သောဏ္ဍာရကျောက်စာ



လွန်ခဲ့သောနှစ် ကဆုန်လပြည့်နေ့က စာရေးသူသည် ကိတ္တိမသားများ ရှာဖွေပြီး ရဟန်းခံပွဲပြုလုပ်ခဲ့ရာ
ရန်ကုန်မြို့မှ မိတ်ဆွေရင်းချာများ ဖြစ်ကြသည့်ကြည့်မြင်တိုင်မှ ကိုထွန်း၊ ကမာရွတ်မှ ကိုကြည်၊ စမ်းချောင်းမှ
မောင်စိုးဝင်း စသည့်မိတ်ဆွေများ၊ ရဟန်းခံပွဲရှိရာ ကျိုက်ထိုသို့ ရောက်လာခဲ့ကြပါသည်။ ထိုရောင်းရင်းများနှင့်
ပြောရင်း ဆိုရင်း တိုင်ပင်ရင်းဖြင့် ကျိုက်ထီးရိုးသွားမလား၊ ကေလာသ သွားမလားဖြင့် ကေလာသသို့ မဲကျခဲ့ရာ
မှ ကိုထွန်း၊ ကိုကြည်၊ မောင်စိုးဝင်း၊ စာရေးသူနှင့်ဇနီးအပါအဝင်ပေါင်း(၅)ယောက် ကေလာသသို့ ရောက်ခဲ့ကြပါ
သည်။



ကေလာသတစ်လျှောက် ဒူးရင်း၊ ကနစိုး၊ သဖန်း၊ ဒညင်းတက်သူများမှအပ ဘုရားဖူးသူများမှာ စာရေးသူ တစ်သိုက်သာ ရှိပေသည်။ စာရေးသူမှာ ကေလာသအား လေးကြိမ်ထက်မနည်း သွားရောက်ဖူးမျှော်ခဲ့ဖူးပေပြီ။ သို့ဖြင့် ကေလာသအား ဖူးမျှော်ရသည်ထက် ရှေးမဆွက သက်ကြီးသူရွယ်များ ပြောဆိုခဲ့ဖူးသည့်ဘီးလင်းနယ်နှင့် တိုက်ကလားနယ်တောကြီးများထဲတွင် ရွှေစေတီ(၆)ဆူ ပေါ်မည်။ တွေ့ဖူးကြသည်။ မြင်ဖူးခဲ့ကြသည်။ ဤရွှေစေ တီ(၆)ဆူကို သာသနာနှစ်(၂၅၀ဝ)ကျော်က အမှန်ဖူးတွေ့ရမည် စသည်ဖြင့် တစ်ဆင့်စကားတစ်ဆင့်ကြားဖြင့် ကြားနာမှတ်သားခဲ့ဖူးရာမှ ဓနုဖြူမြို့နယ် ညောင်ချောင်းရွာဇာတိဖြစ်သော အရှင်Óဏဝံသဆရာတော်ဘုရားက ကေလာသတောင်တွင် စိုက်ထူထားသည့်သောဏ္ဍာရကျောက်စာကို အာသီသပြင်းမိပါ၏။
အချိန်က နည်းသဖြင့် အပြေးအလွှား ဖတ်ရှုရင်း လိုအပ်သည်များကို မှတ်သားခဲ့ပြီး ရဟန်းရှင်လူများ
ဝေဖန်သုံးသပ်နိုင်ရန် အကျဉ်းချုံး၍ ဖေါ်ပြအပ်ပါသည်။



မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အရှင်အနုရုဒ္ဓါ၊ ရှင် သောဘိတ၊ ရှင်ပဒုမုတ္တရ၊ ရှင်ဂုဏသာဂရ၊ ရှင်Óဏပဏ္ဍိတ၊ ရှင်ရေဝတ ဟူသော ၆ ပါးသော ရဟန္တာအရှင်သူမြတ် တို့က ဘုရားထံ ချဉ်းကပ်၍ လျှောက်ထားရာတွင် မဟာသမုဒ္ဒရာ၏မဝေးကွာလှသော ပစ္စန္တရစ်အရပ်မှ များစွာ သောလူတို့အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပူဇော်ဖွယ်ကို ပေးသနားတော်မူပါမည့်အကြောင်း လျှောက်ထားတောင်းပန်ရာတွင် ကျေးဇူးတော်ကြီးမြတ် ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား သခင်သည် ရဟန္တာကြီး ၆ ပါးတို့၏လျှောက်ထားတောင်းပန်ဆိုအပ်သည်ကို စဉ်းစားဆင်ခြင်တော်မူပြီး ဇနပုဒ် သား တောသူတောင်သားများ၏အစီးအပွားကို အကျိုးပြုခြင်းငှာ လကျာ်လက်တော်ဖြင့် ဦးခေါင်းတော်မြတ်ကို သုံးသပ်တော်မူပြီး ရွှေအဆင်းရှိသော ၆ ဆူသော ဆံတော်ဓာတ်ကို ရဟန္တာကြီး ၆ ပါးအား တစ်ဆူစီ ပေးသနား ချီးမြှင့်တော်မူလေ၏။
ဆံတော်ဓာတ် ၆ ဆူကို ရရှိတော်မူသော ရဟန္တာ ၆ ပါးတို့သည် ဝမ်းမြောက်ရွှင်လန်း အားရတော်မူပြီး ဆံ တော်များကို ရိုသေစွာ ခံယူကြလေသည်။ ဆံတော်ဓာတ် ၆ ဆူကို ပေးသနားတော်မူစဉ် ဘုရားသခင်အပါးဝယ် ခစားနေသော ရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားအား ဆံတော်ဓာတ် ၆ ဆူနှင့်ပတ်သက်၍ လျှောက်ထား သည်မှာ-
ထိုဇနပုဒ်ရှိ သတ္တဝါတို့အား ဆံတော်ဓာတ်များ ချီးမြှင့်လိုက်သည်ရှိသော် နောင်ကာလ၌ ထိုဆံတော်ဓာတ် တို့ကို အမှီပြု၍ အန္တရာယ်သည် ဖြစ်ပေါ်လာနိုင်ပါ၏လောဟု လျှောက်ထားလေ၏။ ထိုသို့ လျှောက်ထားတော်
မူသည်ကို ဘုရားသခင်သည် အာနန္ဒာမထေရ်အား ၄ ခွန်းသော ဗျာဒိတ်ကို ကျူးရင့်တော်မူလေသည်။
(၁) ပထမဗျာဒိတ်-ချစ်သားအာနန္ဒာ၊ ဤဇနပုဒ်အရပ်၌ ဆုတ်ယုတ်ပျက်စီးခြင်း မြင်တော်မမူ။ ဤဇနပုဒ်တွင်
စည်ကားတိုးတက် ကြီးပွားခြင်းသာ မြင်တော်မူသည်။
(၂) ဒုတိယဗျာဒိတ်-ချစ်သားအာနန္ဒာ၊ ငါဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီး အနှစ် ၅၀ဝ၀ ပတ်လုံး ငါ၏သာသနာ
တော် တည်တံ့နေမည်ကို မြင်တော်မူသည်။
(၃) တတိယဗျာဒိတ်-ချစ်သားအာနန္ဒာ၊ ဤဆံတော်ဓာတ် ၆ ဆူတို့သည် နှစ်ပေါင်း ၂၅၀ဝ သို့တိုင် ပူဇော်သက္ကာရ
ကို မခံရပဲ နှစ်ပေါင်း ၂၅၀ဝ သာသနာတစ်ဝက် ကျော်လာပါက ကြီးစွာသော ပူဇော်သက္ကာရကို ခံယူရရှိမည်ကို
မြင်တော်မူ၏။
(၄) စတုတ္ထဗျာဒိတ်-ချစ်သားအာနန္ဒာ၊ တစ်ဆူတစ်ဆူကုန်သော စေတီတော်များကို များစွာသော လူတို့ ဖွဲ့စည်း
ထားသည့်အဖွဲ့အစည်းများ ဖြစ်ပေါ်လာလိမ့်မည်။
ဤသို့ ဘုရားရှင်က အာနန္ဒာမထေရ်အား ဗျာဒိတ်တော် ၄ ခွန်း မိန့်ကြားတော်မူပြီးသည်နှင့် ရှင်အာနန္ဒာ
မထေရ်နှင့်ရဟန္တာကြီး ၆ ပါးတို့သည် ဆံတော်ဓာတ် ၆ ဆူကို ပင့်ဆောင်၍ မဟာသမုဒ္ဒရာအနီး ပစ္စန္တဒေသသို့
ကောင်းကင်ခရီးဖြင့်ြွကမြန်းတော်မူပြီး ထိုပစ္စန္တဒေသ၌ ပင့်ဆံတော် ၆ ဆူကို လူရော နတ်ပါ ၆ ဦးသော ဒါယကာ
တို့မှာ တစ်ဆူနှင့်တစ်ဆူ မနီးမဝေးတွင် စေတီများကို တည်ထားကိုးကွယ်ကြတော်မူလေသည်။
ထိုစေတီတော် ၆ ဆူအား တည်ထားကိုးကွယ်ရာ၌ အကြီးအမှူးပြု၍ ဒါယကာအဖြစ် ခံယူခဲ့သူများမှာ-
၁။ သိကြားမင်းတည်သော              -       သက္ကထူပ
၂။ ပဇ္ဇုန်နတ်သားတည်သော           -       ပဇ္ဇုန်ထူပ
၃။ မဏိမေခလာနတ်သမီးတည်သော -       မဏိမေခလာထူပ
၎။ သင်္ဘောသူကြီးတည်သော           -       အဒ္ဓိကနာဝိကထူပ
၅။ ဝရုဏနတ်မင်းတည်သော            -       ဝရုဏနာဂထူပ
၆။ ဒမိဠကြေးကုန်သည်တည်သော    -       ဒမိဠထူပ
စသည့်ဆံတော်ဓာတ်(၆)ဆူတို့ ဖြစ်ကြလေသည်။
ထိုစေတီတော် ၆ ဆူတို့မှာ ဘုရားရှင်၏(တတိယ)ဗျာဒိတ်အရ တောကြားချုံကြားထဲ၌သာ ဆင်းရဲစွာ
ကိန်းဝပ်တော်မူရရှာကြလေကုန်၏။
သာသနာ ၂၅၀ဝ ကျော်လွန်ပါက ဆံတော်ဓာတ် ၆ ဆူမှာ ပြန်လည်ပေါ်တော်မူပြီးလျှင် ပဇ္ဇုန်နတ်မင်းတည်
ထားသော(ပဇ္ဇုန်ထူပ)စေတီတော်ကို အကြောင်းပြု၍ ရဟန္တာကြီး ၆ ပါးတို့က ထပ်မံ၍ ဗျာဒိတ်တော်ထားပြန်
သည်မှာ-
(၁) သာသနာထက်ဝက်ကျော်၍ နောင်အနာဂတ်၌ ဤစေတီတော်သည် အလံ ၁၀ဝ မြေမှ စွင့်စွင့်ပေါ်မြင့်လာမည်
ကို မြင်တော်မူလေသည်။
(၂) ဆံတော်ဓာတ် ကိန်းဝပ်စံပျော်တော်မူသော နေရာ၌ပင် မင်းကောင်းမင်းမြတ် ပေါ်ထွန်းမည်ကို မြင်တော်မူ
သည်။ (သာသနာတစ်ဝက် မင်းကောင်းတစ်ချက် ဆိုသည်မှာ ဤဗျာဒိတ်အား ရည်ညွှန်းပြောဆိုနေဟန် ရှိသည်။)
(၃) သာသနာတော် ထက်ဝက်ကျော်၍ နောင်ကာလ၌ သောဏ္ဍာရစေတီဟူ၍ ကျော်စောထင်ရှားမည်ကိုမြင်တော်
မူသည်။
အထက်ပါ ဘုရားဗျာဒိတ်တော် ၄ ခွန်းနှင့်ရဟန္တာ ဗျာဒိတ်တော် ၃ ခွန်းအရ ပေါင်း ဗျာဒိတ်တော် ၇ ခွန်း
မှာ ဓနုဖြူမြို့နယ် ညောင်ချောင်းဇာတိဖြစ်သော ရှင်(Óဏဝံသ)ဆရာတော်သည် သက္ကရာဇ် ၁၂၈၈ ခုနှစ်၌ အာ
သီသဆန္ဒ ပြင်းပြတော်မူပြီး ကေလာသတောင်မြင့်၌ ဤသောဏ္ဍာရကျောက်စာကို စိုက်ထူထားခြင်း ဖြစ်ဟန်တူပါ
သည်။
ဆရာတော်သည် ဤကျောက်စာနှင့်ပတ်သက်၍ မြေပုံအညွှန်းနှင့်တကွ ပြဆိုပြီး ဆံတော်ဓာတ် ၆ ဆူမှာ ဘီးလင်းမြို့အနီးအနားတွင် ပေါ်ပေါက်လာမည်ဟု သာဓကအထောက်အထားများစွာကိုလည်း ပြ၍ထားပါ သည်။
ဆံတော်ဓာတ် ၆ ဆူ၊ သို့မဟုတ် သောဏ္ဍာရစေတီကြီး ပေါ်ပေါက်လာမည်ကို စာရေးသူသည် ငယ်စဉ်ကပင်
ကြားနာခဲ့ရပါသည်။ ပုတီးဂိုဏ်း၊ ကမ္မဋ္ဌာန်းဂိုဏ်း၊ ဂန္ဓာရီဂိုဏ်းဆရာများ၏မကြာခဏဆိုသလို ပြောဆိုနေသည် ကိုလည်း သိမှတ်ခဲ့ရပါသည်။ သို့သော် စာရေးသူ၏စိတ်ဝယ် မရှင်းမလင်းဖြစ်ရသည်မှာ ရက္ကန်းသည်မရွာ၊ ဝေ ပုလ္လတောင်တော်သို့ မဟာဂန္ဓာရီအတတ်ဖြင့် သီတင်းသုံးနေတော်မူသော ဝေပုလ္လဆရာတော်(ဝါ)ဦးကောသလ္လ (ယခုပျံလွန်ပြီး)ဆရာတော်သည် ဝေပုလ္လတောင်မြတ်အား မွမ်းမံပြင်ဆင်ပြီး တောင်အထက်နားတွင် ရွှေစေတီ တစ်ဆူ တည်ထားကိုးကွယ်ထားသည်နှင့် သထုံမြို့နှင့် ၆ မိုင်အကွာ နောင်ကုလားရွာတွင် ယနေ့တိုင် အစမသတ် သေးသော အလံတစ်ရာဆရာတော်ကြီးမှူးတည်နေသော အလံ ၁၀ဝ စေတီတို့မှာ ဤသောဏ္ဍာရကျောက်စာတွင် ပါရှိသည့်ဘုရားဗျာဒိတ်နှင့်ရဟန္တာဗျာဒိတ်တို့အရ အကြိုအနေဖြင့် ဖေါ်ညွှန်းနေသလော။ ゞင်းပြင် ကေလာသ စေတီအနီး မြသပိတ်စေတီတွင် သီတင်းသုံးနေသော ကော့လုံးဆရာတော်အမှူးရှိသော (ရွှေတိဂုံစေတီသို့ ဘိနပ် စီးတက်ခဲ့၍ နာမည်ကြီးခဲ့သူ)မြစန်းဝတီ စသည်တို့မှာလည်း ဘုရားရဟန္တာသိုက်စာအရ၊ ယခုကပင် ကြို တင်ပြင် ဆင်နေသလော စသည် တွေးတောစရာ ဖြစ်ပါသည်။ စာရေးသူ၏ဆန္ဒရင်းမှာမူ ဆံတော်ဓာတ် ၆ ဆူအမှန်ပေါ် ပေါက်၊ မပေါ်ပေါက်နှင့်၊ အထက်ပါ ဂိုဏ်းများမှ ပြုလုပ်ပြီး ပြုလုပ်ဆဲ လုပ်ငန်းများမှာ သောဏ္ဍာရကျောက်စာနှင့် ဆက်စပ်မှု ရှိ မရှိကို သိရှိလိုခြင်း ဖြစ်ပါ၏။


ကျိုက်ထို-မောင်သက်အောင်

မှတ်ချက်။      ။၁၉၇၃-ခုနှစ်၊ မတ်လ၊ အမှတ်(၃၂၇)ထုတ် သွေးသောက်မဂ္ဂဇင်း စာမျက်နှာ(၁၁၄ မှ ၁၁၆ ထိ)
၌လာသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်