#ကတူး_သက်_ပျူ_ကရင်နှင့်_အခြားမြန်မာအုပ်စုများရဲ့_သမိုင်းဦးခေတ်


တရုတ်ပြည်အနောက်မြောက်ပိုင်း ယခုကန်စုနယ်ကိုဖြတ်ပြီး အနောက်မှအရှေ့ကိုစီးတဲ့ မြစ်ဝါမြစ်ဖျားပိုင်းမှာ တောင်ဘက်ကနေစီးဝင်လာတဲ့ "ထောင်"အမည်ရှိ မြစ်လက်တက်တစ်ခုရှိတယ်။ အဲဒီ ထောင်မြစ်ဝှမ်းက ရှေးဦးလူတွေဟာ BC2000ခန့်မှာ ကျာက်ခေတ်သစ်လူနေမှုဘဝကိုရောက်ရှိနေပြီး တိဗက်မြန်မာဘာသာစကားအနွယ်ဝင်တို့ရဲ့ ရှေးဘိုးဘေးကြီးတွေဖြစ်ကြတယ်။ ကျနော်တို့လူမျိုးတွေရဲ့ အစပထမလို့ ပြောလို့ရတယ်။ ထောင်မြစ်ဝှမ်းသားတွေကို တရုတ်တွေက "ချိယန်"လို့ခေါ်ပြီး သိုးဆိတ်မွေးသူလို့ အဓိပ္ပာယ်ရပါတယ်။ ထောင်မြစ်ဝှမ်းသား တိဗက်မြန်မာအနွယ်တွေရဲ့ ကျောက်ခေတ်သစ်ယဉ်ကျေးမှုဟာ မြစ်ဝါမြစ်ဝှမ်းအလယ်ပိုင်းနှင့်အောက်ပိုင်းက ရှေးဟောင်းတရုတ် ကျောက်ခေတ်သစ်ယဉ်ကျေးမှုနှင့်အပြိုင်ဖြစ်ပြီး အဆင့်တန်းလည်း မနိမ့်ကျပါဘူး။ BC 1500-1000လောက်မှာ တရုတ်တွေက အနောက်ဘက်ကို နယ်ပယ်ချဲ့ထွင်တိုက်ခိုက်လာကြလို့ တိဗက်မြန်မာအနွယ်(ချိယန်)တွေဟာ အနောက်ဘက်ကို တဖြည်းဖြည်းတိုးရင်း ရွေ့ပြောင်းနေထိုင်လာကြတယ်။ မူရင်းဒေသကနေ အခုလို ထွက်ခွာလာကြပြီး BC500ခန့်မှာ ချိယန်တွေဟာ တရုတ်ပြည်အနောက်ပိုင်းမှာ စုစည်းမိပြီး အင်အားကြီးလာပြန်တယ်။ BC350ခန့်မှာ ချင်မြို့စားကြီးတပ်တို့ အလုံးအရင်းဝင်တိုက်ကြလို့ ချိယန်တွေ ထပ်မံပြောင်းရွှေ့ကြရပြန်တယ်။ အဲဒီလို ပြောင်းရွှေ့ခဲ့ကြတဲ့ ချိယန်တွေထဲက တချို့ဟာ သူတို့လမ်းခရီးရဲ့အနောက်ဘက် တိဗက်ကုန်းမြင့်ပေါ်တက်သွားကြတယ်။ ကျန်တဲ့ချိယန်တွေကတော့ သံလွင်၊ မဲခေါင်နှင့် ယန်စီမြစ်ကြောင်းအတိုင်းဖြတ်ပြီး တောင်ဘက်ကို ဆက်လက်ရွှေ့ပြောင်းသွားကြတယ်။ အဲဒီလို တောင်ဘက်ကိုရွှေ့ပြောင်းကြရာမှာ တချို့က တိဗက်ကုန်းမြင့်အနီး ကြမ်းတမ်းတဲ့ အနောက်ဘက်လမ်းကြောင်းကိုလိုက်ပြီး၊ တချို့က တရုတ်ပြည်အနီး သိပ်မကြမ်းတမ်းတဲ့ အရှေ့ဘက်လမ်းကြောင်းအတိုင်း လိုက်ခဲ့ကြတယ်။
မူလဒေသ ထောင်မြစ်ဝှမ်းက တိဗက်မြန်မာတွေဟာ တရုတ်ရန်ကြောင့် တောင်ဘက်ကို နယ်မြေရွှေ့ပြောင်းသွားကြရင်း --
၁။ တိဗက်ကုန်းမြင့်ပေါ်တက်သွားတဲ့အစု
၂။ တိဗက်ကုန်းမြင့်အနီး အနောက်ဘက်လမ်းကြောင်းအတိုင်း ရွှေ့ပြောင်းသွားတဲ့အစု
၃။ တရုတ်ပြည်အနီး အရှေ့ဘက်လမ်းကြောင်းအတိုင်း ရွှေ့ပြောင်းသွားတဲ့အစု
ဆိုပြီး အစု(၃)စု ကွဲသွားတယ်။
၁။ တိဗက်ကုန်းမြင့်ပေါ်တက်သွားတဲ့အစု
(တိဗက်)
တိဗက်ကုန်းမြင့်ဘက် တက်ရောက်သွားတဲ့ ချိယန်(တိဗက်မြန်မာနွယ်)တွေဟာ အေဒီ(၇)ရာစုမှာ အင်အားကြီးတဲ့ တိဗက်နိုင်ငံကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ကြတယ်။ ထိုအချိန်က တရုတ်ပြည်မှာ အင်အားကြီးအင်ပါယာ
ထန်ဧကရာဇ်ရဲ့သမီးတော်ကိုတောင် မိဖုရားမြှောက်ဖို့ တောင်းဆိုခဲ့တယ်။ စီပွားရေးဗျူဟာ နိုင်ငံခြားရေးဝါဒအရ တရုတ်ဧကရာဇ်ကိုယ်တိုင် တရုတ်မင်းသမီးတစ်ပါးကို ပေးပို့စေခဲ့ပါတယ်။
၂။ အနောက်ဘက်လမ်းကြောင်းအတိုင်း ရွှေ့ပြောင်းသွားတဲ့အစု ( သက်/ကတူး ၊ နာဂ ၊ ချင်း )
အနောက်ဘက်လမ်းကြောင်းအတိုင်း ရွှေ့ပြောင်းသွားကြသူတွေဟာ သက်(ကန္တူ)အစု ၊ နာဂအစု ၊ ချင်းအစု တွေ အများစုဖြစ်ပြီး မြန်မာပြည်အနောက်မြောက်ဘက်ကနေ မြန်မာနိုင်ငံတွင်းကို စတင်ဝင်ရောက်လာခဲ့ကြတယ်။ [BC4ရာစုမတိုင်ခင်ကတည်းက ဝင်လာတာဖြစ်နိုင်ပါတယ်။]
သက်တွေဟာ မူလက မဏိပူရကနေ အရှေ့ဘက်ဧရာဝတီအထိ ပျံ့နှံ့နေထိုင်ခဲ့ကြတယ်။ နာဂတွေဝင်ရောက်လာတဲ့အခါ မဏိပူရဘက်ကသက်နှင့် အရှေ့ဘက်(မြန်မာနိုင်ငံတွင်း)ကသက်တွေ ကွဲသွားပြီး အဆက်ပြတ်ခဲ့ကြတယ်။ ချင်းအစုက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဝင်ရောက်လာပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်နှင့် အနောက်ရိုးမကို စိုးမိုးလာကြတော့ နာဂတွေက အနောက်ဘက်ရွှေ့ပြောင်းသွားတယ်။ အနောက်ဘက်(မဏိပူရ)ကသက်နှင့် အရှေ့ဘက်(မြန်မာ)ကသက်တွေလည်း ပိုပြီးဝေးကွာသွားကြတယ်။ [ သက္ကမတွေက အရှေ့သက်၊ အနောက်သက်နှင့် ရှမ်းသက် ဆိုပြီး သက်(၃)မျိုးရှိကြောင်း၊ အရှေ့သက်နှင့်အနောက်သက်က အတူတူဖြစ်ပြီး အာရိယာန်စကားပြော သကျနွယ်ဝင်တွေဖြစ်ကြောင်း၊ ရှမ်းသက်ကတော့ အဆက်(သက်/ကတူး)တွေဖြစ်ပြီး တိဗက်မြန်မာနွယ်တွေဖြစ်ကြောင်း၊ စသဖြင့် ယူဆရေးသားနေကြတာတွေ့ရပါတယ်။ အရှေ့သက် အနောက်သက် ဆိုတာနှင့်ပတ်သက်ပြီး အခုဖော်ပြခဲ့တဲ့ အနောက်(မဏိပူရ)သက်နှင့် အရှေ့(မြန်မာ)သက် တွေက ဆက်စပ်မှုရှိနေမလားလို့ စဉ်းစားမိပါတယ်။ မဏိပူရဘက်က သက်တွေဟာ အခုဘယ်ရောက်နေသလဲ။ အဲဒီဒေသမှာ ရှိနေတုန်းလား။ အခု ဘင်္ဂလားဒေ့ရှ်ဘက်က Chakဆိုတဲ့ သက်အနွယ်ဝင်တွေဟာ မဏိပူရက သက်တွေနှင့် ဆက်စပ်နေမလား။ စဉ်းစားစရာပါ။ (ကျနော်-သန်းနိုင် အမြင်သက်သက်မျှသာ) ]
အရှေ့(မြန်မာ)ဘက်က သက်(ကန္တူ)တွေဟာ ဧရာဝတီမြစ်ကမ်းမှာပဲ သင်းတွဲခေါ် တကောင်းမြို့တော်ကို တည်ထောင်ခဲ့ကြပါတယ်။ [ "တာကောင်" ကနေ "တကောင်း"ဆိုပြီးဖြစ်လာကြောင်း ကတူးရာဇဝင်က ဆိုပါတယ်။ "တာ" ဆိုတာ "ခြေထောက်" ၊ "ကောင်" ဆိုတာ "နင်းသည်" လို့ အဓိပ္ပာယ်ရပါတယ်။ "တာကောင်"ဆိုတာ ကတူးလို "ခြေချသည်"လို့ တိုက်ရိုက်အဓိပ္ပာယ်ရပြီး အခြေချနေထိုင်ခြင်းကို ဆိုလိုပါတယ်။ တချို့သမိုင်းဆရာတွေက ရှမ်းဘာသာစကား "တာ့ကုန်း" ကို မြန်မာတွေက "တကောင်း" လို့ အသံထွက်ကြခြင်းဖြစ်ပြီး တကောင်းဟာ ရှမ်းစကားဖြစ်ကြောင်း၊ ရှမ်းစကားဖြင့် "တာ့" ဆိုတာ "ကုတို့" ၊ "ကုန်း"ဆိုတာ "စည်" လို့အဓိပ္ပာယ်ရပြီး "စည်ကုတို့"လို့ တိုက်ရိုက်အဓိပ္ပာယ်ရကြောင်း ၊ စည်ရဲ့မျက်နှာပြင်လို ညီညာလှတဲ့ကုတို့ဆိတ်လို့ဆိုလိုကြောင်း ပြောကြပါတယ်။ အဆိုနှစ်ခုလုံးက အထောက်အထားကိုယ်စီရှိပြီး ခိုင်မာမှုမရှိပါ။ မည်သို့ဆိုစေ ပုဂံခေတ်တစ်လျှောက်မှာတော့ တကောင်းမှာ ကတူးတွေအဓိကနေထိုင်ကြတာတော့ ခိုင်မာပါတယ်။]
တကောင်းဟာ တရုတ်နှင့်အိန္ဒိယ ကုန်သွယ်လမ်းကြောင်းပေါ်မှာရှိနေလို့ ယဉ်ကျေးမှုတွေ ပေါင်းစည်းရာ ဖလှယ်ရာ အဓိက အချက်အခြာနေရာတစ်ခုဖြစ်ခဲ့ပြီး ပုဂံခေတ်ပျက်ချိန် AD1300 အထိ အရေးပါတဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ထိ ကတူးတွေပဲ အဓိကနေထိုင်ကြပါတယ်။
၃။ အရှေ့ဘက်လမ်းကြောင်းအတိုင်း ရွှေ့ပြောင်းသွားတဲ့အစု (လော်လော်၊ ကရင် ၊ ပျူ ၊ ရှေးမြန်မာ)
#လော်လော်အစု
အရှေ့ဘက်လမ်းကြောင်းလိုက်သူတွေထဲက အရှေ့ဘက်အစွန်ကျသူတွေဟာ ယန်စီမြစ်အတိုင်းလိုက်ရင်း ယူနန်နယ်အရှေ့မြောက်ပိုင်းကို ရောက်သွားတယ်။ အဲဒီလူတွေက လော်လော်(Lo Lo)အစု ဖြစ်ပါတယ်။
#ကရင်အစု
သံလွင်နှင့်မဲခေါင်မြစ်အတိုင်း ဆက်လိုက်သွားသူတွေကတော့ ကရင်၊ ပျူ ၊မြန်မာ တွေဖြစ်ပါတယ်။ ကရင်အစုက သံလွင်မြစ်ကြောင်းအတိုင်းပဲ မြန်မာနိုင်ငံတွင်းထိ ဆက်လိုက်ရင်း ရှမ်းပြည်တောင်ပိုင်းအရောက်မှာ အနောက်ဘက်ချိုးပြီး ယခု မိုးဗြဲနယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်မြောက်ပိုင်းကို ရောက်ခဲ့ကြတယ်။
#ပျူအစု
ပျူအစုခွဲဟာ သံလွင်မြစ်ကြောင်းအတိုင်းလိုက်ရင်း ယူနန်အနောက်ပိုင်းကိုရောက်တဲ့အခါ တပိန် ရွှေလီမြစ်ကြောင်းအတိုင်းဆက်လိုက်ပြီး ဧရာဝတီမြစ်ကြောင်းဘက် ဆင်းလာခဲ့ကြတယ်။ သူတို့ဟာ ပထမဆုံးပျူမြို့တော် ဗိဿနိုးကို တည်ထောင်ခဲ့ကြတဲ့ပျူတွေဖြစ်ပြီး၊ သရေခေတ္တရာကိုတည်ထောင်တဲ့ ဒုတိယပျူတွေလည်း ဒီလမ်းကြောင်းအတိုင်းပဲ လိုက်ခဲ့ဖွယ်ရှိပါတယ်။ သူတို့ဟာ ရောက်နှင့်ပြီးဖြစ်တဲ့သက်(ကတူး)တွေနှင့်ထိတွေ့ခဲ့ပြီး သက်တို့ကိုရှောင်းကွင်းရင်း မြန်မာပြည်တောင်ဘက်ကို ဆက်လက်ရွှေ့ပြောင်းခဲ့ကြတယ်။
[ ပျူတွေ ဧရာဝတီမြစ်ဝှမ်းကို ဘယ်အချိန်စရောက်လဲဆိုတာမသိရပေမယ့် ခရစ်မတိုင်မီ နှစ်ရာစုလောက်မှာ ရှေးတရုတ်တွေက ပျူဝတ်ဆိုတဲ့အမည်ကို သိရှိနေကြပြီဖြစ်လို့ အနည်းဆုံး BC3-4ရာစုလောက်မှာ မြန်မာနိုင်ငံရောက်နေပြီလို့ ယူဆနိုင်ကြောင်း ဦးရည်စိန်က ဆိုပါတယ်။<လက်ရွေးစဉ်စာတမ်း-စာမျက်နှာ၆၃/၆၄ >
ကတူးတွေက ပျူထက်စောပြီးဝင်လာတာဖြစ်လို့ ပျူက BC4ရာစုမှာရောက်နေပြီဆိုရင် ကတူးက BC4ရာစုမတိုင်ခင်ကရောက်တယ်လို့ဆိုနိုင်ပါတယ်။]
#ရှေးမြန်မာအစု ( ဤအစုတွင် မြန်မာအစုခွဲများစွာပါဝင်သည်)
ရှေးမြန်မာအစုတွေဟာ သံလွင်မြစ်အနောက်ဘက် ဧရာဝတီမြစ်ဖျား မေခမြစ်နှင့် မြစ်လက်တက်များအတိုင်းလိုက်ပြီး ရွှေ့ပြောင်းရင်း ဧရာဝတီမြစ်ကြောင်းက ဗန်မော်ခရိုင်လောက်အထိပဲ ရောက်နိုင်ခဲ့ကြတယ်။ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်စပ်ကြားဒေသမှာ သက်(ကတူး)တွေကြီးစိုးတဲ့ တကောင်းနိုင်ငံရှိနေတဲ့အတွက် ရှေးဦးမြန်မာတွေဟာ မြေပြန့်ဆီ ဆက်လက်မထိုးဖောက်နိုင်ခဲ့ကြဘူး။ မရူ၊ လရှီ၊ အဇီး၊ မိုင်းသာနှင့် ဖွန်း စတဲ့ မြန်မာအစုခွဲတိုင်းရင်းသားတချို့က မြောက်ပိုင်းကချင်ပြည်နယ်နှင့် ဗန်းမော်ခရိုင်တွင်းမှာပဲ ကျန်ရစ်ခဲ့ကြပြီး တချို့မြန်မာတွေက ကချင်ပြည်နယ်အရှေ့ပိုင်းနှင့်ယူနန်အနောက်ပိုင်းကနေ တောင်ဘက် ရှမ်းပြည်မြောက်ပိုင်း၊ အဲဒီကတစ်ဆင့် ရှမ်းပြည်တောင်ပိုင်း မြေလတ်ဒေသ၊ အဲဒီကတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းမြေပြန့် ကျောက်ဆည်နှင့်မင်းဘူးဒေသတွေကိုဝင်ရောက်အခြေချနေထိုင်ခဲ့ကြတယ်။
(ရှေးမြန်မာအစုထဲကနေ ကချင်ပြည်နယ်နှင့်
ရှမ်းပြည်မြောက်ပိုင်းတစ်ဝိုက်မှာ ကျန်ရစ်ခဲ့တဲ့တစ်စု၊ ရှမ်းပြည်မြေလတ်နှင့်ကုန်းမြင့်တစ်ဝိုက်ထိရောက်ရှိပြီး ထိုဒေသမှာပဲ ကျန်ရစ်ခဲ့တဲ့တစ်စု၊ ရှမ်းပြည်ကနေ မြန်မာပြည်မြေပြန့်ထိ ဆက်လက်ရွှေ့ပြောင်းသွားတဲ့တစ်စု၊ အဲဒီကတစ်ဆင့် အနောက်ဘက်ရခိုင်ပြည်နယ်ထိ ဆက်လက်ရွှေ့ပြောင်းသွားတဲ့အစု စသဖြင့် မြန်မာအစုခွဲများအကြောင်းကို နောက်ပိုင်း မှတ်စုမှတ်ရာ အတိုအထွာမှာ ဖော်ပြပါမယ်)
အပေါ်မှာပြောခဲ့တာတွေက ကျောက်ခေတ်ကာလ မူလဒေသ ထောင်မြစ်ဝှမ်းကနေ မြန်မာပြည်ထဲကို ပျူ၊ သက်၊ ကရင်၊ မြန်မာအစုတွေ ဘယ်လိုဝင်ရောက်ခဲ့ကြတယ်ဆိုတဲ့အကြောင်းပါ။ အဲဒီ ပျူ သက် ကရင် မြန်မာအစုတွေ မြန်မာနိုင်ငံတွင်းမရောက်သေးခင်ကာလမှာ မြန်မာနိုင်ငံတောင်ဘက် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် ဆိပ်ကမ်းမြို့တွေရှိပြီး သုဝဏ္ဏဘူမိက အထင်ရှားဆုံးဖြစ်တယ်။ သုဝဏ္ဏဘူမိဟာ စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြား မုတ္တမပင်လယ်ကွေ့ပေါ်က ကမ်းခြေဒေသမှာ တည်ရှိတယ်။ အဲဒီဒေသမှာ ခရစ်ပေါ်ဦးလောက်က ပထမနေထိုင်သွားကြသူတွေကတော့ ပုပြီး တုတ်ခိုင်တဲ့ သြစတြေလွိုက်လူမျိုးနွယ်တွေဖြစ်ပြီး ရှေးဦးမွန်လူမျိုးတွေရောက်လာချိန်မှာ သူတို့က ပင်လယ်ဘက်ဆီ ဆုတ်ခွာသွားကြဟန်ရှိတယ်။ တချို့လည်း ယခု သထုံ(ရက္ခပူရ)မြို့ကို တည်ထောင်ကြတယ်။ ရှေးဦးမွန်တွေအင်အားများလာတဲ့အခါ သူတို့ဟာ အဲဒီဒေသကနေပဲ တောင်ဘက်ကို ဆက်လက်ရွှေ့ပြောင်းခဲ့တာ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ရှေးဦးပေါ်ပေါက်ခဲ့တဲ့ပဒေသရာဇ်နိုင်ငံတွေထဲမှာ သုဝဏ္ဏဘူမိ(မွန်)၊ ဗိဿနိုး(ပျူ)၊ တကောင်း(သက်)နှင့် ဝေသာလီ(မူလအင်ဒိုအာရိယန်) နိုင်ငံငယ်တွေက ထင်ရှားတယ်။
ဗိဿနိုးကို AD1ရာစုထက်နောက်မကျတဲ့ကာလမှာ တည်ခဲ့တယ်။ AD5ရာစုလောက်မှာ သရေခေတ္တရာပျူတွေနှင့် စစ်မက်ဖစ်ပွားပြီး ဗိဿနိုးပျက်တယ်။
AD1ရာစုကနေ AD9ရာစုအလယ်ထိကာလကို ပျူတွေကြီးစိုးတဲ့ခေတ်လို့ သာမန်အားဖြင့် ခေါ်လို့ရတယ်။ AD1ရာစုကနေ AD5ရာစုအထိ ပထမပျူတို့ရဲ့ ဗိဿနိုးနိုင်ငံတော်ထွန်းကားပြီး၊ AD5ရာစုကနေ AD9ရာစုအလယ်ထိ ဒုတိယပျူတို့ရဲ့ သရေခေတ္တရာနိုင်ငံတော် ထွန်းကားတယ်။ သုဝဏ္ဏဘူမိ ၊ ဝေသာလီ နိုင်ငံတွေကတော့ ပျူနှင့်အပြိုင် ထွန်းကားခဲ့ကြတယ်။
AD 832မှာ ပျူမြို့တော် သရေခေတ္တရာကို နန်စောတွေတိုက်ခိုက်သိမ်းပိုက်ပြီး ပျူ၃၀၀၀ ကို သုံ့ပန်းအဖြစ် ဖမ်းဆီးသွားတယ်။
AD835မှာ မွန်မြို့တော် သုဝဏ္ဏဘူမိကို နန်စောတွေ ဝင်ရောက်တိုက်ခိုက်ကြပြီး လူ၂၀၀၀ကျော်ကို သုံ့အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။
[သက်တွေရဲ့ တကောင်းကိုလည်း AD 8 ရာစုအတွင်းမှာပဲ နန်စောတွေ ဖျက်ဆီးခဲ့ပြီး ဖြစ်နိုင်ပါတယ်။ ဒါကို နောက်မှ ဆက်ရှင်းပြပါမယ်]
အဲဒီအချိန်က အခုရခိုင်ပြည်ကို မြန်မာအစုခွဲ ရခိုင်တွေ မရောက်သေးဘူး။
ဝေသာလီနိုင်ငံ မြောက်ဦးမြို့တော်ကို အင်ဒိုအာရိယန်အနွယ် အိန္ဒိယမြောက်ပိုင်းသားတွေ မူလတည်ထောင်ပြီး နေထိုင်ခဲ့ကြတယ်။ ၁၀-၁၁ရာစုကာလ ရှေးဦးမြန်မာ(ရခိုင်)တွေရောက်လာချိန်အထိ ဝေသာလီပြည် တည်ရှိခဲ့တယ်လို့ ယူဆဖွယ်ရှိတယ်။
ဒီလိုနှင့် AD 9 ရာစုအတွင်းမှာ သရေခေတ္တရာ၊ သုဝဏ္ဏဘူမိ၊ [တကောင်း] ၊ ဆိုတဲ့ ပျူ မွန် သက် တို့ရဲ့ မြို့တော်တွေပျက်စီးပြီး မြန်မာနိုင်ငံတွင်းအခြေအနေဟာ ဖရိုဖရဲဖြစ်နေတယ်။
မြန်မာပြည်မြောက်ပိုင်း ချင်းတွင်းနှင့်ဧရာဝတီဆုံရာ တကောင်းဒေသတစ်ဝိုက်မှာ သက်လူမျိုးတွေ၊ စစ်တောင်းမြစ်ဝှမ်းအလယ်ပိုင်းလောက်မှာ ကရင်တွေ၊ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းနှင့်တောင်ဘက်ပိုင်းမှာ ပျူတွေ၊ ဇော်ဂျီနှင့်ပန်းလောင်မြစ်ဝှမ်းဒေသမှာ ရှေးမွန်တွေ စသဖြင့် အသီးသီးအခြားခြား ဖရိုဖရဲ ရှိနေခဲ့ကြတယ်။
ဒီအခြေအနေက ရှေးဦးမြန်မာတွေ ဝင်ရောက်ဖို့ အခွင့်ကောင်းတစ်ခုဖြစ်ခဲ့တယ်။ (ရှေးဦးမြန်မာတွေ မြန်မာနိုင်ငံတွင်း ဆင်းသက်လာပုံကို အထက်မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။)
- အခြားဘယ်မြန်မာတိုင်းရင်းသားမှ မရောသေးခင် မြန်မာနိုင်ငံတောင်ဘက်မှာ မွန်ခမာတွေရှိနှင့်တယ်။
- BC4ရာစုမတိုင်ခင်ကာလလောက်မှာ သက်(ကတူး)၊ ချင်း၊ နာဂ တွေ မြန်မာနိုင်ငံတွင်းကို စတင်ရောက်ရှိတယ်။
- BC 3-4ရာစုလောက်မှာ ပျူတွေ ဝင်လာတယ်။ AD1ရာစုလောက်မှာ ဗိဿနိုးမြို့ကြီး စည်ကားနေပြီဖြစ်တယ်။
- [ AD763မှာ နန်စောတပ်တွေကြောင့် တကောင်း(သက်/ကတူး)နှင့် ဟန်လင်း(ပျူ) ပျက်သုဉ်းတယ်။ ]
- AD 832 မှာ သရေခေတ္တရာ(ပျူ) ပျက်တယ်။
- AD 835 မှာ သုဝဏ္ဏဘူမိ(မွန်) ပျက်တယ်။
-AD830ကျော်လောက်မှာ ရှေးမြန်မာတွေက ရှမ်းပြည်မြေလတ်ဒေသကနေ ကျောက်ဆည်မင်းဘူးမြေပြန့်ကို စတင်ဝင်ရောက်အခြေချတယ်။
AD849/850လောက်မှာ ပျဉ်ပြားမင်းက ပုဂံမြို့ကို စတင်တည်ထောင်တယ်။
AD 1044လောက်မှာ ပုဂံမှာ အနော်ရထာ နန်းတက်တယ်။
(အနော်ရထာအရင်က မြန်မာနိုင်ငံအကြောင်း အကျဉ်းချုပ်က ဒီလောက်ပါပဲ။)
__________________________________
**
[ AD 832မှာ ပျူမြို့ကိုလည်းကောင်း၊ AD 835မှာ မွန်မြို့ကိုလည်းကောင်း နန်စောတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ပြောခဲ့တယ်။ မွန်မြို့ကတော့ သုဝဏ္ဏပူမိဖြစ်ကြောင်း သေချာတယ်။ ပျူမြို့က ဟန်လင်း လား ၊ သရေခေတ္တရာလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဆရာကြီးG.H Luceကတော့ AD832မှာ တိုက်ခိုက်ခံရတဲ့ပျူမြို့ဟာ ဟန်လင်းဖြစ်နိုင်ကြောင်းဆိုပါတယ်။ နောက်ပိုင်း တရုတ်မြန်မာသမိုင်းဆရာဦးရည်စိန်က ဆရာလုစ်ယူဆသလိုမဟုတ်ဘဲ သရေခေတ္တရာမြို့သာဖြစ်နိုင်ကြောင်း ဆန်းစစ်ရေးသားထားပါတယ်။ AD763-764ခုနှစ်လောက်မှာကတည်းက နန်စောဘုရင်ကော်လော်ဖဲင့်ရဲ့စစ်တပ်တွေက တကောင်းအထိ ဧရာဝတီမြစ်ညှာတစ်လျှောက် တိုက်ခိုက်သိမ်းပိုက်
ခဲ့ပြီးဖြစ်ကြောင်း မှန်နန်းရာဇဝင်(ပ-တွဲ)မှာလည်း ဖော်ပြထားတယ်။ ဒါကြောင့် သက်တွေရဲ့တကောင်းမြို့ဟာ
AD764ကတည်းက ပျဉ်းသုဉ်းပြီးဖြစ်တယ်။ ဒီလိုပဲ ဟန်လင်းကလည်း AD832မတိုင်မီ AD763-764ကတည်းက ပျက်သုဉ်းပြီးဖြစ်တယ်။ AD832မှာ နန်စောတွေတိုက်ခိုက်ခဲ့တာက သရေခေတ္တရာပဲ ဖြစ်ပါတယ်။
-AD763-764မှာ ဟန်လင်း(ပျူ)နှင့် တကောင်း(သက်) ပျက်သုဉ်း။
-AD832မှာ သရေခေတ္တရာ(ပျူ) ပျက်သုဉ်း။
-AD835မှာ သုဝဏ္ဏဘူမိ ပျက်သုဉ်း။ ] **
____________________________________________________________________________________
#မှတ်စုမှတ်ရာ_အတိုအထွာများ
* မြန်မာအစုဝင်စကားတွေကို (၃)မျိုး ခွဲခြားနိုင်တယ်။
၁။ အများစုပြောနေတဲ့မြန်မာစကား။
၂။ အဲဒီမြန်မာစကားနှင့် အသံနှင့်လေယူလေသိမ်း အနည်းငယ်ကွဲပြားတဲ့ "အသံကွဲမြန်မာစကား" ။
၃။ အဲဒီလိုစကားအားလုံးနှင့် အခြေခံတူညီတဲ့ "ရှေးဦးမြန်မာစကား"။
ဘာသာဗေဒအရ မြန်မာနိုင်ငံသား(၁၀)ဦးမှာ (၈)ဦးက မြန်မာအစုဝင်စကားတစ်ခုခုကို ပြောသူတွေဖြစ်တယ်။
၁။ မြန်မာစကားပြောသူတို့ရဲ့ အချက်အချာဒေသ
တစ်နိုင်ငံလုံး အနှံ့အပြားပြောကြပေမယ့် မန္တလေး၊ ရွှေဘို၊ စစ်ကိုင်း၊ ပခုက္ကူ၊ မြင်းခြံ၊ ကျောက်ဆည်၊ မိတ္ထီလာခရိုင်တွေမှာ အဓိက အများဆုံးပြောဆိုကြတယ်။
၂။ အသံကွဲမြန်မာစကားပြောသူများ(ရခိုင်၊ ယော၊ ချောင်းသား၊ ထားဝယ်၊ မြိတ်၊ ဓနု၊ တောင်ရိုး၊ အင်းသား စသည်)
အနောက်ဘက် ရမ်းဗြဲခိုင်နှင့်စစ်တွေခရိုင်(ရခိုင်စကား)၊ ပခုက္ကူခရိုင် ထီးလင်းနှင့် ဆောဒေသ(ယောစကား)၊ ချင်းဝိသေသတိုင်း တောင်ပိုင်း ကုလားတန်မြစ်ရိုးတစ်လျှောက်(ချောင်းသားစကား)၊ အရှေ့ပါကစ္စတန်(အနောက်ဘက်သားတို့ပြောတဲ့ရခိုင်စကား၊ မြောက်ဘက်သားတို့ပြောတဲ့ချောင်းသားစကား) ၊ တောင်ဘက်မှာ ထားဝယ်ခရိုင်(ထားဝယ်စကား)၊ မြိတ်ခရိုင်(မြိတ်စကား)၊ ရှမ်းပြည်မြေလတ်ရဲ့ အနောက်စွန်တစ်လျှောက်က ဓနုစကား၊ သူတို့ရဲ့အရှေ့ဘက်က တောင်ရိုးစကား၊ အင်းလေးကန်တစ်ဝိုက်က အင်းသားစကား စသဖြင့် အသံကွဲမြန်မာစကားပြောတိုင်းရင်းသားတွေရှိတယ်။ အသံကွဲမြန်မာစကားတွေဆိုပေမယ့် ဓနု ၊ တောင်ရိုး၊ အင်းသားစတဲ့ ကုန်းမြင့်နေတိုင်းရင်းသားတွေဟာ မြေပြန့်နေ အသံကွဲမြန်မာစကားပြောတိုင်းရင်းသားတွေနှင့် စကားသံ၊ ယဉ်းကျေးမှု၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှုတွေ ကွဲပြားကြတယ်။ ရှမ်းပြည်မြေလတ်ကုန်းမြင့်နေ အသံကွဲမြန်မာတိုင်းရင်းသားတွေဟာ မြန်မာမြေပြန့်ဘက်ကိုပြောင်းရွှေ့ကြစဉ်က လိုက်ပါမလာဘဲ ချန်နေရစ်ကြသူတွေဖြစ်တယ်။
၃။ ရှေးဦးမြန်မာစကားပြောသူများ(မရူ၊ အဇီး၊ မိုင်းသာ-အချန်း၊ လရှီ၊ ဖွန်း စသည်)
ရှမ်းပြည်မြောက်ပိုင်း နမ္မတူဒေသနှင့် ကချင်ပြည်မြောက်ပိုင်း လောခေါင်နယ်နှင့်ထောဂေါတစ်ဝိုက် မေခမြစ်ဝှမ်းက မရူတိုင်းရင်းသား၊ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နယ် မြန်မာတရုတ်နယ်စပ်တစ်လျှောက်နှင့် ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက် ဆမားနယ်တစ်ဝိုက်ရှိ အဇီးခေါ် ဇီးတိုင်းရင်းသား၊ ဗန်းမော်နယ်မှာအနည်းငယ်တွေ့ရပြီး ယူနန်နယ် ဟိုသာနှင့်လသာမှာတွေ့ရတဲ့ မိုင်းသာခေါ် အချန်းတိုင်းရင်းသား၊ ဆမားနယ်ရဲ့မြောက်ဘက်ဆဒုံနယ်နှင့် လောခေါင်နယ်တောင်ပိုင်းက လရှီတိုင်းရင်းသား၊ ဗန်းမော်ခရိုင်နှင့်မြစ်ကြီးနားခရိုင်ဆုံရာ ဧရာဝတီပထမမြစ်ကျဉ်းက ဖွန်းတိုင်းရင်းသား စတဲ့တိုင်းရင်းသားတွေဟာ အခြေခံတူ မြန်မာအသံကွဲစကားပြော ရှေးမြန်မာတွေဖြစ်တယ်။
* အေဒီ၉ရာစုအတွင်း သရေခေတ္တရာနှင့် သုဝဏ္ဏပူမိကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နန်စောစစ်တပ်တွေထဲမှာ တိဗက်မြန်မာအနွယ် ရှေးမြန်မာတွေလည်း ရှေ့တန်းက ပါဝင်ခဲ့ကြတယ်။ ရှေးက ပညာရှင်တွေက နန်စောကို ရှမ်းလို့ သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းသုတေသနပြုချက်တွေအရ နန်စောနိုင်ငံမှာ လောလောအစုဝင် တိဗက်မြန်မာတွေအများစုဖြစ်ပြီး ထိုင်းတရုတ်အနွယ်(ရှမ်း)တွေက အနည်းငယ်ပဲရှိကြောင်း သိရပါတယ်။
နန်စောသားတွေဟာ ဖခင်အမည်ရဲ့နောက်ဆုံးစာလုံးကို သားရဲ့အစဆုံးစာလုံးအဖြစ် အသုံးပြုကြတယ်။
ဥပမာ။ ။ လော်ရှဲင့်
ရှဲင့်လော်ဖီ
ဖီလော်ကော
ကောလော်ဖှဲင့်
ဖှဲင့်ကျာယီ
ယီမိုယွန်
တိဗက်မြန်မာအနွယ်ဖြစ်တဲ့ပျူတွေလည်း အဲဒီအတိုင်းပဲ မှည့်ခေါ်တဲ့ဓလေ့ရှိတယ်။ မြန်မာရာဇဝင်ကျမ်းတွေမှာ ပျူစောထီးရဲ့အဆက်အနွယ်တွေကို အဲဒီအတိုင်း အမည်ပေးထားပါတယ်။
- ပျူစောထီး
ထီးမင်းယာဉ်
ယာဉ်မင်းပိုက်
ပိုက်လည်သေည်
သေည်လည်ကြောင်
ကြောင်တူရစ် ။
ရှေးမြန်မာအနွယ်ဖြစ်တဲ့ မရူတိုင်းရင်းသားတွေရဲ့ မျိုးနွယ်စဉ်အလိုက် အမည်ပေးပုံ--
- တောင်ခွန်
ခွန်ကျုင်း
ကျုင်းလုမ်း
ရှေးမြန်မာအနွယ် လရှီတိုင်းရင်းသားတွေ အမည်ပေးပုံ ...
- လုံချန်
ချန်လန်း
လန်းတင့်
ဒီနေ့ခေတ် မြန်မာအများစုက ဒီလိုအမည်ပေးတဲ့ဓလေ့ကို မလိုက်နာကြတော့ပေမယ့် ရှေးယခင်ပျူတွေ၊ ယနေ့ မရူ၊ လရှီ
တိုင်းရင်းသားတချို့တွေက လိုက်နာနေဆဲဖြစ်လို့ နန်စောနှင့်ဆက်နွယ်မှုကို တစ်ပိုင်းတစ်စတွေ့ရတယ်။
ဒါ့အပြင် နန်စောနှင့်ရှေးမြန်မာအနွယ်တွေဟာ ယဉ်ကျေးမှုအစဉ်အလာနှင့် သမိုင်းဦး ဒဏ်ဍာရီတွေလည်း နီးနီးစပ်စပ်တူညီနေတာတွေ့ရတယ်။ ဒါကြောင့် နန်စောဟာ လော်လော်အစုဝင် တိဗက်မြန်မာအနွယ်တွေဖြစ်ကြောင်း သိနိုင်ပါတယ်။
** ညောင်ဦးစောရဟန်းက မင်းသမီးညီအစ်မတော်သုံးပါးကို မိဖုရားမြှောက်တယ်။ အကြီးမနှင့် ကျည်းဆိုးကို ကိုယ်ဝန်၉လ ၊ အလတ်မနှင့် စုက္ကတေးကို ကိုယ်ဝန် ၆လ လောက်မှာ စောရဟန်း အနိစ္စရောက်တယ်။
စောရဟန်းနောက် ကွမ်းဆော်ကြောင်ဖြူ မင်းဖြစ်တယ်။ ကွမ်းဆော်ကလည်း အဲဒီမင်းသမီးသုံးပါးကိုပဲ မိဖုရားမြှောက်တယ်။ အငယ်မနှင့် အနော်ရထာမင်းစောကို ကိုယ်ဝန်လွယ်ပြီး ဖွားမြင်တယ်။
အေဒီ ၁၀၄၄ ခုနှစ်မှာ အနော်ရထာ နန်းတက်တယ်။
__________________________________
#မှတ်ချက်_၁
ဒီစာစုတစ်ခုလုံးဟာ ဆရာဗိုလ်မှူးဘရှင်ရဲ့ အနော်ရထာအရင်ကမြန်မာနိုင်ငံစာအုပ်ကို ကိုကားပြီး ရေးထားပါတယ်။ ဆရာ့စာအုပ်ကိုဖတ်ရင်း ရေးမှတ်ထားတဲ့မှတ်စုတွေကို အဆင်ပြေသလို ပြန်လည်စုစည်းရေးသားခြင်းသာဖြစ်ပါတယ်။
အခြားဘယ်စာအုပ်စာတမ်းနှင့်မှ တိုက်ဆိုင်စစ်ဆေးတာမျိုးမလုပ်ထားတဲ့အတွက် မှားခြင်း မှန်ခြင်း ဆိုတာထက် မှတ်စုတိုအနေနှင့်သာ ရေးသားခြင်းဖြစ်ပါတယ်။
#မှတ်ချက်_၂
[ ] ကွင်းထဲမှာ ဖော်ပြရေးသားထားတာတွေ
ကတော့ ဗိုလ်မှူးဘရှင်ရဲ့စာအုပ်ထဲကမဟုတ်ဘဲ
ကျနော့်အမြင်သက်သက်ကို ရေးထားခြင်းဖြစ်ပါတယ်။
#မှတ်ချက်_၃
နောက်ဆုံး ရေဒီယိုကာဗွန်စမ်းသပ်ချက်များအရ သရေခေတ္တရာမြို့ဟောင်းသက်တမ်းက BC2ရာစုခန့်ဖြစ်ပြီး ၊ သရေခေတ္တရာနိုင်ငံရဲ့အကျယ်အဝန်းကိုရေးထိုးထားတဲ့ အတိတျာမင်း ကျောက်အရိုးအိုးစာမှာ ကတူးတိုင်းဆိုပြီး ဖော်ပြပါရှိကြောင်းသိရပါတယ်။ ဒါကြောင့် BC2ရာစုလောက်မှာ ပျူ/ဗမာ/သက်-ကတူး တွေဟာ အတူယှဉ်တွဲနေထိုင်ကြပြီလို့ ယူဆနိုင်ပါတယ်။
#ဗဟုသုတအလို့ငှာဖြင့်_
#သန်းနိုင်(19.9.2016)
#နေမြန်မာ(ရွှေကတူး)







0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်