အဘိဓမ္မာ မူကြိုတန်း နိဒါန်း


မြတ်ဗုဒ္ဓ၏ ဒေသနာတော်သည် အနတ္တဒေသနာ ဖြစ်သည်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟူသော သင်္ခါရ ဓမ္မတို့၏ လက္ခဏာရေး သုံးပါးတို့တွင် အနိစ္စ နှင့် ဒုက္ခတရား တို့ကို ဗုဒ္ဓမြတ်စွာ မပေါ်ထွန်း မီ ခေတ်ကာလကပင် ရှေးပညာရှိ သမဏ, ဗြာဟ္မဏတို့ ဖော်ထုတ်နိုင်ခဲ့ကြသည်။ 
 
အနတ္တတရားကိုမူ ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူမှသာ ဟောကြားနိုင်စွမ်းရှိခဲ့သည် ဟု အဆို ရှိလေ သည်။ ‘အနတ္တ’တရားဟူသည်ကား အလုံးစုံသောတရားတို့သည် မိမိ၊ ငါ၊ သူတစ်ပါးစသဖြင့် ခေါ် ဝေါ် သမုတ်အပ်သော မြဲမြံသည့် အနှစ်သာရတရားမျိုး မဟုတ်။ ငါ့ကိုယ်၊ ငါ့ဟာဟူ၍ အစိုးရသော တရားမျိုး မဟုတ်။ အတ္တ မဟုတ်။ သို့ဖြစ်၍ ထိုတရားတို့အား “ဧတံမမ, ဧသောဟမသ္မိ, ဧသောမေ အတ္တာ” (ငါ့ဟာ, ငါ, ငါ၏ အတ္တ) ဟု စွဲလမ်းသုံးသပ်ခြင်းငှာမထိုက် ဟူ၍ ဟောကြားသော တရား ဖြစ်သည်။

ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားစုတို့ကား ဉာဏ်ဖြင့် သိနိုင်သော အစစ်အမှန် တရားအစု ဖြစ်သည်။ သို့သော် ပုထုဇဉ်တို့သည် ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားတို့အား “ငါ့ဟာ, ငါ, ငါ၏ အတ္တ” ဟု “တဏှာ, မာန, ဒိဋ္ဌိ” ဟူသော ပပဉ္စတရား တို့ဖြင့် စွဲလမ်း သုံးသပ် ထင်မှတ်မှားကြသည်။ ထို့ကြောင့် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟု မမြင်နိုင်။ “နိစ္စ, သုခ, အတ္တ” ဟု ဆန့်ကျင်ဖက် တလွဲဖောက်ပြန်၍ မြင်သည်။ ထို ဝိပ္ပလ္လာသခေါ် ဖောက်ပြန်သော အသိအမြင်တို့သည် ပုထုဇဉ်၏ သန္တာန်တွင် အမြစ်တွယ်နေရကား အမှန်သိမြင်သော အမြင်ပေါ်ရန် ကြီးစွာသော လုံ့လဝီရိယ၊ ပညာ၊ သတိတို့ ဖြင့် အဖန်ဖန် အား ထုတ်ရန် လိုအပ်သည်။ ရုပ်နာမ် သင်္ခါရတရားတို့၏ သဘော အစစ်မှန်အား အမှန်ကို အမှန်အတိုင်း ယထာဘူတ ဉာဏ်ဖြင့် သိမြင်ပါက၊ ထို ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ တပ်မက်စွဲလမ်းသော စိတ်ကင်းကာ ငြီးငွေ့သော နိဗ္ဗိန္ဒဉာဏ်အမြင် ဖြစ်ပေါ်လာပေမည်။ ရုပ်နာမ်သင်္ခါရတရားတို့အပေါ် ငြီးငွေ့ စွန့်ပယ်လိုသော အမြင်သန်လာပါက ရုပ်နာမ်သင်္ခါရတရားတို့၏ ဆန့်ကျင်ဖက် သဘာ၀ဖြစ် သော ဖြစ်ပျက်ချုပ်ငြိမ်းသော နိဗ္ဗာန်ကိုမြင်သည့် တပ်မက်ခြင်းကင်းသော ဝိရာဂ ခေါ် မဂ်ဉာဏ် ဖြင့် မျက်မှောက် ပြုနိုင်ပေမည်။ ဤသည်ကား ဗုဒ္ဓမြတ်စွာ ၄၅-ဝါ ကာလပတ်လုံး အဖန်တလဲလဲ နည်းပရိယာယ် မျိုးစုံဖြင့် ဟောကြားတော်မူခဲ့သော သုတ္တန် ဒေသနာတော်၏ အချုပ် ဖြစ်သည်။

“ယထာဘူတ၊ နိဗ္ဗိန္ဒ၊ ဝိရာဂ” (မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေါဟာရဖြင့်ဆိုပါက ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး) ဟူ၍ အဆင့်ဆင့် ကြိုးပမ်းအားထုတ်ခြင်းအား ဝိပဿနာတရား ပွား များသည်ဟု ခေါ်သည်။ ဤတွင် ရုပ်နာမ်တရားတို့၏ သဘာဝအမှန်ကို သိမြင်ရန် အားထုတ်ရာ တွင် ရှေးဦးစွာ “ဃန”ခေါ် တစ်ပေါင်းတည်း၊ တစ်သားတည်းဟု ထင်မှတ်ထားသော အထင်မှားကို ပြိုကွဲအောင် ကြိုးပမ်းရသည်။ ယောက်ျား, မိန်းမ, ငါ စသဖြင့် အသွင်အပြင်အားဖြင့် တစ်ပါင်း တည်း သမူဟဃန ထင်မှတ်ခြင်းကို ပယ်ဖြောက်ရန် “ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း...” စသဖြင့်ဖြစ်စေ၊ “ပထဝီ, တေဇော, ဝါယော, အာပေါ” စသဖြင့်ဖြစ်စေ တစ်စစီ ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ဤကားရုပ်, ဤကားနာမ် စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ယခင်နေ့က ငါသည် ယနေ့ငါပင် ဖြစ်သည်စသဖြင့် ကာလအားဖြင့် တစ်သားတည်းမြဲမြံနေသည်ဟု ထင်မှတ်သော သန္တာနဃနကို ကွဲရန် ဤရုပ်, ဤနာမ်တို့သည် ဤနေရာတွင်ဖြစ်၍ ခဏအတွင်းမှာပင် ချုပ်ကြ သည် ဟု ကာလအားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ “ခံစားခြင်းသည် ဝေဒနာဖြစ်သည်၊ မှတ်သား ခြင်းသည် သညာ ဖြစ်သည်” စသဖြင့် ကိစ္စဃန ကွဲအောင် ရှုရသည်။ “ဤကား အဆင်း, ဤကား အသံ, ဤကား အနံ...” စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ယောက်ျား, မိန်းမဟု အာရုံအားဖြင့် ရောထွေးနေ သော အာရမ္မဏဃန ကိုကွဲအောင် ရှုရသည်။ အချုပ်အားဖြင့် ဝိပဿနာ၏ ရှေးဦးအလုပ်မှာ နေ့စဉ် တွေ့မြင်ကြုံတွေ့နေရသော တရားတို့အား တစ်စစီဖြစ်အောင် ခွဲခြမ်းစိတ်ဖြာရသော အလုပ်ဖြစ် သည်။ ဒေသနာတော်တွင် နာကြားသူတို့၏ အလိုအာသယအလိုက် ခန္ဓာ ၅-ပါးအဖြစ်၊ အာယတန ၁၂-ပါး အဖြစ်၊ ဓာတ် ၁၈-ပါး အဖြစ် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားသည်။ အကြောင်းမှာ အတ္တဟု မှတ်ယူထားခြင်း၊ ငါ့ဟာဟု နှစ်သက်တပ်မက်သော စိတ်ဖြင့် မှတ်ယူထားသောတရားတို့သည် အမှန်တကယ်ရှိသော အရှိတရားများ မဟုတ်။ အထင်တရားများသာ ဖြစ်သည်ဟု သဘောပေါက် နားလည်စေရန် ဖြစ်သည်။

ထို့နောက် ထို ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသော အမှန်တကယ်ဖြစ်ပျက်နေသောတရားတို့သည် မိမိတို့၏ ပင်ကိုယ်အစွမ်းအားဖြင့် ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ ဖန်ဆင်း လိုက်သည် မဟုတ်။ အကြောင်းတရားတို့ ပေါင်းဆုံ၍ ဖြစ်ပေါ်လာရပြီး၊ ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းသောအခါ၊ အကျိုးတရားတို့လည်း ချုပ်ပျက်ရသည် ဟူသော အကြောင်းအကျိုး ဆက် နွယ်မှု ပစ္စယသဘောကို ထင်အောင် ရှုရလေသည်။ ပထမအဆင့်တွင် ခွဲခြမ်းစိတ်ဖြာ၍ ရှုမြင်ခဲ့ သော တရားတို့သည် မည်သို့ အချင်းချင်းအပြန်အလှန် အကြောင်းကျိုးဆက်စပ်၍ နေပုံကို ဤ ဒုတိယအဆင့်တွင် ရှုမြင်ရန်အားထုတ်ရသည်။ စာပေတွင် ပထမအဆင့်အား နာမ်ရုပ်အား ပိုင်းခြား သိသော နာမရူပပရိစ္ဆေဒဉာဏ်၊ ဒုတိယအဆင့်အား အကြောင်းတရားကို သိမ်းဆည်းသော ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်သည်။ ထိုသို့ တစ်စစီ ခွဲခြားစိတ်ဖြာခြင်း နှင့် ထို တရားအစိတ်တို့ မည်သို့ အကြောင်းအကျိုးအားဖြင့် ဖွဲ့စည်းဆက်စပ်ခြင်းတို့ကို သုတ္တန်ဒေသနာတော်တွင် ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ ဟူ၍ ဖွဲ့၍ ဟောကြားတော်မူသည်။

သုတ္တန်ဒေသနာတော်သည် မျက်စိဖြစ်လျှင်၊ အဘိဓမ္မာဒေသနာတော်သည် အလွန်အားကောင်း သော မှန်ပြောင်းတလက် ဟုဆိုရပေမည်။ သုတ္တန်ဒေသနာတော်တွင် သတ္တဝါတို့၏ အလို အဇ္ဈာသယ စသည်တို့ကို လိုက်၍ တစ်စိတ် တစ်ဒေသအားဖြင့်သာ ဟောကြားရသော်လည်း၊ အဘိဓမ္မာဒေသနာတော်တွင်ကား မည်သည်ကိုမျှမငဲ့ဘဲ ယထာဓမ္မ သဘာ၀ရှိသည့်အတိုင်း နည်းမျိုးအသွယ်သွယ်ဖြင့် ဟောကြားတော်မူထား၏။ ဤသို့ သုတ္တန်ဒေသနာတော်ထက် နက်ရှိုင်း သာလွန်၍ပင် အဘိဓမ္မ (အဘိ – သာလွန်သော+ ဓမ္မ – တရား)ဟု အမည်ရခြင်း ဖြစ်ပေသည်။ အဘိဓမ္မာဒေသနာတော်သည်လည်း သုတ္တန်ဒေသနာတော်ကဲ့သို့ပင် “ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ” တရားတို့အား “ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ” မဟုတ်၊ “နိသတ္တ၊ နိဇီ၀၊ အနတ္တ” သက်သက် ဖြစ်ကြောင်း ပေါ်လွင်စေရန် ဟောကြားထားခြင်း ဖြစ်သည်။

အဘိဓမ္မာ ပိဋကတ်တော်တွင် ကျမ်း ၇-ကျမ်းရှိရာ၊ ပထမဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည် ဓမ္မတရား အစုစုတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ရေတွက်ပြသော ကျမ်းဖြစ်သည်။ အလုံးစုံသော တရားတို့အား “ကုသိုလ်, အကုသိုလ်, အဗျာကတ” စသဖြင့် သဘောတူရာ, တူရာအုပ်စု သုံးအုပ်စု စီ ခွဲ၍၎င်း၊ “ဟိတ်တရားအစု, ဟိတ်မဟုတ်သောတရားအစု” စသဖြင့် နှစ်အုပ်စုစီခွဲ၍၎င်း၊ မာတိကာခေါ် ဇယားချ၍ ပြသည်။ သုံးအုပ်စုဖွဲ့သော ဇယားအား “တိကမာတိကာ”၊ နှစ်အုပ်စု ဖွဲ့သော ဇယားအား “ဒွိကမာတိကာ”ဟုခေါ်သည်။ ထို့နောက် ထိုအုပ်စုတစ်ခုချင်းစီမှ တရားတို့ကို –
“ယသ္မိံ သမယေ ... စိတ္တံ ဥပ္ပန္နံ ဟောတိ ... ။ တသ္မိံ သမယေ ... ဟောတိ။ ... ဟောတိ။ ...”
“အကြင်အခါ၌ (ဤမည်သော) စိတ်သည်ဖြစ်၏။ ထိုအခါ၌ (ဤတရားသည်) ဖြစ်၏။ (ဤတရားသည်) ဖြစ်၏။ ...”

စသဖြင့် ရေတွက်ပြခြင်း ဖြစ်သည်။ ဤသို့အားဖြင့် စိတ်အမျိုးပေါင်း ၁၂၁-မျိုးအား ထိုစိတ်ဖြစ်ခိုက် အတူဖြစ်ကြသော (စေတသိက်)တရားများဖြင့် တွဲ၍ရေတွက်ပြသည်။ ရုပ်တရားတို့အား ရေတွက် ပြ သည်။ အဘိဓမ္မာဝိဘင်း စသော နောက်ကျမ်းများတွင် ထိုတရားတို့အား ပိုင်းခြားဝေဖန်၍၊ အဓိပ္ပါယ်ကိုတိကျအောင် သတ်မှတ်ပေးသည်။ ဤသို့ဖြင့် အမှန်တကယ်ရှိသော ပရမတ္တတရား တို့အား အစိတ်စိတ် ပိုင်းခြားဝေဖန်ကာ အတ္တဟု ထင်မှတ်အပ်သောတရား ရှာမရနိုင်ပုံကို အသေး စိတ် ဟောကြားထားသည်။

“ပုဂ္ဂိုလ်, သတ္တဝါ, သူ, ငါ, အတ္တ” တို့သည် အစစ်မှန်အားဖြင့် မရှိ။ အထင်ပညတ် တရားများသာဖြစ် သည်။ “စိတ်၊ စေတသိက်၊ရုပ်၊ နိဗ္ဗာန်”ဟူသော ပရမတ္ထတရား လေးပါးသည်သာ အစစ်မှန်အားဖြင့် ဉာဏ်တွင် သိရှိနိုင်သော တရားများဖြစ်သည်။ သို့သော်လည်း ထိုပရမတ္ထတရားတို့သည် အနုမြူ ဝါဒ (Atomism) တွင်ကဲ့သို့ သီးခြားစီ မိမိအစွမ်းအားဖြင့် ဖြစ်တည်ကြသော တရားများမဟုတ်။ သိကြား၊ ဗြဟ္မာ၊ တန်ခိုးရှင်များက ဖန်ဆင်းထားခြင်းမျိုးလည်း မဟုတ်။ “စိတ်၊ စေတသိက်၊ ရုပ်” ဟူသော သင်္ခါရတရားတို့သည် အကြောင်းတရားကိုမှီ၍ ဖြစ်ပျက်ကြရသည်။ ယုတ်စွအဆုံး အကြောင်းတရား ဆိုရာ၌ပင် တစ်ခုတည်းသော အကြောင်းကိုသာ မှီ၍ ဖြစ်ပျက်ကြခြင်း မဟုတ်။ တစ်ပါးမကသည့် အကြောင်းတရားများ ညီညွတ်မှသာ ဖြစ်တည်နိုင်ကြလေသည်။ နောက်ဆုံး ခုနှစ် ကျမ်းမြောက် ဖြစ်သော ပဋ္ဌာန်းကျမ်းတွင် ရှေ့ကျမ်းများက အစိတ်စိတ် အမွှာမွှာပြု၍ ခွဲခြား ဝေဖန်ပြထားသော “ခန္ဓာ, အာယတန, ဓာတ်” တရားတို့သည် တစ်ပါးနှင့် တစ်ပါးမည်သို့ ဆက် နွယ် ပတ်သက်၍ ထောက်ပံ့နေကြပုံ အသေးစိတ် စနစ်တကျ ဟောကြားထားပေသည်။ 
 
သုတ္တန်ဒေသနာတော်က ညွှန်ပြပေးသော (၁) ပိုင်းခြားဝေဖန်၍ သိသည့် နာမရူပပရိစ္ဆေဒ အသိ၊ (၂) ထိုတရား အစိတ်တို့ တစ်ပါးနှင့် တစ်ပါး ထောက်ပံ့ကျေးဇူးပြုနေပုံ အကြောင်းတရားကို သိမ်း ဆည်းသည့် ပစ္စယပရိဂ္ဂဟ အသိ တို့ကိုပင်၊ ဓမ္မသင်္ဂဏီအစ ပဋ္ဌာန်းအဆုံး အဘိဓမ္မာဒေသနာတော် က ညွှန်ပြပေးပေသည်။ ခြားနားချက်ကား အဘိဓမ္မာဒေသနာတော်သည် သတ္တဝါတို့၏ အလိုကို လိုက်၍ ဟောခြင်းမျိုး မဟုတ်ဘဲ၊ ဓမ္မသဘောသက်သက်ကို လိုက်ကာ၊ နည်းအမျိုးမျိုးဖြင့် အသေး စိတ် ဟောကြားထားခြင်းပင် ဖြစ်သည်။

ထို့ကြောင့်ပင် ကိုလံဘိုမြို့ရှိ ဝဇီရာရာမကျောင်းတိုက်မှ ဝဇီရဉာဏ မဟာထေရ်က “အဘိဓမ္မာသည် အားကောင်းသော မှန်ပြောင်းတစ်လက်နှင့် တူ၏။ သို့သော် သုတ္တန်ဒေသနာ တော် မှရသော အသိဉာဏ်သည် မြင်ခြင်းအမှုကို ပြီးစေသည့် မျက်စိပင် ဖြစ်လေသည်။ တစ်နည်း အားဖြင့် အဘိဓမ္မာသည် ဆေးပုလင်း တံဆိပ်ပေါ်မှ ဆေးဖော်စပ်ပုံအညွှန်းဖြစ်လျှင်၊ သုတ္တန် ဒေသနာ တော်မှရသော အသိပညာသည် ရောဂါနှင့် လက္ခဏာတို့ကို ပျောက်ကင်းစေနိုင်သော ဆေးနှင့် တူပေမည်။” ဟု မိန့်ကြားခဲ့ခြင်း ဖြစ်သည်။


အဘိဓမ္မာ နှင့် ဓမ္မာ

ပင်လယ်သမုဒ္ဒရာသည် အလွန်ကျယ်ပြောသော သဘောရှိသည်။ အလွန်နက်ရှိုင်းသော သဘော လည်း ရှိသည်။ ထိုပင်လယ်သမုဒ္ဒရာနှင့် နှိုင်းစာလျှင်၊ ဘဝအဆက်ဆက်ကျင်လည်ခဲ့ရသော သံသရာကား အစရှာ၍ မရနိုင်အောင် အလွန်ရှည်လျားလှသည်။ သံသရာဟူသည် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ အဆက်မပြတ် တရစပ် ဖြစ်ပျက်နေသော အစဉ်ဟု အဓိပ္ပယ် ဖွင့်သည်။ ထိုသို့ အပြောကျယ်သော သံသရာအား ကူးခတ်လွန်မြောက်နိုင်ရန် အတွက် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ကို ဘုရားရှင်က ဝိနည်း၊ သုတ္တန်၊ ဘိဓမ္မာဟူသော ပိဋက သုံးသွယ် နည်းပင်လယ်ကြီးဖြင့် ဟောကြားတော်မူခဲ့သည်။ 
 ဤသို့ဟောကြားတော်မူနိုင်ခြင်းသည်လည်း ဉေယျဓမ္မ ခေါ် သိနိုင်သောတရားမှန်သမျှအား အကြွင်းအကျန် မရှိ ထိုးထွင်း၍ သိတော်မူနိုင်သော သဗ္ဗညုတဉာဏ်တော်၏ ကျယ်ပြောနက်ရှိုင်း မှုကြောင့် ဖြစ်ပေသည်။ ပင်လယ်သမုဒ္ဒရာ, သံသရာ, ပိဋကသုံးပုံ ဒေသနာနည်း အသွယ်သွယ် နှင့် သဗ္ဗညုတဉာဏ်တော်တို့အား ကျယ်ပြော နက်ရှိုင်းသည့် သာဂရ (ပင်လယ်) လေးပါးဟု စာပေ တွင် သတ်မှတ်ထားသည်။

ပိဋကသုံးပုံ ဒေသနာတော်နည်း အသွယ်သွယ်ဟူသော နယသာဂရတွင် အဘိဓမ္မာဒေသနာတော် သည် အခြားသော ဒေသနာတော်တို့ထက် သာလွန်ထူခြားစွာ နက်နဲကျယ်ပြော၏။ ထိုသို့ သာလွန် ထူးခြား (ဓမ္မာတိရေက ဓမ္မာဝိသေသ) ၍ပင်၊ “အဘိဓမ္မာ” ဟူသော အမည်ဆောင်လေ သည်။

အဘိဓမ္မာဒေသနာတော်သည် “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျကတာဓမ္မာ” အစချီ၍ “ဓမ္မ” တို့ကို အသေးစိတ်နည်း အသွယ်သွယ်ဖြင့် ဟောကြားထားသည်။ ဓမ္မကို “တရား” ဟူသော မြန်မာ ဝေါဟာရဖြင့် ဖလှယ်၍သုံးသည်။ ဓမ္မသည် နေရာ အသုံးအနှုန်းအလိုက် အနက်အဓိပ္ပါယ် အမျိုးမျိုး ဆောင်သည်။ မြတ်စွာဘုရားဟောကြားအပ်သော တရားဒေသနာ (Teaching) ဟုဆိုလိုသည် လည်း ရှိသည်။ သုတ်, ဂါထာ, ဥဒါန်းစသဖြင့် သင်ယူအပ်သော စာပေပရိယတ္တိ (Scripture) ကို ဆိုလိုသည်လည်း ရှိသည်။ ဓမ္မ, အဓမ္မ (တရားခြင်း, မတရားခြင်း) စသည်တွင် ကောင်းသောဂုဏ် (moral quality, righteousness) ဟုအနက်ရသည်။ ဓမ္မစကြာတွင် “ဒိဋ္ဌဓမ္မော ပတ္တဓမ္မော” စသဖြင့် ဟောကြားရာ၌ မြင်အပ်, ဆိုက်ရောက်အပ်သည့် သစ္စာတရား (Truth) ဟူသည့် အဓိပ္ပါယ်ရသည်။ ဉာဏ်ဖြင့်သိအပ်သောတရား (ဉေယျဓမ္မ) ဟူသော အဓိပ္ပါယ်ဆောင်သည်လည်း ရှိ၏။ ပုဂ္ဂိုလ်, သတ္တဝါ မဟုတ်သော သဘောတရား သက်သက်ဟု အဓိပ္ပါယ်ရသည် လည်းရှိသည်။ အဘိဓမ္မာ ဒေသနာတွင်ကား ပုဂ္ဂိုလ်, သတ္တဝါမှ ဆိတ်သုန်းသော သုညတတရား၊ သဘာဝတရားတို့ကို ပဓာနထား၍ ဟောကြားထားသည်။

အဘိဓမ္မာ ကထာဝတ္ထုကျမ်းတွင် “ပုဂ္ဂိုလ်အား မှန်ကန်သောသဘော, မြတ်သောသဘောဖြင့် ရအပ်သလော?” (ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ) ဟု စီစစ်ဝေဖန်၍ ဟောကြား ထားသည်။ ထိုဒေသနာအား မှီး၍ ဉာဏ်ဖြင့် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိအပ်(ရအပ်)သော သဘောတရားတို့ကို “ပရမတ္ထတရား” ဟုခေါ်သည်။ အမှန်တကယ်မရှိ အထင်ဖြင့်သာ ကြံဆ၍ သိရသော “ငါ သူတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ” စသည်တို့အား “ပညတ္တိတရား”ဟု ခေါ်သည်။ ပရမတ်တရားတို့သည် (အမှန်ရှိသည့်အတိုင်း) ဉာဏ်ဖြင့်သိရသော တရားဖြစ်၍၊ ပညတ်တရား တို့သည် (အမှန်ရှိသည်မှ သွေဖီ၍) အထင်ဖြင့် သိရသောတရားဖြစ်သည်။ ပညတ်သည် အထင်ဖြင့် ပြီးသောတရား (ပရိကပ္ပသိဒ္ဓ) ဖြစ်၍၊ ပရမတ်သည် မိမိ၏ ပင်ကိုယ်သဘာဝအားဖြင့် ပြီးသော တရား (သဘာဝသိဒ္ဓ) ဖြစ်သည်။

အတ္တနော သဘာဝံ ဓာရေန္တီတိ ဓမ္မာ” မိမိ၏ သဘောကို မိမိဆောင်သောကြာင့် ဓမ္မာဟု ခေါ်ရ ကြောင်း ဓမ္မသင်္ဂဏီအဖွင့်ကျမ်းဖြစ်သော အဋ္ဌသာလိနီအဋ္ဌကထာတွင် အဓိပ္ပါယ်ဖွင့်ပြသည်။ သဘောတရားဟူသည် သဘာဝဓမ္မကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ သဘော နှင့် သဘာဝသည် အနက်အဓိပ္ပါယ်အတူတူပင်ဖြစ်သော်လည်း၊ မြန်မာစာတွင် သွင်ပြင်လက္ခဏာ အမူအရာ တို့ကို သဘောဟု သုံးနှုန်းလေ့ရှိပြီး၊ သဘာဝဟုဆိုလျှင် တောတောင်ရေမြေ မိုးလေဝသစသော လူတို့ ဖန်တီးထားခြင်းမဟုတ်ပဲ အလိုလိုဖြစ်ပေါ်နေသော အရာများ အဖြစ်နားလည်ကြသည်။

ပထမအဓိပ္ပါယ်အရ “ပူခြင်း, အေးခြင်း, သိခြင်း, ခံစားခြင်း” စသဖြင့် အသိစိတ်တွင် သိစေနိုင်မည့် အမူအရာ, အသွင်ပြင်, အမှတ်အသား လက္ခဏာများကိုဆိုသည်။ သဘာဝသည်ပင် လက္ခဏာဖြစ် သည်။ ထို့ကြောင့်ပင် “အတ္တနော လက္ခဏံ ဓာရယန္တီတိ ဓမ္မာ” မိမိ၏ လက္ခဏာကို ဆောင်သော 
ေကြာင့် ဓမ္မာ ဟုခေါ်ကြောင်း သမ္မောဟဝိနောဒနီခေါ် အဘိဓမ္မာဝိဘင်း အဖွင့် အဋ္ဌကထာကျမ်း က ထပ်မံ၍ ဖွင့်ပြပြန်သည်။

ဝေါဟာရတို့သည် ဓာတ် ခေါ် အနက်ဓိပ္ပါယ် ရင်းမြစ်(root) များမှ ဆင်းသက်လာသည်ဟု ယူဆ သည့် အားလျော်စွာ၊ အဋ္ဌကထာခေတ်စာပေတို့တွင် ဓာတ်တို့၏ အနက်ကိုဖော်၍ ဝေါဟာရ တို့၏ အဓိပ္ပါယ်ကို ဖွင့်ဆိုလေ့ ရှိခဲ့ကြသည်။ ဓမ္မာဟူသော ဝေါဟာရအား “√ဓာ = ဆောင်ခြင်း” ဟူသော ဓာတ်နက်သံ ပါအောင် မိမိလက္ခဏာကို ဆောင်၍ ဓမ္မ၊ မိမိ သဘာဝကို ဆောင်၍ ဓမ္မ စသဖြင့် ဖွင့် ဆိုကြလေသည်။ ဤတွင် သဘာ၀၏ နောက်ကွယ်တွင် ထိုသဘာဝကို ဆောင်ထားသော အရာ တစ်ခုခု ရှိနေသယောင်၊ ခက်မာမှုစသော လက္ခဏာတို့နောက်ကွယ်တွင် ထိုခက်မာမှု လက္ခဏာကို ဆောင်ထားသော အရာတစ်ခုခု ရှိနေသယောင် အထင်မှားဖွယ်ရှိသည်။ အနောက် တိုင်း ဒဿန တို့တွင်လည်း ခေတ်အဆက်ဆက် phenomenon ခေါ် သွင်ပြင်လက္ခဏာတို့၏ နောက်ကွယ်တွင် ပကတိ တည်ရှိနေသော အနှစ်သာရတရား (essence) ရှိသည်ဟု ယူဆခဲ့ကြ လေသည်။ အပေါ်ယံ သွင်ပြင်လက္ခဏာတို့သည် ဖြစ်ပေါ်ပြောင်းလွဲနေကြသော်လည်း တည်တန့် ခိုင်မြဲသော အနှစ်သာရ တရားတို့ အပေါ်မှီ၍ ဖြစ်ပေါ်ကြခြင်း ဖြစ်သည်ဟု ယူဆကြသည်။ အဘိဓမ္မာဒေသနာသည် အနတ္တ ဒေသနာ ဖြစ်သည်။ “အသာရဋ္ဌေန အနတ္တာ” ဟူသော စကား အတိုင်း အနှစ်သာရ မရှိခြင်းသည်ပင် အနတ္တသဘောဖြစ်ရာ၊ သဘာ၀နှင့် သဘာဝန္တ ခေါ် သဘာဝကို ဆောင်သော အခံဒြပ် (substance) ဟု နှစ်မျိုး မကွဲပြားပါ။ လက္ခဏ နှင့် လက္ခဏာ ကိုဆောင်သော တရားဟု နှစ်မျိုး မကွဲပါ။ ခက်မာခြင်းဟူသော လက္ခဏာသည်ပင် ပထဝီဟူသော ဓမ္မဖြစ်သည်။ သဘာဝသည်ပင် ဓမ္မဖြစ်သည်။ ထို့ကြောင့် “န စ ဓာရိယမာနသဘာဝါ အညော ဓမ္မော နာမ နတ္ထိ - ဆောင်ထားသော သဘာဝတို့မှတစ်ပါး ဓမ္မဟု အမည်ရခြင်း မရှိ” ဟု မဟာဋီကာ က ဖွင့်ပြသည်။

ဒုတိယ အဓိပ္ပါယ်အရ တောတောင်ရေမြေ မိုးလေဝသစသော လူတို့ ဖန်တီးထားခြင်း မဟုတ်ပဲ အလိုလို ဖြစ်ပေါ်နေသော အရာများအားလည်း သဘာဝဟု ခေါ်သည်။ လူနတ်ဗြဟ္မာတို့က ဖန်တီး ထားခြင်း မဟုတ်။ အတ္တက ဖန်တီးထားခြင်း မဟုတ်။ သဘာဝအလျောက် ဖြစ်ပျက် ပြောင်းလဲနေ ရသော တရားများဟု ဆိုလိုသည်။ 
သဘာ၀ ဟူသော ပါဠိဝေါဟာရအား (သ-မိမိကိုယ်တိုင်၏ + ဘာ၀-ဖြစ်ခြင်း) မိမိကိုယ်တိုင်၏ ဖြစ်ခြင်း၊ မိမိအလိုလို ဖြစ်ခြင်း ဟူသော အနက်အဓိပ္ပါယ် ရသည်။ အနောက်တိုင်းဒဿနတို့မှ thing-in-itself/ being-in-itself ဟူသော အဓိပ္ပါယ် ရသည်။ ဤတွင်လည်း သဘာဝသိပ္ပံပညာ နှင့် အချို့ ဒဿနတို့တွင်ကဲ့သို့ နာမ်တရား၏ အခန်းကဏ္ဍကို ပစ်ပယ်ကာ ရုပ်ဝါဒကို စောင်းပေးသော အစွန်းတရားများနှင့် ကြုံတွေ့နိုင်သည်။ သူ့အလိုအလျောက် ဖြစ်ပျက်နေသည် ဟူသော အဓိစ္စသမုပ္ပန္န အယူမျိုးသို့ ရောက်သွားနိုင်သည်။ အဘိဓမ္မာတွင် နာမ်တရားတို့သည်လည်း သဘာ၀ ဖြစ်သည်။ ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့ သက်သက် မိမိအစွမ်းဖြင့် ဖြစ်တည်ကြရ သည်ဟူ၍ မရှိ။ ဓမ္မတစ်ပါးသည် အခြားသောဓမ္မတို့ အပေါ်တွင် အကြောင်းတရားအဖြစ် တည်မှီ၍ ဖြစ်ရသည်။ ထို့ကြောင့်ပင် သဘာဝကို အဓိပ္ပါယ်ကောက် မလွဲစေရန် “ဓာရိယန္တိ ဝါ ပစ္စယေဟိ, ဓာရိယန္တိ ဝါ ယထာသဘာ၀တောတိ ဓမ္မော– အကြောင်းအားဖြင့် ဆောင်တတ်၏, ဤသို့ သဘာဝအားဖြင့် ဆောင်တတ်၍ ဓမ္မ”  ဟု အဋ္ဌသာလိနီတွင် ဆက်၍ ဖွင့်ဆိုထားသည်။

အချုပ်အားဖြင့်ကား ဓမ္မသည် သွင်ပြင်လက္ခဏာကို ဆောင်သောတရား ဖြစ်သည်။ သဘာဝကို ဆောင်သော တရား ဖြစ်သည်။ “√ဓာ-ဆောင်ခြင်း” ဟူသော စကားရင်းမြစ်၏ အနက်သံပါအောင် အဓိပ္ပါယ် ဖွင့်ရသော်လည်း သွင်ပြင်လက္ခဏာ, သဘာဝတရားတို့၏ နောက်ကွယ်၌ ထိုသဘာဝကို ဆောင်ထားသော အခံဒြပ် အနှစ်သာရတရားဟူ၍ မရှိ။ သဘာဝတရားဆိုရသော်လည်း မိမိကိုယ် တိုင် ရပ်တည်နိုင်စွမ်း မရှိ။ အကြောင်းတရားတို့က ဆောင်ထား၍သာ ဓမ္မ ဟုခေါ်ရခြင်း ဖြစ်သည်။ ဓမ္မ၏ အနက်အဓိပ္ပါယ်ကား ကျယ်ပြော နက်ရှိုင်းသည်။ အဘိဓမ္မာဒေသနာက ထိုဓမ္မတို့ကို ကျယ်ပြော နက်ရှိုင်းစွာ နည်းအသွယ်သွယ်ဖြင့် ပိုင်းခြားဝေဖန်၍ ပြသည်။ နယသာဂရခေါ် နည်း ပင်လယ်၏ ကျယ်ပြော နက်ရှိုင်းမှုဖြင့် ဗုဒ္ဓမြတ်စွာ၏ ဉာဏသာဂရခေါ် ဉာဏ်တော်၏ ကျယ်ပြော နက်ရှိုင်းမှုကို မှန်းဆ ကြည်ညိုနိုင်ပေသည်။

စာညွှန်း။
 
(၁) အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ ဓမ္မသင်္ဂဏီ မူလဋီကာ
(၂) မဟာဂန္ဓာရုံဆရာတော်၏ အဋ္ဌသာလိနီဘာသာဋီကာ
(၃) “The Dhamma Theory: Philosophy Conerstone of Abhidhamma” by Prof. Dr. Y. Karunadasa, The Wheel publication No. 412/413.


ကျမ်းကိုး။
 
(၁) ပါဠိတော်ကျမ်းများ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ နှင့် အဋ္ဌသာလိနီ
(၂) Abhidhamma Studies: Buddhist Explorations of Consciousness and Time by Venerable Nyanaponika Thera.
(၃) A Comprehensive Manual of Abhidhamma by Bhikkhu Bodhi.

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်