အကုသိုလ္ရဲ့ ပေဟဠိ

 


 ေ၀ဒါသာကု ကုသာဒါေ၀၊
ဒါယသာတ တသာယဒါ၊
သာသာဒိကု ကုဒိသာသာ၊
ကုတကုဘု ဘုကုတကု၊
 
“Code Is Poetry” လို့ ပြောကြတယ်။ အတော် ရသမြောက်ပါတယ်။ အခုက Programming နဲ့ တော့ မဆိုင်ပါဘူး။ ပါဠိဂါထာလေး တစ်ပုဒ်ပါ။ Poetry Is Code လို့ ပြောရမလို ဖြစ်နေတယ်။ ပါဠိနဲ့ Coding လုပ်ထားတာလို့ ဒီဂါထာလေးကို အကဲခတ်မိပါတယ်။ တစ်ကြောင်း ၈ လုံး, ၄ ကြောင်း ဆိုတော့ ဂါထာ အသွင် ဆောင်ပါတယ်။ တစ်ကြောင်း ၈လုံးမှာ ရှေ့ ၄လုံးကို ပဋိလုံ ပြန်ပြီး နောက် ၄လုံးကို ရေးထားတယ်။ ရေးဖွဲ့ထားပုံ အတော် ပီပြင်ပါတယ်။
 
ပါဠိစာပေမှာ ပုဒ်ပါဌ်အက္ခရာတွေရဲ့ အနက်အဓိပ္ပါယ်ကို ကြံဆတဲ့အခါမှာ အသုံး ပြုဖို့ရာ ရှေးဆရာ တို့က ဒီလို ရေးထားတယ်….
ပဌမံ ကရေ ပဒစ္ဆေဒံ ၊ သမာသာဒိ ံ တတော ပရေ၊
သမာသာဒိ ံ တတော ပစ္ဆာ ၊ အတ္ထံ ဇာနေယျ ပဏ္ဍိတော။
 
 
“ကျမ်းကြီး ပဋ္ဌာန်း, ကျမ်းငယ် ဆန်း” လို့ ခေါ်တဲ့ ဆန်းကျမ်းဟာ အလွန် သေးငယ်ပါတယ်။ ဒါပေမယ့် “ဉာဏ်စမ်း ဆန်းတက်” လို့ ဆိုရလောက်အောင် နက်နက်နဲနဲ ရေးထားတာ ဖြစ်လို့ ပါဠိစာပေမှာ အလွန် အရေးပါတဲ့ ကျမ်းငယ် တစ်စောင် ဖြစ်တယ်။ အဓိက ဂါထာ စီကုံးရေးဖွဲ့တဲ့ နေရာမှာ သုံးပါတယ်။ ဒီကျမ်းငယ်ကို ပါဠိပညာရှင်များ ခုံမင်စွာ လေ့လာ ကြတယ်။ အလွန် ကျွမ်းကျင်ကြပါတယ်။ ဆန်းကျမ်းမှာ လိမ္မာကျွမ်းကျင်မှု ရှိလာလေလေ ဂါထာအစီအကုံး အနှုန်းအဖွဲ့ ပိုင်နိုင်လာ လေလေ ဖြစ်ပါတယ်။ ဂါထာများကို အဆန်းတကြယ် စီရင်ကြတယ်။ ဉာဏ်ကွန့်မြူးပြီး နည်းအမျိုးမျိုးနဲ့ ရေးစပ်သီကုံးကြတယ်။ အခြေခံအားဖြင့် ပြောရရင် နားလည် လွယ်အောင် ရေးကြတယ်။ တစ်ချို့ကျတော့ အဆင့်မြင့်မြင့် ရေးကြတယ်။ တစ်ခါတစ်ရံ သင်္ကေတ များနဲ့ ရေးကြတယ်။ မျိုးစုံပါပဲ။
 
ဂမ္ဘီရတ္ထ…နက်နဲတဲ့ အနက်အဓိပ္ပါယ် ရှိတဲ့, ဂူဠှတ္ထ…လျှို့ဝှက်တဲ့ အနက်အဓိပ္ပါယ် ရှိတဲ့ ဂါထာများကို ဖတ်ရှုရတဲ့အခါ သမုဒ္ဒရာအလယ် ယုန်သူငယ် ခြေထောက်၍ မရသကဲ့သို့ ယက်ကန်ယက်ကန် ဖြစ် ရပါတယ်။ အခုလဲ “ဝေဒါသာကု”နဲ့ စတဲ့ ဂါထာလေးဟာ ပါဠိစာပေ ပညာရှင် မဟုတ်တဲ့ ဝါသနာ အရ လေ့လာနေတဲ့ သူတစ်ဦးအတွက် အတော် ခက်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လို အကြောင်း သင့်ပြီး နားလည် သဘောပေါက်မလဲ မသိပါ။ ပဟေဠိကို အဖြေညှိဖို့ အခွင့် ကြုံဦးမှာပါ။

ဒီဂါထာကို ကြားဖူးသူတွေကိုတော့ တွေ့နေရပါပြီ။ သူတို့လဲ ထူးထူးခြားခြား မသိကြပါ။ ဒါကြောင့် ဆက်လက် မေးမြန်းနေရပါတယ်။ အဓိပ္ပါယ် သိနားလည်သူများ ရှိရင် ပြောနိုင်ပါတယ်။ ကျေးဇူး တင်ပါတယ်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်