ဘာသာတရားနှင့် ယုံကြည်မှုဟူသည်

 
 
ဘာသာတရားဟူသည် ယုံကြည်မှုမှ မြစ်ဖျားခံပေါ်ပေါက်လာခြင်းဖြစ်သည်။ ယုံကြည်မှုမှသည် အားထားမှု၊ ကိုးကွယ်မှု၊ လိုက်နာဆောင်ရွက်မှု  စသည်တို့ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာရပေသည်။ မည်သည့် ဘာသာ တရား မဆို လူမျိုးတစ်မျိုးတည်းပိုင် မဟုတ်ဘဲ၊ သက်ဝင်ယုံကြည်မှု ရှိသူတိုင်းနှင့် သက်ဆိုင်မှုရှိပေသည်။ လူသားတို့၏ ကြီးပြင်းရာနေရာ ဒေသ၊ မျိုးရိုးအစဉ်အဆက်၊ ပတ်ဝန်းကျင်စသည်တို့၏ လွှမ်းမိုးမှုကြောင့်သော် လည်းကောင်း၊ အသိဥာဏ်၊ အတွေးအခေါ်နှင့်ဆင်ခြင်တုံတရားကို လိုက်၍လည်းကောင်း၊ ယုံကြည်မှု အမျိုးမျိုး ကွဲပြားမှုပေါ် မူတည်လျက် ဘာသာတရားအမျိုးမျိုး ပေါ်ထွန်းလာရခြင်း ဖြစ်ပေသည်။

လူမျိုးရေးအစွဲနှင့် အစွန်းရောက်စိတ်ဓာတ်ရှိသူများသည် မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရားနှင့် လူမျိုးရေးကိုရောထွေးလျက်၊ ငါ့လူမျိုး ငါ့ဘာသာတရားဟု တဖက်သတ်ဆန်ဆန် တဇောက်ကန်း ပြုမူ တတ်ကြသည်။ ဤကဲ့သို့သော လူများကြောင့် အားနည်းသော လူမျိုးစုများနှင့် အလယ်အလတ် စိတ်ဓာတ် ရှိသော လူမျိုးစုများမှာ အနိုင်ကျင့် အနှိမ်ခံရတတ်ကြသည်။

မည်သည့် ဘာသာတရားကို ကိုးကွယ်သည်ဖြစ်စေ၊ မိမိတို့ လူမျိုးသာမြင့်မြတ်ပါသည် ဟု ဆိုစေ၊ စည်းစိမ် ဥစ္စာ မည်မျှပင် ကြွယ်ဝပါစေ၊ အာဏာ ရာထူး ဂုဏ်ရှိန်မည်သို့ပင် ကြီးမားပါစေ၊ ဘွဲ့ထူးပညာ အဆင့်ဆင့် လက်ဝယ်ပိုင်ထားသည်ဖြစ်စေ လူ့အဆင့်အတန်း လူအမျိုးအစားဟူသည် နှစ်မျိုး သာလျှင် ရှိပါသည်။ ကိုယ်ကျင့်သိက္ခာတရား၊ ကိုယ်ကျင့်သီလနှင့် ကိုယ်ချင်းစာတရား အပြည့်အဝရှိသော လူကောင်းနှင့် လူဖြစ်သော်ငြားလည်း လူ့အကျင့် လူ့စည်းကမ်း လူ့သီလကို ထင်သလို ချိုးဖောက်ပြီး လူသားချင်း တန်ဖိုးမထားတတ်သော လူ့တိရစ္ဆာန် စိတ်ဓာတ်ရှိသော လူဆိုးတို့ ဖြစ်ပေသည်။

မည်သည့်ဘာသာဝင်မဆို ယုံကြည်မှုရှိမှသာလျှင် လိုက်နာဆောင်ရွက်မှု ရှိကြပါသည်။ လိုက်နာဆောင်ရွက် မှု ရှိသူကိုသာလျှင် အမှန်တကယ် ယုံကြည်သက်ဝင်သူ အဖြစ် လက်ခံရပါမည်။ ယုံကြည်ပါသည်ဟု ပါးစပ် က ပြောသော်လည်း ဘာသာတရားအဆုံးအမများကို အမှန်တကယ် လိုက်နာမဆောင်ရွက်နိုင်ပါက ယင်း ဘာသာဝင်အဖြစ် သတ်မှတ်ရန် ခက်ခဲပါလိမ့်မည်။ ယုံကြည်မှုနှင့် လိုက်နာဆောင်ရွက်မှု ထပ်တူကျသူကို သာလျှင် အစစ်အမှန်အဖြစ် သတ်မှတ်နိုင်သည်။
ထို့ပြင် မျက်ကန်းယုံကြည်ပြီး သေသေချာချာ မသိနားမလည်သူများနှင့် သိရှိနားလည်သော်လည်း တိတိ ကျကျ မလိုက်နာသူများကြောင့် ဘာသာတရား၏ အဆင့်အတန်း ကျဆင်းတတ်ပါသည်။ လူ့အဆင့် အတန်းမြင့်မားသူ လူကောင်းတို့အပေါ် ဘာသာတရား၏ အဆုံးအမတရား လွှမ်းမိုးမှု ရှိနိုင်သော်လည်း၊ ဘာသာတရား အဆင့်အတန်းမြင့်မားမှုသည် လူတိုင်းအပေါ် အကျိုးသက်ရောက်မှု  မရှိနိုင်ပေ။ ယုံကြည်မှု နှင့် လိုက်နာဆောင်ရွက်သူများအပေါ်တွင်သာ သြဇာ သက်ရောက်မှုရှိနိုင်ပေသည်။ ထို့ကြောင့် အဆင့် အတန်း မြင့်မားသော ဘာသာတရား ကိုးကွယ်သူတိုင်းအား လူကောင်းဟု မသတ်မှတ်နိုင်ပေ။
အချို့တိုင်းပြည်များတွင် လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ကွဲပြားမှုနှင့် မျိုးရိုးအဆင့်အတန်း အနိမ့်အမြင့်ဟူ၍ မတူညီသော အခွင့်အရေးခြားနားမှုများ ရှိကြပါသည်။ အမှန်စင်စစ် မိမိတို့ပြုခဲ့သမျှ ကံတရားများပေါ် မူတည် လျက်ဖြစ်ပေါ်လာသော အသွင်အပြင်များ၊ အခြေအနေများကို ရွေးချယ်နိုင်စွမ်း မရှိသကဲ့သို့၊ ငြင်းဆန်နိုင်ခွင့် လည်း မရှိကြပေ။ သို့ရာတွင် ပုံပန်းသဏ္ဌာန် အသွင်အပြင် အသားအရောင် များကို ပြုပြင်ဖန်တီးနိုင်စွမ်း မရှိသော်လည်း၊ မိမိတို့၏ ကံတရားများနှင့် စိတ်ဓာတ်များကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ပိုမိုကောင်းမွန်သော ဘဝ အခြေအနေများကို ရယူနိုင်ကြပါသည်။

မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် စောင့်ထိန်းရမည့်သီလတရားတို့ကို ပစ်ပယ်လျက် မိမိတို့၏ စား ဝတ်နေရေး အတွက် မသမာသော နည်းမျိုးစုံဖြင့် ကြိုးပမ်းမှုသည် လတ်တလော အခြေအနေ အတွက် ကောင်း မွန်နိုင်သော်လည်း၊ ရေရှည်တွင်မူ အဆင်မပြေမှု ဒုက္ခများစွာကို ရင်ဆိုင်ကြရပေမည်။ ငတ်လာလျှင် ဘာမဆိုလုပ်လိမ့်မည်ဟု ယုံကြည်ခြင်းသည် မရှိလို့မလှူ၊ မလှူလို့မရှိ ဆိုသကဲ့သို့ ပင် ဖြစ်ပေ လိမ့်မည်။ သီလမရှိခဲ့ခြင်းကြောင့် ဆင်းရဲခြင်းဖြစ်ပေါ်စေသော်လည်း၊ ဆင်းရဲမှုကြောင့် သီလမဆောက်တည် နိုင်ပါက သံသရာဝဋ်ဆင်းရဲမှ မည်သည့်အခါမျှ ရုန်းထွက်နိုင်မည် မဟုတ်တော့ပေ။ သီလဆောက်တည် မှုကြောင့် ဆင်းရဲရာမှ ချမ်းသာလာခြင်းသည် အတိုင်းအတာတခုအထိ တည်မြဲနိုင်သော်လည်း၊ သူတပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရလာသော မသမာသောနည်းဖြင့် ငွေကြေးချမ်းသာလာခြင်း၏ အကျိုးဆက် သည် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ဘဝကို အဆုံးသတ်ရမည့်အပြင် သံသရာတလျှောက်တွင်လည်း ဆိုး ကျိုးပေါင်းစုံကို ရင်ဆိုင်တွေ့ရပေလိမ့်မည်။ တဘဝ တခဏ မိမိတို့ဘဝ အဆင်ပြေချမ်းသာစေရန် လူသားချင်း မစာနာ လူလူချင်းမညှာတာဘဲ တခြားသူများအား ဒုက္ခပေးသူများသည် တချိန်ချိန်တွင် ထပ်တူထပ်မျှခံစားမှု ဝဋ်လည်ခြင်းကို ပြန်လည် ခံစားရမည် ဖြစ်ပါသည်။
သာသနာတည်တံ့ရေးနှင့် သာသနာသန့်ရှင်းရေးတည်းဟူသည် အရည်အချင်းရှိမှသာ သာသနာပြန့်ပွားရေး တည်းဟူသော အရေအတွက် များပြားလာနိုင်ပါသည်။ မြတ်စွာဘုရား သာသနာအဆုံးအမများကို အမှန်တကယ်လိုက်နာခြင်းမရှိဘဲ အမည်ခံ ဗုဒ္ဓဘာသာဦးရေ များပြားလာခြင်းသည် သာသနာ ပျက်ဆီးခြင်း ၏ အစပျိုး လက္ခဏာဖြစ်လာနိုင်ပါသည်။ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားနှင့် လိုက်နာကျင့်သုံးမှု အကျင့်မြတ် ရှိသောသူ များပြားလာပြီး လက်ဆင့်ကမ်း အမွေပေးခြင်းဖြင့်သာ သာသနာရေရှည် တည်တံ့ခြင်း ရှိလာနိုင် ပါသည်။ ဗုဒ္ဓသာသနာသည် ဆွဲဆောင်စည်းရုံးပြီး ဆုတောင်းပြည့်စေတတ်ခြင်း မဟုတ်ဘဲ၊ ကိုယ်တိုင်လိုက် နာ ကျင့်ကြံ အားထုတ်ခြင်းဖြင့်သာ တသက်တာ စွဲမြဲစေရခြင်းဖြစ်ပေသည်။ 
 
မက်လုံးပေး ဆွဲဆောင်မှုနောက် ပါသွားရခြင်းမှာ ဗုဒ္ဓသာသနာအဆုံးအမကို မလိုက်နာ မကျင့်သုံးခြင်း တည်း ဟူသော အကြောင်းတရားကြောင့် ယုံကြည်သက်ဝင်မှုဟူသော အကျိုးတရား မခိုင်မြဲခြင်းကြောင့် သာ ဖြစ်ပေသည်။ ယုံကြည်မှုရှိမှသာ လိုက်နာမှုရှိမည်ဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် လိုက်နာကျင့်သုံးမှု ရှိမှ သာ ယုံကြည်မှု ခိုင်မြဲမည်ဖြစ်ပေသည်။
မည်သည့် အကြောင်းအရာမဆို အခြေခံကျကျ အသေအချာ နားလည်သဘောပေါက်မှ သာလျှင် အဆင့်မြင့် ဆီသို့ တက်လှမ်းနိုင်ပါမည်။ အခြေခံကျကျ နားလည်သဘောပေါက်သူများသည် ယုံကြည်မှုခိုင်မြဲပြီး လိုက်နာ ကျင့်သုံးမှု  ပိုမို စိတ်ပါဝင်စားလာနိုင်ပါသည်။ ထို့ကြောင့် အခြေခံသင်တန်းများ သင်ကြားမှုသည် အလွန် အရေးပါ လှပါသည်။ နိဗ္ဗာန်ရောက်ကြောင်းတရားထက် အပါယ်လေးပါး လွတ်မြောက်ရေးတရားက ပိုမို အရေးကြီးလှပါသည်။ အခြေခံတရားများကို နားလည်မှုမရှိပါလျက်နှင့် အဆင့်မြင့် နိဗ္ဗာန်ရောက်တရားများကို နားလည်ရန် ခက်ခဲပါလိမ့်မည်။
မိမိတို့၏ သာသနာ ရေရှည်တည်တံ့ခိုင်မြဲရေး၊ မြင့်မြတ်တင့်တယ်စေရေးနှင့် သိက္ခာမြင့်မားရေးသည် မိမိ တို့၏ အယူဝါဒနှင့် လုပ်ရပ်မှန်ကန်ခြင်းပေါ် မူတည်လှပါသည်။ အချို့သော ဘာသာရေးခေါင်းဆောင် ရဟန်းတော်အချို့၏ မှားယွင်းသော အယူဝါဒများနှင့် လုပ်ရပ်များကြောင့် အခြားသော ဘာသာဝင်များ၏ အထင်အမြင်သေးခြင်း၊ နားလည်မှုလွဲခြင်းများကို ခံရတတ်ပါသည်။ ထိုထက် ဆိုးဝါးသည်မှာ ဗုဒ္ဓဘာသာ ဝင် အချို့၏ စိတ်ပျက်မှု  အထင်သေးမှုသည် ယင်းတို့ကို ဘာသာပြောင်းစေသည်အထိ ဖြစ်ပွားစေတတ်ပါသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင် လူအချို့၏ ငါ့လူမျိုး ငါ့ဘာသာဟူသော အစွန်းရောက် တဇောက်ကန်း ဆန်ဆန် ပြုမူပြောဆိုမှုများသည်လည်း ဗုဒ္ဓသာသနာ၏ ဂုဏ်သိက္ခာကို ကျဆင်းစေတတ်ပါသည်။

ဘုရားသာသနာရေရှည်တည်တံ့ရေးသည် ရဟန်းသံဃာတော် ဆရာတော်များနှင့် တပည့်သား ဒကာ ဒကာမများ၏ လက်တွဲညီညီဆောင်ရွက်မှုပေါ် မူတည်ပါသောကြောင့် မိမိတို့လက်ထက်တွင် သာသနာတော်ကြီး မြင့်မြတ်တင့်တယ်စေရေးနှင့် မညှိုးနွမ်း မကွယ်ပျောက်စေရေးသည် လူတိုင်း၏ သမိုင်းပေး တာဝန် ဖြစ်ပါသည်။ ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်