မြန်မာ့ မြင်းခင်း သဘင်





မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော် ဆယ်နှစ်မျိုးတွင် ဗုဒ္ဓဘာသာနှင့် ဆိုင်သော ပွဲတော်များဖြစ်သည့် ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ စာပြန်ပွဲ၊ ဝါဆိုလတွင် ပဉ္စင်းတက်ပွဲ၊ ဝါခေါင်လ စာရေးတံမဲချကျူပွဲ၊ သီတင်းကျွတ်လ ဆီမီးမြင့်မိုရ်ပွဲ၊ တန်ဆောင်မုန်းလ ကထိန်သင်္ကန်းလှူပွဲ၊ တပို့ တွဲထမနဲ လှူပွဲနှင့် တပေါင်းလ သဲပုံစေတီပွဲများ ဟူ၍ ရှစ်မျိုး ရှိသည်။ တန်ခူးလ သင်္ကြန်ပွဲနှင့် နတ်တော်လ စာဆိုတော်ပွဲ တို့မှာ ယဉ်ကျေးမှု ပွဲတော်များ ဖြစ်သည်။
ကိုးကွယ်ယုံကြည်မှု ဘာသာရေးနှင့် မပတ်သက်ဘဲ မြန်မာမင်းတို့၏ စစ်ရေးစွမ်းရည်နှင့် အင်အားပြသော ပွဲတော်နှစ်ရပ်ကား ရေတပ်အင်အားပြသသော တော်သလင်းလ ရေးခင်းပွဲတော်နှင့် ကြည်းတပ် အင်အားပြသသော ပြာသိုလ မြင်းခင်းပွဲတော်များ ဖြစ်သည်။ ရေအား၊ ကြည်းအား နှင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံကြီးကို ထူထောင်ခဲ့ရာ အိမ်နီးချင်းနိုင်ငံများတွင်သာမက ပင်လယ်ရပ်ခြားအထိ ထင်ရှားခဲ့သော နိုင်ငံတော်ကြီးအဖြစ် သုံးကြိမ်ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ယင်းသို့ အင်အားခိုင်ပြီးသော နိုင်ငံတော်အဖြစ် တည်တံ့နေရေးအတွက် ရေအား၊ ကြည်းအားကို ရှင်သန်နေစေရန် စစ်ရေးအင်အား လေ့ကျင့်မှုများကို ပွဲတော်အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်။
ဆောင်းလရာသီလ ပြာသိုတွင် ခွာညိုသင်းချိန်၌ မြင်းခင်းသဘင်ဆင်ယင် ပါသည်။ မြင်းခင်းတော် ဟု ခြုံ၍ ခေါ်သော်လည်း ကြည်းတပ်တွင် အကျုံးဝင်သော ဆင်တပ်၊ မြင်းတပ်၊ စစ်ရထားတပ်၊ ခြေလျင်တပ်များ အားလုံးပါသည်။ ခြေလျင်တပ်တွင်လည်း ခေတ်အလိုက် အသုံးပြုခဲ့သော ဓါတ်း၊လှံ၊ ကဲမောင်း၊ လေးမြှား၊ သေနတ်၊ စိတ်ပြောင်း မြတ်တပူ အမြောက်များ ၊ ကာ၊ ဒိုင်း၊ လွှားများ ကိုင်ဆောင်သော ခြေလျင်တပ်များ အားလုံးပါဝင်သည်။
“ခါးပတ်တော်မှာ ရွှေချည်စုံ”  အစချီသည့် မြင်းခင်းတော်ဘွဲ့လျာဘွဲ့တေးတစ်ပုဒ်ကို ထောက်ရှု၍ သက္ကရာဇ် ၆၇၄ (ခရစ် ၁၃၁၂)  ခုနှစ်၌ ပင်းယတစ်စီးရှင်သီဟသူ လက်ထက်တွင် မြင်းခင်းသဘင် စတင်ပေါ်ပေါက်နေသည်ဟု ခန့်မှန်းကြသည်။ သို့သော် ပုဂံခေတ် ပျူစောထီးမင်း လက်ထက်တွင် စစ်ရေးအောင်ပွဲ အထိမ်းအမှတ်ပွဲ ကျင်းပသည်ဟု မှန်နန်းရာဇဝင်တော်ကြီး၌ ဆိုထားသည်။ ဆင်ရေး၊ မြင်းရေး ကျွမ်းကျင်မှုကို ပြသသောကြောင့် ဆင်ခင်း၊ မြင်းခင်း သဘင်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ပုဂံခေတ်တွင် ပျူစောထီးမင်းလက်ထက်ကပင် မြင်းခင်းသဘင် ပေါ်ပေါက်နေပြီဟု မှတ်ယူရပါမည်။
မှန်နန်းရာဇဝင်တွင် ပျူစောထီးမင်းလက်ထက် မြင်းမှုရေးရာ တခြားမှတ်စရာများလည် ဖော်ပြထားသည်။ ပျူစောထီးမင်း၏ စီးတော်မြင်း အမည်မှာ အဿဇာနည် ဟု ဆို၏။ အတွင်းမြင်း ၆ဝဝဝ၊ အပြင်မြင်း ၆ဝဝဝ ကိုယ်ရံတော်မြင်း တပ်ထားသည်။
ပုဂံခေတ်ဦးတွင် မြင်းကို အလွန်ချစ်သော မင်းနှစ်ပါး ရှိသည်ဟု ဆိုသည်။မြင်းကျေးမင်းနှင့် တန်နက် မင်း တို့ ဖြစ်ကြ၏။ တန်နက်မင်းသည် မြင်းစီးအတတ် အလွန်တော်သည်ဟု ဆိုထား၏။ တန်နက်မင်းသည် ကွမ်းတော်ကြောင်းဖြူမင်း၏ ဖခင်ဖြစ်ရာ အနော်ရထာမင်း၏ အဘိုးဖြစ်သည်။
ကွမ်းတော်မင်း၏ စီးတော်မြင်းမှာ သိကြားမင်းပေးသောမြင်း ဟုဆိုသည်။ ကျည်စိုးမင်းနှင့် စုက္ကတေးမင်းတို့က ကွမ်းတော်မင်းကို နန်းချထားစဉ် သိကြားမင်းပေးသော မြင်းသည် လွတ်ထွက်လျက် တစ်ခုသောနေရာတွင် နေ၏။ သားဖြစ်သူ အနော်ရထာမင်းသည် စုက္ကတေးမင်းနှင့် မြင်းစီးချင်းထိုးပွဲ မပြုမီ ကွမ်းတော်မင်းက ပေးသော လက်စွပ်ကို အနော်ရထာ ရ၏။ ထိုလက်စွပ်ကို ပြသောအခါ မြင်းက လာသည်။ ထိုမြင်းကို အနော်ရထာစီးပြီး စုက္ကတေးမင်းနှင့် စီးချင်းတိုက်ခဲ့သည်ဟု ဆိုသည်။
ကွမ်းတော်မင်း၊ ကွမ်းကမ်းရာဇာဟု ညောင်ရမ်းမင်းဆက် အမိန့်တော်အရေးအသားတွင် ခေါ်ဝေါ်ရေးသား၏။ ကွမ်းကမ်းရာဇာလက်ထက် မြင်းစုအမှုထမ်းများ ဖွဲ့ခဲ့၏။ ထိုမြင်းစု အမှုထမ်းအနွယ်တို့သည် မင်းရဲကျော်ထင် (အေဒီ ၁၆၇၃ – ၁၆၉၈) လက်ထက်အထိ ရှိနေကြ၏။ ကွမ်းတော်မင်း ဖွဲ့ခဲ့သော မြင်းစုအမှုထမ်းအနွယ်တို့ကို တံမိတ်ရှည်၊ ညောင်ရမ်း၊ မိတ္ထီလာ၊ ယင်းတော်နယ်တို့တွင် မင်းရဲကျော်ထင်က နေရာချထားပေး၏။ ပုဂံခေတ် မြင်းစုအမှုထမ်းအနွယ်တို့သည် ညောင်ရမ်းမင်းဆက် စိုးစံသည်အထိ ရှိနေကြောင်း ဖြစ်၏။ ကွမ်းတော်မင်း၏ နန်းသက်မှာ အေဒီ ၉၆၄ မှ ၉၈၆ အထိ ဖြစ်သည်။ ဤအကြောင်းကို ၁၆၉၂ မေလ ၁၁ ရက်ထုတ် မင်းရဲကျော်ထင်၏ အမိန့်တော်တွင် တွေ့ရသည်။
အနော်ရထာလက်ထက် လက်ထုပ်အရပ်တွင် နတ်မြင်းလေးစီးအရှင်သခင်မဲ့ သွားလာလှုပ်ရှားနေ သည်ဟု မှန်နန်းရာဇဝင်၌ ဖော်ပြထားသည်။ မည်သူမျှ မဖမ်းဆီးရဲပေ။ ကျန်စစ်သား (ထီးလိုင်မင်း)၊ ငလုံးလက်ဖယ်၊ ငထွေရူး၊ ညောင်ဦးဖီးတို့ ဖမ်းယူရမှ ရသည်ဟု ဆို၏။ ထိုသူရဲကောင်း လေးယောက်တို့၏ မြင်းများ ဖြစ်လာသည်ကို တွေ့ရ၏။ အနော်ရထာမင်း၏ စီးတော်မြင်းမှာ ကဏ္ဍိက လက်လှ၊ ကျန်စစ်သားမင်း၏ စီးတော်မြင်းမှာ နှလုံးခွန်ကောင်း၊ ငလုံးလက်ဖယ် မြင်းမှာ လေမိုးယဉ်ခေါင်၊ ငထွေရူးမြင်းမှာ နှလုံးလျင်တိုင်၊ ညောင်ဦးဖီးမြင်းမှာ နှလုံးတုမရှိ ဟူ၍ မှန်နန်းရာဇဝင်၌ ဖော်ပြထားသည်။
ပထမစည်သူဖြစ်သော အလောင်းစည်သူ (အေဒီ ၁၁၁၃-၁၁၆၃) သည်လည်း မြင်းစီးအတတ် ထူးချွန်သူဖြစ်ကြောင်း ရာဇဝင်ကျမ်း အရေးအသားတွင် အထင်အရှားရှိ၏။ မင်းကြီးအိုမင်းသောအခါ မင်းစွမ်းသတ္တိလည်း အိုမင်းပြီး ဟု မှူးမတ်များက ထင်ကြသည်။ တိတ်တိတ်ပုန်း ပျက်ရယ်ပြုခံရ၏။ မင်းကြီး စိတ်တို၍ “ဟဲ့ အမတ်တွေ တူရွင်းတောင်ခြေမှာ ညနေတိုင်း ဦးပေါင်းကျားနဲ့ မြင်းကျားစီး သောင်းကျန်းနေတဲ့ လူတစ်ယောက်ရှိနေတာ မသိဘူးလား၊ သွားဖမ်းချေ၊ မမိရင်တော့ နင်တို့နဲ့ ငါနဲ့ အတွေ့ပဲ” ဟု ကြိမ်း၏။ သူကိုယ်တိုင် ဦးပေါင်းကျားနှင့် မြင်းကျားစီးပြီး လူဆိုးဟန်ဆောင်လျက် စစ်သူကြီးလေးယောက်နှင့် တိုက်ခိုက်၏။ စစ်သူကြီးတို့က မဖမ်းနိုင်၊ တန်ခိုးကြီးတဲ့ နတ်ဘီလူးဖြစ်ပုံရပါတယ် ဟု လျှောက်ထားကြ၏။ “ဟေ့…ငါမအိုသေးဘူးကွ” ဟု ပြောမှ မင်းကြီး၏ အစွမ်းကို သိသွားကြ၏။ အလောင်းစည်သူမင်း၏ စီးတော်မြင်းမှာ “မြင်းရွှေပန်းစာပွင့်” ဟု ဆိုသည်။ အလောင်းစည်သူသည် ဆင်အတတ်၊ မြင်းအတတ်၊ လေးအတတ် တို့ကိုလည်း အပြီးတိုင် တတ်တော်မူ၏ ဟု မှန်နန်းရာဇဝင်၌ ဖော်ပြထားသည်။
● ညောင်ရမ်းမင်းဆက် မြင်းခင်းသဘင်
ညောင်ရမ်းမင်းဆက်ကို စတင်သူမှာ ဟံသာဝတီ ဆင်ဖြူရှင်မင်း (ဘုရင့်နောင်) နှင့် ခင်ပြည့်စုံမှ ဖွားမြင်သော ငယ်မည် ရှင်သစ္စာ ၊ အိမ်နိမ့်စံဘွဲ့ မင်းရဲရန္တမိတ် ဖြစ်သည့် သီဟသူရ ဓမ္မရာဇာ ဘွဲ့ခံ ညောင်ရမ်းမင်း ဖြစ်သည်။ ညောင်ရမ်းမင်းသည် အင်းဝထီးနန်းကို ပြန်လည်တည်ထောင် စိုးစံလျက် ညောင်ရမ်းမင်းဆက်ကို စတင်တည်ထောင်သူ ဖြစ်သည်။ ညောင်ရမ်းမင်းဆက်သည် ၁၅၉၇ ခု ဇူလိုင်လ ၂၇ ရက်မှ ၁၇၅၂ ခု မတ်လ ၁၁ ရက်နေ့အထိ နှစ်ပေါင်း ၁၅၅ နှစ်ကျော် သက်တမ်းရှိလေသည်။ ညောင်ရမ်းမင်းဆက် အားလုံး၏ နေပြည်တော်မှာ အင်းဝ ဖြစ်သည်။
ဆီသည်ရွာစား ဦးအောင်ကြီး၏ အရေးသားအရ ညောင်ရမ်းမင်းဆက် မြင်းခင်းသဘင်ပွဲ အကြောင်းကို လေ့လာပါက –
ပြည်သိုလတွင် ကျင်းပသည်။ မင်းသား၊ မင်းမြေးနှင့် မှူးမတ်များ ပါဝင်ဆင်နွှဲကြသည်။ ပေးသနားခံရသော အဆောင်အယောင်များ၊ စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ကိုင်ဆောင် ဆင်နွှဲကြသည်။ သဘင်မြင်းခင်းဟု ဆိုသော်လည်း ဆင်ခင်းပါ ပါဝင်နေလေသည်။ စစ်ရေးစွမ်းရည် ထက်မြက်အောင် လေ့ကျင့်သော လက်ရုံးရည် သွေးပွဲ ဖြစ်သည်။ ဆင်သား၊ မြင်းတပ်သား၊ ခြေလျင်တပ်သားတို့လည်း ပါဝင်ဆင်နွှဲကြသည် ဟူ၍ မှတ်ယူရသည်။
လေကဗျူဟာကျမ်း(အင်ရုံ) တွင်လည်း ညောင်ရမ်းမင်းဆက်ကာလ မြင်းခင်းသဘင်အကြောင်းကို ဤသို့ဖော်ပြထားသည်။
● ပြာသိုလ မြင်းခင်းပွဲ
ပြာသိုလို ရာသီတွင် အစဉ်ကား ပြာသိုလဆန်းမည့်ရက်ကို မြင်းခင်းထွက် အခါတော်ရသည်။ အခါတော်ကို ပညာရှိတို့ကို မေး၍ ဝန်တို့မှာ မြင်းခင်းတွင် စီရင်အမိန့်တော်ရှိလျှင် အမိန့်တော်ရှိသည့်အတိုင်း မြင်းခင်းထွက် အစီရင်ကို စီရင်သည်။ ရွှေမြို့တော် တောင်တွင် မြင်းစီးခင်း၊ အလျားမြင်းပြေးခင်း တစ်သတ်၊ အနံ နှစ်တာကို စီးနင်းသာအောင် မြေကို ပြနင်းရသည်။
အခါတော်ရသည့်နေ့ နံနက် ၄ ချက်တီးကို မင်းသား ၊ မင်းမြေး၊နေရာနေ ၊နေရာလွတ်နေ၊ နှီးခေါက်နေ၊ အမှူး၊အကြီး၊  စာရေး၊ စာချီ ၊မြင်းသည်တော်တို့နှင့် မြင်းစီးခင်းသို့ ထွက်ရသည်။ ဝင်းတော် လေးမျက်နှာတွင် ၁ မျက်နှာကို ပလုပ်၊ကြေး ဒိုင်းနှင့်  ၂၅ စီထွက်ရသည်။  ဝင်းတော်တွင် ၄ စုသား သေနတ်စု ငယ်သားတို့လည်း ထွက်၍ လေသေနတ်ကို သွန်သင်ရသည်။ အမြောက်စုအား သေနတ် လုလင် စုသားငယ်တို့လည်း အမြောက်သေနတ်ကို သွန်သင်ရသည်။ သွေးသောက်စုတို့လည်း လင်း လေးပစ်ကို သွန်သင်ရသည်။ စီးယင်းတော်ရွေး ဆင်တော်များကို  ဆင်တော်သည် တို့ စီးနင်း၍ အမြောက်သေနတ် သံကို နာခံစေရသည်။ ဒိုင်း၊ပလုပ၊်ကြေးနင်း တီး၍  ၁ စီး စီ ခြောက်ရ ၊ တိုက်ရသည်။ 
မြင်းခင်းစီးနင်းရာမှာ  မင်းသား ၊ မင်းမြေး၊ မြင်းမှူး၊တော်နေရာတို့  အလျင်စီးရသည်။ စီးရာမှာ အပြေး ၃ ခေါက် စီးပြီးလျှင် အခုန်သုံးခေါက်စီးပြီးမှစီးဝင်းကထွက်၍  မြင်းနှင့်စက်ထိုး သင်ရသည်။ လင်းလေးပစ်သင်ရသည်။ ထို့နောက်  နေရာ ၄ သွယ်နေ ၊နေရာလွတ်နေ၊နေရာမရှိ၊ ၄ဝ တော်သား ၅ဝ တော်သား၊ စားတော် ကွင်းရေကိုင်၊  ပြော့ကြီးမှုး ၊ စမြောင်မှုး ၊ နားခံ ၊ သံတော်ဆင့်တို့ နေရာတို့နှင့် အတူ တစ် သုတ်စီ စီးရသည်။ 
ထို့နောက် နှီးခေါက်နေ ၊ နှီးခေါက်မနေ၊အမည်ရ မြင်းခေါင်းသံတော်စံတို့ အတူစီးရသည်။  သည့်နောက် သင်းမှုး ၊ ဒိန်းမှုး အရှေ့အတွင်းတော်မြဲ  ၄ စုမှုး ယင်းတို့ ၁ သုတ်စီ စီးရသည်။ 
သည့်နောက် စာရေး စာချီတို့ ၁ သုတ်စီ စီးရသည်။ သည့်နောက် မြင်းတော်သည်တို့  တစ်သုတ်စီ စီးရသည်။ ပြီးလျှင် ပြန်သွားရသည်။ 
အခါတော်နှင့် စ၍ထွက်သည့်နေ့ကသည် ၃ ရက်စီ ထွက်ရသည်။ သတင်းနေ့ ကြုံလျှင် မထွက်ရ။
● တပိုတွဲ့လမြင်းခင်းသဘင် 
တပို့တွဲလရာသီတွင် အစဉ်ကား တပို့တွဲလဆန်း ၁ ရက်နေ့တွင် တစ်ကြိမ် ၊ တပို့တွဲလဆန်း ၃ ရက်  နေ့တွင် တစ်ကြိမ် ၊ တပို့တွဲ လဆန်း ၅ ရက်နေ့ကို တစ်ကြိမ် ၊ တပို့တွဲလဆန်း ၇ ရက်နေ့ကိုတစ်ကြိမ် ၊ သည်လေးကြိမ်တွင်မင်းသားမင်းမြေး၊မှူးမတ်တော်များသည်မြင်းတော်သည် တိုင်ပြာသိုတွင်ထွက်သည့် နည်းထွက်၍စီးခင်းတွင်စီးနင်းရသည်။ တပို့တွဲလဆန်း ၈ ရက်နေ့တွင် မီးပုံး ထင်းယူမှ မြင်းခင်းပွဲကို ရပ်သည်။ 
မြင်းခင်းသဘင်ပွဲတွင် ဆင်များ လည်း ပါဝင်ပေသည်။ စီးဆင်၊ ဝင်းဆင်၊ ရွေးဆင်တို့ကို တိုက်ပွဲ အတွေ့အကြုံ ယဉ်ပါးစေရန် အမြောက်သံ ၊ သေနတ်သံများ၊ မောင်းသံများဖြင့် ဆင်တစ်စီး စီ ခြောက်လှန့်ရလေသည်။ မြင်းခင်းသဘင်ပွဲတွင် အမြောက်ပစ်၊ သေနတ်ပစ် ၊ လင်းလေးပစ် သင်ကြားခြင်းများလည်း ပြုလုပ်ရသည်။
အနံ ၂၁ ပေ ကျယ်သော မြင်းပြေးခင်း လမ်းတစ်လျှောက်တွင်  ပါဝင်ယှဉ်ပြိုင် သူတို့  အပြေးသုံးခေါက်၊ အခုန်သုံးခေါက်စီပြရသည်။ ထို့နောက် မြင်းစီးခင်းနေရာမှ  ထွက်ပြီး မြင်းနှင့် စက်ထိုးသင်ရခြင်း ၊ လင်းလေးပစ် သင်ခြင်း ပြုလုပ်ရသည်။  ရာထူး အမြင့်မှ အနိမ့်သို့ လိုက်၍ မြင်းခင်းသဘင် တွင် သူ့အုပ်စုနှင့် သူ တစ်သုတ်စီ ယှဉ်ပြိုင်ကြရသည်။ 
မင်းသား၊ မင်းမြေး တို့ပါဝင်သော အုပ်စုက စတင် ပြိုင်ပွဲဝင်ရသည်
(အုပ်စု-၁)     မင်းသား၊ မင်းမြေး ၊မြင်းမှူး ၊ တော်နေ။ 
(အုပ်စု-၂)     နေရာလေးသွယ်နေ ၊ နေရာလွတ်နေ ၊ နေရာတော်မရှိ၊၄ဝ တော်သား၊၅ဝ တော်သား၊စားတော်ကွမ်းရေးကိုင၊် ပြော့ကြီးမှူး၊စမြောင်မှူး၊၊  ၊ နားခံ ၊ သံတော်ဆင့် ။
(အုပ်စု-၃)     နှီးခေါက်နေ ၊ နှီးခေါက်မနေ၊ အမည်ရမြင်းခေါင်း ၊ သံတော်ဆင့် ။
(အုပ်စု-၄)     သင်းမှူး ၊ ဒိုင်းမှူး ၊ အတွင်းတော်မြဲ ၊ နတ်စု အမှုထမ်းများ ။
(အုပ်စု-၅)     စာရေး ၊ စာချီ ။
(အုပ်စု-၆)     မြင်းသည်တော်။
မြင်းခင်းသဘင်ကို  နေ့စဉ် ရက်ဆက် ကျင်းပလေ့ မရှိချေ ။ 
ပြာသိုလ အတွင်းသာ ၃ ရက် ကျင်းပပြီးတိုင်း တစ်ရက်နားရသည်။ ဤကား ပြာသိုလတွင် ကျင်းပပုံဖြစ်သည်။
တပို့တွဲလတွင်ကား  လေးရက်သာကျင်းပလေ့ ရှိသည်။ တပို့တွဲလဆန်း  ၁ ရက် ၊၃ ရက် ၊ ၅ ရက် ၊၇ ရက်တို့တွင် ဖြစ်သည်။ တပို့တွဲလဆန်း  ၈ ရက်တွင် တပို့တွဲလ၏ပဓါန  ပွဲ တော် ဖြစ်သော မီးပုံးပွဲ အတွက် ထင်းယူခြင်း လုပ်ငန်း စတင်ရလေသည်။ ဤသည် တို့မှာ ညောင်ရမ်း မင်းဆက် ကာလ အတွင်း ကျင်းပခဲ့သော မြင်းခင်းသဘင် ပွဲတော် အကြောင်း ဖြစ်သည်။
● ကုန်းဘောင်ခေတ်မြင်းခင်းသဘင် 
မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းဆက်ဖြစ်သော ကုန်းဘောင်ခေတ် (အေဒီ ၁၇၅၂ မှ ၁၈၈၅ အထိ )သည် နှစ်ပေါင်း ၁၃၃ ခုနှစ် ကြာညောင်းခဲ့သည်။  ကုန်းဘောင်မင်းများ လက်ထက်တွင် မူ မြင်းခင်း သဘင် ပွဲတော်ကို ရွှေနန်းတော်ကြီး၏  မြောက်ဘက် ကွင်းပြင် တွင် ပြုလုပ်လေ့ရှိသည်။ ထိုကွင်းမှာ အလျား  တစ်မိုင်နှင့် ၊ အနံ နှစ်ဖာလုံ ခန့်ရှိပြီး ၊ ကွင်း အတွင်း စက်ကွင်း လှံထိုးရာ နေရာ ၊ မြင်းရေး ၃၇ ရေး စီးရာ နေရာ ၊ မြင်းရည်တက် ၊ ဓားခုတ် ၊ လှံထိုး ရာနေရာ ၊ ကူလီ (ဂူလီ) ကစားရာနေရာ စသည့် ဖြင့် နေရာများခွဲခြား  သက်မှတ်ထားသည်။ 
ထိုကွင်းနေရာ၌ ပင်လျှင်  မြင်းခင်း သဘင်ကို ကျင်းပ၍  လေးသည်တော်များ ၏ စွမ်းရည်ပြပွဲများ ၊ မြန်မာ့ရိုးရာ သိုင်းပညာရပ် ပြပွဲများ ၊ ဆင်စစ်သည်တော်များ၏  စွမ်းရည်ပြပွဲများ ၊ သေနတ်စစ်သည်တော်များ၏ စွမ်းရည်ပြပွဲများ စသည်ဖြင့်  တစ်လ လုံးလုံး  တစ်ဆက်တည်း ကျင်းပခဲ့ကြသည်။ 
မြင်းခင်းသဘင် ကျင်းပရာနေရာ၌  မြင်းရေး ၃၇ ရေး ပြသည့် မြင်းခင်းကွင်းတွင် ဘုရင် မိဘုရားနှင့် သမီးတော်များ ကြည့်ရှုတော်မူရန်  ယာယီ မဏ္ဍပ်များ ဆောက်လုပ်ထားသည်။ မြင်းခင်းသဘင် ကွင်း၏ လက်ယာဘက် စက်ကွင်း လှံထိုးရန် စက်ခုံများရှိသည်။  ယင်းစက်ခုံတွင် အမြင့် ၂ တောင် ၂၅ ၊ ၄ဝ ၊ ၆ဝ စသည့်ဖြင့် စက်ခွက်များကို စိုက်ထားသည်။ စက်ခွက် တိုင်၏ထိပ်မှ ကြိုးခိုင်ခိုင်  တစ်ချောင်းကို အောက်သို့ဆွဲချထားသည်။  စက်ခွက်ကို လှံစူးဝင်ငြိတွယ်နေသည့်အခါ  အောက်မှ ယင်းလှံကို ကြိုးဖြင့် လှုပ်၍ ဆွဲချနိုင်ရန် ဖြစ်သည်။ ယင်းသို့လှံတွင် (လှံထိုး) ကို စက်အတွင်း သို့ တည့်အောင် ထိုးနိုင်သူမှာ စစ်ပွဲတွင် အရေးပါ သူများ ဖြစ်သည်။ 
ရှေးအခါက ဆင်စီးချင်း ၊ မြင်းစီးချင်း တို့သည် ထိုးရာတွင်လည်း တစ်ဖက်နှင့် တစ်ဖက် လှံလျှင် (လှံထိုး) ဓါး၊လေးမြားတို့ နှင့်တိုက်ခိုက်ခြင်းမျိုးပင် ဖြစ်သည်။ 
စက်ကွင်း လှံထိုးပွဲသို့ မင်းသား ၊ မှူးမတ်တော်တို့အားလုံး  ဝင်ရောက် စွမ်းရည်ပြကြရသည်။ ပုန်းအောင်း ခိုကပ်နေ၍ မရပေ။ မလာရောက်သူအား  အရည်အချင်း မရှိသူအဖြစ် သက်မှတ်ခြင်း ခံရသည် ။ အသက်အရွယ် ကြီးရင့်သော ဝန်ကြီးများ ကိုမူလွတ်ငြိမ်းခွင့်ပြုသည်။  စက်ကွင်း လှံထိုးပြီးလျှင် ထူးချွန်သူများအား ဘုရင်မင်းမြတ်နှင့် မိဘုရားကိုယ်တိုင် ဆုတော် လာဘ်တော်များ ချီးမြှင့်တော်မူသည်။ 
မင်းတုန်းမင်းတရားကြီး  လက်ထက်တွင်မူ မြင်းခင်းသဘင်ပွဲကို လွှတ်တော်ရှ့ရှိ့ မြေကွက်လပ်တွင် ကျင်းပသည်။ မြင်းရေး ၃၇ ရေးကို မင်းသားများ ၊ အမတ်များ စီးနေချိန်တွင် မြင်းရေး ၃၇ ချင်းဟုခေါ်သော သီချင်းကို စိန်ဆိုင်း ၊ မြဆိုင်းများဖြင့် တီးမူတ် ဖျော်ဖြေကြရသည်။ ဆိုင်းတော်များက တီးမူတ်နေစဉ် မင်းသားများကလည်း  တီးကွက်ကျကျ မြင်းကို လေးဖက်လေးသား ကျအောင်စီးပြရသည်။ 
ဤနေရာ တွင် မြင်းရေး ၃၇ ရေး (မြင်းစီးပုံ) နှင့် တွဲဖက်၍ ပြုလုပ်သော အဲမောင်း (လှံရှည်) ၃၇ ရေးကို ယှဉ်တွဲဖော်ပြလိုပါသည်။
မြင်းရေး အဲမောင်းရေး
၁။ ပယ်ဝန်း – သက်တင်ရေသောက်ဟန်
၂။ ပယ်စိတ် – ခြင်္သေ့တန်းဆွဲဟန်
၃။ ပယ်ခွဲ – စလွယ်တင်ဟန်
၎။ စန္ဒရယုက်                             -သိကြားတန်ဆောင်ကိုင်ဟန်
၅။ လေးကျွန်းမှန်ကူ – ဗြဟ္မာလက်လှမ်းဟန်
၆။ ဘုံနန်းတန်ဆောင် – ကဦးဟန်
၇။ စွန်ဝဲ – ဟင်္သာတောင်ယှက်ဟန်
၈။ ဆင်ထူး – စွန်တောင်ဖြန့်ဟန်
၉။ ရှေ့နန်းထိုင်ချီ – ကြင်စပန်းတင်ဟန်
၁၀။ ကြာချပ် – တင်ပိုက်စီးဟန်
၁၁။ အုန်းပင်ရေသွန်း – ဂဠုန်တောင်ညှက်ဟန်
၁၂။ နွယ်ထွက် – တိမ်ခြည်ဖုံးဟန်
၁၃။ စွန်သုတ် – တံပိုးသွဲ့ဟန်
၁၄။ ရှစ်မြှောင့်ခိုနန်း – အမြီးသွေးဟန်
၁၅။ လက်ယာဆက်ကြာဖူး – လက်ဝဝစလွယ်တင်ဟန်
၁၆။ နွယ်ဝင် – ခြည်လုံးရစ်လည်ဟန်
၁၇။ နဝတတ်ရေလည် – ကြက်မိုးစွတ်ခါဟန်
၁၈။ ရာဇမတ် – ရေရစ်လည်ဟန်
၁၉။ ခိုနန်းပုံလိမ် – ကညောင်းတင်ဟန်
၂၀။ ရွှေတံခွန် – ပင်လယ်တောင်ဝှေးခွဲဟန်
၂၁။ မြင်းမိုရ်ပုံလိပ် – လက်ဝဲကဦးဟန်
၂၂။ ကြာယပ် – လက်ဝဲရင်အုပ်ဟန်
၂၃။ နတ်သားဗိမာန် – လက်ယာရင်အုပ်ဟန်
၂၄။ ကျွဲတုံးတင် – ရေပြွက်ဟန်လွဲဟန်
၂၅။ မင်တင် – ဝါကြိတ်လိမ်ဟန်
၂၆။ ကွန်းရုံးတက် – ခြည်သွတ်ဟန်
၂၇။ ခရုပတ် – ပုစ္ဆာတန်းဆွဲဟန်
၂၈။ အောက်ချင်းပုံတံဆိပ် – ရွှေလှံမောက်တိုရိပ် ကစားဟန်
၂၉။ ပိုးချည်လွှာ – ဘယ်ညာလှံရေး ကစားဟန်
၃၀။ ကြာသွတ်အိုး – ရွှေလှံဝဲရစ်ထောက် ကစားဟန်
၃၁။ ရွှေတံဆိပ် – ဆင်ကန်းတောတိုးဟန်
၃၂။ ယန်းကျင်ပတ်သန်း – သမက်စောင်ရန်းစီးဟန်
၃၃။ ဘီးလူးတိုင်ရေးလှ – ရွှေလှံကျားမြီးဆွဲဟန်
၃၄။ ဘီလူး ပုခက်စီး – ကျွဲမြီးခက်ဟန်
၃၅။ ဘီလူးနားထွင်း – ရွှေလှံဆံထုံးရစ်ဟန်
၃၆။ ဟန် ယဉ် – ရွှေလှံလက်ဝဲကိုင်ဟန်
၃၇။ ရေကန်သက်ဆင်း – ရွှေလှံဘယ်ညာ လွှဲဟန်
မြင်းတပ်သားတို့သည် ဖော်ပြပါ အတိုင်း မြင်းကို စီးနင်းလျက် အဲမောင်းရေးကို ပြကြသည်။ ထို့ကြောင့်ပင် မင်းတိုင်ပင် အမတ်ကြီး မဟာဓမ္မသင်္ကြန်က –
“စိုင်းနှင်စီးချင်း၊ နင်းမြန်းဖွယ်သာ
သိန္ဓဝါနှင့်၊ ရေးရာအဲမောင်း
ငွေအောင်းလျှံလျှံ၊ ရွှေလှံပြပုံ
အစုံသုံးဆယ် ၊ ခု နှစ်သွယ်” ဟူ၍ စပ်ဆိုထားလေသည်။
စွမ်းရည်ပြပွဲစလျှင် မြင်းကို ဒုန်းစီးလာသည့် မင်းသားများသည် ဘုရင်ရှေ့တော်သို့ ရောက်သော် အမှုထမ်းများအထက်သို့ မြှောက်ပေးလိုက်သည့် ရှောက်သီးလုံးကို လှံဖြင့် ပြေးရင်းထိုးသူရသည်။ ယင်းသို့ စွမ်းရည်ပြပြီးလျှင် မြင်းစီးရေ ခြောက်စီးတွဲ၊ ခုနှစ်စီးတွဲ ထွက်လာ၍ မြေပေါ်သို့ လှိမ့်ပေးလိုက်သော ရှောက်သီးလုံးများကို မင်းသားများက မြင်းပြေးနေရင်းပင် လှံဖြင့် ထိုးပြီး အထက်သို့ မြှောက်ပစ်လိုက်သည်။ အောက်သို့ကျလာသော ရှောက်သီးများကို လှံများဖြင့် ခံ၍ စိုက်ဝင်အောင် လုပ်ကြရသည်။ တစ်ခါတစ်ရံ လှံများတွင် ရှောက်သီးဆယ်လုံး ၊ဆယ့်နှစ်လုံးအထိရကြသည်။ ထိုသူများကို ဆုတော်ချီးမြှင့် တော်မူသည်။
ဓါတ်းခုတ်ပြိုင်ပွဲတွင်လည်း မြင်းနှင့် ဒုန်းဆိုင်းစီးရင်းပင် ဘုရင့်ရှေ့တော်၌ စိုက်ထားသော ငှက်ပျောပင်၊ ကြံပင်များကို ဓါးဖြင့် ဘယ်ပြန် ညာပြန် တိတိရိရိ ပြတ်အောင် ခုတ်ကြရသည်။ ပြတ်လုပြတ်ခင် ယိုင်လဲလာသော အပင်များကို နောက်က မြင်းစီးလာသူက ဘယ်ပြန် ညာပြန် ခုတ်ပိုင်းရသည်။ ထို့နောက် ငှက်ပျောပင် ငုတ်တိုများပေါ်တွင် ရေအပြည့်ရှိသော အိုးငယ်များကို တင်ထားပြီး ထိုငှက်ပျော ငုတ်တိုများကို ခုတ်ကြရသည်။ ငှက်ပျောပင်လဲသွားလျှင် ဆုမရချေ။ ထိုသို့ ခုတ်ရာတွင် ငှက်ပျောပင်လည်း မလဲ၊ ရေအိုး အောက်သို့ မကျမှသာလျှင် ဆုတော် လာဘ်တော်များ ရရှိကြသည်။
ငှက်ပျောပင်ခုတ်ပွဲပြီးလျှင် မြင်းနှင့် အပြေးစီးရင်း ရှေ့မှ ပစ်ပေးသော ရှောက်သီးများကို ဓါးဖြင့် ခုတ်ခြင်း၊ သုံးတောင်ခန့်မြင့်သော တိုင်ငုတ်ပေါ်တွင် ထွန်းညှိထားသည့် ကျောက်ဖယောင်းတိုင်၏ အလယ်ကို မြင်းနှင့် အပြေးစီးရင်း ဓါးဖြင့် ကွက်ရခြင်း၊ မီးတောက်နေသော ဖယောင်းတိုင်၏ မီးစာညွှန့်များကို မြင်းနှင့် အပြေးစီးရင်း ဓါးဖြင့် ကွက်ရခြင်း၊ တစ်ကျပ်လုံးခန့်ရှိသော သံချောင်းကို ဓါးဖြင့် တစ်ချက်တည်းပြတ်အောင် ခုတ်ရခြင်း၊ ကြေးနီဒင်္ဂါး ၁၆ ပြားကို ထပ်၍ တစ်ချက်တည်းဖြင့် ထက်ခြမ်းပြတ်အောင် ခုတ်ရခြင်းတို့ကို ပြသကြရသည်။
ဓါးခုတ်ပြိုင်ပွဲများ ပြုလုပ်ပြီးနောက် ဓါးရေးပြပွဲကို ဆက်လက်ပြသရသည်။ ဓါးရေးပြပွဲဆိုသည်မှာ ဓါးသိုင်းပညာရပ်တို့ကို  အကွက်ခင်း၍ စည်းချက်ဝါးချက်ကျကျ  ကစားပြခြင်းဖြစ်သည်။ ဓါးရေးပြရာတွင် ဓါးတစ်လက် ဓါးရေးကို ပြရသကဲ့သို့ ဓါးနှစ်လက် ဓါးရေးကိုလည်း ပြရလေသည်။ ဓါးတစ်လက်ဓါးရေးတွင် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်သည့်ဟန်ကို တစ်ယောက်တည်း သိုင်းကွက်နင်း၍ ကစားပြရခြင်း ဖြစ်သည်။ ဓါးနှစ်လက်ဓါးရေးတွင် ထိုခေတ်ထိုအခါက အများတတ်မြောက်ကြသော ဓါးရေး ၃၇ ရေးတို့ကို ပြရခြင်း ဖြစ်သည်။ ဓါးရေး ၃၇ ရေး တို့မှာလည်း မြန်မာ့နန်းတွင်းဓါးနှစ်လက်သိုင်းပင် ဖြစ်သည်။
ဝက်မစွတ်နဝဒေး ရေးဖွဲ့ခဲ့သော ဓါးရေး ၃၇ ချင်းမှာ အောက်ပါအတိုင်း ဖြစ်သည် –
● ဓါးရေး ၃၇ ချင်း
(၁) ဓါးချီ (၂) ဓါးခင်း (၃) မျက်နှာကာ (၄) ဓါးလှ (၅) ဓါးလျှိုး (၆) မှောက်ထိုးရပ် (၇) ရင်ခွဲ (၈)အသားလှန် (၉)ဓါးခုတ် (၁၀) စင်ရော်သုတ် (၁၁) တဖက်ထိုး (၁၂) ရှေ့လှည်း (၁၃) နောက်လှည်း (၁၄) ရွှေနှုတ်မြွက် ယာလှ၊(၁၅)ရွှေနှုန်မြွက်ဝဲလှ (၁၆)စွန်သုတ် (၁၇) ပါးကပ် (၁၈) ပန်းကုံးပြတ် (၁၉)ဓါးလွှင့် (၂၀) ပန်းကုံးသီ (၂၁) ဆက်ရန်ခုတ် (၂၂) မီးတိုင်ပြ (၂၃) ပိုးချည်လွှား (၂၄) သက်တင်ရေသောက် (၂၅) ဘယက်လည်လျှောက် (၂၆) ဒေါင်းမြီးကာ (၂၇) ကျားမြီးဆွဲ (၂၈) ဓါးရွက် (၂၉) လက်ကောက်ဝတ် (၃၀) မောင်းကပ် (၃၁) ရွှေနှုတ်လည်လျှောက် (၃၂) နောက်လည်လျှောက် (၃၃) ဓါးသွဲ့ (၃၄) ဓါးပြ (၃၅) တဖက်နုတ် (၃၆) နှစ်ဖက်နုတ် (၃၇) နောက်လှည့် စသည်တို့ ဖြစ်သည်။
အထက်ဖော်ပြပါ ဓါးရေး ၃၇ ရေး၏ ဓါးနည်းများ၊ ဓါးခုတ်ဟန်များကို ပါယင်ယှဉ်ပြိုင်သူများက တစ်ခုနှင်တစ်ခု ၊တစ်နည်းနှင့်တစ်နည်း ဆက်စပ်ပြသရခြင်းပင် ဖြစ်သည်။ 
ထိုမြင်းခင်းသဘင်တွင် အထက်ပုခုံးကျွတ်ခြင်း၊ အောက်ခံအလှပြ ကတ္တီပါ ဘောင်းဘီကျွတ်ခြင်း၊ မောက်တိုမောက်ရှုခေါင်းမှ ကျွတ်ကျခြင်း၊ ဓါးအိတ်ကျွတ်ခြင်း၊ ဓါးလှံလွတ်ကျခြင်း၊ မြင်းကကြိုး အဆင်တန်ဆာ ကိရိယာ တစုံတခု ပျက်ယွင်းခြင်း၊ စက်တိုင်သို့ ရောက်အောင် လှံကျင်ကို မလွှတ်ခဲ့ဘဲ ဆောင်ယူသွားပါက မြင်းပေါ်မှ ဆွဲချ၍ နေလှန်းခံရခြင်း စသော ပြစ်ဒဏ်များကို ခံကြရလေသည်။
ဤသို့ဖြင့် မြင်းခင်းသဘင်ပွဲ ပြီးသည့်အခါ လေးသည်တော်များက အစွမ်းပြကြပြန်သည်။ လေးသည်တော်များသည် ဘုရင်ရှေ့မှောက်တွင် လေးကို အမျိုးမျိုး ပစ်ပြကြသည်။  သံပုရာသီးကို မိမိတို့၏ သားသမီးငယ်များ၏ ဦးခေါင်းပေါ်တွင် တင်၍ ထိုသံပုရာသီးကို လှုပ်ပေးပြီး အဝေးမှ ပစ်ရသည်။ မြင်းမြီးကို နှစ်ခြမ်းကွဲသွားအောင်လည်း ပစ်ကြရသည်။ လောက်လေး၊ ဒူးလေး နှစ်မျိုးစလုံးဖြင့် ယှဉ်ပြိုင်ကြရသည်။
လောက်လေးဖြင့် ကလေးငယ် ထိပ်တွင်ရှိသော သံပုရာသီးကို မာကျစ်အောင် ပြုလုပ်ထားသော အ၀တ်လုံးဖြင့် ပစ်ရသည်။ ဒူးလေးဖြင့် ပစ်ရာ၌ မြင်းမြီးများ နှစ်ခြမ်းကွဲအောင် ပစ်နိုင်သူသာ ဆုရရှိသည်။ အပေါ်သို့ ပစ်လွှတ်သော သံပုရာသီးကိုလည်း ဒူးလေး၊ လောက်လေးတို့ဖြင့် မှန်အောင် ပစ်ရသည်။ ထို့ပြင် နံရံတွင် လေးပစ်သူဖက်သို့ စိုက်ထားသော ဓါးသွားကို သံပုရာသီးဖြင့် ပစ်ကြရသည်။ သံပုရာသီး အညီအမျှ ထက်ခြမ်းကွဲအောင် ပစ်နိုင်သူများသာ ဆုရရှိကြသည်။ ဆုရရှိသူများအား ဘုရင်နှင့် မိဖုရားကြီးတို့က ရွှေဖလား၊ ငွေဖလား ၊ သဇင်ပန်း၊ ရွှေကျင်ခတ်ပဝါတို့ဖြင့် ဆုများချီးမြှင့်သည်။ မိဘုရားကြီးပေးသော ရွှေကျင်ခတ်ပ၀ါ သုံးကြိမ်ရရှိသူများမှာ အထူးချွန်ဆုံ ပုဂ္ဂိုလ် ဖြစ်သည်။
ထိုပြိုင်ပွဲများပြီးလျှင် ကူလီရိုက် ကစားနည်းပြိုင်ပွဲကို ကျင်းပကြသည်။ ကူလီရိုက်ခြင်းဆိုသည်မှာ အသားမာသော သစ်သားတံတွက် ကြေးဝါးကောက်ထံ ဘုလုံးတစ်ခုစွပ်ထားပြီး သရက်ခြစ်ဖြင့် ပြုလုပ်ထားသော ကူလီသီးကို ပြင်ဆင်ထားသည့် ကွင်း သို့မဟုတ် ပြုပြင်ခြင်း မရှိသော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် မြေပြင်၊ ချိုင့်ဝှမ်း၊ ကုန်းမြောင်များကို ဖြတ်၍ မြင်းစီးရင်း ရိုက်ကစားရသော ကစားနည်းမျိုး ဖြစ်သည်။ ရည်ရွယ်ချက်မှာ စစ်ရေး စစ်ရာအတွက် ကျင့်သားရအောင် လေ့ကျင့်ခြင်းပင် ဖြစ်သည်။ ယင်းသို့ ကူလီရိုက် ကစားရာတွင် တခါတရံ ၁ဝ မိုင်ခန့်အထိပင် ရောက်ရှိတတ်သည်။
ကူလီရိုက်ပွဲပြီးလျှင် သေနတ်ပစ်ပြိုင်ပွဲကို ကျင်းပကြသည်။ သေနတ်စစ်သည်များက အကွာအဝေး အမျိုးမျိုးတွင် ရှိသော စက်ကွင်းကို ပစ်ကြရသည်။ စက်ကွင်းကို မှန်အောင် ပစ်နိုင်သူများသာလျှင် ဆုရကြသည်။ ထို့အပြင် အတောင် ၁၀၀၊၊ ၂၀၀ အကွာတွင် ဘူးသီးကိုတင်၍ ပစ်ခြင်း၊ ဒင်္ဂါးကို ထောင်၍ ပစ်ခြင်း မျိုးလည်း ရှိသည်။
မြင်းခင်းသဘင်ပြီးဆုံးသောအခါ ဆင်ခင်းသဘင်ကို ကျင်းပကြသည်။ ထိုပွဲကို ပြာသိုလနောက်ပိုင်းတွင် ကျင်းပသည်။ ဆင်ခင်းပွဲတွင် ပါဝင်သော ဆင်များကို စစ်တိုက်သောဆင်နှင့် ဘုရင့်စီးတော်ဆင် ဟူ၍ ခွဲခြားထားသည်။ စစ်တိုက်သောဆင်များကို ယတြာရ ဆင်များဟု ခေါ်ကြသည်။ ယတြာရဆင်ဟူသည်မှာ ဆင်အကောင် ၁၀၀ ခန့်ကို တောစပ်သို့ ခေါ်ဆောင်သွားပြီး ထိတ်လန့်စေရန် ချုံကွယ်များ၌ နေ၍ ဒိုင်းသံ ၊ကာသံများဖြင့် ခြောက်လှန့်ခြင်း သေနတ်မီးပေါက်များ ဖောက်ခြင်း၊ ကျားနံ့ရအောင် ပြုလုပ်ထားသော ကျားရုပ်များဖြင့် ရင်ဆိုင်ပေးတွေ့ခြင်း၊ လူအများက ညာသံပေး၍ လှံဖြင့် ထိုးခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်၍ မပြေးဘဲ ကြံ့ကြံ့ခံနေသော ဆင်များကို ယတြာရဆင်များဟု ခေါ်သည်။
တခါတရံ ဆင်တိုက်ပွဲများကိုလည်း ကျင်းပသည်။ ဆင်တိုက်ပွဲများတွင် ဆင်များကို ဟင်္သာပြဒါး သုတ်လိမ်းပေးထားသဖြင့် တကောင်နှင့်တကောင် မမှတ်မိဘဲ အစွပ်ယှက်၍ ထိုးကြသည်။ အနိုင်ရသော ဆင်များကို ဘွဲ့အမည်ပေး၍ စစ်ပွဲတွင် အသုံးပြုကြသည်။
မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းဖြစ်သည့် သီပေါမင်းသည် ၁၈၇၆ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့အထိ နနန်းစံသက် ၇ နှစ် ၁ လ ၂၇ ရက် မျှ ထီးနန်းစိုးခဲ့ရသည်။ သီပေါမင်းသည် နန်းတက်ပြီး ၂ လ ကျော်အကြာ ၁၈၇၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက် (၁၂၄၀ ပြည့်နှစ် နတ်တော်လဆန်း ၉ ရက်)အင်္ဂါနေ့တွင် ပထမဆုံး မြင်းခင်းသဘင်ပွဲကို ကျင်းပခဲ့သည်။ သီပေါမင်း လက်ထက် မြင်းခင်းစက်သွင်းပုံ ကျင်းပပုံကို ကုန်းဘောင်ခေတ် မဟာရာဇဝင်ကြီး တတိယ စာမျက်နှာ ၃၃၆ ၌ –
“ယင်းသည် ၁၂၄ဝ ပြည့်နှစ် ပြာသိုလပြည့်ကျော် နှစ်ရက်နေ့ (၁၈၇၉ ဇန်န၀ါရီ ၈) တွင် ရှေးမင်းတကာတို့ လက်ထက် ဗျူဟာသဘင် စီစဉ် ကျင်းပမြဲဖြစ်သော ဆင် ၊ မြင်း ၊ ရထား ၊လေး၊ မြှား စသော မင်းမှုစိတ္တ အတတ်မျိုးတို့၌ အကျုံးဝင်သော ဆင်ခင်း၊ မြင်းခင်း၊ စက်သွင်း သဘင် ကျင်းပရန်ကို ရွှေနန်းတော်အတွင်း မြေနန်းတော် လက်ဝဲဘက်တါင် အမြင့် ၁၅ တောင် ကစ၍ ၂၀၊ ၂၅၊ ၃၀၊ ၅၀ အနောက်က ရှေ့သို့ အတည့်အတန်း စက်တိုင် ဝါးစိုက်ထူပြီးလျှင် မြေနန်းတော် ဦးမင်တက်သက္ကဒါန် လှေကားတော် မြောက်စံတော်မူရန်၊ တဲကနားဖျင်းတော် ဆောက်လုပ်၊ ပိတ်ဖြူမျက်နှာကြက်၊ ဗိတာန်ကြာယပ်၊ လှဇရွဲ ကြက်လုပ်ဆွဲစဉ် အသင့်ရှိစေ၍ ပြာသိုလပြည့်ကျော် သုံး ရက် (ဇန်နဝါရီလ ၉ ရက်) နေ့တိုင် မင်းညီမင်းသား၊ ၀န်ကြီး၊ အတွင်းယန်၊ ဝင်းတော်မှူး၊ မှူးတော် မတ်တော် လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ် ခံရသည့် မျဉ်းမောက်တို စစ်ဝတ်တန်ဆာဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများကို စီးနင်း၍ တကိုယ်လျှင် ဆယ်ခေါက်က လှံလျင် ၁ဝ စင်းစီ၊ ကုန်အောင် ထိုးကြရသည်။ မင်းညီမင်းသားများမှာ မျဉ်းတိုမျဉ်းရှည် စစ်ဝတ်တန်ဆာ အဆင်အယင်နှင့် ဗောင်းထုပ်ပဝါပေါင်း၍ ထိုးကြရသည်။ ဆဒ္ဒန်ဆင်မင်း သခင် ဘဝရှင်မင်းဘုရားမှာ အဖိုးအနဂ္ဃထိုက်တန်သော ရတနာအပေါင်းတို့ဖြင့် ပြီးသော မျဉ်းမောက်ကို စစ်ယတ်တန်ဆာ ဆင်ယင်တော်မူပြီးလျှင် အရှင်မိဘုရားခေါင်ကြီးနှင့်တကွ မင်းမိဘုရား မောင်းမမိဿံ ခြံရံတော်မူလျက် မြေနန်းတော်အထက် ကနားဖျင်းတဲတော်သို့ ထွက်စံ ကြည့်ရှုတော်မူသည်။ စက်ထုံး သဘင်တော်တွင် စက်စွဲသည့် မင်းညီမင်းသား မှူးတော် မတ်တော် လက်သုံးတော်၊ လက်စွဲတော် တို့မှာ တစ်လက်စွဲလျှင် ငွေပွင့်ထိုးပန်း ပ၀ါတစ်၊ သဇင်ပန်းခိုင် တစ်ခိုင်စီ သနားတော်မူသည်။ မင်းညီမင်းသား မှူးတော် မတ်တော် လက်သုံးတော် လက်စွဲတော်တို့ စက်ထိုးသဘင်ပြီးလျှင် ကသည်း၊ အက္ကပတ်မြင်း တပ်ဗိုလ် အရာရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီး၊ဓါ်းခုတ်၊ လှံထိုး၊ ငှက်ပျောပင်စိုက်၊ ရေအိုးတင်ဓါ်းခုတ်၊ မြင်းအစိုင်း အနှင် အရေးအရာများကို ထိုးခုတ်ပြပြီးလျှင် ရွှေနန်းတော်သို့ ဝင်တော်မူသည်” ဟူ၍ ဖော်ပြထားသည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာ့မြင်းခင်းသဘင်သည် မည်ကာမတ္တသဘင်ပွဲတော်မဟုတ်၊ ပြည့်ရှင်မင်း ကိုယ်တော်တိုင် ဦးဆောင်ကျင်းပသော ပွဲတော်ဖြစ်သည်။ ထို့ပြင် ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကြဌန်းဖြင့် နှစ်ပရိစ္ဆေဒ ရှည်ကြာနေထိုင်ခဲ့သော မိမိနိုင်ငံတော်အား တိုင်းတပါးမှ ရန်စကျူးကျော်မှု မှန်သမျှကို တွန်းလှန်ချေမှုန်းရန်အတွက် စွန်လွှတ်စွန့်စားမည့် နှလုံးရည် လက်ရုံးရည်နှင့် ပြည့်စုံသော လူတော်လူကောင်း ရွေးချယ်သည့် ပွဲကြီးလည်း ဖြစ်လေသည်။ ဤပွဲတော်တွင် ကြည်းတပ်၊ ရေတပ်တို့မှ စစ်သည်များ၏ အရည်အချင်းနှင့် သူရသတ္တိကို စစ်ဆေးရာတွင် မြင်းခင်းသဘင် တစ်ခုတည်းသာမဟုတ်ဘဲ ဆင်ခင်း၊ လေးခင်း၊ ဓါးခုတ်၊ လှံထိုး ၊သိုင်းပညာအမျိုးမျိုးတို့ ပါဝင်ယှဉ်ပြိုင်ရသည့်အတွက် ရှေးခေတ်မြန်မာတပ်မတော်၏ စစ်အင်အားပြပွဲ၊ စစ်ရေးပြပွဲကြီး ဖြစ်လေသည်။ ထို့ကြောင့် နေမျိုးနော်ရထာ၏ ရတုပိုဒ်စုံတစ်ခုတွင် –
“ဖလ်အောင်ယာဉ်သာ၊ နေစကြာလျှင်၊ လက်ျာဗဟီ၊ တောင်သို့ချီက၊ စွယ်နီသာပွင့်၊ ရွှန်းရွှန်းတင့်သား နှင်းနှင်းစိုစို ၊ လပြာသိုမူ၊ မောက်မိုရှင့်ဘုန်း၊ ထစ်ရင့်ချုန်းက၊ ရန်နှုန်းမရည် လွင့်ဝေးစည်သား၊ ခါရည်ရာသီ ရှေးထုံးမှီ၍၊ မင်းညီမင်းသား အခြားခြားတိ ၊ ပုံများတစ်သင်း၊ စစ်အင်ကျင်းသည်၊ မြင်းခင်းသဘင်ကျော် ဘုရား” ဟူ၍ စပ်ဆိုထားသည်။ 
တဖန်ဆီသည်ရွာစား ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ဆယ့်နှစ်ရာသီ လူးတားတွင်လည်း
“လပြာသိုကား၊ မိန်ညိုချပ်ဝပ်၊
လျောက်ပတ်ဆောင်ယောင်
မှူးခေါင်၊မတ်ဖျား၊မင်းသား၊ မင်းမြေး
ဆုံရေးမှတ်လျက်၊ စွယ်ရှက်ချီပင့် ချွန်းဖွင့်ဆိုလာလျှင်
ဆင်တပ်ပြင်၍၊ ခြေလျင်၊ခြေချင်း၊
မင်းလည်း မြင်းလျောက် ထိုးမြောက်လှံ၊လေး၊
ခုန်ပြေး၊ သန်လျင်၊ စိုင်နှင်ကြွားကြွား
ဓါးသွားနှုတ်ငင်၊ မွမ်းမွမ်းဖြင်မျှ
သဘင်မြင်းခင်း၊ စစ်ဆင်ကျင်းသည်
စီးနင်းကြော့လန်းလန်းတည့်လေ” ဟူ၍ စပ်ဆိုထားသလို ရှင်မဟာရဠသာရက စတုဓမ္မသာရ ပျို့ တွင်
“ကြော့စီးစွမ်းခက်၊ ဆင်တက်မြင်းစီး၊
လေးကြီးပစ်ငင်၊ ခွင်နှင့်ကာလွှား
လှံဓါးအဲမောင်း၊ ကာတောင်းအရေး
မရွေးလိုရာ၊ တတ်မြောက်၍” ဟူ၍ စပ်ဆိုထားလေသည်။
ထို့အပြင် ဖိုးသူတော် ဦးမင်း၏ မြင်းခင်းတော်ဘွဲ့ လေးချိုးတွင်
“တိမ်ဗွေဘုံဝယ်၊ ငွေယုန်စန်းလ
ကက္ကဋလဲ၊ ဖုသျှငယ်ယှဉ်ပြိုင်၊ တနန်းထိုင်လို့
ဆိုင်ဆိုင်သဘင်၊ လွှတ်ရင်ပြင်မှာ၊ စစ်အင်မကျင်း
စက်လျင်သွင်းနှင့်၊ ဆင်ခင်းမြင်းတာ
တဗျူဟာကို၊ ရာဇိန်ပြကတေ့
ဆင်မြဲတော်လေးဟာမို့၊ သပြေ ဥသျှောင်
ရွှေဘုံဆောင်လို့ ၊ သာခေါင်ငယ်ဖန်သည်၊
သင်္ကြန်သိရ်ပေါင်း ကြွေချိန်ရတု” ဟူ၍ စပ်ဆိုထားသည်။
စာကိုး
၁။ အင်ရုံရွာစား ဝန်ကြီး သီရိဥဇနာ ၊ လောကဗျူဟာကျမ်း (အင်ရုံစာတမ်း)၊ မြန်မာရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုဌာန၊ ပကြိမ် ၁၉၆၂။
၂။ ဦးမောင်မောင်တင် (၁) (K.S.M, A.T.M)၊ ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီး (တတိယတွဲ) စာကြည့်အလုပ်တိုက်၊ စတုတ္ထအကြိမ် ၂၀၀၄။
၃။ ဆီသည်ရွာစား ဦးအောင်ကြီး၊ အင်းဝမြို့ဘွဲ့၊ ဆယ့်နှစ်ရာသီ ၊ဟံသာဝတီပုံနှိပ်တိုက်၊ ပကြိမ် ၁၉၆၆။
၎။ နတ်မောက်ဘုန်းကျော်၊ ရှေးခေတ်မြန်မာ့တပ်မတော် မှတ်စုများ၊ စာပေဗိမာန်၊ ပကြိမ် ၁၉၆၇။
၅။ သိန်းသန်းထွန်း “ပုဂံခေတ် မြင်းမှုရေးရာ” ကြေးမုံသတင်းစာ (၂၃ – ၁၀ – ၁၉၉၃)။
၆။ ဒေါက်တာ ခင်မောင်ညွှန့် “မြင်းခင်းသဘင်ဆိုင်ရာ လင်္ကာကဗျာ အဖွဲ့အနွဲ့များ” ကြေးမုံ (၃၀ – ၅ – ၁၉၉၃)။
၇။ ဒေါ်ခင်ညွှန့် (အင်းလေး) “ညောင်ရမ်းမင်းဆက် မြင်းခင်းသဘင်” ကြေးမုံ (၁၆ – ၁၀ – ၁၉၉၃)။

၈။ အောင်သန်းမြင့် “မြင်းခင်းသဘင်” (၁) (၂) မြန်မာ့အလင်း (၂၂ – ၁ဝ – ၁၉၉၃) (၂၃ – ၁ဝ – ၁၉၉၃)။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်