အကုသိုလ် ပုံပြောပြမယ်နော်

အကုသိုလ် ပုံပြောပြမယ်နော်

တစ်ခါတုန်းက ခရီးသွားတစ်ယောက်သည် လယ်ကွင်းပြင်တစ်ခုကို ဖြတ်ကျော်ခရီးသွားနေပါတယ်
 ဒီအချိန်မှာ ကျားတစ်ကောင်ဟာ ရုတ်တရက် သူ့နောက်ကနေ လိုက်လို့ အမောတကော ပြေးနေခဲ့ရတာပေါ့ ဒီလိုနဲ့ ပြေးရင်း ပြေးရင်း ချောက်ကမ်းပါးထိပ် တစ်ခုကို ရောက်လာခဲ့ပါတယ် ခရီးသွားဟာ ဘာလုပ်ရမှန်း မသိတော့တာနဲ့ ကြံမိကြံရာ ကြံပြီး ချောက်ကမ်းပါးမှာ တွယ်ကပ်ပေါက်နေတဲ့ နွယ်ပင်စ တစ်ခု ကို ကောက် ဆွဲ လိုက်ပြီး တွဲလောင်းချနေလိုက်သတဲ့လေ ဆွဲထားတာ ကြာလာတော့ လက်ကလဲ ညောင်း လာပြီ ကျားက လဲ မသွားသေဘူး နွယ်စကို လက်ကလွှတ်ဖို့ ကြည့်လိုက်တဲ့အခါ ချောက်ကမ်းပါးအောက်မှာလည်း ကျားကြီး တစ်ကောင်က စားဖို့ပြင်နေတာ ကို တွေ့လိုက်ရသတဲ့။

ခရီးသွားခမျာ အပေါ်သို့လည်း တက်မဖြစ်၊ အောက်လည်း ဆင်းမရနဲ့ တွဲလောင်း နေနေရတာပေါ့။ ဒီအချိန်မှာပဲ  ကြွက်ဖြူတစ်ကောင်နှင့် ကြွက်မည်း တစ်ကောင်က သူကိုင်ထားသော နွယ်ကြိုးကို ကိုက်ဖြတ် နေ ကြ သတဲ့လေ။ ဒါ့အပြင် သူကိုင်ထားသော နွယ်ကိုင်းဘေးတွင် အရသာ အလွန်ထူးမယ့် ပုံရှိသော စတော်ဘယ်ရီသီးလေးကို တွေ့လိုက်ရသတဲ့။ စားချင်လွန်းအားကြီးလို့ လက်တစ်ဖက် နဲ့  နွယ်ကြိုး ကို ကိုင်ပြီး အခြား လက်တစ်ဖက်နဲ့ စတော်ဘယ်ရီသီးကို ခူးစားလိုက်ပြီး အာမေဋိတ်တစ်ချက် ပြုလိုက် သတဲ့လေ။
“အား အရသာရှိလိုက်တဲ့ အသီး” တဲ့


စာရေးဆရာကြီးများလည်း ရေးကြသည်။ တရားဟောသူများလည်း ဟောကြသည်။ ဆုံးမစကား ပြောသူများ လည်း ပြောကြသည်။ ထို့ကြောင့် ထိုပုံပြင်လေးကို လူအတော်များများ ကြားဖူးကြသည်။ အထူးသဖြင့် ဆရာကြီး နန္ဒာသိန်းဇံက ထိုပုံပြင်လေးကို အထူးတလည် ပြောပြောပြတတ်သည်။ သို့ရာတွင် ပုံပြင်လေးက အနည်းငယ် ကွဲပြားသည်။ ဆရာကြီးပုံပြင်ထဲတွင် ချောက်ကမ်းပါး မဟုတ်၊ ရေတွင်းပျက်ကြီး ဖြစ် သည်။ ရေ တွင်း ပျက်ထဲတွင် မြွေနဂါးကြီးက စောင့်နေသည်။ ဤပုံပြင်ထဲကလို စတော်ဘယ်ရီသီးလည်း မဟုတ်၊ ပျား ရည် စက်လေးဖြစ်သည်။ သို့ရာတွင် အနှစ်သာရနှင့် တင်စားချက်လေးများက အတူတူပင် ဖြစ်သည်။ ဆရာကြီးက ဘ၀ကို ဤပုံပြင်နှင့် တင်စားပြသည်။ နားထောင်ရတိုင်း နှစ်သက်မိကြသူ များသည်။


လူတစ်ယောက်အနေဖြင့် ဘ၀တစ်ခု ရလာပြီဆိုလျှင် ကျားတစ်ကောင် နောက်ကနေ လိုက်လာနေသလို ရှိသည်။ ပြေးရလွှားရ ရုန်းရ ကန်ရသည်။ မွေးဖွားခြင်းသည်ပင် ကျားလိုက်ခံရသလို ဒုက္ခတစ်မျိုး ပင် ဖြစ်လေ သည်။ မွေးဖွားလာပြီဆိုလျှင် မှီတွယ်စရာ တစ်ခုခုတော့ ရှာရသည်။ မှီတွယ်စရာအဖြစ် ဆုပ်ကိုင်လိုက်သည့် အခါတိုင်း မည်သည့်အရာမျှ စိတ်မချရ။ လူတို့၏ ဘ၀ရပ်တည်ချက်သည် ပုံပြင်ထဲက နွယ်ကြိုးလေး မျှ သာ ဖြစ်နေတတ်လေသည်။ မတည်ငြိမ် စိတ်မချရသည့်အထဲ ကောင်းခြင်းနှင့်မကောင်းခြင်း ဟူသော လုပ်ဆောင်ချက်များဖြင့် ဘ၀ရပ်တည်ချက်လေးက တစ်ဖြည်းဖြည်း မှုန်ဝါးဆွေးမြေ့လာနေရသည်။ ပုံပြင်ထဲက ကြွက်ဖြူနှင့် ကြွက်မဲက ကောင်းမှုနှင့်မကောင်းမှုကို ထင်ဟပ်ပြနေခြင်းဟု နားလည်မိသည်။ 
 
“ငါ့ဘ၀ ရပ်တည်ချက်က မခိုင်မြဲဘူး၊ စိတ်မချရဘူး” ဆိုပြီး ကိုယ့်ရပ်တည်ချက်လေးကို စွန့်လိုက်လျှင် လည်း သေခြင်းတရားက အရံသင့်စောင့်နေသည်။ 
 
“နောက်ပိုင်းဆိုတာ စိတ်မချရဘူး၊ အခု ရပ်တည်ချက်လေးမှာပဲ တွယ်ကပ်နေမယ်” ဆိုပြီး နွယ်ကြိုးကို ထာဝရ ဆုပ်ကိုင်ထား၍လည်း မရပြန်၊ ကောင်းမှုနှင့်မကောင်းမှုဆိုသော ကြွက်နှစ်ကောင်နှင့်တူသော ကံတရားက တစ်ဖြည်းဖြည်းနှင့် ဇီဝန်ခြွေနေပြန်သည်။ သို့ရာတွင် လူသားအနေဖြင့် စတော်ဘယ်ရီ သီးလေးတော့ စားခွင့်ကြုံ လိုက်သည်။

အကုသိုလ် ဒီစာကို ဆက်မရေးဘဲ အခန်းပြင်ထွက်လိုက်သည်။မိုးသည်းသည်းနဲ့ လေအ၀ှ့က ချမ်းစိမ့်စိမ့်မို့ အခန်းထဲ ပြန်ဝင်ပြီး ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း ပုံပြင်လေးကို ဘ၀ထဲ သွင်းကြည့် သည်။ 
အောက်က စောင့်နေသော ကျားကြီးကိုလည်း တွေ့လိုက်ရသည်။ ကိုက်ဘ၀ကို ကိုက်ဖြတ်နေသော ကြွက်ဖြူနှင့် ကြွက်မည်းနှစ်ကောင် ကိုလည်း တွေ့လိုက်ရသည်။ 
 
“အော် … သူတို့ကိုက်နေတာ ငါ့ဘ၀ကြိုးလေး တစ်ဝက်ကျိုးလုပါပေါ့လား” လို့ မြည်တမ်းမိလိုက်ပါတယ်

“ပုံပြင်ထဲက စတော်ဘယ်ရီသီးလေးက ငါ့ဘ၀ထဲက ဘာလေးများ ဖြစ်နေမလဲ” ဟု တွေးကြည့်လိုက်တဲ့ အခါ အဖြေမရနိုင် ဖြစ်နေခဲ့သည်။ စတော်ဘယ်ရီသီးလေးလောက်သာ အရသာခံခွင့်ရှိနေတဲ့ ဘ၀တွေမှာ အဓိပ္ပာယ်များအတွက် ဘယ်လောက် တန်ဖိုးရှိနေမလဲ ဆိုတာလောက်တော့ အတွေးနယ်ချဲ့နေမိခဲ့လေ သည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်