အဘိဓမ္မာ အခြေခံ မရှိသေးဘဲ ပဋ္ဌာန်း ၂၄-ပစ္စည်း ပစ္စယနိဒ္ဒေသ ပါဠိတော်အား
ရွတ်ဖတ် ပူဇော်နေကြသူများ၊ ကျက်မှတ် ပူဇော်လိုကြသူများအား အနက်အဓိပ္ပါယ်ကို
အထိုက်အလျောက် နားလည်နိုင်ကြစေရန်၊ ကျက်မှတ်ရ လွယ်ကူစေရန် ဟူသော
ရည်ရွယ်ချက်ဖြင့်၊ ပဋ္ဌာန်း ၂၄ ပစ္စည်းအား မူရင်းအစီအစဉ်အတိုင်း
မဖော်ပြတော့ဘဲ၊ ကျက်မှတ်ရ နားလည်ရ လွယ်ကူစေမည့် အစီအစဉ်ဖြင့်သာ
ဖော်ပြခဲ့ပါသည်။ ထို့အပြင် ပစ္စယနိဒ္ဒေသ အနက်ပေးရာတွင်လည်း
နိဿယကျမ်းကြီးများကဲ့သို့ ပစ္စည်းနှင့် ပစ္စယုပ္ပန် တရားကိုယ်
အရကောက်များအား အသေးစိတ် ထုတ်မပြတော့ဘဲ၊ အနက် အဓိပ္ပါယ် ပေါ်ရုံမျှသာ ရေးသားအပ်ပါသည်။
သဘောတူရာ ပစ္စည်းများအား အုပ်စုဖွဲ့ခြင်း
၂၄ ပစ္စည်းအား သဘောတူရာ တူရာ အုပ်စုများဖွဲ့၍ လေ့လာနိုင်ပါသည်။
(၁) သဟဇာတမျိုး
အတူဖြစ်ဖက် အကြောင်းတရားတို့က အကျိုးတရားတို့အား ကျေးဇူးပြုသည်ခြင်း
တူရာသော ပစ္စည်း ၁၅-မျိုးအား သဟဇာတပစ္စည်းမျိုးဟု ခေါ်ကြောင်း
ရှေ့ပိုင်းတွင် ဖော်ပြခဲ့၏။ အညမည၊ သမ္ပယုတ္တ၊ ဝိပါက၊ ဟေတု၊ ဈာန၊
မဂ္ဂပစ္စည်းတို့သည် သဟဇာတပစ္စည်းတွင် အကျုံးဝင်၏။ ထို့အပြင် ဝိပ္ပယုတ္တ၊
ကမ္မ၊ အဓိပတိ၊ အာဟာရ၊ ဣန္ဒြိယပစ္စည်းတို့၏ တစိတ်တဒေသသည်လည်း
သဟဇာတပစ္စည်းတွင် အကျုံးဝင်၏။ ထိုသဟဇာတပစ္စည်းများသည် နိဿယ၊ အတ္ထိ၊
အဝိဂတပစ္စည်းများတွင် အကျုံးဝင်နေပြန်၏။သဟဇာတ
အညမည၊ သမ္ပယုတ္တ၊ ဝိပါက၊ ဟေတု၊ ဈာန၊ မဂ္ဂ
သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတကမ္မ၊ သဟဇာတာဓိပတိ၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ
သဟဇာတနိဿယ၊ သဟဇာတတ္ထိ၊ သဟဇာတ အဝိဂတ ဟူသော ပစ္စည်း ၁၅-မျိုး ပါဝင်သည်။
(၂) ဝတ္ထုပုရေဇာတမျိုး
အရင်ဖြစ်နှင့်သည့် ပစ္စုပ္ပန်အကြောင်းတရားတို့က အကျိုးတရား
ကျေးဇူးပြုပုံခြင်း တူသည်တို့အား စုထားသည့် အုပ်စုဖြစ်သည်။
ဖြစ်နှင့်ပြီးသော မှီရာဝတ္ထုအဖြစ် ကျေးဇူးပြုသော ဝတ္ထုပုရေဇာတနှင့်
ဖြစ်နှင့်ပြီးသော အာရုံအဖြစ် ကျေးဇူးပြုသော အာရမ္မဏပုရေဇာတဟူ၍
အကြမ်းအားဖြင့် နှစ်မျိုး ခွဲခြားနိုင်၏။ ထိုပုရေဇာတနှစ်မျိုးလုံးသည်
ဖြစ်တည်ဆဲ ပစ္စုပ္ပန်အကြောင်းတို့က ကျေးဇူးပြုခြင်း ဖြစ်၍ အတ္ထိနှင့်
အဝိဂတပစ္စည်းတို့တွင် အကျုံးဝင်၏။ ဝတ္ထုပုရေဇာတသည် နိဿယပစ္စည်းတွင်
အကျုံးဝင်၍၊ အာရမ္မဏပုရေဇာတပစ္စည်းသည် အာရမ္မဏပစ္စည်းတွင် အကျုံးဝင်၏။
ဝိပ္ပယုတ္တနှင့် ဣန္ဒြိယပစ္စည်းတို့၏ တစိတ်တပိုင်းသည် ပုရေဇာတပစ္စည်းတွင်
ပါဝင်သည်။ဝတ္ထုပုရေဇာတ၊
ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတတ္ထိ၊ ဝတ္ထုပုရေဇာတ အဝိဂတ၊
ဝတ္ထုပုရေဇာတိန္ဒြိယ၊ ဝတ္ထုပုရေဇာတဝိပ္ပယုတ္တ ဟူသော ပစ္စည်း ၆-မျိုး ပါဝင်သည်။
(၃) ပစ္ဆာဇာတမျိုး
နောက်မှဖြစ်သော စိတ်စေတသိက်တရားတို့က အရင်ဖြစ်နှင့်သော ရုပ်တရားတို့အား
ထောက်ပံ့ ကျေးဇူးပြုသော သဘောတူရာစု ထားသည့် အုပ်စုဖြစ်သည်။ ပစ္ဆာဇာတပစ္စည်း
အတ္ထိ၊ အဝိဂတနှင့် ဝိပ္ပယုတ္တပစ္စည်းတို့တွင် အကျုံးဝင်၏။ ပစ္ဆာဇာတ၊
ပစ္ဆာဇာတတ္ထိ၊ ပစ္ဆာဇာတ အဝိဂတ၊
ပစ္ဆာဇာတဝိပ္ပယုတ္တဟူ၍ ပစ္ဆာဇာတမျိုး ၄-ပါးရှိသည်။
(၄) အာရမ္မဏမျိုး
အကြောင်းတရားတို့သည် အာရုံအဖြစ်ကျေးဇူးပြုသည့် သဘောတူရာတို့ကို
အုပ်စုဖွဲ့ထားခြင်း ဖြစ်သည်။ အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယနှင့်
အာရမ္မဏပုရေဇာတပစ္စည်းတို့တွင် အာရမ္မဏပစ္စည်းတွင် အကျုံးဝင်၏။
အာရမ္မဏပုရေဇာတပစ္စည်းသည် အတ္ထိ၊ ဝိဂတပစ္စည်းတို့တွင် အကျုံးဝင်ပြန်၏။
အကယ်၍ မှီရာဝတ္ထုရုပ်အား အာရုံပြု၍ ဖြစ်သော ဝတ္ထာရမ္မဏပုရေဇာတဖြစ်ပါက
နိဿယနှင့် ဝိပ္ပယုတ္တပစ္စည်းတို့တွင် အကျုံးဝင်၏။အာရမ္မဏ၊
အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿယ
အာရမ္မဏပုရေဇာတ၊ အာရမ္မဏပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတ အဝိဂတ၊
ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ် ဟူ၍ အာရမ္မဏမျိုး ၈-မျိုးရှိသည်။
(၅) အနန္တရမျိုး
ရှေ့အကြောင်းနှင့် နောက်အကျိုး စိတ်စေတသိက်တရားတို့ အကြားတွင် အခြားမရှိဘဲ၊
တစ်ခုချုပ်မှ တစ်ခုဖြစ်ပေါ်ခွင့်ရသော သဘောတူညီသည့် ပစ္စည်းများအား
အုပ်စုဖွဲ့ ထားခြင်းဖြစ်သည်။ အနန္တရ၊ သမနန္တရ၊ နတ္ထိနှင့်
ဝိဂတပစ္စည်းတို့သည် သဘောတူပစ္စည်းများ ဖြစ်ကြသည်။ အာသေဝနပစ္စည်းသည်
အနန္တရပစ္စည်းတွင် အကျုံးဝင်သည်။ တဖန် အနန္တရပစ္စည်းသည် အနန္တရူပနိဿယ
အမည်ဖြင့် ဥပနိဿယပစ္စည်းတွင် တစိတ်တပိုင်းအဖြစ် ပါဝင်၏။
လောကုတ္တရာကုသိုလ်ဖြစ်သော မဂ်စေတနာ၏ နောက်အခြားမဲ့၌ ဖိုလ်ကို ဖြစ်စေသည့်
နာနာက္ခဏိကကမ္မ ပစ္စည်းသည်လည်း အနန္တရမျိုးတွင် သွင်းရ၏။အနန္တရ၊ သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊
အာသေဝန၊
အနန္တရူပနိဿယ၊ (မဂ်နောက် ဖိုလ်အားတပ်သော) နာနာက္ခဏိကကမ္မ ဟူ၍ အနန္တရမျိုး ပစ္စည်း ၇-ပါးရှိသည်။
(၆) ရုပ်အာဟာရမျိုး
ကဗဠီကာရခေါ် ရုပ်အာဟာရသည် ဖြစ်ဆဲအခိုက်တွင် ကိုယ်ခန္ဓာအား
ထောက်ပံ့နိုင်စွမ်းမရှိသေးဘဲ၊ တည်ဆဲအခိုက် ရောက်မှသာ အာဟာရပစ္စည်းဖြင့်
ကျေးဇူးပြုနိုင်လေသည်။ ထို့ကြောင့် နာမ်အာဟာရကဲ့သို့ သဟဇာတပစ္စည်း
အုပ်စုတွင် ထည့်သွင်း၍ မရပါ။ ရုပ်အာဟာရပစ္စည်းသည် တည်ဆဲ
ပစ္စုပ္ပန်အကြောင်းတရားက် ကျေးဇူးပြုခြင်း ဖြစ်သဖြင့် အတ္ထိနှင့်
အဝိဂတပစ္စည်းတို့တွင် ဝင်၏။ကဗဠီကာရ အာဟာရ
ကဗဠီကာရ အာဟာရတ္ထိ၊ ကဗဠီကာရ အာဟာရ အဝိဂတ ဟု သုံးမျိုးရှိသည်။
ရုပ်အာဟာရပစ္စည်းတို့သည် မုချအားဖြင့် သဟဇာတပစ္စည်းတွင် မပါသော်လည်း၊ အလျော်အားဖြင့်မူ သဟဇာတအုပ်စုတွင် ထည့်သွင်းနိုင်ပါသည်။
(၇) ရူပဇီဝိတိန္ဒြိယမျိုး
ရူပဇီဝိတိန္ဒြိယသည် ဖြစ်ဆဲအခိုက်တွင် ကဋတ္တာရုပ်တရားအား ကျေးဇူးပြုနိုင်ခြင်း မရှိသေးဘဲ၊ တည်ဆဲအခိုက်ရောက်မှသာ ကျေးဇူးပြုနိုင်၍ နာမ်ဣန္ဒြိယပစ္စည်းတို့ကဲ့သို့ သဟဇာတပစ္စည်းတွင် မပါဝင်ပါ။ (သို့သော် ပရိယာယ်အားဖြင့်မူ သဟဇာတအုပ်စုတွင် ထည့်သွင်းနိုင်ပါသည်။) ရူပဇီဝိတိန္ဒြိယသည် တည်ဆဲ ပစ္စုပ္ပန်အကြောင်းတရားက ကျေးဇူးပြုခြင်း ဖြစ်သဖြင့် အတ္ထိနှင့် အဝိဂတပစ္စည်းတို့တွင် ဝင်၏။
ရူပဇီဝိတိန္ဒြိယ
ရူပဇီဝိတိန္ဒြိယတ္ထိ၊ ရူပဇီဝိတိန္ဒြိယ အဝိဂတ ဟု ပစ္စည်း ၃-မျိုးပါဝင်သည်။
(၈) နာနာက္ခဏိကကမ္မမျိုး
ကမ္မပစ္စည်းသည် သဟဇာတကမ္မနှင့် နာနာက္ခဏိကကမ္မဟု နှစ်မျိုးရှိရာ၊
သဟဇာတကမ္မပစ္စည်းသည် သဟဇာတအုပ်စုတွင် ပါဝင်ပြီး ဖြစ်၍၊ ကျန်သော
နာနာက္ခဏိကကမ္မပစ္စည်းအား သီးခြားထုတ်၍ ပြခြင်း ဖြစ်သည်။ အတိတ်ကုသိုလ်
အကုသိုလ်ကံတို့က ဝိပါက်နာမ်တရားနှင့် ကဋတ္တာရုပ်တရားတို့အား ကျေးဇူးပြုသော
ပစ္စည်းမျိုးဖြစ်သည်။
(၉) ပကတူပနိဿယမျိုး
ဥပနိဿယပစ္စည်း ၃-မျိုးအနက် အာရမ္မဏူပနိဿယသည် အာရမ္မဏမျိုး၌လည်းကောင်း၊
အနန္တရူပနိဿယသည် အနန္တရမျိုး၌လည်းကောင်း ထည့်သွင်းပြီးဖြစ်၍ ကြွင်းသော
ပကတူပနိဿယပစ္စည်းတို့အား သီးခြားထုတ်၍ ဖော်ပြခြင်း ဖြစ်သည်။ ဤတွင်
ဝိပါက်နာမ်တရားတို့အား ကျေးဇူးပြုသည့် အားကြီးသော (ဗလ၀) နာနာက္ခဏိက
ကမ္မပစ္စည်းမှာ ပကတူပနိဿယပစ္စည်းနှင့် အတူတူပင်ဖြစ်၏။ အထက်တွင်ပြခဲ့သော သဘောတူရာ ပစ္စည်းအုပ်စုတို့အား ထပ်မံ၍ အကျဉ်းချုပ်လိုက်ပါက သဟဇာတမျိုး၊ ပုရေဇာတမျိုး၊ ပစ္ဆာဇာတမျိုး၊ ရုပ်အာဟာရမျိုး၊ ရူပဇီဝိတိန္ဒြိယမျိုးဟူသော အုပ်စု ၅-မျိုးသည် ဖြစ်တည်ဆဲ ပစ္စုပ္ပန်တရားတို့က ရှိသည်ဖြစ်၍ ကျေးဇူးပြုနေကြသော အတ္ထိပစ္စည်းတွင် ဝင်၏။ အနန္တရမျိုးနှင့် ပကတူပနိဿမျိုး ၂-မျိုးတို့သည်လည်း အားကြီးသော မှီရာအကြောင်းဟူသော ဥပနိဿယပစ္စည်းတွင် ဝင်၏။ ထို့ကြောင့် အဘိဓမ္မတ္ထသင်္ဂဟခေါ် သဂြိုဟ်ကျမ်းတွင် ၂၄-ပစ္စည်းအား (၁) အာရမ္မဏ (၂) ဥပနိဿယ (၃) ကမ္မနှင့် (၄) အတ္ထိဟူ၍ ပစ္စည်း၄-မျိုးတွင် သွင်းယူနိုင်ကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် သဂြိုဟ်ကျမ်းတွင် ၂၄-ပစ္စည်းအား အကြောင်းတရား (ပစ္စည်း)နှင့် အကျိုးတရား (ပစ္စယုပ္ပန်)တို့၏ နာမ်၊ ရုပ်၊ ပညတ် အမျိုးအစားအလိုက် အုပ်စု ၆-စု ခွဲ၍ ဖော်ပြထားသည်။ ၂၄-ပစ္စည်းအား ဖွင့်ဆိုရာ၌လည်း ဟေတုပစ္စည်း၊ အာရမ္မဏပစ္စည်း စသဖြင့် ပဋ္ဌာန်းပစ္စယုဒ္ဒေသလာ အစီအစဉ်အတိုင်း မဖွင့်ဆိုဘဲ၊ ဤ ၆-အုပ်စု အစီအစဉ်အတိုင်းသာ ဖွင့်ဆိုသွား၏။
(၁) နာမ်က နာမ်အား ကျေးဇူးပြုခြင်း
ချုပ်သွားသည့် နာမ်တရား၏ အခြားမဲ၌ နောက်နာမ်တရားကို ဖြစ်စေသည့် အနန္တရ၊
သမနန္တရ၊ နတ္ထိ၊ ဝိဂတ၊ အာသေဝန ပစ္စည်း ၅-ပါးနှင့် အတူယှဉ်ဖက် နာမ်တရားတို့
အချင်းချင်း ကျေးဇူးပြုနေကြသော သမ္ပယုတ္တ ပစ္စည်းတို့သည် နာမ်က နာမ်အား
ကျေးဇူးပြုသော ပစ္စည်း ၆-ပါးဖြစ်သည်။
(၂) နာမ်က နာမ်ရုပ်အား ကျေးဇူးပြုခြင်း
အတူဖြစ်ဖက် နာမ်ရုပ်တို့အား ကျေးဇူးပြုသည့် ဟေတု၊ ဈာန၊ မဂ္ဂ၊ ဝိပါကနှင့်
သဟဇာတကမ္မ ပစ္စည်း၊ နောင်တွင်ဖြစ်လာမည့် ဝိပါက်နာမ်ခန္ဓာနှင့်
ကမ္မဇရုပ်တို့အား ကျေးဇူးပြုသည့် နာနာက္ခဏိကကမ္မ ပစ္စည်းတို့သည် နာမ်က
နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်း ၅-မျိုး ဖြစ်သည်။
(၃) နာမ်က ရုပ်အား ကျေးဇူးပြုခြင်း
နောက်မှဖြစ်သော နာမ်တို့က အရင်ဖြစ်နှင့်သော ပစ္စုပ္ပန် ရုပ်တို့အား ကျေးဇူးပြုသည့် ပစ္ဆာဇာတပစ္စည်း ဖြစ်သည်။
(၄) ရုပ်က နာမ်အား ကျေးဇူးပြုခြင်း
အရင်ဖြစ်နေသော ဝတ္ထုရုပ်၊ ရုပ်အာရုံဟူသော ရုပ်တရားတို့က နာမ်တရားတို့အား ကျေးဇူးပြုသော ပုရေဇာတပစ္စည်း ဖြစ်သည်။
(၅) ပညတ်၊ နာမ်၊ ရုပ်တို့က နာမ်အား ကျေးဇူးပြုခြင်း
ပညတ်၊ နာမ်နှင် ရုပ်တရားတို့သည် အာရမ္မဏပစ္စည်း၊ ဥပနိဿယပစ္စည်းတို့ဖြင့် ကျေးဇူးပြုကြသည်။
(၆) နာမ်ရုပ်က နာမ်ရုပ်အား ကျေးဇူးပြုခြင်း
အဓိပတိ၊ သဟဇာတ၊ အညမည၊ နိဿယ၊ အာဟာရ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူသော
ပစ္စည်း ၉-မျိုးတို့သည် နာမ်ရုပ်တရားတို့က နာမ်ရုပ်တရားတို့အား
ကျေးဇူးပြုကြသည်။ **** ****
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်