သာသနာနှင့်ရာဇာအပိုင်း(၄၇)



************************

ကျဏ္ဏာကလဆန်နှင့် မိုင်ဝက်လောက်အကွာ၌ ကျဏ္ဏီဆရီ (သို့မဟုတ် ကျဏ္ဏီဝေစ) ဘုရားကျောင်းရှိသည်။ ယင်း ကျောင်း သည် ဆယ်ကိုးကိုက် အလျား၊ ဆယ့်တစ်ကိုက် အနံရှိသော လေးထောင့်အဆောက်အအုံ ဖြစ်သည်။ ယခင် အခါက မိဂဒါဝုန်၏ ရှေးဟောင်း အဆောက်အအုံ အကျန် အကြွင်းများကို အနီးအနား ပတ်ဝန်းကျင်မှ လူများအိမ် ဆောက်ရန် သယ်ယူကြသကဲ့သို့ ယင်းဘုရားကျောင်း အပျက် အစီး အကျန်အကြွင်းများမှ အုတ်များကို ရာစုများ စွာအထိ အိမ်ဆောက်ရန် သယ်ယူကြသည်။

ယင်းဘုရားကျောင်းသည် အထပ်နှစ်ထပ်ရှိသောအဆောက် အအုံဖြစ်သည်။ လေးဖက်လေးတန်၌ လှပသော ရုပ်လုံးရုပ် တုများဖြင့် တန်ဆာဆင်ထားသည်။ အထပ်နှစ်ထပ်လုံး၌
ပလ္လင်သုံးခုစီ ရှိသည်။ ယင်းပလ္လင်များတွင် ဗုဒ္ဓရုပ်ပွားတော် များ စံပယ်နေတော်မူကြသည်။ ယခုအချိန်အထိ ကြွင်းကျန် လျက်ရှိသော ရုပ်ပွားတော်များမှာ အလွန်တရာ သပ္ပာယ် တော် မူကြသည်။

ထိုမှတစ်ပါး ကျဏ္ဏီလမ္ဗနှင့် ကျဏ္ဏီဆေဗု ဘုရားကျောင်းများ လည်း သိလိန္ဒြ ဗိသုကာပညာနှင့် ပန်းတမော့ပညာတို့၏ နမူနာများ ဖြစ်ကြသည်။ ယင်းနေရာ၌ ၇၈၃ ခုနှစ်ထိုး ကျောက်စာကို တွေ့ရှိရသည်။ ယင်းကျောက်စာအရ ယင်း ကျောင်းတော်များသည် သိလိန္ဒြခေတ် အစပိုင်းလောက်က တည်ဆောက်သော အဆောက်အအုံများဖြစ်သည်ဟု သိရှိ ရသည်။

ကျဏ္ဏီဆေဗုသည် ဗိုရိုဗုဒုမှ လွဲလျင် အကြီးမားဆုံး ဗုဒ္ဓဘာ သာ အဆောက်အအုံဖြစ်သည်။ အလျား ၂၀၀ ကိုက်၊ အနံ ၁၈၀ ကိုက်ရှိသော ကျောင်းမကြီး၏ လေးဖက်လေးတန်၌ ဘုရားကျောင်း ၁၆၈ ဆောင် တန်းစီနေကြသည်။ ကျောင်း မကြီး၏ အလယ်၌လည်း အခြားကျောင်းဆောင် ၇၂ ဆောင် တို့ဖြင့် ဝန်းရံထားသည်။ ကျောင်းမကြီး လေးဖက်လေး တန် ၌ သီးခြားကျောင်းဆောင် ၂၄၀ ဆောင် ဆောက်လုပ်ထား သည်ဟု ဆိုလိုသည်။ ထိုနေရာ၌ ယခုထက်တိုင် ကျောင်း ပေါင်း ၄၀၀ တို့၏ အမှတ်အသား ကျန်ရှိနေတုန်းပင် ရှိသေး သည်။

ကျဏ္ဏီမေဒုသည် သိလိန္ဒြခေတ်က လှပခံ့ညားသော အခြား ဗုဒ္ဓဘာသာ ကျောင်းတစ်ကျောင်း ဖြစ်သည်။ ယင်းကျောင်း တော် ၌ အလွန်တရာ သပ္ပာယ်သော ဗုဒ္ဓရုပ်ပွားတော်နှင့် ဗောဓိသတ္တ ရုပ်ပွားတော်များရှိသည်။ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေထောက်တော်နှစ်ဖက်ကို ပလ္လင်အောက်တွင် တွဲလွဲချ ထားသည်။ ဗောဓိသတ္တ ရုပ်ပွားတော်မှာ လလိတာသနဖြစ် သည်။ ခြေထောက်တစ်ဖက် အောက်လွဲလွဲချထားသော အဒ္ဓပဒမာသနပုံစံ ဖြစ်သည်။ ထိုကျောင်းတော်၌ ဉာဏ် တော် ဆယ်ပေအမြင့်ရှိသော ကျောက်ဆင်းတု တစ်ဆူ လည်း ရှိသည်။ ယင်းဆင်းတုတော် ခြေတော်ချသောခုံ၌ စကြာတစ်ခု၏ ဘေးနှစ်ဖက်၌ သမင်နှစ်ကောင် ရှိသည်။ ယင်းဆင်းတုတော်သည် ဓမ္မစကြာ ဟောနေတော်မူပုံ
(မိဂဒါဝုန်)ကို ညွှန်ပြနေသည်သာမကဘဲ လက်တော်နှစ် ဖက်ကလည်း ယင်းမုဒြာကို ဖော်ပြနေသည်။

ဗုဒ္ဓရုပ်ပွားတော်များမှာ ထင်ထင်ပေါ်ပေါ် သင်္ကန်းတော် ဝတ်ရုံထားခြင်း မရှိဘဲ အဆင်တန်ဆာများ ဆင်ထားသည်။ အဝလောတေရွှရနှင့် မဉ္စူရှရီရုပ်တုများကိုမူ ဝတ်ရုံဖြင့် လည်းကောင်း၊ အဆင်တန်ဆာဖြင့်လည်းကောင်း ဆင်ယင် ထားသည်။ ရာဟုလာသံကိစ္စည်းက ယင်းရုပ်တုသုံးခုမှာ အိန္ဒိယ ပန်းတမော့ပညာ၏ အမြင့်ဆုံး စံနမူနာဖြစ်ကြောင်း၊ အထူးအားဖြင့် ဤမျှ သပ္ပာယ်အချိုးကျသောဗုဒ္ဓရုပ်ပွားတော် မျိုးမှာမူ ဂုပ္ပတခေတ်၌သာလျှင် တွေ့ရှိရကြောင်း ရေးသား ထားသည်။ ဗိုရိုဗုဒု၌ ဈာနီ (သမာပတ်ဝင်စားနေသော) ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ဗုဒ္ဓ၏ အတိတ်ဘဝက ဇတ်တော်များကို ခြယ်မှုန်းထားပြီး မေဒု၌မူ ဗုဒ္ဓ၏ ပစ္စုပ္ပန် ဗုဒ္ဓဝင်ကို ခြယ်မှုန်း ထားသည်။

အခြားအဆောက်အအုံများမှာ သေးငယ်သော်လည်း
သေသေသပ်သပ် လှလှပပ ရှိကြသည်။ ပဝါကျောင်းတော်၌ ရုပ်ပုံများဖြင့် တန်ဆာဆင်ထားသည်။ သို့ရာတွင် ယင်း၏
အစိတ်အပိုင်း တော်တော်များများမှာ ပြိုကျပျက်စီး ကုန် ကြပြီ။ ယင်းကျောင်းတော်နှင့် စပ်လျဉ်း၍ ဂျေအက်ဖ် စကယ်တင်မာက သူ၏ `Monumental Java' ၌ "ဤသေးငယ်သော်လည်း သေသပ်လှပသောကျောင်းတော် သည် အလွန်သေးငယ်သော အဆောက်အအုံ၌လည်း
ဗိသုကာပညာရှင်သည် မိမိ၏ အနုပညာစွမ်းရည်ကို ပြ နိုင် သည်ဆိုသည့် အကြောင်းကို ဖော်ပြနေသည်။ မေဒုနှင့်
ဗိုရိုဗုဒုအကြားရှိ အိန္ဒိယ ဒရဗိဒ်ဟန်ဖြင့်ဂျာဗာအတွေးအခေါ် ကို ရုပ်လုံးဖော်ထားသော ဤအဆောက်အအုံသည် ရာစုနှစ် ပေါင်းများစွာအထိ တည်တံ့နေပါစေဟူ၍ ဆုတောင်းလိုက် ပါ၏" ဟု ရေးသားထားသည်။
ဒေါက်တာ ကွာတရိဝေလ်ဆ်က သိလိန္ဒြဘုရင်များအား
အောင်ပွဲရဘုရင်များဟု ဆိုထားသည်။ သိလိန္ဒြဘုရင်များ သည် စွမ်းရည်သတ္တိအရာ၌ ပါရှားမှတရုတ်အထိ ထင်ပေါ် ကျော်ကြားကြသော အနောက်တိုင်းမှ စစ်သူရဲကောင်းများ နှင့် နှိုင်းယှဉ်၍ ရသည်။ သိလိန္ဒြဘုရင်များ တည်ဆောက် ထားသော ပင်လယ်အင်ပိုင်ယာသည် ရာစုနှစ်ပေါင်းများစွာ အထိ တည်တံ့နေပေသည်။

အပိုင်း(၄၈)ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်