သမုစ္စည်းပိုင်း – အကုသလသင်္ဂဟ



အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ သတ္တမမြောက်အပိုင်းဖြစ်သော သမုစ္စည်းအပိုင်းမှ

+++++
သမုစ္စည်းပိုင်း
သမုစ္စည်းသည် သမုစ္စယ(ပါဠိ)မှ လာ၏။
စိတ် ၁-ပါး (အကျဉ်း ၈၉/အကျယ် ၁၂၁-ပါးသော စိတ်တို့၏ သဘော လက္ခဏာမှာ အာရုံသိမှု ဖြစ်၍ ၁-ပါးသာ ယူသည်။)၊ စေတသိက် ၅၂-ပါး (စေတသိက်တို့မှာ ၁-ပါးစီ၌ သီးခြားလက္ခဏာ ဆောင်၏။)၊ နိပ္ဖန္နရုပ် ၁၈-ပါး (အထည်ကိုယ်ရကောင်းသော တကယ့် ရုပ်အစစ်များ ဖြစ်၏။)၊ နိဗ္ဗာန်၊ ပေါင်း (၁ + ၅၂ + ၁၈ + ၁ =) ၇၂-ပါး အပြားရှိကုန်သော သဘောတရားများကို ပေါင်းစု၍ ရသင့်သည်အားလျော်စွာ ပြဆိုခြင်းသည် သမုစ္စည်း မည်၏။
သမုစ္စည်းပိုင်း၌ –
(၁) အကုသလသင်္ဂဟ = အကုသိုလ်ဇာတ်အားဖြင့် တူသော သဘောရှိကုန်သော အာသဝေါစသော တရားတို့ကို တပေါင်းတည်း ပြု၍ အကျဉ်းပြဆိုခြင်း။
(၂) မိဿကသင်္ဂဟ = ကုသိုလ် အကုသိုလ် အဗျာကတဖြစ်သော တရားတို့ကို ရောနှော သိမ်းယူ၍ အကျဉ်းပြဆိုခြင်း။
(၃) ဗောဓိပက္ခိယသင်္ဂဟ = ဗောဓိဉာဏ်ကို ရခြင်း၏ အကြောင်းဖြစ်ကုန်သော သတိပဋ္ဌာန်၊ သမ္မပ္ပဓာန် စသော တရားတို့ကို တပေါင်းတည်း သိမ်းယူ၍ အကျဉ်းပြဆိုခြင်း။
(၄) သဗ္ဗသင်္ဂဟ = အလုံးစုံသော ပရမတ္ထတရား မှန်သမျှတို့ကို တပေါင်းတည်း သိမ်းယူ၍ အကျဉ်းပြဆိုခြင်း ဟူ၍ ၄-ပါး ရှိ၏။
+++++
အကုသလသင်္ဂဟ
အကုသလသင်္ဂဟ၌ –
(၁) အာသဝ ၄-ပါး
(၂) သြဃ ၄-ပါး
(၃) ယောဂ ၄-ပါး
(၄) ဂန္ထ ၄-ပါး
(၅) ဥပါဒါန် ၄-ပါး
(၆) နီဝရဏ ၆-ပါး
(၇) အနုသယ ၇-ပါး
(၈) သုတ္တန်၌ လာသော သံယောဇဉ် ၁၀-ပါး၊ အဘိဓမ္မာ၌ လာသော သံယောဇဉ် ၁၀-ပါး
(၉) ကိလေသာ ၁၀-ပါး အားဖြင့် ဝေဖန် ပြဆို၏။
လင်္ကာ
‘အာ’ ‘သြ’ ‘ယော’ ‘ဂန်’၊ ‘ဥ’ ‘နီ’ မှန်၊ ‘နု’ ‘သံ’ ‘ကိ’ ၉-ပါး (‘နု’ ‘သံ’ ‘ကိလေ’ ၉-ဌာနေ)”
(၁) အာသဝ ၄-ပါး
‘အာသဝ’ကို မြန်မာတို့က ‘အာသဝေါတရား’ဟု ခေါ်၏။
‘အာသဝ’၏ အဓိပ္ပာယ်မှာ ‘အမာဝမှ ယိုသော သနံရည်ကဲ့သို့ (အနာများ ပေါက်ပြီး အနာကနေ အရည်, သွေး, ပြည် စသည် ယိုစီးခြင်း) စက္ခုဒွါရ စသည်တို့မှ ရူပါရုံ စသည်တို့၌ ယိုတတ်သောကြောင့် အာသဝ ဟု ခေါ်၏။
တနည်းအားဖြင့် ‘ကြာမြင့်စွာ ထုံအပ် စိမ်ထားအပ်သော စိမ်ရည်သည် သုံးသောက် စားသူ သတ္တဝါတို့ကို မူးယစ်စေသကဲ့သို့ လောဘစသော တရားတို့သည်လည်း သတ္တဝါတို့ကို အမြဲ မူးယစ်စေကုန်သောကြောင့် အာသဝ ဟု ခေါ်၏။
တနည်းအားဖြင့် ‘ဘုံအားဖြင့် ဘဝဂ်တိုင်အောင်၊ ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် ယိုစီးတတ်သောကြောင့် အာသဝ ဟု ဆို၏။
‘ကာမာသဝ’၊ ‘ဘဝါသဝ’၊ ‘ဒိဋ္ဌာသဝ’၊ ‘အဝိဇ္ဇာသဝ’ ဟု အာသဝ ၄-ပါး ရှိ၏။
ကာမာသဝ = ကာမဘုံ၌ တပ်ကုန်သော ကာမဂုဏ် ၅-ပါးနှင့် စပ်သော ရာဂဟု ဆိုအပ်သော လောဘစသော စေတသိက်သည် ကာမာသဝ မည်၏။
ဘဝါသဝ = ရူပဘုံ၊ အရူပဘုံတို့မှာ ကပ်ငြိ တွယ်တာတတ်သော လောဘစေတသိက်ကို ဘဝါသဝ ဟု ခေါ်၏။ ရူပဈာန်၊ အရူပဈာန်တို့ကို တွယ်တာခြင်းလည်း အကျုံးဝင်၏။
ဒိဋ္ဌာသဝ = ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိသည် ဒိဋ္ဌာသဝ ဖြစ်၏။
အဝိဇ္ဇာသဝ = သစ္စာ ၄-ပါး၊ ပုဗ္ဗန္တ (သံသရာ၏ ရှေ့အစွန်း လွန်ခဲ့သည့် ဘဝများက ဖြစ်ခဲ့သော ခန္ဓာများ)၊ အပရန္တ (နောက်အစွန်း အနာဂတ်ဖြစ်မည့် ခန္ဓာများ)၊ ပုဗ္ဗန္တာပရန္တ (ရှေ့အစွန်း နောက်အစွန်း)၊ ပဋိစ္စသမုပ္ပါဒ် – ဤ ၈-မျိုးသော တရားတို့ကို ဖုံးလွှမ်းတတ်သော မောဟသည် အဝိဇ္ဇာသဝ ဖြစ်၏။
(၂) သြဃ ၄-ပါး
မဟာသမုဒ္ဒရာအတွင်း၌ ရှိသော ဝဲသြဃကြီးများသည် မိမိဝဲသြဃအတွင်းသို့ ကျရောက်သမျှသော သတ္တဝါတို့ကို အတင်း နှစ်၍ သတ်တတ်သကဲ့သို့ ကာမောဃ စသော သြဃကြီး ၄-ပါးတို့သည် မိမိတို့နှင့် ဆက်ဆံသမျှသော သတ္တဝါတို့ကို သံသရာထဲ၌ အတင်း နှစ်၍ သတ်တတ်ကုန်၏။ ကူးမြောက်ခြင်းငှာ ခဲယဉ်းကုန်၏။ ထို့ကြောင့် ကာမောဃ စသော တရားတို့သည် သြဃ မည်၏။
‘ကာမောဃ’၊ ‘ဘဝေါဃ’၊ ‘ဒိဋ္ဌောဃ’၊ ‘အဝိဇ္ဇောဃ’ ဟူ၍ သြဃ ၄-ပါး ရှိပြီး၊ တရားကိုယ်အားဖြင့်လည်းကောင်း၊ သရုပ်အားဖြင့်လည်းကောင်း အာသဝ ၄-ပါး နည်းတူ ဖြစ်၏။
(၃) ယောဂ ၄-ပါး
ထမ်းပိုးခွင်၌ မြင်းတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း၊ တပ်၍ က၍ ထားကုန်ဘိသကဲ့သို့ ယောဂ ၄-ပါးတို့သည် သတ္တဝါတို့ကို ဝဋ်ဒုက္ခ ဘဝစက်ယန္တရားကြီး၌ တပ်၍ က၍ ထားတတ်ကုန်သောကြောင့် ယောဂ မည်၏။
ယောဂသဒ္ဒါသည် အစေးဖြင့် ကပ်၍ စပ်ထားသကဲ့သို့ ယှဉ်စပ်ခြင်း အနက်ကို ဟော၏။
သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ကပ်ထားတတ်သော တရားဟု ဆိုလို၏။
‘ကာမယောဂ’၊ ‘ဘဝယောဂ’၊ ‘ဒိဋ္ဌိယောဂ’၊ ‘အဝိဇ္ဇာယောဂ’ ဟု ယောဂ ၄-ပါး ရှိပြီး၊ တရားကိုယ်အားဖြင့်လည်းကောင်း၊ သရုပ်အားဖြင့်လည်းကောင်း အာသဝေါလေးပါးနှင့် အတူတူ ဖြစ်၏။
(၄) ဂန္ထ ၄-ပါး
ရစ်ပတ်ချည်နှောင်တတ်သောကြောင့် ဂန္ထဟု ခေါ်သည်။
လက်ထိပ်စသော အနှောင်အဖွဲ့ကဲ့သို့ နာမကာယနှင့် ရူပကာယကို မကွဲမပြားရအောင် ဖွဲ့တတ်ခြင်း၊ ပစ္စုပ္ပန်ကာယနှင့် အနာဂတ်ကာယကို ဘဝအဆက် မပြတ်ရအောင် ဖွဲ့တတ်ခြင်း၊ ဘဝတစ်ပါး၏ စုတိနှင့် ဘဝတစ်ပါး၏ ပဋိသန္ဓေကို ဘဝအဆက် မပြတ်ရစေခြင်းငှာ ဖွဲ့တတ် စပ်တတ်သောကြောင့် လောဘ စသော တရားတို့သည် ကာယဂန္ထ မည်၏။
‘အဘိဇ္ဈာကာယဂန္ထ’ = အလုံးစုံသော တဏှာ၊
‘ဗျာပါဒကာယဂန္ထ’ = အလုံးစုံသော ဒေါသ၊
‘သီလဗ္ဗတပရာမာသကာယဂန္ထ’ = အကြောင်းမဟုတ်သော နွားအလေ့အကျင့်, ခွေးအလေ့အကျင့် စသည်များသည် ဝဋ်ဒုက္ခမှ ကျွတ်လွတ်ကြောင်း မဂ်ပင်တည်းဟု မှားယွင်းသော အလေ့ဆိုး အကျင့်ဆိုးကိုပင် အမှန်ဟု ထင်မှတ် သုံးသပ်တတ်သော ဒိဋ္ဌိစေတသိက်၊
‘ဣဒံသစ္စာဘိနိဝေသကာယဂန္ထ’ = မိမိ ယူထားပြီးသော မိစ္ဆာအယူကို ငါ၏ အယူသာ မှန်၏။ အခြား တပါးသော အယူများသည် အမှားတို့သာတည်း ဟူ၍ ပြင်းပြင်းထန်ထန် အယူသန်မှု ဟူ၍ ဂန္ထ ၄-ပါး ရှိ၏။
(၅) ဥပါဒါန် ၄-ပါး
ဖားကို မြွေဖမ်းသောအခါ မလွှတ်ဘဲ စွဲစွဲမြဲမြဲ ဖမ်းယူထားသကဲ့သို့ မိမိဆိုင်ရာ အာရုံ၌ စွဲစွဲမြဲမြဲ ယူတတ်သော (စွဲလမ်းတတ်သော) တရားကို ဥပါဒါန် ဟု ခေါ်၏။
ကာမုပါဒန် = ဝတ္ထုကာမတို့၌ ပြင်းပြစွာ စွဲလမ်း၍ တပ်မက်သော တဏှာ၊
ဒိဋ္ဌုပါဒန် = အလုံးစုံသော ဒိဋ္ဌိ၊
သီလဗ္ဗတုပါဒါန် = နွားတို့၏ သီလ၊ နွားတို့၏ အကျင့်များသည် သံသရာမှ စင်ကြယ်ကြောင်းပင်တည်းဟု စွဲမြဲ၍ ယူသော ဒိဋ္ဌိ၊
အတ္တဝါဒုပါဒါန် = ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ စသောအားဖြင့် မှောက်မှောက်မှားမှား အထင်မှားတတ်သော သက္ကာယဒိဋ္ဌိ ဟူ၍ ၄-ပါး ရှိ၏။
(၆) နီဝရဏ ၆-ပါး
ဈာန်, ဝိပဿနာ, မဂ် စသည်တို့၏ အစွမ်းဖြင့် ဖြစ်သော ကုသိုလ်စိတ်ကို တားမြစ်တတ်သောကြောင့် လောဘ စသော တရားတို့သည် နီဝရဏ မည်၏။
ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ်ငါးပါး၌ လွန်လွန်ကဲကဲ သာယာတပ်မက်သော ရာဂ၊
ဗျာပါဒနီဝရဏ = အလုံးစုံသော ဒေါသ၊
ထိနမိဒ္ဓနီဝရဏ = ထိနမိဒ္ဓ နှစ်ပါးစုံ၊
ဥဒ္ဓစ္စကုက္ကုစနီဝရဏ = ဥဒ္ဓစ္စကုက္ကုစ္စ နှစ်ပါးစုံ၊
ဝိစိကိစ္ဆာနီဝရဏ = ဝိစိကိစ္ဆာစေတသိက်၊
အဝိဇ္ဇနီဝရဏ = မောဟစေတသိက် ဟူ၍ ၆-ပါး ရှိ၏။
ထိနမိဒ္ဓနီဝရဏနှင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏတို့မှာ ‘ထိန’၊ ‘မိဒ္ဓ’၊ ‘ဥဒ္ဓစ္စ’၊ ‘ကုက္ကုစ္စ’တို့သည် စေတသိက်တစ်ခုစီ ဖြစ်ကြ၏။ ထို့ကြောင့် နီဝရဏ၏ တရားကိုယ်မှာ ၈-ပါး ဖြစ်၏။
ထိနနှင့် မိဒ္ဓကို နီဝရဏတစ်ခု၊ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စကို နီဝရဏတစ်ခုအဖြစ် ယူရခြင်းမှာ –
၎င်းတို့၏ ကိစ္စအားဖြင့် တူခြင်း၊ အကြောင်းအားဖြင့် တူခြင်း၊ ဆန့်ကျင်ဘက်အားဖြင့် တူခြင်းတို့ကြောင့် ဖြစ်၏။
ထိနမိဒ္ဓတို့၏ ကိစ္စမှာ ထိုင်းမှိုင်းခြင်း၊ အကြောင်းမှာ ပျင်းရိခြင်း၊ ဆန့်ကျင်ဘက်မှာ ဝီရိယအားဖြင့် တူ၏။
ဥဒ္ဓစ္စနှင့်ကုက္ကုစ္စတို့၏ ကိစ္စမှာ မငြိမ်သက် မအေးချမ်းခြင်း၊ အကြောင်းမှာ ဆွေမျိုး, စီးပွားဥစ္စာအကြောင်း ကြံစည်ခြင်း၊ ဆန့်ကျင်ဘက်မှာ သမာဓိ အားဖြင့် တူကြ၏။
(၇) အနုသယ ၇-ပါး
လျှောက်ပတ်သော အကြောင်းကို မရလျှင် မဖြစ်ပေါ်ကြကုန်ဘဲ လျှောက်ပတ်သော အကြောင်းကို ရလျှင် ဖြစ်လတ္တံ့သော သဘောတရားရှိကုန်သော တရားတို့သည် အနုသယ မည်၏။
သတ္တဝါတို့ သန္တာန်၌ အစဉ် ကိန်းဝပ်၍ နေသော ငုတ်ဓာတ်, ဝပ်ဓာတ်, မျိုးစေ့ဓာတ်တို့ပေတည်း။
ကာမရာဂါနုသယ = ကာမတရားတို့၌ သာယာနှစ်သက်တတ်သော လောဘစေတသိက်၊
ဘဝရာဂါနုသယ = မဟဂ္ဂုတ်ကုသိုလ်ဝိပါက်တို့၌ တပ်နှစ်သက်သော လောဘစေတသိက်၊
ပဋိဃာနုသယ = ဒေါသစေတသိက်၊
မာနာနုသယ = မာနစေတသိက်၊
ဒိဋ္ဌာနုသယ = ဒိဋ္ဌိစေတသိက်၊
ဝိစိကိစ္ဆာနုသယ = ဝိစိကိစ္ဆာစေတသိက်၊
အဝိဇ္ဇာနုသယ = မောဟစေတသိက် ဟူ၍ ၇-ပါး ရှိ၏။
အနုသယသည် ကိလေသာထက် ထူး၏။
အနုသယမှာ အကြောင်းဆုံလာက ဖြစ်နိုင်သော သဘော၊ ကိန်းဝပ်နေသာ သဘောတရား ဖြစ်၏။
တကယ်ဖြစ်လာသောအခါ ကိလေသာ ဟု ခေါ်၏။ ဥပါဒ်, ဌီ, ဘင် အနေအားဖြင့် ဖြစ်လာလျှင် ကိလေသာ ဖြစ်သွား၏။ အနုသယ ဟု မခေါ်တော့။
ကိလေသာ ၁၀-ပါး ရှိသော်လည်း အားကောင်းပြီး ကိန်းဝပ်နိုင်သော တရား အနုသယ ၇-ပါးသာ ရှိ၏။
အချို့ကျမ်းဂန်များ၌ အနုသယကိလေသာကို အနာဂတ်ကိလေသာဟု ခေါ်၏။
(၈) သံယောဇဉ် ၁၀-ပါး
ဝဋ်ဆင်းရဲ၌ ဖွဲ့တတ်သော သဘောတရားတို့သည် သံယောဇဉ် မည်၏။
လောက၌ ရှိသော နှောင်အိမ်အမျိုးမျိုး နှောင်ကြိုးအမျိုးမျိုးနှင့်တူသော တရားတို့တည်း။
သုတ္တန္တေ အဘိဓမ္မေဟု သံယောဇဉ်ကို သုတ္တန်အလို အဘိဓမ္မာအလိုဟု နှစ်မျိုး ညွှန်ပြရာ သုတ္တန္တေဟု ဆိုသည်မှာ ဒီဃနိကာယ်အပါအဝင် သုတ်ပါထေယျပါဠိတော် (၁၀)ခုမြောက် သင်္ဂီတိသုတ်၌ လာသည်ကို ဆိုသည်။
အဘိဓမ္မေဟုဆိုသည်မှာ ဓမ္မသင်္ဂဏီပါဠိတော် သညောဇန ဂေါစ္ဆက၌ လာသည်ကို ဆိုသည်။
သုတ္တန်နည်း သံယောဇဉ် ၁၀-ပါး
(၁) ကာမရာဂသံယောဇဉ် (လောဘ)
(၂) ရူပရာဂသံယောဇဉ် (လောဘ)
(၃) အရူပရာဂသံယောဇဉ် (လောဘ)
(၄) ပဋိဃသံယောဇဉ် (ဒေါသ)
(၅) မာနသံယောဇဉ် (မာန)
(၆) ဒိဋ္ဌိသံယောဇဉ် (ဒိဋ္ဌိ)
(၇) သီလဗ္ဗတပရာမာသသံယောဇဉ် (ဒိဋ္ဌိ)
(၈) ဝိစိကိစ္ဆာသံယောဇဉ် (ဝိစိကိစ္ဆာ)
(၉) ဥဒ္ဓစ္စသံယောဇဉ် (ဥဒ္ဓစ္စ)
(၁၀) အဝိဇ္ဇာသံယောဇဉ် (မောဟ)
အဘိဓမ္မာနည်း သံယောဇဉ် ၁၀-ပါး
(၁) ကာမရာဂသံယောဇဉ် (လောဘ)
(၂) ဘဝရာဂသံယောဇဉ် (လောဘ)
(၃) ပဋိဃသံယောဇဉ် (ဒေါသ)
(၄) မာနသံယောဇဉ် (မာန)
(၅) ဒိဋ္ဌိသံယောဇဉ် (ဒိဋ္ဌိ)
(၆) သီလဗ္ဗတပရာမာသသံယောဇဉ် (ဒိဋ္ဌိ)
(၇) ဝိစိကိစ္ဆာသံယောဇဉ် (ဝိစိကိစ္ဆာ)
(၈) ဣဿာသံယောဇဉ် (ဣဿာ)
(၉) မစ္ဆရိယသံယောဇဉ် (မစ္ဆရိယ)
(၁၀) အဝိဇ္ဇာသံယောဇဉ် (မောဟ)
သံယောဇဉ်မှာ ကာမဘုံနှင့်ဆိုင်သော သံယောဇဉ် (အောက်ဘက်ကို ချည်နှောင်တတ်သော တရား) သြရမ္ဘာဂိယ (ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်)နှင့် ရူပဘုံနှင့်ဆိုင်သော သံယောဇဉ် (အထက်ကို ဆွဲတတ် ချည်နှောင်တတ်သော တရား) ဥဒ္ဓမ္ဘာဂိယ (ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်၊ မာနသံယောဇဉ်၊ ဥဒ္ဓစ္စသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်) ဟု ခွဲခြားပြသည်ကို တွေ့ရတတ်၏။
ယောဂ-ဂန္ထ-သံယောဇဉ်
ဤသုံးမျိုးသည် သတ္တဝါများကို ဝဋ်ဆင်းရဲမှ မလွတ်အောင် တစ်မျိုးစီ ယှဉ်စပ် ဖွဲ့နှောင်တတ်ကြသဖြင့် သဘောတူသကဲ့သို့ ရှိသော်လည်း အဝေးဘုံဘဝသို့ ရောက်စေကာမူ မိမိဘုံသို့ ပြန်ရောက်လာအောင် ကြိုးဖြင့် ဆွဲထားဘိသကဲ့သို့ ဆွဲချည် ဖွဲ့နှောင်တတ်သော သဘောသည် သံယောဇဉ်။
သံကွင်းချင်း ဖွဲ့ဆက်သကဲ့သို့ စုတိ-ပဋိသန္ဓေ, ပဋိသန္ဓေ-စုတိအားဖြင့် ရုပ်နာမ်အပေါင်းကို ဖွဲ့ဆက်တတ်သော သဘောသည် ဂန္ထ။
သစ်စေးဖြင့် ကပ်သကဲ့သို့ ဝဋ်ဒုက္ခ၌ မိမိကိန်းရာ သတ္တဝါကို ယှဉ်စပ်ကပ်ထားတတ်သော သဘောသည် ယောဂ။
(၉) ကိလေသာ ၁၀-ပါး
စိတ်၏ ပူပန်ကြောင်း ညစ်ညူးကြောင်း ကျင်နာကြောင်း ဖြစ်သောကြောင့် ကိလေသာ မည်၏။
(၁) လောဘ
(၂) ဒေါသ
(၃) မောဟ
(၄) မာန
(၅) ဒိဋ္ဌိ
(၆) ဝိစိကိစ္ဆာ
(၇) ထိန
(၈) ဥဒ္ဓစ္စ
(၉) အဟိရိက
(၁၀) အနောတ္တပ္ပ ဟူ၍ ကိလေသာ ၁၀-ပါး ရှိ၏။
+++++
တရားကိုယ်ကောက်နည်း
အကုသလသင်္ဂဟတစ်ခုလုံးအတွက် တရားကိုယ်ကောက်ပုံ အတိုချုပ်မှာ –
ကာမသဒ္ဒါ၊ ဘဝသဒ္ဒါ၊ အဘိဇ္ဈာသဒ္ဒါတို့ကို တွေ့လျှင် တရားကိုယ် လောဘကို ကောက်ရ၏။
သီလဗ္ဗတပရာမာသဣဒံ သစ္စာဘိနိဝေသအတ္တဝါဒုသဒ္ဒါတို့ကို တွေ့လျှင် တရားကိုယ် ဒိဋ္ဌိကို ကောက်ရ၏။
ဗျာပါဒသဒ္ဒါကို တွေ့လျှင် တရားကိုယ် ဒေါသကို ကောက်ရ၏။
ကျန်တရားကိုယ်များမှာ အမည်အတိုင်းပင် ဖြစ်ကြ၏။
တစ်ထောင့်ငါးရာ ကိလေသာ သရုပ်
  • နာမ်တေပညာ၊ နိပ္ဖန္နာ၊ တည်ပါ လက္ခဏ။
နာမ်တေပညာ = နာမ်တရား ၅၃
နိပ္ဖန္နာ = နိပ္ဖန္နရုပ် ၁၈
လက္ခဏ = လက္ခဏရုပ် ၎
သုံးခုပေါင်း = ၇၅
  • သန္တာန်နှစ်ဖြာ၊ မြှောက်ပွားကာ၊ တစ်ရာ့ငါးဆယ်ရ။
သူတပါး၏ သန္တာန်၊ မိမိသန္တာန် = ၂-ခုဖြင့် မြှောက်က ၁၅၀ ရ၏။
  • ယင်းကိုတခါ၊ ကိလေသာ၊ ဆယ်ဖြာ မြှောက်ပြန်ချ။
  • တစ်ထောင့်ငါးရာ၊ ကိလေသာ၊ ထိုခါ ဖြစ်သည်ပ။
၁၅၀ ကို ကိလေသာ ၁၀-ပါးဖြင့် မြှောက်က ကိလေသာ ၁၅၀၀ ဖြစ်၏။
တဏှာအစစ် တစ်ရာ့ရှစ် သရုပ်
  • တဏှာသုံးတန်၊ တည်ထားခံ၊ ‘အာ’ ‘ကာ’ ‘သန်’နှင့် မြှောက်။
  • တဏှာအစစ်၊ တစ်ရာ့ရှစ်၊ ဖြစ်၏ မှတ်လေဘိ (ဖြစ်၏ လူမှာရောက်)။
တဏှာသုံးတန် = ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ
အာ = အာရုံ ၆-ပါး
ကာ = ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလ ၃-ပါး
သန် = မိမိ၊ သူတပါး သန္တာန် ၂-ပါး
၃x၆x၃x၂ = ၁၀၈
+++++
စာကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”
ဆုထူးပန်ဆရာဟန်၏ “ဆုထူးပန်အဘိဓမ္မာ”

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်