နိဗ္ဗာန်အကြောင်း

“ … နိဗ္ဗာန်၏ တည်ရာအရပ် မရှိ။ ဒီစကားက သိပ်ကောင်းတယ်။ အခု ပြောကြတာက နိဗ္ဗာန်လို့ ပြောလိုက်ရင် နိဗ္ဗာန်ရောက်တယ်လို့လည်း ပြောလေ့ရှိကြတယ်။ နိဗ္ဗာန်ရတယ်လို့လည်း ပြောလေ့ရှိကြတယ်။
ရောက်တယ်ဆိုတဲ့ စကားထဲမှာ ဘာပါနေသလဲဆိုတော့ နိဗ္ဗာန်ဟာ ရောက်စရာနေရာတစ်ခု, ဘုံတစ်ခု, ဌာနတစ်ခုလို့ စိတ်က ထင်,ထင်နေတတ်တယ်။ ဘယ်သူပဲဖြစ်ဖြစ် များသောအားဖြင့် အဲသလိုချည်း ထင်တတ်ကြတယ်။
ဒီနေရာမှာ မိလိန္ဒမင်းကြီးက မေးတယ်။ နိဗ္ဗာန်ရဲ့တည်ရာ အရပ် ရှိပါသလားတဲ့။ မရှိဘူးလို့ ရှင်နာဂသိန်က ဖြေတယ်။
ဒါကြောင့်မို့ နိဗ္ဗာန်ဟာ အရှေ့မှာ ရှိတယ်၊ အနောက်မှာ ရှိတယ်၊ တောင်မှာ ရှိတယ်၊ မြောက်မှာ ရှိတယ်၊ အထက်မှာ ရှိတယ်၊ အောက်မှာ ရှိတယ် … ဘယ်လိုမှ ပြောလို့ မရဘူး။ ဘယ်နေရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ပြောလို့ မရဘူး။
ကိလေသာချုပ်ငြိမ်းခြင်းသဘောကို ဘယ်နေရာမှာ ရှိတယ်လို့ ပြောလို့ မရဘူး။ ညွှန်ကြားလို့ မရဘူး။ ဒါကြောင့်မို့ တည်ရာအရပ်ရယ်လို့ မရှိဘူး။
ဒါကြောင့်မို့ နိဗ္ဗာန်လို့ ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုး မမြင်မိစေနဲ့။ ရောက်စရာဌာနတစ်ခုအနေနဲ့ မမြင်မိစေနဲ့။ အဲဒါ အရေးကြီးတယ်။ နိဗ္ဗာန်ဟာ သဘောတရားတစ်ခုပဲ။”
(အရှင်သီလာနန္ဒာဘိဝံသ)
+++++

+++++
နိဗ္ဗာန်
နိဗ္ဗာန = နိ + ဝါန
နိ = ထွက်မြောက်
ဝါန = တဏှာ
ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်တတ်သောကြောင့် နိဗ္ဗာန်ဟု ခေါ်သည်။
ထွက်မြောက်ဟူသည် အာရုံပြု မခံရခြင်းကို ဆိုလိုသည်။
နိဗ္ဗာန်သည် မဂ်ဉာဏ် ၄-ပါးဖြင့် မျက်မှောက်ပြုထိုက်သော တရားဖြစ်သည်။
မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်။
နိဗ္ဗာန်ကို အမျိုးမျိုးဟောကြားထားချက်များမှ ထင်ရှား အတွေ့ရများသည့် အချက်များမှာ –
နိဗ္ဗာန်ဟူသည်
(၁) တဏှာ၏ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှာယ အသေသ ဝိရာဂနိရောဓ) ဖြစ်၏။
မဟာစည်ဆရာတော်ဘုရားကြီးက တဏှာ၏ အကြွင်းမဲ့ ကုန်ခြင်း ချုပ်ခြင်းဆိုသည်ကို ပိုပြီး နှစ်သက်၏။
ဓမ္မစကြာတွင် … ယေ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ
အနာလယော … ဆိုပြီး အထပ်ထပ် ဟော၏။
‘အနာလယော’၊ ‘စာဂေါ’၊ ‘ပဋိနိဿဂ္ဂေါ’ စသည့်ပုဒ်များ၏ အနက်အဓိပ္ပာယ်မှာ တစ်ခုနှင့်တစ်ခု
သိပ်မကွာလှပေ။
(၂) တဏှာကုန်ရာကုန်ကြောင်း/ကုန်ခြင်း (တဏှက္ခယ) ဖြစ်၏။
တဏှက္ခယဟု ပါဠိပုဒ်ဖြင့် ဟောခြင်းလည်း ရှိ၏။ အဓိပ္ပာယ်အတူတူပင် ဖြစ်၏။
(၃) ရာဂ၊ ဒေါသ၊ မောဟတို့ ကုန်ရာကုန်ကြောင်း/ကုန်ခြင်း (ရာဂက္ခယ၊ ဒေါသက္ခယ၊ မောဟက္ခယ) ဖြစ်၏။
ကိလေသာတို့ ကုန်ရာကုန်ကြောင်းကို ဆို၏။ ပါဠိတော်တို့တွင် ရာဂက္ခယသည် နိဗ္ဗာန်၊
ဒေါသက္ခယသည် နိဗ္ဗာန်၊ မောဟက္ခယသည် နိဗ္ဗာန်ဟု ဟောထားချက်များ ရှိ၏။
(၄) ဘဝချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဘဝနိရောဓ) ဖြစ်၏။
ဘဝမရှိတော့ခြင်း၊ နောက်ထပ်မဖြစ်တော့ခြင်း ချုပ်ခြင်းကိုလည်း နိဗ္ဗာန်ဟု ခေါ်၏။
(၅) ဆင်းရဲချုပ်ရာချုပ်ကြောင်း/ချုပ်ခြင်း (ဒုက္ခနိရောဓ) ဖြစ်၏။
အမှန် ၄-ပါးတွင် တတိယသစ္စာကို ဒုက္ခနိရောဓဟု ခေါ်၏။
ဒုက္ခကုန်ရာ နေရာတစ်မျိုးသဘော … စသည် ဥပမာအမျိုးမျိုး တင်စား ပြောနေခြင်းသာ ဖြစ်ပြီး
နိဗ္ဗာန်သည် နေရာ ဘုံ ဌာနတစ်ခု မဟုတ်ပေ။
ရာဂ၊ ဒေါသ၊ မောဟ သို့မဟုတ် ကိလေသာတို့ ကုန်ငြိမ်းသည့် သဘောသာ ဖြစ်၏။
(၆) မည်သည့်အကြောင်းကမျှ မပြုလုပ်အပ်သော တရား (အသင်္ခတ) ဖြစ်၏။
ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရား ၄-ပါးက ရုပ်ကို ပြုပြင်သကဲ့သို့ နိဗ္ဗာန်မှာ
ပြုလုပ်အပ်သော အကြောင်းတရား မရှိ။
နိဗ္ဗာန်သည် တရားအားထုတ်ခြင်း၏ အကျိုး မဟုတ်။ မဂ်ဉာဏ်၏ အကျိုး မဟုတ်။
အာရုံကို အကြောင်းဆိုသော အနေဖြင့် (ပါဠိလို ပစ္စယသဒ္ဒါအနေဖြင့် သုံး၏။) ပြောလျှင်မူ နိဗ္ဗာန်သည်
အကြောင်းထဲ ပါနိုင်၏။
အထူးသဖြင့် နိဗ္ဗာန်သည် အကျိုး မဟုတ်။
သူ့အလိုလို သူ့ဟာသူ ထင်ရှားရှိနေသော တရားသာ ဖြစ်သည်။
(၇) ကိလေသာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း/လွတ်မြောက်ခြင်း (မုတ္တိ၊ ဝိမုတ္တိ) ဖြစ်၏။
ကိလေသာမှ လွတ်ခြင်း၊ ကိလေသာအာရုံနယ်ပယ် အပြင်ဘက်ရောက်ခြင်း ဖြစ်၏။
မုတ္တိဟုလည်း သုံး၏။ ဝိမုတ္တိဟုလည်း သုံး၏။
(၈) ကျွန်းသဖွယ်ဖြစ်သော တရား (ဒီပ) ဖြစ်၏။
သမုဒ္ဒရာ ပင်လယ်ထဲ မျောနေ ဒုက္ခရောက်နေသူအတွက် ကျွန်းကို မှီခိုပြီး အသက်ရှင်ရသကဲ့သို့
သံသရာထဲ မျောနေသူတို့အတွက် နိဗ္ဗာန်ကို ကျွန်းသဖွယ် တင်စားခြင်း ဖြစ်၏။
(၉) လဲလျောင်းရာဖြစ်သော တရား (တာဏ) ဖြစ်၏။
အားကိုးရာအဖြစ်ကို ဆိုလို၏။
(၁၀) ပုန်းအောင်းရာဖြစ်သော တရား (လေဏ) ဖြစ်၏။
နိဗ္ဗာန်ဟူသော ပုန်းအောင်းရာကို ရလျှင် သံသရာဘေးဒုက္ခမှ လွတ်ခြင်းကို ဆို၏။
(၁၁) မှီခိုရာဖြစ်သော တရား (ပရာယဏ) ဖြစ်၏။
နိဗ္ဗာန်ကို တကယ်တွေ့မှ၊ နိဗ္ဗာန်ကို အာရုံပြုနိုင်သော စိတ်များ မိမိသန္တာန်မှာ ဖြစ်မှ အပါယ်ဘေး
သံသရာဘေးဒုက္ခတို့မှ လွတ်မြောက်သော အားထားမှီခိုရာအစစ် ဖြစ်ကြောင်းကို ဆို၏။
(၁၂) အမှန်တရား (သစ္စ) ဖြစ်၏။
နိဗ္ဗာန်ကို သစ္စာတရားဟုလည်း ခေါ်၏။
အမှန်တရား ၄-မျိုးဖြစ်သော ဆင်းရဲအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား၊ ဆင်းရဲချုပ်ရာ
နိဗ္ဗာန်အမှန်တရား၊ ဆင်းရဲချုပ်ရာရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရားမှ အမှန်တရား တစ်ခု
ဖြစ်၏။
(၁၃) ချမ်းသာခြင်းတရား (သုခ) ဖြစ်၏။
နိဗ္ဗာနံ ပရမံ သုခံ – နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာဟု ဓမ္မပဒတွင် ဟောထား၏။
(၁၄) ငြိမ်းချမ်းခြင်းတရား (သန္တိ) ဖြစ်၏။
ခံစားမှုမပါသော ငြိမ်းအေးခြင်း ဖြစ်၏။
(၁၅) မွန်မြတ်သောတရား (ပဏီတ) ဖြစ်၏။
(၁၆) မြဲသောတရား (ဓုဝ) ဖြစ်၏။
တရားတွေထဲမှာ မြဲသည်ဟူ၍ နိဗ္ဗာန်သာ ရှိ၏။
(၁၇) မသေရာတရား (အမတ) ဖြစ်၏။
ဥပါဒ်-အဖြစ်မရှိ၍ ဘင်မရှိ။ သေခြင်းကင်းသော တရား ဖြစ်၏။
(၁၈) မိမိထက်သာသောတရား မရှိသော တရား (အနုတ္တရ) ဖြစ်၏။
အမြတ်ဆုံးတရားဟု ဆို၏။
(၁၉) နက်နဲသော တရား (ဂမ္ဘီရ) ဖြစ်၏။
နိဗ္ဗာန်ကို အမှန်းအဆဖြင့် မမြင်နိုင်ဘဲ မဂ်ဉာဏ် ဖိုလ်ဉာဏ် တကယ်ရမှ မြင်နိုင်သဖြင့် နက်နဲသော
တရားဟု ဆို၏။
(၂၀) မြင်နိုင်ခဲသော တရား (ဒုဒ္ဒသ) ဖြစ်၏။
နက်နဲလျှင် မြင်နိုင်ခဲတော့၏။
(၂၁) သိမ်မွေ့သောတရား (အဏု၊ သုခုမ) ဖြစ်၏။
ပါဠိလို အဏုဟုလည်း ခေါ်၏။ သုခုမဟုလည်း ခေါ်၏။
သိမ်မွေ့သဖြင့် မြင်နိုင်ခဲ၏။ နက်နဲသဖြင့် မြင်နိုင်ခဲ၏။
နိဗ္ဗာန်ကို ဟောထားသော တခြား အချက်အလက်တို့ များစွာ ရှိသေး၏။
နိဗ္ဗာန်နှင့် ပတ်သက်၍ မိလိန္ဒပဥှာမှာ ရှင်နာဂသိန်နှင့် မိလိန္ဒမင်းကြီး အမေးအဖြေကို လေ့လာ ဖတ်ရှု မှတ်သားဖွယ် ကောင်း၏။
ချုပ်ခြင်းသည် နိဗ္ဗာန် မည်၏။
အလုံးစုံသော သူတို့သည် နိဗ္ဗာန်ကို မရကုန်။ ကောင်းစွာ ကျင့်၍ သစ္စာလေးပါးကို သိသူသာ နိဗ္ဗာန်ကို ရနိုင်သည်။
နိဗ္ဗာန်ကို မရသူသည်လည်း နိဗ္ဗာန်သည် ချမ်းသာသည်ဟု သိနိုင်သည်။
နိဗ္ဗာန်ကို အဆင်းသဏ္ဍာန်၊ ဝင်းဝင်းလက်လက်ကြီး၊ မြို့ကြီးပြကြီးသဖွယ် ပြောခြင်းမှာ တင်စားပြောဆိုမှုများသာ ဖြစ်သည်။
နိဗ္ဗာန်သည် အဆင်းသဏ္ဍာန် အရွယ် အတိုင်းအရှည် ဘာမှ မရှိ။
ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်လည်း မဟုတ်။ ကာလသုံးပါးမှ အလွတ် ဖြစ်၏။
ရုပ်နာမ်က အဖြစ်တရား ဖြစ်ပြီး၊ နိဗ္ဗာန်က အရှိတရားသက်သက် ဖြစ်၏။
ပညတ်စကားလုံးများဖြင့် နိဗ္ဗာန်ကို တိတိကျကျ ဖော်ပြရန် ခဲယဉ်း၏။
+++++
နိဗ္ဗာန် ၂-မျိုး
(၁) သဥပါဒိသေသနိဗ္ဗာန်
သေသ = ကိလေသာတို့မှ ကြွင်းကျန်ရစ်သော
ဥပါဒိ = ဝိပါက်နာမ်ခန္ဓာ၊ ကမ္မဇရုပ်ခန္ဓာ
သ = ရှိသည်
ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ မချုပ်သေးခင် (ပရိနိဗ္ဗာန် မစံခင်) အာရုံပြုအပ်သော နိဗ္ဗာန်။
(၂) အနုပါဒိသေသနိဗ္ဗာန်
န + ဥပါဒိသေသ
ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ ချုပ်ပြီးနောက် (ပရိနိဗ္ဗာန်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်။
+++++
နိဗ္ဗာန် ၃-မျိုး
(၁) သုညတနိဗ္ဗာန်
ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်နာမ်အားလုံး ကင်းဆိတ်သော နိဗ္ဗာန်။
(၂) အနိမိတ္တနိဗ္ဗာန်
ပုံသဏ္ဍာန် မရှိသော နိဗ္ဗာန်၊ ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်နာမ်အားလုံးဟူသော နိမိတ်အမှတ်အသား မရှိသော နိဗ္ဗာန်။
(၃) အပ္ပဏိဟိတနိဗ္ဗာန်
ရာဂ ဒေါသ မောဟဟူသော တောင့်တခြင်း မရှိသော နိဗ္ဗာန်။
+++++
အမှန်အားဖြင့် နိဗ္ဗာန်သည် တစ်မျိုးတည်းသာ ဖြစ်၏။
မသေခင် တွေ့ကြုံရသော နိဗ္ဗာန်၊ သေပြီး နိဗ္ဗာန် စသည် ၂-မျိုး၊ ၃-မျိုးဆိုခြင်းမှာ ဥပစာနှင့် တင်စား ပြောဆိုခြင်း ဖြစ်၏။
စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် = ပရမတ္ထတရား ၄-ပါးတွင် နိဗ္ဗာန်သည် နာမ်ဟု အမည်ရသော တရားတွင် ပါသော်လည်း သီးခြား ပရမတ္ထတရား ဖြစ်၏။ စိတ်, စေတသိက် ကဲ့သို့ နာမ် မဟုတ်။
နိဗ္ဗာန်ကို အာရုံပြုနိုင်သောကြောင့်သာ နာမ်ဟု ဆို၏။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်