ထားဝယ်ရာဇဝင်မှ လုပ်ဇာတ်များ


========================



ထားဝယ်မှ ရေးမြို့သို့သွားတဲ့ ကားလမ်းအတိုင်း သွားလျှင် ထားဝယ်ကနေ (၄၆) မိုင် အရောက်မှာ ကလိန်အောင်မြို့ ရှိသည်။ ဒီမြို့ဟာ အရင်က အောင်သာဝတီ မြို့ ဖြစ်ပါ  တယ်။ ကောဇာ ၆၇ (AD-705)မှာ နရုတိမင်းတည် တယ်။ ထားဝယ်မှာတော့ ရာဇဝင်လာအရ အစောဆုံး မြို့ဟောင်း ဖြစ်ပါတယ်။ ဒူရကတိုင်း အောင်သာဝတီမြို့ ဆိုပြီး ထင်ရှားပါတယ်။

ဒူရကတိုင်း ဆိုတာရှေးကတည်းက ခေါ်ခဲ့တဲ့ အမည် တစ်ခု ပါ။ ဒီလိုပြောရတာက ဘိုးတော်ဘုရားလက်ထက်မှာ လည်း ဒီအတိုင်း ပြန်မှည့်ခေါ်ထားတာ ရှိလို့ ခွဲပြောရတာ ပါ။ တိုင်းရဲ့ နယ်ပယ်က ရေး အောင်သာဝတီ ထားဝယ် ပုလော ပုလောက် ဖြစ်ပါတယ်။ တနင်္သာရီနဲ့ မြိတ်ကိုတော့ ယောနကတိုင်းလို့ ခေါ်ပါတယ်။ တိုင်းကြီး ၁၆ တိုင်းက ယောနကတိုင်း မဟုတ်ပါ။ ဒီအကြောင်း သီးခြား ရှင်းပြပါ မည်။

ရာဇဝင်အရ ဘုရား ၁၁ ဝါအရမှာ မြောက်အရပ်က ဆွမ်းခံ တော်မူပြီးအပြန် ဝေမိဿကတောင် (ယခု ကျောက် ထောင့်ရွာ အနီးမှ ကဏန်းတောင်) အရောက်တွင်
ဂဝံပတေ့ရသေ့ ဒူရကနတ်သား ဂုမ္ဘဏ္ဍနတ်ဘီလူးတို့နဲ့ ကြုံကြိုက်၍ ဆံတော်မြတ် သုံးဆူပေးခဲ့သည်။ ၄င်းဆံတော် များကို ဌာပနာ၍ ကလိန်အောင်တောင်ပေါ်တွင် စေတီ တည်၍ ကလိန်အောင် ဆံတော်ရှင်ဟု အမည်တွင်သည်။
ဆိုပြီး မောင်သန်းဆွေ(ထားဝယ်)။ ရှင်ကိုးရှင်နှင့် ထားဝယ် သမိုင်းဝင် ဘုရားများ။ ၁၉၉၆ ခုနှစ် ထုတ် စာအုပ်မှာ ရေးပါ တယ်။ ဆရာကလည်း ထားဝယ်ရာဇဝင်တော်ကြီး စာအုပ် ကနေ ထုတ်ယူပြီး ဖော်ပြထားတာပါ။

ဒီထားဝယ်ရာဇဝင်တော်ကြီးကို သထုံရာဇဝင်ချုပ် ကရင် ရာဇဝင်ဆိုပြီး ရေးခဲ့တဲ့ မွန်ဘုန်းကြီး ဦးပညာက ရေးတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လုံးဝ လွဲမှားနေတာက ကောဇာ ၆၇ ဆိုတာ ဗုဒ္ဓခေတ် မဟုတ်ပါ။ ဘယ်က ဘုရားက ဘယ် လို ကြွလာပြီး ဘယ်လိုတွေ ဖြစ်တယ်ဆိုတာ ဟာသ ရေး ထားသလား မှတ်ရပါတယ်။ အစချီကတည်းက ယဉ်သကို ဆိုသလိုပဲ စစချင်းကပင် တလွဲတချော်နဲ့ စရေးထားတာ တွေ့ရပါတယ်။

ဒီရာဇဝင် ကနေဆက်ပြီး ကဏန်းတောင်မှာ ဘုရားက ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူတာကို အစွဲပြုပြီး မွန်ဘာသာနဲ့ ဓဝဲါ လို့ခေါ်သည်။ ဓဝိုင် ဟု ခေါ်ဖတ်သည် ဆိုပြီး အဲကနေ ထားဝယ် ဖြစ်လာတယ်ပေါ့ဗျာ။ ရှည်လွန်းလို့ပါ။ မဟုတ်တာ တွေ ပေါက်တတ်ကရ လိမ်လည်ပြီး ရေးထားတာတွေကို လိုက်ရှင်းရတာ စိတ်ညစ်စရာလည်း ကောင်းပါတယ်။ ဘုန်းကြီးမို့သာ တော်တော့တယ်။ လူဆိုရင် ဘယ်လောက် ထိအောင် လိမ်မလဲ မသိဘူး။ လိမ်စရာရှားလို့ ဘုရား တောင် မချန် လိမ်တာ၊

အစကတည်းက တလွဲနဲ့ စထားတဲ့ ရာဇဝင်ပါ မီးရှို့ပစ်သင့် ပါတယ်။ တအုပ်လုံးလည်း ကျွန်တော် စစ်ထုတ်ပြထားတာ ရစရာ မရှိတော့ပါဘူး။

စေတီဘုရားကတော့ အထင်ကရ တန်ခိုးကြီးဘုရား တစ်ဆူ ပါပဲ။ စေတီဘုရားနဲ့ ပက်သက်ပြီး မပြောလိုပါဘူး။ ရာဇဝင် လုပ်ဇာတ်ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။

လုပ်ဇာတ် ရေးသားဖော်ပြသူသည်လည်း ထားဝယ် ဒေသ ကို အတော်အတန်ပင် နှံ့နှံ့စပ်စပ် လေ့လာထားဟန် တူပါ သည်။ ထားဝယ်ဒေသအတွင်းရှိ ရှေးဟောင်းနေရာများကို
သူ့ဇာတ်နှင့်သူ တော့ဖြင့် အံဝင်အောင်တော့ဖြင့် ချိတ်ဆက် ရေးသား ဖော်ပြထားတာကို တွေ့ရပါသည်။

အောင်သာဝတီကို နှစ်ခါ တည်သည် ဆိုသည်။ ပထမ မြို့ဟောင်းမှာ ဒဏ္ဍာရီဆန်ဆန်ဖြစ်သည်။ တကယ် ရှိ မရှိ ကိုလည်း လိုက်ရန် လက်လှမ်း မမှီတော့ပါ။ တူးဖော်၍ လည်းရနိုင်တော့မည် မထင်ပါ။ ယခုကြွင်းကျန် နေသော မြို့ဟောင်းရာ အကြွင်းအကျန်သည်ပင် အရှိန်အဟုတ် မတရား ကြီးမားလှသော ချောင်းဖျားရေကြီးခြင်းဒဏ်ကို အကြိမ်ကြိမ်ခံထားရပြီး ဖြစ်ရာ ကြွင်းကျန်မြို့ဟောင်းရာကို ပင် တူးဖော်ရန် မလွယ်ကူတော့ပေ။ မြို့ဟောင်း၏ မြို့ရိုးမှာ
ဘဲဥပုံ ဖြစ်သည်။

ရာဇဝင်လာအရ ဒုတိယအောင်သာဝတီကို သက္ကရာဇ် ၁၁၆ ( AD-8 )တွင် တည်သည် ဟူသော အဆိုရှိသည်။ ဟုတ် မဟုတ် စီစစ်ရန် မဖြစ်နိုင်တော့ပါ။ မှတ်တမ်းလည်း မရှိ။ ခေတ်ပြိုင်လည်း မပြနိုင်ပါ။ ရာဇဝင်လုပ်ဇာတ်အောက် တွင် သမိုင်းတစ်ခု သေဆုံး ပျောက်ကွယ်ခဲ့ရသည်မှာ ရင်နင့်ဖွယ် ကောင်းလှပါသည်။ မြို့ဟောင်းကြီးတွေ အထင် အရှားရှိပါလျက် ရာဇဝင်လိမ်များကြား ထားဝယ်နယ်သမိုင်း
ကျရှုံးသွားရခြင်း ဖြစ်ပါသည်။

မြို့ရိုးမှာ ဘဲဥပုံရှိပြီး နန်းဦးစေတီကျန်နေသေးသည်။ ယခင်မူလစေတီတွင် ပစ္စယာ ပေါ်တွင် အရံစေတီငယ် လေးဆူရှိသည်။ စေတီ၏ လေးဘက်လေးတန်တွင် နောက်ထပ် အရံစေတီ ၄ ဆူ ရှိသေးသည်။  မြို့ရိုး မြို့ကွက် နှင့် စေတီအနေ အထားအရ နန်းဦးစေတီ ဖြစ်သည်မှာ သေချာသည်။

ထိုနန်းဦးစေတီကို ပြန်လည်ပြုပြင်ရာ ၂၀၁၂ ခုနှစ်က ရွှေဘူးငယ် တစ်ခု ရရှိသည် ဟုဆိုပါသည်။ ၄င်းအတွင်းမှ ဓါတ်တော်များတွေ့၍ အပူဇော်ခံပြီး စေတီကို ဆက်လက် ပြုပြင်သည်။ အပူဇော်ခံထားချိန် ငါးလ နီးပါးခန့် ကြာမည် ထင်ပါသည်။ မြင်ဖူးပါသော်လည်း ကာလကြာချိန်ကို တိတိ ကျကျ ကျွန်တော် မမှတ်မိတော့ပါ။ ပြန်ပြီး ဌာပနာလိုက် ပါသည်။

"မြို့ရိုးမှာ ဘဲဥပုံ ဆိုသော်လည်း မြစ်ကြီး ခံနေသဖြင့် တွေ့ရသည်မှာ ပစောက် သဏ္ဍာန် ဖြစ်နေသည်။ ကလိန်အောင်မြစ်ကို ကျူံးပုံသဏ္ဍာန်ထား၍ ဆောက်ထား ခြင်း ဖြစ်သည်။ နန်းမြို့အတွင်းတွင် အုပ်ချုပ်သူနှင့် အပေါင်း အပါ များလောက်သာ နေဟန် ရှိပါသည်။ အကျယ်မှာ ၈ ဧက မျှသာ ရှိပါသည်။ ရေအမြဲကြီးတတ်သော နေရာ ဖြစ်သောကြောင့် မြို့ကို အမြင့်ဆုံးနေရာတွင် ရွေးတည်ထား ဟန် ရှိသည်။ နန်းမြို့နေရာသည် ကုန်းအမြင့်ဆုံး နေရာ ဖြစ်သည်။ ၁၉၈၂ ခုနှစ်က မောင်တင်ဝင်းဆိုသူသည် အရက် ချက်ရန် မြေကျင်း တူးရာ အတွင်းအပြင် စဥ့်သုတ် ထားသည့် တလံခန့်ရှိ အဝကျဉ်း မြေအိုး (၄) လေးလုံး တွေ့သည်။ အရိုးအိုးများဖြစ်ပြီး အရိုးမှုန့်များနှင့်အတူ အိုးတစ်လုံးတွင် သံဓါးရှည် တစ်ချောင်း ခေါက်လျက် ပါသည်။ နောက်တစ်အိုးတွင် ကွမ်းညှပ်ပါသည်။ နောက် တစ်အိုးတွင် ကြေးခွက်ပါသည်။ သေသူ၏ အသုံးအဆောင် များ ထည့်ပေးလိုက်သည်ဟု ယူဆရပါသည်။ ထိုအိုးများ တွေ့ရာနေရာသည် အုတ်ဖြင့်ပြုလုပ်ထားသော ကုန်းငယ် တစ်ခု ဖြစ်၍ ထိုခေတ်က မီးသဂြိုလ်ရာ နေရာတစ်ခု ဖြစ်နိုင် ပါသည်။ ရွာသားများက ကြောက်သဖြင့် အိုးကို ပြန်မြှုပ် ထားလိုက်သည်ဟု ဆိုပါသည်။ အောင်သာဝတီခေတ် ဒင်္ဂါး များရဖူးသည်။ တဖက်တွင် နဂါးရုပ် ပါပြီး အခြားတဖက် တွင် လေးထောင့်စာပါသည်။ ထားဝယ်မြို့ ဘုရားကြီး ပြတိုက်တွင် ရှိသည်။

အောင်သာဝတီမြို့ဟောင်း၏ ကျုံးသည် ယခုအခါ မြောင်း အရွယ်သာ ကျန်တော့သည်။ မပပျောက်သွားရန် ထိမ်း သိမ်းသင့်သည်။ အမှတ် ၈ ရပ်ကွက်မှ လွှထောင် ဆရာ ဦးရွှေငို အိမ်၏ အနောက်ဘက်တွင် ရှိသော ကျုံး နေရာ ဟောင်းနှင့် ကလိန်အောင် အစိုးရ အလယ်တန်းကျောင်း မြောက်ဘက်တွင်ရှိသော ကျုးံနေရာဟောင်းများကို ယနေ့ တိုင် တွေ့မြင်နိုင်ပါသေးသည်။"
(မောင်သန်းဆွေ ထားဝယ်။ အောင်သာဝတီ မြို့ဟောင်း ရှာပုံတော်။ ပုလဲမြို့ပြမြေယာမဂ္ဂဇင်း ၂၀၀၀ ပြည့်နှစ် အမှတ် (၂၄) မှ


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်