နိဗ္ဗာန်သို့ ခြေနဲ့သွားသူ


*************
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တခုသောသန်းခေါင်ယံအချိန်၌ ရောဟိတဿ အမည်ရှိသော နတ်သားတပါးသည် ဇေတ၀န် ကျောင်းတော်သို့ ရောက်ရှိလာ၏။ ထိုအခါ ဇေတ၀န် ကျောင်းတော် တခုလုံးသည် ထိုနတ်သား၏ ကိုယ်ရောင် ကိုယ်ဝါတို့ဖြင့် ထွန်းလင်းတောက်ပသွားသည်။ နတ်သား သည် ဘုရားရှင်ထံ ချဉ်းကပ်ပြီး ဤသို့ မေးလျှောက်လေ သည်။
အရှင်ဘုရား၊ ပဋိသန္ဓေ မနေရာ၊ မအိုရာ၊ မနာရာ၊ မသေရာ ဖြစ်သော လောက၏ အဆုံးဖြစ်သည့် နိဗ္ဗာန်သို့ ခြေဖြင့် သွား၍ ရောက်နိုင်ပါ၏လော။အသင်နတ်သား၊ လောက၏ အဆုံးဖြစ်သော နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်-ဟု ဘုရားရှင်က ဖြေကြားတော်မူ၏။
အရှင်ဘုရား၊ အရှင်ဘုရား၏ အဖြေစကားသည် ကောင်း မြတ်မှန်ကန်လှပါသည်။ အကျွန်ုပ်သည် တခုသော ဘ၀က တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင် သော ရောဟိတ အမည်ရှိသည့် ရသေ့ဖြစ်ခဲ့ဖူးပါသည်။ အကျွန်ုပ်သည် လေးမှ ပစ်လွှတ်လိုက်သောမြှား၏ အလျင် ဖြင့် သွားနိုင်သော တန်ခိုးရှိပါသည်။အရှေ့သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာကို တလှမ်းတည်းသော ခြေလှမ်းဖြင့် ရောက်နိုင်ပါသည်။ အကျွန်ုပ်သည် ဤသို့သော လျင်မြန် ခြင်းရှိသည့် ခြေလှမ်းတို့ဖြင့် လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့ အရောက်သွားရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။
ထိုဆန္ဒကြောင့် အကျွန်ုပ်သည် အိပ်ချိန်၊ စားချိန်၊ ကျင်ကြီး၊ ကျင်ငယ် စွန့်ချိန်မှတပါး အသက်တရာတမ်းပတ်လုံး နိဗ္ဗာန် သို့ ခြေကျင်သွားခဲ့ပါသည်။ သို့သော် နိဗ္ဗာန်သို့မရောက်ဘဲ စကြ၀ဠာအကြား၌သာလျှင် သေခဲ့ရပါသည်။ ထို့ကြောင့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်-ဟူသော အရှင်ဘုရား ၏ စကားသည် မှန်ကန်လှပေသည်-ဟု နတ်သားက လျှောက်ထားသည်။
ထိုအခါ ဘုရားရှင်က အသင်နတ်သား၊ လောက၏ အဆုံး ဖြစ်သော နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ ဘယ်အခါမျှ မရောက် နိုင်။ နိဗ္ဗာန်သို့မရောက်ဘဲ ၀ဋ်ဆင်းရဲမှ လွတ်ခြင်းမည်သည် မရှိ။ ထို့ကြောင့် နိဗ္ဗာန်သို့ ရောက်နိုင်သည့် မြတ်သော အကျင့်ကို ကျင့်ပြီးသော ပညာရှိသည် ပစ္စုပ္ပန်လောက ကို ၄င်း။ တမလွန်လောကကို၎င်း၊ ဘယ်အခါမျှ မတောင့် တတော့ချေ။စင်စစ်အားဖြင့် တလံမျှလောက်သော ဤခန္ဓာ ကိုယ်၌သာလျှင် လောကကို၎င်း။ လောကဖြစ် ပေါ်ကြောင်း ကို၎င်း။ လောက၏ချုပ်ရာ နိဗ္ဗာန်ကို၎င်း။ လောက၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို၎င်း ရှာတွေ့နိုင် ပေ သည်-ဟု ဟောကြားတော်မူလေသည်။
ဘုရားရှင်၏ တရားစကားကို နာကြားရလျှင် ရောဟိတဿ နတ်သား သည် များစွာ အားရ၀မ်းမြောက်မိလေသည်။ ထို့နောက် လှိုက်လှဲစွာ သာဓုခေါ်ဆိုပြီး နတ်ပြည်သို့ ပြန်သွားလေသတည်း။
စာကိုး။ ။ အင်္ဂုတ္တိုရ် ပါဠိတော်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်