မြန်မာ့ရိုးရာ အားကစားနည်းများ

မြန်မာတို့သည် ရှေးမင်းများလက်ထက်ကပင် တစ်နှစ်ပတ်လုံး ပွဲတော်များ ကျင်းပလေ့ ရှိကြပါသည်။ ဤသည်ရည်၍ ဘိုးတော်ဘုရားလက်ထက်က…. အမတ်ကြီး လက်ဝဲသုန္ဒရသည် သာဓိနပျို့ အပိုဒ် ၃ဝ တွင် တစ်ဆယ့်နှစ် ရာသီပွဲတော်နှင့် ပတ်သက်၍…..
“… သင်္ကြန်တာကူး၊ နှစ်ကူးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်အမြဲ၊ ဆယ့်နှစ်ပွဲ…” ဟူ၍ အကျဉ်းချုပ် ဖော်ပြထားပါသည်။
အဆိုပါ တစ်ဆယ့်နှစ်ရာသီပွဲတော်များကိုလည်း မြန်မာတို့သည် အပျော်ကျူးချင်လွန်း၍ ကျင်းပခဲ့ကြသည် မဟုတ်ပေ။ တိုင်းပြည်တွင် လူတော်လူကောင်း ရနိုင်ဖို့ အရည်အချင်းကို စစ်ထုတ်ယူရသော လူတော်လူကောင်း ရွေးပွဲအနေဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ သာဓကအားဖြင့် ပြရသည်ရှိသော် နယုန်လ စာပြန်ပွဲသည်လည်းကောင်း၊ ပဉ္စင်းခံပွဲသည်လည်းကောင်း…၊ တိုင်းပြည်တွင် လောကီလောကုတ္တရာဘက်၌ အလွန်တော်သော ပညာရှိများ ထွက်ပေါ်ရေးကို အဓိကထား၍ ကျင်းပရသော ပွဲမျှသာ ဖြစ်သည်။
တော်သလင်းလ လှေပြိုင်ပွဲသည် တိုင်းပြည်၏ ရေတပ်မတော် အင်အားကို စမ်းသပ်သော အရည်အချင်းစစ်သည့် ပွဲမျှသာ ဖြစ်သည်။ ပြာသိုလ မြင်းခင်းသဘင်ပွဲသည် ကုန်းတပ်မတော်၊ ဆင်သူရဲ၊ မြင်းသူရဲ၊ ခြေသည်သူရဲ၊ လေးသည်သူရဲတို့၏ စစ်ရေးပြအင်အားကို ချင့်ချိန်သောလ၊ အရည်အချင်းစစ်သောလ ၏ ပွဲတော်မျှသာ ဖြစ်သည်။ နတ်တော်လသည် နန်းတွင်းစာဆိုတော်ကြီးများကို စာပေအရည်အချင်း စမ်းသော ပွဲမျှသာ ဖြစ်သည်။
ထိုကဲ့သို့ပင်  ၁၂ ရာသီပွဲများတွင် သာသနာတော် မညိုးမမှိန်ရစေရန် သာသနာတော်ကို ချီးမြှင့် ဆောင်ရွက်ရသော တပို့တွဲလ မီးပုံးသဘင်ပွဲတော်၊ တပေါင်းလသဲပုံစေတီပွဲတော်၊ သီတင်းကျွတ် ဆီမီးမြင့်မိုရ်ပွဲတော်၊ သံင်္ဃာတော်များအတွက် ဝါဆို ဝါကပ်ပွဲတော်၊ ကထိန်ပွဲတော်၊ မြတ်စွာဘုရားသခင်၏ ပရိဘောဂစေတီ ဟု ဆိုအပ်သော ညောင်ပင်များ ရေခန်းခြောက်သွေ့ညိုးရော်ခြင်းမှ ကာကွယ်ရန်အတွက် ကဆုန် ညောင်ရေသွန်းပွဲတော် စသည်ဖြင့်  အပျော်သက်သက် မဟုတ်ပါဘဲ တိုင်းပြည်စည်ပင် သာယာဝပြောမှုကိုသာလျှင် အရင်းတည်၍ ပြုလုပ်ခဲ့ရသော ပွဲတော်များဖြစ်ကြောင်း ထင်ရှားလှပေသည်။
● မြင်းခင်းသဘင်
ယင်းတို့အနက် ပြာသိုလသည် ရှေးခေတ်မြင်းခင်းသဘင် ကျင်းပသောရာသီဖြစ်သည်။ မြင်းခင်းသဘင် ပွဲတော်မှာ ရှေးခေတ်မြန်မာဘုရင်တို့၏ တပ်မတော်ကြီးအတွက် မြင်းတပ်သူရဲကောင်း ရွေးချယ်ပွဲကြီးလည်း ဖြစ်သည်။ မြင်းခင်းသဘင် ဟု ဆိုရသော်လည်း ဆင်စီး၊မြင်းစီး၊ ဓားခုတ်၊လှံထိုးနှင့်တကွ လေးပစ်ခြင်းများလည်း  အပါအဝင် ဖြစ်သည်။  ထို့ကြောင့်…..ပြာသိုလသည် ရှေးခေတ်မြန်မာတို့၏ အားကစားလ ပင်ဖြစ်လေသည်။
မြင်းခင်းသဘင်ပွဲနှင့် ပတ်သက်၍  စာဆိုမယ်ခွေက  ၁၂ရာသီဘွဲ့  အဲချင်းတွင် – “မြန်ပြည်မှာသာနိုး၊  မိန်ညိုချပ်ကာ၊  ရွှေတန်ဆာနှင့်  ရတနာမြင်းခင်း၊  စိတ်ရှိငယ်ကျင်းသည်၊  နှင်းဖြိုးဖြိုးနှင့်၊  စက်ထိုးမှ ဟန်ယူ ….” စသည်ဖြင့် စပ်ဆိုထားလေသည်။
ထိုမြင်းခင်းသဘင်ကို….. နိုင်ငံအုပ်ချူပ်သော ဘုရင်ကိုယ်တိုင်က  ဦးဆောင်ကျင်းပမြဲ ဖြစ်သည်။  ပြာသိုလ တစ်လလုံးကို မြင်းခင်းသဘင် အားကစားပွဲတော်အဖြစ် သတ်မှတ်ထားလေသည်။ ထိုအခမ်းအနားကြီးမှာ စင်စစ်အားဖြင့်  စွမ်းရည်စစ်သည့် ပွဲကြီးပင် ဖြစ်လေသည်။  မင်းညီမင်းသား မှူးမတ်များနှင့်  ရာထူးရာခံရှိသူတို့ ထိုအခမ်းအနားကြီးတွင် ဝင်ရောက်ဆင်နွှဲကြရသည်၊  ဝင်ရောက်ဆင်နွှဲခြင်း မရှိသူသည်….စွမ်းရည်ကင်းမဲ့၍ အစစ်ဆေးမခံဝံ့သူ။  ဗိုလ်ပုံအလယ် မယှဉ်ပြိုင်ဝံ့သူ ဟု  အမှတ်ပြုခံရလေသည်။
မြင်းခင်းသဘင်ကို  မည်သည့်မင်းလက်ထက်တွင်   စတင်ကျင်းပကြောင်းကို  အတိအကျ  မဆိုနိုင်သော်လည်း။  အစောဆုံးမှာ သက္ကရာဇ် ၆၇၄  ခုနှစ်  ပင်းယ၌နန်းတက်သော  တစ်စီးရှင် သီဟသူ မင်းလက်ထက် မြင်းခင်းသဘင်  ကျင်းပကြောင်းကို ဖွဲ့ဆိုထားသည့်  ကာချင်းတစ်ပုဒ်ကို  တွေ့ရှိရပါသည်။
ရှေးမြန်မာမင်းများလက်ထက်….. မြင်းခင်းသဘင်ပွဲကို လွှတ်တော်ရှေ့ ကွင်းပြင်ကြီးထဲတွင် ပြုလုပ်ကျင်းပကြသည်၊  ယင်းသဘင်ကွင်းထဲ၌ လှံထိုးကျင်းပရန်နေရာ၊  ဓားခုတ်လှံထိုး  ကျင်းပရန်နေရာ၊  လေးပစ်ပွဲ ကျင်းပရန်နေရာ၊  မြင်းစီးမြင်းရေး ပြိုင်ပွဲကျင်းပရန်နေရာ စသည်ဖြင့် အသီးသီး နေရာချထားလေ့ ရှိပါသည်။
မြင်းခင်းသဘင်ပွဲသို့  ပါဝင်ဆင်နွှဲမည့် ပုဂ္ဂိုလ်များသည်…..ပြိုင်ပွဲတွင်  ဆင်နွှဲနေစဉ် မောက်တိုမောက်ရှု ကျွတ်မကျရပေ။ ဘုရင်ကိုယ်တိုင်ရှုစားသော ထိုမြင်းခင်းသဘင်တွင် အဝတ်ပုဆိုး ကျွတ်ကျခြင်း၊ အောက်ခံကတ္တီပါ အလှပြ ဘောင်းဘီကျွတ်ကျခြင်း၊ ခါးဝတ်ကျွတ်ကျခြင်း၊ မြင်းဇက်ကြိုးပြတ်ခြင်းများ မဖြစ်ရပေ။ ဖြစ်ပွားပါက မြင်းခင်းသဘင်ပွဲမှ ဆွဲထုတ်၍ မြင်းနှင့်တကွ နေပူလှန်းခံရတတ်ပါသည်။
မြင်းရေးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့်သူသည် မြင်းစရိုက် ခြောက်ပါးကို သိရခြင်း၊ မြင်းခင်း စစ်သည် အရည်အချင်း ခုနှစ်ပါးနှင့် ပြည့်စုံမှုရှိခြင်း၊ မြင်းရေးငယ်ခုနှစ်ပါးကို အခြေခံ သိနားလည်ခြင်းတို့ ရှိမှသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရပါသည်။ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှ မြင်းရေး ၃၇ ရေး ကို ယှဉ်ပြိုင်စီးနင်းကြရသည်။
မြင်းစရိုက်ခြောက်ပါးမှာ နူးညံ့ခြင်း၊ ခက်ထန်ခြင်း၊ အသွားနှေးခြင်း၊ မြန်ခြင်း၊ ယဉ်ခြင်း၊ ရိုင်းခြင်းတို့ ဖြစ်သည်။ မြင်းရေးငယ် ခုနှစ်ပါးမှာ ပယ်ဖွဲ့စီးခြင်း၊ လက်ဝဲပယ်ဝက်စီးခြင်း၊ လက်ယာ ပယ်ဝက်စီးခြင်း၊ ပယ်ခွဲစီးခြင်း၊ ပယ်စိတ်စီးခြင်း၊ လှံလှည့်စီးခြင်း၊ လှံချီစီးခြင်းတို့ ဖြစ်ပေသည်။
မြင်းရေး ၃၇ ရေး စီးရာ၌မူ မြင်းချည်းသက်သက် စီးရသည် မဟုတ်ပေ။ ပန်းဖွားများ တပ်ဆင်ထားသည့် အဲမောင်းခေါ် လှံရှည်ကြီးကို ကိုင်ပြီး ကစားရင်း စီးနင်းပြသကြရပါသည်။ မြင်းစီးရေး၊ အဲမောင်းရေးများကို တစ်ဦးချင်းစီသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ အစွမ်းပြပြီးနောက် မြင်းစီး လှံစွမ်း၊ မြင်းစီး ဓားစွမ်းများကို ပြသကြရပြန်သည်။
လှံစွမ်းပြမည့် သူရဲကောင်းများသည် သတ်မှတ်ထားသော တာလမ်းအတိုင်း မြင်းကို ဒုန်းစိုင်း စီးလာကြရသည်။ လမ်းဘေးမှ အသင့်စောင့်ဆိုင်းနေသူတို့က ရှောက်သီးကို မြေပြင်တွင် လှိမ့်ပေးလိုက်ရသည်။ မြေပြင်တွင် လိမ့်လာသော ယင်းရှောက်သီးကို မြင်းစီးလာသူက မြင်းပြေးနေစဉ် အတွင်းမှာပင် လှံနှင့်ထိုး၍ အထက်သို့ မြှောက်ပစ်လိုက်သည်။ အထက်သို့တက်ပြီး ပြန်ကျလာသော ၎င်းရှောက်သီးကိုပင် မြင်းပြေးနေရင်းမှ လှံနှင့်ဆီး၍ ခံလိုက်ရာ ရှောက်သီးမှာ လှံအသွားတွင် တံစို့ဆီသကဲ့သို့ စူးဝင်နေပါသည်။
လှံအစွမ်းပြသည့်ပြိုင်ပွဲ၌ စက်ကွင်းထိုး ကစားနည်းမှာ အရေးပါလှပေသည်။ ထိုခေတ်က အဆင့်မြင့်သော အားကစားနည်းပင် ဖြစ်ပေလိမ့်မည်။ စက်ကွင်းထိုး ကစားခြင်း ဟူသည်မှာ ကစားကွင်း တစ်နေရာ၌ စက်ခုံ ထားရှိသည်။ ထိုစက်ခုံတွင် စက်ခုံတိုင် စိုက်ထူလျက် စက်ခုံအဖျားတွင် စက်ခွက်သုံးခု အနိမ့်အမြင့် တပ်ဆင်သည်။ အောက်ဆုံးစက်ခွက်မှာ မြေပြင်နှင့် ၂၅ တောင် အမြင့်ကွာ၏။ အလယ်စက်ခွက်မှာ အတောင် ၄ဝ မြင့်၏။ အပေါ်ဆုံး စက်ခွက်ကား အတောင် ၆ဝ မြင့်လေသည်။
စက်ကွင်းထိုးမည့်သူသည် ထိုစက်ခွက်များကို မြင်းစီးပြေးသွားလျက်က လှံဖြင့် ပစ်စိုက်ရ၏။ အောက်ဆုံးစက်ခွက်ကို ထိမှန်အောင် ပစ်နိုင်သူက များလေသည်။ အလယ်စက်ခွက်ကို ထိမှန်အောင် ပစ်နိုင်သူလည်း မရှားလှ။ အပေါ်ဆုံး စက်ခွက်ကိုကား လှံရောက်သွားအောင် ပစ်လွှတ်နိုင်သူပင် ရှားလှပေသည်။ လူတစ်ယောက်လျှင် ၁ဝ ကြိမ် အထိ ပစ်ကစားခွင့် ရှိ၏။ ၁ဝ ကြိမ်တွင် တစ်ကြိမ်မျှလောက် စက်ကွင်း တစ်ခုခုကို ထိုးစိုက်နိုင်သူဆိုက ထိုသူအဖို့ ရှက်ဖွယ်ရာ မရှိပေ။ တစ်ကြိမ်မျှ မထိုးစိုက်လိုက်နိုင်သူဆိုလျှင် ဗိုလ်ပုံအလယ်တွင် များစွာပင် အရှက်ရလေသည်။ ပျင်းရိသူ၊ မိမိတာဝန်ကို ပေါ့နေသူဟု ပရိတ်သတ်က အထင်သေးခြင်း ခံရလေသည်။ စက်ခွက်တွင် အကြိမ်များစွာ လှံထိုးစိုက်နိုင်သူမှာ မျက်နှာပွင့်လန်းသည်။ ပရိတ်သတ်၏ ချီးကျူးခြင်းကို ခံယူရ၏။ အတောင် ၆ဝ မြင့်သော အပေါ်ဆုံး စက်ခွက်ကို တစ်ကြိမ်မျှလောက် ထိုးစိုက်နိုင်သူကား ပရိတ်သတ်၏ တစ်ခဲနက်သော ဂုဏ်ပြုသြဘာပေးခြင်းကို ခံယူရလေသည်။ ရှင်ဘုရင် မိဘုရားတို့ကပင် အရေးတယူ ချီးကျူးဂုဏ်ပြုကာ ဆုချီးမြင့်လေ့ ရှိသည်။
စက်ကွင်းထိုးသောလှံမှာ အရိုးငါးတောင် ရှိ၏။ လှံသွားရင်းတွင် ပန်းပွားတပ်ဆင်ထားသဖြင့်  စက်ကွင်းဆီသို့ အဟုန်ဖြင့် ပြေးသွားနေသောလှံမှာ ရှုမငြီးအောင် လှပလေသည်။ ပရိတ်သတ်သည် လှံပြေးသွားနေခြင်းကို  မျက်တောင်မခတ် ပင့်သက်မရှုမိဘဲ ငေးစိုက်ကြည့်ကြရလေသည်။
မြင်းခင်းပွဲသဘင်၌ မြင်းစီးပြိုင်ဆိုင်ခြင်းမှာလည်း  နာမည်ကြီးလှသည်။ ရှေးခေတ် မြန်မာ့ရိုးရာ မြင်းစီးပြိုင်ပွဲမှာ  သက်ရှိမြင်းကို ဇက်ကြိုးကိုင်၍ လိုအပ်သလို မောင်းနှင်ချုပ်ကိုင်ကာ ပညာစွမ်းပြရသော ပြိုင်ပွဲ ဖြစ်လေသည်။ မြင်း၏ အနှေးအမြန်၊ အဆုတ်အတက်၊ အကွေ့အ၀ိုက်၊ အခုန်အလွှား စသည်ကို မြင်းစီးသူက မြင်းပေါ်မှဇက်ကြိုးကိုကိုင်ရင်း ပြုလုပ်ဖန်တီးပေးလေသည်။
“…ကြောက်စရာ ပုဏ္ဏက ၊ ကောရမ္ပမင်းခမ်းတွင် မြင်းစွမ်းကို ပြသည့်နှယ်၊ ရွလိုက်ကြွလိုက်၊ ခွာအဆိုက်မှာတော့ မြတဝိုက်မြေ၊ ညွှန်မဆုံးထုံ၊ မွှန်းကျုံးခြုံ၍၊ ကျွန်းလုံးကုန်မျှော မလို၊ မသွေရယူခရီး၊ အနေကျသူစီး၍…”
စသဖြင့် ရတနာပုံ သတင်းစာ ဆရာကြီး ဘိုးဝဇီရက မြင်းရေးအလှ မြင်းစွမ်းရည်ကို ရေးဖွဲ့ခဲ့လေသည်။
မြင်းစီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူသည် သတ်မှတ်ထားသော မြင်းပြိုင်ပွဲ ကွင်းပြင်၌ မြင်းစီးနည်းမျိုးစုံကို စီးနင်းပြရသည်။ ယင်းသို့ပြရာ၌ ခွာ ၄ ဖက်ဖြင့် ပြေးသွားနေသော မြင်းကို သက်မဲ့ပစ္စည်းကလေးပမာ လိုသလို ရွှေ့ပြောင်းစီစဉ်လုပ်ဆောင်နိုင်စွမ်း ရှိရလေသည်။ ဤမျှ မြင်းစီးတတ်ကျွမ်း လေ့ကျင့်ထားသူမှသာလျှင် ပရိတ်သတ်ဗိုလ်ပုံတွင် ပွဲလယ်တင့်နိုင်ပေသည်။
ဒုံးစိုင်းပြေးလာသော မြင်းပေါ်သို့ လမ်းခုလတ်မှနေ၍ လွှားခနဲ ခုန်တက်ကာ စီးနင်းလိုက်ပါသွားခြင်း၊ ထိုမြင်းပေါ်မှပင် စွေ့ခနဲ ခုန်ဆင်းကာ ရပ်တန့်နေကြခြင်း စသည်တို့မှာ တော်ရုံတန်ရုံ သတ္တိလေ့ကျင့်ထားမှုမျိုး မဟုတ်ပေ။
ရှေးမြန်မာတို့သည် မြင်းရေးပြခြင်းကို လွန်စွာနှစ်သက်ကြ၏။ မြင်းရေးပြခြင်းကို ပွဲကြီးပွဲကောင်းအဖြစ် တောင့်တမျှော်လင့်ကြလေသည်။ မြင်းရေးပြခြင်း ဟူသည်မှာလည်း လူစီးထားသော မြင်းတစ်ကောင် အနှေးအမြန် ပြေးသွားနေပုံမျိုး မဟုတ်ပေ။ ကြည့်၍မဝနိုင်လောက်အောင် လှပတင့်တယ်သော နှစ်သက်စဖွယ် မြင်ကွင်းမျိုး ဖြစ်လေသည်။
မြင်းစီးနည်း ၃၇ မျိုး ရှိသည်။ မြင်းရေး ၃၇ ဟုလည်း ခေါ်တွင်၏။ ဂဠုန်တောင်ဖြန့်စီးနည်း၊ ခြင်္သေ့တန်းဆွဲ စီးနည်း၊ ပယ်ခွဲပယ်စိတ်စီးနည်း စသည်ဖြင့် နည်းစနစ်နှင့် အသွင်သဏ္ဌာန် ဟန်ပန်အလိုက် အမည်နာမ မခွဲခြား သတ်မှတ်ချက် ရှိရလေသည်။
မြင်းစီးလျက် ဓားစွမ်းပြခြင်းမှာ မြင်းအပြေးစိုင်းနှင်ရင်းကပင် မြေပြင်တွင် စိုက်ထားသော ကြံပင်၊ ငှက်ပျောပင် စသည်များကို ဓားဖြင့် ဘယ်ပြန်ညာပြန် တိတိရိရိကျအောင် လှအောင် ခုတ်ပြရသည်။ ဤဓားခုတ်ရေးမှာ လွယ်ကူသည်ဟု ထင်ရသော်လည်း ညာဝိုက်ခုတ်ခြင်းတွင် မကျွမ်းကျင် မထိန်းသိမ်းတတ်ပါမူ မိမိစီးနင်းသောသောမြင်း၏လက်ခြေတို့ကိုချော်၍လည်းကောင်း အရှိန်လွန်၍လည်း ကောင်း ခုတ်ပိုင်းမိတတ်သည်။ ဘယ်ဝိုက်ခုတ်ရာ၌ မိမိ၏ မြင်းဦးခေါင်း ၊ နားရွက်တို့ကို ပြန်၍ ခုတ်မိတတ်သည်။
ထို့နောက် လေးတောင်ခန့်ရှိသော ငှက်ပျောပင် ငှက်တိုများကို မြေတွင်အကွာအဝေး ညီမျှစွာ စိုက်ထားရသည်။ ငှက်ပျောပင်၏ တိတိရိရိဖြတ်ထားသော ထိပ်ပေါ်တွင် မြူတာခေါ် ရေအိုးငယ်များကို ရေအပြည့် တင်ထားသည်။ မြင်းစီးသူရဲကောင်းတို့သည် ငှက်ပျောပင်ရှိရာသို့ မြင်းနှင့်အသီးသီး ဒုန်းစိုင်းလာရင်း ငှက်ပျောပင်ပြတ်သွားသော်လည်း ရေအပြည့်တင်ထားသော ရေဖြူတာအိုးမှာ မူရင်းအတိုင်း တည်နေသဖြင့် ငှက်ပျောပင် ပြတ်သွားမှန်း မသိကြရချေ။ ငှက်ပျောပင်ကို လက်နှင့်တွန်းကြည့်သောအခါ ပြတ်သွားသော နေရာမှ အပိုင်းနှင့် ရေအိုးပါ မြေပြင်သို့ ကျသွားပြီး ရေအိုးလည်း ကွဲကျသွားလေသည်။ ထိုအခါမှ စောစောက ခုတ်ထားသော ဓားချက်သည် ငှက်ပျောပင်ကို တိတိရိရိ ပြတ်ကြောင်း သိရသည်။ ယင်းသို့ရှိမှလည်း ဓားရေးပိုင်သူ မည်ပေသည်။ ပရိတ်သတ်၏ ဂုဏ်ပြုသြဘာပေးခြင်းကို ခံယူရလေသည်။ ထိုးနည်းအပြင် အခြားသော ဓားရေးပြနည်းများမှာလည်း ပရိတ်သတ်၏ မျက်စိအာရုံကို ဆွဲငင်နိုင်ကြပေသည်။ ကြည့်ရူ၍မ၀ ရင်သပ်အံ့သြ ကြရသည်သာ ဖြစ်သည်။ စွန်သုတ် ၊ ပါးကပ်၊ ဓားလွှင့်၊ ပန်းကုံးဖြတ် ၊ ပန်းကုံးသီ စသည်ဖြင့် ဓားခုတ်နည်း ၃၇ မျိုး ရှိသည်။ ဓားရေး ၃၇ မျိုး ဟုလည်း ခေါ်တွင်လေသည်။
လှံကစားနည်းသည်လည်း ၃၇ မျိုး ရှိလေသည်။  လှံရေး ၃၇ မျိုးဟု ခေါ်တွင်၏။ စွန်တောင်ဖြန့် ဂဋုန်တောင်ညှပ်၊ တိမ်ပြည်ဖုံး၊ ကြက်မိုးစွတ်ခါ စသော ၃၇ မျိုးဖြင့် လှံရေးပြသည်မှာ အံ့ဖွယ်ရာသော မြင်ကွင်းမျိုး ဖြစ်၏။
ဒူးလေး၊ လင်းလေး၊ လောက်လေး ဟူ၍ ရှေးမြန်မာတို့၏ အဝေးပစ်လက်နက်များ ရှိခဲ့၏။ ဒူးလေးနှင့် လင်းလေးကို မြားတံဖြင့် ပစ်ခတ်ရသည်။ လောက်လေးကိုမူ လောက်စာလုံးဖြင့် ပစ်ခတ်ရလေသည်။
ဒူးလေး၊ လင်းလေးကို ပစ်ခတ်ရာ၌ မြားပစ်နည်း ၆ မျိုး ရှိ၏။ ဝင်္ကဝေဒိ ၊ စက္ကဝေဒိ စသော မြားရေး ၆ သွယ်ပင် ဖြစ်လေသည်။ မြားရေးကို ပြရလျှင် လက်မတတွက်၊ လျှပ်တစ်ပြက်တွင်း၊ မြားချက်တစ်ထောင်၊ သွားလျက်ဆောင်၊ တောင်ဝက်ပတ်၊ တစ်ထောင်အကောက်၊ ချောင်တစ်လျှောက်မှာ ၊ ကြောင်မျောက်ယုန် ၀ပ်စေတော့၊ လွတ်လေမည်မမှတ်နှင့် စသည်ဖြင့် တေဇကုမ္မာပြဇာတ်၌ မြားအရေးကို ပြဆိုလေသည်။ မြင်းခင်းသဘင်ပွဲ၌ လေးခင်းပြသူများသည် အပေါ်သို့ ပစ်မြှောက်လိုက်သော သုံပုရာသီးလုံးကို ထိမှန်အောင် ပစ်ကြရသည်။ အမှတ်အသား ပြုထားသော စက်ဝိုင်းငယ်ကို ထိမှန်အောင်လည်း ပစ်ကြရသည်။ အဆုံး၌ မြင်းမြီးကို ထက်ခြမ်းကွဲအောင် ပစ်နိုင်သူမှာ အောင်ပွဲရ လေးသည်ကျော်အဖြစ် ဂုဏ်ပြုခြင်း ခံရလေသည်။
ယခုအခါ တိမ်မြုပ်ပျောက်ကွယ်နေသော မြန်မာ့ရိုးရာ မြင်းခင်းသဘင်ကို ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် နိုင်ငံတော်အစိုးရသည် ပထမအကြိမ် မြန်မာ့ရိုးရာ မြင်းခင်းသဘင်ကို  ရှေးမြန်မာဘုရင်များ လက်ထက်က ကျင်းပခဲ့သည့် ပွဲတော်အင်္ဂါရပ်များနှင့်အတူ  လာမည့် ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစီစဉ်ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ မြင်းစီးအားကစား သမားများသည် အဆင့်မြင့်မြင့် ကျွမ်းကျွမ်းကျင်ကျင်ပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ လှံရေးစွမ်းရည်ပြ၊ နိုင်ငံတကာ တန်းခုန်ပြိုင် စသည်များကို လေ့ကျင့်လျက် ရှိပေသည်။
မြန်မာ့ရိုးရာ မြင်းခင်းသဘင်ပွဲတော်ကို မြန်မာလူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန် ပြန်လည်တက်ကြွရေး၊ မျိးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံကာကွယ်ရေး၊ လုံခြုံရေး အထောက်အကူ ပြုစေရန်အတွက် ခမ်းခမ်းနားနား ကျင်းပနိုင်ရန် စီစဉ်ထားပေသည်။
● ဆင်ခင်းပွဲတော်
ဆင်ပေါ်သို့ ခုန်လွှားတက်ခြင်း၊ ဆင်ပေါ်မှ ခုန်ချဆင်းခြင်း၊ ဆင်၏ ရှေ့နောက်ဝဲယာတို့မှ ဆင်တက်ခြင်း  စသည့်ဆင်နှင့် စပ်လျဉ်းသော ခုန်ပျံလှုပ်ရှား  စွန့်စားမှု့များသည် ရှေးမြန်မာတို့၏  စွမ်းရည်ပြခန်းပက်ဖြစ်သည်။
မြင်းကို  ဇက်ချူပ်၍  လိုရာသုံးစေနိုင်၊ ညွန်းနိုင်ခြင်းဖြင့်  မြင်းရေးပြသကဲ့သို့ ဆင်ကိုလည်း  ချွန်းအုပ်၍  လိုရာသို့စေညွန်းကာ  ဆင်ရေးပြကြသည်။  ဆင်သည် မြင်းထက်ပို၍  အကောင်ကြီးထွားသည်နှင့်အမျှ  ကိုင်တွယ်ရာ၌လည်း  မြင်းထက်ပို၍ အလေးအနက်ထားရသော  ခဲရာခဲဆစ် အချက်အလက်များ ရှိလေသည်။
ဆင်အချင်းချင်း  တိုက်ပေးခြင်း၊  ဆင်ဆိုး ဆင်ကောင်းကို စမ်းသပ်၍ ခွဲခြားရခြင်း ၊  ဆင်များကို ရန်သူနှင့် ရင်ဆိုင်တွေ့ဘိသကဲ့သို့  ကျားရုပ်၊ ဆင်ရုပ်တို့ဖြင့် တိုက်ပွဲသဏ္ဍာန်  အစမ်းလေ့ကျင့်ခြင်း ၊ စည်းတီးသံ ၊ ဒိုးခတ်သံတို့ဖြင့်  ခြောက်လှန့်၍  စစ်ပွဲအတွေ့အကြုံ ပေးခြင်း  စသည်ဖြင့်  ဆင်များကို အတွေ့အကြုံမျိုးစုံအောင် လေ့ကျင့်သင်ကြားပေးကြသည်။ လိုရာသို့….ညွန်းစေနိုင်သည့်  ယဉ်ပါးသော ဆင် ဖြစ်လာအောင် နည်းမျိုးစုံဖြင့် သွေးငင်ကြသည် ။
တောဆင်ရိုင်းများကို ယဉ်ပါးနေသော  ဆင်ဖြင့်မျှားခေါ်ကာ ကျုံးသွင်းဖမ်းယူခြင်း မှာလည်း  မြန်မာ့ရိုးရာ အစဉ်အလာ တစ်ရပ်ပင် ဖြစ်သည်။   ဤလုပ်ငန်းမှာ ဆင်အကြောင်း၊ တောတောင် ရေမြေအကြောင်းကို…. အထူးကျွမ်းကျင်သူမှသာလျှင် လုပ်ဆောင်နိုင်သည့် ခဲရာခဲဆစ် လုပ်ငန်းဖြစ်လေသည်။ တောထဲ တောင်ထဲတွင်  ဆင်ရိုင်းများကို ရှာဖွေရခြင်း၊ တွေ့ရှိလျှင်  မိမိဆင်ယဉ်ဖြင့်  ဆုံမိစေလျက် လိုအပ်သည့်  အနေအထားသို့ ရောက်ရှိလာအောင်  စီစဉ်ဖန်တီးရခြင်း ၊  တစ်ခါတစ်ရံ ဆင်ရိုင်းကိုကြိုးလွန်များဖြင့်   ဖမ်းချုပ် နှောင်ရခြင်း  စသည်ဖြင့်  ဖမ်းချည်ချုပ်နှောင်ရခြင်း  စသည်ဖြင့်  အသက်ဆန်ဖျား စွန့်စားရသော လုပ်ငန်းလည်းဖြစ်လေသည်။
● မြန်မာ့ရိုးရာလက်ဝှေ့ 
လက်မောင်းအိုးကို လက်ဝါးဖြင့်  တဖြောင်းဖြောင်း ရိုက်ကာ လက်ဝှေ့ ရေးပြခြင်းကို  ကြည့်ရှုသူတို့  များစွာနှစ်သက်ကြ၏။ လက်ဝှေ့ ရေးပြခြင်းကိုကြည့်ရှုရသည်မှာ…..မျက်စိပသာဒတွင် တင့်တယ်ဖွယ်ရာ လှပမှု ရှိလေသည်။   အထိုး၊ အကြိတ် ၊ အသတ်အပုတ် ၊  အကန်အကြောက် ၊ အတွန်းအထိုး တို့ဖြင့်  လက်ဝှေ့သတ်ခြင်းကို……ကြည့်ရှုရသောအခါတွင်မှု သည်းထိတ်ရင်ဖို ဖြစ်ကြရပြန်သည်။
လက်ဝှေ့သတ်သူသည်  ယောက်ျားဘသားဟု  ခေါ်စမှတ်ပြုလောက်သော  အရည်အသွေး ရှိရ၏။ အလွန်လျင်မြန် ဖျတ်လတ်၍  အထိုးအကြိတ်  အထောင်းအထုမျိုးကို  ခံနိုင်ရည်ရှိသော  သက်လုံ ကောင်းသူလည်း ဖြစ်ရသည်။  ယောကျာ်းတို့ စွမ်းရည်ကို ပြရာ၌လည်း  လက်ဝှေ့လည်း  ပါဝင်လေသည်။ ထို့ကြောင့်ပင်….မြင်းခင်းသဘင်  ပွဲတော်၌ လက်ဝှေ့ကို  တစ်ခန်းတစ်နေရာ  ထည့်သွင်းထားခြင်းဖြစ်သည်။
စင်စစ်မြန်မာ့ရိုးရာ လက်ဝှေ့ပညာသည်  ရှေးနှစ်ပေါင်းများစွာ ကတည်းက  တိုက်ခိုက်ရေးပညာတစ်ခု အနေဖြင့်   စတင်ပေါ်ပေါက်ခဲ့သည်။  မြန်မာ့ရိုးရာ  လက်ဝှေ့ပညာသည်  မြန်မာတစ်မျိုးသားလုံး  ပိုင်ဆိုင်သော  အားကစားပညာ ၊ ဇာတိသွေး. ဇာတိမာန်  တက်ကြွသော  အမျိုးသား  ကိုယ်ခံပညာကောင်း တစ်ရပ်ဖြစ်သည်။ တိုင်းရင်းသား လူမျိုးမရွေး ၊ ဒေသမရွေး ကျင်းပနိုင်ခြင်းဖြင့် အမွေအနှစ်ဖြစ်သော လက်ဝှေ့ပညာသည် အမျိုးသားပိုင် ကိုယ်ခံပညာရပ်အဖြစ် တိုင်းရင်းသားလူမျိုးတို့နှင့်အတူ ရပ်တည်လာခဲ့ပေသည်။
စစ်သွေး စစ်စိတ်ဖြင့်  ပြည့်စုံ၍ သေနင်္ဂဗျူဟာ ကြွယ်ဝသော မြန်မာ့စစ်သည်တော်တို့အား လက်နက်မဲ့တိုက်ခိုက်ရာတွင် အရေးပါလှသည့်  မြန်မာ့လက်ဝှေ့ ထိုးသတ်ခြင်းပညာရပ်ကို သေနင်္ဂဗျူဟာအဖြစ် တစ်စိတ်တစ်ဒေသ ထည့်သွင်းပို့ချကြောင်းကို သက္ကရာဇ် ၆၈၄ ခုနှစ် ပင်းယမင်းဥဇနာ လက်ထက်တွင် စကား (၇) ကြောင်း ပွဲကျောင်းဘုန်းကြီးများမှတစ်ဆင့် ပို့ချခဲ့သည်ဟူ၍ ရာဇဝင်အရ သိရှိရလေသည်။
ကုန်းဘောင်မင်း နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တိုင် လက်ဝှေ့ထိုးတော်သူများကို လက်ဝှေ့တော်သတ် ဟုဘွဲ့အမည် သတ်မှတ်ကာ ရွှေတိုက်စာရင်းဝင်အဖြစ် စာရင်းသွင်းခဲ့သည် ဟူ၍လည်း ရာဇ၀င်သုတေသီတို့ အဆိုအရ သိရပေသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ပညာရပ်သည် လက်နက်မဲ့ တိုက်ခိုက်ရာတွင် အထောက်အကူပြုသော အမျိုးသား စွမ်းရည်တစ်ရပ်လည်း ဖြစ်ပေသည်။ လက်သီးထိုးရာတွင် ဖြောင့်လက်သီး၊ ဝိုက်လက်သီး၊ ပန်းလက်သီး၊ ကရွတ်ခတ်၊ ဖြုတ်လက်သီး၊ ပင့်လက်သီး၊ ပေါက်လက်သီး၊ အသွားအပြန်နှင့် နှစ်လုံးထိုး (စုံထိုးခြင်း) စသည်ဖြင့် အစဉ်သင့်သလို သုံးကြပေသည်။ တံတောင်ဖြင့်လည်း အတွက်၊ အထောက်အထောင်း ကြိုက်သလိုသုံးရပြန်၏။ ဒူးနှစ်ဖက်ကိုမူ တစ်ဖက်သားအား လက်နှစ်ဖက်ဖြင့်  ချုပ်ကိုင်၍ တိုက်ခြင်း၊ ဗလာချန်၍ တိုက်ခြင်းမျိုးဖြင့် အသုံးပြု၏။
ခြေဖျားကိုမူ တစ်ဖက်သားအား ဟန်ရေးပျက်အောင် ခတ်ခြေအဖြစ်လည်းကောင်း တစ်ဖက်သား ပြေးဝင်လာလျှင် တားခြေအဖြစ် လည်းကောင်း သုံးပြန်သည်။
အထက်ဖော်ပြပါ ဦးခေါင်းမှအစ ခြေဖျားအဆုံး ကြိုက်သလို သုံးနိုင်သည်။ ထိုးလုံး ထိုးကွက်များကား မြန်မာ့လက်ဝှေ့သက်သက်မှ နည်းစနစ်ပရိယာယ်တို့သာလျှင် ဖြစ်သည်။
● မြန်မာ့ရိုးရာ သိုင်းကစားနည်း
ဗလာသိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း၊ လှံသိုင်းဟူ၍ သိုင်းကနည်းများ ရှိသည်။ လေးကွက်သိုင်း၊ ရှစ်ကွက်သိုင်း၊ ဆယ့်ခြောက်ကွက်သိုင်း ဟူ၍ ခြေနင်းချက်ကို အစွဲပြု ခေါ်ဝေါ်ခြင်းလည်း ရှိလေသည်။
သိုင်းကခြင်းမှာ အလှချည်းသက်သက်မူ မဟုတ်ပေ။ ရန်သူကို ခုံခံကာကွယ်ခြင်းနှင့် တွန်းလှန်နှိမ်နှင်းခြင်းများ အတွက်လည်း ဖြစ်သည်။ ကိုယ်ခံပညာ ဟု လည်း ခေါ်စမှတ်ပြုကြသည်။
သိုင်းကသူမှာ အလွန်လျင်မြန် ဖျတ်လတ်သူ ဖြစ်ရလေသည်။ မျက်စိလျှင်၍ စူးရှရသည်။ စိတ်နှလုံးမှာ တည်ငြိမ်မြဲမြံမှု ရှိရလေသည်။ သို့မှလည်း ဓား၊ လှံ ၊ တုတ် စသည့် လက်နက်များကို မလွတ်တမ်း ဖမ်းနိုင်ဆီးနိုင် ရှောင်တိမ်းနိုင်ပေသည်။ သိုင်းကရာ၌ ဦးခေါင်း၊ ခါး၊ ခြေလက်နှင့်တကွ ဒူးနှင့်တံတောင်ဆစ်ကိုပါ လှုပ်ရှားအသုံးပြုခြင်း ရှိလေသည်။ မြန်မာ့သိုင်းသည် နည်းဥပဒေနှင့်တကွ စည်းကမ်းစနစ် အတိအကျရှိသော အားကစားပညာရပ် ဖြစ်သည်။ ယင်းနည်းဥပဒေသ၊ စည်းစနစ်များကို တိတိကျကျလိုက်နာ၍ အသုံးပြုလျှင် များစွာ အကျိုးပြုနိုင်သော အားကစားပညာရပ်လည်း ဖြစ်လေသည်။ မြင်းခင်းသဘင်ပွဲ၌ သိုင်းရေးပြခြင်းသည် တစ်ခန်းပါဝင်၏။ ဓားရေး၊ လှံရေးတို့ကဲ့သို့ပင် ပရိတ်သတ်သည် သိုင်းကခြင်းကို နှစ်သက်လေသည်။ ချီးကျူးဂုဏ်ပြုလေသည်။
● ကူလီရိုက်
မြင်းခင်းသဘင်ပွဲတော်၌ ကူလီရိုက် ကစားခြင်းလည်း ပါဝင်လေသည်။ ကူလီရိုက် ဟူသည်မှာ ကူလီသီး (သစ်သားလုံးငယ်) ကို တုတ်တံဖြင့်  မိမိဖက်ပါအောင် ရိုက်ယူခြင်း ဖြစ်သည်။ ယခုခေတ်၌ ပိုလိုရိုက်သော (၀ါ) ဗလီရိုက်ခြင်းတို့နှင့် ဆင်တူပေသည်။
ကူလီရိုက်ခြင်းသည် မြင်းစီးလျက် ယှဉ်ပြိုင်ကစားရခြင်းဖြစ်၍ မြင်းစီး အထူးကျွမ်းကျင်ရလေသည်။ လက်ချိန် လက်ဆနှင့် တုတ်ရိုက်ခြင်းလည်း အထူးကျွမ်းကျင်ရလေသည်။
● မြန်မာ့ရိုးရာ လှေပြိုင်ပွဲ
မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများတွင် လှေပြိုင်ပွဲသည်လည်း အရေးပါသော အားကစားမှု တစ်ရပ်ဖြစ်၏။ ရှေးခေတ်မြန်မာမင်းတို့သည် တော်သလင်းလရာသီ၌ လှေပြိုင်ပွဲကို တစ်ခမ်းတနား ကျင်းပပေးခဲ့ကြသည်။ ရှင်ဘုရင်ကိုယ်တိုင် ကြည့်ရူအားပေး၍ ဆုများကို ချီးမြှင့်သည့်အပြင် ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်ခြင်းလည်း ရှိခဲ့သည်။ မိဖုရား၊ မှူးမတ်များ မင်းညီမင်းသားများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
“….ရေယဉ်ခင်းရယ်နှင့်၊ တောင်ကမ်းငယ်ပြည့်လျှံ၊ မြစ်လုံးငယ်ညံသည်၊ လှော်တက်သံမြိုင်မြိုင်နှင့် လှေပြိုင်ကျင်းတဲ့လကိုလေး…” ဟု ဖိုးသူတော် ဦးမင်းက တော်သလင်းလဖွဲ့ လွမ်းချင်းတွင် ဆိုထားလေသည်။
လှေလှော်နည်း ၃၇ မျိုး ရှိသည်။ တက်ရေး ၃၇ ချင်းဟု ခေါ်စမှတ် ပြုလေသည်။ ယင်းတို့ကား အောက်ပါအတိုင်း ဖြစ်သည်။ ဘုရားရှိခိုး၊ ရွှေသောင်းချီ၊ ရွှေလောင်းထွက်၊ ရွှေဖောင်ယာဉ်၊ တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊ တက်စောင့်၊ တက်ထောင် ၊ တက်ယှက်၊ တက်ဝှက်၊ တက်ခပ်၊ တက်လှ၊ အိမ်မိုး-ခြင်တင်၊ စင်ရော်သုတ်၊ စင်ရော်ပဲ၊ ၀မ်းပဲ-တောင်ဖြန့်၊ ၀မ်းပဲကန့်၊ လက်မြန်၊ ခေါ်တော်မူ၊ နတ်သမီး-ပန်းခိုး၊ နတ်သမီး-ပန်းဆွတ်၊ နတ်သမီး-ပန်းလှမ်း၊ နတ်သမီးပန်းတောင်း၊ သန်လျက်ထမ်း ၊ ဆေးတော်ထိုး၊ ရာဇမတ်ကြီး၊ ရာဇမတ်ယှက်၊ နေရောင်ကာ၊ နေရောင်ပြ၊ တင်းတိမ်ရံ … စသည်တို့ ဖြစ်သည်။
ပြိုင်ပွဲဝင် လှေလှော်ရာ၌ နည်းဥပဒေသနှင့်တကွ စည်းစနစ်များ ရှိလေသည်။ နတ်သမီးပန်းဝှက် လှော်နည်းဖြင့်  တက်ရေးပြသည်ဆိုလျှင် ရေသံမကြားအောင် လှော်ခတ်ရသည်။ နေရောင်ပြ လှော်ခတ်နည်းဖြင့် တက်ရေးပြခြင်းကို  ရွှေညီလာရံသန်းလို့ ၊ ရေနန်းသီတာ ၊ ငါးလင်္ကာခေါ်ရိုးငယ်၊ ယိမ်းယူပြမညိုး ဟု ချီးဖွဲ့ထားလေသည်။
မြန်မာမင်းလက်ထက်တွင်မူ မင်းနေပြည်တော်၌သာမက မြို့ရွာအသီးသီး၌လည်း အခါအားလျော်စွာ လှေပြိုင်ပွဲ ကျင်းပလေ့ရှိလေသည်။ သို့သော် မြန်မာ့ရိုးရာယဉ်ကျေးမှု လှေသဘင်ပွဲတော်သို့ မြန်မာဘုရင်များ လက်ထက်က ရိုးရာအစဉ်အလာ အထွတ်အထိပ် ပွဲအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း နယ်ချဲ့ကိုလိုနီလက်အောက် ကျရောက်ခဲ့ရချိန်တွင်မူ လှေပြိုင်ပွဲမှတဆင့် မြန်မာတို့၏ ရဲစိတ်ရဲမာန်များ ၊ ဇာတိသွေး ဇာတိမာန်များ တက်ကြွလာပြီး အုပ်ချုပ်ရေး ခက်ခဲမည် စိုးကာ  လှေပွဲများကို အားမပေးရဟု အမိန့်ထုတ် ပိတ်ပင်ခဲ့သဖြင့် နယ်ချဲ့ကိုလိုနီခေတ် သူ့ကျွန်ဘ၀တွင် ရိုးရာလှေပွဲများ တဖြည်းဖြည်း မှေးမှိန်ခဲ့ရပေသည်။
ယခုအခါ နယ်ချဲ့ကိုလိုနီအုပ်စိုးမှု ကာလတစ်လျှောက် တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်ခဲ့ရသော မြန်မာ့ရိုးရာ လှေလှော် အားကစားနည်းကို ပြန်လည်ဖော်ထုတ်ရန် မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေးနှင့် ပြည်ထောင်စုစိတ်ဓါတ် မွေးမြူရေး စသည့် အချက်များအပေါ် အခြေခံ၍ အမျိုးသားရေး တာဝန်အဖြစ် ဦးတည်ဖော်ဆောင်ရန် ဇွဲ၊လုံ့လ၊ဝိရိယပြည့်ဝ၍ ကိုယ်လက်ကြံ့ခိုင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု ရှိစေရန်၊ စုပေါင်းဆောင်တတ်မှု၊ ကိုယ်ကျိုးစွန့်လွှတ်မှု၊ အသင်းအဖွဲ့စိတ်ဓါတ်ရှိမှုတို့ကို ဖော်ဆောင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌဖလား ပထမအကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု လှေသဘင်ပွဲတော်ကြီးကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်မြို့ ကန်တော်ကြီး ရေပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယခုအခါ စတုတ္ထအကြိမ်မြောက်ပင် ကျင်းပခဲ့ပြီး ဖြစ်သည်။
● မြန်မာ့ရိုးရာ လှည်းပြိုင်ပွဲ
တိမ်မြုပ်နေသော မြန်မာ့ရိုးရာလှည်ပြိုင်ပွဲကို ဖေါ်ထုတ်သည့်အနေဖြင့် အထက်မြန်မာပြည် မြန်မာ့ရိုးရာ နွားလှည်းနှင့် နွားပြိုင်ပွဲများကို  မန္တလေးမြို့ ဆင်ဖြူကန် အားကစားကွင်းကြီးတွင် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၂ ရက်တိုင်တိုင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပြီး ဖြစ်သည်။
ထိုလှည်းနွား ပြိုင်ပွဲကြီးတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသော လှည်းပြိုင်ပွဲဝင်ပြည်သူများ၊ တိုင်းတပ်၊ တပ်ရင်း တပ်ဖွဲ့များရှိ လှည်းပြိုင်ပွဲဝင် တပ်မတော်သားများ အနိုင်မခံ အရှုံးမပေး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းလှည်းနွားပြိုင်ပွဲတွင် ဒုံးလှည်းအကြီးတန်း၊ အငယ်တန်း၊ လှည်းအကြော့ပြိုင်ပွဲတွင် အကြီးတန်း၊ အငယ်တန်း၊ နွားတစ်ကောင်းချင်းပြိုင်ပွဲတွင် အကြီးတန်း၊ အငယ်တန်း၊ နွားစီးပြိုင်ပွဲတွင် နွားထီး၊ နွားမ၊ ခိုင်းနွားတို့ ပါဝင်သည်။
ဤရွှေ့ဤမျှ ခြိမ့်ခြိမ့်သဲ နွားလှည်းပြိုင်ပွဲများ ကျင်းပရခြင်းအကြောင်းရင်းမှာ မြန်မာ့ယဉ်ကျေးမှုများ၊ မပျောက်ကွယ်စေရေး၊ မြန်မာတို့၏ အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် အားကြိုးမာန်တက် ပြိုင်ဆိုင်တတ်သည့် ဓလေ့စရိုက်များ ပေါ်လွင်စေရေး၊ လှည်းနှင့်နွားသည် မြန်မာပြည်သူအပေါင်းနှင့်တကွ တောင်သူလယ်သမားများ အတွက် အဓိက မရှိမဖြစ် ပစ္စည်းဖြစ်သည်ကို ပေါ်လွင်စေရေး စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်နှင့်အညီ လှည်းသည် စီးပွားရေးလုပ်ငန်း ၊ သွားလာပို့ဆောင်ရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများတွင် မရှိမဖြစ် အသုံးဝင်သော ပစ္စည်းများဖြစ်ကြောင်းကို နောင်လာနောက်သားများ သိရှိမှတ်သားနိုင်ရေးအတွက် လက်တွေ့မျက်မြင် သိရှိနိုင်ကြရန် ပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်သည်။
လှည်းနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်အချို့ကို ဖော်ပြရမည်ဆိုလျှင် ယခုခေတ်သုံး လှည်း၏ ရှေ့ပြေးယာဉ်ကို နှစ်ပေါင်း ၆ဝဝဝ ကျော်ကာလဖြစ်သည့် ကျောက်ခေတ်သစ်ကာလမှ စတင်၍ အသုံးပြုခဲ့သည်ဟု ယူဆရသည်။ လယ်ယာစိုက်ပျိုးရေး စနစ်ဖြင့် အသက်မွေးခဲ့သည်။ ပျူခေတ်တွင် လှည်းကို အသုံးပြုခဲ့ကြသည်ဟူ၍ အထင်အရှား မှတ်သားဖွယ်ရာများ တွေ့ရှိရသည်။ ထို့နောက် ပုဂံခေတ် ကူးသန်းရောင်းဝယ်ရေး ၊သွားလာရေးတွင်လည်းကောင်း၊ စစ်ရေး၊ လူမှုရေးတို့တွင်လည်းကောင်း၊ အသုံးပြုခဲ့ကြသည် ဟူ၍ အထင်အရှား သိရှိရသည်။
ပုဂံခေတ်တွင် ချပ်ဘီး၊ စပ်ဘီးများ အသုံးပြုခဲ့ရုံမျှမက လှည်းယာဉ်များကိုလည်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။  အင်းဝခေတ်၊ ညောင်ရမ်းခေတ် တို့တွင်လည်း ခရီးသွားလာရာ၌လည်းကောင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရာ၌လည်းကောင်း ၊ လူမှုရေးများတွင်လည်းကောင်း လှည်းများကို ပုံစံအမျိုးမျိုး အဆင်သင့် ပြောင်းလဲ သုံးစွဲခဲ့ကြသည် ဟု သိရှိရသည်။ ကုန်းဘောင်ခေတ်တွင်လည်း ဒေါက်ဘီးလှည်းကို အသုံးပြုခဲ့ကြောင်း သိရပေသည်။
မည်သို့ဆိုစေ မြန်မာနှင့်မြန်မာ့လှည်းတို့သည် ခွဲခြား၍ရကောင်းသည့် အရာမဟုတ်ပါ။ ဘိုးဘွားဘီဘင်… ဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက် အတူယှဉ်တွဲ အသုံးဝင်ခဲ့သော မြန်မာတို့အတွက် အခါက လိုအပ်ချက် လှည်းနှင့် နွားပင် ဖြစ်သည်။
သို့ကလို အဖက်ဖက်မှ အသုံးဝင်လှသည့်  မြန်မာ့ရိုးရာလှည်းပြိုင်ပွဲကို ပြန်လည်ဖေါ်ထုတ် ကျင်းပနိုင်ခြင်းသည်  တိုင်းပြည်နှင့်လူမျိုးကို  ချစ်မြတ်နိုးသူများအတွက်….လွန်စွာပင် ၀မ်းမြောက်ဖွယ်  ကောင်းလှပေသည်။
● မြန်မာ့ရိုးရာ ခြင်းလုံးခတ် ကစားနည်း
ခြင်းခတ်ခြင်းသည် မြန်မာတို့၏ ကစားခုန်မှု  တစ်ရပ်ဖြစ်သည်။ ခြင်းခတ်ရာ၌ ခြင်းလုံးကို  အသုံးပြုသည်။ ခြင်းလုံးမှာ…ကြိမ်ကို ထိုးထားသော ပစ္စည်းဖြစ်၍  သဏ္ဍာန်မှာ လုံးသည်။  ထိုခြင်းလုံးကို  ခြေဖြင့်ခတ်၊ ကျောက် ၊ တော့၊ မြှောက်၍ ကစားရသည်။
မြန်မာမှုတွင်  ခြင်းသည် အရေးပါလှပေသည်။ ခြင်းကစားခြင်းသည် လူမူဆက်ဆံရေး ၊ စာရိတ္တ ကောင်းမွန်ရေးတို့အတွက်  အထောက်အပံ့ဖြစ်သည်။ စိတ်ရှည်ခြင်း၊ သည်းခံခြင်း ၊ ဇွဲကောင်းခြင်းတို့ကိုလည်း  အားပေးသည်။  ခြင်းကစားရာ၌  တစ်ကိုယ်ကောင်း သဘောမျိုးမရှိရဘဲ  အများနှင့်အတူ ပူးပေါင်းရသည် ဟူသော  စိတ်ကို ထားရသဖြင့် ခြင်းသည် လောဘ၊  ဒေါသ ၊ မောဟစိတ်တို့မှ ကင်းစင်ကြည်လင်အောင်  ပြုပြင်ပေးတတ်သသည် ဟု ခြင်း ပါရဂူတို့က ဆိုလေ့ရှိကြသည်။
မြန်မာနိုင်ငံတွင်….ခြင်းလုံးစတင်ပေါ်ပေါက်လာသည်ကို  တိကျစွာ ရှာဖွေမတွေ့ရသေးချေ ၊ သို့ရာတွင် ခြင်းလုံးနှင့် ပတ်သက်၍  မြန်မာနိုင်ငံတွင်  ပျူခေတ်က ငွေခြင်းလုံး တွေ့ရှိရကြောင်း  အထောက်အထား တစ်ခု တွေ့ရှိရပါသည်။  ထိုအထောက်အထားမှာ  အိန္ဒိယနိုင်ငံ  ရှေးဟောင်း သုတေသန ၁၉၂၆ – ၂၇ ခုနှစ် – နှစ်ချူပ်အစီရင်ခံစာ၏ စာမျက်နှာ ( ၁၈၁ ) တွင် ဖော်ပြထားသည်မှာ…
‘ မြန်မာနိုင်ငံ ရှိ ရှေးဟောင်း သုတေသန ဌာနမှ ကျောက်စာဝန်  မစ္စတာဒုရွိုင်ဇယ်၏  ညွှန်ကြားချက်အရ  ၁၉၂၆-၂၇ ခုနှစ် အတွင်းက ပြည်ခရိုင် မှော်ဇာမြို့ ကုလားကန်ကုန်း ရွာအနီးရှိ  ခင်ဗကုန်းတွင်  ရှေးဟောင်း သုတေသန ဌာနမှ  ကွင်းဆင်းသုတေသန  အစီအစဉ် အရ တူးဖော်ဆောင်ရွက်ရာတွင် ရုပ်တု ၊ ဆင်းတု ၊  ရွှေစေတီ ၊ ငွေစေတီ ၊ ရွှေပေစာ စသည်တို့  ပါဝင်သော  ဌာပနာပစ္စည်းများကို ဖော်ထုတ်တွေ့ရှိရာ၌  ငွေဖြင့် ပြုလုပ်ထားသည့် ခြင်းလုံးကလေးတစ်လုံးပါရှိကြောင်း သိရှိရပါသည် ‘ ဟူ၍ ဖော်ပြထားပေသည်။  ၄င်းတွေ့ရှိရသော ပစ္စည်းများ၏  သက်တမ်းကို  သက်ဆိုင်ရာ ပညာရှင်တို့၏  ခန့်မှန်းချက်မှာ  စောလျှင် ခရစ်နှစ်ငါးရာစု ၊ နောက်ကျလျှင်  ခုနှစ်ရာစုထက်  နောက်မကျဟု- ခန့်မှန်းကြလေသည်။
ခင်ဗကုန်းမှ တွေ့ရှိရသော  ငွေခြင်းလုံးကလေးသည်  လွန်ခဲ့သော  နှစ်ပေါင်း ၁၅၀၀ ခန့်က မှော်ဇာမင်း ပရဘော်နှင့်  မိဖုရား တို့က ဘုရားတွင်  ဌာပနာ ထားခဲ့သည့် ပစ္စည်းဖြစ်ကြောင်း   လေ့လာ တွေ့ရှိရပါသည်။
သို့ဖြစ်ရာ…ကမ္ဘာပေါ်တွင်  ပထမဆုံး မြန်မာပြည်၌ ပျူလူမျိုးများ နေထိုင်ခဲ့သည့် ခေတ်ကစ၍ ခြင်းလုံးခတ်  အလေ့အထ ရှိခဲ့ကြောင်း ထင်ရှားလှပါသည် ။ ထိုမှတစ်ဆင့်  တခြားနိုင်ငံများသို့  ပြန့်ပွားသွားသော  ကစားနည်းဖြစ်သည်ဟု  ယူဆနိုင်ပေသည် ။
● ခြင်းကစားနည်း အဆင့်ဆင့်
ခြင်းကစားနည်းကို မူလက ခြင်းသေ နှင့် ခြင်းရှင် နှစ်မျိုး ခွဲခြား သည်ဟု အမှတ်အသားပြုကြသည် ။ ခြင်းသေကို ညှပ်ခြင်း ဟူ၍လည်းကောင်း  ခေါ်ဆိုကြသည်။  ခြင်းသေဟူ၍ ကစားသူတစ်ဦးတည်းက ခြင်းလုံးကို သူ၏ ခန္ဓာကိုယ် အဆစ်အပိုင်း  အမျိုးမျိုး ပေါ်တွင်  ရွေ့ပြောင်း  တော့ခတ် ကစားခြင်း ဖြစ်သည်။ ဒူး ၊ ပေါင် ၊ ဒူးခေါင်း ၊ ပခုံးတို့ဖြင့်  ခြင်းကို ညှပ်၍ ကစားသည်လည်းရှိ၏ ။ ဤ ကို အစွဲပြု၍  ‘ ခြင်းညှပ်’ ဟူတွင်သည် ။ ထိုခြင်းညှပ် ဟူသော အခေါ်မှာ…..ယခုအခါတွင်  ပျောက်လုမတက် ရှိနေပြီး  ခြင်းသေကစားနည်းကို ခြင်းလုံး တစ်လုံးမှသည်  ၆လုံးခန့် အထိ  ခဲရာခဲဆစ်  အဆန်းအပြား  ကစားကြသည်လည်း ရှိ၏ ။
‘ ခြင်းသေ ကစားရာမှ  ‘ ခြင်းရှင်’ ကစားနည်းသို့ ကူးပြောင်း လာသည်ဟု ဆိုကြသည်… ခြင်းသေကစားခြင်းသည်…ရိုးသောအခါ  ခြင်းလုံးတစ်တည်းကို လူ ၄- ၅ ယောက် ၀ိုင်းဖွဲ့၍  မြေပေါ်သို့ မကျအောင်  ခတ်ကြသည် ။ ဤသို့ ခတ်ခြင်းနည်းကို  ‘ခြင်းရှင်’ ဟုခေါ်ဝေါ်လာကြသည် ။
ဤခြင်းရှင်ခတ်နည်းတွင်  ခြင်းကစားသူ တို့သည် ဦးစွာ၌   ခြင်းကို မြေသို့မကျအောင် ပဓာနထားကြသည်။ ထို့နောက်၌ကား …..တံတောင်ဖြင့် တွက်ခြင်း ၊ ပုခုံးဖြင့် တော့ခြင်း ၊ ခေါင်းဖြင့် ဆက်ခြင်း ၊ ဟူသော  ကစားပုံအမျိုးမျိုး ကို အဆန်းထွင်လာကြသည် ၊ ထို့နောက် တစ်ဖန်  ခြေဖြင့်သာ လှပ ယဉ်ကျေးစွာ ကစား ကြရာ၌  ခြေထိပ် ၊ ခြေဖနောင့် ၊ အတွင်း ခြေဘေး ၊ အပြင်ခြေဘေး ၊ ခြေဖမိုး ၊ ခြေဖ၀ါး ၊ ဒူး ၊ ဒူးခေါင်း တို့ဖြင့်  ရှစ်မျိုး ကစားကြပြန်သည် ။
ယင်းသို့ ကစားကြရာမှ  ကျွမ်းကျင်သူတို့သည်  ကျွမ်းကျင်မှုကို ပြလိုသော သဘော ဖြင့်  ခြင်းကို နည်းအမျိုးမျိုး ဆင်၍  ခတ်ကြပြန်သည်။  ထိုခတ်နည်းကို  ….ဆင်ခြင်းဟု ခေါ် သည်။ ဆင်ခြင်း၏ သဘောမှာ  တစ်ဖက်မှ ပေးလိုက်သောခြင်းကို  မိမိကျွမ်းကျင် သော ခြင်းခတ်နည်းဖြင့်  ခံယူ၍  ကစားခြင်းဖြစ်သည် ။ သို့သော် ဆင်ခြင်း မှာ တစ်ဦးကောင်း ကစားနည်းဖြစ်၍  မကျွမ်းကျင်သူတို့အဖို့ ပျင်းရိထိုင်းမှိုင်းဖွယ်  ဖြစ်သောကြောင့်  ဆင်ခြင်း မကစားနိုင်စေရန်  ကစားဖော်တို့က  …. ခြင်းကို  လည်ပင်း ၊ ၀မ်းဗိုက်  စသော နေရာ များသို့ တိုး၍ ပေးကြသည်။ ထိုစကားနည်း မျိုးကို  ထိုးခြင်း ဟု ခေါ်ကြပြန်သည် ။.
ကစားဖော်က ထိုခြင်းကို ပေးလိုက်သော အခါ  ထိုခြင်းကို ခံယူသူသည်  ခေါင်းကိုငုံ၍ လည်းကောင်း ၊ ကိုယ်ကိုတိမ်း၍ …..လည်းကောင်း ပေးလိုက်သောခြင်းကို မရရအောင် ခတ်ရသည်။ ဥဒါဟရုဏ်မှာ  လည်ပင်းဆီသို့  တည့်တည့်ပေးသောခြင်းကို  လက်ခံသူသည်  ကိုယ်ကို ညွှတ်၍  လက်ခံသည်။  ထိုအခါ  ခြင်းသည် လည်ပင်းကိုလွန်သွားလေသည်။  ဤသို့ လွန်သည့်အခါမှ  ဒူး ၊ ခြေဖျား  စသည်တို့ဖြင့်  ခတ်သည် ။
ဤ ထိုးခြင်းကို  ခတ်သောအခါ  ခြင်းသည် အထက်သို့ မြင့်စွာ ထောင်မတက်ဘဲ  ဝိုင်း၏  အထက်နားလောက်တွင်သာ  ဝဲ၍နေသည်။ မူလက ခြင်းသည်  အထက်သို့ ထိုး၍  တတ်စမြဲ ရှိခဲ့ရာ  ယခု ထိုးခြင်းခတ်နည်းသို့  ရောက်သော်  ခြင်းသည်  ထောင်၍  မတက်တော့ဘဲ  ယိမ်းယိုင်၍  ဝဲနေသောကြောင့်  ထိုဗျူပ္ပတ်ကို  မှီ၍  ခြင်းယိုင်ခတ်ဟု  ခေါ်လာကြပြန်သည်။  ခြင်းယိုင်နည်း၌  နိမ့်နိမ့် ခတ်နည်း ၌ နိမ့်နိမ့်ခတ်လျှင်  ခြင်းယဉ်ခတ်ဟု အမည်ပေးကြပြန်သည်။  ခြင်းယိုင်ခတ်ရာ၌  ခြင်းကိုကြည့်၍  ခတ်ခြင်း ၊ မြောက်လာသော  ခြင်းကိုသာ ကြည့်၍  ကျလာသော  ခြင်းကို မကြည့်ဘဲ ခတ်ခြင်း ၊ ခြင်းကို လုံးဝမကြည့်ဘဲ ခတ်ခြင်းဟူ၍  ကျွမ်းကျင်သလို အမျိုးမျိုး တီထွင် ကြသည် ။
ယင်းကဲ့သို့  ခြင်းခတ်ပုံ ခတ်နည်းများ  အဆင့်ဆင့်  တိုးတက်လာသည့်  အလျောက်  ခတ်နည်း  အမျိုးမျိုး တို့ကို ခွဲခြား၍  ပြခဲ့ကြသည် ။ ယခုခေတ်၌မူ  အဆိုပါခတ်နည်းမျိုးစုံကို  အကြမ်းအားဖြင့်  ပိုင်းခြားလျှင်  သုံးမျိုး သာရှိသည်ဟု ယူဆကြသည် ။ ထိသုံးမျိုးမှာ  ခြင်းယိုင်ခတ်၊ ခြင်းယဉ်ခတ်  (တစ်နည်းအားဖြင့် ခြင်းခတ် )နှင့် အပြိုင်ခတ်ဟူ၍  ဖြစ်သည် ။
ခြင်းအပြိုင်ခတ်ဟူသည်မှာ  ၁၉၀၈ ခုနှစ်က စတင် တီထွင် သော  အမှတ်ပေးစနစ် နှင့် ယှဉ်ပြိုင် ခတ်ခြင်း ပင်ဖြစ်သည်။ ထိုအပြိုင်ခတ်ပွဲကို  ထိုနှစ် ရန်ကုန်မြို့  အစိုးရ ဟိုက်စကူးကျောင်း  ကစားခုန်စားပွဲ၌  ထည့်သွင်း ယှဉ်ပြိုင်ခဲ့သည်မှ  အစပြုလာသည်ဟု  အမှတ်အသား ထားကြသည်။
● ခြင်းခတ်နည်း အမျိုးမျိုး
ခြင်းလှုပ်ရှားပုံ အလိုက်ကျခြင်းကို ၊ တက်ခြင်း ၊ ပေးခြင်း ၊ ဆင်ခြင်း ၊ ထိန်းခြင်း ၊ – တော့ခြင်း ၊ လှန်ခြင်း ၊ကာခြင်း ၊ တွက်ခြင်း ၊ ထောက်ခြင်း ၊ ထိုးခြင်း ၊ ဖြတ်ခြင်း ၊ ပို့ခြင်း ၊ မြေထိခြင်း ၊ ကော်ခြင်း ၊ စသည်ဖြင့်  အမှတ်သညှာ ထားလေ့ရှိသည် ။
ခြင်းခတ်ရာတွင်  ခတ်နည်းများစွာ ရှိသော်လည်း  ဒူး ၊ ခြေဖ၀ါး ၊ ခြေဖနောင့် ၊ အတွင်းခြေဘေး ၊ အပြင်ခြေဘေး ၊ စသည် အားဖြင့်  ခြောက်နေရာ ၊ ဘယ်ညာနှစ်ဖက် ပေါင်း  ၁၂ နေရာဖြင့်သာ  ခတ်ကစားရသည် ။ ပခုံး ၊ ခေါင်း ၊ ကျောက်ကုန်း ၊ တင်ပါးဆစ် ၊ တံတောင် ၊ ဒူးခေါက် ၊ ခြေသလုံး စသော ကိုယ်အင်္ဂါ အစိပ်အပိုင်းများဖြင့်  ခတ်နိုင်သော်လည်း  ယင်းမှာခတ်ရိုး ခတ်စဉ် မဟုတ်ချေ ။
ခြင်းခတ်နည်းများ အနက်  ဒူးဖြင့်ခတ်ရာတွင်  ဒူးရိုးရိုး ၊ နှစ်ထပ်ဒူး ၊ ဝိုက်ဒူး ၊ ထိုင်တပ်ဒူး ၊ ဒူးရောင်ရှိန် ၊ နောက်ဒူး ၊ သို့မဟုတ်  ဂုမ္ဘာန်ဒူး ၊ ပတ်ဒူး သို့မဟုတ် စဝေ့ဒူး  သို့မဟုတ်  ဂုမ္ဘာန်ဒူး  သို့မဟုတ်  ဒေဝီဒူး  ဟူ၍  ကွဲပြားသည် ။
ခြေစောင်းအပြင်  ခြေဘေး ဖြင့်  ခတ်ရာတွင်  ဘေးပေါက် စလွယ်  သို့မဟုတ် နောက်ဝိုင်း ၊ ဖီလာ သို့မဟုတ်  ဝေဇယန္တာ ၊ ခြေခွင် ၊ နှစ်ထပ်ခြေခွင် ၊ တစ်ခြမ်းဝိုက် ၊ အပြည့်ဝိုက် ၊ အပျောက်ဝိုက် ၊ ဒေါင်းယဉ်ပျံ့  ဟူ၍ ကွဲပြားသည် ။
ခြေဖျားဖြင့်ခတ်ရာတွင်  ခြေဖျား ရိုးရိုး ၊ မဟာ ၊ မဟယညွန့် ၊ မဟာနွယ် ၊ ရောင်ရှိန် ၊ ရှပ်ထိုး ၊ ဟူ၍ ကွဲပြားသည်။
ဖ၀ါး ၊ ဖနောင့်ဖြင့် ခတ်ရာတွင်  ဖီလာ ၊ ရင်လိမ် ၊ စောင်ရှမ်း ၊ အရမ်း ၊အကောက် ဟူ၍ ကွဲပြားသည်။
● ခြင်းခတ်ခြင်း အကျိုး
ခြင်းခတ် ကစားခြင်းဖြင့် ရရှိလာသော အကျိုးများမှာ  စုပေါင်း ၀ိုင်းဖွဲ့ ကစားနိုင်ခြင်း   တစ်ကိုယ်ကောင်းစိတ်   ကင်းခြင်း ၊ ဘေးအန္တရာယ် ကင်းရှင်း ခြင်း ၊ စရိပ်ကုန်သက်သာခြင်း ၊ ယဉ်ကျေး လှပခြင်း ၊ ကိုယ်အင်္ဂါ အလုံးစုံ  လှုပ်ရှားခွင့် ရခြင်း ၊ ဖြတ်လက်မှု ၊ အမြင် အကြား  ထက်သန်မှု  အလေ့အကျင့် ရခြင်း ၊စည်းကမ်းစနစ်ရှိခြင်း ၊ နေရာ ၊ အချိန် ၊ ရာသီမရွေး   ကစားနိုင်ခြင်း ၊ ခြင်းလုံးသည်  ပြည်တွင်း၌  လွယ်ကူစွာ  ထုတ်လုပ်နိုင်သော ပစ္စည်းဖြစ်ခြင်းတို့ ဖြစ်သည် ။
● မျက်မှောက်ခေတ်နှင့် ရိုးရာခြင်းလုံး
မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ် တွင် ထီးကျိုးစည်ပေါက်  သူ့ကျွန်ဘ၀သို့  ရောက်ရှိသွားသည့်  အချိန်မှစ၍  နယ်ချဲ့ တို့သည်  မြန်မာ့ရိုးရာ  အားကစား နည်းဖြစ်သည့်  ခြင်းပညာကို အားပေးခြင်း  မပြုခဲ့ချေ ။ မြန်မာဇာတိသွေး  ဇာတိမာန် နှင့် မြန်မာ့ စွမ်းရည်များကို  ချိုးနိမ်သည့်  အနေဖြင့်  တိုက်ရိုက်တစ်မျိုး ၊ သွယ်ဝိုက်၍ တစ်ဖုန် ၊ ဆန့်ကျင်တားမြစ်ခဲ့ကြသည် ။ သို့သော်လည်း မြန်မာတို့သည်  မိမိတို့၏  ရိုးရာ အားကစား ခြင်းခတ် ပညာကို  လက်ဆင့်ကမ်း၍  ထိန်းသိမ်းလာခဲ့ကြသည် ။
၁၉၄၈  ခုနှစ်  ဇန်န၀ါရီလ ၄ ရက် နေ့ တွင် မြန်မာနိုင်ငံ  လွတ်လပ်ရေး ရရှိပြီးနောက်  ရန်ုကုန်မြို့၌ကျင်းပသော မြန်မာနိုင်ငံ အိုလံပစ်  အားကစားပွဲတော်ကြီး တွင်  ခြင်းလုံးခတ် ပြိုင်ပွဲလည်း ပါဝင်ခွင့်ရရှိခဲ့သည်။
ထို့နောက်  ၁၉၅၃  ခုနှစ်  ၊  ဇွန်လ  ၁၉ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ  ခြင်းလုံး ညီလာခံကြီးကို  ရန်ကုန်မြို့တော်  ခန်းမတွင်  ကျင်းပ ပြုလုပ်ခဲ့သည်။  အဆိုပါ ညီလာခံမှပင် ခြင်းလုံးခတ်ပြိုင်ပွဲ ဥပဒေ  ရေးဆွဲရေး ညီလာခံကြီးကို  အောင်ဆန်း အားကစားကွင်းတွင်  ဆက်လက်ကျင်းပပြီး  အတည်ပြုခဲ့သည်။
ယင်းနောက်… ၁၉၆၂  ခုနှစ်မှ  ၁၉၄၇  ခုနှစ် အတွင်း  ခြင်းလုံးနှင့်ပတ်သက်၍  ဗမာ့တပ်မတော်တွင်  ခြင်းလုံးနည်းပြဆရာများ ခန့်ထားခြင်း ၊ မြန်မာ့အသံမှ  ခြင်းလုံးနှင့် ပတ်သက်၍  သိကောင်းစရာများကို  အသံလွှင့်ခြင်း ၊ ခြင်းလုံးဒိုင်   သင်တန်းဖွင့်ခြင်း ၊ ခရိုင်ပေါင်းစုံ  တံခွန်စိုက် ပြိုင်ပွဲများ  ကျင်းပခြင်း ၊ ကျောင်းပေါင်းစုံ  ခြင်းခတ်ပြိုင်ပွဲများ  ကျင်းပခြင်း ၊ ကြည်း ရေ  လေ တံခွန်စိုက် ပြိုင်ပွဲများကျင်းပခြင်း ၊ ပြည်သူ့ရဲ တပ်ဖွဲ့ ခြင်းလုံးခတ် တံခွန်စိုက် ပြိုင်ပွဲများ ကျင်းပခြင်း ၊ ပြည်ပနိုင်ငံများသို့  သွားရောက်၍  အလှပြခတ် ကစားပြခြင်းတို့ကို  ကျင်းပပြုလုပ်နိုင်ခဲ့သည် ။ ၁၉၇၄ ခုနှစ်  သြဂုတ်လတွင်  ရန်ကုန်မြို့၌    ပထမအကြိမ်ပြည်နယ်နှင့်တိုင်းခြင်းလုံးခတ်ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့သည်။၂ဝ၁၃ခုနှစ်ဒီဇင်ဘာလ ၄ ရက်   နေ့  အတွင်းကကျင်းပခဲ့သော၂၇ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွင်ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၌မြန်မာတို့ရွှေတံဆိပ် အများ ဆုံး ရရှိခဲ့ သည်။
ယခုအခါမြန်မာနိုင်ငံခြင်းလုံးအဖွဲ့အနေဖြင့်မြန်မာနိုင်ငံအားကစားနှင့်ကာယပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့်  နှစ်စဉ် နှစ်တိုင်း  အောက်ပါပြိုင် ပွဲများ ကို ကျင်းပ ပြုလုပ်ပေးခဲ့ပေသည်။
(၁) ပြည်နယ်/ တိုင်း ခြင်းလုံးခတ်ပြိုင်ပွဲ ၊
(၂) အမျိုးသား  တံခွန်စိုက် ပြိုင်ပွဲ ၊
(၃) မိသားစု (ကျား ၊ မ) တံခွန်စိုက်ပြိုင်ပွဲ
(၄) မိုးရာသီ  တံခွန်စိုက် ပြိုင်ပွဲနှင့်
(၅) မိုးရာသီ မိသားစု (ကျား ၊ မ) တံခွန်စိုက်ပြိုင်ပွဲ စသည်တို့ဖြစ်သည်။
မည်သို့ ဆိုစေ  မြန်မာမှု ၊ မြန်မာ့ဟန် ၊ ပင်ကိုညဏ်တို့ဖြင့် တီထွင်ခဲ့သော  မြန်မာ့ရိုးရာ  ခြင်းလုံးခတ်ကစားနည်းကို  မြန်မာနိုင်ငံရိုးရာ ခြင်းလုံး အဖွဲ့ချုပ် အနေဖြင့် ရိုးရာ ခြင်းလုံး အားကစားပညာနှင့် နည်းစနစ်များကို  ထိန်းသိမ်းရေး ၊ တည်တံခိုင်မြဲရေးနှင့် တိုးတက်မြင့်မားရေးတို့အတွက်   စဉ်ဆက်မပြတ်  ဆောင်ရွက်လျက် ရှိပေသည်။
ဖော်ပြပါ  မြန်မာ့ရိုးရာ အားကစားနည်းများ အပြင် ရပ်ထဲ၊ ရွာထဲ ၊ ပြည်သူထဲ၌  အစဉ်မပြတ်  ဆိုသလို ကျင်းပဆင်နွှဲလေံရှိသော  အားကစားမှုများလည်း  ရှိပေသည်။  ယင်းတို့မှာ  စိန်ပြေးတမ်းကစားခြင်း ၊ လိပ်ဥလိပ်မတမ်း ကစားခြင်း ၊ ညောင်ပင်တစ္ဆေ ကစားခြင်း ၊ ရွှေစွန်ညိုကစားခြင်း ၊ ညောင်ပင်နှင့် သားသမီး ပျောက်တမ်း  ကစားခြင်း ၊ကွမ်းအစ်ကြီး ကွမ်းအစ်ငယ် ကစားခြင်း ၊ အထုပ်ချ ကစားခြင်း ၊ ညောင်ရေအိုးစင် ကစားခြင်း ၊ မယ်သီတာ ကစားခြင်း ၊ သုံးထပ်ကျားကစားခြင်း ၊ ရှစ်ကွက်ကျား ကစားခြင်း ၊ စစ်တုရင် ကစားခြင်း ၊ ဇယ်တောက်ခြင်း ၊ ဘုတ်တလုတ် ကစားခြင်း ၊   ဂုံညင်းဒိုး ကစားခြင်း ၊ ကြက်ဖခွပ်တမ်း ကစားခြင်း ၊ ဖန်ခုန်တမ်း ကစားခြင်း ၊ ထုတ်စည်းတိုးကစားခြင်း ၊ ဆီမီးခွက် ကစားခြင်း ၊ ဇယ်ခတ်ခြင်း ၊ ရှောတိုင်တက် – ကစားခြင်း တို့ ဖြစ်ကြပေသည်။
မြန်မာ့ကျေးတောနေ  ကလေးသူငယ် ၊ လူရွယ်တို့သည်  ညအခါ လသာချိန်၌  ဖော်ပြပါ  ကစားနည်းများဖြင့်  ကစားလေ့ရှိကြသည်။ ယင်းအားကစား မှုများမှာ စိတ်ပျော်ရွှင်မှုနှင့်  ကိုယ်လက်ကြံခိုင်မှု အတွက်မျှသာ မဟုတ်ပေ။ အချင်းချင်း …ရင်းနှီးခင်မင်မှု ၊ စည်းလုံးညီညွတ်မှုတိုလည်း  အထောက်အကူ ပြုလေသည် ။ လင်မြန်ဖျက်လတ်၍  နိုးကြားတက်ကြွမှုအတွက်  အခြေခံပေးသော  အားကစားနည်းလည်း ပါရှိသည် ၊ ကလေးသူငယ် လူရွယ် ကလေးများအဖို့ စူးစမ်း ဆင်ခြင်ညဏ်နှင့် ဝေဖန်ပိုင်းခြားညဏ်ကို  ရင့်သန် စေသော  အားကစားနည်းများလည်း ….ရှိပါလေသည် ။
ယခုအခါ  ဖော်ပြပါ  မြန်မာ့ရိုးရာ အားကစားနည်းများအနက်  အချို့ကိုနိုင်ငံတော် အစိုးရသည်  ဖော်ထုတ် အားပေးချီးမြှောက်ပြုလုပ်လျက် ရှိပေသည်။
မည်သို့ ဆိုစေ မြန်မာ့ ဘိုးစဉ် ဘောင်ဆက် အမွေအနှစ် ဖြစ်သည် ။မြန်မာ့ရိုးရာ  အားကစားနည်းကို ပြန်လည် ဖော်ထုတ်ထိန်းသိမ်း၍  တိုးတက်ရှင်သန်နေအောင်  ထမ်းဆောင်ရမည့်  တာဝန်မှာ  ပြည်သူ အားလုံးအပေါ်တွင် ကျရောက်လျက်  ရှိနေပေသည် ။
● စာကိုး
၁။ မြန်မာ့ စွယ်စုံကျမ်းအတွဲ ၂ 
၂။ ငွေတာရီ မဂ္ဂဇင်း  အမှတ် ၁ဝ၂ (၁၉၆၈  ခုနှစ် ဒီဇင်ဘာလ) ။
၃။ မြကေတု ။ ‘ နန်းဓလေ့မှတ်တမ်းများ’ နှလုံးလှ စာပေ ၊ ဒုတိယအကြိမ် ၊ ၁၉၇၁ ခှုနှစ် ။
၎။ မန်းသင့်နောင် (ကော့ကရိတ်)  ‘မြန်မာ့ရိုးရာ လက်ဝှေ့ ‘ စာပေဗိမာန် ၊ ပထမ အကြိမ် ၊ ၁၉၈၀   ပြည့်နှစ်။ 
၅။ ဘသိန်း (ပီကင်းပြန်) ဦး ၊ (ခြင်း…)  ‘မြန်မာ့ခြင်းလုံးသမိုင်း ‘ စာပေဗိမာန် ၊ ပထမအကြိမ်  ၊ ၁၉၈၅။

၆။ လုပ်သားပြည်သူ့ နေ့စဉ် ၂၅-၁-၉ ၊၂၈-၁-၉၊ ၂၉-၁-၉၂ ။   

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်