မူၾကိဳတန္း အဘိဓမၼာ (၄)

ဝိပါကပစ္စည်း

ဝိပါကပစ္စယောတိ -
၁။ ဝိပါကာ စတ္တာရော ခန္ဓာ အရူပီနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။


ကုသိုလ် အကုသိုလ်ကံတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုး စိတ်စေတသိက်တရားတို့အား ဝိပါက် (ဝိပါက) ဟုခေါ်သည်။ ဝိပါကဟူသည် တိုက်ရိုက်အားဖြင့် ရင့်ကျက်ခြင်း၊ရင့်မှည့်ခြင်းဟု အဓိပ္ပါယ် ရ၏။ မျိုးစေ့တစ်စေ့သည် တဖြည်းဖြည်း ရင့်ကျက်လာသောအခါ သီးကြ ပွင့်ကြသကဲ့သို့ ကံတရား တို့ ရင့်ကျက်၍ အကျိုးပေးခြင်းကို ဆိုလိုသည်။ ဝိပါက်စိတ်တို့သည် နောက်ထပ် အကျိုးမပေး တော့။ ထို့ကြောင့် ဝိပါက်စိတ်စေတသိက်တို့သည် ကံအနေအားဖြင့် နောင်တွင် အကျိုးပေးရန် စေ့ဆော် အားထုတ်မှု မရှိ။ ကြိယာစိတ်တို့ကဲ့သို့ ကိုယ်နှုတ်အမူအရာတို့ကို ဖြစ်စေရန်မျှလည်း အားထုတ်မှု မရှိ။ အားထုတ်မှု ပယောဂ ဗျာပါရများ လုံးဝကင်းဆိတ်နေ၍ ငြိမ်သက်သော သဘော ရှိ၏။ ဤကဲ့သို့ ဝိပါက် စိတ်စေတသိက်တို့သည် ပြုလုပ်အားထုတ်မှု ပယောဂ ဗျာပါရ ကင်းဆိတ် ၍ ငြိမ်သက်သော သဘောဖြင့် အချင်းချင်း ကျေးဇူးပြုနေသည်ကို ဝိပါကပစ္စည်း ဖြင့် ကျေးဇူးပြု သည် မည်၏။

၁။ ဝိပါကာ - ဝိပါက်အကျိုးတရားတို့သည်၊
စတ္တာရော ခန္ဓာ အရူပီနော - ရုပ်မဟုတ်သော နာမ်ခန္ဓာ လေးပါးအား
အညမညံ - အချင်းချင်း အပြန်အလှန်
ဝိပါကပစ္စယေန ပစ္စယော - ဗျာပါရကင်း၍ ငြိမ်သက်သည်ဖြစ်၍ (ဝိပါကပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်ဟူသော အာရုံ ငါးပါးကို သိသည့် ပဉ္စဝိညာဏ်စိတ်များသည် ဝိပါက်စိတ်များ ဖြစ်ကြ၏။ ကုသလဝိပါက်နှင့် အကုသလဝိပါက်ဟု နှစ်မျိုး ရှိသည့်အတွက် ဒွေးပဉ္စဝိညာဏ်စိတ်ဟုလည်း အဘိဓမ္မာကျမ်းစာ များတွင် ဖော်ပြလေ့ရှိသည်။

ပဋိသန္ဓေစိတ်တို့သည်လည်း ဝိပါက်စိတ်ပင် ဖြစ်၍ ကုသလဝိပါက်နှင့် အကုသလဝိပါက်ဟု နှစ်မျိုး ခွဲခြားနိုင်ပြန်၏။ အပါယ်ဘုံတို့တွင် အကုသလဝိပါက်စိတ်ဖြင့် ပဋိသန္ဓေယူ၍၊ သုဂတိဘုံတို့တွင် ကုသလဝိပါက်စိတ်ဖြင့် ပဋိသန္ဓေယူကြသည်။ ဘဝတခု၏ နောက်ဆုံးကာလ ရောက်သောအခါ တွင် တမလွန်ဘဝသစ်ကို ဖြစ်စေမည့် ကံ၊ ထိုကံကို ပြုခဲ့စဉ်က အာရုံနိမိတ်၊ သို့မဟုတ် တမလွန် လားရာ ဂတိ၌ တွေ့ကြုံရမည့် အာရုံနိမိတ် တစ်မျိုးမျိုးသည်ထင်၍ သေခါနီးနောက်ဆုံး စိတ်အစဉ် (မရဏာသန္နဝီထိ) ဖြစ်သည်။ မရဏာသန္နဝီထိ စိတ်အစဉ်သည် စုတိစိတ်ဖြင့် အဆုံးသတ်၍ ဘဝသစ်တွင် ပဋိသန္ဓေစိတ်ဖြစ်သည်။ ပဋိသန္ဓေစိတ်သည် မရဏာသန္နဝီထိ စိတ်အစဉ်က ယူခဲ့သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်မျိုးမျိုးကိုပင် ဆက်၍ အာရုံပြု၏။ ပဋိသန္ဓေစိတ် နောက်မှစ၍ အခြားသော အာရုံသိစိတ်အစဉ် (ဝီထိစိတ်) တို့ ဖြစ်ပေါ်ခြင်း မရှိသောအခိုက်များတွင် ပဋိသန္ဓေစိတ် ယူခဲ့သော အာရုံကိုပင် အာရုံပြု၍ ပဋိသန္ဓေစိတ်နှင့် အလားတူဖြစ်သော ဝိပါက်စိတ် များ ဖြစ်ပေါ်နေ၏။ ယင်းစိတ်များသည် ဘ၀ဖြစ်ဆဲကာလတွင် စိတ်အစဉ်တို့ ပြတ်မသွားစေရန် ဖြစ်ပေါ်နေကြခြင်းဖြစ်၍ ဘဝင်စိတ် (ဘဝင်္ဂ = ဘ၀ + အင်္ဂ = ဘ၀၏ အစိတ်အပိုင်းဖြစ်သော စိတ်) ဟုခေါ်သည်။ အိပ်မက်မြင်မက်ခြင်း မရှိဘဲ အိပ်မောကျနေသည်အခါတွင် ဤဘဝင်စိတ်များ အဆက်မပြတ် ဖြစ်ပေါ်နေခြင်းပင်ဖြစ်၍ အလွန် ငြိမ်သက်သော သဘောရှိသည်။ အိပ်မောမကျ သေးဘဲ အတွေးများဝင်နေ၊ အိပ်မက်များ မြင်မက်နေပါက စိတ်မငြိမ်သက်သေးဘဲ (ဘဝင်မကျ သေးဘဲ) စိတ်တို့ လှုပ်ရှား ယောက်ယက်ခတ်နေသည်ဟု ဆိုရ၏။

ဤသို့ ပဉ္စဝိညာဏ်စိတ်၊ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်စသော ဝိပါက်စိတ်များဖြစ်ခိုက်တွင် ယှဉ်ဖက် စိတ်စေတသိက်တို့ အချင်းချင်းအား ဗျာပါရကင်း၍ ငြိမ်သက်သည်ဖြစ်၍ ဝိပါကပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည်။ (ပစ္စယနိဒ္ဒေသတွင် ဝိပါက်နာမ်ခန္ဓာ အချင်းချင်းအား ကျေးဇူးပြုခြင်း ကိုသာ ဟောကြားထားသော်လည်း၊ ပဋ္ဌာန်း ကုသလတိက္က ပဉှာဝါရတွင် ဝိပါက်တရားတို့နှင့် အတူဖြစ်ဖက် ရုပ်တရားတို့အားလည်း ကျေးဇူးပြုကြောင်း ဟောကြားထားပါသည်။)

 
ကမ္မပစ္စည်း

ကမ္မပစ္စယောတိ -
၁။ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
၂။ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

ကမ္မပစ္စည်းသည် (၁) သဟဇာတ ကမ္မပစ္စည်းနှင့် (၂) နာနာက္ခဏိက ကမ္မပစ္စည်းဟု ၂-မျိုး ရှိသည်။ ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ပြုမူ ပြောဆို ကြံစည်ခြင်းဟူသော လုပ်ဆောင်မှုများသည် ကမ္မ (ကံ) မည်၏။ ဤလုပ်ဆောင်မှုများ အားလုံးတို့သည် စိတ်၏ ပြုလုပ် အားထုတ်မှုဟူသော ပယောဂ ဗျာပါရသဘော မပါဘဲ မဖြစ်။ ထို့ကြောင့် စိတ်၏ အားထုတ်မှု၊ ပြုပြင်စီရင်မှု၊ စေ့ဆော်မှုဟူသော စေတနာ စေတသိက်ကိုပင် ကံဟု ဆိုရသည်။ စေတနာသည် မိမိနှင့် အတူဖြစ်ဖက် စိတ်၊ ဝေဒနာ၊ သညာစသော တရားများအား သိခြင်း၊ ခံစားခြင်း၊ မှတ်သားခြင်းစသော သက်ဆိုင်ရာ အလုပ်များ လုပ်နေကြစေရန် စေ့ဆော်ပေးသည်။ ဤကဲ့သို့ စေတနာတရားက မိမိနှင့် ယှဉ်ဖက် စိတ်စေတသိက်များနှင့် အတူဖြစ်ဖက် ရုပ်တရားတို့အား ပြုပြင်စီရင်ပေးခြင်းအား သဟဇာတ ကမ္မပစ္စည်း ဖြင့် ကျေးဇူးပြုသည်ဟု ဆို၏။

မြေ၌ ကြဲချစိုက်ပျိုးသော မျိုးစေ့သည် နေရောင်ခြည်၊ မိုးရေ၊ မြေဆီဩဇာစသော အထောက်အပံ့ များ ပြည့်စုံပါက အပင်ပေါက်သကဲ့သို့၊ ပြုလုပ်အားထုတ်ခဲ့သော စေတနာ ကံမျိုးစေ့သည်လည်း ဂတိ၊ ကာလ၊ ဥပဓိ၊ ပယောဂဟူသော အထောက်အပံ့တို့ ပြည့်စုံပါက ကုသိုလ် အကုသိုလ်ကံအား လျှော်စွာ နောင်တချိန်တွင် အကျိုး ဝိပါက်ကို ဖြစ်ပေါ်စေနိုင်၏။ ကံကြောင့် ဖြစ်သော စိတ်စေတသိက် အကျိုးတရားတို့သည် ဝိပါက် (ဝိပါက - ရင့်မှည့်ခြင်း) မည်၏။ ပြုအပ်ပြီးသော (ကဋတ္တာ) ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်တရားတို့သည် ကဋတ္တာ ရုပ် မည်၏။ ကံတရားနှင့် ကံ၏ အကျိုးပေးရာ အချိန်အခိုက်အတန့်တို့ မတူညီကြ၍ နာနာက္ခဏိက (နာနာ - အသီးအသီးသော + ခဏ - အခိုက် + ဣက- ရှိသော) ဟုခေါ်သည်။ ကုသိုလ် အကုသိုလ်ကံတို့က ထိုကံတို့ အားထုတ်စဉ် အချိန်နှင့် မတူသောအခိုက်တွင် ဝိပါက်နာမ်တရားနှင့် ကဋတ္တာ ရုပ်တရားတို့ကို ဖြစ်စေခြင်းအား နာနာက္ခဏိက ကမ္မ ပစ္စည်းဖြင့် ကျေးဇူးပြုနေသည်ဟု ဆိုရသည်။

၁။ ကုသလာကုသလံ ကမ္မံ - ကုသိုလ်၊ အကုသိုလ်ကံသည်
ဝိပါကာနံ ခန္ဓာနံ - အကျိုးဝိပါက်ခန္ဓာအား၎င်း၊
ကဋတ္တာ စ ရူပါနံ - ကမ္မဇရုပ်တို့အား၎င်း
ကမ္မပစ္စယေန ပစ္စယော - ပြုလုပ် အားထုတ်သည်ဖြစ်၍ (ကမ္မပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၂။ စေတနာ - စေ့ဆော်မှု စေတနာသည်၊
သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဖက်တရားတို့အား၎င်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုယှဉ်ဖက်တရားတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊
ကမ္မပစ္စယေန ပစ္စယော - ပြုလုပ် အားထုတ်သည်ဖြစ်၍ (ကမ္မပစ္စည်းဖြင့်) ကျေးဇူးပြုသည်။


(မှတ်ချက်။ နာနာက္ခဏိက ကမ္မပစ္စည်းသည် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့က နောင်တချိန်တွင် ဝိပါက် စိတ်စေတသိက်နှင့် ကမ္မဇရုပ်များကို ကျေးဇူးပြုခြင်း ဖြစ်သည်။ သဟဇာတ ကမ္မပစ္စည်းသည်ကား ကုသိုလ် အကုသိုလ်ကံ စေတနာတို့သာမက၊ ဝိပါက် ကြိယာ စေတနာတို့ကပါ အတူယှဉ်ဖက် နာမ်တရားတို့နှင့် ထိုနာမ်တရားတို့ကြောင့် ဖြစ်သော ရုပ်တရားတို့အား ကျေးဇူးပြုခြင်း ဖြစ်သည်။) 
 
 
ဣန္ဒြိယပစ္စည်း
 
ဣန္ဒြိယပစ္စယောတိ -
၁။ စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၂။ သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၃။ ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၄။ ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၅။ ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၆။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
၇။ အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

“ဣန္ဒြိယ” ဟူသည် မြင်ခြင်း, ကြားခြင်းစသော သက်ဆိုင်ရာ ကိစ္စများ၌ “အစိုးရခြင်း” ဟု အဓိပ္ပါယ် ရသည်။ မြင်ခြင်းကိစ္စတွင် မျက်စိအကြည်ဓာတ် (စက္ခုပသာဒ၊ စက္ခာယတန) သည် ပဓာနကျ၏။ မြင်ခြင်းကိစ္စတွင် မျက်စိအကြည်ဓာတ် ၏ အင်အားအလိုက်သာ မြင်ကြရသည်။ ဤသည်ကိုပင် စက္ခုပသာဒသည် မြင်ခြင်းကိစ္စအား အစိုးရသည်ဟုဆို၏။ စက္ခုပသာဒကိုပင် စက္ခုန္ဒြေ (စက္ခုန္ဒြိယ = စက္ခု + ဣန္ဒြိယ) ဟု လည်းခေါ်သည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ရုပ်အကြည်ဓာတ် ၅-ပါးတို့သည် ဣန္ဒြေဟူသော အမည်ရသည်။ စိတ်သည် အာရုံသိခြင်းကိစ္စတွင် ပဓာနဖြစ်၍ မနိန္ဒြေ (မနိန္ဒြိယ = မန + ဣန္ဒြိယ) မည်၏။ ဤသို့အားဖြင့် ဆိုင်ရာဆိုင်ရာ ကိစ္စများတွင် အစိုးရသော တရား ၂၂-ပါးအား အဘိဓမ္မာဒေသနာတွင် ဣန္ဒြေ ၂၂-ပါးအဖြစ် ဟောကြားထား၏။ ထိုသို့သော ဣန္ဒြေတို့က ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တရားတို့အား အစိုးရခြင်း သဘောဖြင့် ကျေးဇူးပြုခြင်းသည် ဣန္ဒြိယပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။

ဣန္ဒြိယပစ္စည်းသည် (၁) ဝတ္ထုပုရေဇာတိန္ဒြိယ ပစ္စည်း (၂) ရူပဇီဝိတိန္ဒြိယ ပစ္စည်း (၃) (အရူပ) သဟဇာတိန္ဒြိယ ပစ္စည်းဟု သုံးမျိုး ရှိသည်။

ပသာဒရုပ် ၅-ပါးဟူသော ဣန္ဒြေ ၅-ပါးတို့သည် ယင်းတို့အား တည်မှီ၍ ဖြစ်သော ပဉ္စဝိညာဏ်စိတ်များနှင့် ယှဉ်ဖက် စေတသိက်တို့အား အစိုးရခြင်း သဘောဖြင့် (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြု၏။ ဤသို့ကျေးဇူးပြုခြင်းသည် အရင်ဖြစ်နှင့်သော ဝတ္ထုရုပ်များက ပဉ္စဝိညာဏ် စိတ်စေတသိက်တို့အား တည်ရာမှီရာအဖြစ် ကျေးဇူးပြုခြင်းဖြစ်၍ ဝတ္ထုပုရေဇာတ နိဿယပစ္စည်းနှင့် တူ၏။ ထို့ကြောင့် ဝတ္ထုပုရေဇာတိန္ဒြိယ ပစ္စည်း ဟုလည်း ခေါ်သည်။

၁။ စက္ခုန္ဒြိယံ - မျက်စိအကြည်ဟူသော စက္ခုန္ဒြေသည်
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ သောတိန္ဒြိယံ - နားအကြည်ဟူသော သောတိန္ဒြေသည်
သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ဃာနိန္ဒြိယံ - နှာခေါင်းအကြည်ဟူသော ဃာနိန္ဒြေသည်
ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ဇိဝှိန္ဒြိယံ - လျှာအကြည်ဟူသော ဇိဝှိန္ဒြေသည်
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ကာယိန္ဒြိယံ - ကိုယ်အကြည်ဟူသော ကာယိန္ဒြေသည်
ကာယဝိညာဏဓာတုယာ - တွေ့ထိသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အဘိဓမ္မာဒေသနာအရ “ဣန္ဒြိယ” ဟု အမည်ရသော ရုပ် ၈-မျိုးရှိသည်။ အထက်တွင် ဖော်ပြခဲ့သော ပသာဒရုပ် ၅-ပါး၊ မိန်းမ ယောက်ျား အမူအရာ အသွင်အပြင်တို့အား အစိုးရသည့် ဣတ္ထိန္ဒြိယ နှင့် ပုရိသိန္ဒြိယ ဟူသော ဘာ၀ရုပ် ၂-ပါး၊ ကမ္မဇရုပ် အစဉ်အား စောင့်ရှောက်ခြင်း ကိစ္စ၌ အစိုးရသော ရုပ်သက်ခေါ် ရူပဇီဝိတိန္ဒြိယ ၁-ပါးတို့ ဖြစ်သည်။ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်ဆိုရာတွင် အကျိုးတရားတို့အား ဖြစ်စေခြင်း (ဇနန)တည်တံ့စေခြင်း (ဥပတ္ထမ္ဘန)နှင့် (ရုပ်အစဉ်၊ နာမ်အစဉ်) အစဉ်မပြတ်အောင် စောင့်ရှောက်ခြင်း (အနုပါလ) ဟူ၍ သုံးမျိုးရှိသည်။ ဤတွင် ဘာ၀ရုပ် ၂-ပါးသည် ကျားမ အသွင်အပြင် အမူအရာတို့ကို အစိုးရသည် မှန်သော်လည်း၊ ဖြစ်စေခြင်း တည်စေခြင်း စောင့်ရှောက်ခြင်းဟူသော ပစ္စယသတ္တိများအနက် မည်သည့်သတ္တိဖြင့်မျှ ကျေးဇူးပြုခြင်း မရှိသဖြင့် ဣန္ဒြိယပစ္စည်း မထိုက်ပေ။ ရူပဇီဝိတိန္ဒြိယ (ရုပ်သက်) သည် ကလာပ်တူ ကမ္မဇရုပ်တရားတို့အား အသက်ရှင်သန်မှုတွင် အစိုးရကာ စောင့်ရှောက်ပေးခြင်းဖြင့် ကျေးဇူးပြုသည်။

၆။ ရူပဇီဝိတိန္ဒြိယံ - (ရုပ်သက်) ရူပဇီဝိတိန္ဒြေသည်
ကဋတ္တာရူပါနံ - ကမ္မဇရုပ်တို့အား
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

သုတ္တန်ဒေသနာတို့တွင် သဒ္ဓါ၊ ဝီရိယ၊သတိ၊ သမာဓိ၊ ပညာ ဟူသော စေတသိက်တရား ၅-ပါးအား ဗောဓိပက္ခိယတရား ၃၇-ပါးတွင် သွင်းကား ဣန္ဒြေ ၅-ပါးဟူသော အမည်ဖြင့် ဟောကြားလေ့ ရှိသည်။ အဘိဓမ္မာဒေသနာ၌ ဤတရား ၅-ပါး အပါအဝင် နာမ်ဣန္ဒြေ ၁၅-ပါးအား ဟောကြားထား သည်။ သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပက္ခာဟူသော ဝေဒနာ ၅-ပါးတို့သည် သက်ဆိုင်ရာ ခံစားမှုတို့တွင် အစိုးရသဖြင့် ဣန္ဒြေ မည်၏။ စိတ် (မန) သည် အာရုံသိခြင်း၌ အစိုးရ၍၊ ဇီဝိတိန္ဒြေ စေတသိက်သည် အတူယှဉ်ဖက်တရားတို့ကို စောင့်ရှောက်ခြင်း၌ အစိုးရ၍ မနိန္ဒြေနှင့် ဇီဝိတိန္ဒြေ မည်၏။ တဖန် လောကုတ္တရာ မဂ်ဖိုလ်ပညာတို့အား ပညိန္ဒြေမှ သီးခြားခွဲထုတ်၍ “မသိဖူးသေးသည် တို့ကို သိရန် အားထုတ်အံ့” ဟူ၍ ပထမဆုံးရအပ်သော သောတာပတ္တိမဂ်ဉာဏ် (အနညာတညဿာမီတိန္ဒြေ)၊ သောတာပတ္တိမဂ်ဖြင့် သိပြီးသော သစ္စာလေးပါးကိုပင် ထပ်၍ သိသော အထက်မဂ်ဉာဏ် ၃-ပါးနှင့် အောက်ဖိုလ်ဉာဏ် ၃-ပါးဟူသော (အညိန္ဒြေ)၊ သိခြင်းကိစ္စ အဆုံးသို့ ရောက်ပြီဖြစ်သော အရဟတ္တဖိုလ် (အညတာဝိန္ဒြေ) တို့ကိုလည်း ထုတ်၍ ဟောကြား ထား၏။ ဤ နာမ်ဣန္ဒြေ ၁၅-ပါးတို့က ယှဉ်ဖက် စိတ်စေတသိက်တို့နှင့် တကွ၊ အတူဖြစ်ဖက် ရုပ်တရားတို့အား အစိုးရသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် သဟဇာတိန္ဒြိယ ပစ္စည်း မည်၏။

၇။ အရူပိနော ဣန္ဒြိယာ - ရုပ်မဟုတ်သော ဣန္ဒြေတရားတို့သည်
သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဖက်တရားတို့အား (၎င်း)၊
တံသမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုယှဉ်ဖက်တရားတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊
ဣန္ဒြိယပစ္စယေန ပစ္စယော - အစိုးရသည် ဖြစ်၍ (ဣန္ဒြိယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။



ရူပဇီဝိတိန္ဒြေသည် တည်ဆဲအခိုက်ရောက်မှသာ ကမ္မဇရုပ်တို့အား ကျေးဇူးပြုနိုင်၍ သဟဇာတ ပစ္စည်းအုပ်စုတွင် မဝင်သော်လည်း၊ သွယ်ဝိုက်သောအားဖြင့် သဟဇာတိန္ဒြိယအုပ်စုတွင် ထည့်နိုင် ၏။ ပုရေဇာတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယနှင့် သဟဇာတိန္ဒြိယ ၃-မျိုးလုံးတို့သည် ဖြစ်တည်ဆဲ ဣန္ဒြေတရားတို့က ပစ္စုပ္ပန် စိတ် စေတသိက်၊ ရုပ်တရားတို့အား ကျေးဇူးပြုခြင်း ဖြစ်၍ အတ္ထိပစ္စည်း၊ အဝိဂတပစ္စည်းတွင် အကျုံးဝင်ကြသည်။

****

ယခုအထိ ဖော်ပြခဲ့သမျှတွင် သဟဇာတပစ္စည်း ၁၅-မျိုး စုံပြီ ဖြစ်သည်။ သဟဇာတပစ္စည်းသည် နိဿယ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့တွင် အကျုံးဝင်၏။ တဖန် အညမည၊ သမ္ပယုတ္တ၊ ဝိပါက၊ ဟေတု၊ ဈာန၊ မဂ္ဂ ပစ္စည်းအားလုံးသည် သဟဇာတပစ္စည်းတွင် အကျုံးဝင်ပြန်၏။ ဝိပ္ပယုတ္တ၊ ကမ္မ၊ အဓိပတိ၊ အာဟာရ၊ ဣန္ဒြိယပစ္စည်းတို့၏ တစိတ်တပိုင်းသည် သဟဇာတတွင် အကျုံးဝင်၏။



အာဟာရပစ္စည်း
 
အာဟာရပစ္စယောတိ -
၁။ ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
၂။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

အာဟာရဟူသော ပုဒ်သည် တိုက်ရိုက်အားဖြင့် “ဆောင်ခြင်း” ဟုအနက်ရ၍၊ အိမ်အား ပြိုလဲ မသွားစေရန် တိုင်တို့ဖြင့် ကျားကန်ပေးသကဲ့သို့ ထောက်ပံ့ထားခြင်းမျိုးကို ဆိုလိုသည်။ တဖန် အာဟာရဟူသော ပုဒ်သည် အစားအစာတို့ကို ဝါးမြိုခြင်း (အဇ္ဈောဟရိတ) ဟူသော အနက်နှင့် ဆက်စပ်နေ၏။ ကဗဠီကာရ (အလုပ်အလွေပြု၍ ဝါးမြိုအပ်သော အစားအစာ - ဩဇာရုပ်)၊ ဖဿ (အာရုံနှင့် တွေ့ထိမှု)၊ စေတနာ (စေ့ဆော်မှု)၊ ဝိညာဏ် (သိမှု) ဟူ၍ အာဟာရ ၄-မျိုးရှိသည်။ အစားအစာသည် ရုပ်ကိုယ်အား ထောက်ပံ့၏၊ ဖဿသည် အာရုံကို ထိတွေ့ခြင်းအားဖြင့် ဝေဒနာ တို့ကို ဖြစ်စေသည်၊ စေတနာသည် ကုသိုလ် အကုသိုလ်ကံတို့ကို အားထုတ် ဆည်းပူးခြင်းအားဖြင့် ဘဝကို ဆောင်၏။ ဝိညာဏ်သည် သိခြင်းအားဖြင့် နာမ်ရုပ်တို့ကို ဖြစ်စေ၏။ ကဗဠီကာရ ဟူသော အစားအစာသည် ရုပ်အာဟာရဖြစ်၍ ဖဿ၊ စေတနာ၊ ဝိညာဏ်ဟူသော ကျန်သုံးပါးသည် နာမ်အာဟာရများ ဖြစ်ကြသည်။

ကဗဠီကာရဟူသော အစားအစာတွင် ပါဝင်သော ဩဇာရုပ်သည် ဤရုပ်တရား အစုအဝေး ရူပကာယအား အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုသည်။ ဤတွင် ပြင်ပမှ စားသုံးလိုက်သော ဩဇာရုပ်တို့ကိုသာမက၊ ကိုယ်တွင်း ရုပ်အစဉ်တွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့် ဖြစ်ပေါ်နေသည့် ရုပ်ကလာပ် အသီးသီးတို့ရှိ ဩဇာရုပ်များကိုလည်း ထည့်သွင်းယူရ၏။

၁။ ကဗဠီကာရော အာဟာရော - အစားအစာ အာဟာရသည်၊
ဣမဿ ကာယဿ - ဤရုပ်တရား အစုအဝေးအား၊
အာဟာရပစ္စယေန ပစ္စယော - ထောက်ပံ့၍ (အာဟာရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ဖဿ၊ စေတနာ၊ ဝိညာဏဟူသော ရုပ်မဟုတ်သည့် နာမ်အာဟာရများသည် ယင်းတို့နှင့် အတူဖြစ်ဖက် နာမ်ရုပ်တရားတို့အား အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုသည်။

၂။ အရူပိနော အာဟာရာ - ရုပ်မဟုတ်သော အာဟာရများသည်၊
သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဖက်တရားတို့အား၎င်း၊
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ - ထိုယှဉ်ဖက်တရားတို့ကြောင့်ဖြစ်သော ရုပ်တို့အား၎င်း၊
အာဟာရပစ္စယေန ပစ္စယော - ထောက်ပံ့၍ (အာဟာရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အာဟာရပစ္စည်းသည် -
(၁) ရုပ်အာဟာရတို့က ရူပကာယအား ကျေးဇူးပြုသော ကဗဠီကာရာဟာရ ပစ္စည်း
(၂) နာမ်အာဟာရတို့က ယှဉ်ဖက်တရားနှင့် အတူဖြစ်ဖက် ရုပ်တို့အား ကျေးဇူးပြုသော (အရူပ) သဟဇာတာဟာရ ပစ္စည်းဟု နှစ်မျိုးရှိသည်။

ရုပ်အာဟာရများသည် ပစ္စုပ္ပန်တွင် ထင်ရှားတည်ရှိနေသော ရုပ်တရားတို့က အခြားရုပ်တရား တို့ကို ကျေးဇူးပြုခြင်းဖြစ်၍ အတ္ထိပစ္စည်းတွင် အကျုံးဝင်၏။ ရုပ်အာဟာရများသည် ဖြစ်ဆဲအခိုက် တွင် အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုနိုင်ခြင်း မရှိသေးဘဲ၊ တည်ဆဲအခိုက်သို့ရောက်မှသာ အာဟာရပစ္စည်းဖြင့် ကျေးဇူးပြုနိုင်သဖြင့် သဟဇာတပစ္စည်းတွင်မူ တိုက်ရိုက်အား ထည့်သွင်း၍ မရသော်လည်း သွယ်ဝိုက်သောအားဖြင့် နာမ်အာဟာရများနည်းတူ သဟဇာတပစ္စည်းတွင် ထည့် သွင်း ဖော်ပြလေ့ရှိသည်။
 
 
နတ္ထိပစ္စည်း
 
နတ္ထိပစ္စယောတိ -
သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။

စိတ်အား ရေအယဉ်နှင့် နှိုင်းယှဉ်၍ (နဒီသောတော ဝိယ ဟု) ဖော်ပြလေ့ရှိကြသည်။ တသွင်သွင် စီးဆင်းနေသော မြစ်ရေသည် တရစပ် ပြောင်းလဲနေသော်လည်း၊ တစ်သားတည်း တစပ်တည်းသဖွယ် ထင်ရ၏။ စိတ်အယဉ်သည်လည်း စိတ်တစ်ခု ချုပ်ပြီး နောက်စိတ် အသစ်တစ်ခု အဆက်မပြတ် ဖြစ်ပေါ်နေသဖြင့် စိတ်တခုတည်းကပင် အာရုံ အမျိုးမျိုးအား ပြောင်း၍ သိနေသလိုပင် ထင်ရ၏။ ရှေ့စိတ်ချုပ်သည်၏ အခြားမဲ့၌ နောက်စိတ် ဖြစ်၍ လည်းကောင်း၊ နောက်စိတ်သည် ရှေ့စိတ်နှင့် သဘာဝအားဖြင့် အလားတူ၍ လည်းကောင်း ဤသို့ တစပ်တည်း ထင်ရခြင်း ဖြစ်သည်။ ရှေ့စိတ်မရှိပါမှ နောက်စိတ် ဖြစ်ပေါ်ခွင့်ရသဖြင့် ရှေးအခြားမဲ့တွင် ချုပ်သွားသော (သမနန္တရ နိရုဒ္ဓါ) စိတ်သည် နောက်တဖန် အလားတူပြန်ဖြစ်သော (ပဋုပ္ပန္နာနံ - ပဋိ + ဥပ္ပန္နာနံ) စိတ်အား မရှိသည်ဖြစ်၍ ဖြစ်ခွင့်ပေးသော သဘောအားဖြင့် ကျေးဇူးပြုသည် မည်၏။

သမနန္တရနိရုဒ္ဓါ - ကောင်းစွာ ရှေးအခြားမဲ့၌ ချုပ်သွားသော
စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက် တရားတို့သည်
ပဋုပ္ပန္နာနံ - အလားတူ တဖန်ပြန်၍ ဖြစ်သော (ပစ္စုပ္ပန်)
စိတ္တစေတသိကာနံ ဓမ္မာနံ - စိတ်စေတသိက် တရားတို့အား
နတ္ထိပစ္စယေန ပစ္စယော - မရှိသည်ဖြစ်၍ (နတ္ထိပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

**** ****
ဝိဂတပစ္စည်း



ဝိဂတပစ္စယောတိ -
သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

ဝိဂတပစ္စည်းသည် နတ္ထိပစ္စည်းနှင့် အတူတူပင် ဖြစ်၏။ အကြောင်းတရားတို့ ချုပ်ပျက်၍ ကင်းမဲ့သောအခါမှ အကျိုးတရားတို့ ဖြစ်စေနိုင်ခြင်းကို ဆိုလိုသည်။ အကြောင်းတရားတို့ ဖြစ်တည်ဆဲ၌သာ အကျိုးတရားတို့အား ကျေးဇူးပြုသော အတ္တိပစ္စည်း၊ အဝိဂတပစ္စည်းတို့နှင့် ဆန့်ကျင်ဖက် ဖြစ်လေသည်။ နတ္ထိနှင့် ဝိဂတပစ္စည်းသည် ရှေ့စိတ်စေတသိက်တို့က နောက်အခြားမဲ့တွင် ဖြစ်သော စိတ်စေတသိက်တို့ကို ကျေးဇူးပြုခြင်းဖြစ်၍ အနန္တရပစ္စည်းအုပ်စုတွင် ထည့်သွင်း ဖော်ပြလေ့ရှိ၏။

သမနန္တရဝိဂတာ - ကောင်းစွာ ရှေးအခြားမဲ့၌ ကင်းမဲ့သွားသော
စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက် တရားတို့သည်
ပဋုပ္ပန္နာနံ - အလားတူ တဖန်ပြန်၍ ဖြစ်သော (ပစ္စုပ္ပန်)
စိတ္တစေတသိကာနံ ဓမ္မာနံ - စိတ်စေတသိက်တရားတို့အား
ဝိဂတပစ္စယေန ပစ္စယော - ကင်းသည်ဖြစ်၍ (ဝိဂတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

**** ****
ဝီထိစိတ်များ

နတ္ထိပစ္စည်းနှင့် ဝိဂတပစ္စည်းတွင် ဖော်ပြခဲ့သည့်အတိုင်း စိတ်စေတသိက်တို့သည် ရှေ့စိတ်တို့ ချုပ်ပျက်ပြီးမှ နောက်စိတ်စေတသိက်တို့ ဖြစ်ခွင့်ရှိ၏။ “မည်သို့သော စိတ်၏ အခြားမဲ့၌ မည်သို့သော စိတ်တို့ဖြစ်ခွင့် ရှိသည်” ဟူသော ဖြစ်မြဲသဘောအား စိတ္တနိယာမဟု ခေါ်သည်။ စိတ်တို့သည် စိတ္တနိယာမအတိုင်း သက်ဆိုင်ရာ ကိစ္စအလိုက်၊ သက်ဆိုင်ရာ အမျိုးဇာတ်အလိုက် အစီအစဉ်အတိုင်း ဖြစ်ပေါ် နေကြလေသည်။

ဥပမာအားဖြင့် မျက်စိဖြင့် အဆင်းကို မြင်သိမှုဖြစ်ပေါ်သည်ဆိုရာတွင် နှလုံးသွင်းဆင်ခြင်စိတ်၊ မြင်သိစိတ်၊ လက်ခံစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ဇောစိတ်၊ နောက်လိုက်စိတ်စသဖြင့် သက်ဆိုင်ရာ ကိစ္စများကို အသီးသီးဆောင်ရွက်ကြသည့် စိတ်များ အစီအစဉ်အလိုက် ဖြစ်ပေါ်နေကြသည်။ ဤသို့သော သိစိတ်ဖြစ်စဉ်အား ဝီထိ ဟုခေါ်သည်။ အာရုံအသစ်များကို သိသည့် ဝီထိစိတ်များ ဖြစ်ပေါ်ခြင်း မရှိသောအခါတွင်၊ ဘဝအစ ပဋိသန္ဓေအခါက ယူခဲ့သော မူရင်းအာရုံအဟောင်းကို သိသည့် ဘဝင်စိတ်များ ဖြစ်ပေါ်နေကြသည်။ စိတ်အစဉ် ပြတ်မသွားစေရန် ဘ၀၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဖြစ်ပေါ်နေသော စိတ်များဖြစ်၍ ဘဝင်စိတ်ဟု ခေါ်ကြောင်း ဝိပါကပစ္စည်းတွင် ဖော်ပြ ခဲ့သည်။ အဘိဓမ္မာအဖွင့်ကျမ်းများတွင် ပဋိသန္ဓေ၊ ဘဝင်နှင့် စုတိစိတ် သုံမျိုးတို့အား ဝီထိမုတ် (ဝီထိမုတ္တ - စိတ်ဖြစ်စဉ်မှ လွတ်နေသော) စိတ်များ ဟုခေါ်သည်။ ထို့ကြောင့် ဘ၀ဖြစ်ဆဲ ကာလ တွင် ဘဝင်စိတ်များ ဖြစ်လိုက်၊ ဝီထိစိတ်များ ဖြစ်လိုက်ဖြင့် တလှည့်စီဖြစ်ပေါ်နေကြ၏။ စိတ်လှုပ် ရှားမှု များသောအခါ ဝီထိစိတ်တို့ အဖြစ်ပိုများ၍၊ အိပ်ပျော်နေသောအခါတို့တွင် ဝီထိစိတ်တို့ အဖြစ်ကျဲသွားပြီး၊ အိပ်မက်ပင် မြင်မက်ခြင်းမရှိဘဲ အိပ်မောကျနေသောအခါတွင် ဘဝင်စိတ်တို့ ချည်း ဖြစ်၍ နေလေတော့သည်။

ဝီထိစိတ်တို့အား အကြမ်းအားဖြင့် ပဉ္စဒါြရဝီထိနှင့် မနောဒွါရဝီထိဟု နှစ်မျိုး ခွဲခြားနိုင်၏။ တဖန် အာရုံ၏ ထင်ရှားမှု အနည်းအများ အလိုက်လည်း စိတ်ဖြစ်စဉ်တို့ အနည်းငယ် ကွာခြားမှု ရှိပြန် သည်။ ဝီထိစိတ်များ ဖြစ်ပေါ်သောအခါတွင် တရစပ်ဖြစ်ပျက်နေသော ဘဝင်စိတ်အစဉ်အား ဖြတ် ၍ ဖြစ်ပေါ်ကြရခြင်း ဖြစ်သည်။ ထိုသို့ဘဝင်စိတ်အစဉ်အား ဖြတ်၍ အာရုံအသစ်သို့ လည်စေ ရန် လှည့်ပေးသောစိတ်အား အာဝဇ္ဇန်း (နှလုံးသွင်းဆင်ခြင်စိတ်) ဟုခေါ်သည်။ အာရုံအသစ်သည် ပစ္စုပ္ပန် ပဉ္စာရုံတစ်ပါးပါးဖြစ်ပါက ပဉ္စဒါြရာဝဇ္ဇန်းစိတ်ဖြစ်၍၊ တွေးကြံစရာ အာရုံများဖြစ်ပါက မနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်သည်။

အာဝဇ္ဇန်းစိတ်တို့က ဘဝင်စိတ်အလျဉ်အား ဖြတ်တောက်လိုက်ခြင်းဖြစ်၍ အာဝဇ္ဇန်းစိတ်တို့ မဖြစ်မီ ဘဝင်စိတ်အား ဘဝင်္ဂုပစ္ဆေဒ (ဘဝင်္ဂ + ဥပစ္ဆေဒ - ဖြတ်) ဟု ခေါ်သည်။ ထိုသို့ ဘဝင်အလျဉ် မပြတ်မီတွင် ဖြစ်ပေါ်သော ဘဝင်စိတ်တို့သည် အာရုံအသစ်၏ ရိုက်ခတ်မှုကြောင့် တုန်လှုပ်သွား သဖြင့် ဘဝင်္ဂစလန (ဘဝင်္ဂ + စလန - တုန်လှုပ်) ဟု ခေါ်သည်။ အရှိန်နည်းသွား၍ ရပ်တော့မည့် ဂျင်သည် တုန်လှုပ်သကဲ့သို့ ဖြစ်လေသည်။ ဒွါရ အသီးသီးသို့ အာရုံအသစ် ကျရောက်လာပြီး နောက် (ဘဝင်စိတ် လှုပ်ခြင်းမဖြစ်မီ) ကျော်လွန်သွားသော ဘဝင်စိတ်တို့အား အတီတဘဝင်္ဂ (အတီတ - လွန်သွားသော + ဘဝင်္ဂ) ဟုခေါ်သည်။ ဤသို့အားဖြင့် အာဝဇ္ဇန်းစိတ် မတိုင်မီတွင် အတီတဘဝင်္ဂ၊ ဘဝင်္ဂစလနနှင့် ဘဝဂုၤပစ္ဆေဒ ဟူသော ဘဝင်စိတ်များ ဖြစ်ပေါ်ကြ သည်။

ဘဝင်လှုပ်ခြင်း၊ ဘဝင်ရပ်ခြင်း၊ အာရုံအသစ်အား နှလုံးသွင်းဆင်ခြင်ခြင်းတို့ ဖြစ်ပြီးနောက် အာရုံသိမှု ဖြစ်ပေါ်၏။ မြင်သိမှု ဖြစ်စဉ်ဆိုပါက ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်ဟူသော အစီအစဉ်အတိုင်း ဖြစ်၏။ ပဉ္စဒွါရာဝဇ္ဇန်းဟူသော ကြိယာမနောဓာတ်သည် ဘဝင်စိတ်ကယူခဲ့သော အာရုံမှ အဆင်းအာရုံသို့ ပြောင်း၍ယူစေရန် ကြားခံ စိတ်ပင် ဖြစ်လေ သည်။ ဘဝင်စိတ်နောင် ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်ရာတွင် မှီရာဝတ္ထုမပြောင်းသော်လည်း၊ အာရုံအသစ်သို့ ပြောင်းသွား၏။ ပဉ္စဒွါရာဝဇ္ဇန်းနောင် စက္ခုဝိညာဏဓာတ်ဖြစ်ရာတွင် အာရုံပြောင်းလဲမှု မရှိဘဲ၊ မှီရာဝတ္ထုရုပ် ပြောင်းလဲသွားသည်။

စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်စိတ်များသည် အတိတ်ကံကြောင့် ဖြစ်သော ဝိပါက်စိတ်များ ဖြစ်၏။ ဝိပါက်စိတ်တို့ဖြစ်သည့် အားလျှော်စွာ ဗျာပါရကင်း၍ ငြိမ်သက်သော သဘောရှိသည် ဖြစ်၍ အာရုံအား မြင်သည်ဆိုရုံ၊ သိသည် ဆိုရုံမျှသာ သိခြင်းဖြစ်၏။ ထို့သို့ ပဉ္စဝိညာဏ်စိတ် ဖြစ်ပြီးနောက် အာရုံအား လက်ခံယူသည့် သမ္ပဋိစ္ဆိုင်းစိတ် ဖြစ်သည်။ ဤသမ္ပဋိစ္ဆိုင်းဟူသော ဝိပါက် မနောဓာတ်သည် ပဉ္စဝိညာဏ်စိတ်က သိသော အာရုံကိုပင်ဆက်၍ ယူကာ၊ ဟဒယဝတ္ထုအား အမှီ ပြု၍ ဖြစ်မည့် နောက်စိတ်အစဉ်တို့အတွက် မှီရာဝတ္ထု ပြောင်းလဲပေးသည့် ကြားခံစိတ် တစ်မျိုးပင် ဖြစ်သည်။ ထို့နောက် သန္တီရဏစိတ် ခေါ် အာရုံအား စုံစမ်းသည့် ဝိပါက် မနောဝိညာဏဓာတ်၊ ဝုဋ္ဌောစိတ် (ဝေါဋ္ဌပန) ခေါ် အာရုံအား (ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံအားဖြင့်) ကောင်းဆိုး ပိုင်းခြားဆုံးဖြတ် သည့် ကြိယာမနောဝိညာဏဓာတ်တို့ ဖြစ်ကြသည်။

ယခုအထိ ဖော်ပြခဲ့သော စိတ်အစဉ်မှ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ် (ပဉ္စဝိညာဏ်စိတ်)၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောစိတ်တို့သည် အဟိတ်ဝိပါက် သို့မဟုတ် အဟိတ်ကြိယာစိတ်များ ဖြစ်ကြ၏။ ဝိပါက်၊ ကြိယာဟူသော အဗျာကတစိတ်များ ဖြစ်ကြသည့် အားလျော်စွာ ကုသိုလ်၊ အကုသိုလ်ကံ တို့ မဖြစ်ကြသေး။ အဟိတ်စိတ်များဖြစ်ကြ၍ ဟေတုပစ္စည်းဖြင့် ကျေးဇူးပြုခြင်း မခံရ၍၊ အခြေအမြစ် ခိုင်သော စိတ်များလည်း မဟုတ်ကြသေးပေ။ အာရုံအား ဆုံးဖြတ်သည့် ဝုဋ္ဌောစိတ် နောင်ရောက်မှ၊ လှိုင်းလုံးသဖွယ် အရှိန်အဟုန်နှင့် အာရုံ၏ အရသာကို အပြည့်အဝခံစားသည့် ဇောစိတ် (ဇဝန) ၇-ကြိမ် ဖြစ်ပေါ်လေသည်။ ဤဇောစိတ်များသည် ကုသိုလ်၊ အကုသိုလ်ကံ မြောက်သော စိတ်များပင် ဖြစ်၏။ (ကုသိုလ် အကုသိုလ်ကို အပြီးတိုင် ပယ်ပြီးသော ရဟန္တာပုဂ္ဂိုလ် တို့တွင်မူ ကြိယာဇောစိတ်များသာ ဖြစ်ကြသည်။)



မနောဒွါရတွင်ဖြစ်သော တွေးကြံသိစိတ်အစဉ်ဖြစ်ပေါ်ရာတွင်မူ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော စသော စိတ်များ ဖြစ်ပေါ်ရန် မလိုဘဲ၊ မနောဒွါရဝဇ္ဇန်းနောက်တွင် ဇော ၇-ကြိမ် ဖြစ်ကြ၏။ ထို့ကြောင့် မနောဒွါရဝဇ္ဇန်းစိတ်နှင့် ဝုဋ္ဌောစိတ်တို့သည် သဘောတူသည်ဟု ဆိုနိုင်လေသည်။ အရှိန်အဟုန်နှင့်သွားသော လှေသင်္ဘောတို့နောက်၌ ရေအလျဉ်တို့ လိုက်ပါကဲ့သို့၊ ဇောစိတ် ၇-ကြိမ်၏ နောက်တွင် ထိုအာရုံ၏ အရသာကို ဆက်လက်ခံစားသော တဒါရုံစိတ် (တဒါရမ္မဏ) ၁-ကြိမ်၊ ၂-ကြိမ် ဖြစ်တတ်၏။ ထို့နောက် ဘဝင်စိတ်အစဉ်တို့ ပြန်လည် ဖြစ်ပေါ်ကြလေသည်။


**** ****
 
 
အာသေဝနပစ္စည်း
 
အာသေဝနပစ္စယောတိ -
၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
၂။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။
၃။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အာသေဝနပစ္စယေန ပစ္စယော။


အာသေဝန” ဟူသည် “ထပ်ကာ ထပ်ကာ ပြုလုပ်ခြင်း၊ ဖြစ်စေခြင်း၊ ထုံမွှမ်းခြင်း” ဟူသော အဓိပ္ပါယ် ရသည်။ စာတစ်ပုဒ်အား အထပ်ထပ် လေ့လာသင်ယူပါက တစ်ခေါက်ထက် တစ်ခေါက် ပို၍ အရှိန်ရ၍ လွယ်ကူ ချောမော တိုးတက်လာခြင်းမျိုး ဖြစ်၏။ ဝီထိစိတ်အစဉ်တွင် ဇောစိတ်များ ဖြစ်သောအခါတွင် ရှေ့ဇောစိတ်တို့သည် မိမိနှင့် သဘာဝချင်းတူသော နောက်ဇောစိတ်များအား အရှိန်အဟုန်ရစေရန် အားပေးခြင်းသည် အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုသည် မည်၏။ “သဘာဝချင်းတူသော” ဆိုရာတွင် ရှေး ကုသိုလ် ဇောစိတ်သည် နောက် ကုသိုလ် ဇောစိတ်အား လည်းကောင်း၊ ရှေး အကုသိုလ် ဇောစိတ်သည် နောက် အကုသိုလ် ဇောစိတ်အား လည်းကောင်း၊ ရှေး ကြိယာ ဇောစိတ်သည် နောက် ကြိယာ ဇောစိတ်အားလည်းကောင်း ကျေးဇူးပြုခြင်း ဖြစ်သည်။



ထို့ကြောင့်ပင် ပထမ ဇောထက် ဒုတိယ ဇောစိတ်၊ ဒုတိယ ဇောစိတ်ထက် တတိယ ဇောစိတ်တို့က ဤသို့ဖြင့် ပို၍ ပို၍ အားကောင်းလာ၏။ ဤသို့ဖြင့် စတုတ္ထဇောတိုင် တဖြည်းဖြည်း အရှိန်အဟုန် မြင့်တက်လာ၏။ (ကာမာဝစရ) ဇောစိတ်တို့သည် ၇-ကြိမ်ထိသာ ဖြစ်ခွင့်ရှိသဖြင့် တဖြည်းဖြည်း အရှိန်ကုန်ကာ နောက်ဆုံး သတ္တဇောစိတ်တွင် အဆုံးသတ် လျှောကျသွားရာ လှိုင်းလုံးသဖွယ်ရှိ၏။ ပထမဇောသည် အာသေဝနပစ္စည်း၏ ကျေးဇူးပြုခြင်း မခံရ၍ အားအနည်းဆုံးဖြစ်၏။ သတ္တမဇောသည် အရှိန်ကုန်၍ ပြန်ကျသွားသည် ဆိုသော်လည်း အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ခံရ၍ ပထမဇောထက် ပို၍ အင်အားရှိသည်။ လှိုင်းလုံးကဲ့သို့ပင် အလယ်ဇော ၅-ချက်တို့သည် ပထမဇောနှင့် နောက်ဆုံး သတ္တမဇောတို့ထက်ပို၍ အားကောင်းပြီး စတုတ္ထဇောသည် အင်အား အကောင်းဆုံး လှိုင်းထိပ်ဖြစ်လေသည်။ ထို့ကြောင့် အင်အား အနည်းဆုံးဖြစ်သည့် ပထမဇောစိတ်တွင် ဖြစ်သော ကုသိုလ် အကုသိုလ်စေတနာကံများသည် မျက်မှောက်ဘ၀၌သာ အကျိုးပေးနိုင်၏။ ဒိဋ္ဌဓမ္မဝေဒနီယကံဟု ခေါ်သည်။ ထိုကံတို့သည် မျက်မှောက်ဘဝတွင် အကျိုးပေးခွင့် မရပါက အဟောသိကံ ဖြစ်သွား၏။ ပထမဇောထက် အားကောင်းသော သတ္တမဇော ကံသည် နောက် ဒုတိယဘဝတွင် အကျိုးပေးနိုင်သော ဥပပဇ္ဇဝေဒနီယကံ မည်၏။ နောက်ဘဝတွင် အကျိုးပေးခွင့် မသာပါက အဟောသိကံ ဖြစ်ရ၏။ အလယ်ဇော ၅-ချက်မှ ကံတို့သည်ကား တတိယဘဝမှစ၍ နောက်နောက်သော သံသရာ ဘ၀ အဆက်အဆက်တိုင် အကျိုးပေးနိုင်လောက်သော အပရာပရိယဝေဒနီယကံများ ဖြစ်ကြ၏။

၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကုသိုလ်တရားတို့အား
အာသေဝနပစ္စယေန ပစ္စယော - အဖန်တလဲလဲ ဖြစ်စေ၍ (အာသေဝနပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အကုသိုလ်တရားတို့အား
အာသေဝနပစ္စယေန ပစ္စယော - အဖန်တလဲလဲ ဖြစ်စေ၍ (အာသေဝနပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော ကြိယာအဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကိရိယာအဗျာကတ တရားတို့အား
အာသေဝနပစ္စယေန ပစ္စယော - အဖန်တလဲလဲ ဖြစ်စေ၍ (အာသေဝနပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ရှေ့ဇောစိတ်တို့က နောက်အခြားမဲ့တွက် ဖြစ်သော ဇောစိတ်တို့အား ကျေးဇူးပြုခြင်း ဖြစ်၍ အာသေဝနပစ္စည်းသည် အနန္တရပစ္စည်းမျိုးတွင် အကျုံးဝင်၏။

**** ****
ဥပနိဿယပစ္စည်း

ဥပနိဿယပစ္စယောတိ -
၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
၃။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၅။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
၆။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၈။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၉။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
၁၀။ ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။ သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

ဥပနိဿယပစ္စည်းဆိုသည်မှာ အလွန်အားကောင်းသော မှီရာအကြောင်းတရားအဖြစ် ကျေးဇူးပြုခြင်း ဖြစ်သည်။ ဥပနိဿယပစ္စည်းသည်
(၁) အာရမ္မဏူပနိဿယပစ္စည်း၊
(၂) အနန္တရူပနိဿယပစ္စည်းနှင့်
(၃) ပကတူပနိဿယပစ္စည်းဟု အပြားအားဖြင့် ၃-မျိုး ရှိ၏။

အာရုံမပြုဘဲ မနေနိုင်လောက်အောင် အလွန် ဆွဲဆောင်မှုကောင်းသော အာရုံများသည် ယင်းတို့ကို အာရုံပြု၍ စိတ်စေတသိက်များ ဖြစ်ပေါ်စေရန် ကျေးဇူးပြုသဖြင့် အာရမ္မဏူပနိဿယ (အာရမ္မဏ + ဥပနိဿယ) ပစ္စည်းမည်၏။ အာရမ္မဏူပနိဿယ ပစ္စည်းသည် အာရမ္မဏာဓိပတိပစ္စည်းနှင့် အတူတူပင်ဖြစ်၍ ကျေးဇူးပြုပုံသတ္တိသာ ကွာခြားသည်။ ပဋ္ဌာန်းကုသလတိတ် ပဉှာဝါရတွင် အာရမ္မဏာဓိပတိပစ္စည်းနှင့် အတူတူပင် ဟောကြားထား၏။

မိမိတို့ ပြုလုပ်အားထုတ်ထားသော ဒါန သီလ ဘာဝနာစသည့် ကုသိုလ်တရားများ၊ မိမိတို့ရရှိထားသည့် ဈာန်တရား မဂ်တရားများအား ပြန်လည် ဆင်ခြင်နှလုံးသွင်း၍ ကုသိုလ်တရားတိုကို ဖြစ်စေခြင်းသည် ကုသိုလ်တရားက ကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုခြင်း မည်၏။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်ဖြစ်ပါက ကုသိုလ်စိတ်အစား ကြိယာ အဗျာကတတရားတို့သာ ဖြစ်သည်။ ကုသိုလ်တရားက အဗျာကတတရားအား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။ အကယ်၍ ထိုဒါန၊ သီလ၊ ဘာဝနာတရားတို့အား လွဲမှားစွာ နှလုံးသွင်း ဆင်ခြင်၍၊ နှစ်သက်တပ်မက်မှု (ရာဂ)၊ ငါ့အလှူ ငါ့ကိုယ်ကျင့်သီလစသဖြင့် အယူမှားမှု (ဒိဋ္ဌိ)တို့ဖြစ်ပါက ကုသိုလ်တရားက အကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။

ရာဂ၊ ဒိဋ္ဌိစသော အကုသိုလ်တရားတို့အား အလေးအနက်အာရုံပြုကာ နှစ်သက်သာယာမှုဖြစ်ပါက အကုသိုလ်တရားများ ထပ်မံ ဖြစ်ပေါ်စေနိုင်သည်။ အကုသိုလ်တရားက အကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုခြင်းဖြစ်သည်။ အကုသိုလ်တရားအား အလေးဂရု အာရုံပြု၍ ကုသိုလ်တရား၊ အဗျာကတတရားတို့အား အာရမ္မဏူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းကိုကား ကုသလတိက် ပဉှာဝါရတွင် ဟောကြားထားခြင်း မရှိပါ။

မိမိတို့ ရရှိ မျက်မှောက်ပြုထားသော ဖိုလ်တရား၊ နိဗ္ဗာန်ဟူသည့် အဗျာကတတရားတို့အား အာရုံပြုဆင်ခြင်၍ သေက္ခ (ရဟန္တာမဖြစ်သေးသော ကျင့်ဆဲ) ပုဂ္ဂိုလ်တွင် ကုသိုလ်တရားတို့ ဖြစ်ပေါ်စေ၏။ ရဟန္တာပုဂ္ဂိုလ်အတွက်ကား ကြိယာ အဗျာကတတရားအား ဖြစ်ပေါ်၏။ အဗျာကတတရားက ကုသိုလ်နှင့် အဗျာကတတရားတို့ကို အာရမ္မဏူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ အလွန်နှစ်သက်ဖွယ်ဖြစ်သော အဆင်း၊ အသံစသည့် ရုပ်တရားများအား အာရုံပြု၍ နှစ်သက်သာယာကာ တက်မက်ခြင်း၊ အယူမှားခြင်းတို့ဖြစ်ပေါ်သည်မှာ အဗျာကတတရားက အကုသိုလ်အား အာရမ္မဏူပနိဿယဖြင့် ကျေးဇူးပြုခြင်းဖြစ်သည်။

ချုပ်ပျက်သွားသော ရှေ့စိတ်သည် နောက် အခြားမဲ့တွင် စိတ္တနိယာမ အားလျော်စွာဖြစ်သည့် စိတ်စေတသိက်တို့၏ အားကြီးသော မှီရာအကြောင်းတရား ဖြစ်သဖြင့် အနန္တရပစ္စည်းကိုပင် အနန္တရူပနိဿယ (အနန္တရ + ဥပနိဿယ) ပစ္စည်းဟုလည်း ဆိုရ၏။

အာရမ္မဏူပနိဿပစ္စည်းနှင့် အနန္တရူပနိဿယပစ္စည်းတို့မှ အပအခြားသော ပင်ကိုယ်အားဖြင့် အားကောင်းသည့် မှီရာအကြောင်းတရားများသည် ပကတူပနိဿယ (ပကတိ + ဥပနိဿယ) ပစ္စည်း မည်၏။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာစသော တရားတို့ကို အမှီပြု၍ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားခြင်းတို့ပြုသောအခါ ကုသိုလ်တရားကို မှီ၍ ကုသိုလ်တရားတို့ကို ပကတူပနိဿဖြင့် ကျေးဇူးပြုသည် မည်၏။ တဖန် သဒ္ဓါစသော ကုသိုလ်တရားတို့ကို အမှီပြု၍ မာန်ရစ်မူခြင်း၊ အယူမှားခြင်စသော အကုသိုလ်တရားတို့ကိုလည်း ပကတူပနိဿယဖြင့် ကျေးဇူးပြုနိုင်သည်။ ထို့အတူပင် ဒါနပြုခြင်းစသော ကုသိုလ်တရားတို့ကို အားထုတ်မှုကြောင့် ကိုယ်ပင်ပန်းဆင်းရဲခြင်း (ကာယိကဒုက္ခ)၊ ဈာန်ကုသိုလ်တရားတို့ကို မှီ၍ ကိုယ်ချမ်းသာခြင်း (ကာယိကသုခ)တို့သည် ကုသိုလ်က အဗျာကတတရားတို့အား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။ ကုသိုလ်ကံက ဝိပါက် အကျိုးတရားကို ဖြစ်စေခြင်းသည်လည်း ကုသိုလ်က အဗျာကတအား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်းအဖြစ် ပဉှာဝါရတွင် ထည့်သွင်း ဟောကြားထားသည်။ အဋ္ဌကထာက အားနည်းသော ကံများကို မယူဘဲ၊ အားကြီးသော ကံများကိုသာ ယူရန် မှတ်ချက်ပြုထားသဖြင့်၊ အားကြီးသော (ဗလ၀) နာနာက္ခဏိက ကမ္မပစ္စည်းသည် ပကတူပနိဿယတွင် အကျုံးဝင်သည်ဟု မှတ်သားနိုင်၏။

ရာဂ ဒေါသ မောဟစသော အကုသိုလ်တရားတို့အား အမှီပြု၍၊ သူ့အသက် သတ်ခြင်း၊ ခိုးယူခြင်းစသော အကုသိုလ်တရားတို့ကို ပြုကြသည်။ ဤသည်မှာ အကုသိုလ်က အကုသိုလ်အား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ အကယ်၍ ထိုအကုသိုလ်တရားတို့အား အမှီပြုကာ ယင်းအကုသိုလ်တရားတို့အား ပပျောက်စေရန် ဒါန သီလ ဘာဝနာတို့ကို အားထုတ်သည်လည်း ရှိ၏။ အကုသိုလ်က ကုသိုလ်အား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ လောဘဖြင့် ရှာဖွေ အားထုတ်သောအခါ ချမ်းသာသုခရသည်လည်း ရှိ၏။ ကိုယ်ဆင်းရဲခြင်း ဖြစ်ရသည်လည်း ရှိ၏။ ကိုယ်ချမ်းသာ (ကာယိကသုခ) ကိုယ်ဆင်းရဲ (ကာယိကဒုက္ခ) တို့သည် အဗျာကတတရားများ ဖြစ်၍ အကုသိုလ်က အဗျာကတအား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည် မည်၏။ အားကြီးသော အကုသိုလ်ကံက ဝိပါက်တို့ကို ကျေးဇူးပြုသော ဗလ၀ နာနာက္ခဏိက ကမ္မပစ္စည်းသည်လည်း အကုသိုလ်က အဗျာကတအား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်းပင် ဖြစ်သည်။

ကိုယ်ချမ်းသာခြင်းကို အလိုရှိသဖြင့် ဒါန သီလ ဘာဝနာများ အားထုတ်၏။ ဈာန်တရားတို့ အားထုတ်၏။ သင့်တင့် လျောက်ပတ်သော ဥတု၊ အစားအသောက် (ဘောဇန - ဘောဇဉ်)၊ နေရာထိုင်ခင်း (သေနာသန) တို့ကို အမှီပြု၍လည်း ကုသိုလ်တရားတို့ ဖြစ်၏။ ယင်းတို့ကား အဗျာကတက အကုသိုလ်အား ပကတူပနိဿယဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။ ထိုကိုယ်ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဥတု၊ အစားအသောက်၊ နေရာထိုင်ခင်းစသော အဗျာကတတရားတို့ကို အမှီပြု၍ သူ့အသက်သတ်ခြင်း၊ ခိုးယူခြင်းစသော အကုသိုလ်တရားတို့အား ပကတူပနိဿယဖြင့် ကျေးဇူးပြုသည်လည်း ရှိ၏။ ရာသီ ဥတု၊ အစားအသောက်၊ နေရာထိုင်ခင်းတို့အား အမှီပြု၍ ကိုယ်ချမ်းသာ၊ ကိုယ်ဆင်းရဲဖြစ်သောအခါ အဗျာကတတရားက အဗျာကတတရားအား ပကတူပနိဿယ ပစ္စည်း ကျေးဇူးပြုသည် မည်၏။

ဤသို့အားဖြင့် ရှေးရှေး ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတရားတို့သည် နောက်နောက် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတရားတို့အား အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ဟူသော ဥပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြုနေကြသည်။ ဤတွင် အနန္တရူပနိဿပစ္စည်းသည် ရှေးစိတ်၏ အခြားမဲ့၌ ဖြစ်သော နောက်စိတ်အား ကျေးဇူးပြုခြင်းဖြစ်၍ ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့ ဝီထိ တူကြရ၏။ အာရမ္မဏူပနိဿယနှင့် ပကတူပနိဿယတို့ဖြင့် ကျေးဇူးပြုရာတွင် ပစ္စည်းနှင့် ပစ္စယုပ္ပန်သည် ဝီထိတူရန် မလိုပေ။

၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေး ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက် ကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေး ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက် အကုသိုလ်တရားတို့အား
ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော - အချို့ အားကြီးသော မှီရာအဖြစ် (အချို့သော ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေး ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက် အဗျာကတတရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အနန္တရူပနိဿယပစ္စည်းသည် မျိုးဇာတ် ဆန့်ကျင့်ဖက်ဖြစ်သော ကုသိုလ်က အကုသိုလ်၊ အကုသိုလ်က ကုသိုလ်အား ကျေးဇူးပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ကုသိုလ်က အကုသိုလ်၊ အကုသိုလ်က ကုသိုလ်အား ကျေးဇူးပြုရာတွင် အနန္တရူပနိဿယ ပစ္စည်း မရသဖြင့်၊ “အချို့သော (ကေသဉ္စိ)” ဟူသော စကားထည့်သွင်း ထားသည်ကို သတိပြုနိုင်၏။

၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေး အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက် အကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေး အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက် ကုသိုလ်တရားတို့အား
ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော - အချို့ အားကြီးသော မှီရာအဖြစ် (အချို့သော ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၆။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေး အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက် အဗျာကတတရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေး အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက် အဗျာကတတရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၈။ ပုရိမာ ပုရိမာ အဗျာကတာ - ရှေးရှေး အဗျာကတတရားတို့သည်
ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက် ကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၉။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေး အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက် အကုသိုလ်တရားတို့အား
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးမှ ရုပ်နာမ်တရားတို့သာမက၊ နိဗ္ဗာန်နှင့် ပညတ်တရားတို့သည်ပင် ပကတူပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုနိုင်ကြ၍၊ ပကတူပနိဿယ ပစ္စည်း၏ နယ်သည် အလွန်ကျယ်ပြောလှသည်။ ရာသီဥတု၊ အစားအသောက်၊ နေရာထိုင်ခင်းစသော ရုပ်ပတ်ဝန်းကျင်နှင့် မိတ်ဆွေ အပေါင်းအသင်း၊ ဆရာသမားစသော လူမှုပတ်ဝန်းကျင်တို့သည် ကုသိုလ် အကုသိုလ်စသော စိတ်စေတသိက်အား ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုနေကြသည်။

၁၀။ ဥတုဘောဇနမ္ပိ - ဥတု အစားအသောက်တို့သည်လည်း
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ပုဂ္ဂလောပိ - (ကလျာဏမိတ္တစသော) ပုဂ္ဂိုလ်သည်လည်း
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
သေနာသနမ္ပိ - နေရာထိုင်ခင်းသည်လည်း
ဥပနိဿယပစ္စယေန ပစ္စယော - အားကြီးသော မှီရာအဖြစ် (ဥပနိဿယပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
အနန္တရပစ္စည်း

အနန္တရပစ္စယောတိ -
၁။ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၂။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၃။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၄။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၅။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၆။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၇။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၈။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၉။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၀။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၃။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၅။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၆။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
၁၈။ ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

“အန္တရ” ဟူသည် “အခြား၊ ကြားခံ” ဟူသော အဓိပ္ပါယ်ရ၍၊ အနန္တရ (န + အန္တရ) သည် အခြားမဲ့ ဖြစ်ခြင်း (ရှေ့စိတ်နှင့် နောက်စိတ်၏ အလယ်ကြားတွင် အခြားကြားခံတရား တစုံတရာမျှ မရှိခြင်း) ကို ဆိုလိုသည်။ ရှေ့တွင် ချုပ်သွားသော စိတ်စေတသိက်တို့၏ အခြားမဲ့၌ နောက် စိတ်စေတသိက် တို့ ဖြစ်ပေါ်ကြခြင်းသည် ရှေ့ စိတ်စေတသိက်က နောက် စိတ်စေတသိက်တို့အား အနန္တရပစ္စည်း ဖြင့် ကျေးဇူးပြုသည် မည်၏။ ဝီထိခေါ် စိတ်ဖြစ်စဉ်များအတိုင်း မည်သို့စိတ်တို့၏ အခြားမဲ့၌ မည်သို့သော စိတ်များ ဖြစ်ပေါ်ခွင့်ရှိသည်ဟူသော စိတ္တနိယာမသည် အနန္တရပစ္စည်း၏ သတ္တိ ဟုလည်း ဆိုနိုင်၏။

ပစ္စယနိဒ္ဒေသ အနန္တရပစ္စည်းအပိုင်း၌ စက္ခုဝိညာဏဓာတ်စသော ပဉ္စဝိညာဏ်စိတ်သည် မိမိ၏ အခြားမဲ့တွင် လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် (ဝိပါက် မနောဓာတ်) အားလည်းကောင်း၊ တဖန် ယင်းသမ္ပဋိစ္ဆိုင်းစိတ်သည် အခြားမဲ့တွင် အာရုံအား စုံစမ်းသော သန္တီရဏစိတ် ( ဝိပါက် မနောဝိညာဏဓာတ်) အားလည်းကောင်း ကျေးဇူးပြုနေကြောင်း ဟောကြားထားသည်။

၁။ စက္ခုဝိညာဏဓာတု - စက္ခုဝိညာဏဓာတ်
တံသမ္ပယုတ္တကာ စ ဓမ္မာ - ထို(စက္ခုဝိညာဏဓာတ်)နှင့် ယှဉ်ဖက်တရားတို့သည်၊
မနောဓာတုယာ - (သမ္ပဋိစ္ဆိုင်းစိတ်ဟူသော) မနောဓာတ်အား (၎င်း)
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထို(မနောဓာတ်)နှင့် ယှဉ်ဖက်တရားတို့အား၎င်း
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ မနောဓာတု - (သမ္ပဋိစ္ဆိုင်းစိတ်ဟူသော) မနောဓာတ်
တံသမ္ပယုတ္တကာ စ ဓမ္မာ - ထို(မနောဓာတ်)နှင့် ယှဉ်ဖက်တရားတို့သည်
မနောဝိညာဏဓာတုယာ - (သန္တီရဏစိတ်ဟူသော) မနောဝိညာဏဓာတ်အား (၎င်း)၊
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထို(မနောဝိညာဏဓာတ်)နှင့် ယှဉ်ဖက်တရားတို့အား၎င်း
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ထို့နောက် စိတ္တနိယာမသဘောအရ ကုသိုလ်စိတ်တို့၏ အခြားမဲ့၌ အကုသိုလ်စိတ်တို့ဖြစ်ရိုး ထုံးစံ မရှိ။ ကုသိုလ် စိတ်စေတသိက်၏ နောင်တွင် ကုသိုလ်ဖြစ်စေ၊ အဗျာကတ (ဝိပါက် သို့မဟုတ် ကြိယာ) ဖြစ်စေသာ ဖြစ်နိုင်၏။ ထို့အတူ အကုသိုလ်စိတ်၏ အခြားမဲ့၌ ကုသိုလ်စိတ် ဖြစ်ရိုးထုံးစံမရှိ။ အကုသိုလ် စိတ်စေတသိက်၏ နောင်တွင် အကုသိုလ်ဖြစ်စေ၊ အဗျာကတ (ဝိပါက် သို့မဟုတ် ကြိယာ) ဖြစ်စေသာ ဖြစ်နိုင်၏။ အဗျာကတ စိတ်စေတသိက်၏ နောင်တွင်မူ အဗျာကတ၊ ကုသိုလ်နှင့် အကုသိုလ် ၃-မျိုးလုံး ဖြစ်ခွင့်ရှိသည်။

၁၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော ကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အဗျာကတတရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၁၃။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၁၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ - ရှေးရှေးဖြစ်သော အကုသိုလ်တရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အဗျာကတတရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

၁၅။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အဗျာကတတရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၆။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော ကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ - ရှေးရှေးဖြစ်သော အဗျာကတတရားတို့သည်
ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်ဖြစ်သော အကုသိုလ်တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

အကျဉ်းအားဖြင့် ရှေ့တရားတို့ ချုပ်ပြီး အခြားမဲ့၌ စိတ်စေတသိက်တရားတို့ဖြစ်သည်ဆိုပါက ထိုရှေ့တရားတို့သည် နောက်ဖြစ်သော စိတ်စေတသိက်တရားတို့အား အနန္တရပစ္စည်းဖြင့် ကျေးဇူးပြုနေကြ၏။

၁၈။ ယေသံ ယေသံ ဓမ္မာနံ အနန္တရာ - အကြင် တရားတို့၏ အခြားမဲ့၌
ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ - အကြင် စိတ်စေတသိက်တရားတို့သည် ဖြစ်ကြ၏။
တေ တေ ဓမ္မာ - ထို (ရှေ့ဖြစ်သော) တရားတို့သည်
တေသံ တေသံ ဓမ္မာနံ - ထို (နောက်ဖြစ်သော) တရားတို့အား
အနန္တရပစ္စယေန ပစ္စယော - အခြားမဲ့ဖြစ်၍ (အနန္တရပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

**** ****
သမနန္တရပစ္စည်း

သမနန္တရပစ္စယောတိ -
၁။ စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၂။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၃။ သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၄။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၅။ ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၆။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၇။ ဇိဝှါဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၈။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၉။ ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၀။ မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၁။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၂။ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၃။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၄။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၅။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၆။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၇။ ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
၁၈။ ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

သမနန္တရပစ္စည်းသည် အနန္တရပစ္စည်းနှင့် အတူတူပင် ဖြစ်သည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်