သာသနာနှင့်ရာဇာအပိုင်း(၄၈)

*************************

စမ္ပာ

ဒုတိယဣန္ဒြ၀မ္မာ

စမ္ပာ၏ ရှည်လျားလှသော သမိုင်းတစ်လျှောက်၌ ဘုရင် အများစုမှာ ဗုဒ္ဓဘာသာကို အာရုံစိုက်သူများ ဖြစ်ပေသည်။ သို့ရာတွင် ယင်းဘုရင်များအနက် ဒုတိယ ဣန္ဒြ၀မ္မာ (၈၆၀-၈၉၀)သည် အထူးခြားဆုံး ဖြစ်သည်။ ထိုဘုရင်သည် သာမန် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူ ဘုရင်တစ်ပါး ဖြစ်ရုံမျှသာမက ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းအားထုတ်သည့်အပြင် သူ့ကိုယ်သူ "ဗုဒ္ဓဘာသာဘုရင်" အဖြစ် ကြေညာသူလည်း ဖြစ်သည်။ ထို့ကြောင့် စမ္ပာ၏ ရှည်လျားလှသော သမိုင်းတစ်လျှောက်၌ ဗုဒ္ဓဘာသာဝင်ဘုရင်အဖြစ် အပြည့်အ၀ ခေါ်ဆိုထိုက်သော ဘုရင်မှာ ထိုဘုရင်တစ်ပါးတည်းသာလျှင် ရှိသည်။

အင်ဒိုချိုင်းနားအား အိန္ဒိယ ရှေးဟောင်း ကိုလိုနီနိုင်ငံတစ်နိုင် ငံအဖြစ် အသိအမှတ် ပြုထားကြသည်။ အစပထမက အင်ဒို ချိုင်းနားသည် စမ္ပာမြေပေါ်တွင် တည်ရှိသည်။ ယင်းကိုလိုနီ နိုင်ငံကို ခရစ်နှစ် ၁ ရာစု အစပိုင်းလောက်တွင် တည်ထောင် သည်ဟု ယူဆကြသည်။ တရုတ်သမိုင်း ဆရာများ၏ အဆို အရ ခရစ်နှစ် ၁၉၂ တွင် စမ္ပာနိုင်ငံကို တည်ထောင်သည်။

စမ္ပာနိုင်ငံသည် ခရစ်နှစ် ၃ ရာစုမှ ၁၅ ရာစုအထိ အင်အား ကြီးမားသော နိုင်ငံဖြစ်ခဲ့သော်လည်း ကမ္ဘောဇနှင့်လည်း ကောင်း၊ သီရိဝိဇယနှင့်လည်းကောင်း နှိုင်းယှဉ်ကြည့်လျှင် ဆွဲဆောင်မှုမရှိလှပေ။ စမ္ပာသည် မလေးကျွန်းဆွယ်၏ အထက်တောင်ပိုင်း အာရှ၏ အရှေ့တောင်ထောင့်၌ ရှိ သည်။ စမ္ပာ၏ ယခုခေတ်အမည်မှာ ဗီယက်နမ်ဖြစ်သည်။ ပြည်နယ်သုံးနယ်ဖြင့် ပိုင်းခြားထားသော စမ္ပာသည် အခါ အားလျော်စွာ အင်အားကောင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ သည်။ ပြည်နယ်သုံးနယ်မှာ
(၁) မြောက်ပိုင်း၌ အမရာဝတီ၊ ယင်း၏ အဓိကမြို့များမှာ ဣန္ဒြပူရနှင့် သိရပူရတို့ဖြစ်သည်။
(၂) အလယ်ပိုင်း၌ ၀ိဇယ၊ ယင်း၏ အဓိကမြို့မှာ ၀ိဇယဖြစ် ပြီး သင်္ဘောဆိပ်မှာ သီရိဝိဇယဖြစ်သည်။

(၃) တောင်ပိုင်း၌ ပဏ္ဍုရံဂ သို့မဟုတ် ပင်နန်၊ ယင်း၏ ပဓာနမြို့များမှာ ၀ီရပူရ သို့မဟုတ် ရာဇပူရဖြစ်သည်။

စမ္ပာသည် အိန္ဒိယနိုင်ငံ ဗင်္ဂေါပြည်နယ် ဗဂလပူအနီးရှိ ရှေး ဟောင်း မြို့တစ်မြို့၏ အမည်ဖြစ်သည်။ ထိုမြို့ကို အနိုင် တိုက်ယူသူတို့၏ အမည်မှာ စမ္ပဖြစ်သည်။ ယင်းအမည် နာမကို အစွဲပြု၍ မြို့၏အမည်ကိုလည်း စမ္ပာဟု တွင်ခြင်း ဖြစ်သည်ဟု ပညာရှင်များက အယူရှိကြသည်။ ယင်းတို့၏ ဘာသာစကားကို လေ့လာကြည့်သောအခါ မလေးဘာသာ စကားဖြစ်ကြောင်း သိရှိရသည်။ ယင်းကိုထောက်လျက် ထိုမြို့ကို လာအုပ်စိုးကြသူများမှာ မလေးကျွန်းဆွယ်မှ လူ များဖြစ်ကြသည်ဟု ခန့်မှန်းကြသည်။

စမ္ပာ၏ ရှေးအကျဆုံး ကျောက်စာများမှာ ၉ ရာစုနှစ် ကျောက်စာများ ဖြစ်သည်။ ယင်းကျောက်စာ အရေးအသား မှာ သက္ကတဘာသာ အရေးအသား၏ ရှည်သော အက္ခရာ ဖြစ်သည်။ ယင်းကျောက်စာများအနက် ရှေးအကျဆုံး ကျောက်စာကို ၀ိုကန်ဟု ခေါ်သည်။ ယင်းကျောက်စာသည် အစဦးဆုံးဘုရင်အကြောင်းကို ရေထားသည့် ကျောက်စာ ဖြစ်သည်။ ယင်းကျောက်စာအရ `Hinduism
and Buddhism' ကျမ်းပြု `အက်လိယော့' က စမ္ပာ၌ ၁၅၀ နှင့် ၂၀၀ အတွင်း ဟိန္ဒူမင်းဆက် တည်ထောင်သည် ဟု မှန်းဆသည်။ သို့ရာတွင် ထိုအချိန်မတိုင်မီက မလေး လူမျိုးတို့သည် ထိုဒေသသို့ လာရောက် အခြေစိုက်သည် ဟူသော အချက်နှင့် နောက်ပိုင်းကျမှ တခြား အနိုင်တိုက်ယူ သူများက ယင်းတို့ကို ဟိန္ဒူ လုပ်ပစ်ကြသည်ဟူသော အချက်၏ အထောက်အထားပမာဏ ရှာမတွေ့ရပေ။ မဆွ ကပင် စမ္ပာအား ဂျာဗာမှ ဟိန္ဒူတို့က အနိုင်တိုက်ယူ သိမ်း ပိုက်ခဲ့သည်။ -----------

ဝိုကန် ကျောက်စာအရ ထိုအချိန်က ဘုရင်မှာ ဗုဒ္ဓဘာသာ ၀င် ဖြစ်သည်ဟု သိရှိရသည်။  ယင်းကျောက်စာ ရေးနည်း ရေးဟန်မှာ အသောကကျောက်စာ ရေးနည်းရေးဟန် ဖြစ် သည်။ ယင်းကျောက်စာ၌ ဘုရင်က သူ သီရိမာရ မင်းဆက် ဖြစ်ကြောင်း ကြေညာထားသည်။ ယင်းကျောက်စာ အက္ခရာ အရေးအသားသည် ဂိနဂိရ အသောကကျောက်စာ အက္ခရာ အရေးအသားအတိုင်း ဖြစ်သည်။ ယင်းကျောက်စာ အရေး အသားသည် အိန္ဒိယ ကနဟေရီကျောက်စာ အရေးအသား နှင့် ခေတ်ပြိုင်ဖြစ်သည်ဟု ယူဆကြသည်။

တရုတ် အထောက်အထားများအရ သိရသည်မှာ ဖန်ယီ အမည်ရှိ ဘုရင်သည် ခရစ်နှစ် ၂၈၄ တွင် တရုတ်ဘုရင်ထံ သာသနာပြုများကို စေလွှတ်ခဲ့သည်။ ၂၃၆ နှင့် ၄၄၀ အတွင်း အုပ်ချုပ်မင်းလုပ်သော ဘုရင် အတော်များများ၏ အမည်နာမများကိုလည်း စကားစပ်ထားသည်။ ယင်းဘုရင် များအနက် ဘုရင်တစ်ပါး၏ အမည်မှာ ဖန်ဟုတ ဘဒြ၀မ္မာ ဖြစ်သည်။ ခရစ်နှစ် ၄၀၀ လောက်က ရေးထိုးထားသော ယင်းဘုရင်၏ ကျောက်စာကို တွေ့ရသည်။ ယင်းကျောက် စာကိုထောက်၍ ထိုဘုရင်သည် ပထမဦးစွာ မိုရှိုန၌ ဘုရား ကျောင်းတစ်ကျောင်း ဆောက်လုပ်သည်။ ယင်းဘုရား ကျောင်းသည် နောင်သောအခါ၌ စမ္ပာ၏ ဦးခိုက်ဝတ်ပြု ရာ ဌာန ဖြစ်လာခဲ့သည်။ ခရစ်နှစ် ၅၇၅ ခုနှစ်တွင်ကား ယင်း ဘုရားကျောင်းကို ရန်သူများက ဖျက်ဆီးပစ်လိုက်ကြသည်။ သို့သော်လည်း တစ်ဖန် ပြန်လည်မွန်းမံ ဆောက်လုပ်ထား လိုက်လေသည်။

၃ ရာစု မတိုင်မီကပင် စမ္ပာ၌ ဗုဒ္ဓဘာသာ အခြေချခဲ့သည်။
ထိုခေတ်တွင် အမရာဝတီ အနုပညာ အစဉ်အလာအရ ထုလုပ်သော ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိရသည်။ ၄၄၆ ၌လည်းကောင်း၊ တစ်ဖန် ၆၀၅ ၌လည်းကောင်း တရုတ်တို့ သည် စမ္ပာကို ၀င်ရောက်တိုက်ခိုက်ပြီးလျှင် စမ္ပာမြို့တစ်မြို့ ကို သိမ်းပိုက်လိုက်ကြသည်။ တရုတ်မင်းဆက် သမိုင်းအရ
တရုတ်တို့သည် ဗုဒ္ဓကျမ်းစာပေါင်း ၁၃၅၀ လောက် တရုတ် ပြည်သို့ ယူဆောင်သွားကြသည်ဟု သိရှိရသည်။ ယင်း အထာက်အထားအရ စမ္ပာ၌ ၇ ရာစုမတိုင်ခင် အတော် စော စောကပင် ဗုဒ္ဓဘာသာ ပြန့်ပွားထွန်းကားနေကြောင်း သိရှိရ သည်။ စမ္ပာရှိ ဗုဒ္ဓဘာသာဝင်များသည် အရိယသမ္ပိတိယ နိကာယနှင့် သဗ္ဗတ္ထိဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် ကြသည်ဟု ရွှင်ကျန်က ရေးသားထားသည်။ သို့ရာတွင် ၈ ရာစုနှစ်ထိုး ကျောက်စာများအရ မဟာယာန ဗုဒ္ဓဘာသာ အလွန် အားကောင်းနေကြောင်း သိရှိရသည်။ စမ္ပာ၌ အခါ အားလျော်စွာ ဗုဒ္ဓဘာသာ အဆောက်အအုံပျက်များနှင့်
ဣန္ဒြ၀မ္မာ ဆောက်လုပ်သော ၀ိဟာရတို့သည် ယင်းအချက် နှင့် သက်သေသာဓကများ ဖြစ်ကြသည်။

ခမာယဉ်ကျေးမှုကဲ့သို့ပင် စမ္ပာယဉ်ကျေးမှုသည်လည်း ရုန်း ကန် လှုပ်ရှားနေရသည်။ ယဉ်ကျေးမှု နှစ်ခုလုံးပင် တူညီ သော အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ နှစ်နိုင်ငံလုံး၌
အင်အားကြီးမားသော ကျူးကျော် တိုက်ခိုက်လေ့ရှိသည့်
အိမ်နီးချင်းနိုင်ငံများ ရှိသည်။ စမ္ပာအား အနီးမှသာလျှင် ကျူးကျော် တိုက်ခိုက်သည် မဟုတ်ပေ။ ခရီးအလှမ်းဝေး သော တရုတ်တို့ကလည်း ၀င်ရောက် တိုက်ခိုက်ကြသည်။ ထို့ကြောင့် စမ္ပာသည် အခါအားလျော်စွာ မြို့တော်ကို ပြောင်းရွှေ့ရသည်။

အလုပ်သဘောအရမူ စမ္ပာသည် အန်နန်၏ ပြည်နယ်တစ်ခု မျှသာ ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ဖြစ်ဟန်တူ သည်။ ၁၃၁၈ ခုနှစ်၌ စမ္ပာဘုရင်သည် အကူအညီ ရရှိရန် အတွက် ဂျာဗာသို့ ထွက်ပြေးသည်။ ယင်းအချက်နှင့် စပ် လျဉ်း၍ ဂျာဗာအကြောင်း စိတ်ဝင်စားဖွယ် တစ်ခုရှိသည်။ စာမ္ပာဘုရင် တတိယ ဇယသီဟ၀မ္မာသည် တာပဆီအမည် ရှိ ဂျာဗာဘုရင် သမီးတော်နှင့် လက်ထပ်ထိမ်းမြားသည်။ နောက်ပိုင်း ဂျာဗာသမိုင်းအရ သိရှိရသည်မှာ ၁၅ ရာစုနှစ်၌ စမ္ပာဘုရင့်သမီးတော် ဒွာရာဝတီသည် မဒ်ဇပဟိတဘုရင်နှင့် လက်ထပ်ထိမ်းမြားသည်။ သူ၏ နှမတော်သည် ဂျာဗာရှိ ရာဒင်နရဘတြအမည်ရှိ မွတ်စလင် မော်လ၀ီတစ်ဦးနှင့်
လက်ထပ်ထိမ်းမြားသည်။

ကမ္ဘောဇကဲ့သို့ စမ္ပာ၌လည်း ဟိန္ဒူဘုရင်တို့ အုပ်စိုးသည့်
ခေတ်ကာလကို မသိရှိရပေ။ ဟိန္ဒူဘုရင်တို့မှာ ထင်ရှား ကျော်ကြားခြင်း မရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

စမ္ပာ၏ ဘာသာစကားသည် စာပေဘာသာစကား ဟုတ်ဟန် မတူပေ။ ရှိနေသောစာပေမှာ သက္ကတဘာသာဖြင့်သာလျှင် တွေ့ရှိရသည် စမ္ပာဘုရင်များမှာ သက္ကတဘာသာကို ကောင်းစွာ ကျွမ်းကျင်တတ်ကျွမ်းကြသည်ဟု သိရှိရသည်။ ပိုမြို့ရှိ ကျောက်စာ (ခရစ် ၉၁၈)အရ ဘုရင် ဣန္ဒြ၀မ္မာသည် မီမံသာကျမ်းကို ကောင်းစွာတတ်ကျွမ်းကြောင်း သိရှိရ သည်။ ဒဿနကျမ်းများနှင့် ဗျာကရုဏ်း ကျမ်းများကိုလည်း နားလည်သည်။ ပိဆုန်ကျောက်စာ၌လည်း ဇယဣန္ဒြ၀မ္မာ (၁၁၇၅)သည် မဟာယာန ကျမ်းအမျိုးမျိုးနှင့် ဓမ္မသျှတ္တရ ကျမ်း အမျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်ကြောင်း ဖော်ပြ ထားသည်။

စမ္ပာ၏ ရှေးဟောင်းအပျက်အစီးကို ကြည့်လျှင် စမ္ပာ၏
အကျယ်အ၀န်းမှာ မသေးငယ်လှပေ။ သို့ရာတွင် လူနေအိမ် များမှာမူ အလွန်သေးငယ်ပုံရသည်။ အထိမ်းအမှတ် အဆောက်အအုံများမှာ ပိရမစ်ပုံစံ သုံးထောင့်ပုံဖြစ်သည်။ ယင်းအဆောက်အအုံများကို စမ္ပာသူ စမ္ပာသားတို့က `ကလန်' အမည်ဖြင့် သိနေကြသည်။ အုတ်ပုံဘ၀ ရောက် နေကြပြီဖြစ်သော ယင်းအဆောက်အအုံများသည် ဘာသာ ရေးကိစ္စအတွက် ဆောက်လုပ်ထားသော အဆောက်အအုံ များ ဖြစ်ကြသည်။

ယင်းအဆောက်အအုံများထဲတွင် သေးငယ်သော
အဆောက်အအုံများလည်း များစွာရှိသည်။ ယင်းအဆောက် အအုံများမှာ ရဟန်းတော်များ သီတင်းသုံးသည့် ကျောင်း တိုက် များ ဖြစ်ပုံရသည်။ စမ္ပာ၌ အနုပညာလက်ရာ နမူနာ အဖြစ်ဖြင့် တွေ့ရှိရသော အဆောက်အအုံများမှာ ဘုန်းကြီး ကျောင်းများသာလျှင် ဖြစ်သည်။ ပျက်စီးသွားပြီဖြစ်သည့်
အခြားအဆောက်အအုံများမှာသစ်သားအဆောက်အအုံများ ဖြစ်ဖို့ရှိသည်။ အပျက်အစီး အကျန်အကြွင်းများထဲက မိဆို နှင့် ဒုန်ဟုအန်ရှိ အပျက်အစီးများသည် အလွန်တရာ
အံ့သြ ဖွယ်ကောင်းလှသည်။

ပိဆင်တောင်များ၌ ကျောင်းတိုက်များ စုပေါင်းဆောက် ထား သည်ကို တွေ့ရသည်။ အရေအတွက်အားဖြင့် ၈ ကျောင်း၊ ၉ ကျောင်းလောက် ရှိသည်။ ယင်းကျောင်းများမှာတစ်ခေတ်ပြီး တစ်ခေတ် ဆောက်လုပ်ထားကြသော ကျောင်းတိုက်များ ဖြစ်သည်။ ရှေးအကျဆုံးကျောင်းမှာ ခရစ် ၄၀၀ ခုတွင် ပထမရုဒြ၀မ္မာ ဆောက်လုပ်ထားသော ကျောင်းဖြစ်သည်ဟု ယူဆကြသည်။ ယင်းကျောင်းကို သစ်သားဖြင့် ဆောက် လုပ်ထားပုံရသည်။ ထို့ကြောင့် ပျက်စီးသွားခြင်း ဖြစ်သည်။ သို့ရာတွင် ယင်းနှင့် ခေတ်ပြိုင် ကျောက်စာများကို တူးဖော် တွေ့ရှိရသည်။

နှစ်ပေါင်း ၅၀ လောက်အကွာ၌ သမ္ဘုဝမ္မာသည် ထိုနေရာ၌
ကျောင်းသစ် အဆောင်တစ်ဆောင် ဆောက်လုပ်သည်။
ယင်းကျောင်း၏ အပျက်အစီး အကျန်အကြွင်းများသည်
ရှေးအကျဆုံးသော အနုပညာနမူနာများ ဖြစ်နေကြသည်။
အခြားပုံစံဖြင့် ဆောက်လုပ်ထားသော အဆောက် အအုံ များမှာမူ ၀ိကြန္တ၀မ္မာ ဦးဆောင်မှုအောက်၌ ခရစ် ၆၅၇ နှင့် ၆၇၉ ကြားတွင် အစပြုသည်။ ထိုနည်းအတိုင်းပင် ၈ ရာစုနှင့် ၉ ရာစုတွင်လည်း မိဆုန်၌ ကျောင်းတိုက်ပေါင်းများစွာကို ဆောက်လုပ်ကြသည်။ ယင်းနေရာသည် တတိယဟရိဝမ္မာ (၁၀၇၄-၁၀၈၀) အချိန်အထိ ပစ်ထားသည့်နေရာ ဖြစ်နေ သည်။ နေပြည်တော်ကို တောင်ပိုင်း ရွှေ့ပြောင်းသွားသည့် အတွက် ယင်းအခြေအနေမျိုး ရောက်သွားခြင်းဖြစ်သည်။ ယင်းဒေသနှင့် အပြိုင်အဆိုင် ပိုမြို့ကို တည်ထောင်လိုက် လေသည်။ ပိုမြို့သည် နုဟတြဂ သင်္ဘောဆိပ်နှင့်
နီးသည်။ ---------

ဒုန် (ဟွန်မိ)သည် ဆုန်မြောက်ဘက် ကီလိုမီတာ ၂၀
အကွာလောက်တွင် ရှိသည်။ ယင်းနေရာဌာနများမှာ အကွက်ချပြီး ပြုလုပ်ထားသည့် ဗုဒ္ဓဘာသာ နေရာဌာနဖြစ် သည်။ အစုသုံးစု ခွဲခြားထားသည်။ လေးဖက်လေးတန်၌ နံရံများရှိသည်။ တတိယအစု၌ အဆောက်အအုံ ၃၀ ကျော် လောက် ရှိသည်။ ခရစ် ၈၇၅ ထိုး ကျောက်စာအရ ယင်းနေ ရာ၌ ဣန္ဒြ၀မ္မာဘုရင်သည် အ၀လောကိတေရွှရ ရုပ်တုကို လက္ချမီဒြလောကေရွှရ အမည်ဖြင့် ထုလုပ်ထားသည်။

၇ ရာစု၊ ၈ ရာစုနှစ်လောက်တွင် စမ္ပာ၌ ရှီဝဘာသာတရား ထွန်းကားပုံ ရသည်။ ၉ ရာစုနှစ် ဒုတိယဣဒြ၀မ္မာလက်ထက် ရောက်လာသောအခါ ဗုဒ္ဓဘာသာ၏ အရှိန်သြဇာ တိုးတက် ကြီးမားလာသည်။ ထိုအချိန်၌ ဒုတိယ ဣဒြ၀မ္မာ ဘုရင်သည် ထိုနေရာဌာန၌ လက္ချမီဒြ လောကေရွှရ အမည်ဖြင့် ကျောင်း တိုက်တစ်တိုက် ဆောက်လုပ်သည်။ ယင်းလောကေရွှရ သည် ဗောဓိသတ္တ အ၀လောကိတေရွှရ မဟုတ်ဘဲ ကုလား ထိုင်ပေါ်ထိုင်ပြီး တရားဒေသနာ ဟောကြားနေ တော်မူ သော ဗုဒ္ဓရုပ်ပွားတော်ဖြစ်သည်။ ခရစ်နှစ် ၉၀၂ ၌ ယင်းဒေ သတွင် နာဂပုပ္ပမထေရ်သည် လောကေရွှရ ရုပ်တုတစ်ခု ထုလုပ်ထားသည်။ ယင်းရုပ်တုတော်၏ ဂုဏ်ပုဒ်ကို ထုတ် ဖော်ချီးကျူးထားသော စာတစ်ပုဒ် ရှိသည်။

ယင်းစာအရ ဒုတိယ ဣဒြ၀မ္မာလက်ထက် စမ္ပာ၌ ထွန်းကား ပြန့်ပွားသော ဗုဒ္ဓဘာသာသည် ဟီနယာန ဗုဒ္ဓဘာသာလည်း မဟုတ်ပေ။ မဟာယာန ဗုဒ္ဓဘာသာလည်း မဟုတ်ပေ။ ၀ဇီရယာန ဗုဒ္ဓဘာသာ ဖြစ်သည်။ ၁၃ ရာစုနှစ်ထိုး `ဥုံ နမော ဗုဒ္ဓါယ'ကျောက်စာကိုလည်း တွေ့ရသည်။ ယင်း ကျောက်စာနှင့် အတူတကွ ဗုဒ္ဓ၊ အ၀လေကီတေရွှရ၊ ပညာ ပါရမိတာ စသည်တို့၏ ကြေးဆင်းတု ကျောက်ဆင်းတု များကိုလည်း တွေ့ရသည်။

ကျောက်စာများ၌ ၉ ရာစုမှ ၁၃ ရာစုအထိ ရှီဝဘာသာ တရားကို ကိုးကွယ်ကြကြောင်းလည်း ဖော်ပြထားသည်။ သို့ရာတွင် ဗုဒ္ဓဘာသာဝင်များနှင့် ရှီဝဘာသာဝင်များသည် တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခ မဖြစ်ကြပေ။ အချင်းချင်း သင့်မြတ်ကြသည်။ ၇ ရာစုနောက်ပိုင်း၌ တရုတ်ခရီးသည် ရွှင်ကျန်က "ယင်းဒေသ၌ ဗုဒ္ဓဘာသာဝင် အများစုမှာ အရိယ သမ္မတိယ နိကာယ ဂိုဏ်းဝင်များ ဖြစ်ကြ၏။ သဗ္ဗတ္ထိ ၀ါဒီဂိုဏ်းဝင် အချို့လည်း ရှိကြ၏" ဟူ၍ရေးသားထားသည်။ ယင်းကိုထောက်လျက် ၉ ရာစု မတိုင်မီက စမ္ပာ၌ ဟီနယာန ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားနေပြီဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယယဉ်ကျေးမှုသည် နိုင်ငံအတော်များများ၌ ဗုဒ္ဓဘာသာ အဖြစ်ဖြင့် ရောက်ရှိသွားသည်။ စမ္ပာ၏ နှစ်ပေါင်း ၂၀၀၀ မျှ ရှည်လျားသော သမိုင်းသည် ထိုဒေသယဉ်ကျေးမှု (ဗုဒ္ဓဘာ သာယဉ်ကျေးမှု) အတက်အကျသမိုင်းသာဖြစ်သည်။

စမ္ပာ၌ ၉ ရာစုမတိုင်မီက အကြောင်းအရာကို အထောက် အထား ခိုင်ခိုင်လုံလုံ မတွေ့ရပေ။ ၉ ရာစု အဆုံးပိုင်း၌ သန္တအမည်ရှိ ဗုဒ္ဓဘာသာဝင်သည် ဇိန (ဗုဒ္ဓ)အတွက် ၀ိဟာရကျောင်း တစ်ကျောင်းကိုလည်းကောင်း၊ ရှီဝအတွက် နတ်ဘုရားကျောင်း တစ်ကျောင်းကိုလည်းကောင်း ဆောက် လုပ်သည်။

စမ္ပာ၌ ဟိန္ဒူ နတ်ဒေ၀တာများကို ဗုဒ္ဓဘာသာ၌ နေရာပေး သကဲ့သို့ပင် ဂျာဗာနှင့် ဆုမတြာတို့၌လည်း တစ်စုံတစ်ခု သော အတိုင်းအတာအထိ ဟိန္ဒူ၏ နတ်ဒေ၀တာများသည် ဗုဒ္ဓဘာသာ၌ နေရာရရှိကြသည်။ ထူးခြားသည်မှာ ဟိန္ဒူ နတ်ဒေ၀တာများကို ဗုဒ္ဓဘာသာ အရေခြုံပေးလိုက်ခြင်းပင် ဖြစ်သည်။

သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၌လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သီဟိုဠ်ကျွန်း တောင်ပိုင်း၌ ကရတဂမအမည်ရှိ နေရာ၌ ကတရမဂ ဒေအိအိုယာ နတ်ရှိသည်။ ယင်းအမည် မှာ ကတ္တိကေယ၏ အခြားနာမည်တစ်မျိုး ဖြစ်သည်။ သို့မ ဟုတ် သီဟိုဠ်အမည် ပြောင်းထားခြင်းဖြစ်သည်။ ယင်းနတ် ကို ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူတို့သည် အတူတ ကွ ပူဇော် ပသကြသည်။ အချို့နတ်ဒေ၀တာများမှာမူ ယင်းတို့၏ မူရင်း အမည်နာမများဖြင့်ပင် အသိများကြသည်။ ဗိရှနုကို သီရိဗိရှနုအဖြစ်ဖြင့်လည်းကောင်း။ ဂဏေရှကို `ဂဏဒေ ၀ိယော' အဖြစ်ဖြင့်လည်းကောင်း သိကြသကဲ့သို့ပင် ဖြစ် သည်။ ယနေ့ သီရိလင်္ကာနိုင်ငံ၌ နတ်ကွန်း နတ်ဗိမာန်မရှိ သော ကျောင်းတိုက် မရှိသလောက်ပင် ရှားသည်။ နတ် ကွန်း နတ်ဗိမာန်သည် သီဟိုဠ်ကျောင်းတိုက်များအတွက်
ဝင်ငွေရရှိသော အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။

ဒုတိယ ဣန္ဒြ၀မ္မာ ထီးနန်းစိုးစံပြီးသည့်နောက်၌ စမ္ပာတွင်
ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါသည် တိုးတက်ကြီးမားလာသည်။ လောကေရွှရကျောင်းတိုက် တည်ထောင်ခြင်းမှာ ထိုမင်း လက်ထက်၌ ဖြစ်သည်။ ယင်းနေရာဌာနသည် ဟီနယာနကို ဆန့်ကျင်ပြီး မဟာယာနကို အားပေးသော ဗဟိုဌာနတစ်ခု ဖြစ်သည်။ ထိုအချိန်ကစ၍ မဟာယာနသည် စမ္ပာပြည် သူ လူထု၏ ဘာသာတရား ဖြစ်လာခဲ့သည်။

အပိုင်း(၄၉) ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်