*မိတ်ဆွေ ရန်သူ ခွဲခြားယူ*


**************
လောကမှာ မိတ်ကောင်းဆွေကောင်း ရှိရန်အထူး လိုအပ် လှပါတယ်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုသလို ပတ်ဝန်းကျင် မိတ်ကောင်းဆွေကောင်းကြောင့် ဘ၀ကို တိုးတက်နိုင်သလို မိတ်ဆွေတုနဲ့ ဆုံဆည်း ခဲ့ရရင်လည်း ဘ၀ကို ပျက်စီးဆုံးရှုံး သွားနိုင်ပါတယ်။
လောကီလူ့ဘောင်တွင် ကျင်လည်နေသမျှ ကာလပတ်လုံး မိတ်ဆွေရန်သူ ဆိုတာ ရှိနေမှာဘဲဖြစ်ပါတယ်။ ပုထုဇဉ်တို့ သဘာဝအရ သူတစ်ပါး ကောင်းစားတာကို ရှု့စိမ့်နိုင်သူ ရှိသလို မနာလို အကောက်ကြံတတ်တဲ့သူလည်း ရှိပါတယ်။ မိတ်ဆွေအချင်းအချင်း အလွန်ချစ်ကြည်ရင်းနှီးပြီ ဆိုရင် လည်း ရန်သူ အဖျက်ကလည်း ရှိတတ်ပါတယ်။
ထို့ကြောင့် ကိုယ့်ပတ်ဝန်းကျင်တွင် မိတ်ဆွေရန်သူ ခွဲခြား တတ်ရန် လိုအပ်လာပါသည်။မိတ်ဆွေရန်သူ ခွဲခြားနည်းနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင်က ဇေတ၀န်ကျောင်းတော် မှာ ကောသလမင်းကြီး၏ အကျိုးစီးပွားကို ဆောင်ရွက်တဲ့ အမတ်တစ်ဦးကို အကြောင်းပြုပြီး “မိတ္တာမိတ္တ” ဇာတ်တွင် အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင် ပါရမီတော်ဆယ်ပါး ဖြည့်ဆည်းတော်မူစဉ် ဘ၀တစ်ခုမှာ ဗာရာဏသီပြည်ကို အစိုးရတဲ့ ဗြဟ္မဒတ်မင်း ကြီးထံမှာ အမှုထမ်းတဲ့ အမတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအမတ်ကို မင်းကြီးက ချီးမြှင့်မြှောက်စားပါတယ်။ အဲဒီတော့ လောကီ ထုံးစံအတိုင်း မလိုလားသူများက ကုန်းတိုက်ကြပါတယ်။ ဒါပေမယ့် မင်းကြီးက ကုန်းတိုက်တဲ့သူတွေကို မယုံကြည် တာနဲ့ အမတ်ကို “အချင်းအမတ်၊ မိတ်ဆွေနဲ့ရန်သူ ဘယ် လိုခွဲရမလဲ၊ သင် သိသလားလို့” မေးတော့ အမတ်က အောက်ပါအတိုင်း ဖြေပါတယ်။မြတ်သောမင်းကြီး
၁။ ရန်ဘက်ဖြစ်သောသူကို မြင်သောသူသည် မပြုံးမရွင်တတ်။
၂။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်တတ်။
၃။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်၍ မျက်နှာလွှဲတတ်။
၎။ ရန်သူလို သဘောထားသူနဲ့ ဆန့်ကျင်တဲ့ အမှုများကို ပြု၏။
၅။ ရန်ဘက်ဖြစ်သောသူ၏ ရန်သူကိုလည်း မှီဝဲဆည်းကပ် တတ်၏။ (ပေါင်းတတ်၏။)
၆။ ထိုရန်ဘက်၏ အဆွေခင်ပွန်းတို့ကို မမှီဝဲ မဆည်းကပ် တတ်။
၇။ ရန်ဘက်ကို ချီးမွမ်းမည့်သူတို့ကို တားမြစ်အပ်၏။
၈။ ရန်ဘက်ကို ဆဲရေးမည့်သူတို့ကို ချီးမွမ်းတတ်၏။ (အားပေးတတ်၏။)
၉။ ရန်ဘက်ဖြစ်သူအား လျှို့ဝှက်အပ်သော စကားများကို မပြောကြား။
၁၀။ ရန်ဘက်ဖြစ်တဲ့သူရဲ့ လျှို့ဝှက်အပ်တဲ့ စကားများကို ပြောကြားတတ်၏။
၁၁။ ရန်ဘက်ဖြစ်သူ ဘာပဲလုပ်လုပ် မချီးမွမ်းတတ်။
၁၂။ ရန်ဘက်ဖြစ်သောသူ၏ ပညာကို မချီးမွမ်းတတ်။
၁၃။ ရန်ဘက်ဖြစ်တဲ့သူရဲ့ စီးပွားချမ်းသာ ပျက်စီးတာကို သဘောကျ နှစ်သက်တတ်၏။
၁၄။ ရန်ဘက်၏ စီးပွားချမ်းသာ တိုးတက်မှုကို မနှစ်သက်တတ်။
၁၅။ ကောင်းမြတ်တဲ့ ပစ္စည်းကိုရရင် ရန်ဘက်ကို မပေးကမ်းတတ်။
၁၆။ ရန်ဘက်ဖြစ်တဲ့သူဟာ အကြောင်းကြောင်းကြောင့် မရွှင်မပျဖြစ်နေရင်လည်း ကူညီစောင့်ရှောက်ခြင်း မပြုတတ်တဲ့။
အားလုံးပေါင်း (၁၆) ချက်ကို ဖြေကြားခဲ့ပါသည်။ မိတ်ဆွေစစ်ကိုတော့ အထက်ဖော်ပြပါ (၁၆) ချက်နဲ့ ဆန့်ကျင်ပြီး ရှာဖွေနိုင်ပါသည်။
ကျွန်တော်တို့သည် မိတ်ဆွေစစ်ကို လူသားတွေကမှ မဟုတ်ဘဲ “စာအုပ်စာပေ လူ့မိတ်ဆွေ”ဆိုတဲ့အတိုင်း စာအုပ်စာပေ များမှလည်း ရှာဖွေနိုင်သည့်အတွက် စာအုပ် စာပေများသည်လည်း ကျွန်တော်တို့အတွက် မိတ်ဆွေစစ် များပင် ဖြစ်ပါသည်။ စာအုပ်စာပေတွေကို ဖတ်ခြင်းဖြင့် အကောင်းအဆိုး ရန်သူလား မိတ်ဆွေလား ဆိုတာကို ခွဲခြားနိုင်သော အသိဥာဏ် ဖွံဖြိုးတိုးတက် လာမှာဖြစ်ပါ တယ်။ ထို့ကြောင့် ကျွန်တော်တို့သည် စာအုပ်စာပေကောင်း များကိုလည်း ဖတ်ရန် လိုအပ်ကြောင်း ပြောကြားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်