ဇီဝိတိနြေ္ဒ
မြန်မာလိုက သဟဇာတ်တရား (အတူဖြစ်တဲ့တရား) တို့ကို စောင့်ထိန်းခြင်းသဘောတဲ့။ စောင့်ထိန်းတယ် ဆိုတာ ပျက်မသွားအောင်၊ သေမသွားအောင်၊ တည်နေအောင် စောင့်ထိန်းတဲ့သဘောကို ဒီမှာ ဇီဝိတိနြေ္ဒ လို့ ခေါ်တယ်။
ဘာနဲ့ဥပမာပေးသလဲဆိုတော့ ကြာရိုးထဲမှာ ရှိတဲ့ရေနဲ့ ဥပမာပေးတယ်။ ကြာရိုးထဲမှာ ရေလေး ရှိနေ လို့ ရေကစောင့်ရှောက်ထားလို့ ကြာတွေ လန်းဆန်းနေတယ်။ ညှိုးမသွားဘူး။ ထို့အတူပဲ ဇီဝိတဆို တဲ့ နာမ်သဘောတရားက ဖြစ်တဲ့နာမ်တွေ အားလုံးကို သူက စောင့်ရှောက်တယ်။ ရုပ်တွေထဲမှာလည်း ဇီဝိတ တစ်ခု ရှိတယ်။ နာမ်မှာလည်း ဇီဝိတတစ်ခု ရှိတယ်။ နာမ်ဇီဝိတက နာမ်တရားတွေကို စောင့်ရှောက်တယ်။ ရုပ်ဇီဝိတက ရုပ်တရားတွေကို စောင့်ရှောက်တယ်။ ဒီနေရာမှာ ဇီဝိတိနြေ္ဒက သဟဇာတ်တရားတွေ ကို စောင့်ထိန်းတယ်။ သဟဇာတ်တရားတွေကို ပျောက်ပျက်မသွားအောင် ထောက်ပံ့ထားတယ်။ ထိန်းထား တယ်။ ဒါဖြင့် သူ့(ဇီဝိတိနြေ္ဒ)ကိုကော ဘယ်သူက စောင့်ရှောက်လို့ ဘယ်သူက ထိန်းသလဲ?
ဒါတွေက ကျမ်းဂန်လာတွေချည်းပဲ။ သူများထိန်းရင်း သူ့ကိုသူလည်း ထိန်းသွားတာတဲ့။ လှေသမားနဲ့ ဥပမာပေးတယ်။ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း သူများကို လှော်ပို့ရင်းနဲ့ သူပါရောက်သွားသလိုပဲတဲ့။

မနသိကာရ
မနသိကာရဆိုတာ အာရုံ၌ နှလုံးသွင်းခြင်း သဘော။
မနသိ=စိတ်၌၊ ကာရ=ပြုခြင်း။ စိတ်၌ ပြုခြင်းဆိုတာ စိတ်ထဲကို အာရုံရောက်နေအောင် ဒါမှမဟုတ် အာရုံထဲ စိတ်ရောက်နေအောင် ပြုလုပ်ပေးတဲ့ သဘောတရားမျိုး။ ဒီမနသိကာရ ရှိမှ အာရုံကို တကယ်သိတာ။ မနသိကာရ မရှိရင် အာရုံကို မသိဘူး။ ဝီထိပိုင်းကျတော့ လေ့လာရလိမ့်မယ်။ မြင်တဲ့စိတ် ဖြစ်ဖို့ရာ အကြောင်း ၄-မျိုး ရှိတယ်။ မြင်စရာ အာရုံ၊ မျက်လုံး၊ အရောင်အလင်း၊ နှလုံးသွင်းမှု။ တစ်ခါတလေ ကိုယ်က နှလုံးမသွင်းရင် ဂရုမစိုက်လိုက်ရင် မမြင်လိုက်ဘူး မကြားလိုက်ဘူး မဟုတ်လား။ ဒီမနသိကာရ ကို ရှေးတုန်းက ဘုရင်တွေ စီးတဲ့ မြင်း လေး ငါး ခြောက်ကောင်ဆွဲတဲ့ ရထားမှာ မြင်းတွေကို အညီအမျှ သွားအောင် ထိန်းပေးတဲ့ ရထားထိန်းနဲ့ ဥပမာပေးတယ်။

 ဒီစေတသိက် ၇-ပါးက သဗ္ဗစိတ္တသာဓာရဏစေတသိက်။ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဒီ ၇-ခုကတော့ ပါမှာချည်းပဲ။ မပါလို့ မရဘူး။

ပကိဏ်းစေတသိက် ၆-ပါး
ပကိဏ်းဆိုတာ ရောရောနှောနှော ယှဉ်တာ၊ ပြိုးပြွမ်းယှဉ်တာကို ခေါ်တယ်။ ဆိုလိုတာက သူတို့ ဟာ ကောင်းတဲ့စိတ်နဲ့လည်း ယှဉ်မယ်။ မကောင်းတဲ့စိတ်နဲ့လည်း ယှဉ်မယ်။ သို့သော် အကုန်လုံးနဲ့ မယှဉ် ဘူး။ တချို့နဲ့ ယှဉ်မယ်။ တချို့နဲ့ မယှဉ်ဘူး။ အဲဒီလို စေတသိက်ကို ပကိဏ်းစေတသိက်လို့ ခေါ်တယ်။ ပါဠိလိုကျတော့ ပကိဏ္ဏက လို့ ရှိတယ်။

ဝိတက်
ဝိတက်ဆိုတာ သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်း သဘော။ စိတ်ကို အာရုံရောက်အောင် ဒီဝိတက် က ခေါ်,ခေါ်သွားတာ။
ကျမ်းဂန်ထဲမှာ ပါတဲ့ ဥပမာက ရှင်ဘုရင်ဆီ မရောက်ဖူးတဲ့ တောသားကို ရောက်ဖူးတဲ့ မြို့သား က ခေါ်သွား မှ တောသားက ရှင်ဘုရင်ဆီ ရောက်ရတယ်။ အဲဒီ မြို့သားကို ဝိတက်ရဲ့ ဥပမာအဖြစ် ပေးတယ်။

ဝိစာရ
အာရုံ၌ သမ္ပယုတ်တရားတို့ကို သုံးသပ်စေခြင်း သဘော။ သုံးသပ်စေခြင်းသဘောဆိုတာ အဲဒီအာရုံပေါ်မှာပဲ ထပ်ကာ ထပ်ကာ ဖြစ်စေခြင်းသဘောလို့ ဆိုလိုတယ်။ ဝိတက်က အဲဒီစိတ်ကို အာရုံပေါ်မှာ ရစ်ဝဲနေအောင် တင်ပေးလိုက်တယ်။ အာရုံနဲ့ စပ်ဟပ်နေအောင် ဝိစာရက လုပ်ပေးတယ်။ ဝိတက်နဲ့ ဝိစာရဟာ တစ်ပြိုင် နက် ဖြစ်တယ်။
သူတို့ဖြစ်ပုံ အထူးကို နားလည်အောင် ပေးတဲ့ ဥပမာတွေက –
ခေါင်းလောင်းတစ်ခုကို တီးလိုက်တဲ့အခါ ပထမတီးလို့ ဒေါင်ကနဲ ထွက်လာတဲ့ မြည်သံက ဝိတက်၊ နောက်ကလိုက်ညည်းတဲ့အသံက ဝိစာရ။
တစ်နည်းအားဖြင့် – ငှက်ဟာ ကောင်းကင်ကို ပျံတက်ချင်တဲ့အခါ အတောင်ခတ်ပြီး ထပျံတာက ဝိတက်၊ ကောင်းကင်မှာ ဝဲနေတာက ဝိစာရ။
နောက်တစ်နည်းအားဖြင့် – ပျားပိတုန်းဟာ ပဒုမ္မာကြာဆီ စိုက်ထိုးသွားတာက ဝိတက်၊ ကြာပွင့်ပေါ်မှာ ရစ်ဝဲနေတာက ဝိစာရ။
နောက်တစ်နည်းအားဖြင့် – ခွက်တစ်ခု မည်းနေလို့ ပွတ်တိုက် ဆေးကြောချင်တာ ခွက်ကို ကျကျနန ဆုပ်ကိုင်တဲ့ လက်က ဝိတက်၊ ပွတ်တိုက်ဆေးကြောတဲ့ နောက်လက်တစ်ဖက်က ဝိစာရ။
ဝိတက်ဟာ ပကိဏ်းစေတသိက်ဖြစ်တော့ တချို့စိတ်တွေမှာ မယှဉ်ဘူး။ အဟိတ်စိတ်ထဲက မြင်စိတ် ကြားစိတ်တွေ စသည်ဟာ အာရုံနဲ့ အခံ ထိခိုက်မှု အားကြီးလို့ အာရုံပေါ်တင်ပေးစရာ မလိုဘူး။ ဒါကြောင့် ဝိတက်က အဲဒီမှာ မယှဉ်ဘူး။ ဒုတိယဈာန်၊ တတိယဈာန်စိတ်တွေကျတော့ ဘာဝနာရဲ့အစွမ်းကြောင့် ဝိတက် မယှဉ်ဘူး။

အဓိမောက္ခ

အဓိမောက္ခဆိုတာ အာရုံကို ဆုံးဖြတ်ခြင်း သဘော။ အာရုံကို ဒီအာရုံပဲလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခြင်းသဘောကို အဓိမောက္ခလို့ ခေါ်တယ်။
ရှေးတုန်းက မြို့တံခါးကို ခိုင်ခိုင်မာမာ ခပ်ကြီးကြီး လုပ်ရတယ်။ အဲဒီလို တံခါးတိုင်ကြီး ခိုင်မြဲသလို အဓိမောက္ခကို တံခါးတိုင်ကြီးနဲ့ ဥပမာပေးတယ်။

ဝီရိယ

သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော။ ဝီရိယရှိလို့ သမ္ပယုတ်တရားတွေက တည်တည် တံ့တံ့ ဖြစ်နေတာ။ ဝီရိယလျော့သွားတာနဲ့ တစ်ပြိုင်နက် အလုပ်မလုပ်ချင်တော့ဘူး။ ဒီဝီရိယ မပါရင် ဘာမှ လုပ်လို့ မဖြစ်ဘူး။ တရားထိုင်တဲ့အခါ ဝီရိယလေးနဲ့ လုပ်မှ စိတ်ဟာ အာရုံပေါ် ရှိတာ။ ဒီလို မဟုတ်ရင် စိတ် က ဟိုရောက် ဒီရောက် ရောက်နေတာ။ နည်းနည်းလေး ဂရုစိုက်လိုက်မှ စိတ်က အာရုံပေါ် ပြန်ရောက် လာတာ။ ဝီရိယလေး လျော့ရင် သွားပြန်ရော၊ အဲဒီလိုပေါ့။

ပီတိ
ပီတိဆိုတာ အာရုံကို နှစ်သက်ခြင်းသဘော။ သူက အာရုံကို မခံစားဘူးနော်။ ခံစားတာက ဝေဒနာ။ ပီတိက နှစ်သက်တာ။ ပီတိနဲ့ သုခဆိုတာ မတူဘူး။ ထူးခြား ကွဲပြားတယ်။ စိတ်ပိုင်းတုန်း က ပြောခဲ့ဖူး တယ်။ သဲကန္တာရခရီးသွား ဥပမာ။ မောပန်းနေတဲ့ သဲကန္တာရခရီးသွားဟာ လူတစ်ယောက် နဲ့  တွေ့လို့ မေးမြန်း တဲ့အခါ ရှေ့တစ်မိုင်လောက်မှာ အိုအေစစ်ရှိတယ်ဆိုတာ ကြားသိရတဲ့အချိန်က စပြီး အိုအေစစ်ဆီ ရောက်သည်တိုင်အောင် နှစ်သက်မှု ဖြစ်တာက ပီတိ။ ရေတွေသောက် ချိုးသုံးပြီး သစ်ပင်အောက်မှာ အေးအေးလူလူ အနားယူတာက သုခ ခံစားမှု။ ခံစားမှု မရောက်သေး ခင်ဟာ ပီတိ၊ ခံစားတဲ့အခါကျတော့ သုခ။ ဒါပေမယ့် ပီတိနဲ့ သုခဟာ တစ်ပြိုင်နက်ထဲ ဖြစ်တဲ့ စိတ်တွေ အများကြီး ရှိတယ်။
အဲဒီ ပီတိဟာ ၅-မျိုး ရှိတယ်။
ပထမပီတိက အသေးစားပီတိ၊ တရားထိုင်တဲ့အခါ တွေ့တတ်တယ်။ တစ်ခါတလေ သိမ့်ကနဲ သိမ့်ကနဲ ဖြစ်တယ်။ ကြက်သီးမွေးညင်း ထသလို ဟိုနားကဖြစ် ဒီနားကဖြစ်။ ကြက်သီးမွေးညင်းထရုံလောက်ဖြစ်တဲ့ ပီတိ (ခုဒ္ဒကာပီတိ)။
ပြီးတော့ နောက်တစ်ခု သူ့ထက် နည်းနည်း ပိုအားကြီးတဲ့ ပီတိ။ တစ်ခဏမျှ သိမ့်ကနဲ သိမ့်ကနဲ ဖြစ်သွားတာမျိုးရှိတယ်။ (ခဏိကာပီတိ)
နောက်ပီတိတစ်ခုက လှိုင်းကြီးများ ဝုန်းကနဲ ဝုန်းကနဲ ရိုက်နေတာမျိုးဖြစ်နေတဲ့ ပီတိ (သြက္ကန္တိကာပီတိ)။
နောက်ပီတိတစ်ခုကတော့ ထပျံနိုင်တဲ့ ပီတိမျိုး။ အဲဒီပီတိဖြစ်ရင် လူထခုန်နိုင်တယ်။ ရွေ့သွားနိုင်တယ်။ ဥဗ္ဗေဂါပီတိလို့ ခေါ်တယ်။
နောက်တစ်ခုကတော့ ဝါဂွမ်းဆီထိသလို တစ်ကိုယ်လုံး ပျံ့နှံ့သွားတဲ့ ပီတိမျိုး။ ဖရဏာပီတိလို့ ခေါ်တယ်။
ပီတိ ၅-မျိုး။ ဒီ ၅ မျိုးစလုံးလိုပဲ တရားထိုင်ရင် တွေ့ရမယ်။ အစပိုင်းတော့ မရသေးဘူးပေါ့။ ကြာလာတော့ တွေ့လာမယ်။
ဆန္ဒ
ဆန္ဒဆိုတာ ပါဠိစကား။ လိုလားခြင်းသဘော၊ ပြုလိုကာမျှသဘောလေးပဲ။ သူက လောဘနဲ့ နီးစပ်တယ်။ သို့သော် မတူဘူး။
လောဘကျတော့ တွယ်တာ ငြိကပ်မှု ပါသွားပြီ။ လိုချင်သွားပြီ။
ဆန္ဒကို ဥပမာပေးတာက လေးသမား လေးပစ်တဲ့အခါကျတော့ မြားကောက်ဆွဲယူတယ်။ မြားယူတာဟာ ယူချင်ရုံမျှပဲ။ မြားအပေါ်မှာ ဘာမှ တွယ်တာမှု မရှိဘူး။ ပစ်တော့ ပစ်မှာပဲ။ အဲဒါလိုဟာမျိုးကို ဆန္ဒလို့ ခေါ်တယ်။
ဆန္ဒဟာ ကုသိုလ်ဆန္ဒလည်း ဖြစ်နိုင်တယ်။ အကုသိုလ်ဆန္ဒလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက အကုသိုလ်စိတ်မှာလည်း ယှဉ်နိုင်တယ်။
ပါဠိမှာ ဆန္ဒဆိုတဲ့ စကားလုံးဟာ တစ်ခါတလေ ဒီဆန္ဒကိုပဲ ဆိုလိုတယ်။ တစ်ခါတလေ ကာမစ္ဆန္ဒလို့ ခေါ်တာ ရှိတယ်။ ကာမဆန္ဒကို ကာမစ္ဆန္ဒလို့ ခေါ်တဲ့အခါကျတော့ လောဘ။
တရားလိုလားတာမျိုး၊ တရားကို အလိုရှိတယ်ဆိုရင်တော့ ဓမ္မစ္ဆန္ဒပေါ့။ ဓမ္မဆန္ဒ သို့မဟုတ် ကုသလဆန္ဒ။
ကုသိုလ်ဘက်ကဆို ကောင်းတဲ့ အလို၊ ကာမဂုဏ်ဘက်က ပြောရင် ကာမစ္ဆန္ဒ။
ကောင်းပြီ … ဒီ ‘ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ’ စေတသိက် ၆-ပါးကို ပကိဏ်းစေတသိက် ၆ ပါးလို့ ခေါ်တယ်။
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါးနဲ့ ပကိဏ်းစေတသိက် ၆ ပါး နှစ်ခုပေါင်းလိုက်တဲ့ ၁၃ ပါးကို အညသမာန်းစေတသိက်လို့ ခေါ်တယ်။

၎။ အတိပရိတ္တာရုံ (အလွန်အားနည်းသော စိတ္တက္ခဏအသက်ရှိသော အာရုံ)
အလွန်အားနည်းလွန်းသောကြောင့် (မြင်လိုက်သလိုလို ကြားလိုက်သလိုလိုမျှသာ ဖြစ်၍) ဘဝင်လှုပ်ရုံပဲ လှုပ်ပြီး ဘဝင်ပြန်ကျသွားသောကြောင့် မောဃဝါရ (အလကားဝါရ)ဟု ခေါ်၏။

‘ပထမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၀)
ဘဝင်္ဂစလန (၂)
ဘဝင် (၅)

‘ဒုတိယ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၁)
ဘဝင်္ဂစလန (၂)
ဘဝင် (၄)

‘တတိယ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၂)
ဘဝင်္ဂစလန (၂)
ဘဝင် (၃)

‘စတုတ္ထ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၃)
ဘဝင်္ဂစလန (၂)
ဘဝင် (၂)

‘ပဉ္စမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၄)
ဘဝင်္ဂစလန (၂)
ဘဝင် (၁)

‘ဆဋ္ဌမ အတိပရိတ္တာရုံ’

အတီတဘဝင် (၁၅)
ဘဝင်္ဂစလန (၂)

စက္ခုဒွါရအတွက် ဝီထိပေါင်းမှာ –
အတိမဟန္တာရုံ(တဒါရမ္မဏဝါရ) (၁)ဝီထိ
မဟန္တာရုံ(ဇဝနဝါရ) (၂)ဝီထိ
ပရိတ္တာရုံ(ဝေါဋ္ဌဗ္ဗနဝါရ) (၆)ဝီထိ
အတိပရိတ္တာရုံ(မောဃဝါရ) (၆)ဝီထိ – စုစုပေါင်း (၁၅)ဝီထိ ရ၏။
ဤနည်းတူ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရတို့၌လည်း တစ်ဒွါရစီ၌ (၁၅)ဝီထိစီ ရသောကြောင့် ၅-ဒွါရ(ပဉ္စဒွါရ)မှာ ၁၅x၅ = ၇၅ ဝီထိ ရှိ၏။


ဝီထိသရုပ်ခွဲ
“ပဉ္စသတ္တရိ၊ ဝီထိပဉ္စဒွါ
ချရာစိတ်စု၊ စတုပညာ ကာမသာချည်း။
အာရုံမှာမူ၊ ဘဝင်ဟူသမျှ
သုံးဝအတိတ်၊ ကံနိမိတ်တည်း။
ကြွင်းစိတ်(အာ)ရုံငါး
မှီကားသူပင်၊ သူ့ဝိညာဉ်သာ
ကြွင်းလျှင်စိတ်စု၊ ရှေးရှေးဥသည့်
ဝတ္ထုဟဒယ၊ စွဲမှီကြသည်
ဒွိဟလွတ်ကင်း ရှင်းလေတည်း။”
(မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)

ပဉ္စသတ္တရိ = ၇၅
ဝီထိပဉ္စဒွါ = ပဉ္စဒွါရဝီထ
ချရာစိတ်စု = ပါဝင်နိုင်သော စိတ်စု
စတုပညာ ကာမသာချည်း = ကာမစိတ် ၅၄ ပါးချည်းသာ
သုံးဝအတိတ် ကံနိမိတ် = ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးမျိုး
ကြွင်းစိတ်(အာ)ရုံငါး = ‘ဘဝင်စိတ်’မှ ကြွင်းသော (ပဉ္စဒွါရာဝဇ္ဇန်းမှ တဒါရုံထိ) စိတ်များသည် သက်ဆိုင်ရာ အာရုံငါးပါးကို အာရုံပြု၏။ (စက္ခုဒွါရဝီထိဖြစ်လျှင် ပစ္စုပ္ပန်ရူပါရုံ၊ သောတဒွါရဝီထိဖြစ်လျှင် ပစ္စုပ္ပန်သဒ္ဒါရုံ စသည်)
မှီကားသူပင်၊ သူ့ဝိညာဉ်သာ = သူ့ဝိညာဏ်က သူ့ဝတ္ထုကို မှီ၏။ (စက္ခုဝိညာဏ်သည် စက္ခုဝတ္ထု၊ သောတဝိညာဏ်သည် သောတဝတ္ထု စသည်)
ကြွင်းလျှင် စိတ်စု = ပဉ္စဝိညာဏ်မှ ကြွင်းသော စိတ်များ
ရှေးရှေးဥသည့်၊ ဝတ္ထုဟဒယ = ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု (အတူတူဖြစ်သော ဟဒယဝတ္ထုကို မမှီ၊ သူ၏ ရှေ့က စိတ်နှင့်အတူ ဥပါဒ်ပြီး သူဖြစ်သောအချိန်တွင် ရုပ်၏ ဌီခဏသို့ ရောက်နေသော ဟဒယဝတ္ထုကို မှီ)
(ရုပ်၏အသက်မှာ စိတ္တက္ခဏ ၁၇ ချက်ရှိသဖြင့် သူ့ရှေ့က ဖြစ်ခဲ့သော ဟဒယဝတ္ထုမှာ သူဖြစ်နေတုန်း ရှိနေသေးသောကြောင့် ထိုဟဒယဝတ္ထုကို မှီခြင်း ဖြစ်သည်။)

ကျမ်းဂန်လာ ‘သရက်ပင်အောက် အိပ်နေသူ’ ဝီထိဥပမာ
အဋ္ဌသာလိနီကျမ်းတွင်လာသော အသုံးများသည့် သရက်ပင်အောက် အိပ်နေသူ ဝီထိဥပမာ ကို တောင်မြို့ဆရာတော်က လင်္ကာရေးစပ်ထားခဲ့၏။
မှတ်လော့မျက်မြင်၊ ကွက်ကွက်ထင်စိမ့် သရက်ပင်အောက်၊လူတစ်ယောက်၏ ရှေ့နောက်ခေါင်းမြီး၊ ခြုံ၍ ပြီးသော် အိပ်ပျော်လေငြား၊ ကြွေသံအားကြောင့် နိုးကြားသဖြင့်၊ ခေါင်းခြုံဖွင့်၍ ကြည့်လစ်မြင်ရာ၊ ယူကာနှိပ်စမ်း ရှူကာနမ်းလျက်၊ မှည့်မှန်းသိသော် ရွှင်ပျော်သုံးစား၊ ရသာပွား၍ မျိုငြားလေပြီး၊ ရှေးနည်းအိပ်ပင် ပမာဆင်လော့။ ဘဝင်သည်ကား၊ အိပ်သောလားသို့ နီးပါးကြွေပုံ၊ အာရုံထိခိုက် နိုးလိုက်သည့်ဟန်၊ အာဝဇ္ဇန်တည်း ဖွင့်လှန်ကြည့်မှု၊ စက္ခုဝိညာဏ် ယူငင်တစ်ခန်း၊ ပဋိစ္ဆန်းနဲ့ နှိပ်စမ်းသန္တီ၊ ရဏမည်၏ မှတ်ပြီဝုဋ္ဌော သုံးစားသောအား၊ ဇောအလားရှင့် မျိုငြားလေပုံ၊ တဒါရုံမှတ် နောက်ထပ်အိပ်ပြန်၊ ဘဝင်ဟန်တူ ပြင်ရန်ပြုသူ၊ မရှိမူလည်း မတူရှေ့နောင်၊ ကိစ္စဆောင်လျက် ဖြစ်တိုင်းပျက်၍ ဆက်ဆက်စဉ်သာ၊ မမြင်ပါလည်း
ထင်စွာသဘော၊ စဉ်ကာနှောသည် အဟော နိယာမပေတကား။
ရှေ့နောက် တစ်ခုနှင့်တစ်ခု မတူ၊ ပဉ္စဒွါရာဝဇ္ဇန်းက ဆင်ခြင်, စက္ခုဝိညာဏ်က မြင်, သမ္ပဋိစ္ဆိုင်းက လက်ခံ, သန္တီရဏက စုံစမ်း စသည်ဖြင့် စီကာစဉ်ကာ ဖြစ်ပျက်နေသည်မှာ ဘယ်သူကမှ အမိန့်ပေး ခိုင်းစေနေခြင်းကြောင့်မဟုတ်ဘဲ နိယာမ ၅-ပါးလာ စိတ္တနိယာမသဘောတရားအရ သူ့သဘာဝ အတိုင်း ဖြစ်ပျက်နေခြင်း ဖြစ်၏။

ပဉ္စဒွါရဝီထိများကို ခွဲခြမ်းကြည့်သော် –

ဝီထိစိတ်အမျိုးအားဖြင့် – ၇ မျိုး [ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခု/သောတ/ဃာန/ဇိဝှါ/ကာယ ဝိညာဏ်(အာဝဇ္ဇန်းဝိညာဏ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ]

စိတ်အရေအတွက်အားဖြင့် – ၁၄ ခု [ပဉ္စဒွါရာဝဇ္ဇန်း ၁ + အာဝဇ္ဇန်းဝိညာဏ် ၁ + သမ္ပဋိစ္ဆိုင်း ၁ + သန္တီရဏ ၁ + ဝုဋ္ဌော ၁ + ဇော ၇ + တဒါရုံ ၂] ဖြစ်၏။
ပဉ္စဒွါရဝီထိများတွင် ပါနိုင်သော၊ ရနိုင်သော စိတ်များမှာ ကာမာဝစရစိတ် ၅၄ ခုထဲက စိတ်များသာ ရနိုင်၏။
ပဉ္စဒွါရဝီထိများမှာ ပရမတ်သဘောကို မြင်ရုံ ကြားရုံ စသည်သာ ရှိပြီး ပညတ်ထိအောင် မရောက်သေးပေ။
သူ့နောက်ကလိုက်သော မနောဒွါရဝီထိများ ဖြစ်ပြီးမှ ပညတ်သဘောသို့ ရောက်၏။

မနောဒွါရဝီထိ
ပဉ္စဒွါရဝီထိများ၏ အာရုံမှာ ပစ္စုပ္ပန် ပဉ္စာရုံဖြစ်ပြီး၊ မနောဒွါရ၏ အာရုံမှာ ပစ္စုပ္ပန်တင်မက ‘အတိတ်’ ‘အနာဂတ်’ လည်း ဖြစ်နိုင်၏။ ‘စိတ်’, ‘စေတသိက်’, ‘ရုပ်’, ‘အတိတ်တရား’, ‘အနာဂတ်တရား’, ‘ပညတ်’, ‘နိဗ္ဗာန်’ အားလုံး ထင်နိုင်၏။
မနောဒွါရဝီထိကို “ကာမဇောဝါရ”နှင့် “အပ္ပနာဇောဝါရ” နှစ်မျိုး ထပ်ခွဲနိုင်၏။
ကာမဇောဝါရဝီထိ
ကာမဇောများ ပါဝင်သော ဝီထိ ဖြစ်၏။
ကာမဇောဝါရတွင် –
ထင်ရှားသော အာရုံကို အာရုံပြုပြီးဖြစ်သော “ဝိဘူတာရုံဝီထိ” နှင့်
မထင်မရှား အာရုံကို အာရုံပြုပြီးဖြစ်သော “အဝိဘူတာရုံဝီထိ” ဟူ၍ ထပ်ပြီး ခွဲခြား၏။

ဝိဘူတာရုံဝီထိ
အတိတ်အာရုံ, အနာဂတ်အာရုံကို အာရုံပြုနိုင်သဖြင့် ရုပ်သက် ၁၇-ချက်နှင့် သတ်မှတ်ရန် မလိုတော့ပေ။
ဘဝင် တစ်ချက်လွန် နှစ်ချက်လွန် စသည် မပြောနိုင်တော့၍ အတီတဘဝင် ချစရာ မလို။
သို့သော် ဘဝင်လှုပ်ရန် လို၏။
ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဇော ၇-ကြိမ် —> တဒါရုံ ၂-ကြိမ် —> ဘဝင် …..

အဝိဘူတာရုံဝီထိ
အာရုံ မထင်မရှားသောကြောင့် တဒါရုံ မကျတော့။
ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဇော ၇-ကြိမ် —> ဘဝင် …..

စိတ်,စေတသိက်၊ ရုပ် တိတ် နာဂတ် ပညတ် နိဗ္ဗာန်၊ ထင်လာမှန်လျှင် ဘဝင်တီတ၊ ချဖွယ် မဟုတ်။
ပစ္စုပ်ရုပ်သာ၊ ထင်သောခါဝယ် လျော်စွာနှိုင်းညှိ၊ ချခွင့်ရှိသည်ုယုတ္တိ ယုတ္တာ စမ်းလေလော့။

မနောဒွါရမှာ အာရုံအမျိုးမျိုး ထင်လာနိုင်ရာ ပစ္စုပ္ပန်အာရုံထင်လျှင်မူ ‘အတီတဘဝင်’ ချနိုင်၏။
စိတ်၊ စေတသိက်၊ အတိတ်အာရုံ ရုပ်၊ အနာဂတ်အာရုံ ရုပ်၊ ပညတ်၊ နိဗ္ဗာန် တို့ကို အာရုံပြုလျှင်မူ ‘အတီတဘဝင်’ ချရန် မလို။

အပ္ပနာဇောဝါရဝီထိ
မဟဂ္ဂုတ်နှင့် လောကုတ္တရာဇောများ အဓိကပါသော ဝီထိ ဖြစ်၏။
(အပ္ပနာဇော ၂၆ = ရူပါဝစရကုသိုလ် ၅ + ရူပါဝစရကြိယာ ၅ + အရူပါဝစရကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ + လောကုတ္တရာ ၈)
အပ္ပနာဇောဝါရဝီထိကိုလည်း ‘ဈာနဝီထိ’နှင့် ‘မဂ္ဂဝီထိ’ ဟူ၍ အကြမ်းဖျင်း ၂ မျိုး ခွဲခြား၏။

ဈာနဝီထိ
ဈာနဝီထိတွင် ဈာန်ကို ပထမ စ,ရသောအခါ ဖြစ်သော ဝီထိ (စ)နှင့် နောင် ဈာန်ဝင်စားသောအခါ ဖြစ်သော ဝီထိ (ဝင်စား) ဟူ၍ ၂-မျိုး ထပ်ရှိ၏။
ဈာန် ပထမဆုံးရရှိစဉ် ဖြစ်သော ဝီထိကို ပါဠိလို ‘အာဒိကမ္မိက ဈာနဝီထိ’ဟု ခေါ်၏။
(ဈာန်ရအောင် အားထုတ်နေသော ပုဂ္ဂိုလ်၏ စိတ်သည် ဉာဏ်နှင့်ယှဉ်သော စိတ် ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သော စိတ်ဖြင့် ရှုမှသာ ဈာန်ရနိုင်၏။ ထို့ကြောင့် ဈာန်ဇော၏ ရှေ့က ဖြစ်မည့် ကာမာဝစရဇောသည် ပုထုဇဉ်ပုဂ္ဂိုလ်အတွက် ဉာဏသမ္ပယုတ် ကာမကုသိုလ်ဇော၊ ရဟန္တာဖြစ်ပြီးမှ ဈာန်ရအောင် အားထုတ်သူအတွက် ဉာဏသမ္ပယုတ် ကာမကြိယာဇော ဖြစ်၏။)
ဈာန်ရပုဂ္ဂိုလ်တို့မှာ ဉာဏ်ထက်ကြသူချည်းဖြစ်သော်လည်း ဉာဏ်အနည်းငယ် နုံ့(ညံ့)သောပုဂ္ဂိုလ် (မန္ဒပုဂ္ဂိုလ်)၊ ဉာဏ်ပိုထက်သူ (တိက္ခပုဂ္ဂိုလ်)ဟူ၍ ရှိပြန်ရာ ဝီထိတစ်မျိုးစီ ဖြစ်၏။

မန္ဒပုဂ္ဂိုလ် ဈာနဝီထိ (စ)
ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း ပြီးနောက် ကာမာဝစရဇော ၄ ကြိမ် (ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ) စောကာ, ဈာန်ဖြစ်ပြီး ဘဝင် ပြန်ကျသွား၏။
ပရိကံ = အခြေခံ ပြုပြင် စီရင်သော စိတ်
ဥပစာ = (အပ္ပနာဈာန်၏) မနီးမဝေး၌ ဖြစ်သော စိတ်
အနုလုံ = အောက် ပရိကံ, အထက် အပ္ပနာဇောတို့နှင့် လျော်စွာဖြစ်သော စိတ်
ဂေါတြဘူ = ကာမအနွယ်ကို လွှမ်းမိုးသော၊ မဟဂ္ဂုအနွယ်ထဲသို့ ရောက်စေသော စိတ်
ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ပရိကံ —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဘဝင်

တိက္ခပုဂ္ဂိုလ် ဈာနဝီထိ (စ)

တိက္ခပုဂ္ဂိုလ်မှာ ပရိကံ မပါတော့ဘဲ ကာမာဝစရဇော သုံးကြိမ်သာ စောတော့၏။
ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဘဝင်
ပထမဦးဆုံးအကြိမ် ဈာန်ရပြီးနောက် နောင် ဈာန်ပြန်ဝင်စားသောအခါ ဈာန်နှင့် အချိန်ကြာမြင့်စွာ နေပါက ဈာန်စိတ် အကြိမ်ပေါင်းများစွာ ဖြစ်နိုင်၏။

မန္ဒပုဂ္ဂိုလ် ဈာနဝီထိ (ဝင်စား)

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ပရိကံ —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဈာန် —> ဈာန် —> ဈာန် …..

တိက္ခပုဂ္ဂိုလ် ဈာနဝီထိ (ဝင်စား)

ဘဝင် —> ဘဝင်္ဂစလန —> ဘဝင်္ဂုပစ္ဆေဒ —> မနောဒွါရာဝဇ္ဇန်း —> ဥပစာ —> အနုလုံ —> ဂေါတြဘူ —> ဈာန် —> ဈာန် —> ဈာန် —> ဈာန် …..

ဈာနဝီထိမှာ ကာမာဝစရဇော ၄-ကြိမ် (အမည်အားဖြင့် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ/ဇောအနေဖြင့် တစ်ခုတည်းက ထပ်ကာ ထပ်ကာ ဖြစ်ခြင်း) စောရာ – ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်များအတွက် ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇော ၄ ခုအနက် တစ်ခုခု၊ ရဟန္တာဖြစ်ပါက ဉာဏသမ္ပယုတ် ကာမာဝစရကြိယာဇော ၄ ခုအနက် တစ်ခုခု ဖြစ်၏။
ကာမာဝစရဇော ၄-ကြိမ် ဖြစ်ပြီး၊ ဈာန်ဇောတစ်ကြိမ်ဖြစ်ရာ – ရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်၊ အရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် တို့အနက် တစ်ခုခု ဖြစ်၏။
ဈာနဝီထိ၏ အာရုံမှာ ကသိုဏ်းပညတ် (အသုဘ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ) စသည် ဖြစ်၏။
ဘဝင်မှာ ကာမသတ္တဝါဖြစ်က ကာမဘဝင်၊ ရူပါဝစရသတ္တဝါဖြစ်က ရူပါဝစရဘဝင်၊ အရူပါဝစရသတ္တဝါဖြစ်က အရူပါဝစရဘဝင် စသည် ဖြစ်၏။
မှီရာဝတ္ထုမှာ ရှေးရှေးစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု ဖြစ်၏။

ကာမဇောနောင် အပ္ပနာဇော

ဈာနဝီထိတွင် ကာမဇောနောက်က ဈာန်ဇော လိုက်၏။
ရှေ့ ကာမာဝစရဇောများမှာ ကာမာဝစရကုသိုလ် ဉာဏသမ္ပယုတ် သောမနဿ ၂ ခု, ဥပေက္ခာ ၂ ခု၊ ကာမာဝစရကြိယာ ဉာဏသမ္ပယုတ် သောမနဿ ၂ ခု, ဥပေက္ခာ ၂ ခု တို့မှ တစ်ခုခု ဖြစ်၏။
ရှေ့ ကာမာဝစရဇော (ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူ) သည် “သောမနဿ”ဖြစ်က နောင်မှာ သောမနဿ အပ္ပနာဇော လိုက်၏။
ကာမာဝစရဇော “ဥပေက္ခာသဟဂုတ်” ဖြစ်က နောင် ဥပက္ခောသဟဂုတ် အပ္ပနာဇော စော၏။
တစ်ခါ –
ရှေ့ ကာမာဝစရဇောသည် ကာမာဝစရ‘ကုသိုလ်’ “ဉာဏသမ္ပယုတ်”ဇောဖြစ်က နောင် အပ္ပနာ ကုသိုလ်ဇော (ရူပါဝစရကုသိုလ်, အရူပါဝစရကုသိုလ်, မဂ်)နှင့် အောက်ဖိုလ် ၃-ခု (သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်) စော၏။
ရှေ့ ကာမာဝစရဇောသည် ကာမာဝစရ‘ကြိယာ’ “ဉာဏသမ္ပယုတ်ဇော”ဖြစ်က နောင် အပ္ပနာ ကြိယာဇော (ရူပါဝစရကြိယာ၊ အရူပါဝစရကြိယာ) လိုက်၏။
ထို့ကြောင့် –
မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၃၂ (မဟဂ္ဂုတ် ကုသိုလ် သောမနဿ ၄ + လောကုတ္တရာ မဂ် သောမနဿ ၁၆ + လောကုတ္တရာ အောက်ဖိုလ် သောမနဿ ၁၂)
မဟာကုသိုလ် ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၁၂ (မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာ ၅ + လောကုတ္တရာ မဂ် ဥပေက္ခာ ၄ + လောကုတ္တရာ အောက်ဖိုလ် ဥပေက္ခာ ၃)
မဟာကြိယာ သောမနဿ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၈ (မဟဂ္ဂုတ် ကြိယာ သောမနဿ ၄ + လောကုတ္တရာ အရဟတ္တဖိုလ် သောမနဿ ၄)
မဟာကြိယာ ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂-ခု နောင် —-› အပ္ပနာဇော ၆ (မဟဂ္ဂုတ် ကြိယာ ဥပေက္ခာ ၅ + လောကုတ္တရာ အရဟတ္တဖိုလ် ဥပေက္ခာ ၁) ခု စောနိုင်၏။

တဒါရုံကို သတ်မှတ်ခြင်း
မဂ်ဖိုလ်ရတယ်ဆိုရင် မဂ္ဂဝီထိ ဖြစ်ကို ဖြစ်ရတယ်။
အကျွတ်တရားရတယ် ဆိုတာ ဒါကို ခေါ်တာ။ ဒီ မဂ္ဂဝီထိမဖြစ်ဘဲနဲ့ မဂ်ဖိုလ်ရတယ်လို့ မရှိဘူး။
မဂ္ဂဝီထိဖြစ်မယ် ဆိုရင် ဒီဝီထိထဲမှာ ကာမာဝစရဇောတွေ ပါနေတယ်။ အဲဒီ ကာမာဝစရဇောတွေဟာ ဘာတွေလဲဆိုရင် ဝိပဿနာဇောတွေ။ ဝိပဿနာဇောဖြစ်တဲ့အတွက်ကြောင့် ဝိပဿနာ ရှေ့သွားမရှိဘဲနဲ့ မဂ်ဖိုလ် ရတယ်ဆိုတာ မဖြစ်နိုင်ဘူး။
မြတ်စွာဘုရားက ဂါထာတစ်ပုဒ် ဟောလိုက်လို့ ဂါထာနာရသည်၏ အဆုံး၌ သောတာပန်တည်သွားတယ် စသည်ဖြင့် ဝတ္ထုဇာတ်ကြောင်းတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ဓမ္မပဒ ဝတ္ထုကြောင်းတွေ ဖတ် ရင် တွေ့ ရလိမ့်မယ်။ အဲဒီလို အခါမှာလည်းပဲ ဝိပဿနာ လုံးဝ မရှုဘဲနဲ့တော့ အကျွတ်တရားရသွားတာ မဟုတ်ဘူး။ သောတာပန်၊ သကဒါဂါမ် စသည် ဖြစ်သွားတာ မဟုတ်ဘူး။ ဝိပဿနာတော့် ရှုရသေးတာပဲ။
ဒါပေမယ်လို့ အလွန် လျင်မြန်တဲ့အတွက်ကြောင့် ချက်ချင်း ရသွားသလို ထင်ရတယ်။ တရားနာ ရင်း ပဲ အနိစ္စ, ဒုက္ခ, အနတ္တကတော့ ရှုရတယ်နော်၊ ရှုမိသွားတာပေါ့ လေ။ ဒါကြောင့် ဝိပဿနာ မပါဘဲနဲ့ မဂ်ဖိုလ် ကို ဘယ်တော့မှ မရနိုင်ဘူးဆိုတာကိုတော့ သေချာကို မှတ်ထားကြ။ (အရှင်သီလာနန္ဒာဘိဝံသ)

ကာမဇော နောင်၊ အပ္ပနာဇော
 
သောမနဿ သဟဂုတ်ဇော နောင်, သောမနဿ အပ္ပနာ
ဥပေက္ခာ သဟဂုတ်ဇော နောင်, ဥပေက္ခာ သဟဂုတ် အပ္ပနာ
ကုသိုလ် နောင်, ကုသိုလ်နှင့် အောက်ဖိုလ် ၃-ခု
ကြိယာ နောင်, ကြိယာနှင့် အရဟတ္တဖိုလ် နှောင်း၏။

မဟာကုသိုလ် ၈-ခုအနက် ပထမ ၂-ခု ဖြစ်သော မဟာကုသိုလ် သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရကုသိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သောတာပတ္တိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သကဒါဂါမိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အနာဂါမိမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အရဟတ္တမဂ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သောတာပတ္တိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သကဒါဂါမိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အနာဂါမိဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)

မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရ ပဉ္စမဈာန် (၁)
– အရူပါဝစရ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– သောတာပတ္တိမဂ် ပဉ္စမဈာန် (၁)
– သကဒါဂါမိမဂ် ပဉ္စမဈာန် (၁)
– အနာဂါမိမဂ် ပဉ္စမဈာန် (၁)
– အရဟတ္တမဂ် ပဉ္စမဈာန် (၁)
– သောတာပတ္တိဖိုလ် ပဉ္စမဈာန် (၁)
– သကဒါဂါမိဖိုလ် ပဉ္စမဈာန် (၁)
– အနာဂါမိဖိုလ် ပဉ္စမဈာန် (၁)

မဟာကြိယာ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရကြိယာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
– အရဟတ္တဖိုလ် ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန် (၄)
မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် ဇော ၂-ခု နောင် – ရူပါဝစရ ကြိယာ ပဉ္စမဈာန် (၁)
– အရူပါဝစရ ကြိယာ ပထမဈာန်, ဒုတိယဈာန်, တတိယဈာန်,စတုတ္ထဈာန် (၄)
– အရဟတ္တဖိုလ် ပဉ္စမဈာန် (၁)

မဂ္ဂဝီထိ
မဂ္ဂဝီထိသည် ဈာနဝီထိနှင့် ဆင်တူ၏။
ဝိပဿနာကမ္မဋ္ဌာန်း တရားအားထုတ်၍ ဉာဏ်စဉ်အဆင့်ဆင့် တက်သွားကာ တရားထူးရသော အချိန်တွင် မဂ္ဂဝီထိ ဖြစ်၏။
မန္ဒပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိ (ပထမဆုံး မဂ်ရစဉ် ဖြစ်သော ဝီထိ)
ဘဝင်္ဂစလန —› ဘဝင်္ဂုပစ္ဆေဒ —› မနောဒွါရာဝဇ္ဇန်း —› ပရိကံ —› ဥပစာ —› အနုလုံ —› ဂေါတြဘူ —› မဂ် —› ဖိုလ် —› ဖိုလ် —› ဘဝင်
တိက္ခပညာပုဂ္ဂိုလ်၏ မဂ္ဂဝီထိ (ပထမဆုံး မဂ်ရစဉ် ဖြစ်သော ဝီထိ)
ဘဝင်္ဂစလန —› ဘဝင်္ဂုပစ္ဆေဒ —› မနောဒွါရာဝဇ္ဇန်း —› ဥပစာ —› အနုလုံ —› ဂေါတြဘူ —› မဂ် —› ဖိုလ် —› ဖိုလ် —› ဖိုလ် —› ဘဝင်
မဂ္ဂဝီထိတွင် –
မဂ်ဇောသည် တစ်ကြိမ်သာ စော၏။
ဖိုလ်ဇောသည် ၂-ကြိမ်လည်း စော၏။ ၃-ကြိမ်လည်း စော၏။
ကာမာဝစရဇော (ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု) သည် ၄-ကြိမ် စောသည်လည်း ရှိ၏။ ၃-ကြိမ်စောသည်လည်း ရှိ၏။
ပရိကံ, ဥပစာ, အနုလုံ ဝိပဿနာဇော ၃-ခုသည် တေဘူမက သင်္ခါရ ရုပ်,နာမ်ကို အာရုံပြု၏။
ဂေါတြဘု, မဂ်, ဖိုလ် တို့သည် နိဗ္ဗာန်ကို အာရုံပြု၏။
ထို့ကြောင့် ဝိပဿနာကင်းပြီး၊ ဝိပဿနာ မရှုဘဲ မဂ်ဖိုလ် မရနိုင်။
မဂ်ဖိုလ်ရပါက မဂ္ဂဝီထိ ကျကို ကျရ၏။ မဂ္ဂဝီထိ မကျဘဲ မဂ်ဖိုလ်ရသည်ဟု မရှိ။
မဂ္ဂဝီထိတွင် ပါဝင်သော ကာမာဝစရဇောများသည် ဝိပဿနာဇောများ ဖြစ်၏။ ဤဝိပဿနာဇောများ ရှေ့သွားမရှိဘဲ မဂ်ဖိုလ် မရနိုင်။

အာရုံအမျိုးအစား

(၁) အနိဋ္ဌာရုံ – အလိုမရှိအပ်သော/မနှစ်သက်အပ်သော အာရုံ
(၂) ဣဋ္ဌမဇ္ဈတ္တာရုံ – အလိုရှိအပ်သော သာမန်အာရုံ (အချို့ ဣဋ္ဌာရုံဟု သုံး၏။)
(၃) အတိဣဋ္ဌာရုံ – အလွန်အလိုရှိအပ်သော အာရုံ

အာရုံအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း

အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံ၊ အတိဣဋ္ဌာရုံ စသည် ခွဲခြားရာ၌ ကျမ်းဂန်များ၌ အလတ်တန်းစား ပုဂ္ဂိုလ်နှင့် ညှိုနှိုင်း ခွဲခြားရကြောင်း ပြဆို၏။
ချမ်းသာသူ သူဌေးကြီးအတွက် အလိုမရှိအပ်သော အာရုံသည် ဆင်းရဲနေသူအတွက် အလိုရှိအပ်သော အာရုံ ဖြစ်၏။ ဖြစ်ရန် အကြောင်းများ၏။ ထို့ကြောင့် အလတ်တန်းစားပုဂ္ဂိုလ်နှင့် ညှိပြီး ခွဲခြားရ၏။
လင်္ကာ
အလတ်စားတန်း၊ ပုဂ္ဂိုလ်မှန်းလျက် ဝိပါက်ဒွါရ၊ ချိန်ကာလနှင့် ရူပ ဂန္ဓာ၊ နှိုင်းချင့်ကာဖြင့်၊
အနိဋ္ဌာလော၊ ဣဋ္ဌာလော စစ်ကြောတွေ့တိုင်းပင်။
– အလတ်တန်းစားပုဂ္ဂိုလ်နှင့် ညှိနှိုင်း၍ ခွဲခြားရ၏။
– အကုသလဝိပါက်ကြောင့် အနိဋ္ဌာရုံ၊ ကုသလဝိပါက်ကြောင့် ဣဋ္ဌာရုံ တွေ့ကြုံရ၏။
– မစင် အညစ်အကြေးသည် အထိအတွေ့ ကာယဒွါရအားဖြင့် ဣဋ္ဌာရုံဖြစ်နိုင်ပြီး၊ အဆင်း အနံ့အားဖြင့် အနိဋ္ဌာရုံ ဖြစ်၏။
– နွေအခါ မီးအပူသည် အနိဋ္ဌာရုံ ဖြစ်ပြီး၊ ဆောင်းအခါ မီးအပူသည် ဣဋ္ဌာရုံ ဖြစ်၏။
အနိဋ္ဌာရုံကို အာရုံပြုပြီး ဝီထိဖြစ်က ထိုဝီထိတွင် ပါဝင်သောစိတ်များကို အကုသလဝိပါက် ချရ၏။
ဣဋ္ဌမဇ္ဈတ္တာရုံ, အတိဣဋ္ဌာရုံဖြစ်က ကုသလဝိပါက် ချရ၏။

တနည်းအားဖြင့် ကုသိုလ်၏အကျိုးကြောင့် အာရုံကောင်းများနှင့် တွေ့ကြုံရပြီး၊ အကုသိုလ်၏အကျိုးကြောင့် မကောင်းသောအာရုံများနှင့် တွေ့ကြုံရ၏။
ဘုရားအစရှိသော အတိဣဋ္ဌာရုံကို တွေ့မြင်ရ၍ ဝီထိကျသောအခါ ထူးခြားချက်တစ်ခုမှာ သန္တီရဏနှင့် တဒါရုံကို သောမနဿချည်းသာ ချရ၏။
ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ စိတ်များမှာ ဝိပါက်စိတ်များဖြစ်၏။ အနိဋ္ဌာရုံတွေ့လျှင် အကုသလဝိပါက်၊ ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်လျှင် ကုသလဝိပါက်၊ အတိဣဋ္ဌာရုံဖြစ်လျှင် ကုသလဝိပါက် ဟူသည့် သဘာဝ အမှန်တရားဖြစ်ရာ “ဝိပါက်အမှန်”ဟု ရှေးအဆို ရှိ၏။
သင့်တင့်လျောက်ပတ်သော နှလုံးသွင်းမှုပေါ် မူတည်၍ အနိဋ္ဌာရုံကို တွေ့သော်လည်း ကုသိုလ်ဇော စော
 နိုင်၏။အသင့်အတင့် နှလုံးမသွင်းတတ်ပါမူ အနိဋ္ဌာရုံကြောင့် အကုသိုလ်ဇော စော၏။ မိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ် တစ်ဦးအတွက် ဘုရား အစရှိသော အတိဣဋ္ဌာရုံကို မြင်သော်လည်း အကုသိုလ်ဇော စော၏။
ထို့ကြောင့် ဇောသည် ကုသိုလ်ဇောသာ စောရမည်၊ အကုသိုလ်ဇောသာ စောရမည်ဟု သတ်မှတ်ထားချက် မရှိ။ထို့ကြောင့် “ဝိပါက်အမှန်၊ ဇောအပြန်”ဟု ရှေးစကား ဆို၏။
အဓိပ္ပာယ်မှာ ဝိပါက်ကို ပြောင်းလွှဲ၍ မရ။ ဇောကို အပြန်အလှန် ပြုပြင် ပြောင်းလွဲနိုင်သည် ဟု ဆိုလို၏

တဒါရုံကို သတ်မှတ်ခြင်း

ဘဝ၌ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့သည် တစ်မျိုးတည်း တစ်ခုတည်းသာ ဖြစ်ရ၏။
ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ သုံးပါးဆုံမှသာ တဒါရုံ ကျနိုင်၏။
တဒါရုံကျသော ဝီထိများမှာ အတိမဟန္တာရုံနှင့် ဝိဘူတာရုံ ဝီထိများ ဖြစ်၏။
အကုသိုလ်စိတ် လောဘမူစိတ် ၈-ခု၊ မောဟမူစိတ် ၂-ခု ဇော နောင် —› တဒါရုံ ၁၁-ခု
ဒေါသဇော ၂-ခု နောင် —› ဥပေက္ခာတဒါရုံ ၆-ခု၊ ဥပေက္ခာ ဘဝင်
မဟာကုသိုလ်ဇော ၈-ခု နောင် —› တဒါရုံ ၁၁-ခု
သောမနဿ မဟာကြိယာဇော ၄ + ဟသိတုပ္ပါဒ် နောင် —› သောမနဿတဒါရုံ ၅-ခု
ဥပေက္ခာ မဟာကြိယာ ၄ နောင် —› ဥပေက္ခာတဒါရုံ ၆ ခု နှောင်းနိုင်၏။
(သောမနဿတဒါရုံ ၅ = သောမနဿသန္တီရဏ ၁ + သောမနဿ မဟာဝိပါက် ၄)
(ဥပေက္ခာတဒါရုံ ၆ = ဥပေက္ခာသန္တီရဏ ၂ + ဥပေက္ခာ မဟာဝိပါက် ၄)

သောမနဿဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူ မိစ္ဆာဒိဋ္ဌိ ပုဂ္ဂိုလ်တစ်ဦးသည် မြတ်စွာဘုရားတည်းဟူသော အတိဣဋ္ဌာရုံကို တွေ့မြင်ပြီး ဒေါသဇော စော၏။
သောမနဿပဋိသန္ဓေ၊ အတိဣဋ္ဌာရုံ၊ ဒေါသဇော ဟူသော အချက်များအရ –
– ဒေါသဇော နောင် သောမနဿတဒါရုံ မကျနိုင်။
– အတိဣဋ္ဌာရုံ နောင် ဥပေက္ခာတဒါရုံ မကျနိုင်။
တဒါရုံ မဖြစ်နိုင်၍ ဥပေက္ခာဘဝင် ချမည်ဆိုပါကလည်း ပဋိသန္ဓေစိတ်မှာ သောမနဿဖြစ်ရာ ဥပေက္ခာဘဝင် မချနိုင်။
သောမနဿဘဝင် ချမည်ဆိုပြန်ကလည်း ဇောမှာ ဒေါသဇောဖြစ်၍ မလျော်ညီ။
ထို့ကြောင့် အာဂန္တုကဘဝင် (ဧည့်သည်ဘဝင်/ခေတ္တဘဝင်) အငှား ချပေးရ၏။
ဤအာဂန္တုကဘဝင်စိတ်မှာ “ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်” ဖြစ်ပြီး ဘဝင်ကိစ္စကို ဆောင်ရွက်၏။

တောင်မြို့ဆရာတော်၏ လင်္ကာ
“သောမနသ်သန္ဓေ၊ စွဲကပ်နေ၍ – ယူလေ မိစ္ဆာ၊ ရှိသူမှာလျှင် လွန်စွာတင့်ဘိ၊ အတိဣဋ္ဌံ တိမဟန္တ၊ ဝိဘူတဟု ဗုဒ္ဓအာရုံ၊ ကြုံသော်လည်းကောင်း၊ တစ်ကြောင်းကမူ၊ အဝိဘူတ မဟန္တဟု၊ ကာမအာရုံ
ဆုံလေတစ်ရပ်၊
သမာပတ်ကို၊ ရလတ်ပြီးမှ ကွယ်ပသည့်ဈာန်၊ အာရုံခံလျှင်း မယွင်းတစ်ခု၊ ပညတ်စု ကို၊ ရှုလေတလော၊ ဒေါသဇောတို့၊ စော၍ပြီးတုံ တဒါရုံကား၊ အာရုံနှင့်သော် မသင့်တော်ခဲ့။ ချင့်မြှော်တခင်း၊ ဘဝင်ဆင်းလည်း မူရင်းသန္ဓေ၊ မလျော်ပေတည့် သို့နေခက်ခဲ၊ အချက်ထဲဝယ် ဆက်တွဲဟန်ပြု၊ အာဂန္တုဟု
တစ်ခုဘဝင်၊ စပ်ကြားဝင်သည် အရှင်ဆရာ့ မိန့်ခွန်းတည်း။

သောမနဿဖြင့် ပဋိသန္ဓေနေခဲ့ပြီး –

– (၁) မိစ္ဆာအယူရှိသူတစ်ဦး၏ အတိဣဋ္ဌာရုံ, အတိမဟန္တာရုံ, ဝိဘူတာရုံ လည်းဖြစ်သော ဘုရားအာရုံကို ကြုံပြီး ဒေါသဇော စောသူ၊
– (၂) အဝိဘူတအာရုံ၊ မဟန္တာရုံ ဟူသော ကာမအာရုံနှင့် တွေ့ကြုံပြီး ဒေါသဇော စောသူ၊
– (၃) ဈာန်ရပြီးနောက် ဈာန်လျောသွားသဖြင့် နှလုံးမသာမယာဖြစ်ပြီး ဒေါသဇော စောသူ၊
– (၄) ပညတ်တစ်ခုခုကို ရှုပြီး ဒေါသဇော စောသူ တို့အတွက်
(၁) မှာ တဒါရုံကျနိုင်သော ဝီထိများဖြစ်သော်လည်း ဒေါသဇော နောင် ဥပေက္ခာတဒါရုံချရန် — အာရုံမှာ အတိဣဋ္ဌာရုံဖြစ်နေ၍ မသင့်လျော်။
(၂), (၃), (၄) တို့မှာ တဒါရုံမဖြစ်သော ဝီထိများ ဖြစ်၏။
တဒါရုံမကျနိုင်သဖြင့် ဘဝင်အားဖြင့် ဥပေက္ခာဘဝင်ချရန် ဖြစ်ပြန်သော်လည်း သောမနဿပဋိသန္ဓေဖြစ်နေ၍ မလျော်ကန်ပြန်ပေ။
ထို့ကြောင့် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်က ဘဝင်ကိစ္စတပ်ပြီး ဧည့်သည်ဘဝင် (အာဂန္တုကဘဝင်) အဖြစ် ဝင်ပေးရ၏။
အတီတဘဝင် —› ဘဝင်္ဂစလန —› ဘဝင်္ဂုပစ္ဆေဒ —› ပဉ္စဒွါရာဝဇ္ဇန်း —› စက္ခုဝိညာဏ် —› သမ္ပဋိစ္ဆိုင်း —› သန္တီရဏ —› ဝုဋ္ဌော —› ဇော —› ဇော —› ဇော —› ဇော —› ဇော —› ဇော —› ဇော —› အာဂန္တုကဘဝင် (ဥပေက္ခာသဟဂုတ် သန္တီရဏ) —› ဘဝင် (မူလဘဝင် – သောမနဿဘဝင်)

ဤနေရာ (မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်၏ ဘုရားကို မြင်ရာ)၌ အာဂန္တုကဘဝင်သည် ပစ္စုပ္ပန်အာ ရုံဖြစ် 
သော မြတ်စွာဘုရားကို အာရုံမပြုဘဲ ထိုပုဂ္ဂိုလ်၏ အလေ့အကျက်များသော ကာမအာရုံ တစ်ခုခုကို ယူ၏။
ထို့ကြောင့် တစ်ဘဝတွင် ပဋိသန္ဓေ, ဘဝင်, စုတိစိတ်တို့သည် တစ်ခုတည်း တစ်မျိုးတည်း ဖြစ်ရမည်၊
ဝီထိ တစ်ခုတည်းတွင် ဖြစ်သော စိတ်များသည် တူသော အာရုံကို ယူရမည်ဟူသော အချက်များမှာ အာဂန္တုကဘဝင်ဖြစ်ရာ၌မူ ချွင်းချက် ဖြစ်၏။
(မဂ္ဂဝီထိ၌လည်း အာရုံ မတူ။)

ဇဝနနိယာမ၊ ပုဂ္ဂိုလ်စိတ်ရ

“လမ်းဆုံး မရောက်ခင်တော့ ကုသိုလ်များများ ရှိအောင် လုပ်ရမှာနော်။ ကုသိုလ်မရှိရင် အကုသိုလ် က လာတော့မှာကိုး။ သိပ်ကြောက်စရာကောင်းတယ်နော်။ စဉ်းစားကြည့်။
တစ်နေ့ တစ်နေ့ကို ငါ့သန္တာန်မှာ ကုသိုလ်စိတ် များများ ဖြစ်နေသလား၊ အကုသိုလ်စိတ် များများ ဖြစ်နေ သလား?

အကုသိုလ်စိတ် အသေးစားနဲ့ အကြီးစား ….. သူတို့ပဲ များများ ဖြစ်နေတာ။ တစ်ခါတလေ အပျော့စားတော့ အပျော့စားပေါ့လေ၊ အကုသိုလ်တော့ အကုသိုလ်ပဲ။ တစ်ခါတလေ (အကုသိုလ်စိတ်တွေ) ပြင်းပြင်း ထန်ထန် ဖြစ်တယ်။ ကုသိုလ်စိတ်ဖြစ်တဲ့အချိန်က အလွန်နည်းတယ်။ဒါကြောင့် အထူး ဂရုစိုက်ရတယ်။”
(အရှင်သီလာနန္ဒာဘိဝံသ)

ဇောကိစ္စတပ်သော စိတ် ၅၅
 
ဇောကိစ္စတပ်သော စိတ်များမှာ ကုသိုလ်, အကုသိုလ်, ဖိုလ်နှင့် အာဝဇ္ဇန်းကြဉ်သော ကြိယာစိတ်များ ဖြစ်၏။
ကာမဇော ၂၉
  •  အကုသိုလ် ၁၂ + ဟသိတုပ္ပါဒ် ၁ + မဟာကုသိုလ် ၈ + မဟာကြိယာ ၈ = ၂၉
အပ္ပနာဇော ၂၆
  •  မဟဂ္ဂုတ်ကုသိုလ် ၉ + မဟဂ္ဂုတ်ကြိယာ ၉ + လောကုတ္တရာ ၈ = ၂၆
+++++
၁-ကြိမ်စောသော ဇော
  •  ရှေးဦးစွာရသော မဟဂ္ဂုတ်ဇော
  •  အဘိညာဉ်ဇော
  •  မဂ်ဇော
  •  နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်ဇော (သို့မဟုတ်) အရဟတ္တဖိုလ်ဇော
၂-ကြိမ်စောသော ဇော
  •  မဂ်နောင် ဖိုလ်ဇော
  •  နိရောဓသမာပတ်ဝင်စားသောအခါ စတုတ္ထအရူပါဝစရ(နေဝသညာနာသညာယတန)ဇော
၂-ကြိမ် သို့မဟုတ် ၃-ကြိမ်စောသော ဇော
  •  မဂ်နောင် ဖိုလ်ဇော
၎-ကြိမ်စောသော ဇော
  •  မြတ်စွာဘုရားရှင် တန်ခိုးပြသည့်အခါ စောသော ပစ္စဝေက္ခဏာဇော
၅-ကြိမ်စောသော ဇော
  •  (မြတ်စွာဘုရား၏) သာဝကများ တန်ခိုးပြသည့်အခါ စောသော ပစ္စဝေက္ခဏာဇော
  •  သေခါနီးအခါ, တွေဝေမိန်းမော မေ့မျောနေသောအခါ, စသည်၌ စောသော ကာမဇော
၆-ကြိမ် ၇-ကြိမ်စောသော ဇော
  •  ရိုးရာအခါစောသော ကာမဇော
အကြိမ်များစွာစောသော ဇော
  •  သမာပတ္တိဝီထိ၌ဖြစ်သော (သမာပတ်ဝင်စားသောအခါဖြစ်သော) မဂ်ဇော၊ ဖိုလ်ဇော

အဘိညာဉ်ဝီထိစဉ်
 
၁။ ပါဒကဈာန်ဝီထိ (အခြေခံ ဈာန်ဝင်စား၊ မီးကသိုဏ်း, ရေကသိုဏ်း, စသည်။ ပဉ္စမဈာန်ဝင်စား)
၂။ ပစ္စဝေက္ခဏာဝီထိ (ဆင်ခြင်)
၃။ အဓိဋ္ဌာန်ဝီထိ (အဓိဋ္ဌာန်)
၎။ ပါဒကဈာန်ဝီထိ (အခြေခံ ဈာန်ဝင်စား၊ ရေကသိုဏ်း, မီးကသိုဏ်း, စသည်။ ပဉ္စမဈာန်ဝင်စား)
၅။ ပစ္စဝေက္ခဏာဝီထိ (ဆင်ခြင်)
၆။ အဘိညာဉ်ဝီထိ (ပဉ္စမဈာန်ဝင်စား)
+++++
ပုဂ္ဂိုလ် ၁၂ ယောက်
ပုထုဇဉ်ပုဂ္ဂိုလ် ၄ ယောက် + အရိယာ ၈ ယောက် = ပေါင်း ပုဂ္ဂိုလ် ၁၂ ယောက် ရှိ၏။
ပုထုဇဉ်ပုဂ္ဂိုလ် ၄ ယောက်
၁။ ဒုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
၂။ သုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
၃။ ဒွိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
၎။ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်
အရိယာ ၈ ယောက်
၁။ သောတာပတ္တိမဂ္ဂဋ္ဌ
၂။ သကဒါဂါမိမဂ္ဂဋ္ဌ
၃။ အနာဂါမိမဂ္ဂဋ္ဌ
၎။ အရဟတ္တမဂ္ဂဋ္ဌ
၅။ သောတာပတ္တိဖလဋ္ဌ
၆။ သကဒါဂါမိဖလဋ္ဌ
၇။ အနာဂါမိဖလဋ္ဌ
၈။ အရဟတ္တဖလဋ္ဌ

ပုဂ္ဂိုလ်စိတ်ရ
 
ပုဂ္ဂိုလ်ဆိုင်ရာ ရသောစိတ်များကို ရှာရန် – အပြန်အားဖြင့် ပုဂ္ဂိုလ်ဆိုင်ရာ မရသောစိတ်များကို ရှာဖွေခြင်းအားဖြင့် အလွယ်တကူ သိရှိနိုင်၏။
‘ဒုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ – ကြိယာဇောများ၊ အပ္ပနာဇောများ၊ ဉာဏသမ္ပယုတ် ဝိပါက်စိတ်များနှင့် ဉာဏဝိပ္ပယုတ်မဟာဝိပါက်စိတ်များ မရရှိပါ။
‘သုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ – ကြိယာဇောများ၊ အပ္ပနာဇောများနှင့် ဉာဏသမ္ပယုတ်ဝိပါက်စိတ်များ မရရှိပါ။
‘ဒွိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ – ကြိယာဇောများ၊ အပ္ပနာဇောများနှင့် ဉာဏသမ္ပယုတ်ဝိပါက်စိတ်များ မရရှိပါ။
‘တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’ မှာ – ကြိယာဇောများ နှင့် လောကုတ္တရာစိတ်များ မရရှိပါ။
‘မဂ္ဂဋ္ဌ ၄ ယောက်’ မှာ – သက်ဆိုင်ရာ မိမိမဂ်စိတ်မှတပါး အခြားသောစိတ်အားလုံး မရရှိပါ။
‘သောတာပတ္တိဖလဋ္ဌ’ ၌ – ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ကြိယာဇောများ၊ မဂ်စိတ်နှင့် အထက်ဖိုလ်စိတ် ၃-ပါး မရရှိပါ။
‘သကဒါဂါမိဖလဋ္ဌ’ ၌ – ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ကြိယာဇောများ၊ မဂ်စိတ်နှင့် ပထမ၊ တတိယနှင့် စတုတ္ထဖိုလ်စိတ် ၃-ပါး မရရှိပါ။
‘အနာဂါမိဖလဋ္ဌ’ ၌ – ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ၊ ဒေါသမူစိတ်များ၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်၊ ကြိယာဇောများ၊ မဂ်စိတ်နှင့် ပထမ၊ ဒုတိယ နှင့် စတုတ္ထဖိုလ်စိတ်များ မရရှိပါ။
‘အရဟတ္တဖလဋ္ဌ’ ၌ – ကြိယာဇောများ၊ အကုသိုလ်စိတ်များ၊ မဂ်စိတ်နှင့် အောက်ဖိုလ်စိတ် ၃-ပါး မရရှိပါ။
+++++
‘ဒုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’မှာ – အကုသိုလ်စိတ် ၁၂ + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ်စိတ် ၈ = ၃၇ ခု ရရှိ၏။
‘သုဂတိအဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’နှင့် ‘ဒွိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’တို့မှာ – အကုသိုလ်စိတ် ၁၂ + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ်စိတ် ၈ + ဉာဏဝိပ္ပယုတ်မဟာဝိပါက် ၄ = ၄၁ ခု ရရှိ၏။
‘တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်’မှာ – အကုသိုလ်စိတ် ၁၂ + ဟသိတုပ္ပါဒ်ကြည် အဟိတ်စိတ် ၁၇ + မဟာကုသိုလ်စိတ် ၈ + မဟာဝိပါက်စိတ် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ = ၅၄ ခု ရရှိ၏။
‘မဂ္ဂဋ္ဌ ၄ ယောက်’ မှာ သက်ဆိုင်ရာ မဂ်စိတ်တစ်ခုစီ ရရှိ၏။
‘သောတာပတ္တိဖလဋ္ဌ’၌ – အကုသိုလ်စိတ် ၇ (ဒိဋ္ဌိဂတသမ္ပယုတ် ၄ ခုနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ကြဉ်) + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ် ဂ + မဟာဝိပါက် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ + သောတာပတ္တိဖိုလ် ၁ = ၅၀ ခု ရရှိ၏။
‘သကဒါဂါမိဖလဋ္ဌ’၌ – အကုသိုလ်စိတ် ၇ (ဒိဋ္ဌိဂတသမ္ပယုတ် ၄ ခုနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ် ကြဉ်) + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ် ဂ + မဟာဝိပါက် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ + သကဒါဂါမိဖိုလ် ၁ = ၅၀ ခု ရရှိ၏။
‘အနာဂါမိဖလဋ္ဌ’၌ – အကုသိုလ်စိတ် ၅ (ဒိဋ္ဌိဂတသမ္ပယုတ် ၄ ခု၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်နှင့် ဒေါသမူစိတ် ၂ခု ကြဉ်) + ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ + မဟာကုသိုလ် ဂ + မဟာဝိပါက် ၈ + ရူပါဝစရကုသိုလ် ၅ + အရူပါဝစရကုသိုလ် ၄ + သကဒါဂါမိဖိုလ် ၁ = ၄၈ ခု ရရှိ၏။
‘အရဟတ္တဖလဋ္ဌ’၌ – အဟိတ်စိတ် ၁၈ + မဟာဝိပါက် ၈ + မဟာကြိယာ ၈ + ရူပါဝစရကြိယာ ၅ + အရူပါဝစရကြိယာ ၄ + အရဟတ္တဖိုလ် ၁ = ၄၄ ခု ရရှိ၏။
+++++

အန္တရာယ်ငါးပါး၊ ဘုံစိတ်ရ

လူတွေအနေနဲ့က တစ်ခု သတိထားဖို့ ရှိတယ်။အဲဒါလည်း ပြောချင်တယ်။
လူဆိုတာ ဝိနည်း ကို တကယ် နားလည်တာ မဟုတ်ဘူး။ ကြားဖူးနားဝသာ ရှိတယ်။
ဆိုပါတော့ …. ဘုန်းကြီးတစ်ပါး ညစာစားနေတာကို ကိုယ်က မြင်တယ်၊ ပွဲကြည့်နေတာ မြင်တယ်၊ ဒီတော့ ပါးစပ်က လွှတ်ကနဲ ပြောမိတတ်တယ်။
‘ညစာ စားနေတာပါကွာ၊ ဘယ် .. ဘုန်းကြီးဟုတ်တော့မလဲ’
‘ပွဲကြည့်နေတယ်ကွာ၊ ဘယ် .. ဘုန်းကြီးဟုတ်တော့မလဲ’
အဲဒီလို မပြောမိကြစေနဲ့။
ပွဲကြည့်ပေမယ်လို့ သူကတော့၊ ဘုန်းကြီးကတော့ ဘုန်းကြီးပဲ။ ဘုန်းကြီးကောင်း မဟုတ်ဘူးပေါ့လေ .. ဟုတ်လား။
ညစာစားနေရင်လည်း ဘုန်းကြီးကတော့ ဘုန်းကြီးပဲ။ အရက်သောက်ဦးတော့ ဘုန်းကြီးက ဘုန်းကြီးတော့ ဘုန်းကြီးပဲ။‘ဘုန်းကြီး မဟုတ်ဘူး’လို့ သွားပြီး မပြောမိစေနဲ့။ မကောင်းတဲ့ ဘုန်းကြီးတော့ ဟုတ်တယ်ပေါ့လေ။ သို့သော် ဘုန်းကြီး မဟုတ်ဘူးဆိုတာက ဘာကျမှလည်းဆိုတော့ ပါရာဇိကကျမှ ဘုန်းကြီး မဟုတ်တာ။ မထုန်မှီဝဲတယ်၊ သူများဥစ္စာခိုးတယ်၊ လူသတ်တယ်၊ ကိုယ့်မှာ ဈာန်, မဂ်, ဖိုလ် မရှိဘဲနဲ့ ဈာန်, မဂ်, ဖိုလ်ရှိတယ်လို့ လိမ်ပြောတယ်။ အဲဒီလိုဖြစ်မှ ပါရာဇိက ကျတယ်။ အဲဒီလို ပါရာဇိက ကျမှသာ သူဟာ ရဟန်းမဟုတ်တော့တာ။ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် သူက ရဟန်းတော့ ရဟန်းပဲ။
အဲဒီအပြစ်တွေကို ကုစားရင် ရသေးတယ်။ ဒေသနာကြားတယ် သို့မဟုတ် ဒဏ်ထမ်းတယ်ပဲ ပြောကြပါစို့၊ အဲဒီလို နေသွားရင် ကုစားရင် ရသေးတယ်။ အဲဒါကြောင့်မို့ ရဟန်းမဟုတ်ဘူး၊ ဒီလိုလုပ်နေရင်တော့ ရဟန်းမဟုတ်တော့ဘူး ဆိုပြီး လွှတ်ခနဲ လွှတ်ခနဲ ပြောမိတတ်တယ်။ အဲဒါ သိပ်အပြစ်ကြီးတာ။ ရဟန်း ဟုတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရဟန်းမဟုတ်ဘူးလို့ ပြောမိတာဟာ ဒီဟာနီးပါး အပြစ်ကြီးတယ်နော်။
ဟိုပုဂ္ဂိုလ်က အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။ အရိယာ မဟုတ်လည်း အဲဒီအပြစ်ဟာ ကြီးတယ်။
ဒါကြောင့်မို့ ဒါတော့ သတိထားကြ။ “ဘုန်းကြီးက မကောင်းတဲ့ ဘုန်းကြီးပဲ”၊ ဒါကတော့ နည်းနည်း ပါးပါး ပြောရင် ဖြစ်သေးတယ်။ ဒါကလည်း မပြောရင် အကောင်းဆုံးပဲ။ အအေးဆုံးပဲ။
တစ်နေရာမှာ ကြားဖူးတာ … ဘုန်းကြီးက လိမ်ပြောတယ်တဲ့။တကယ်လိမ်သလား ဘာလားတော့ မသိဘူး။
သူကတော့ ဘုန်းကြီးလိမ်ပြောတာ ထင်ပြီးတော့ လိမ်ပြောရင် ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီးတော့ အဲဒီ ဘုန်းကြီးကို သူက တိုက်ရိုက် မင်းနဲ့ ငါနဲ့ ပြန်ပြောတာတဲ့။ အဲဒါမျိုးတော့ မလုပ်ထိုက်ဘူး။ လိမ်ပြောရင် လည်း ပဲ သူလိမ်ပြောလို့ ဘုန်းကြီးက ဘုန်းကြီးဆိုးပေါ့လေ။ လိမ်ပြောတဲ့အတွက်လည်း ပါစိတ်အာပတ်သင့် တယ်ပေါ့။ ပါစိတ်အာပတ်သင့်ရင်လည်း အာပတ်ဖြေလိုက်ရင် ရတာပဲ။ အဲဒီတော့ လိမ်ပြောတာကို ကိုယ်က မကြိုက်ရင် ဒီဘုန်းကြီးဟာ လိမ်ပြောတတ်တဲ့ ဘုန်းကြီးပဲ၊ ဘုန်းကြီးဆိုးပဲ ဆိုတာလောက် ကတော့ ပြော ချင်ပြောပေါ့လေ။အဲဒါဟာ လိမ်ပြောတာနဲ့ ဘုန်းကြီးမဟုတ်တော့ဘူး၊ ဘုန်းကြီးမဟုတ်တာနဲ့ သူ့ကို မင်းနဲ့ ငါနဲ့ … ဒါမျိုးကတော့ မလုပ်ထိုက်ဘူး။ အဲဒါကလည်း လူတွေအနေနဲ့ သတိထားသင့်တယ်။
ဘာပြုလို့ လဲ ဆိုတော့ အဆိုတစ်ခု ရှိတယ်။ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်ဆိုတဲ့ စကား ရှိတယ်။ ဘာလို့လဲဆိုတော့ လူအနေနဲ့ ကြည့်မယ်ဆိုရင် အလွန်ဆုံး ဆောက် တည်နိုင်ရင် ၁၀-ပါးသီလနော်။ ဒီထက်အောက်လိုက်ရင် ၈-ပါးသီလ၊ ဒီထက်အောက်လိုက်ရင် ၅-ပါးသီလ၊ ငါးပါးသီလတောင် အခုအခါမှာ အနိုင်နိုင် ထိန်းကြရတယ်။ ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦး၊ သူ့မှာ အများကြီးကျန်သေးတယ်ဆိုတော့ ကိုယ့်ထက်တော့ များများရှိသေးတယ်ပေါ့လေ။
အဲဒါကို သတိထားရမယ်။ဒါကြောင့်မို့ မပြောမိအောင်သာ ဂရုစိုက်ကြ။ လူကနေ ဘုန်းကြီးကို ပြော တာပဲ ဂရုစိုက်ရမှာလားဆိုတော့ ဘုန်းကြီးအချင်းချင်းလည်း မပြောမိအောင် ဂရုစိုက်ရမှာပဲ။ ဘာပြုလို့လည်း ဆိုတော့ ဒါမျိုးက ဘုန်းကြီးကပြောတော့ အပြစ်မရှိဘူးလို့။ ဒီဘုန်းကြီးက ဟိုဘုန်းကြီးကို ပြောမိမယ်၊ သို့မဟုတ် ခုနကလို ဈာန်မဂ်ဖိုလ် မရတာတို့ ပြောမိမယ်။ အကယ်၍ အထူးသဖြင့် ဟိုဘုန်းကြီးက ဈာန်မဂ်ဖိုလ် ရပြီးသား ဘုန်းကြီးဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲနော်။ အဲဒါကြောင့် အရိယူပဝါဒန္တရာယ် ဆိုတာကို အလွန်သတိထားထိုက်တယ်။ (အရှင်သီလာနန္ဒာဘိဝံသ)


အန္တရာယ် ငါးပါး
နတ်ပြည်သို့ မရောက်နိုင်အောင်၊ ဈာန်မရအောင်, မဂ်မရအောင်, ဖိုလ်မရအောင် တားမြစ်သော အန္တရာယ် ငါးမျိုး ရှိ၏။
လင်္ကာ
‘ကံ’ ‘ကိလေသ’၊ ‘ဝိပါက’၊ ‘ဝါဒ’ ‘တိက္ကမာ’
နတ်ရွာနိဗ္ဗာန်၊ မဂ်ဖိုလ်ဈာန်၊ ငါးတန် အန္တရာ။
‘ကံ’ = ကမ္မန္တရာယ်
‘ကိလေသ’ = ကိလေသန္တရာယ်
‘ဝိပါက’ = ဝိပါကန္တရာယ်
‘ဝါဒ’ = အရိယူပဝါဒန္တရာယ်
‘တိက္ကမာ’ = အာဏာဝီတိက္ကမန္တရာယ်

ကမ္မန္တရာယ်

ပဉ္စာနန္တရိယကံငါးပါးနှင့် ဘိက္ခူနီမ၌ ကျူးလွန်မှုဖြစ်သော အကုသိုလ်ကံတည်းဟူသော အန္တရာယ်ကို ကျူးလွန်ထားသော ပုဂ္ဂိုလ်မှာ ယခုဘဝ၌ ဈာန်, မဂ်, ဖိုလ်တို့ မရနိုင်။ သေပြီးနောက်ဘဝမှာလည်း သုဂတိမရောက်နိုင်တော့ဘဲ အပါယ်လေးပါးသို့ ဧကန် ကျရောက်၏။

ပဉ္စာနန္တရိယကံငါးပါး

(၁) အမေကို သတ်ခြင်း၊
(၂) အဖေကို သတ်ခြင်း၊
(၃) ရဟန္တာကို သတ်ခြင်း၊
(၄) မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုခြင်း၊
(၅) သံဃာသင်းခွဲခြင်း။
အမေ, အဖေကို သတ်ရာ၌ အမေမှန်း, အဖေမှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သတ်မိ၍ သေလျှင် ဤကံထိုက်တော့၏။ တခြားသူတစ်ဦးအမှတ်ဖြင့် သတ်လိုက်ပြီး အမေ သို့မဟုတ် အဖေဖြစ်နေက ဤကံကြီးထိုက်၏။ အလွန် ကြောက်စရာ ကောင်း၏။ ရဟန္တာကို သတ်ကလည်း ဤကံကြီးထိုက်၏။
ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးဖြစ်ရာ ဘုရားရှင်ကို သွေးစိမ်းတည်အောင် မပြုနိုင်တော့သော်လည်း ဘုရား ရုပ်ပွား စေတီတော်များကို ဖျက်လို ဖျက်ဆီး ပြုလုပ်က ဤကံနီးပါး အလွန်ပင် အပြစ်ကြီးကြောင်း မှတ်သား ရ၏။သံဃာသင်းခွဲသည် ဆိုရာ၌ သိမ်တစ်ခုအတွင်း တစ်ပြိုင်နက်သော ခဏမှာ သံဃာ ၂-စုခွဲပြီး ကံပြုအောင် ပြုလုပ်မှ သံဃာသင်းခွဲသောကံ ထိုက်၏။ ထို့ကြောင့် ရဟန်းများမှာသာ ဤကံ ထိုက်နိုင်၏။ လူများ၊ သာမဏေများမှာ ဤကံ မထိုက်နိုင်။ သာမန် သံဃာအချင်းချင်း ကွဲသွားအောင် ပြုလုပ်ရုံဖြင့် သံဃဘေဒကံ မထိုက်သော်လည်း အပြစ်ကြီးမား၏။ အဇာတသတ်သည် သူ့အဖေကို သတ်သူဖြစ်ရာ ပိတုဃာတကကံထိုက်ပြီး အပါယ်ငရဲသို့ ကျရောက်ရ၏။ဒေဝဒတ်သည် လည်း မြတ်စွာဘုရား ကို သွေးစိမ်း တည်အောင်ပြုသော ကံကြီး၊ သံဃာသင်းခွဲသော ကံကြီးများ ထိုက်သဖြင့် အပါယ်ငရဲသို့ ကျရောက်ရ၏။
ဘိက္ခူနီမ၌ ကျူးလွန်ပြုကျင့်မိကလည်း ဤကမ္မန္တရာယ်ကြီး ထိုက်၏။ ထူးခြားချက်တစ်ခုမှာ ဤဘဝ၌ ဈာန်, မဂ်, ဖိုလ် မရနိုင်တော့သော်လည်း နောင်တတရားရပြီး ကောင်းစွာ ကျင့်ကြံနေထိုင်သွားက သုဂတိဘဝ ရနိုင်သေးကြောင်း သိရ၏။
ဘုရားရှင်လက်ထက်တွင် တန်ခိုးအရာ၌ ဧတဒဂ်ရသော ရှင်ဥပ္ပလဝဏ်ကို မုဒိန်းပြုကျင့်သူ နန္ဒလုလင် မှာ မြေမျိုခံရကာ အပါယ်ငရဲသို့ ကျရောက်ရ၏။

ကိလေသန္တရာယ်

အယူအဆ ခိုင်ခိုင်မြဲမြဲ စွဲစွဲလန်းလန်း ယူထားသော နိယတမိစ္ဆာဒိဋ္ဌိကို ကိလေသန္တရာယ်ဟု ခေါ်၏။
အကျိုးမရှိဘူးဟု ခိုင်ခိုင်မြဲမြဲ ယူဆသော နတ္ထိကဒိဋ္ဌိ၊ ကံမရှိဘူးဟု ခိုင်ခိုင်မြဲမြဲ ယူဆသော အကိရိယဒိဋ္ဌိ၊ အကြောင်းမရှိဘူးဟု ခိုင်ခိုင်မြဲမြဲ ယူဆသော အဟေတုကဒိဋ္ဌိ ဟူသည့် မိစ္ဆာဒိဋ္ဌိ ၃-ခုကို နိယတမိစ္ဆာဒိဋ္ဌိ ဟု ခေါ်၏။ဤနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူများမှာလည်း ဤဘဝ၌ ဈာန်, မဂ်, ဖိုလ် မရနိုင်၊ နောင်တမလွန် သုဂတိဘဝ မရနိုင်။ 

ဝိပါကန္တရာယ်

ဝိပါက = ဝိပါက်ကြောင့် ဖြစ်သော အန္တရာယ်
အဟိတ်ပဋိသန္ဓေနေပုဂ္ဂိုလ်၊ ဒွိဟိတ်ပဋိသန္ဓေနေပုဂ္ဂိုလ်များမှာ နောက်ဘဝက ပြုလုပ်ခဲ့သော မကောင်းမှု များ၏ အကျိုးပေးဖြစ်သော ဝိပါကန္တရာယ်ကြောင့် ဈာန်, မဂ်, ဖိုလ် မရနိုင်။ သို့သော် ယခုဘဝ ၌ ကောင်းမွန် စွာ နေထိုင် ကျင့်ကြံသွားပါက သုဂတိဘုံသို့ ရောက်နိုင်၏။ တိရစ္ဆာန်ပင် လူ့ဘဝ ပြန်ရနိုင်၏။ 

အရိယူပဝါဒန္တရာယ်

အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကို စွပ်စွဲ ကဲ့ရဲ့ခြင်း ပြုမိပါက အရိယူပဝါဒန္တရာယ်ထိုက်၏။ စိတ်ဖြင့် ပြစ်မှားမိလျှင်ပင် အန္တရာယ်ဖြစ်နိုင်သဖြင့် အလွန် ဂရုစိုက် သတိထားသင့်၏။
ရှေးက ရဟန်း ၂-ပါး ရွာထဲသို့ ဆွမ်းခံဝင်ကြရာ အသက်ကြီးသော ရဟန္တာမထေရ်ကြီးမှာ လေနာရောဂါ ရှိသဖြင့် ဆွမ်းခံရရှိသော ယာဂုပူပူကို မအေးခင် ချက်ချင်း ဘုဉ်းပေးသုံးဆောင်ရာ၊ အသက်ငယ် သူ သောတာပန် ရဟန်းက ကဲ့ရဲ့ အပြစ်စကား ဆိုမိ၏။
ညနေ၌ မထေရ်ကြီးသည် ရဟန်းငယ်ထံသို့ ကြွရောက်၍ “ငါ့ရှင် … ရဟန်းကိစ္စပြီးအောင် ကြိုးစား ပွားများ အားထုတ်ပြီးပါပြီလား” ဟု မေးရာ၊ “တပည့်တော် … သောတာပန်မျှသာ ရှိပါသေးသည် ဘုရား” ဆိုလျှင် “သို့ဆိုလျှင် … တရားဆက်ပြီး အားထုတ်မည်ဆိုက ငါ့ရှင်အတွက် အချည်းနှီးဖြစ်ချေပြီ” ဟု ရဟန်းငယ်၏ အကျိုးကို လိုလား သတိပေးစကား ဆိုလေသည်။
ရဟန်းငယ်လည်း ရဟန္တာမထေရ်ကြီးကို ပြစ်မှားမိမှန်းသိသဖြင့် ဝန်ချ တောင်းပန်လေသည်။
အရိယူပဝါဒန္တရာယ်မှာ ပြစ်မှားမိသော ပုဂ္ဂိုလ်ထံ ကိုယ်တိုင် ဝန်ချတောင်းပန်ခြင်း၊ ကိုယ်တိုင်သွားရောက်ရန် မဖြစ်နိုင်က လူလွှတ်တောင်းပန်ခြင်း၊ ထိုပုဂ္ဂိုလ်ကို ရှာမရတော့က တခြားပုဂ္ဂိုလ်များရှေ့, ဆရာသမား များရှေ့ တွင် “ …. ဤကဲ့သို့ … ဤကဲ့သို့ … တပည့်တော်သည် အဘယ်ပုဂ္ဂိုလ်ကို ပြစ်မှားမိထားပါသည်။ ဤအပြစ်အတွက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို ညွှန်ကြား ဆုံးမတော်မူပါ” ဟု ဆိုရ၏။ ထိုတခြားပုဂ္ဂိုလ်များ, ဆရာသမားများက “သို့ဆိုလျှင် ထိုပုဂ္ဂိုလ်အား ဒီကနေ တောင်းပန်ပါ။ ဟိုက ပုဂ္ဂိုလ်ကလည်း ခွင့်လွှတ်ပါ လိမ့်မယ်” စသည် … ဆိုဆုံးမ ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ ထိုပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံသွား ပြီဆိုလျှင် စံရာ နေရာဒေသသို့ သွားရောက်၍ တောင်းပန်ခြင်းများဖြင့် ကျေအေးနိုင်ပါသည်။
အရိယာ မဟုတ် သည်တိုင်အောင် ကောင်းကောင်းမွန်မွန် ကျင့်ကြံနေထိုင်သူ ပုဂ္ဂိုလ်မျှကိုပင် ကဲ့ရဲ့ အပြစ် စကားဆိုခြင်းသည် အရိယူပဝါဒကံနီးပါး အပြစ်ကြီးသည်ဟု ဆို၏။

အာဏာဝီတိက္ကမန္တရာယ်

လွန်ကျူးလိုသော စိတ်စေတနာဖြင့် သင့်ရောက်အပ်သော အာပတ်၊ ဘုရားရှင်၏ အာဏာကို လွန်ဆန်သော, ဘုရားရှင်အား မရိုသေရာရောက်သောကြောင့် ဖြစ်သော အန္တရာယ်ဖြစ်၏။ လူပုဂ္ဂိုလ်များနှင့် မဆိုင်ဘဲ ဘုန်းကြီး များနှင့်သာ သက်ဆိုင်၏။ သင့်ရောက်သော အာပတ်ကို မဖြေဘဲ မကုစားဘဲ တရားအားထုတ် က တရားထူး မရနိုင်။ နတ်ရွာနိဗ္ဗာန် ဈာန် မဂ် ဖိုလ် မရနိုင်။ ထို့ကြောင့် ဘုန်းကြီးများမှာ မကြာခဏ အာပတ်ဖြေ ကြ ရ၏။အပြစ်အလိုက် ဖြေနည်းအမျိုးမျိုးဖြင့် အာပတ်ဖြေကြရ၏။


ဘုံစိတ်ရ
ဘုံပိုင်းတွင် ရှင်းပြီးပါပြီ

စိတ်နှင့် ဝီထိစိတ်
သင်္ဂြိုဟ်ကျမ်းတွင် ‘ဝီထိစိတ်’ဟူ၍ သုံးနှုန်းလေ့ရှိရာ ‘စိတ်’နှင့် ‘ဝီထိစိတ်’ကို ခွဲခြား နားလည်ထားသင့်၏။
‘စိတ်’ဟုဆိုလျှင် သာမန်အားဖြင့် စိတ်အကျဉ်း ၈၉ ပါး၊ အကျယ် ၁၂၁ ပါးကို ဆို၏။
‘ဝီထိစိတ်’ဟု ဆိုက “ဝီထိမှ လွတ်သော ဝီထိမုတ်စိတ်များ = ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စတပ်စိတ်များ” မပါသည့် အခြားစိတ်များကို ဆိုလို၏။
ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စတပ်သည့် စိတ် ၁၉ ပါး (ဥပေက္ခာသန္တီရဏ ၂ + မဟာဝိပါက် ဂ + ရူပါဝစရဝိပါက် ၅ + အရူပါဝစရဝိပါက် ၄) အနက် ဥပေက္ခာသန္တီရဏ ၂ ပါးနှင့် မဟာဝိပါက်စိတ် ၈ ပါးတို့မှာ ‘တဒါရုံကိစ္စ’တပ်ခိုက် ဝီထိစိတ်တွင် ပါဝင်သဖြင့် ရူပါဝစရဝိပါက် ၅ ပါးနှင့် အရူပါဝစရဝိပါက် ၄ ပါး = ပေါင်း ၉ ပါးကို ကြဉ်သော် ဝီထိစိတ် ၈၀ ဖြစ်၏။

ကာမာဝစရဘုံ (အပါယ် ၄ ဘုံ၊ လူ့ဘုံ၊ နတ်ဘုံ ၆) တွင် ဝီထိစိတ် ၈၀ စလုံး ဖြစ်နိုင်၏။
အသညသတ်ဘုံမှတပါး ရူပါဝစရ ၁၅-ဘုံ၌ မရနိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၁၆ ပါး)

ဒေါသမူဒွေး (ဒေါသဖြစ်လျှင် ဈာန်မရနိုင်သဖြင့် ဘုံအားဖြင့် ပယ်၏။ မဂ်ဖြင့် ပယ်ခြင်း မဟုတ်။)
ဃာနဝိညာဏ်ဒွေး (ဃာနပသာဒမရှိသဖြင့် မဖြစ်နိုင်။)
ဇိဝှါဝိညာဏ်ဒွေး (ဇိဝှါပသာဒမရှိသဖြင့် မဖြစ်နိုင်။)
ကာယဝိညာဏ်ဒွေး (ကာယပသာဒမရှိသဖြင့် မဖြစ်နိုင်။)
မဟာဝိပါက်စိတ် ၈ (ကာမာဝစရဝိပါက်စိတ် ၈) (ရူပါဝစရ, အရူပါဝစရဘုံများ၌ မဖြစ်နိုင်။)
အသညသတ်ဘုံမှတပါး ရူပါဝစရ ၁၅-ဘုံ၌ ဖြစ်နိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၆၄ ပါး)
ဒေါသမူဒွေးကြဉ် အကုသိုလ်စိတ် ၁၀ ပါး
အဟိတ်စိတ်ထဲမှ စက္ခုဝိညာဏ် ၂ ပါး၊ သောတဝိညာဏ် ၂ ပါး၊ သမ္ပဋိစ္ဆိုင်း ၂ ပါး၊ သန္တီရဏ ၃ ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ် = ပေါင်း ၁၂ ပါး
မဟာကုသိုလ် ဂ ပါး၊ မဟာကြိယာ ၈ ပါး = ပေါင်း ၁၆ ပါး
ရူပါဝစရ ကုသိုလ် ၅ + ကြိယာ ၅ = ပေါင်း ၁၀ ပါး
အရူပါဝစရ ကုသိုလ် ၄ + ကြိယာ ၄ = ပေါင်း ၈ ပါး
လောကုတ္တရာ ၈ ပါး
အသညသတ်ဘုံ၌ ရုပ်ချည်းသာ ရှိ၍ စိတ်လုံးဝ မရ။
အရူပါဝစရ ၄ ဘုံ၌ မရနိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၃၈ ပါး)
ဒေါသမူဒွေး မဖြစ်နိုင်။
နာမ်ချည်းရှိ၍ ဒွေးပဉ္စဝိညာဏ် မဖြစ်နိုင်။ ပဉ္စဒွါရမှာသာ ဖြစ်နိုင်သော သမ္ပဋိစ္ဆိုင်း ၂၊ သန္တီရဏ ၃၊ ပဉ္စဒွါရာဝဇ္ဇန်း ၁ တို့ မဖြစ်နိုင်။ ကာယခန္ဓာကိုယ် မရှိ၍ မပြုံးနိုင်သောကြောင့် ဟသိတုပ္ပါဒ် မဖြစ်နိုင်။
မဟာဝိပါက် ၈ ပါးမှာလည်း ကာမာဝစရဘုံမှာသာ ဖြစ်၍ မဖြစ်နိုင်။
ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅ မဖြစ်နိုင်။
သောတာပတ္တိမဂ်စိတ် ၁ မဖြစ်နိုင်။
အရူပါဝစရဘုံ၌ ဖြစ်နိုင်သော ဝီထိစိတ်များ (စုစုပေါင်း ၄၂ ပါး)
အကုသိုလ်စိတ်မှ လောဘမူ ဂ + မောဟမူ ၂ = ၁၀
အဟိတ်စိတ်ထဲမှ မနောဒွါရာဝဇ္ဇန်း ၁
မဟာကုသိုလ် ဂ + မဟာကြိယာ ၈ = ၁၆
အရူပါဝစရကုသိုလ် ၄ + အရူပါဝစရကြိယာ ၄ = ၈
သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာစိတ် ၇
အထူးမှတ်ဖွယ်ကား အထက်အထက် အရူပါဝစရဘုံ၌ အောက် အောက် အရူပါဝစရစိတ်များ မရ။