တရားအားထုတ်မည့်သူဟာ


****************
ကျွန်တော် တရားထိုင်ခြင်းနဲ့ပတ်သက်ပြီး ရေးတဲ့ အခါ သညာသိနဲ့ ရေးတာမို့လို့ အမှားပါခဲ့ရင် ထပ်မံ ပြင်ပေးကြပါ ဦးလို့ ကြိုပြီး ပြောလိုက်ပါရစေ။ ဒါပေမယ့် တကယ်ပဲ တရား မထိုင်ဖူးဘဲ သညာသိနဲ့ သိတာမို့လို့ ကိလေသာ ၁၀ ပါးက ကျွန်တော့ကို တင်းပြည့်ကျမ်းပြည့် နှိပ်စက်နေပါတယ်။ အဲဒီအခါ ကျွန်တော် ပြန်ပြောတာ ဒေါသသံတွေ ပါနေပါ လိမ့် မယ်။ အဲဒါကလည်း မာနဆိုတဲ့ ကိလေသာက ခေါင်း ထထထောင်နေလို့ပါ။ မောဟရဲ့ နှိပ်ကွပ်မှု အောက်က မလွတ်မြောက်သေးတဲ့ သင်္ကေတတွေ ပေါ့။
အတ္တကို တဏှာ၊ မာနနဲ့ ဒိဋ္ဌိက တင်းတင်းကြပ်ကြပ် ဖက် ထားခြင်း ခံရတယ်လေ။သီလ မစင်ကြယ် စိတ် မစင်ကြယ် ရင် တရားမထိုင်သင့်သလို ကျွန်တော် ရေးလိုက်တယ်။ ဒီနေရာမှာ ကျွန်တော်က ကျွန်တော့် အပိုင်းကို ထည့်ပြော လိုက်သလို ဖြစ် သွားပါတယ်။ တရားထိုင်တယ် ဆိုတာ ခုဘ၀မှာ မဂ်ဖိုလ် မပေါက်နိုင်လည်း အထုံရနိုင်သလို ခေတ္တ ငြိမ်းချမ်းခွင့်လည်းရပါတယ်။
ဓမ္မပဒမှာ စူဠပန္ထကဟာ သံသရာတစ်ကွေ့မှာ ရဟန်း တစ်ပါးကို ကဲ့ရဲ့ဖူးလို့ ဒီဘ၀မှာ စာလေး လေးကြောင်း ကျက်တာကို မရလောက်အောင် ဉာဏ်ထိုင်းပါတယ်။ ဒါပေမယ့် ဘုရင်ဖြစ်ဖူးတဲ့ ဘ၀ တစ်ခုမှာ နဖူးပေါ်ကျလာတဲ့ ချွေးကို ပုဝါအဖြူနဲ့ သုတ်လိုက်တော့ ပုဝါမည်းညစ် သွား တာကို ကြည့် ရင်း အော် အရာအားလုံးဟာ မမြဲပါလားလို့ သံဝေဂ ပြင်းပြင်းထန်ထန်ရဖူးတဲ့ အထုံနဲ့ ဒီဘ၀မှာ ဘုရား ရှင် ဖန်ဆင်းပေးထားတဲ့ လက်ကိုင်ပုဝါကို ပွတ် ချေရင်း မဂ်ဖိုလ်ရခဲ့သူ ဖြစ်ပါတယ်။
ဒီတော့ ဘာပဲဖြစ်ဖြစ် တရားထိုင်သင့်ပါတယ်။ အထုံလေး ဖြစ်အောင်ပေါ့ဗျာ။ စိတ်ကလေး ခေတ္တ ငြိမ်းချမ်းအောင်ပေါ့။ ဒါပေမယ့် တရားမထိုင်ခင် လေး ဘာလို နေထိုင်သင့်သလဲ ဆိုတာလေး သိ ထားရင် ပိုကောင်းတာပေါ့။
ကဲ တရားထိုင်မည့်သူရဲ့ တရားမထိုင်ခင် ဘယ်လို ကြိုတင် ပြင်ဆင်ထားသင့်လဲ။ အခြေခံ ကောင်း အောင် ဘယ်လို လုပ်ရမလဲ။ အချက် ၁၄ ချက်နဲ့ ပြောရမယ်။ အချက် ၁၄ ချက် ဆိုတာနဲ့ကို စိတ် မ၀င်စားတော့ပါဘူး။ ကျွန်တော်ဆို အချက် အလက်တွေနဲ့ ဆိုရင် ခေါင်းကို ငြီးစီစီကို ဖြစ်ရော။ ဘာဖြစ်လို့လည်းဆိုတော့ အချက်အလက်တွေနဲ့ ပြောတာ တို့က တကယ် မျက်စိရှုပ်စရာ သိပ် ကောင်းလို့ပါပဲ။ ဒါပေမယ့် နည်းနည်းတော့ စိတ်ဝင် စားမလား မသိဘူး။ ကျွန်တော်ပြောမယ့် ၁၄ ချက် က ဘုန်းကြီးတွေ ရွတ်ရွတ် နေတဲ့ မေတ္တသုတ်ဖြစ် လို့။မေတ္တသုတ် စတင်ရာကိုတော့ အားလုံးသိပြီး သား ဖြစ်နေပါပြီ။ တောအုပ်တစ်ခုမှာ ရဟန်း ငါးရာ တရားလာထိုင်တော့ နတ်တွေ နေစရာမရှိတာနဲ့ ခြောက်လွတ်တာလေ။ ခြောက်လွှတ်လို့ တရားထိုင် လို့ မရတာနဲ့ ဇေတ၀န်ကျောင်းကို ပြန်ပြီး ဘုရားကို ပြန် လျှောက် ခဲ့ကြတယ်။ ဘုရားက ကျောင်းကနေ ထွက် ကတည်းက တောအုပ်ထဲရောက်တဲ့အထိ မေတ္တသုတ် ရွတ်ရင်း လမ်းလျှောက် သွားခိုင်းခဲ့တဲ့ အဖြစ်လေးပေါ့။
အဲဒီ မေတ္တသုတ်ထဲက အတိုင်း နေထိုင်မယ်ဆိုရင် တရား ထိုင်တဲ့အခါ ပေါက်မြောက်လွယ်ပါတယ်။
၁။ စွမ်းနိုင်သူဖြစ်ရမယ်။ ဘယ်လို စွမ်းနိုင်ရမလဲ။ ယုံကြည်မှု မှာ ကြိုးပမ်းရာမှာ စွမ်းနိုင်ရပါမယ်။ ယုံကြည်မှုကတော့ နည်းနည်းအရေးပါတယ်။ ယုံကြည်မှုက ဘယ်လို ယုံကြည် မှု မျိုးလဲ ဆိုတာ ရှိသေးတယ်။ သံဝေဇနိယလေးဌာန ရောက်ရင် အပါယ်တံခါးပိတ်တယ်တို့ ပုဂံက စွယ်တော် လေး ဆူရောက်ရင် ဆုတောင်းပြည့်တယ် ဆိုတဲ့ ယုံကြည် မှုမျိုး လုံးဝ လုံးဝမဟုတ်ရပါဘူး။ ဘုရားရှင် ညွန်ပြ တဲ့ အတိုင်း လျှောက်ရင် နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတဲ့ ယုံကြည် မှုမျိုးကို ပြောပါတယ်။ ကြိုးပမ်းမှု လည်း စွမ်းနိုင်ရမယ်ဗျ။ မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင်ကြိုးပမ်းရမယ်။ ဖြစ်ပြီး တဲ့ အကုသိုလ်ကို ထပ်မဖြစ်အောင် ကြိုးပမ်းရမယ်။ မဖြစ် သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် တားမြစ်ရမယ်။ ဖြစ် ပြီးတဲ့ ကုသိုလ်ကို ပွားအောင် ကြိုးပမ်းရမယ်ဗျ။
၂/၃။ ဖြောင့်မတ်ရမယ်။ အလွန့်အလွန် ဖြောင့် မတ်ရမယ်။ ဖြောင့်မတ်ရမှာက တစ်ခဏ ဖြောင့် မတ်ရမှာ မဟုတ်ဘဲ တစ်သက်လုံး ဖြောင့်မတ် ရမယ်လို့ ဆိုလိုတာပါ။ မာယာ သာဌေယျလုံးဝ မရှိရဘူး။ လူရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မနေထိုင် မပြောဆို မတွေးခေါ်ရဘူး။ အဲဒီလို ဆိုလိုပါတယ်။ ခုခေတ်မှာတော့ အလွန့်အလွန် ကွေ့ကောက် တတ်ကြ ပါတယ်။ လက်ရှိ အခြေအနေ တစ်မျိုး ကနေ အများအမြင် တစ်မျိုးဖြစ်အောင် တော်တော် များများလုပ်တတ်ကြပါ တယ်။ ဒီ မာယာ သာဌေယျ ကလည်း တရားထိုင်ရင် အဆင့်မတက် နိုင်ပါဘူး။
၎/၅/၆။ ဆုံးမလွယ်ရမယ်။ နူးညံ့ပျော့ပျောင်းရ မယ်။ မာန်မထောင်လွှားရဘူး – ဖြစ်ပါတယ်။ ရှင်ရာဟုလာ ကတော့ ဆုံးမလွယ်တဲ့အထဲမှာ စံပြ ပါပဲ။ ရှင်ရာဟုလာကို တစ်နေ့ ရဟန်းတွေ စမ်းတာ ခံရပါတယ်။ ရာဟုလာ လာ နေချိန် လမ်းမှာ အမှိုက် တောင်းချထားပြီး “ဟေ့ ဘယ်သူ အမှိုက်တောင်း ချထားတာလဲကွ” လို့ ရဟန်းတစ်ပါးက အသံခပ် မြင့်မြင့်လေး ပြောလိုက်တာကို ရဟန်းတစ်ပါးက “ရာဟုလာကို ဒီလမ်းမှာ မြင်တာပဲ” လို့ ပြန် လျှောက်တယ်။ ဒီအသံကို ရာဟုလာ ကြားတော့ “သည်းခံပါဘုရား၊ သည်းခံပါဘုရား” ဆိုပြီး အမှိုက် တောင်းကို နေရာတကျ သိမ်းလိုက်တယ်။ ဘယ် လောက် ဆုံးမလွယ်သလဲ။ ဘယ်လောက် နူးညံ့ သလဲ။ ဘယ်လောက် မာန်မာန ကင်းသလဲ။
အရှင်သာရိပုတ္တရာလည်း အတူတူပဲလေ။ ခုနှစ်နှစ်သား ကိုရင်လေးက အရှင်ဘုရား သင်္ကန်း ၀တ်ထားတာ မညီဘူး လို့ ပြောတော့ ကွယ်ရာမှာ ပြန်ပြင်ဝတ်ပြီး ဒီလိုလေးဆို ညီပြီလား ဘုရားဆိုပြီး ကိုရင်လေးကို တကယ့်တကယ် ရိုကျိုးတဲ့ အနေ အထားနဲ့ လက်အုပ်လေးချီပြီး ပြန်မေးခဲ့ တာ။ ဆုံးမ လွယ်လိုက်ပုံ။ နူးညံ့လိုက်ပုံ။ မာနကင်းလိုက်ပုံ။ ဒါမျိုးနေထိုင်မှ တရားထိုင်ရင် အဆင်ပိုပြေနိုင်မှာ။
၇/၈။ တင်းတိမ်ရောင့်ရဲလွယ်သူဖြစ်ရမယ်။ အသက် မွေး လွယ်သူ ဖြစ်ရမယ်။ ပျင်းတာနဲ့ တော့ မဆိုင်ဘူး နော်။ ရှာတတ်ရမယ်။ သို့သော် တင်းတိမ်ရမယ်။ မလိုအပ်တဲ့ အပိုလောဘတွေ မထားရဘူးလို့ ဆို လိုတာ။ ကျောင်းမှာ ဆိုရင်လည်း ခြောက်ဘာသာ ဂုဏ် ထူးမှန်းထားပေမယ့် သုံးဘာသာပဲရရင် မပူလောင်ရဘူး ရောင့်ရဲရမယ်။ ဘာလဲ။ ကိုယ့်ကံ ကိုယ့်ဉာဏ် ကိုယ့်ဝီရိယနဲ့ သင့်တော်တာပဲ ရတာ လေ။ အသက်မွေးလွယ်တယ်ဆိုတာက မိသားစုမှာ “အော် ငါ့မိန်းမက သူတတ်သလို ချက်ပေးတာပဲ” ဆိုပြီး စားနိုင်ရ မယ်။ မိန်းမဖြစ်သူက “အော် ငါ့ ယောကျာ်း ၀င်ငွေ ဒီလောက်ရတော်ပေါ့။ သူ စိတ်ချမ်းသာနေရင်ပြီးတာပဲ” လို့ တွေးပေးနိုင်ရ မယ်။ သားသမီးတွေကလည်း “ခေတ်ကြီးက ရှာ တာနဲ့ မလောက်ငဖြစ်နေတယ်။ ငါတို့ မိဘ ငါတို့ ကို ဒီလောက်ဆင်ပေးနိုင်တာ ငါတို့ အတော်ကံကောင်း တာပဲ” လို့ ပြန်ထောက်ညှာပေးမယ်ဆိုရင် အသက် မွေးလို့ လွယ် ကူသူတွေ ဖြစ်ကြပြီပေါ့ဗျာ။
၉။ နည်းသော ကိစ္စရှိသူ ဖြစ်ရမယ်။ အဓိကကျတဲ့ လုပ်သင့် တဲ့ အလုပ်ကိုပဲ လုပ်ရမယ်လို့ ဆိုလိုပါ တယ်။ ဖန်ပေါင်း ချောင်ထဲ ကျောက်တုံးတွေ ကျောက်စရစ် သဲတွေ ရေတွေ ထည့်တဲ့ ပုံဝတ္ထုလို ပေါ့။ ပဓာနကျတဲ့ အလုပ်ကိုပဲ လုပ်ရ မယ်။
၁၀။ ပေါ့ပါးအဖြစ်ရှိသူ ဖြစ်ရမယ်။ ကျွန်တော့် ၀န်းကျင်က သူငယ်ချင်းတွေကတော့ အဲယားကွန်း ရှိမှ နေတတ်တယ်။ ဘယ်လိုစားရမှ ကျေနပ်တယ် ဆိုတဲ့ လူတွေချည်း ပြည့်နေ တယ်။ လက်ဘက်ရည် သောက်ရမှ ဆေးလိပ်သောက် ရမှဖြစ်မယ် စသဖြင့် တစ်ခုခုကို စွဲလန်းမနေရပါဘူး။ တစ်ခုခုကို တပ်မက် နေရင် မပေါ့ပါးတော့ ပါဘူး။
၁၁။ ငြိမ်သက်တဲ့ ဣနြေ္ဒရှိရမယ်။ ဘယ်လို ဣနြေ္ဒလဲ။ ဣနြေ္ဒခြောက်ပါးလုံးပဲ။ ထိန်းသိမ်းတတ် ရမယ်။ မျက်စိရော။ နားရော။ နှခေါင်းရော။ လျှာရော။ ကိုယ်ရော။ စိတ်ရောပဲ။ ဟိုအာရုံကြည့် ချင် ဒီအာရုံခံစားချင်ဆိုရင် ဣနြေ္ဒမဲ့တာပဲ။
၁၂။ ရင့်ကျက်သော ပညာရှိသူ ဖြစ်ရမယ်။ ဒါကတော့ နည်းနည်း အရေးကြီးတယ်။ ခုခေတ်မှာ ပိုဆိုးပါတယ်။ ၀ါဒတွေ တော်တော်လေး ထွန်းကား ပြန့်ပွားလာတယ်။ တရားတော်တွေဟာ အ၀ိတက္က ဖြစ်ပေမယ့် ၀ိတက်တွေနဲ့ ဘုရားက ဘယ်လို တရား မဟောဘူး ဘယ်လို တရား ဟောတယ် စသဖြင့် ၀ါဒတွေ ထွန်းကားလာတာ နှစ် အတော် ကြာလာပြီ။ ဒီလို ၀ါဒတွေအပေါ် ကျော်လွှားမြင်နိုင် ရမယ်။ သင့် မသင့် မှန် မမှန် စိစစ်ဝေဖန်နိုင်တဲ့ ပညာဉာဏ် ရှိသူဖြစ်ရပါမယ်။
၁၃။ ယဉ်ကျေးလိမ္မာရမယ်။ ကိုယ်အားဖြင့် ယဉ်ကျေးရမယ်။ စိတ်အားဖြင့် ယဉ်ကျေးရပါမယ်။ လူပုံအလယ်မှာမှ မဟုတ် ဘူး။ တစ်ယောက်တည်း နေလည်း ယဉ်ကျေးစွာ နေရမယ်။ တစ်ယောက် တည်းနေလည်း စိတ်ကို ယဉ်ကျေးအောင် ထားရ ပါမယ်။
၁၄။ ဘယ်သူ့အပေါ်မှာမှ မတွယ်တာရဘူး။ သံယောဇဉ်တွေ ဖြတ်နိုင်သလောက် ဖြတ်ရမယ်လို့ ဆိုလိုပါတယ်။ ဟိုလူ တွယ်တာ ဒီလူတွယ်တာဆိုရင် တရားထိုင်တဲ့ အခါ ဘယ် လိုလုပ် စိတ်ဖြောင့်နိုင် မှာလဲ။ ဒီတော့ ဘယ်သူ့ကိုမှ မတွယ် တာရပါဘူး။ ဒီလို အုတ်မြစ်တွေ ခိုင်ခံ့နေမှ တရားထိုင်တဲ့ အခါ အလွယ်တကူ တရားရနိုင်ပါတယ်။ ဉာဏ်စဉ် တက်နိုင် ပါတယ်။
ဒါက တရားထိုင်မည့်သူမှ မဟုတ်ပါဘူး။ တရား မထိုင်တဲ့သူ လည်း လိုက်နာ နေထိုင်သင့်တဲ့ အရာတွေပဲ မဟုတ်ပါလား။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်