သာဝက ဟူသည် အဘယ်နည်း
သာဝက ဟူသည် အဘယ်နည်း
======================
ရေးသူတို့ ဆင်ခြင်
ပြောသူတို့စောင့်ထိမ်း
သဒ္ဓါတိုင်းလည်း
ကောင်းသည်မဟုတ်
ပညာရှိတိုင်း
မယိမ်းသည်မဟုတ်
အိုးတန်ဆန်ခတ်ပါမှ
ဘောင်ဘင်ခတ်ခြင်း
ဘေးရန်ကင်းရ
ရေးသူကပြန်မေး
အဖြေပေးတော့
အကုသိုလ် ဤလူပို
အမွှေစိန်က တွေ့သမျှ
အကုန်ကို သမ
ဘယ်ချိန်ခါ အဓမ္မ
လာပြန်မည် မသိရ
ဝိနည်းဓိုရ် လွန်ပေါပါလှ
ဖွဘုတ်ခေါ် မီဒီယာလောက။
"သာဝက" ဟူသော ပါဠိကို "အဆုံးအမ ကို လိုက် နာတတ်သူ၊ နာကြား တတ်သူ၊ တပည့်" ဟု အဘိဓာန် ဆရာတို့ မြန်မာ ဘာသာ ပြန်ဆိုကြ သည်။
ထေရဝါဒဗုဒ္ဓစာပေ အဆိုအရ သစ္စာ တရားကို ဆရာ့ထံမှ တဆင့် နာယူရပြီး အရိယမဂ်ဉာဏ် ရရှိသူကို "သာဝကဗော ဓိဆုပြည့်သူ" ဟု ခေါ်ရ ၏။ ထိုသာဝက  ဗောဓိဆု ပြည့်စုံပြီးသော သာဝကများကို
(က) အဂ္ဂသာဝက= တပည့်အများတွင် အမြင့်မြတ်ဆုံးသာဝက၊ ယခု ဂေါတမ ဘုရား လက်ထက်တွင် အရှင်သာရိပုတ္တနှင့် အရှင်မဟာမောဂ္ဂလ္လာန်
(ခ) မဟာသာဝက= တပည့်ကြီး၊ ယခု ဂေါတမ ဘုရားထက်တွင် အရှင်မဟာကဿပ အစရှိ သော ရှစ်ကျိပ် (၈ဝ) သော ရဟန္တာ သာဝက ကြီး များ
(ဂ) ပကတိ သာဝက= ရိုးရိုးတပည့် သာဝက၊ ယခု ဂေါတမ ဘုရားလက်ထက် တွင် အရှင်စက္ခုပါလ၊ အရှင်ဗေလဋ္ဌသီသ စသော ရိုးရိုးသာဝကများ ဟု ၃ မျိုး ထပ်မံ ခွဲခြားထားသေးသည်။
ဘာကြောင့် ၃ မျိုး ၃ စား ကွဲပြားနေ သနည်း။
ပါရမီဖြည့်သော အချိန်ကာလ မတူကြ  သော ကြောင့် ဖြစ်၏။            
အဂ္ဂသာဝကအဆင့်အတွက် တသင်္ချေ နှင့် ကမ္ဘာ တသိန်း ပါရမီဖြည့် ရသည်။ မဟာသာဝကအဆင့် အတွက် ကမ္ဘာ တသိန်း ပါရမီ ဖြည့်ရသည်။ ပါရမီဖြည့် သည့် အချိန်ကား ပြည့်စုံ လုံလောက် ပေပြီ။
သို့ သော် သာသနာမထွန်းကားသော (သို့ မဟုတ်) ဘုရားမပွင့်သော သုညကမ္ဘာနှင့် တွေ့ ကြုံနေပါက ကျွတ်တမ်းမဝင်နိုင် သေး ပါ။ အချိန်ကာလလည်း စေ့မှ၊ဘုရား သာသနာနှင့် လည်း တွေ့ ကြုံမှသာ ကျွတ် တမ်းဝင်နိုင် သည်။ အရိယာ ဖြစ်နိုင်သည်။            
ပကတိသာဝက အဆင့်အတွက် ပါရမီ ဖြည့်ရမည့် ကာလအပိုင်းအခြား တိတိ ကျကျ မရှိပါ။ (အဂ္ဂသာဝက၊ မဟာသာဝက တို့လို မဟုတ်ချေ။)
သံယုတ်ဋီကာ အဆိုအရမူ ပကတိ သာဝကတို့ ၏ ပါရမီဖြည့်ရာ အနည်းဆုံး သက်တမ်းမှာ ရှေးဘုရား တဆူနှင့် နောက်ဘုရား တဆူတို့ ၏ ကြားကာလ (ဗုဒ္ဓန္တရခေတ်) ဟု သတ်မှတ် သင့်ပေ သည်။
သို့ သော် ယင်း ကြား ကာလဆိုသည် ကလည်း အချိန်အတိုင်းအတာ ပုံသေ သတ်မှတ်ချက် ရှိသည် မဟုတ်ပါ။ ဥပမာ- ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရား တို့ ၏ ကြားကာလမှာ တသင်္ချေ ကြာ သည်။ ကကုသန်ဘုရားနှင့် ဝေဿဘူ ဘုရား အကြား ၂၉ ကမ္ဘာ ကာလ ကြာ သည်။
ထို့ ကြောင့် ကြားခံကာလ(ဗုဒ္ဓန ရခေတ်) တခု သည် နှစ်ပေါင်း (ဘဝပေါင်း) ကုဋေ ကုဋာမက ကြာသည်ဟုသာ ဆိုရပါသည်။
အဋ္ဌကထာ၊ ဋီကာတို့ တွင် "အသီတိ မဟာသာဝက" ဟု လည်းကောင်း၊
"အသီတိမဟာထေရ" ဟု လည်းကောင်း ခေါ်ဝေါ်သုံးစွဲသော မဟာသာဝက ရဟန္တာပေါင်း ၈ဝ (ရှစ်ကျိပ်) ရှိသည်။
ဤ မဟာသာဝက ရှစ်ကျိပ်စာရင်းတွင် အရှင်သာရိပုတ္တထေရ်နှင့် အရှင်မဟာမောဂ္ဂလ္လာန် တို့ ကိုပါ ထည့်သွင်း ရေတွက် သည်။
အကြောင်းမှာ အရှင်မြတ် ၂ ပါးတို့၏ အဂ္ဂသာဝကအဖြစ် ဆုတောင်းပြည့်ရန် အကြောင်းရပ်များ (ထူးခြားစွာ ပြုထား သော ကောင်းမှုရှိခြင်း၊ ပန်းတိုင်ဆုကို ရယူရန် ထက်သန်သော ဆန္ဒရှိခြင်း) မှာ အခြားသော မဟာ သာဝက များ နှင့် တူညီသောကြောင့် ပေတည်း။တနည်းအားဖြင့် ဆုတောင်းမှု ၏ ကြီး ကျယ်မြင့်မြတ်ခြင်း တူညီသော ကြောင့်ပေတည်း။ (ထေရဂါထာဋ္ဌ ၂၊ ၅၄၁-၅၄၃။ တိကနိပါတ အင်္ဂုတ္တရဋီကာ ၁၃၂။)            
အရှင်သာရိပုတ္တထေရ်ကို လင်္ကျာတော်ရံ၊ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်ကို လက်ဝဲ တော်ရံ ဟု ခွဲခြား ခေါ်ဝေါ်လေ့ရှိကြသည်။ အကြောင်းမှာ ဤသို့ ဖြစ်၏။
မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော် များအတွက် နေရာခင်းကျင်းမှု အစီအမံ များကို ပြဆိုရာတွင် ဘုရားရှင်အတွက် နေရာကို အလယ်မှာ ခင်းရ၏။ အရှင် သာရိပုတ္တထေရ် အတွက် နေရာကို ဘုရားရှင်၏ လင်္ကျာဖက်တွင် ခင်းရ၏။ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်အတွက် နေရာကို ဘုရားရှင်၏ လက်ဝဲဖက်တွင် ခင်းရ၏။လက်ဝဲ လက်င်္ကျာ ဘေးနှစ်ဖက် တို့၌ အခြား ဘိက္ခုသံဃာအတွက် နေရာ ခင်းရ၏။ ဤ အစီအမံကြောင့် လင်္ကျာ တော်ရံ၊ လက်ဝဲတော်ရံဟု ခေါ်ကြခြင်း ဖြစ်၏။ (ဓမ္မပဒဋ္ဌ၊ ၁။ ၄၅-၄၆။)            
သို့ သော် ရှေးဆရာ အဆက်ဆက်တို့ ပါဠိကဗျာ ဖွဲ့ စီထားသည်ကို တွေ့ ရသော ကြောင့်လည်းကောင်း၊ ဇာတ်နိပါတ် ရေး ထုံးရေးပုံ ဌပနာသွင်းထုံး ကျောက်စာ ဟောင်းများမှာ ခွဲခြားပြသည်ကို တွေ့ ရသောကြောင့်လည်းကောင်း "လင်္ကျာ လက်ဝဲ၊ ခွဲ၍သာ၊ သင်္ခေပ အဓိပ္ပါယ် ကောက်ပေအံ့"ဟု သမန္တ္တစက္ခုဒီပနီကျမ်း၊ နဝမတွဲ၊ စာမျက်နှာ ၅၇ဝ၊ ၅၇၂ တို့ မှာ ရေးသား ပြဆိုချက် ရှိပါသည်။
 အဂ္ဂသာဝက ၂ ပါးအပါအဝင် အသီတိ မဟာသာဝက ရှစ်ကျိပ်မှ ကြွင်းသော ရဟန္တာများ (ဗုဒ္ဓခေတ်မှ ယခု သာသနာ နှစ် ၂၅၅၅ အထိ) သည် သာဝက ၃ မျိုး တွင် တတိယတန်းစား ပကတိသာဝက များသာ ဖြစ်ကြောင်း သိလောက်ပေပြီ။ (ဝိသုဒ္ဓိမဂ်ဋီ။ ၂။ ၄၅။ ထေရဋ္ဌ၊ ၂။ ၅၄၃)            
ယင်းသို့  သာဝကပတ်သက်၍ စနစ်တကျ သတ်မှတ်ထားသော ဗုဒ္ဓစာပေ အဆုံး အဖြတ်ကို နားမလည်သူ တစ်ဦးက သူ၏ ဆောင်းပါးတွင် ဖော်ပြပါအတိုင်း ရေးသား ထား၏။            
"မိုးကုတ်ဆရာတော်ဘုရားကြီးသည် ပရိယတ်ရော ပဋိပတ်ပါ အသိရော အကျင့်ပါ ပြည့်စုံသည့် အပြင် သာသနာ့ တာဝန်ကို အရိုးကျေကျေ အရေခြောက် ခြောက် ထမ်းရွက်သွားသည့် အတွက် လည်း ပကတိသာဝက မဟုတ်ပါ။ မဟာသာဝကရဟန္တာ အရှင်မြတ်ကြီး
တပါးပင်ဖြစ်ပါသည်။"          
အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ကြီးသည် မြန်မာပြည်သား ဝိပဿနာတရားပြ ဆရာတော်များ အနက် ထင်ရှားကျော် ကြားပြီး ကြည်ညို လေးမြတ်သူပေါများ သော ဆရာတော် တပါး ဖြစ်ပါသည်။  ဆရာတော်ကြီးကို ကြည်ညို၍ ပူဇော် လိုသူ ဖြစ်ပါက အပြစ်ကင်းသော ပူဇော် နည်း ဖြစ်အောင် ရေးသားသင့် ပါသည်။ မဟုတ်မမှန်သော အလွန်အကဲ ချီးကျူး ပူဇော်မှု (ဆရာတော်ကြီးသည် ပကတိ သာဝက မဟုတ်၊ မဟာသာဝကဖြစ်သည် ဟု ရေးသားမှု)သည် ဆရာတော်ကြီး၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေပါသည်။
ဆောင်းပါးရှင်၏ အဆင်ခြင်မဲ့ လုပ်ရပ် ကြောင့် ဆရာတော်ကြီးမှာ ဂုဏ်တက် ဖွယ် မရှိ၊ ရှိပြီးသား ဂုဏ်ပင် ပျက်ဖွယ် ရှိ၏။ 
ဗုဒ္ဓသာသနာရေးရာကို ပုဂ္ဂိုလ်ရေးဘက် လိုက်မှု ကင်းစွာ ရေးသားလိုသူသည် သဒ္ဓါနှင့် ပညာ ညီမျှအောင် ထားသင့်ပါ ၏။ ယုံကြည်မှု သဒ္ဓါအားကောင်းပြီး သဘောတရားရေး ဝမ်းစာ အသိဉာဏ် ပညာ အားနည်းပါက မရေးသင့်သည်ကို ရေးမိတတ်၏။ ဥပမာ- မိုးကုတ်ဆရာ တော်ကြီးသည် မဟာသာဝက ဖြစ်၏ ဟူ သော အရေး အသားမျိုး ထွက်လာတတ် သည်။
ဘာသာရေး ဆောင်းပါး ဆိုပြီး "ဘယ် ဆရာကြီးကတော့ အရိယာကြီးပဲ။ သူ့ ဆီ သွားပါ" ဆိုတာမျိုး အပေါစား လူခေါ် ဆောင်းပါးတွေ ရေးမိတတ်သည်။            
ယုံကြည်မှု အားနည်းပြီး တွေးခေါ်ကြံစည် တတ်သော အသိဉာဏ် အားကောင်း ပြန် တော့လည်း သဘောတရား ရေးရာ အစွန်းရောက် အမှားတွေကို ရေးမိတတ် ၏။ ဥပမာ---သစ္စာသိမှ အလှူခံပါ ဆိုသည့် ဘုရားဟော မဟုတ်သည် ကို ဘုရားဟော ဟုတ်သယောင်ယောင် ကောက်ကျစ် လုပ်ကြံပြီး ရေးမိတတ် သည်။ ကိုယ်တိုင်က ဗုဒ္ဓဘာသာရေးရာ ကို စနစ်တကျ လေ့လာဆည်းပူးခြင်း မရှိဘဲ ငါပြောတာ အမှန်၊ ငါကြံတာ အဟုတ်၊ ငါလုပ်တာ အကောင်း ဟု တရားသေ ဝါဒ ကိုင်စွဲကာ "ငါတကော ကော" ဖြစ်နေတတ်ပါသည်။ မပြည့်အိုး ဘောင်ဘင်ခတ် ဖြစ်တတ်ပါသည်။
ဘာသာရေးဆောင်းပါးရေးသူတို့ သည် သဒ္ဓါနှင့် ပညာကို အချိုးညီမျှစွာ ထား တတ် ကြဖို လိုအပ်ပါသည်။            
ဘုရားလောင်းတို့သည် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖြစ်ပေါ်ရေးအတွက် ကိုယ်တိုင် ကြိုးစား အားထုတ်ခြင်း ဟူသော အကြောင်း တရပ်သာ ရှိသည်။ သူတပါး တို့ထံမှ သစ္စာတရားကို နာယူရန် မလို--။ ပစ္စေကဗုဒ္ဓါလည်း နည်းတူ---
အဂ္ဂသာဝက၊မဟာသာဝက၊ ပကတိ သာဝက ဟူသော သာဝက ၃ မျိုး လုံးမှာမူ သစ္စာတရား သိမြင်သူ တဦးဦး၏ ဟောပြ မှုကို နာယူရပြီး  တရားနည်းလမ်းတကျ ကျင့်ကြံ အားထုတ်မှသာ ဝိပဿနာ ဉာဏ်၊ မဂ်ဉာဏ် တို့ ဖြစ်ပေါ်နိုင်ပါသည်။ (မုိးကုတ္ဝိနိစ ၦယ၊ ၁၆။)
လုံလောက်မည် ယူဆပါသဖြင့် သာဝက ဆိုင်ရာအကြောင်း ဗုဒ္ဓစာပေ အဆို အတိုင်း တင်ပြခြင်းကို အဆုံးသတ်လိုက် ပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်