သွားဆဲမို့ အားခဲလို့ ပြောလိုက်ချင်ပါရဲ့


*****************************
သေက္ခာ ပုထုဇ္ဇနာ အဒ္ဓါ၊ ခီဏာသဝါ ဂတဒ္ဓိနော။
သေက္ခာ ပုထုဇ္ဇနာ=သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နဲ့ ပုထုဇဉ်တို့က၊
အဒ္ဓါ= ခရီးသွားနေသူတွေ။ ခီဏာသဝါ=ရဟန္တာတွေကတော့၊ ဂတဒ္ဓိနော= ခရီးသွားပြီး လို့ နားနေသူ၊ ခရီးနားတွေ။ကိလေသာထူထဲ၊
ဥမ္မတ္တက-အရူးအဆင့်သာပဲရှိနေသေးတဲ့ သာမန်ပုထုဇဉ် ပုဂ္ဂိုလ်တွေ အဖို့မှာက ဘဝသံသရာ နွံတွင်းမှာ ဘယ်ပုံဘယ် အချင်းနဲ့ ဘယ်လောက်ကြာကြာ ခရီးဆက်ရဦးမယ် မသိ နိုင်ကြသူ တွေလေ။ သံသရာရေအလျဉ်ကြောမှာ စုန်ဆန် မျောပါရင်း၊ ကောင်းခြင်း မကောင်းခြင်းအစုံစုံ၊ ဆိုး ကောင်း ဘဝ အဖုံဖုံ၊ တွေ့ကြုံရင်ဆိုင်ရဦးမယ့် သူတွေပေါ့။
ကျင့်ဝတ်သိက္ခာတွေကို ဖြည့်ကျင့်နေဆဲ သာပဲရှိသေးတဲ့ သောတာပန်၊သကဒါဂါမ်၊ အနာဂါမ်တို့ကလည်း သူ့အတိုင်း တာနဲ့သူ ဘဝသစ်တွေကို ကူးခတ်ကြဦးမယ့်သူတွေ။ ဘဝလမ်းမဆုံးသေးတာကြောင့် နောင်ဘဝခရီးကို ဆက်ကြ ရဦးမယ့်သူတွေ ပေါ့။ သွားနေဆဲသူတွေပဲသာပေါ့။ ဒါက ဘာသာရေးဖက်ကကြည့်ပြီး သံသရာနဲ့ချီတဲ့ စကားကိုပြော လိုက်တာ။
အဲဒီလို ရှည်လျားလျတဲ့ သံသရာကို မကြည့်ပဲ ပစ္စုပ္ပန်ဘဝ ခဏတာမျှကို ကြည့်လျင်ကိုပဲ နေ့ စဉ်ဘဝ၊ အရေးအရာ အဖြာဖြာနဲ့ မနားမအားစွာပဲ လှုပ်ရှားသွားလာနေကြရတာ။ နွမ်းစရာ၊ ပမ်းစရာချည်း။ သွား နေသူတွေဆိုတော့ နေရာ သစ်တွေ၊ လူသစ်တွေနဲ့ ကြုံရတွေ့ရ။ သူတို့ပြောတာ သူတို့ လုပ်တာတွေ ကြားရ မြင်ရတော့ ဗဟုသုတတွေ တိုးပွားရ။ ကိုယ်နဲ့ သဘောထပ်တူတာ တွေလည်းရှိ၊ သဘောမတူ တာလည်းရှိ။ နည်းလမ်း တည့်တာလည်းရှိ၊ နည်းလမ်း မတည့်တာ လည်းရှိ။ ပဲ့တာလည်းရှိ၊ ရွဲ့တာလည်းရှိ၊ တည့် တာလည်းရှိလို့ ဆိုရမလိုပေါ့။သဘောကျလို့ ဝမ်းမြောက် တယ်ဆိုလျင်လည်း သဘောကျတဲ့အကြောင်းကို နှုတ်က ဖြစ်ဖြစ်၊ စာနဲ့ဖြစ် ဖြစ် တခါခါမှာ ပြောဖြစ်ရေးဖြစ်တယ်။ သဘောမကျလျင် မကျတဲ့အကြောင်းကိုလည်း နည်းတူပဲ ပြော ဖြစ်ရေးဖြစ်တတ်ပါတယ်။ ကြားရမြင်ရတဲ့အကြောင်း အရာအားလုံးတော့လည်း ပြောဖြစ်ရေးဖြစ်တဲ့ အထိ ဖြစ် မလာတတ်ပါဘူး။ မြင်ရကြားရတာတွေထဲက အနည်း အကျဉ်း လောက်သာပဲ တုန့်ပြန်ပြော ဖြစ်၊ စာအဖြစ် ရေးဖြစ်တာမျိုးအထိ ဖြစ်တတ်တာပါ။ကိုယ့်ခံစားမှုအရ ကိုယ် ယုံကြည်ရာကို ပြောတာရေးတာပါပဲ။ ဘယ်သူ့ကိုမှ နစ်နာစေလိုစိတ်ထားနဲ့ ပြောလိုက်ရေးလိုက်တယ်ရယ် လို့တော့ မရှိခဲ့ပါဘူး။ အဲ အနည်းဆုံးတော့ မရှိခဲ့ဘူးလို့တော့ ထင်မိတာ ပါပဲ။
ဘာကြောင့် ဒီစကားကို ဖြည့်စွက်ပြောရသလဲဆိုလျင်ဖြင့် ကိုယ်က တမင်တကာ မနစ်နာစေလို ပေမယ့် ကိုယ့်စကား ကိုယ်စာကြောင့် ထိခိုက်နစ်နာသွား တာမျိုးလည်း ရှိကောင်း ရှိနိုင်မယ် မဟုတ် လား။ ဒါက ကိုယ်အသေအချာ သိနိုင်တာ မှ မဟုတ်တာလေပဲဟာ။ခုမနက်ကပဲ ရင်းနှီးခင်မင်တဲ့ သူ တစ်ဦးက လမ်းသွားနေရင်း စကားစပ်မိလို့ ပြောလာတယ်။ သူ ပြောလိုက်တဲ့စကားက ကိုယ်စာရေးလိုခြင်းရဲ့ အကြောင်း တစ်ခုလည်းဖြစ်လာတယ်။ သူပြောပြီးလျင် ပြီးခြင်းပဲ ကျုပ် က စာရေးဖို့ အကြောင်းရှာနေတာ။ ခု ပြောလာတော့ အတော်ပဲ။ စာရေးဖို့ အိုင်ဒီယာ ရသွားပြီလို့ သူ့ကိုပြောဖြစ် တယ်။ ဒီတော့ သူက ဒီအကြောင်း မရေးပါနဲ့။ မကောင်းပါ ဘူးတဲ့။ မရေးဖို့ ကန့်ကွက်ပါတယ်။ မဟုတ်ပါဘူးလေ။ ပြောတဲ့ အကြောင်းအရာနဲ့စပ်ပြီး ရေးမယ်ဆိုပေမယ့် ဒီ အကြောင်းကို ရေးလိုတာ မဟုတ်ပါဘူး။ လူ တွေအထင်မှား၊ အမှတ်မှားနေတတ်တဲ့အကြောင်းကိုသာ ရေးချင်တာပါ။ ဒီတော့ ဘာမှ မကောင်းစရာ မရှိပါဘူးလို့ သူ့ကိုပြောလိုက် တယ်။ သူကတော့ မရေးစေ ချင်တာ အမှန်ပါပဲ။ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်ဦးနှောက်ကို လာခေါက်တဲ့ အကြောင်း အရာမျိုးဆိုလျင် မရေးလိုက်ရ လျင်ကိုပဲ စားမဝင် အိပ် မပျော် ဖြစ်ကောင်း ဖြစ်နေမှာမို့ ဒီဒဏ်မခံရလေအောင် ရေုး လိုက်ပါပြီ။ ဘယ် သူ့ကိုမှ နစ်နာထိခိုက်သွားလိမ့်မယ်လို့ မထင်မိပါဘူး။သူပြောပြတာက သူအစစ အဆင်ပြေစေ ဖို့ ဆိုတဲ့ မေတ္တာစေတနာနဲ့ သူ့အခန်းအဝင်ဝမှာ ခင်မင်တဲ့ ဆရာတော်တစ်ပါးက အင်းကွက်တစ်ကွက် ရေးကပ်ပေး သွားတယ်တဲ့။ အင်းကွက်မှာ ဘာတွေရေး ထားလို့ ဘာပုံ တွေပါတယ်ဆိုတာကိုတော့ မမေးလိုက်မိပါဘူး။ အဲဒါကို အခန်းနီးဖော်တွေထဲက ဘယ် သူလက်ဆော့သွားတယ် တော့ မသိဘူး။ အင်းကွက်ပေါ်မှာ အက်ဖ်နဲ့စတဲ့ စာတစ်လုံး ကို ရေးသွားတယ် တဲ့။ အဲဒီတော့ အင်းစီမံပေးတဲ့ ဆရာတော်က ဒါ ဒီလူဆိုး တာ။ သူများဘာသာတရားကို စော်ကားတာ လို့ မိန့်တယ်လို့ သူကပြောပါတယ်။
ဘာသာ တရားဆိုရာမှာလည်း ဗုဒ္ဓဘာသာကိုသာ ရည်ညွန်း တာပါ။ဒီတော့ အကုသိုလ်က ဒါဘာသာတရားစော်ကားတာ မဟုတ်ပါဘူး။ အဲဒီအင်းကွက်ကိုက ဗုဒ္ဓအဆုံးအမ ဘာသာ ရေးမှ မဟုတ်တာလို့ ပြောဖြစ်လိုက်ပါတယ်။ ပြောချင်တာ က တခါခါမှာ ဗုဒ္ဓအဆုံးအမ မဟုတ် တာတွေက ဆင်တူ ရိုးမှား အနေနဲ့ ဗုဒ္ဓအဆုံးအမတွေထဲ ရောရောနေတတ် တော့ ရောနေတဲ့ အရာတွေ ကို အမှတ်မထားမိလို့ပဲဖြစ်ဖြစ်၊ အမှန်မသိလို့ပဲဖြစ်ဖြစ် ဗုဒ္ဓအဆုံးအမတရားတွေလို့ မှတ်ထင် မိတတ်ပါ တယ်။ ဓာတ်ရိုက်ဓာတ်ဆင်၊ အင်းအိုင်လက်ဖွဲ့စတဲ့ အရာတွေကို ဦးဆောင်စီမံလုပ်ကြသူတွေကလည်း သံဃာ တော်တွေဖြစ်နေတတ်တာရယ်၊ နောက်ပြီး အင်းပြားပေါ်မှာ ရေးထိုးတတ်တဲ့ စာလုံးတွေ ပုံတွေ ကလည်း ဘာသာရေး နဲ့ဆက်နွယ်တဲ့ ပါဠိစာလုံးတွေ၊ ပါဠိပျက်တွေ။ ပုံတွေက လည်း ဗုဒ္ဓပုံဟန်မျိုးတွေ ဖြစ်နေတတ်တော့ ဗုဒ္ဓအဆုံးအမ ကျမ်းလာတွေလို့ ထင်မိတတ်ကြပါတယ်။ ဒီတော့လည်း အထက်က ဆရာတော်ယူဆသလို ဘာသာတရား စော်ကား မှုမျိုးလို့ အထင်ရောက်သွားတတ်ပါတယ်။ (ဘာသာ တရား ကို စော်ကားတာမျိုး မဟုတ်ပဲ၊ ယုံကြည်မှုကို စော်ကား တာ လို့ ဆိုလျင်တော့လည်း တစ်မျိုးပေါ့)
တခါကလည်း သိကျွမ်းခင်မင်တဲ့ဆရာတော်တစ်ပါးနဲ့ ဘုရား အနေကဇာတင်ပွဲတစ်ပွဲမှာ ဆုံဖြစ်တယ်။ ဒီ ပွဲမှာ သူက ဦးဆောင် စီမံတဲ့ဆရာတော်။ သူစီမံထားတာထဲမှာ ရေခွက် ရယ်၊ ကြေးပြားကိုးပြားရယ်။ သပြေပန်းခိုင်တွေရယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ အနေကဇာတင်မှာ ဗုဒ္ဓရုပ်ပွား တော်ကို ပန်းဆီမီးကပ်၊ ဆွမ်းရေချမ်းကပ်။ ပန်းပေါက် ပေါက်ကြဲ၊ ရွှေမိုးငွေမိုးရွာ။ ဒီ အစီအစဉ်တွေကတော့ တွေ့ နေမြင်နေကြ။ ဒါကတော့ အဆန်းမဟုတ်တော့ဘူးပေါ့။
အဲ အကုသိုလ်အတွက် ထူးဆန်းနေတာက အနေကဇာတင် ဂါ ထာလို့ အများခေါ်ဝေါ်ကြတဲ့ ဘုရားဖြစ်စ ဗုဒ္ဓဥဒါန်း ကျူးရင့်တော်မူတဲ့ အနေကဇာတိသံသာရံ ဂါထာကို ကိုးခေါက်ရွတ်မယ်လို့ ဆရာတော်က မိန့်တော့ ပထမ နည်း နည်း အဆန်းဖြစ်သွားတယ်။ ဟုတ်တယ် လေ၊ သမရိုးကျ ရွတ်ဆိုနေကြက သုံးခေါက် မဟုတ်လား။ အဲဒါ ကိုးခေါက် ဆိုတော့ ဆန်းသွားတာပေါ့။ ရှိပါစေပေါ့။ ဗုဒ္ဓကိုကြည်ညို စိတ်နဲ့ ကိုးခေါက်ဆိုလည်း ကိုးခေါက် ရွတ်ဖတ်ပူဇော်ရုံပဲ ပေါ့။သို့ပေမယ့် ဒီမှာ မဆုံးသေးဘူးလေ။
အနေကဇာတိသံသာရံဂါထာ တစ်ခေါက်ရွတ်ပြီးတိုင်း အရန် သင့်စီမံထားတဲ့ ကြေးပြားကိုးပြားထဲက တစ်ပြား တစ်ပြားကို ရေခွက်ထဲ ပစ်ထည့်ရမယ်တဲ့။ ဒီအချက်က တော့ အကုသိုလ်အတွက် အတော်ကို ဆန်းသွားပြီ။ ဘာကြောင့် ဘုရားအနေကဇာတင်ရာမှာ ဒီကြေး ပြား ကိုးပြားက ပါလာရတာလဲ။ ဘုရားအနေကဇာတင်မှုနဲ့ ဒီကြေးကိုးပြားနဲ့က ဘယ်လိုပတ်သက် စပ်ဆိုင်နေလဲ။ ဒီကြေးကိုးပြားပေါ်မှာ ဘာတွေများ ရေးသားထားသလဲ။ ဘာကြောင့် ဒီကြေးပြားတွေကို ရေခွက်ထဲ ပစ်ချရသလဲ။ ရေနဲ့ကြေးနဲ့ကရော ဘယ်လိုစပ်ဆိုင်နေလို့လဲ။ ကိုးပြားလုံး တစ်ခါထဲ ပစ်မချပဲ နဲ့ ဘာဖြစ်လို့ အနေကဇာတိသံသာရံ ဂါထာ တစ်ခေါက်ဆုံးမှ တစ်ပြားပစ်ချရတာလဲ။ တကယ်လို့ ရွတ် တဲ့သူက ကိုးခေါက်မရွတ်လို့ ပစ်တဲ့သူက ကိုးပြားလုံး ပစ်မချဘူးဆိုလျင် ဘာများဖြစ်သွားနိုင်မလဲ။ ခုလို ကြေးကိုး ပြား ပစ်ချခြင်းဖြင့် အလှူရှင်တွေမှာ ကောင်းကျိုးတွေ ပိုမို တိုးပွားသွားစေနိုင်လေသလား။ ဗုဒ္ဓ ရုပ်ပွားတော်မှာရော ထူးခြားသွားစေသလား။ စတဲ့အတွေးပေါင်းမြောက်များစွာက ဦးနှောက်ထဲကို ဝင် ရောက်လာတယ်။ နောက်ပြီး ဒီအစီ အစဉ်က ဂိုဏ်းဆန်လာတယ်လို့လည်း ခံစားမိလာတယ်။
ဒါကြောင့် အနေကဇာတိသံသာရံဂါထာကို ရွတ်လိုစိတ် လည်း ပျောက်သွားတယ်။ ဘာမှ မရွတ်ဖြစ်တော့ဘူး။ ဥဒါန်း ဂါထာရွတ်ကာ ကုသိုလ်ပွားရမည့်အစား အတွေးပေါင်းစုံနဲ့ ဥဒ္ဓစ္စသာ များမိရတော့တယ်ပေါ့။စာလာပေလာ မဟုတ်လို့ ဒီကြေးကိုးပြား အစီအမံက လောကုတ္တရာရေးရာ မဟုတ် တာတော့ သေချာပါ တယ်။ လောကုတ်မဟုတ်လျင် လောကီပေါ့။ လောကီရေးရာ အစီအမံတွေဆိုတာ လောက အတွက် အသုံးဝင်ကောင်း ဝင်မှာပါ။ သို့ပေမယ့် ဒီလောကီ ရေးရာတွေက လောကုတ္တရာ လုပ်ငန်းစဉ်တွေနဲ့ ဒွေး ရော ယှက်တင်ဖြစ်ကာ အမြင်မစင်မကြယ် ဖြစ်သွားမှာမျိုးကို တော့ မလိုလား မနှစ်သက်မိတာ အမှန်ပါ ပဲ။ လောကုတ္တရာ ဘာသာရေးအခမ်းအနားမှာ လောကီဆိုင်ရာ အစီအမံတွေ က ပါလာတော့ အသိဉာဏ် မကြွယ်ဝသူတွေက ဒါတွေကို ပင် ဗုဒ္ဓအဆုံးအမလို့ မှတ်ထင်သွားမှာ၊ လောကုတ္တရာ လုပ် ငန်းစဉ် တွေလို့ ထင်မှတ်သွားနိုင်ပါတယ်။ ပြီးတော့ ဦးဆောင်နေသူတွေက သံဃာတော်တွေလေ။
ဘာသာရေးနဲ့စပ်လာရင် အကျိုးမများလောက်မယ့် အသစ် ထွင်ခြင်းတွေ။ အဆန်းလုပ်ခြင်းတွေကို စတန့်ထွင်ခြင်း တစ်မျိုးလို့ပဲ ယူဆပါတယ်။ ဒီထက်ပိုပြီး လေးလေးနက်နက် သဘောမထားပါဘူး။ခုဒီမှာ ပြောနေတာလည်း ဒီအရာတွေ ဟာ ကုသိုလ်ဖြစ်တယ် မဖြစ်ဘူး။ ကောင်းတယ် မကောင်း ဘူး ဆိုတာမျိုးကို ဝေဖန်နေတာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီအရာတွေကို ဘုန်းတော်ကြီးတွေကိုယ်တိုင် ယုံယုံကြည် ကြည် ဦးဆောင်လုပ်နေတာမို့ ဗုဒ္ဓအဆုံးအမကျမ်းစာ တွေ ထဲကလာတဲ့ ဗုဒ္ဓအဆုံးအမ တရား တော်တွေဖြစ်လိမ့်မယ်၊ သံသရာခရီးမှာ ပင်ပန်းကြီးစွာ ခရီးသွားနေရသူတွေအတွက် သံသရာခရီး ကန္တာရကြီးကနေ ထွက်မြောက်ရာလမ်းဆီကို ဦးတည်လို့ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ အထင်မှား သွား မှာမျိုးကို စိုးရိမ်မိလို့ ပြောရတာပါ။ အဲဒီလို မထင်စေချင်၊ မဖြစ်စေချင်ပါဘူး။
ခက်တာက ဟိုရှေးရှေးက သာသနာ ဘယ်လိုနေခဲ့တယ်ဆို တာ မသိပေမယ့် ခုခေတ်ခုခါမှာက နည်း လမ်းအသွယ် သွယ်နဲ့ သာသနာကို အရောင်ခြယ်ချင်တဲ့သူတွေက များ များလာသလားလို့ တွေးထင်မိ လို့ပါ။ နည်းအစုံစုံ၊ အယူ အဆအမျိုး၊ သူကသူထင်ရာတစ်မျိုး၊ ကိုယ်က ကိုယ်ထင်ရာ တစ်သွယ်၊ အဆန်းတကြယ်တွေနဲ့ လမ်းလယ်မှာ လမ်း ပျောက်နေသူတွေ များများနေတာ တွေ့တွေ့နေရတော့ လက်ရှိနဲ့အနာဂတ်ရဲ့ သာသနာ့အခြေအနေအတွက် ရတက် မအေးနိုင်လည်း ဖြစ်မိတတ်လို့မို့ပါ။ တ ကယ်တော့ ဗုဒ္ဓဘာ သာဝင်တို့ရဲ့ပန်းတိုင်က သံသရာခရီးဆုံးရာအရပ်ဆီကို ရောက်ဖို့လေ။ ဟိုမရောက် ဒီ မရောက်၊ လမ်းလယ်မှာ လမ်း ပျောက်ကာ ဘယ်သူ့ကိုမှ ချာချာလည်လို့ ဒုက္ခမရောက်စေ ချင်ပါဘူး။ ဒါ တကယ့်ကိုမှ ဖြူစဉ်တဲ့ စေတနာနဲ့ ခင်မင်သူ တွေအတွက် ပြောပြလိုက်တာပါ။ အားလုံး နားလည် နိုင် လိမ့်မယ်တော့ ထင်မိပါရဲ့။
ခရီးသွားနေသူချင်းအတူတူ ကိုယ်ကိုယ်တိုင် မျက်စိလည်မှာ စိုးမိသလို ကိုယ့်လိုပဲ ခရီး သွားနေသူ ခရီးဖော်တွေကိုလည်း လမ်းမှားမျက်စိလည် သွားမှာမျိုး မဖြစ်စေချင်ပါဘူး။ သက်ဆိုင်သူ ကာယကံရှင်တွေလည်း ဒီစာကိုဖတ်မိကြမှာမို့ သဘောမကျဖြစ်သွားကြသူတွေလည်း ရှိ ကောင်းရှိနေမှာ ပါ။ သို့ပေမယ့် ပြောခဲ့သလိုပါပဲ။ ခရီးသွားနေဆဲသူတွေလေ။ သွားဆဲ လမ်းလွဲလျင် ဘယ်ကောင်းပါ့မလဲ။ ဒီတော့လည်း တချို့အရာတွေက ပြောကိုပြောမှ ဖြစ်မှာမို့ ပြောလိုက်တာ။ သွားဆဲ မို့ အမှားနည်းအောင် အားခဲလို့ ပြောလိုက်တာလို့ သာပဲ ပြောပါရစေတော့။ ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်