သိစိတ်သည်
ဦးနှောက်ကို မှီသလား၊ နှလုံးကို မှီသလား ဟူသော ပြဿနာသည်ပင်
ပဋိပတ္တိနယ်ပယ်၌ မရှိ၊ ကိုယ်တိုင် တရားအားထုတ်ကြည့်မှ အပ်ကျမတ်ကျ
ကိုယ်တိုင်မြင်လာ၏။ သူပြော၊ လူပြော မဟုတ်၊ မိမိသည်ပင် Authority ဖြစ်၏။
အခြား Authority မရှိ။
ပကတိမျက်စိဖြင့် အရာဝတ္ထုကို ကြည့်၍မြင်သကဲ့သို့ ဝိပဿနာဉာဏ်မျက်စိဖြင့်
နှလုံးကို ကြည့်၍ မြင်၏။ နှလုံး၌ရှိသော မနောအကြည်မှ ရုပ်နာမ်တို့မှ
ဖြစ်ပျက်ကို မြင်၏။ သမထစွမ်းအင်ဖြင့် ကြည့်သူများ အနေနှင့်မူ နှလုံး၌ရှိသော
မနောအကြည်မှ ယနေ့မြန်မာနိုင်ငံ၌ အတိတ်ဘဝ ၁၁ ဘဝတိုင်အောင်
မြင်စွမ်းနိုင်သော ယောဂီတစ်ဦးကို တွေ့ဖူး၏။ ကမ္မဋ္ဌာန်းပြသော ဆရာတော်ကိုလည်း
မေးမြန်းလျှောက်ထားဖူး၏။ သို့ဖြစ်၍ ယင်းပြဿနာသည် ပဋိပတ္တိနယ်ပယ်၌မရှိဟု
ဆိုခြင်းဖြစ်၏။
စက်မှုသိပ္ပံပညာရပ်ဖြင့် အဏုမြူကိုခွဲစိပ်၍ စွမ်းအင်ကို ဖော်ထုတ်နိုင်သလို
ဝိပဿနာဉာဏ်ဖြင့် ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ နှလုံးရှိ မနောအကြည် မှ
ရုပ်နာမ်ကို ရှု၍ရ၏။ သိပ္ပံဆရာတို့၏ ရုပ်ဝတ္ထုမှန်ပြောင်းလို ယောဂီတို့၏
သမာဓိမှန်ပြောင်းသည် အားကောင်း၏။ နေမင်း၏ အလင်းရောင်သည် တောက်ပသလို
ကိလေသာပါးလွှာသော ဘဝင်စိတ်၏အလင်းရောင်လည်း တောက်ပ၏။ ထို့ကြောင့် သိပ္ပံဆရာသည်
ပကတိအရာဝတ္ထုများကို ပကတိမျက်စိဖြင့် အတိုင်းသားမြင်ရသလို ယောဂီပုဂ္ဂိုလ်သည်
ရုပ်နာမ်ကို ဉာဏ်မျက်စိဖြင့် အတိုင်းသားမြင်ရ၏။ ဤသည်မှာ ပဋိပတ္တိနယ်ပယ်၌
လက်တွေ့ကျင့်ကြံပွားများ၍ ဆိုင်ရာဆိုင်ရာ အကျိုးကျေးဇူးများကို
ရရှိတော်မူပြီးကြသော ပုဂ္ဂိုလ်မြတ်များ၏ လက်တွေ့၊ မျက်တွေ့
အဆိုအမိန့်များဖြစ်၏။ စာတွေ့သက်သက်မဟုတ်ပါ
။
သို့ရာတွင် ထိုကဲ့သို့ ရုပ်နာမ်များကို လည်းကောင်း၊ အတိတ်ဘဝများကိုလည်းကောင်း မြင်နိုင်သောဉာဏ်မျက်စိရဖို့ကား လွယ်ကူသည်မဟုတ်။ ကိုယ်ကျင့်သိက္ခာကို ဖြူစင်အောင် ရှေးဦးစွာ အားထုတ်ရ၏။ ထို့နောက် သမာဓိကို ပွားရ၏။ ကြိမ်ဖန်များစွာပြုရ၏။ ထိုအခါမှ လောကီမဂ္ဂင် ၅ ပါးသည် ဉာဏ်မျက်စိအမြင်ဖြင့် ရင့်၍ရင့်၍လာကာ ကြည်၍ကြည်၍ လင်းလာမည်ဖြစ်သည်။ ထိုသို့ဖြစ်အောင်လည်း ကြိမ်ဖန်များစွာ ပွားရ၏။ ကြိမ်ဖန်များစွာပြုရ၏။ ကြိမ်ဖန်များစွာပွား၍ ကြိမ်ဖန်များစွာပြုသောအခါ ဗောဇ္ဈင်အဆင့်သို့ရောက်လျှင်ပင် ပီတိ၊ ပဿဒ္ဓိတို့၏ အရသာကို ခံစားရ၏။ လောကုတ္တရာအဆင့်သို့ရောက်လျှင်ကား အဘယ်ဆိုဖွယ်ရာ ရှိပါတော့မည်နည်း။ ဒုစရိုက်တရားများ ချုပ်ငြိမ်း၍ သုစရိုက်တရားများနှင့် ပုညကြိယာများဖြစ်ထွန်းပေါ်ပေါက်ကာ ဤကမ္ဘာလောကသည် မည်မျှလောက် နေချင်စဖွယ်ကောင်းအောင် ငြိမ်းချမ်းနေပေလိမ့်မည်နည်း။

ဥရောပ၌သာသနာပြုသောအခါ ဤသဘောများ ပေါ်လာအောင်ပြုနိုင်ဖို့လို၏ ဤသဘောများ
ပေါ်လာမှလည်း သူတို့ယခင်က ချမ်းသာဟုထင်ခဲ့သော အထင်များသည်
တက်တက်စင်လွဲခဲ့ကြောင်း၊ အမှန်အားဖြင့် ဒုက္ခများသာဖြစ်ကြောင်း
လက်တွေ့မျက်တွေ့ မြင်သိလာမည်ဖြစ်၏။ စစ်မှန်သောချမ်းသာကိုလည်း
လက်တွေ့မျက်တွေ့ ကြုံလာမည်ဖြစ်၏။
ဆရာကြီးဦးရွှေအောင်ရေးသော သံဃာ့ကျေးဇူး မှ
မှတ်ချက်
ဖားအောက်တောရနည်း၊ မြေဇင်းတောရနည်း စသည်များတွင်လည်း စိတ်ကိုရှုရာတွင် နှလုံးမှ ရှုကြောင်း မှတ်သားဖူးပါသည်။
ဖားအောက်တောရနည်း၊ မြေဇင်းတောရနည်း စသည်များတွင်လည်း စိတ်ကိုရှုရာတွင် နှလုံးမှ ရှုကြောင်း မှတ်သားဖူးပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်