မူၾကိဳတန္း အဘိဓမၼာ (၁)

ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၁ (သမ္ပယုတ္တပစ္စည်း၊ ဝိပ္ပယုတ္တပစ္စည်း)

အဘိဓမ္မာ ဒေသနာတော်အရ ရုပ်နာမ်တရားတို့သည် မိမိပင်ကိုယ် သဘာဝအားဖြင့် ဖြစ်တည် နိုင်စွမ်း မရှိ။ အကြောင်းမဲ့ ဖြစ်ပေါ်လာသည်လည်း မဟုတ်။ တန်ခိုးရှင်တဦးဦးက ဖန်ဆင်းထား ခြင်းလည်း မဟုတ်။ ရှေးကံအကြောင်းတရား သက်သက်ကြောင့် ဖြစ်ရသည်လည်း မဟုတ်။ အကြောင်းတရားများစွာ ပေါင်းဆုံ၍ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

အကြောင်းတရားတို့အား ပစ္စည်း (ပစ္စယ) ဟုလည်းကောင်း၊ ထိုအကြောင်းတရားတို့ကို မှီ၍ ဖြစ်ပေါ်လာသော အကျိုးတရားများအား ပစ္စယုပ္ပန် (ပစ္စယုပ္ပန္န) ဟုလည်းကောင်း ခေါ်၏။ မဖြစ်သေးသော အကျိုးတရားတို့ ဖြစ်ပေါ်စေရန်၊ ဖြစ်ဆဲ အကျိုးတရားတို့ ဆက်လက် တည်တံ့ စေရန် အကြောင်းတရားတို့၏ အထောက်အပံ့ မကင်းသည်ကိုပင် -အကြောင်းတရားတို့က အကျိုးတရားတို့အား ကျေးဇူးပြုနေသည်ဟု ဆိုသည်။ အကြောင်းတရားတို့က အကျိုးတရား တို့အား ထောက်ပံ့ ကျေးဇူးပြုနေပုံ အခြင်းအရာ သတ္တိအား - ပစ္စယသတ္တိ ဟု ခေါ်သည်။

ပဋ္ဌာန်းဒေသနာတော်တွင် အကြောင်းတို့က အကျိုးတို့အား ကျေးဇူးပြုပုံ ပစ္စယသတ္တိ - ၂၄-မျိုးကို ဟောကြားထား၏။ ဤ ၂၄-မျိုး၏ အမည်အကျဉ်းမျှသည် ပစ္စယုဒ္ဒေသ (ပစ္စယ+ ဥဒ္ဒေသ - အကျဉ်း) မည်၏။ “မည်သည့် အကြောင်းတရားတို့က မည်သည့် အကျိုးတရားတို့အား မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုနေသည်” ဟူ၍ ပစ္စယသတ္တိ ၂၄-မျိုး၏ အဓိပ္ပါယ် အကျယ်သည် ပစ္စယနိဒ္ဒေသ (ပစ္စယ + နိဒ္ဒေသ - အကျယ်) မည်၏။ ပစ္စယနိဒ္ဒေသသည် အဓိပ္ပါယ်အကျယ်ဟု ဆိုသော်လည်း စင်စစ်အားဖြင့် ပဋ္ဌာန်းကျမ်း (၇) ကျမ်း၏ နိဒါန်း မာတိကာမျှသာ ဖြစ်ပါသည်။

 ပစ္စယုဒ္ဒေသ ( ၂၄-ပစ္စည်း အကျဉ်း)
 
၁။ ဟေတုပစ္စယော - မူလရင်းမြစ်အားဖြင့် ကောင်းစွာတည်တံ့စေ၍ ကျေးဇူးပြုခြင်း
၂။ အာရမ္မဏပစ္စယော - အာရုံအဖြစ် ကျေးဇူးပြုခြင်း
၃။ အဓိပတိပစ္စယော - အကြီးအမှူးအဖြစ် ကျေးဇူးပြုခြင်း
၄။ အနန္တရပစ္စယော- အခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်း
၅။ သမနန္တရပစ္စယော - ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်း
၆။ သဟဇာတပစ္စယော - အတူတပြိုင်နက်ဖြစ်၍ ကျေးဇူးပြုခြင်း
၇။ အညမညပစ္စယော - အချင်းချင်းအပြန်အလှန် အမှီပြု၍ ကျေးဇူးပြုခြင်း
၈။ နိဿယပစ္စယော - တည်ရာမှီရာအဖြစ် ကျေးဇူးပြုခြင်း
၉။ ဥပနိဿယပစ္စယော - အားကြီးသောမှီရာအဖြစ် ကျေးဇူးပြုခြင်း
၁၀။ ပုရေဇာတပစ္စယော - ရှေးကဖြစ်နှင့်၍ ကျေးဇူးပြုခြင်း
၁၁။ ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်၍ ကျေးဇူးပြုခြင်း
၁၂။ အာသေဝနပစ္စယော - အဖန်တလဲလဲဖြစ်ကာ အထုံရစေ၍ ကျေးဇူးပြုခြင်း
၁၃။ ကမ္မပစ္စယော - ကံတရား၏ ပြုလုပ်အားထုတ်ခြင်း သဘောဖြင့် ကျေးဇူးပြုခြင်း
၁၄။ ဝိပါကပစ္စယော - ကံအကျိုးတရားတို့အချင်းချင်း ဗျာပါရကင်း၍ ငြိမ်သက်စွာ ကျေးဇူးပြုခြင်း
၁၅။ အာဟာရပစ္စယော - ထောက်ပံ့၍ ကျေးဇူးပြုခြင်း
၁၆။ ဣန္ဒြိယပစ္စယော - အစိုးရသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၁၇။ ဈာနပစ္စယော - စူးစိုက် တည့်မတ်စေသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၁၈။ မဂ္ဂပစ္စယော - (အကောင်း အဆိုး) ထွက်မြောက်ရာ လမ်းအဖြစ် ကျေးဇူးပြုခြင်း
၁၉။ သမ္ပယုတ္တပစ္စယော - အတူယှဉ်တွဲရောယှက်၍ ကျေးဇူးပြုခြင်း
၂၀။ ဝိပ္ပယုတ္တပစ္စယော - အတူမယှဉ်တွဲ မရောယှက်သည်ဖြစ်၍ ကျေးဇူးပြုခြင်း
၂၁။ အတ္ထိပစ္စယော - ရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၂၂။ နတ္ထိပစ္စယော - မရှိသည် ဖြစ်၍ ကျေးဇူးပြုခြင်း
၂၃။ ဝိဂတပစ္စယော - ကင်းသည်ဖြစ်၍ ကျေးဇူးပြုခြင်း
၂၄။ အဝိဂတပစ္စယော - မကင်းသည်ဖြစ်၍ ကျေးဇူးပြုခြင်း

အချို့သဒ္ဓါတရား ထက်သန်သော ဗုဒ္ဓဘာသာဝင် သူတော်စဉ်တို့သည် ပစ္စယနိဒ္ဒေသပါဠိတော်အား ရွတ်ဖတ်ပူဇော်လေ့ ရှိကြ၏။ ထိုသို့ရွတ်ဖတ်ရာတွင် အဓိပ္ပါယ်ကိုပါ မိမိတို့ ဉာဏ်စွမ်းရှိသလောက် နားလည်ပါက ပို၍ ကောင်းသော်လည်း မူလတန်းကျောင်းသားက တက္ကသိုလ်တန်းစာအား နား လည်ရန် မဖြစ်နိုင်သကဲ့သို့၊ အဘိဓမ္မာအခြေခံမရှိသူတို့အတွက် ပစ္စယနိဒ္ဒေသ ပါဠိတော်ကို ပြည့် ပြည့်၀၀ နားလည်ရန်ဆိုသည်မှာ မဖြစ်နိုင်ပါ။ သို့သော် အိုင်းစတိုင်း၏ နှိုင်းရသီအိုရီအား တက္ကသိုလ်တန်း မတက်ရသေးသူတို့ မှန်းဆနားလည်နိုင်စေရန် ရေးသားကြသကဲ့သို့၊ အဘိဓမ္မာ အခြေခံကို မသင်ယူဖူးသေးသူတို့ အနေဖြင့် မိမိတို့ ဉာဏ်စွမ်းရှိသလောက် မှန်းဆနားလည် နိုင်ကြ စေရန် ဆရာတော်များက ပဋ္ဌာန်းဒေသနာတော်အား ကြိုးပမ်း ဟောကြားတော် မူခဲ့ကြပါသည်။ ထိုသို့သော ဆရာများ၏ နည်းကိုမှီး၍ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသပါဠိတော်၏ အဓိပ္ပါယ်နှင့် မိတ်ဆက် ပေးလိုပါသည်။ ထိုသို့ မိတ်ဆက်ပေးရာတွင် ပဋ္ဌာန်း ၂၄-ပစ္စည်း၏ အစီအစဉ်အတိုင်း မဟုတ်ပဲ၊ အဘိဓမ္မာ အခြေခံနည်းသူများ ပစ္စယနိဒ္ဒေသပါဠိတော်၏ အဓိပ္ပါယ်ကို နားလည် ကျက်မှတ်လွယ် မည့် အစီအစဉ်အတိုင်း ဖော်ပြသွားပါမည်။ 
 
ဝိပ္ပယုတ္တပစ္စည်း
 
ဝိပ္ပယုတ္တပစ္စယောတိ -
၁။ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။
၂။ အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။


ဝိပ္ပယုတ္တပစ္စည်းသည် သမ္ပယုတ္တပစ္စည်း၏ ဆန့်ကျင်ဖက် ဖြစ်သည်။

စိတ်စေတသိက် တရားများသည် အာရုံကို သိ မှတ် ခံစားသောအားဖြင့် အာရုံသို့ ကိုင်းညွှတ်တတ်၊ အာရုံပြုတတ်သော အာရမ္မဏိကတရား များဖြစ်သည်။ ရုပ်တရားများသည် စိတ်စေတသိက် တို့ ကဲ့သို့ အာရုံကို မသိတတ်၊ အာရုံမပြုတတ်၍ အနာရမ္မဏတရားမည်၏။ သဘောတရားခြင်း ဆီနှင့် ရေပမာ ကွာခြားသည်။

စိတ်စေတသိက် တရားတို့သည် အချင်းချင်း ခွဲရခက်လောက်အောင် ရောယှက်နေရခြင်းသည် သမ္ပယုတ်တရားတို့၏ အင်္ဂါလေးပါးနှင့် ညီညွှတ်၍ ဖြစ်သည်ဟု ဆိုခဲ့၏။ ရုပ်တရားတို့သည် အာရုံ ကို မသိတတ်သော အနာရမ္မဏတရားများ ဖြစ်သည်။ တဖန် စိတ်စေတသိက်တို့သည် ရုပ်တရား တို့ထက် သက်တမ်း တိုတောင်းလှ၍ အတူဖြစ်ခဲ့လျှင် အတူ မချုပ်နိုင်။ အတူ ချုပ်ခဲ့လျှင်လည်း အတူဖြစ်ခဲ့မည် မဟုတ်။ ရုပ်တရားနှင့် စိတ်စေတသိက်တရားတို့သည် သမ္ပယုတ်အင်္ဂါရပ် လေး ချက်များနှင့် မကိုက် ညီ၍၊ ဆီနှင့် ရေပမာ တသီးတခြားစီဖြစ်၍ နေလေသည်။ ဤသည်ကိုပင် ဝိပ္ပယုတ္တပစ္စည်းဖြင့် ကျေးဇူးပြုသည် ဟုဆိုရ၏။

၁။ ရူပိနော ဓမ္မာ - ရုပ်တရားတို့သည်၊
အရူပီနံ ဓမ္မာနံ - ရုပ်မဟုတ်သော (စိတ် စေတသိက်) တရားတို့အား၊
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော - အတူ မယှဉ်တွဲ မရောယှက်ဘဲ (ဝိပ္ပယုတ္တပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
၂။ အရူပိနော ဓမ္မာ - ရုပ်မဟုတ်သော (စိတ် စေတသိက်) တရားတို့သည်၊
ရူပီနံ ဓမ္မာနံ - ရုပ်တရားတို့အား၊
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော - အတူ မယှဉ်တွဲ မရောယှက်ဘဲ (ဝိပ္ပယုတ္တပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။

အဘိဓမ္မာကျမ်းများတွင် ဝိပ္ပယုတ္တပစ္စည်းအား
(၁) နာမ်တရားနှင့် ရုပ်တရားတို့ အချင်းချင်း မှီ၍ တပြိုင်နက် ဖြစ်သော်လည်း မယှဉ်တွဲ မရော ယှက်သော သဟဇာတဝိပယုတ္တပစ္စည်း
 
(၂) အရင်စော၍ ဖြစ်နှင့်သော ဖြစ်ဆဲ ရုပ်တရားတို့က  နောက်မှဖြစ်သည့် နာမ်တရားတို့နှင့် အတူ မယှဉ်တွဲ မရောယှက်ဘဲ ကျေးဇူးပြုသော ပုရေဇာတဝိပ္ပယုတ္တပစ္စည်း
 
(၃) နောက်မှဖြစ်သည့် နာမ်တရားတို့က အရင်စော၍ ဖြစ်နှင့်သော ဖြစ်ဆဲ ရုပ်တရားတို့ကို အတူ မယှဉ်တွဲ မရောယှက်ဘဲ ကျေးဇူးပြုနေသော ပစ္ဆာဇာတ ဝိပ္ပယုတ္တပစ္စည်း
 
ဟူ၍ သုံးမျိုး ခွဲပြထား ၏။ သက်ဆိုင်ရာ သဟဇာတ၊ ပုရေဇာတ၊ ပစ္ဆာဇာတ အပိုင်းတို့ ရောက် လျှင် အဓိပ္ပါယ်ပိုမို ပေါ်လွင် ပါလိမ့်မည်။

သမ္ပယုတ္တပစ္စည်း

သမ္ပယုတ္တပစ္စယောတိ -
စတ္တာရောခန္ဓာ အရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။

ပဋ္ဌာန်း ၂၄-ပစ္စည်း ပစ္စယနိဒေသတွင် သမ္ပယုတ္တပစ္စည်းသည် ကျက်မှတ်ရ လွယ်ကူရုံသာမက အဘိဓမ္မာ၏အခြေခံ သဘောတရားများလည်း ပါဝင်နေ၍၊ အဘိဓမ္မာအခြေခံ မရှိသေးသူများ အတွက် သမ္ပယုတ္တ ပစ္စည်းမှ စ၍ လေ့လာနိုင်ပါသည်။

အဘိဓမ္မာ အခြေခံသဘောတရားဆိုသည်မှာ မြင်ခြင်း, ကြားခြင်းစသော အာရုံသိမှု အတွေ့အကြုံ များအား ခွဲခြမ်းစိတ်ဖြာ၍ နားလည်ခြင်းပင် ဖြစ်သည်။ အာရုံသိမှုအတွေ့အကြုံဖြစ်ပေါ်ရာတွင် ပါဝင် ပတ်သက်နေသော တရား အလုံးစုံအား ခြုံငုံမိစေရန် ခန္ဓာ ၅-ပါး ဟူ၍ လည်းကောင်း၊ အာယတန ၁၂-ပါးဟူ၍ လည်းကောင်း၊ ဓာတ် ၁၈-ပါး ဟူ၍ လည်းကောင်း၊ သစ္စာလေးပါး ဟူ၍ လည်းကောင်း အဘိဓမ္မာဒေသနာတွင် သိမ်းကျုံး၍ ပြလေ့ရှိသည်။


ခန္ဓာသည် အစုအပေါင်း (ရာသိ) ဟူသော အဓိပ္ပါယ်ရသည်။ အတိတ်-အနာဂတ်-ပစ္စုပ္ပန်၊ အတွင်း-အပြင်စသည့် အလုံးစုံသော ရုပ်အပေါင်းအစုအား ရူပက္ခန္ဓာဟု ခေါ်သည်။ ဥပမာ မြင်ခြင်း အတွေ့ အကြုံ ဖြစ်သောအခါတွင် အပြင် ဗဟိဒ္ဓဖြစ်သော အဆင်းအာရုံနှင့် အတွင်း အဇ္ဈတ္တဖြစ်သော မျက်စိ အကြည်ရုပ်တရား အပေါင်းအစုသည် ရူပက္ခန္ဓာတွင် အကျုံးဝင်လေသည်။ အဆင်းအာရုံ သည် မျက်စိအကြည်ဓာတ်ပေါ်သို့ ထင်လာသောအခါတွင် ထိုအာရုံအား နှလုံးသွင်းမှုရှိပါက ထို အဆင်းအာရုံအား သိမှု ဝိညာဏ် (ဝိညာဏ) ဖြစ်ပေါ်သည်။ အလုံးစုံသော သိမှု အပေါင်းအစုအား ဝိညာဏက္ခန္ဓာ ဟုခေါ်သည်။ အာရုံသိမှု ဝိညာဏ်အား စိတ် ဟုလည်း ခေါ်သည်။

အာရုံသိစိတ် ဖြစ်သည်ဆိုရာတွင် စိတ်တခုတည်း ဖြစ်သည်မဟုတ်။ အာရုံအပေါ်တွင် စိတ်ကြည် နူးခြင်း၊ စိတ်မသာမယာဖြစ်ခြင်းစသော ခံစားမှု ဝေဒနာလည်း ဖြစ်သည်။ အာရုံအား အဖြူ အနီ စသဖြင့် မှတ်သားခြင်း သညာလည်း ဖြစ်သည်။ စေ့ဆော်မှု စေတနာ ဦးဆောင်သော လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ မေတ္တာ၊ ပညာ စသည့် ပြုပြင်စီရင်မှု သင်္ခါရာတရားတို့လည်း ထိုက် သလို ဖြစ်ကြသည်။ ထိုသို့ အာရုံသိစိတ်နှင့် အတူယှဉ်တွဲ၍ ဖြစ်ပေါ်နေသော ဝေဒနာ၊ သညာ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ မေတ္တာ၊ ပညာ စသောတရားများအား စေတသိက်တရားများ ဟု ခေါ်သည်။ ဤသို့အားဖြင့် အာရုံသိမှု အတွေ့အကြုံဖြစ်ပေါ်ရာတွင် ပါဝင်ပတ်သက်နေသော တရားအလုံးစုံအား ရုပ်တရား အစုဖြစ်သော ရူပက္ခန္ဓာနှင့် စိတ် စေတသိက်တရား အစုဖြစ်သော “ရုပ် မဟုတ်သည့် ခန္ဓာလေးပါး” (တနည်း နာမ် ခန္ဓာလေးပါး) ဟူ၍ ခွဲခြား နားလည်နိုင်သည်။

စိတ်သည် ပင်ကိုယ် သဘာဝအားဖြင့် အကောင်း အဆိုးမရှိဘဲ ကြည်လင်သောသဘောရှိ၍ စိတ်နှင့် အတူဖြစ်သော စေတသိက်များကြောင့်သာ အကောင်းအဆိုး အရောင်အသွေး ကွဲပြားသွားရ၏။ စိတ်သည် ဒေါသနှင့်တွဲ၍ ဖြစ်သောအခါ ဒေါသစိတ် အကုသိုလ်တရား ဖြစ်သွားသည်။ စိတ်သည် မေတ္တာနှင့် တွဲ၍ဖြစ်သောအခါ မေတ္တာစိတ်ဖြစ်သွား၍ ကုသိုလ်တရား ဖြစ်သွားသည်။ ဤတွင် ဤကား စိတ်၊ ဤကား ဒေါသ၊ ဤကား မေတ္တာစသဖြင့် ခွဲခြားရန် မလွယ်။ ဆားနှင့် ရေရောလိုက် သောအခါ တသားတည်းဖြစ်သွား၍ ဆားရည်တွင် ဤကား ဆား၊ ဤကား ရေ ခွဲရခက်သကဲ့သို့ပင် ဖြစ်၏။

ထိုသို့ ခွဲခြားရန် ခက်ခဲရသည့် အကြောင်းမှာ စိတ်နှင့် စေတသိက်တရားတို့သည် အောက်ပါ အချက် လေးချက်ဖြင့် ပြည့်စုံနေ၍ ဖြစ်သည်။

(၁) အတူဖြစ်ခြင်း (ဧကုပ္ပါဒတာ)
(၂) အတူပျက်ခြင်း (ဧကနိရောဓတာ)
(၃) တူသော အာရုံရှိခြင်း (ဧကရမ္မဏတာ)
(၄) တူသော မှီရာဝတ္ထုရှိခြင်း (ဧကဝတ္ထုကတာ)

ထိုအချက်လေးချက်နှင့် ပြည့်စုံသဖြင့် စိတ်၊ စေတသိက်တရားတို့ အချင်အချင်း တသားတည်း အတူရောယှက် ယှဉ်တွဲနေခြင်းအား “သမ္ပယုတ္တ” ဟုခေါ်သည်။ ဆားရည် ဥပမာတွင် ဆားနှင့် ရေ တသားတည်းရောသည် မှန်သော်လည်း ဆားသည် ရေမရှိဘဲ တည်နိုင်သလို၊ ရေသည် ဆား မရှိဘဲ တည်နိုင်သေး၏။ စိတ်ကမူ စေတသိက်မရှိဘဲ မဖြစ်နိုင်၊ စေတသိက်သည်လည်း စိတ်မရှိဘဲ မဖြစ်နိုင်။ အချင်းအချင်း အပြန်အလှန်အမှီပြု၍ နေ၏။ ဤသို့ အတူယှဉ်ဖက်ဖြစ်သော စိတ်၊ စေတသိက် တရားတို့ အချင်းအချင်း အပြန်အလှန် အမှီသဟဲပြု၍ ဖြစ်ပေါ်နေခြင်းအား “သမ္ပယုတ္တပစ္စည်း” ဖြင့် ကျေးဇူးပြုသည် ဟု ဆိုရသည်။

စတ္တာရောခန္ဓာ အရူပိနော - ရုပ်မဟုတ်သော ခန္ဓာလေးပါးတို့သည်
အညမညံ - အချင်းအချင်း အပြန်အလှန်
သမ္ပယုတ္တပစ္စယေန ပစ္စယော - အတူယှဉ်တွဲရောယှက်၍ (သမ္ပယုတ္တပစ္စည်းဖြင့်) ကျေးဇူးပြုကြ သည်။

ပစ္စယနိဒ္ဒေသပါဠိတော်တွင် “သမ္ပယုတ္တကာနံ ဓမ္မာနံ” ဟု မကြာခဏ တွေ့ရတတ်သော ပုဒ် သည် အတူယှဉ်ဖက် ဖြစ်သော စိတ်၊ စေတသိက် တရားတို့ကို ဆိုလိုပါသည်။ 

သဟဇာတပစ္စည်း
သဟဇာတပစ္စယောတိ -
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၃။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
၄။ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
၅။ မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။
၆။ ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န သဟဇာတ ပစ္စယေန ပစ္စယော။

အတူတကွ တပြိုင်နက်ဖြစ်ပေါ်ခြင်းသည် (သဟ = အတူ + ဇာတ = ဖြစ်ခြင်း) သဟဇာတ ပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။ အချင်းချင်း အပြန်အလှန်မှီ၍ ဖြစ်ရသော တရားများသည် တပါးထက် တပါးက စောဖြစ်၍ မရသကဲ့သို့၊ နောက်ကျပြီးမှ ဖြစ်၍လည်း မရ။ ထို့ကြောင့် အညမညပစ္စည်းဖြင့် ကျေးဇူးပြုနေသော တရားသုံးမျိုး (နာမ်ခန္ဓာလေးပါး, မဟာဘုတ်လေးပါး, ပဋိသန္ဓေအခိုက် နာမ်ရုပ်) တို့သည် သဟဇာတပစ္စည်းဖြင့်လည်း ကျေးဇူးပြု နေပါသည်။

၁။ စတ္တာရောခန္ဓာ အရူပိနော- ရုပ်မဟုတ်သော (စိတ် စေတသိက်)ခန္ဓာလေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက် အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူး ပြုကြသည်။
၂။ စတ္တာရော မဟာဘူတာ- မဟာဘုတ် လေးပါးတို့သည်၊
အညမညံ- အချင်းချင်း၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက် အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။
၃။ ဩက္ကန္တိက္ခဏေ နာမရူပံ - ပဋိသန္ဓေအခိုက်တွင် နာမ်နှင့် ရုပ်တို့သည်၊
အညမညံ- အချင်းချင်း၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက် အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။

ရုပ်တရားတို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့ကြောင့် ဖြစ်ကြသည်။  စိတ်ကြောင့် ဖြစ်သော ရုပ်အား စိတ္တသမုဋ္ဌာန ရုပ် (တနည်း စိတ္တဇရုပ်) ဟု ခေါ်သည်။ စိတ္တဇရုပ် များသည် စိတ်နှင့် အတူတပြိုင်နက် ဖြစ်ကြပါသည်။ ဤသည်ပင်လျှင် စိတ် စေတသိက်တရား တို့သည် စိတ္တဇရုပ်များအား တပြိုင်နက် အတူဖြစ်စေ၍ သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။

၄။ စိတ္တစေတသိကာ ဓမ္မာ - စိတ် စေတသိက်တရားတို့သည်၊
စိတ္တသမုဋ္ဌာနာနံ ရူပါနံ - စိတ်ကြောင့်ဖြစ်သော ရုပ်တရားတို့အား၊
သဟဇာတပစ္စယေန ပစ္စယော- တပြိုင်နက်အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။

မဟာဘုတ်လေးပါးတို့သည် သီးခြားစီ တည်ရှိနိုင်စွမ်း မရှိဘဲ ရုပ်ကလာပ်များဖွဲ၍ တည်ရှိသည်ဟု ဖော်ပြခဲ့သည်။ ရုပ်ကလာပ်တို့တွင် မဟာဘုတ်လေးပါး သာမက အခြားသော ရုပ်တရားများလည်း ပါဝင် နေ၏။ မဟာဘုတ်လေးပါးသည် ရုပ်ကလာပ်၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး၊ အခြားသော ရုပ် များသည် ထိုမဟာဘုတ်လေးပါးတို့ အပေါ်တွင် တည်မှီ၍ ဖြစ်ရသော ဥပါဒါရုပ်များ (အမွှန်းတင် ရုပ် တနည်း အမှီရုပ်) ဖြစ်ကြသည်။ ထိုသို့ ကလာပ်စည်း ဖွဲ့၍ ဖြစ်တည်ကြသော ရုပ်တရားများ သည် တပြိုင်နက် အတူဖြစ်ပေါ်၍ တပြိုင်နက် အတူချုပ်ကြပါသည်။ မဟာဘုတ်လေးပါးတို့သည် ကလာပ်စည်းတခုတည်းမှ ဥပါဒါရုပ်တို့အား သဟဇာတပစ္စည်းဖြင့် ကျေးဇူးပြုသည် ဆိုရလေ သည်။

၅။ မဟာဘူတာ - မဟာဘုတ်တို့သည်၊
ဥပါဒါရူပါနံ - ဥပါဒါရုပ်တို့အား၊
သဟဇာတပစ္စယေန ပစ္စယော - တပြိုင်နက်အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။

ဘ၀၏ အစ ပဋိသန္ဓေအခိုက်တွင် ဖြစ်သော နာမ်တရားတို့သည် ယင်းတို့၏ မှီရာဝတ္ထုရုပ်နှင့် အတူ တပြိုင်နက် ဖြစ်ကြသော်လည်း၊ ဘ၀ဖြစ်ဆဲ ပဝတ္တိကာလတွင်မူ နာမ်တရားတို့သည် မိမိ တို့ ထက် အရင် စော၍ ဖြစ်နှင့်သော ဝတ္ထုရုပ်တို့ကို မှီ၍ ဖြစ်ကြ၏။ သဟဇာတပစ္စယနိဒ္ဒေသ ဝါကျ အမှတ် (၆) က ထို အချက်အား ပေါ်လွင်စေပါသည်။

၆။ ရူပိနော ဓမ္မာ - ရုပ်တရားတို့သည်၊
အရူပီနံ ဓမ္မာနံ - ရုပ်မဟုတ်သော နာမ်တရားတို့အား၊
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဋိသန္ဓေကာလကို ဆိုလို)
သဟဇာတ ပစ္စယေန ပစ္စယော - တပြိုင်နက်အတူဖြစ်၍ (သဟဇာတပစ္စည်းဖြင့်) ကျေးဇူး ပြုကြသည်။
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဝတ္ထိကာလကို ဆိုလို)
န သဟဇာတ ပစ္စယေန ပစ္စယော - သဟဇာတပစ္စည်းဖြင့် ကျေးဇူး မပြုကြ (တပြိုင်နက်အတူ မဖြစ်ကြ)။

အကျဉ်းချုပ်အားဖြင့် သဟဇာတပစ္စည်းသည်
(၁) နာမ်ခန္ဓာလေးပါး အချင်းချင်း …
(၂) မဟာဘုတ်လေးပါး အချင်းချင်း …
(၃) ပဋိသန္ဓေအခိုက် နာမ်ရုပ်နှစ်ပါး အချင်းချင်း …
(၄) စိတ်စေတသိက်သည် စိတ္တဇရုပ်တို့အား …
(၅) မဟာဘုတ်လေးပါးသည် ဥပါဒါရုပ်တို့အား အတူတပြိုင်နက်ဖြစ်ပြီး ကျေးဇူးပြုနေကြသည်။

ဤသဟဇာတပစ္စည်း ၅-မျိုးအနက် ပထမ ၃-မျိုးသည် သဟဇာတဖြစ်သကဲ့သို့၊ အပြန်အလှန် အညမညပစ္စည်းဖြင့်လည်း ကျေးဇူးပြုနေကြသည်။ အမှတ် ၄ နှင့် ၅ သည် သဟဇာတ ဖြစ်သော် လည်း အညမညမဖြစ်ကြ။ သဟဇာတပစ္စည်း ၅-ပါးလုံးတို့သည် အတူတပြိုင်နက်ဖြစ်ရုံသာမက အကြောင်းတရားတို့သည် အကျိုးတရားတို့၏ တည်မှီရာလည်းဖြစ်နေ၍ သဟဇာတနိဿပစ္စည်း ဟုလည်း ခေါ်သည်။ သဟဇာတပစ္စည်းတိုင်းသည် နိဿယပစ္စည်းလည်း ဖြစ်ကြ၏။ သို့သော် နိဿယပစ္စည်းတိုင်းသည်ကား သဟဇာတပစ္စည်း မဟုတ်ချေ။


ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ မိတ်ဆက် - ၂ (အညမညပစ္စည်း၊ သဟဇာတပစ္စည်း)

အညမညပစ္စည်း
 
အညမညပစ္စယောတိ -
၁။ စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။
၂။ စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။
၃။ ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။

သုံးချောင်းထောက်တွင် ထောက်တစ်ချောင်းသည် အခြားထောက်များအား မှီ၍ ရပ်တည်သကဲ့သို့ တရား တစ်ပါးနှင့် တစ်ပါး အချင်းချင်း အပြန်အလှန် အမှီသဟဲပြု၍ ဖြစ်တည်ကြခြင်းအား အညမညပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။

သမ္ပယုတ္တပစ္စည်းသည် စိတ် စေတသိက်ဟူသော ရုပ်မဟုတ်သည့် ခန္ဓာလေးပါးတို့ အချင်းချင်း အတူယှဉ်တွဲဖြစ်ပေါ်၍ ကျေးဇူးပြုနေသော သမ္ပယုတ္တပစ္စည်းသည် အညမညပစ္စည်းဖြင့်လည်း ကျေးဇူးပြုနေကြသည်ဟု ဆိုနိုင်ပါသည်။
၁။ စတ္တာရောခန္ဓာ အရူပိနော - ရုပ်မဟုတ်သော (စိတ် စေတသိက်) ခန္ဓာလေးပါးတို့သည်၊
အညမညပစ္စယေနပစ္စယော - အချင်းချင်း အပြန်အလှန် အမှီပြု၍ (အညမညပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။

ရုပ်မဟုတ်သည့် စိတ် စေတသိက် တရားတို့သည် တသီးတခြားစီ ဖြစ်ပေါ်နိုင်စွမ်းမရှိ အတူယှဉ် တွဲ၍ ဖြစ်ပေါ်နေကြသကဲ့သို့၊ ရုပ်တရားတို့သည်လည်း ကလာပ်စည်း (ကလာပ) ခေါ် အစုလေး များ ဖွဲ့၍ တည်ကြသည်။ ရုပ်ကလာပ်တို့တွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဟူသော ရုပ်၏ အခြေခံတရားလေးပါး (မဟာဘူတ) တို့ပါဝင် ဖွဲစည်းထားသည်။ ရုပ်ကလာပ်တစ်ခုတွင် မဟာဘုတ် လေးပါးသာမက ယင်းမဟာဘုတ်လေးပါးအား မှီ၍ ဖြစ်တည်ရသော အခြားသော အမှီရုပ် (ဥပါဒါရုပ်) များလည်း ပါဝင်ဖွဲ့စည်း ထားပါသည်။

၁။ ပထဝီ - မြေဓာတ် (မာမှု ပျော့မှု ကြမ်းတမ်းမှု နူးညံ့မှု လေးမှု ပေါ့မှု)
၂။ အာပေါ - ရေဓာတ် (ဖွဲ့စည်းမှု ယိုစည်းမှု)
၃။ တေဇော - မီးဓာတ် (ပူမှု အေးမှု ရင့်ကျက်မှု)
၄။ ဝါယော - လေဓာတ် (ထောက်ကန်မှု တွန်းကန်လှုပ်ရှားမှု) တို့ဖြစ်ကြသည်။

ထိုမဟာဘုတ်လေးပါးတို့သည် တသီးတခြားကွဲ၍ မတည်နိုင်ဘဲ ရုပ်ကလာပ်စည်း တစ်ခုထဲတွင် တစ်ခုကို တစ်ခု အမှီသဟဲ ပြု၍ ဖြစ်တည်ကြသည်ကို အညမညပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည် ခေါ်သည်။

၂။ စတ္တာရော မဟာဘူတာ - မဟာဘုတ်လေးပါးတို့သည်၊
အညမညပစ္စယေန ပစ္စယော - အချင်းချင်း အပြန်အလှန် အမှီပြု၍ (အညမညပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။

ဘဝသစ်သို့ သက်ဝင်သောအခိုက် (ဩက္ကန္တိက္ခဏ = ဩက္ကန္တိ + ခဏ) တနည်းအားဖြင့် ဘဝတစ်ခု၏ အစ ပထမဦးဆုံး ဖြစ်သော စိတ်အား ပဋိသန္ဓေ ဝိညာဏ်ဟု ခေါ်သည်။ ထို ပဋိသန္ဓေစိတ်နှင့် အတူယှဉ်တွဲ၍ ဝေဒနာ၊ သညာ၊ သင်္ခါရာဟူသော နာမ်ခန္ဓာ ၃-ပါးလည်း ဖြစ်ပေါ်ကြသည်။ ထိုပဋိသန္ဓေ စိတ်၏ မှီရာဖြစ်သော ရုပ်တရားသည်လည်း ပဋိသန္ဓေစိတ်နှင့် အတူတပြိုင်နက် ဖြစ်ပေါ်သည်။ ထိုရုပ်သည် စိတ်နှလုံးသား၏ မှီရာ ဝတ္ထုရုပ် ဖြစ်သဖြင့် “ဟဒယဝတ္ထု” ဟုလည်း ဆိုလေ့ရှိသည်။ ထို့သို့ ဖြစ်ပေါ်ကြသော ပဋိသန္ဓေအခိုက်တွင် စိတ် စေတသိက်ဟူသော နာမ် တရားနှင့် ဟဒယဝတ္ထုဟူသော ရုပ်တရားတို့သည် အချင်းချင်း အပြန်အလှန်မှီခို၍ ဖြစ်ကြရသည်။ (မှတ်ချက်။ ဘ၀၏ အစ ပဋိသန္ဓေအခိုက်တွင် နာမ်တရားတို့သည် မိမိတို့နှင့် တပြိုင်နက်ဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်ကြသော်လည်း၊ ဘ၀ဖြစ်ဆဲ ပဝတ္တိကာလ၌မူ မိမိတို့ထက် စော၍ ဖြစ်နှင့်သော ဝတ္ထုရုပ်တို့ကို မှီ၍ ဖြစ်ကြ၏။)

၃။ ဩက္ကန္တိက္ခဏေ နာမရူပံ - ပဋိသန္ဓေအခိုက်တွင် နာမ်နှင့် ရုပ်တို့သည်၊
အညမညပစ္စယေန ပစ္စယော - အချင်းချင်း အပြန်အလှန် အမှီပြု၍ (အညမညပစ္စည်းဖြင့်) ကျေးဇူးပြုကြသည်။

ဤနေရာတွင် နာမ်တရားမရှိဘဲ ရုပ်တရားသက်သက်သာ ဖြစ်သော အသညသတ်ဘ၀နှင့် ရုပ် တရား မရှိဘဲ နာမ်တရား သက်သက်သာ ဖြစ်သော အရူပဘဝများတွင် နာမ်နှင့် ရုပ်တို့ အပြန် အလှန် မှီခိုခြင်းမျိုး မရှိကြ။ ခန္ဓာ ၅-ပါးလုံးဖြစ်သော ပဉ္စဝေါကာရဘ၀ အစ၌သာလျှင် နာမ်နှင့် ရုပ်တို့ အပြန်အလှန် မှီခိုခြင်းဖြစ်သည်။ ထို့ကြောင့် သေချာစေရန် အချို့နိဿယများတွင် “ပဉ္စဝေါကာရဘ၀ ပဋိသန္ဓေခဏတွင်” ဟု အနက်ပေး တတ်ပါသည်။

အကျဉ်းချုပ်အားဖြင့် အညမညပစ္စည်းဖြင့် ကျေးဇူးပြုရာတွင်
 
(၁) နာမ်ခန္ဓာလေးပါး အချင်းချင်း
(၂) မဟာဘုတ်လေးပါး အချင်းချင်း
(၃) (ပဉ္စဝေါကာရ) ပဋိသန္ဓေအခိုက် နာမ်ရုပ်နှစ်ပါး အချင်းချင်း အပြန်အလှန် အမှီပြု နေကြသည် ဟု မှတ်သားနိုင်ပါသည်။

ဆက်ပါဦးမည်.....


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်