အဓိပ္ပါယ် တလွဲကောက်ခံရသော ဆိုရိုး/စကားပုံများ




ကမ္ဘာပေါ်ရှိ လူမျိုးစုအသီးသီးတွင် ယင်းတို့ရိုးရာအလိုက် အစဉ်အလာအရ သုံးနှုံးပြောဆိုကြသော “ဆိုရိုးစကား” များနှင့် အဖြစ်အပျက်တစ်ခုကို ပုံပမာခိုင်းနှိုင်းကာ တင်စားပြောဆိုကြသော “စကားပုံ” များဟု နှစ်မျိုးနှစ်စားရှိကြောင်း စာဖတ်သူတိုင်း သိကြပြီးဖြစ်သည်။ ယင်းဆိုရိုးစကား/ စကားပုံများအနက် အချို့စကားပုံ/ဆိုရိုးစကားများမှာ သက်ဆိုင်ရာ လူမျိုးစုအတွင်း အသုံးများလာရာမှ တွင်ကျယ်ကာ နောင်လာနောင်သားများအတွက် မှတ်သားဖွယ်၊ လိုက်နာဖွယ်များအထိ ဖြစ်လာရသည်။ သို့သော် အချို့စကားပုံးများမှာမူ သက်ဆိုင်ရာလူမျိုးစုအတွင်း ဖြစ်ပေါ်သည်မဟုတ်ဘဲ အခြားလူမျိုးစုတစ်ခုခုက ထိုလူမျိုးစုတို့အကြောင်းကို မြင်တွေ့ကြားသိရပြီး သမုတ်ခေါ်ရိုးပြုကြရာမှ ပေါ်လာခြင်းဖြစ်ကြောင်း နားလည်ရသည်။

ထို့အပြင် စကားပုံနှင့် ဆိုရိုးစကားအချို့မှာမူ သက်ဆိုင်ရာလူမျိုးစုအတွင်း စတင်ပေါ်ပေါက်လာသည်လော? သို့မဟုတ် အခြားလူမျိုးစုတစ်ခုခုက သတ်မှတ်သုံးနှုံးခဲ့ကြသည်လော? တိတိကျကျ ပြောဆိုဖို့ရာ ခက်လှသည်ကိုလည်း တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသို့သော ဆိုရိုး/စကားပုံများတွင် သက်ဆိုင်ရာလူမျိုးစုက သတ်မှတ်ထားသော အဓိပ္ပါယ်နှင့် အခြားလူမျိုးစုတို့က သတ်မှတ်ထားသော အဓိပ္ပါယ်ဟု အဓိပ္ပါယ်နှစ်မျိုး ရောနှောပါဝင် နေတတ်သောကြောင့်ဖြစ်သည်။ ဒီနေရာမှာ စကားပုံနှစ်ခုကို ဥပမာအဖြစ် ထုတ်နှုတ်ပြောပြချင်သည်။

(၁) ကုလားမနိုင်၊ ရခိုင်မဲ/ ကုလားမနိုင်၊ ရခိုင်မေး
(၂) ထားဝယ်ရိုး ကြက်သူခိုး/ ထားဝယ်အရိုး ကြပ်ခိုး

မြန်မာတို့နေ့စဉ်ပြောဆိုသုံးနှုံးနေကြသော စကားများတွင် အထက်ပါ စကားနှစ်မျိုးအနက် ပထမအမျိုးအစားကို လူအတော်များများ ပြောဆိုနေကြသည်ကို ကြားသိနိုင်သည်။ တစ်စုံတစ်ယောက် စိတ်ဆိုးဒေါသထွက်သောအခါ “ခုတ်ရာတခြား၊ ရှရာတခြား” ဟူရာ၌ကဲ့သို့ ဒေါသဖြစ်သူက သူတကယ်စိတ်ဆိုးနေသူအပေါ် သူ့ဒေါသကို မပြဝံ့သောကြောင့်ဖြစ်စေ၊ မပြလိုသောကြောင့်ဖြစ်စေ မဆီမဆိုင် အနားရှိ နိုင်လောက်သော သူတစ်ယောက်ယောက်အပေါ် အခြောက်တိုက် ရန်မယ်ရှာကာ ဆူဆဲမာန်မဲမှုမျိုးကို ပြုတတ်သည်။ ယင်းအဖြစ်အပျက်သည် အစိုးရရုံးများမှာသော်၎င်း၊ ပုဂ္ဂလိကရုံးများမှာသော်၎င်း အခါအားလျော်စွာ ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

ယင်းသို့သော အပြုအမူမျိုးကို အလုပ်ရှင်ကိုယ်တိုင်လည်း ပြုလုပ်လေ့ရှိသည်မဟုတ်၊ အောက်လက်ငယ်သားတို့ကလည်း ပြုလုပ်ကြသည်တော့မဟုတ်။ အလုပ်ရှင်နှင့် အောက်လက်ငယ်သားတို့အကြား တာဝန်ရှိသူ တစ်စုံတစ်ယောက်မှာ ယင်းအပြုအမူများ မကြာခဏဖြစ်လေ့ဖြစ်ထရှိသည်ကို တွေ့မြင်နိုင်သည်။ ဥပမာ-သက်ဆိုင်ရာ လုပ်ငန်းတစ်ခုရဲ့ မန်နေဂျာဆိုပါတော့။ သူ့ကို သူ့အထက်အရာရှိ၊ သို့မဟုတ် လုပ်ငန်းရှင်က အကြောင်းတစ်မျိုးမျိုးကြောင့် အပြစ်တင်ကျိမ်းမောင်းသောအခါ သူ့အထက်အရာရှိ/လုပ်ငန်းရှင်ကို ပြန်မပြောဝံ့သောကြောင့် တစ်စုံတစ်ရာတုန့်ပြန်ခွင့်မရသောအခါ ထိုသူများရှေ့တွင် ထွက်လာသော ဒေါသကို မျိုသိပ်ထားရင်း အောက်လက်သားများနှင့် တွေ့သောအခါမှ ယင်းမျိုသိပ်ထားသောဒေါသ ယိုစီးပေါက်ထွက်လေ့ရှိသည်။

ယင်းသို့သော အဖြစ်အပျက်မျိုးကို ဘေးလူများက “ကုလားမနိုင်၊ ရခိုင်မဲ” သည်ဟု အမှတ်ပြုထားသည်။ ရခိုင်ပြည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်သဖြင့် နှစ်ပြည့်တစ်ပြည်ကဲ့သို့ တစ်ဘက်ကမ်းမှ ကုလားများလည်း ဝင်ရောက်နေထိုင်နေကြရာ ကုလားတစ်ဝက် ရခိုင်တစ်ဝက်ကဲ့သို့ ဖြစ်နေသည်။ တစ်စုံတစ်ယောက်သောသူက ကုလားများနှင့် ခိုက်ရန်ဖြစ်သောအခါ အများစုဖြစ်သော ကုလားများကို နိုင်လောက်သောအခြေအနေမရှိသဖြင့် အနည်းစုဖြစ်၍ နိုင်လောက်သောရခိုင်လူမျိုးများကို မဲ၍ ဖိသည်ဟု ဆိုလိုဟန်ရှိသည်။ ကျနော်ငယ်စဉ်တုန်းကလည်း အမေဆူသောအခါ အမေ့ကို တစ်စုံတစ်ရာပြန်မပြောသော်လည်း ညီမငယ်များကို စိတ်တိုတိုနှင့် နိုင်စားလေ့ရှိသည်။ ယင်းသောအခါ အမေသည် “ကုလားမနိုင်၊ ရခိုင်မဲ” ဟုပြောလေ့ရှိသည်ကို မှတ်မိသေးသည်။ သို့သော် ယင်းသို့ မြန်မာလူမျိုးများ နားလည်နေသော ယင်းဆိုရိုးစကားအဓိပ္ပါယ်ကို ရခိုင်လူမျိူးများက လက်ခံကြပါ၏လော? အများစုလက်ခံမည် မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့မှာလည်း ထိုဆိုရိုးအတွက် သူတို့အဓိပ္ပါယ်နှင့် သူတို့ရှိနှင့်ပြီးဖြစ်သောကြောင့်တည်း။

ငယ်စဉ်ကျောင်းသားဘဝမှာ ရှိခဲ့ဖူးသော မိတ်ဆွေအပေါင်းအသင်းများအနက် ရခိုင်ပြည်နယ်မှ ကျောင်းသားများလည်း အတော်များများ ပါဝင်သည်။ ကျနော့်တပည့်များနှင့် သူငယ်ချင်းအများစုသည် ရခိုင်လူမျိုးများဖြစ်ကြသည်။ လုပ်ဖေါ်ကိုင်ဖက်များ၊ ကောင်းတူဆိုးဖက်များဖြစ်ကြသည်။ အချို့မှာ နိုင်ငံရေးဝါသနာအလွန်ကြီးသူများလည်း ဖြစ်ကြသည်။ အထူးသဖြင့် ရခိုင်လူမျိုးများအပေါ် မှတ်ချက်တစ်ခုပေးပါ-ဟုဆိုလာလျှင် ကျနော်ပေးမည့်မှတ်ချက်သည် “ရခိုင်လူမျိုးများသည် လူမျိုးရေးစိတ်ဓာတ်အလွန် ပြင်းထန်သူများဖြစ်ကြသည်” ဟူသတည်း။ မြန်မာနိုင်ငံတွင် ရခိုင်လူမျိုးများလောက် လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သော လူမျိုးများ ရှားပေလိမ့်မည်။ ရခိုင်လူမျိုးများ လူမျိုးရေးစိတ်ဓာတ်ပြင်းထန်းရခြင်းအကြောင်းများတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်လာသော ကုလားများသည်လည်း အကြောင်းတစ်ခု ဖြစ်ဘွယ်ရှိသည်။ ဤပို့စ်တွင် ယင်းအကြောင်းများကို အကျယ်/အရှည်မရေးလိုပြီ။

အထက်ပါဆိုရိုးစကားကို ပြန်ဆက်ရပါမူ---အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ရခိုင်လူမျိုးတစ်ယောက်ယောက်ရှေ့တွင် အထက်ပါအတိုင်း “ကုလားမနိုင်၊ ရခိုင်မဲ” ဟုပြောဆိုခဲ့သော် ထိုသူ့ကို ရခိုင်လူမျိုးများက ကျေနပ်ကြမည်မဟုတ်။ သို့မဟုတ် ယင်းစကားပုံကို “ကုလားမနိုင် ရခိုင်မေး” ဟု ပြင်ပေးပါလိမ့်မည်။ ကျနော်ကိုယ်တိုင် ယင်းသို့ ပြင်ပေးခြင်းကို ခံခဲ့ရဖူးသည်။ အတူနေသူငယ်ချင်းများအနက် ကိုမြတ်ခိုင်သည် လူပိန်သလောက် လေထွားသောသူဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သုံးသပ်ကြည့်က ရုပ်ပိုင်းဆိုင်ရာတွင် လေနှင့် အရိုးသာများ၍ နာမ်ပိုင်းဆိုင်ရာတွင်မူ ဒေါသနှင့် အကြွားသာ များလေသည်။ သူ့အကြောင်းမသိသူတစ်ဘက်သားကို ဆယ်မိနစ်လောက်အတွင်း ကျအောင် ပြောနိုင်စွမ်းရှိသည်။ ကျနော်ကိုယ်တိုင် ကျခဲ့ဖူးကြောင်း ရိုးသားစွာ ဝန်ခံပါသည်။ ကိုမြတ်ကျော်ရှေ့တွင် “ကုလားမနိုင်၊ ရခိုင်မဲ” ဟူသောစကားကို အမှတ်တမဲ့ ပြောခဲ့ဖူးသည်။ ကိုမြတ်ကျော်က မကျေနပ်။ သို့သော်လည်း စိတ်ဆိုးဟန် တစ်စုံတစ်ရာမပြပဲ ရှင်းပြသည်။

ယင်းဆိုရိုးစကားမှာ မြန်မာလူမျိုးတို့ အဓိပ္ပါယ်အကောက်လွဲနေခြင်းသာဖြစ်ကြောင်း၊ အမှန်အဓိပ္ပါယ်မှာ “ကုလားမနိုင်၊ ရခိုင်မေး” သာဖြစ်ကြောင်းပြောသည်။ သူကဆက်လက်၍---ရခိုင်လူမျိုးများသည် ကုလားများနှင့် ရာစုနှစ်ပေါင်းများစွာ အတူနေလာကြရသဖြင့် အခါအားလျော်စွာ တိုက်ရ ခိုက်ရသည်များလည်းရှိရာ ကုလားများကို အနိုင်ရဖို့အရေး အစဉ်သဖြင့် နည်းလမ်းများကို ကြံဆထားကြရကြောင်း၊ ထို့ကြောင့် ကုလားကို အနိုင်ရနိုင်သည့် နည်းလမ်းများသည် ရခိုင်လူမျိုးစုတွင် အမြဲတမ်းအဆင်သင့်ရှိနေကြောင်း၊ ကုလားများနှင့် ခိုက်ရန်ဖြစ်ဖွယ်တစ်စုံတစ်ခုရှိသဖြင့် အနိုင်ရလိုသောသူသည် ရခိုင်လူမျိုးများကို မေးကြရကြောင်း ပြောပြကာ ယင်းသို့သောအကြောင်းကြောင့် အထက်ပါ ဆိုရိုးနှစ်မျိုးအနက် “ကုလားမနိုင်၊ ရခိုင်မဲ”သည်မှား၍ “ကုလားမနိုင် ရခိုင်မေး”သည်သာ မှန်ကြောင်း ရှင်းလင်းကာ နိဂုံးချုပ်သည်။ သူရှင်းပြမှ ကျနော်လည်း ယင်းအဓိပ္ပါယ်ကို ကောင်းစွာနားလည်လာရတော့သည်။ ယင်းအတွက် ကိုမြတ်ကျော်ကို ကျေးဇူးတင်ပါ၏။

နောက်တစ်မျိုးမှာ ထားဝယ်လူမျိုးတို့၏ စကားပုံနှင့် မြန်မာလူမျိုးတို့ နားလည်နေသော အဓိပ္ပါယ်ဖြစ်သည်။ တစ်ခါက ကျနော်သည် ကျနော့်ပါမောက္ခနှင့် အတူလမ်းလျှောက်သွားစဉ် ဘာကိုအကြောင်းပြုလိုက်မှန်းမသိ။ ပါမောက္ခက ကျနော့်ကို “မင်းတို့ ထားဝယ်လူမျိုးတွေက မရိုးသားတဲ့နေရာမှာတော့ ဆိုရိုးစကားတောင်တွင်တယ်ကွ” ဟုကောက်ကာငင်ကာပြောသဖြင့် “ဘယ်လိုတွင်တာလဲ ခင်ဗျား” ကျနော်က ပြန်မေးရာ “ထားဝယ်ရိုး ကြက်သူခိုး” ဆိုတာ မင်းလည်း သိသားပဲကွ” ဟု ဆရာက ဖြေသည်။ ဆက်လက်၍ “မင်းတို့ထားဝယ်လူမျိုးတွေ ဘယ်လောက်ရိုးသားတယ်ပြောပြော၊ ကြက်တော့ အနည်းဆုံး ခိုးကြသေး ဆိုပဲကွ” တဲ့။ ကျနော့်ရင်ထဲမှာ အောင့်သီးအောင့်သက်ခံစားလိုက်ရကြောင်း ရင်ဖွင့်ပါသည်။ မည်သူမဆို ကိုယ့်ကိုဖြစ်စေ၊ ကိုယ့်အမျိုးကို ဖြစ်စေ “မရိုးသားဘူး” ဟု အပြောခံရ သတ်မှတ်ခံရသောအခါ နာကျင်ကြလိမ့်မည် ထင်ပါသည်။ သို့သော် ကျနော့်ရင်က နာကျင်မှုကို ကျနော့်ဆရာရှေ့မှာ ဖွင့်မပြခဲ့ပါ။ သူ့ပြောစကားကို မသိမသာပဲ မှတ်ထားလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ဆရာကို ပြန်ချေပနိုင်သည့် စကားလုံးလည်း ကျနော့်မှာ အဆင်သင့်မရှိ။ ဆရာပြောသမျှ ရေငုံနှုတ်ပိတ် နေခဲ့ရသည်။ သို့သော် “ဒီစကားအမှန်ပဲလား” ကျနော်သိချင်လှသည်။

တစ်နေ့ မောင်းမကန်ရွာမှ ရန်ကုန်တွင် ပြောင်းရွှေ့နေထိုင်သော အိမ်နီးချင်း အမေကြီး ဒေါ်အိုကြည်နှင့်တွေ့သောအခါ ယင်းဆိုရိုးစကားသည် အမှန်ဖြစ်ပါသလော? မေးကြည့်ရာ အမေကြီးခမျှာ မျက်လုံးပြူးသွားလေတော့သည်။ “ဟဲ့ သားငယ် (အမေကြီးက ကျနော့်ကို ချစ်သဖြင့် သားငယ်-ဟုသာခေါ်လေ့ရှိသည်) ဆိုရိုးစကားက အဲလို မဟုတ်ဘူးကွဲ့၊ အဲဒါ မြန်မာလူမျိုးတွေ အကြားမှား၊ အမှတ်မှားဖြစ်ပြီး ကိုယ်လိုရာ အဓိပ္ပါယ်ကို ဆွဲပြောနေကြတာ၊ အမေတို့ ထားဝယ်ရိုးရာအစဉ်အလာ ပြောရိုးဆိုစဉ်စကားပုံက “ထားဝယ်အရိုး၊ ကြပ်ခိုး” ကွဲ့၊ ဆိုရိုးစကားလည်း မဟုတ်ဘူး၊ အဲဒါ “စကားပုံ” လို့ခေါ်တယ်။ ရိုးသားမှုကို ပုံပြုတင်စားပြီး တွင်လာတဲ့ စကားပဲ၊ မြဲမြဲမှတ်ထား သားငယ်ရဲ့” ဟု အမေကြီးက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သည်။

ထို့ပြင် သူက ဆက်လက်ပြီး “အမေတို့ ထားဝယ်သူ ထားဝယ်သားတွေ ဘယ်လောက်ရိုးသားတယ်ဆိုတာကို အဲဒီစကားပုံနဲ့တင် တော်တော် ဂုဏ်ယူထိုက်နေပြီ သားငယ်ရ၊ “ကြပ်ခိုးစင်” ဆိုတာ သားငယ်သိတယ်မဟုတ်လား၊ အမေတို့ထားဝယ်က အိမ်တိုင်းမှာ ရှိတာပေါ့၊ အဲဒီပေါ်မှာ အခြောက်ခံဖို့ ထင်းအစိုတွေ၊ တစ်ခါတစ်ခါ မခြောက်သေးတဲ့ ငါးအစိုတွေ တင်တင်ထားရတယ်၊ ကြပ်ခိုးစင်ပေါ်တင်ထားရင် ရေရှည်လည်းခံတယ်၊ ပြီးတော့ ကြပ်ခိုးဆိုတာ အမေတို့ ရိုးရာဗမာ့ဆေးနည်းမှာ ဆေးအမယ်တစ်ခုပဲကွဲ့၊ ထားဝယ်လူမျိုးတွေရဲ့ ရိုးသားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ထားဝယ်လူမျိုးတစ်ယောက်ယောက်သေတဲ့အခါ အရိုးကိုယူပြီး ကြပ်ခိုးစင်ပေါ်တင်ထားရတယ် လို့ဆိုလိုတာ သားငယ်ရဲ့၊ မင့် ဆရာနဲ့တွေ့ရင် အမေပြောသလို ပြန်ပြောပြလိုက် ကြားလား သားငယ်” ဟု စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။ ကျနော်လည်း အဲဒီအခါကျမှပဲ ဘဝင်တွေ ဘာတွေကျပြီး စိတ်သက်သက်ရာ ရသွားတော့သည်။ သို့သော် စကားမစပ်သဖြင့် ဆရာ့ကို တစ်ခါမှ ပြန်ရှင်းပြခွင့် မရှိ။ နောင်လည်း ရှင်းပြနိုင်တော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကျနော့်ဆရာသည် ၂၀၀၅-ခုနှစ်က ဆုံးပါးသွားရချေပြီတည်း။

အထက်ပါ ဆိုရိုးစကားနှင့် စကားပုံများနည်းတူပင် သက်ဆိုင်ရာလူမျိုးစုက သတ်မှတ်ထားသော အဓိပ္ပါယ်က တစ်မျိုး၊ အခြားလူမျိုးစုများက နားလည်ထားသော အဓိပ္ပါယ်တစ်မျိုးအားဖြင့် အဓိပ္ပါယ်နှစ်မျိုးထွက်သော စကားပုံများလည်း အများအပြားပင် ရှိနှင့်ဦးမည်ဖြစ်သည်။ အကယ်၍ ယင်းသို့သော ဆိုးရိုး/စကားပုံများကို ပြောခွင့်၊ သုံးခွင့်ကြုံသဖြင့် ပြောရ၊ သုံးရတော့မည့်အခါမှာ အလွန်သတိထားသင့်ကြောင်း တင်ပြလိုရင်း ဖြစ်သည်။ လူမျိုးစုတစ်ခုခု၏ စကားပုံ/ဆိုရိုးများကို မိမိတို့နားလည်ထားသည့်အတိုင်း ထိုလူမျိုးများရှေ့တွင် ပြောဆိုသုံးနှုံးမိပါက သက်ဆိုင်ရာလူမျိုးစုတို့၏ ဂုဏ်သိက္ခာကို ထိပါးသကဲ့သို့ဖြစ်တတ်ကြောင်း ကျနော့်ကိုယ်တွေ့နှင့် ယှဉ်ကာ တင်ပြလိုက်ရပါသတည်း။ 

http://kominhtet.blogspot.com

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်