မုသာဝါဒနှင့် ပတ်သက်တဲ့ တွေးမိတာလေး အချို့

လိမ်လည်ပြောဆိုခြင်း (မုသာဝါဒ) မှ ရှောင်ကြဉ်ခြင်းဆိုတာ ဗုဒ္ဓဘာသာမှာတော့ အခြေခံ ကျင့်ဝတ် ငါးခုထဲက တစ်ခု ပေါ့။ ဒီငါးခုကို ပုဆိုးကို မြဲအောင် ဝတ်ထားသလို အမြဲပဲ လိုက်နာ ကျင့်သုံးရမယ်လို့ ဆိုပါတယ်။ ရှေးသုံးနှင့်တော့ “ခါးဝတ် ပုဆိုး” ကဲ့သို့ မြဲရမယ် တဲ့။ ခုတော့ ဘောင်းဘီ၊ ဂါဝန်ကို မြဲအောင် ဝတ်ထားသလို မြဲမြဲ ကျင့်သုံးရမယ် လို့ ပြောရမလား ပါပဲ။

ဆိုလိုချင်တာက ဒီလိုပါ။ အင်္ဂါကြီးငယ်ကို လုံလုံခြုံခြုံ ဖြစ်အောင် ပုဆိုး၊ ဘောင်ဘီ၊ ဂါဝန်စတဲ့  ဝတ်ရမည့် အဝတ်ကို လုံခြုံအောင် မဝတ်ရင်  ဒါမှ မဟုတ် မြဲမြဲ ဝတ်မထားလို့ ကျွတ်သွား ကျသွားရင် မမြင်သင့် မမြင်ထိုက်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပေါ်နေပါလိမ့်မယ်။ ပေါ်နေရင် ကြည့်လို့ မြင်လို့ မကောင်းသလို ကာယကံရှင်မှာလဲ အတော်ပဲ ရှက်ဖွယ်ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ငါးပါးသီလ မလုံရင် မမြဲရင် ကိုယ်ကျင့်အဝတ် ကျွတ်ကျလို့ အင်္ဂါကြီးငယ် ပေါ်သလို ရှက်ဖွယ်ရာပါ။

အဲဒီမုသားစကားဆိုတာ ပြောလိုက်တဲ့ မုသားရဲ့ အတိမ် အနက်၊ ပြောသူရဲ့ ရည်ရွယ်ချက်၊ အပြောခံရသူရဲ့ အကျိုး ဘယ်လောက်ထိ ပျက်ပြား ဆုတ်ယုတ်သွားသလဲ စတဲ့ အချက် အပေါ်မှာ မူတည်ပြီး ကံမြောက် မမြောက်၊ ကံ ကြီး မကြီး ဆိုတာ ဖြစ်ပါတယ်။

လိမ်လည်တာတို့၊ လှည့်ဖျားတာတို့ ဆိုတဲ့ စကားလုံးတွေရဲ့ အတိမ် အနက်၊ အသုံး အနှုန်းတွေကို လေ့လာ ကြည့် ရရင် စိတ်ဝင်စားစရာ ကောင်းမှာပဲလို့ တွေးမိပါတယ်။ လှည့်ဖြားတာ ကိုတော့ 'deception' လို့ ခေါ်တယ် ထင်တယ်။ အဲဒါကို misleading, dishonest, untruthful လို့ ရှင်းပြထားတာကို အင်္ဂလိပ်စာ သင်ခန်းစာမှာ တွေ့ရဖူးပါတယ်။ 

အခုတော့ လှည့်ဖြားတယ် ဆိုတာ တကယ့် တွေ့နေ မြင်နေကြ လူသားရဲ့ အပြုအမူ တစ်ရပ် (a very common human activity) ဖြစ်နေပါတယ်။ အချို့ကတော့ ရှောင်လို့မရတဲ့ လူသားရဲ့ သဘောသဘာဝ အစိတ်အပိုင်း တစ်ခုလို့ တောင် ဆိုကြပြန်ပါတယ်။ မြန်မာမှာ “မုသားမပါ လင်္ကာ မချော” လို့ ဆိုတာ ဒါကိုများ ဆိုလိုလေသလားပါပဲ။

နောက်မုသား တစ်မျိုးကတော့ အဖြူရောင်မုသား (a white lie) တဲ့။ အဲဒါက လူတစ်ယောက် ခံစားမှု ကောင်းအောင်၊ သက်သာအောင် ပြောတဲ့ မုသားပါ။ ဝိတ်ကျချင်နေတဲ့သူကို တကယ် မကျပဲနဲ့ ဝိတ်နည်း နည်း ကျသွားပြီ၊ အသားဖြူ ချင်လို့ ခရင်မ်မျိုးစုံ ဝယ်လိမ်းနေသူကို မဖြူပဲ အသားဖြူလာတယ် ဆိုတာ မျိုးတွေပေါ့။ ဒီတော့ 'အဖြူရောင် မုသား' ဆိုတာ မြှောက်ပင့်ခြင်း တစ်မျိုး (a form of flattery) လို့ အဓိပ္ပါယ် ရသွားပြန်ရော့လေ။

ဆိုးတာကတော့ တမင်လိမ်တာ၊ အကြံအစည် ရှိရှိ လိမ်တာ (a motivated lie)၊ ကလိမ်စေ့ ငြမ်းဆင်တဲ့ လိမ်လည်မှု မျိုးပါ။ လောကကြီးက အတော်တော့ ထူးဆန်းပါဘိ။ လူတစ်ယောက် လိမ်၊ မလိမ်ဆိုတာ a lie detector သို့မဟုတ် Polygraph machine လို့ ခေါ်တဲ့ မုသားဖော်စက်နှင့် ဖော်ထုပ်ကြည့်လို့ ရတယ်ဆိုပဲ။ 

ဖော်ထုပ်ပုံက မေးခွန်းအချို့ကို သင်က ဖြေဆိုနေစဉ် သင့်ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှုကို တိုင်းတာတာ၊ သင့်ခန္ဓာကိုယ် ဘယ်လို ပြောင်းလဲသလဲ ဆိုတာကို ကြည့်တာတဲ့လေ။ ဒီအပြောင်းအလဲထဲမှာ အသက်ရှူပုံ တွေ (breathing patterns)၊ နှလုံးခုန်တာ၊ ချွေးတွေပိုထွက်လာတာစတဲ့ ပြောင်းလဲမှုတွေ ပါတာပေါ့တဲ့။  
 
ကိုယ္ေတည့ အသိ လိုက်မမှီတော့ပါဘူး။ Facebook ရွာက ဟို လူကြီးတို့ ကို အဲဒီစက်နှင့် စစ်ကြည့်ရရင်တော့ “အင်း ... စက် ဘယ်လိုနေပါ့၊ တုန်ခါလွန်းပြီး ပြုတ် ပြတ် ထွက်ကုန်မလား စသည်ဖြင့် တွေးမိပါရဲ့။ 

ဒါပေမဲ့လဲ ဒီစက်က အကုန်တော့ ဖော်ထုပ်နိုင်မယ် မထင်ပါဘူး။ သူက စက်လေ။ လူမှ မဟုတ်တာ။ လူပြုရင် သူနုရတော့ မှာပေါ့ လို့ တွေးမိပြန်တယ်။ George W. Maschke ဆိုတဲ့ သူက လိမ်ညာမှုကို ဒီစက်နှင့် ဖော်ထုပ်တာဟာ သိပ္ပံနည်း ကျ အခြေအမြစ် မရှိဘူး။ ဒါဟာ သိပ္ပံနည်းကျ စမ်းသပ်ပြီး အကြောင်းပြလို့ ရတဲ့ အယူအဆ မဟုတ်ပါဘူး (It's a complete junk science) ဆိုပြီး ပယ်တာကို ဖတ်ရပါတယ်။

အဲဒါတွေ တွေးမိတော့ မုသားနှင့် ပတ်သက်တဲ့ ဘုရား တရားတော်ကို သတိရ မိပြန်ပါတယ်။ ပထမတစ်ခုက ရဟန်း ဖြစ်တာ မကြာသေးတဲ့ သားတော် ရာဟုလာကို ဆုံးမတော်မူတဲ့ သုတ်တော်မှာ ပါတာပါ။  တစ်ညနေခင်းမှာ ဘုရားရှင်ဟာ ရှင်ရာဟုလာထံ ကြွလာတော်မူပါတယ်။

ကြွလာပြီး ခပ်ထားတဲ့ ရေအိုးမှာ ရေနဲနဲပဲ ချန်ပြီး ခြေတော်တို့ကို ဆေးတော်မူပါတယ်။ ရှင်လာဟုလာကို ခြေဆေးရေအိုး မှာ ချန်ထားတဲ့ ရေနဲနဲကို မြင်သလားလို့ မေးတော်မူပါတယ်။ “မြင်ပါတယ်ဘုရား” လို့ လျှောက်တော့ “ရာဟုလာ၊ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ (ရဟန်း) မှာ ရဟန်း တရား (spiritual achievement, lit. recluseship) နည်းနည်းလေးပဲ ရှိတော့တယ်” လို့ မိန့်တော်မူ ပါတယ်။ 

နောက်တော့ ဘုရှားရှင်က အဲဒီ ရေနည်းနည်းလေးကို သွန်ပစ်လိုက်ပြီး “ရာဟုလာ၊ ရေနည်းနည်းကို သွန်ပစ်လိုက်တာ မြင်ပါသလား” လို့ မေးတော်မူပါတယ်။ “မြင်ပါတယ် ဘုရား” လို့ လျှောက်တော့ ”(မုသားမှန်း) သိလျက်နှင့် မုသား ပြောရမှာ မရှက်တဲ့ သူဟာ ရဟန်းတရားကို စွန့်ပစ်လိုက်တော့တာပဲ” လို့ မိန့်တော်မူပါတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ခြေဆေးရေအိုးကို မှောက်ပြီး “ရာဟုလာ၊ ရေအိုး မှောက်ထားတာကို မြင်ပါသလား” လို့ မေးတော်မူကာ၊ ရှင်ရာဟုလာကလဲ “မြင်ပါတယ် ဘုရား” လို့ လျှေက်ထားပြန်တော့ ဘုရားရှင်က “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူဟာ ရဟန်းတရားကို မှောက်ပစ်ထားလိုက်တော့တာပဲ” လို့ မိန့်ပြန် ပါတယ်။ 

နောက်တစ်ခါ မြတ်စွာဘုရားရှင်ဟာ ခြေဆေးရေအိုးကို လှန်တော်မူပြီး “ရာဟုလာ၊ ဒီရေအိုးမှာ ဘာမှ မရှိတော့တာကို မြင်ရဲ့လား” လို့ မေးတော်မူပြန်ပါတယ်။ ရှင်ရာဟုလာလေးက “မြင်ပါတယ် ဘုရား”လို့ လျှေက်လိုက်ပါတယ်။ ဒီတော့ “ဒီလိုပဲ ရဟုလာ။ (မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူမှာ ရဟန်းတရား ဘာမျှ မကျန်တော့ဘူး” လို့ မိန့်တော်မူပါတယ်။ 

အဲဒီနောက်တော့ တိုက်ပွဲဝင် မင်းစီးဆင် ဥပမာ (ဒီမှာတော့ မရေးတော့ဘူး) နှင့် ရှင်းပြကာ “(မုသားမှန်း) သိလျက်နှင့် မုသားပြောရမှာ မရှက်တဲ့သူ မလုပ်ဝံ့တာ ဘာမျှ မရှိတော့ဘူး။ ဒါကြောင့်မို့ ရည်ရွင်လို လို့တောင် မုသားစကားကို မပြောဘူး” လို့ ကျင့်ရမယ်လို့ ဗုဒ္ဓက ဟောကြားဆုံးမတော် မူပါတယ်။

နောက်တစ်ခုက ဣတိဝုတ္တက ပါဠိတော်မှာ ဟောထားတဲ့ “ရဟန်းတို့၊ တမင်တကာ (ရည်ရွယ်ချက်ရှိရှိ) လိမ်ပြော တဲ့သူဟာ ဘာကြီးပဲ ဖြစ်နေနေ၊ သူမလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိတော့ဘူး လို့ ငါဘုရား ဟောကြားတော်မူတယ်” ဆိုတာကို သတိရ မိပါတယ်။

စာဖတ်သူကတော့ ဘယ်လို တွေးမယ်မသိ။ အကုသိုလ္က ကတော့ “ဪ တရားတော်ကတော့ မှန်လိုက်တာပါလား” လို့ ကိုယ့်ကိုယ်ကို ပြောမိပါရဲ့။ လူလိမ်လေးဆိုရင်တော့ မသိ၊ မပြောလို။ ရာဇဝင်တွင်တဲ့ လူလိမ်ကြီးတွေ ဆိုရင် သိပ်မှန် တယ်။ သူတို့က သူတို့ လိမ်တာ ပြောမိလို့ပဲ ဖြစ်ဖြစ်၊  ဒီလောက်ကြီး ဖြစ်နေတာ မကောင်းပါဘူးလို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ သူတို့မှာ ဓားရှိရင် ဓားနှင့် ခုတ်လိမ့်မယ်။  ဒုတ်ရှိရင် ဒုတ်နှင့် ရိုက်လိမ့်မယ်။ သေနတ်ရှိရင် သေနတ်နှင့် ပစ်လိမ့်မယ်။ သူတို့မှာ မကောင်းမှုလုပ်ရမှာ ရှက်တတ် တဲ့ ဟိရီ၊ ကြောက်တတ်တဲ့ ဩတ္တပ္ပတရားဆိုတာ နတ္တိ။ တရားတာ၊ မတရားတာမရှိ၊ ကောင်းတာ မကောင်းတာ မသိ။ သူတို့ မလုပ်ရဲတာ ဘာမျှမရှိတော့တာ ယနေ့ မြင်ခဲ့ကြရ၊ မြင်ကြရဆဲ မဟုတ်လား။

ရာဇဝင်တွင်အောင် လိမ်တတ်တဲ့သူတွေ အတွက်တော့ နေစရာမရှိ၊ စားစရာမရှိအောင် ဒုက္ခရောက်နေတဲ့ သူတွေ သန်း နှင့်ချီ တွေ့ရလဲ အေးရာအေးကြောင်းဆိုပြီး ပစ်ထားရဲတယ်။ သူများကူညီထောက်ပံ့တာကိုလဲ ခေါင်းပုံဖြတ် စားရဲ တယ်။ ကိုယ်ကျိုး ကိုယ့်အတ္တ အတွက် အများသူငါကို ဘဝပျက်သည်ထိ မတရား နှောင့်ယှက်တတ်တယ်။ ပြီးရင် သူတို့ဟာ မေတ္တာ၊ ကရုဏာကြီးကြောင်း ပြချင် ပြောချင်လိုက်တာလဲ လွန်ပါရော စသည်ဖြင့် တွေးနေမိပါ တယ်။ တကယ့် မေတ္တာ၊ ကရုဏာတရားကို နည်းနည်းလေးပဲ ဖြစ်ပါစေ၊ ဒီလို လူတွေရင်မှာ ပေါက်ဖွားလာဳကရင် တော့ လောကကြီး အတော်ပဲ ငြိမ်းချမ်းလာမှာပါ။

တစ်ချို့ အဖြူရောင် မုသားစစ်စစ်ဆိုရင်တော့ ရည်ရွယ်ချက် (စေတနာ) ကိုက သူ့အကျိုး ပျက်စီးစေလိုတာ မဟုတ်တဲ့ အတွက် မုသာဝါဒ ကံမြောက်ကောင်းမှ မြောက်ပါမယ်။ 

ဆင်ခြေပေးတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို လိမ်တာ (ယန်း ပေါလ် ဆားတ် ပြောတဲ့ Bad faith) ပဲ ဖြစ်ဖြစ်၊ ရှောင်လို့ မရလို့ အဖြူရောင် မုသားကိုပဲသုံးသုံး၊ အနီရောင် အပြာရောင် အဝါရောင် မုသားကိုပဲသုံးသုံး၊ ဘာပဲသုံးသုံးပါ။ လိမ်တာ ကတော့ လိမ်တာပါပဲ။ လုပ်သင့်တာ တစ်ခုက ကိုယ်ချင်းစာကြည့်ဖို့ပါပဲ။ ကိုယ့်ကို သူ ဒီလို ပြောဆို၊ ပြုမူရင် ကိုယ် ကြိုက်မလားလို့ ကိုယ်ချင်းစာကြည့်ပါ။ ကိုယ်မကြိုက်ဘူး ဆိုရင်တော့ သူလဲ မကြိုက်လောက်ပေဘူးပေါ့။ ဒါဆို ရှောင်သင့်တယ်လို့ ဆိုချင်ပါတယ်။
 
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်