သံသယဆူး စူးမိမှာ စိုးတယ်


***************
“သဒ္ဓါယ တရတိ သြဃံ”
ယုံကြည်မှုသည် အခက်အခဲဟူသမျှတို့ကို လွတ်မြောက်နိုင် စွမ်း ရှိပေသည်။
ဘယ်အရာပဲလုပ်လုပ်၊ ဘယ်အရာကိုပဲ ရချင်ရချင် ကိုယ် လုပ်နေသည့် အလုပ် သည် အောင်မြင်နိုင် သည့် နည်း လမ်းဟူ၍ မယုံကြည်လျှင် ထိုအလုပ်ကို လုပ်မည်မဟုတ် ပေ။ မယုံကြည်ဘဲ လုပ်နေလျှင် လည်း အောင်မြင်မှု ရလာနိုင်မည် မဟုတ်ပေ။ ယုံကြည်မှု အားအင် သတ္တိသည် မရှိမဖြစ်လိုအပ် သောအရာပင်ဖြစ်ပါသည်။ အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်ခြင်း၊ အမှန်အတိုင်းဖြစ်ရန် ဆင်ခြင်နိုင် ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြား သိမြင် နိုင် ခြင်းဟူသော ပညာဉာဏ်သည်လည်း သဒ္ဓါတရားနှင့် အတွဲညီနေရန် လိုအပ်၏။ ချိန်ခွင် လျှာ အစွန်းမထွက်ဘဲ ရှိသကဲ့သို့ သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှနေရမည်ဖြစ် ပါသည်။
ယုံကြည်မှုရှိမှ အခက်အခဲမှန်သမျှ ကျော်လွှားပြီး အောင်မြင် နိုင်သည်ကမှန်၏။ အမှားကို ယုံကြည် နေမိပြန်လျှင်လည်း မဟုတ်သေးပေ။ အမှားကို ယုံကြည်နေက အမှန်ကို မမြင် နိုင် ဖြစ်နေမည်။ ဘုရားရှင် မပေါ်ထွန်းသေးခင်က လူတို့ သည် တော၊ တောင်၊ နတ်၊ နဂါး၊ မီး၊ ပင်လယ်၊ သမုဒ္ဒရာ စသဖြင့် ကိုယ့်ယုံကြည်မှုအလိုက် အသီးသီးကိုးကွယ်ကြ သည်။ ထိုသို့ ယုံကြည်ပြီး ပူဇော်ပသကြလျှင် ကျရောက် လာမည့် ဘေးအန္တရာယ်၊ ရန်စွယ် မှန် သမျှ ပပျောက်သွား ကြ မည်၊ ကောင်းကျိုးချမ်းသာ အဖြာဖြာတို့ ရောက်ရှိလာ ကြမည် အစရှိသည်ဖြင့် ယုံကြည်နေကြသည်။ ကိုးကွယ်ရာ အမှန်ဟုလည်း မှတ်ယူထားကြသည်။ ထင်သည့်အတိုင်း ဖြစ်လာ ကြသည် ဟူ၍ တိုက်ဆိုင်မှုတို့ကို အမှန်အဖြစ် တစ်ထစ်ချ မှတ်ယူပြီး ပို၍ ပို၍ ယုံကြည်နေကြခြင်း ပင်ဖြစ် သည်။
မပြောင်းလဲနိုင်သော အမှန်တရားတို့မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော သဘော အမှန်၊ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ အစရှိသော ပရမတ္ထ သစ္စာ သဘောတရားတို့ပင်ဖြစ် ၏။ ပညတ်ထားသော အခေါ်မှန်သမျှတို့မှာကား အမြဲပြောင်းလဲ နေကြမည်ဖြစ် သည်။ ထိုသို့ပင် အထင်မှားနေသော အရာအားလုံးတို့သည် လည်း တစ်နေ့၌ အမှန်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ အမှန်ကို သိမြင်သွားမှသာလျှင် အမှားသို့ ပြန်လည် ၍ မပြောင်းလဲနိုင်တော့ခြင်းဖြစ်သည်။ အမှား၌ ကျင်လည်နေ သော သဘောတရားတို့သည်သာ သံသယစက်ကွင်းတွင် ရှိနေသောကြောင့် ဆူး ငြောင့်သဖွယ် အနှောင့်အယှက်က အမြဲကာဆီး ထားပြီး အလင်းမရနိုင်ဘဲ အမှောင်သက်သက် ဖြင့်သာ ကျင်လည်နေခြင်း ဖြစ်ပေသည်။ အမှန် တရားသို့ မရောက်သေးသမျှ တည်ငြိမ်မှုသည် အလျှင်းမရှိနိုင်သေး ပေ။ ရင့်ကျက်မှု သဘောသည် အမှန်တရား၏အရိပ်ကို ထင်ဟပ်ပြသနေခြင်းသာ ဖြစ်ပေသည်။
ရဲရင့်ခြင်းသတ္တိ သည် သံသယတည်းဟူသော အမှောင်ကို ဖြိုးခွင်းနိုင်မှသာလျှင် ရရှိနိုင်သည့် ဆုလာဘ် တစ်ခုပင်ဖြစ် ၏။ ရတနာ မြတ်သုံးပါးတို့ နှင့် နှိုင်းယှဉ်လိုက်လျှင် တစ်ခြား တစ်ခြား သော လောကီ ရတနာတို့သည် အချည်းအနှီးမျှ သာ တန်ဘိုးရှိတော့၏၊ မြတ်နိုးဖွယ် ရတနာ အစစ်ကား ဘုရား၊ တရား၊ သံဃာ ရတနာတို့သာ အမှန်စင်စစ် ဧကန် ဖြစ်တော့၏ ဟု သံသယမရှိတော့သည့် အခါ တွင် အနှောင့် အယှက်ဆူးငြောင့်တို့ ကင်းလာသည်။ သစ္စာဉာဏ် ဖြင့် သက်ဝင်ယုံကြည်သွားလျှင် သံသယဆူးငြောင့်မှာ လုံးဝ ကင်းရှင်းသွားပေသည်။ ရဲရင့်ခြင်း ဆုလာဘ်ကို ပိုင်ဆိုင်သွား သည်ဖြစ်ခြင်း ကြောင့် သေရမှာပင် မကြောက်မလန့် သေ နိုင်တော့ ၏။
ငါဘယ်က လာပါသနည်း။ ငါဘယ်သို့ သွားမည် နည်း။ ငါဆိုသည့် ငါကရော ဘယ်လိုမျိုးကို ခေါ်ဝေါ် သတ်မှတ် ထားသနည်း။ သံသယတို့နှင့် ရောထွေး လို့နေ၏။ ဗုဒ္ဓ၏ သစ္စာတရားအရ ငါဆိုသည်မှာ အခေါ်မျှသာရှိ၏။ အမှန် အားဖြင့် မရှိပေ။ အမှန်အား ဖြင့် ရုပ်နာမ်နှစ်ပါး၊ ထိုနှစ်ပါးကို ချဲ့ပြောလျှင် ခန္ဓာ ငါးပါးတို့သာလျှင်ရှိပေသည်။ ဖောက်ပြန် တတ်သော ရုပ်သဘော တရားတို့က မည်သူ့အလိုကိုမျှ မလိုက် ဘဲ သူ့သဘောအတိုင်း ဖောက်ပြန်ပျက်စီး၍ သာ နေကြ ၏။
ခံစားတတ်သော သဘောတရားက ခံစားမှုအလုပ် ကိုသာ သူလုပ်နေသည်။ မည်သူက ခိုင်းလို့ လုပ်နေ ခြင်းမျိုးမဟုတ် ပေ။ ခံစားမှုအလုပ်သည် သူ့သဘော၊ သူ့အလုပ်ဖြစ်၍ သူ့အလိုလို လုပ်နေခြင်းသာဖြစ် သည်။ ကြံစည်တွေးတော တတ်သောသဘောက ကြံစည်တွေးတော ခြင်းအလုပ်၊ မှတ်သားတတ် သောသဘောတရားတို့က မှတ်သားခြင်း အလုပ်၊ သိတတ်သော သဘောတရားတို့က သိတတ်ခြင်း အလုပ် အစရှိသည်ဖြင့် မည်သူ့အလိုမျှမလိုက်၊ သူ့သဘော သူ့အလို သူ့အလုပ်ကိုသာ တသွင်သွင် လုပ်နေခြင်း ဖြစ် သည်ဟု ဉာဏ်ဖြင့်သိမြင်လျှင် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမတို့သည်မရှိ၊ ဓမ္မတို့၏ သဘောသာလျှင်ဖြစ်၏ ဟု သံသယကင်း လျှင် ဆူးငြောင့်လည်းကင်းပါသည်။ သံသယ အမှောင်ရှိနေသ၍ ဆူးငြောင့်သဖွယ် အနှောင့်အယှက် ရှိနေ ပေဦးမည်ပင်။
သံသယ သည် မည်သည့်အောင်မြင်မှုကိုမှ မရနိုင် သည် အနှောင့်အယှက် ဆူးငြောင့်တစ်ခုကဲ့သို့ ဖြစ်၏။ မိဘနှင့်သားသမီး၊ ညီနှင့်အစ်ကို၊ မောင်နှင့် နှမ၊ လင်နှင့်မယား၊ ဆရာနှင့်တပည့်၊ သူငယ်ချင်း မိတ်ဆွေ၊ ခေါင်းဆောင်နှင့်နောက်လိုက် အစရှိသည့် ပေါင်းဖွဲ့ထား သည့် နှစ်ယောက်နှင့် အထက်အရေ အတွက်ရှိသည့် အဖွဲ့အစည်းမှန်သမျှ တစ်ယောက် နှင့် တစ်ယောက် ယုံကြည်မှုမရှိ သံသယရှိနေကြ လျှင်လည်း ထိုအဖွဲ့အစည်း အတွက် အောင်မြင်မှုတို့ ကို မရရှိနိုင် ဘဲ သံသယရှိခြင်းက တိုးတက်အောင် မြင်မှုတို့၏ အတားအဆီးဆူးငြောင့်သဖွယ် အနှောင့် အယှက် ဖြစ်နေပေမည်။
အဖွဲ့ဖြင့်မဟုတ်ဘဲ တစ်ဦးတည်းဖြစ်လင့်ကစား မိမိနှင့် ပတ်သက်နေ သော အလုပ်တို့၌ လည်း ကောင်း၊ မိမိ ကိုယ်ကို လည်းကောင်း လုပ်မှ လုပ်နိုင် ပါ့မည်လား စသဖြင့် ကိုယ့်ကိုယ်ကို သံသယရှိခြင်း၊ ကိုယ်လုပ်နေသောအလုပ် သည် ကိုယ်အလိုရှိသော ပန်းတိုင်သို့ ရောက်ရှိနိုင်ပါမည် လောဟူသော သို့လော သို့လောဖြင့် သံသယရှိနေသည့် စိတ်က ပင် မိမိ၏အောင်မြင်မှုတို့ကို တားဆီးနေမည်ဖြစ်ပေ သည်။
သံသယရှိသည့် အခြေအနေ အရပ်ရပ်တို့သည် တစ်ခုနှင့် တစ်ခု မတူဘဲ ကွဲပြားနိုင်ပါသည်။ တူညီသော သဘော တရားမှာကား သံသယရှိခြင်း သည် ယုံကြည်မှုအပြည့်အ၀ မရှိခြင်းပင်ဖြစ် သည်။ ယုံကြည်မှုမရှိက ရဲရင့်ခြင်းသတ္တိ မရှိနိုင်။ ယုံကြည်ခြင်းကို ထပ်ပြီးချဲ့ပြောလျှင် ယုံမှ ကြည် လင်နိုင်သည့် သဘောဖြစ်၏။ မယုံလျှင် မကြည် လင်နိုင် သေးပေ။
မြတ်စွာဘုရားသည် သစ္စာ လေးပါးမြတ်တရားကို ကိုယ်တိုင် သိမြင်သော၊ လူနတ်ဗြဟ္မာ သတ္တ၀ါအား လုံးတို့၏ ဆရာ တစ်ဆူ ဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓ ဖြစ်သည်ဟု သံသယ မရှိပါက ဘုရား ရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ နိဗ္ဗာန် ရောက် ကြောင်းဟူသည့် ဟောကြားခဲ့သော တရားများကို နာကြားခြင်း၊ ဟောကြားထားသော နည်းလမ်း အတိုင်း တရားအားထုတ်ခြင်း အစရှိသော နိဗ္ဗာန် ရောက်ကြောင်း အလုပ်တို့ကို ယုံယုံကြည်ကြည်ဖြင့် လုပ်ဆောင်မည်ဖြစ် သည်။ မယုံ ကြည်လျှင် မလုပ်ဆောင်သေးပေ။ မယုံကြည် ဘဲ လုပ်ဆောင် နေလျှင် သဒ္ဓါဗိုလ် အားနည်းနေသော ကြောင့် သတိဗိုလ်၊ သမာဓိ ဗိုလ်၊ ၀ီရိယဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါးတရားတို့ အားနည်းလာ ကြမည်။
စစ်ပွဲတွင် စစ်သူကြီးငါးဦးတို့က အဓိက ဦးဆောင် တိုက်ခိုက် ရမည့် တာဝန်ဖြစ်လျှင် ထိုစစ်သူကြီး တို့ကိုယ်တိုင်က သတ္တိ မရှိ၊ တိုက်လိုခိုက်လိုသည့် အားအင်တွေယုတ်လျော့ပြီး အောင်မြင်နိုင် မည်ဟု ယုံကြည်မှုမရှိလျှင် စစ်မအောင်နိုင် သလို တရား အားထုတ်ရာတွင်လည်း သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာ ဗိုလ်ငါးဖြာတို့ အားနည်းနေလျှင်၊ ဘုရားရှင် ဆိုဆုံးမထားသော တရားများအတိုင်း အားထုတ်လျှင် နိဗ္ဗာန်ချမ်းသာကို ရရှိခံစားရမည်မှာ မလွဲဧကန်သာဖြစ်၏ဟူ ၍ ယုံကြည်မှုမရှိလျှင် တရားကျင့်ကြံအားထုတ်ခြင်းကို လုပ်မည်မဟုတ်ပေ။
မယုံတယုံ၊ စမ်း တ၀ါးဝါးဖြင့်လုပ်နေလျှင် ဆူးငြောင့် သဖွယ် သံသယစိတ်တို့က စဉ်ဆက်မပြတ် နှောင့် ယှက် နေပေ တော့မည်။ကိုးကွယ်ရာ၌ ကိုးကွယ်ရာ အစစ်အမှန်ဖြစ်သည့် ဘုရား၊ တရား၊ သံဃာတို့ ကိုသာ ကိုးကွယ် သော၊ တရား အားထုတ်ရာ၌ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်ကြံ ပွါးများအား ထုတ်သော၊ အမှန်သိမြင်ရာ တွင် လည်း သစ္စာလေးပါးကို ဉာဏ်ဖြင့် အမှန်စင်စစ် ထိုးထွင်း သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်တို့၌သာ သံသယတည်း ဟူသောဆူးငြောင့် မရှိတော့သော ကြောင့် ခိုင်မြဲသော သီလ၊ တည်ငြိမ်သော သမာဓိ၊ မဖောက်ပြန်သော ပညာ တရားတို့ ပြည့်စုံ သွား၏။ စောင့်ရှောင့်နိုင်သည့် သီလ၊ သမာဓိ၊ ပညာတို့ အလိုက် အေးချမ်းမှု အရသာတို့ ကိုလည်း ဆထက် တိုး၍ ခံစားနိုင်ပေသည်။ အဆုံး၌ရှိသော သီလ၊ သမာဓိ၊ ပညာတရားတို့နှင့် ပြည့်စုံသွားလျှင် အအေးချမ်း ဆုံးသော သန္တိသုခကိုလည်း ရရှိခံစားနိုင်ပေတော့၏။
အဆုံးစွန်သော သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ရန် အတွက် အစဦးဆုံး ရှင်းလင်းရမည့် အနှောင့်အယှက် အမှောင်ထုကြီးမှာ သံသယ ဆူးငြောင့်ပင်ဖြစ်၏။ သံသယ ဆူးငြောင့်တို့ကို မည် ကဲ့သို့ ရှင်းလင်းရပါမည်နည်း။ မင်္ဂလ သုတ်တရား တော်အတိုင်း ဦးစွာပထမ လူမိုက်တို့ကို ရှောင်ကြဉ် ရ၏။ လူမိုက်တို့နှင့် ပေါင်းဖော်နေရလည်း လူမိုက် တို့တရားကို မနှစ်သက် မမြတ်နိုး မိအောင်နေရ မည်။ တရားတို့ကို သံသယကင်းရှင်းစွာ သိထား သော သံဃာတော်များ၊ ပညာရှိ များကို ဆည်းကပ် ရ ပါမည်။ ထိုသံဃာတော်အရှင်သူမြတ် အစဖြာ သော ပညာရှိတို့က ဘုရားရှင်၏ တရားနှင့်လျော်ညီ အောင် ဟောကြားတော် မူသော တရားတို့ကို လက်တွေ့ ကျင့်ကြံပွါးများ အားထုတ်ရ ပါမည်။ ဓမ္မတို့အပေါ်၌ သံသယစိတ် များဝင်လာလျှင် ပညာရှိတို့နှင့် တရားဆွေးနွေးမေးမြန်းရ ပါမည်။
တရားကျင့်ကြံပွါးများ အားထုတ်နေသော သူသည် နိဗ္ဗာန်ချမ်းသာ ရရှိနိုင်ရေးကိုသာ ဦးတည်ပြီး ပုဂ္ဂလ အဓိဋ္ဌာန်ကိုပယ်၊ ဓမ္မအဓိဋ္ဌာန်အတိုင်းသွား၊ အတွင်း ရန်သူနှစ်ပါးဖြစ်သည့် ဣဿာ၊ မစ္ဆရိယတရားတို့ကို ဖယ်ရှား၍ အ၀တ်၌ အစွန်းအထင်းထင်တိုင်း ဆပ်ပြာ၊ ရေတို့ဖြင့် လျှော်ဖွတ်သလို စိတ်အညစ် အကြေး ကိလေသာတို့ကိုလည်း သတိ၊ ဉာဏ် ပညာ တို့ဖြင့် အချိန်တိုင်းလျှော်ဖွတ်နေရပါ မည်။
သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ပြီး သံသယဆူး ငြောင့်တို့ ကင်းပျောက်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်