'မြန်မာစကား မွန်စကား ပျူစကား''


မြန်မာစကားသည် တိဗက်ဗမာစကားအုပ်စုတွင် ဝေါဟာရစု Lexis လေ့လာမှုပြုပါက ဧကက္ခရ/ဧကဝဏ္ဏ (monosyllabic) သဘောသီးသန့်ဆောင်သော ဘာသာစကားမျိုးဖြစ်၏။ ဘာသာစကားတခုတွင် ပီဘိအခြေခံဖြစ်ဖွယ်ရှိသော ဝေါဟာရများကို စာရင်းပြုစုပြီး
- ကိုယ်အင်္ဂါပြစကားလုံးများ
- နေ့စဉ်စားမှုနေမှုနှင့်ပတ်သက်သော ဝေါဟာရများ
- အခြေခံသင်္ချာအရေအတွက်ဝေါဟာရများ (သုညမပါ)
- ဒေသပင်ရင်း သစ်ပင်နှင့်အကောင် သတ္တလောက ဝေါဟာရများ
- ဒေသပင်ရင်း အခြားသောသြကာသလောက ပစ္စည်းအခေါ်များ
- အခြေခံ ပုံဖော်မှုပြ descriptive ဝေါဟာရများ
- အခြေခံ သဒ္ဒါစကားလုံးများ
- ဘာသာစကားတွင် ပုဒ်ပွားပုံနှင့် နေရာဒေသ ပစ္စည်းများအား အမည်ပေးပုံ
စသဖြင့် သရုပ်ခွဲကြည့်က ဘာသာစကားကို မည်သို့ဖွဲ့စည်းထားကြောင်း မည်သည့်ပုဒ်များသည် မည်သည့်အိမ်နီးချင်း ကိုးကွယ်မှုစသဖြင့် အဆက်အဆံရှိရာ ဘာသာစကားတခုခုမှ ရကြောင်း ထောက်ထားနားလည်နိုင်သည်ဟု ဆိုသင့်ဆိုကောင်း၏။ (ယင်းသဘောကို နှိုင်းဆကာပြောလေသော သမိုင်းဆရာကြီး လုစ် ၏ ဘာသာဗေဒနည်းကို ဥာဏ်မမီသူတို့သည် ကိုလိုနီဝါဒဖြန့်သယောင် စိတ်ကူးယဉ်ပြောသူဟု ပုတ်ခတ်စော်ကားခြင်းသည် လေးတန်းကလေးက ဘွဲ့ရသူကို စာမတတ်ပါဟု ဝေဖန်သကဲ့သို့ အလွန်ရယ်စရာကောင်း၏။ သို့ဆိုလေတိုင်း လုစ်ပြောသမျှ အမှန်ချည်းဟု ကျွန်ုပ်တို့လည်း လက်မခံပေ။)
မြန်မာစကား၏ ဖွဲ့စည်းပုံကို ဥပမာကြည့်လေက ''နှာ မျက် နား ပါး မေး ခေါင်း လည် ခါး ခြေ လက် ကျော ရင် ပေါင် ဒူး ဖင် လီး'' စသော ခန္ဓာကိုယ်အင်္ဂါပြ ပုဒ်ရင်းများ၊ ''တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး ဆယ် ရာ ထောင် သောင်း သိန်း သန်း'' ဟူသော သင်္ချာများ၊ ''ညောင် ထန်း အုန်း စစ် ဆန် ရေ မြေ လေ မီး'' စသော အခေါ်များ၊ ''စား သောက် နေ ထိုင် လျှောက် သွား လာ သေ ကန် ကော့ ကား ကုန်း က ခါ ချိုး ချက် ချ ပစ်'' စသော ကြိယာဓာတ်များ၊ အ ပစ္စည်းကို ရှေ့ထား၍ ပုဒ်ပွားယူသော အပင် အမြစ် အသီး အခေါက် အရွက် အကိုင်း စသော သစ်ပင်ဆိုင်ရာပုဒ်များ၊ မြစ် တောင် တော ရွာ မြို့ လယ် ကိုင်း ယာ စသောပုဒ်များ၊ နွား ကြောင် ခွေး ဝက် ကြက် ငှက် မျောက် လူ ဝံ မြွေ စသော ဒေသအကောင်အခေါ်များ၊ ရွှေ ငွေ ကြေး သံ သစ် ကျောက် ခဲ နာ စသောအခြေခံတွင်းထွက်ပစ္စည်းအခေါ်များ ''ညောင်လေးပင် ထန်းတပင် မအူပင် ရွာသစ် ညောင်ကုန်း စသည့် ဒေသအမည်ပေးဓလေ့များ၊ ဝိုင်း ခုံး ခွက် ချွန် လုံး ပြား နီ ဝါ စိမ်း ဖြူ နက် စသော သရုပ်ဖော်ပုဒ်များ၊ သည် က မှာ ကား ၏ ချေ ပါ မည် အံ့ ဖို့ စသော သဒ္ဒါပုဒ်များ လေ့လာကြည့်လျှင် လုံးချင်းသဘောကဲသော မြန်မာဘာသာစကားသည် ပျူ မွန် ဝေါဟာရများနှင့် မည်သို့ကွာကြောင်း ပြက်ပြက်ထင်ထင် သိသာလာလေမည်။
ဘာသာစကားကွာလျှင် ကွာသည့်အလျောက် အခြေခံပုဒ်များ ကွာကြမည်ဖြစ်၏။ အခြေခံပုဒ်များ ဓာတ်များတူလှသော ပါဠိနှင့် သက္ကတကိုပင်လျှင် မတူညီသော ဘာသာစကားနှစ်ခုဟု ယူဆရချေသည်။ မတူညီသော လူ့အသိုင်းအဝိုင်းနှစ်ခုသည် မတူညီသော ဘာသာစကားနှစ်ခု ပြောတတ်သော သဘာဝရှိသည်သာ။ ဘာသာစကားကွာခြားမှုသည် လူ့အဖွဲ့အစည်းချင်း ကွာခြားမှုကို ပြနိုင်သောသတ္တိရှိ၏။ အခြေခံပုဒ်များကွာခြားမှုကို မြင်ရပါလျက် တခုကပေါရာဏ တခုက ခေတ်သစ် တကယ်က တဘာသာတည်း ဟု ပြောဆိုဖို့ရာ အတော်ခက်ပေသည်။ ပျူက ရှေးမြန်မာစကား ယခုသုံးစကားကား ခေတ်မြန်မာစကားဟု ပြောလိုသူတို့ ဤကွာခြားမှုကို မြင်ရန်လို၏။ ပျူနှင့်တူသည်ဟု ဆိုသော တစ် နှစ် ဝေါဟာရများသည် အခြားသော တိဗက်ဗမာစကားများမှာလည်း တွေ့ရလေရာ Proto-Tibeto-Burman ဘုံဝေါဟာရများသာ ဖြစ်ဖွယ်ရှိပေသည်။
ဆက်အံ့။


''မြန်မာစကား မွန်စကား ပျူစကား ၂''
၁၅မိနစ်မျှ အချိန်အနည်းငယ်အားခိုက် ဘာသာစကားအကြောင်း ဆက်ပြောပါအံ့။ ဘာသာစကားသည် လိုအပ်ချက်အရ ပေါ်မြဲဖြစ်၏။ ယေဘုယျအားဖြင့် ထိတွေ့သုံးစွဲသိမြင်လက်ခံလာသော အယူအဆအတွေ့အကြုံ အသိအမြင်တို့အတွက် မိမိ၌ရှိသောဘာသာစကားဖြင့် ဖော်ပြရန်အဆင်သင့်မဖြစ်နေပါက မူလအခြေခံရာဘာသာစကားကို အားပြုကာ ဘာသာပြန်နည်း loan translation/calque တိုက်ရိုက်မွေးစားခြင်း borrowing စသည့်နည်းများသုံးကာ ဘာသာစကားကို တိုးချဲ့ယူကြမြဲဖြစ်၏။ ဤသို့ဖြင့် ''အဝေးကြည့်မှန်ပြောင်း'' ''မော်တော်ကား'' စသော ဝေါဟာရများ မြန်မာဘာသာအတွင်း ဝင်ရောက်တိုးချဲ့လာပေသည်။ သို့သော် မူလပင်မဝေါဟာရ အခြေခံများ၏ သရုပ်သကန်ကို ကာလတိုအတွင်း ပျက်ပြားစေအောင် တိုးချဲ့နိုင်စွမ်း ဘာသာစကားများ၌ မရှိပေ။ အခြေခံဝေါဟာရတမျိုးဖြစ်သော ဆွေမျိုးပြစကားလုံးများဖြစ်သော မိ ဘ သား သမီး (သားမိ) ဘိုး ဘွား မြေး မြစ် ဝေါဟာရများကို အင်္ဂလိပ်ဘာသာစကားလုံးများဖြစ်သော parent son daughter granny တို့က လွှမ်းမိုးဖို့ရာမလွယ်ပေ။
အပြန်အားဖြင့် အသစ်ဝေါဟာရများ ရောက်ရှိလာသောကာလကို ချင့်ချိန်၍ အသစ်ဝင်ရောက်ဖွယ်ရှိသော တဆင့်ခံယဉ်ကျေးမှု အသိအမြင်အတွေ့အကြုံတို့၏ သမိုင်းကြောင်းကို အတော်အတန် ထောက်လှမ်းစေ့ငုနိုင်ပေသည်။
ထောက်လှမ်းရာ၌ အသံပြောင်းထုံးစသည်တို့သည် ဘာသာဗေဒနည်းသုံးသူအတွက် လက်နက်တန်ဆာပလာများဖြစ်၏။ ပေါက်တတ်ကရ ထင်မြင်ရာယူဆခွင့်မရှိပေ။
အလျဉ်းသင့်လာသဖြင့် ဗောဓိပုံပလ္လင်အဝိုင်းပါ ပျူအက္ခရာစာကို ''ပုဗရမိပြီးတော်'' ဟု ဖတ်ပြီးလျှင် အနက်မှာ ပျူဗရမာပြည်တော် ဖြစ်သည်ဟု ပြောခြင်းမျိုးသည် ဘာသာဗေဒနည်းမကျကြောင်းနှင့် နည်းမသိသူတို့ ထင်မြင်ရာ ကမောက္ကမ ကောက်ယူတတ်ကြောင်းကို နမူနာပြနိုင်၏။ မြန်မာကျောက်စာ ဘယ်နေရာတွင်မှ မြံမာ မြမ္မာ မြန်မာ သည် မြန်မိ ဗရမိဟု ဖြစ်ရိုးမရှိချေ။ သက္ကတအဘိဓာန် ပါဠိအဘိဓာန် မည်သည့်အဘိဓာန်တွင်မှလည်း ဗမာအနက်ဟော ဗရမိ နာမ်ပုဒ်မရှိချေ။ ၄င်းအဆိုဆိုသူတို့ ရွှီးကြောင်း ကျွန်ုပ်ဝေဖန်သည်ကို မခံနိုင်က သက္ကတအဘိဓာန်များ ပြ၍ ချေပလေ။ အပိစ သည်သာမကသေး။ ပျူစာတွင် ''တော်'' ဟု မြန်မာသုံးသလို သဝေထိုးတဝမ်းပူရေးချရှေ့ထိုး အရေးလည်းမမြင်ဖူးချေ။ ပျူက အသတ်ယူပုံကို နောက်တွင် ဆက်ဆွေးနွေးပါအံ့။



0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်