&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ပထမဆုံးအမျိုးသမီး မြန်မာစာပါမောက္ခဒေါ်သန်းဆွေ အကြောင်းကိုဖော်ပြပေးပါမည်။ ဆရာမကြီးဒေါ်သန်းဆွေသည်မြန်မာစာပါမောက္ခထဲ၌ အမျိုးသမီး ပါမောက္ခ အဖြစ် ပထမဦးဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပေသည်။ ရန်ကုန် တက္ကသိုလ်မြန်မာစာဌာန၏ သတ္တမမြောက်ပါမောက္ခဖြစ်ပြီး မြန်မာစာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်နေပေသည်။
ပထမဆုံးအမျိုးသမီး မြန်မာစာပါမောက္ခရာထူးကို ထူးထူးခြားခြားဦးဦးဖျားဖျားရခဲ့သလို “ဆရာမကြီးဒေါ်သန်းဆွေသည်မြန်မာစာပေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ကြံဆောင်ရာတွင် စံနမူနာ ယူထိုက်လှသော စာပေ မိခင်ကြီးတစ်ဦးဖြစ်ကြောင်း”ဦးသန်းထွတ် ပါမောက္ခ (ငြိမ်း) ပညာရေးတက္ကသိုလ်ကဂုဏ်ပြုဖော်ပြထားပေ သည်။
ပျူစာကိုပြန်လည်ရှင်သန်စေခဲ့သူ
မြန်မာစာပေသမိုင်းတွင် ‘ပျူစာ’ကိုပြန်လည် ရှင်သန်စေခဲ့သူ တစ်ဦးဖြစ်ပေသည်။ ရာဇကုမာရ်ကျောက်စာ ကိုမြန်မာ၊ မွန်၊ ပါဠိ၊ ပျူလေးဘာသာဖြင့် ရေးထိုးခဲ့ရာ ပါဠိ၊ မွန်၊ မြန်မာစာတို့ကိုသာ အနက်ဖော်ပြန်ဆိုနိုင်ခဲ့ကြသော်လည်း ပျူဘာသာဖြင့်ရေးထိုးထားသော မျက်နှာစာ အဓိပ္ပာယ်ကို အနက်ဖွင့်ဆိုရန် လွန်စွာခက်ခဲခဲ့သည်။
မစ္စတာစီအိုဗလက်ဒင်က ခရစ်နှစ်၁၉၁၁ခုနှစ် ဧပြီလထုတ်ရွိုင်ရွယ် အာရှတိုက်ဂျာနယ်တွင်မြစေတီခေါ် ရာဇကုမာရ်ကျောက်စာ စတုတ္ထဘာသာဖြစ်သော ပျူဘာသာအား လေ့လာချက်များကို ရေးသားပြန်ဆိုခဲ့ရာ ကမ္ဘာ့သုတေသီပညာရှင်များက သူ၏ အရေးအသားပြန်ဆိုချက်များကို လေးစား အံ့ဩခဲ့ကြရသည်။ မစ္စတာစီအိုဗလက်ဒင်သည် ရှေးဟောင်းသုတေသနနှင့် မနုဿဗေဒပညာကို လေ့လာစူးစမ်းရှာဖွေခဲ့သူ
သုတေသီပညာရှင် တစ်ဦးဖြစ်သည်။ မလေးကျွန်းဆွယ်ဗြိတိသျှ အစိုးရဝန်ထမ်း တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံကို မရောက်ဖူးခင်ကပင် စတင်၍ ကျောက်စာမင်ကူးနှင့် ဓာတ်ပုံများကို လေ့လာမှတ်သားကာ
မြစေတီကျောက်စာ လေးဘာသာအနက် မွန်နှင့်ပျူဘာသာ တို့ကိုပြန်ဆိုခဲ့သူဖြစ်သည်။
မြန်မာ နိုင်ငံ ကျောက်စာဝန်မစ္စတာတော်စိန်ခိုနှင့် မစ္စတာဒူရွိုင်ဆယ် တို့၏မြစေတီကျောက်စာ မွန် ဘာသာပြန်ဆိုမှုများနှင့် ထူးထူးခြားခြား တိုက်ဆိုင်နေပေသည်။ ပါမောက္ခလုစ်က မြန်မာပြည်ကိုမရောက်ဘူးဘဲ၊ မွန်၊ ပျူဘာသာ စူးစမ်းလေ့လာပြန်ဆိုရေးသားနိုင်သည့် မစ္စတာစီအိုဗလက်ဒင်အားရှားလော့ဟုမ်း ခေါ်
စုံထောက်ဦးစံရှား ဦးနှောက်ရှိသူဟု ချီးကျူးဂုဏ်ပြုခဲ့သည်။
လေးစားဂုဏ်ပြုထိုက်သူ
ဤမျှရေးပြနေခြင်းမှာမြန်မာစာ ပါမောက္ခဆရာမကြီး ဒေါ်သန်းဆွေအား လေးစားဂုဏ်ပြုလို၍ဖြစ်ပါသည်။ ပျူလူမျိုး၊ ပျူဘာသာသည်မြန်မာနိုင်ငံတွင် တိမ်ကောကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ဆရာမကြီး ဒေါ်သန်းဆွေ သည် ၁၉၈၁-၈၂ပညာသင်နှစ်မှစ၍ ပျူစာကို မဟာဝိဇ္ဇာတန်းတွင်ပြန်လည်ပြဌာန်း ခဲ့သည်။ ကိုယ်တိုင်ပို့ချပေးခဲ့သည်။
ပါမောက္ခတာဝန်ထမ်းဆောင်ခဲ့စဉ် အမှတ်ထင်ထင် ပင်ရင်းမြန်မာစာကို တက္ကသိုလ်ပထမနှစ်နှင့်ဒုတိယ နှစ် များ တွင်ပြန်လည်သင်ကြားခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ခြင်းပင်ဖြစ်သည်။မြန်မာလူမျိုး လူငယ်လူရွယ်တို့ မြန်မာစာကို တန်ဖိုးထား လေးစားတတ်အောင် ပျိုးထောင်လေ့ကျင့်ပေးခဲ့သူ တစ်ဦးအဖြစ် အထူးဂုဏ်ပြုမော်ကွန်း တင်ထိုက်ပေသည်။
ဘ၀ဖြစ်စဉ်အကျဉ်း
ဆရာမကြီးကို ခရစ်နှစ်၁၉၂ဝြပည့်နှစ်၊ နိုဝင်ဘာလ၂၉ရက်၊ သောကြာနေ့တွင်မန္တလေးတိုင်းအမရပူရမြို့နယ် လိပ်ဆံခွန်ရွာ၌ မွေးဖွားခဲ့သည်။ ဖခင်မှာ ဦးစက်ရုံဖြစ်၍ မိခင်မှာ ဒေါ်ထွေးဖြစ်သည်။ မွေးချင်းနှစ်ဦးသာရှိပြီးဆရာမကြီးက သမီးဦးဖြစ်၍ မောင်ငယ်မှာ ဦးကောင်းညွန့် (အဖွဲ့ဝင်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့) ဖြစ် သည်။ ဖခင်ဦးစက်ရုံမှာ အလယ်တန်း ကျောင်းအုပ်ဆရာကြီးဖြစ်ပြီး မိခင်ဒေါ်ထွေးမှာ အလယ်တန်းပြ ဆရာမ ဖြစ်သည်။
ဆရာမကြီးဒေါ်သန်းဆွေသည် လိပ်ဆံခွန်ရွာ အလယ်တန်းကျောင်းမှပင် ၁၉၃၃ခုနှစ်တွင်မြန်မာ အလယ် တန်း စာမေးပွဲအောင်ခဲ့သည်။ အင်္ဂလိပ်-မြန်မာ အလယ်တန်းစာမေးပွဲကို မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟမိန်းကလေးကျောင်းမှ ၁၉၃၅ခုနှစ်တွင် အောင်မြင်ခဲ့သည်။ အင်္ဂလိပ်-မြန်မာ ၁ဝတန်းစာမေးပွဲကို မန္တလေးမြို့ (အေ-ဘီ-အမ်) အထက်တန်းကျောင်းမှ ၁၉၃ဂခုနှစ်တွင် အောင်မြင်ခဲ့ပြီးရန်ကုန်တက္ကသိုလ်တွင် ပညာ ဆက် လက် ဆည်းပူးသင်ယူခဲ့သည်။
ရန်ကုန်တက္ကသိုလ်၌မြန်မာစာ ဝိဇ္ဇာတန်း ဒုတိယနှစ် တက်ရောက်သင်ယူနေဆဲမှာပင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ ပညာသင်ရပ်ဆိုင်းခဲ့ရသည်။ စစ်အပြီး ဝိဇ္ဇာဂုဏ်ထူးတန်း တက်စဉ်အခါက ဂုဏ်ထူးတန်းတက်သူ ဟူ၍ ဆရာမကြီး တစ်ဦးသာ ရှိခဲ့သည်။ ထို့နောက် ပညာဆက်လက်သင်ယူခဲ့ရာ ၁၉၄ရ ခုနှစ်တွင် ဝိဇ္ဇာ ဂုဏ်ထူး တန်းကို အောင်မြင်ခဲ့သည်။ ၁၉၄၉တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဆရာမကြီး၏ မဟာဝိဇ္ဇာဘွဲ့ယူသော ကျမ်းအမည်မှာ “စိန္တကျော်သူနှင့်စာပေ”ဖြစ်ပြီး ဂုဏ်ထူးရရှိခဲ့သည်။
မြန်မာစာဌာနတာဝန်ကျေပွန်ခဲ့သူ
ဆရာမကြီး ဒေါ်သန်းဆွေသည် ၁၉၄ရခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြ ဆရာမအဖြစ် စတင် အမှုထမ်းခဲ့သည်။ ၁၉၄ဂခုနှစ်၊ ဩဂုတ်၁၅ရက်နေ့တွင်လက်ထောက် ကထိက အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့ပြီး ၁၉၅၁ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ကထိကအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရပါသည်။
၁၉၆၅ခုနှစ်မှစ၍ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ ပြောင်းရွှေ့ အမှုထမ်းခဲ့ပါသည်။ ၁၉၇၄ခုနှစ်၊ မေလ၁၇ ရက် မှစ၍ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မြန်မာစာ ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉ရဂ ခုနှစ် တွင်ရန်ကုန် တက္ကသိုလ်မြန်မာစာဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာမကြီးသည် ၁၉၈၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မြန်မာစာ ပါမောက္ခရာထူးမှ အငြိမ်းစားယူခဲ့သည်။
ပြုစုခဲ့သောစာပေများ
ဆရာမကြီးသည် စာပေတာဝန် ထမ်းဆောင်ခဲ့စဉ် ကာလတစ်လျောက်လုံးတွင် သုတေသနစာတမ်းများ၊ ဆောင်းပါး များလည်း ရေးသားပြုစုခဲ့သည်။ မဂ္ဂဇင်းဆောင်းပါးများ၊ ယဉ်ကျေးမှုစာစောင်နှင့်ဂျာနယ်တွင်ဆောင်းပါးများ ရေးသားခဲ့သည်။
ရာဇကုမာရ်မွန်ကျောက်စာ လေ့လာချက်၊ ပျူစာ၊ ခင်ဘရွှေ ပေချပ်ဓာတ်ပုံများ၊ ပျူစာ၊ ခင်ဘရွှေပေချပ်လေ့လာ ချက် များကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့သည်။ရန်ကုန် တက္ကသိုလ်မြန်မာစာဌာနတွင် “စာတော်ဖတ်” တာဝန်ကို ထူးခြားစွာ ထမ်းဆောင်ခဲ့သည်။
ရှင်မဟာသီလဝံသ၏ ဆုတောင်းခန်းပျို့၊ ရှင်မဟာရဋ္ဌဌသာရ၏ ဘူရိဒတ်ဇာတ်ပေါင်းပျို့ နှစ်စောင်ကိုတည်းဖြတ် ခဲ့သည်။
ဆရာမကြီး ဖတ်ကြားခဲ့သော သုတေသနစာတမ်း ခုနှစ်စောင်တိတိရှိသည်။
၁၉၆၉ခုနှစ်၊ မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲတွင်ရွှေစည်းခုံ မွန်ကျောက်စာလေ့လာချက် (စကားလုံး) စာတမ်း၊ ၁၉၇၀၊ မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲတွင် ရွှေစည်းခုံ မွန်ကျောက်စာလေ့လာချက် (ဖွဲ့ထုံးနှင့်အကြောင်းအရာ) စာတမ်း၊ ၁၉၇၂၊ မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲတွင်မြန်မာစကားပြေ၌အသုံးအတွင် ဆုံး စကားများ စာတမ်း၊ ၁၉၈၁၊ မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲတွင် “မြန်မာအက္ခရာပုံသမိုင်းစာတမ်း-၁ (မြန်မာစာဌာနလုပ်အားပါဝင်သည်) ၊ ၁၉၈၂၊ မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲတွင်မြန်မာအက္ခရာ ပုံ သမိုင်း စာတမ်း-၂၊ ၁၉၈၂၊ မြန်မာနိုင်ငံသုတေသန သူငယ်တန်း၊ မြန်မာဖတ် စာလေ့လာချက်၊ စာတမ်း၊ ၁၉၇၆ ၊ ဟံသာဝတီ သတင်းစာတိုက် ဘိုးဝဇီရ စနေစာပေဝိုင်းတွင်မြန်မာစကားနှင့် သုံးကြိမ်နှုန်းစာတမ်း။
ဆရာမကြီး ဒေါ်သန်းဆွေသည် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် စဉ်တွင် မဟာဝိဇ္ဇာကျမ်းပေါင်း (၆၀) ကျော်တို့ကိုလည်း သဘာပတိအဖြစ်ပြီးစီး အောင်ဆောင်ရွက်ခဲ့သည်။
ထူးခြားဘ၀ဖြစ်စဉ်
ဆရာမကြီး ဒေါ်သန်းဆွေသည် စာပေလုပ်သားအဖွဲ့တွင် ကမာရွတ်မြို့နယ် စာပေလုပ်သားအဖွဲ့ ဥက္ကဋ္ဌဌ၊ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ နာယကဖြစ်ခဲ့သည်။ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့၊ အဖွဲ့ဝင်ဖြစ်၍ အမှုဆောင်အဖြစ် ရှစ်နှစ်မြောက် ဆောင်ရွက်ခဲ့သည်။ တတိယအကြိမ်ပြည်သူ့လွှတ်တော် တွင်မြစ်သားမြို့နယ် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာမကြီးသည် စာပေတာဝန်ထမ်းဆောင် ခဲ့ စဉ်တစ်လျောက် ဘာသာစာပေဆောင်းပါးများ၊ စာပေ သုတေသန စာတမ်းများကို ရေးသားပြုစုပြီး စာတမ်းဖတ်ကြားခြင်း၊ စာပေမဂ္ဂဇင်းစသည်တို့တွင် အမည်ရင်းဖြင့် လည်းကောင်း၊ မြမဉ္ဇူဟူသောကလောင် အမည်ဖြင့် လည်းကောင်း ရေးသားခဲ့သည်။
ဆရာမကြီး၂၀ဝ၂ခုနှစ်ဇွန်လရရက် (သောကြာနေ့) တွင် ကွယ်လွန်ခဲ့ရရှာသည်။
စာပေမိခင်ကြီး၏ မှာတမ်းစကား
ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနနှစ် (၆၀) ပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲတွင် စာပေမိခင်ကြီး၏ မှာတမ်းစကားသည် လေးစားကြည်ညိုဖွယ် အတိပြည့်ဝသည်။
မှာတမ်းစကား
‘လောကတွင် သစ္စာလေးပါး တရားအမြဲ ရှိသည်။ ဤသစ္စာတရားလေးပါးကို ဖော်ပြတော်မူမည့်သူပေါ်ပေါက် လာသည်ကို ဘုရားပွင့်တော်မူသည်ဟု ခေါ်သည်။ သစ္စာလေးပါးတရားသည် လောကကြီး၏ ကောင်းကျိုးချမ်းသာကို ဆောင်တော်မူသည်။ ’မြန်မာစာ ပါမောက္ခဒေါ်သန်းဆွေသည်မြန်မာစာမိခင်ကြီးပီသလှသည်။ မြန်မာစာပေသည် သုတ ရသပြည့်ဝသည်။ ရသစာပေကို ဖန်တီးရာတွင် ဆရာမကြီးသည် “ချစ်ရွှင်သနား၊ တည်ကြားကြမ်းကြုတ်၊ စက်ဆုပ်ကြောက်ရွံ့၊ ရဲဝံ့အံ့ဩ၊ နှောအရသာကျမ်းဂန်လာ”ကိုလော က ကောင်းကျိုးပြုတတ်၊ ရေးတတ်ရန် ဖန်တီးတတ်ရန် ဆရာမကြီးက တပည့်တို့အား အမြဲတစေဝေဖန် ရှင်းလင်း သင်ကြားပြသလေ့ ရှိသည်။
ဒါကြောင့် မိမိတတ်တဲ့ ပညာကို လောကကောင်းကျိုးအတွက် အသုံးချတတ်အောင် ဆိုးကျိုးအတွက် အသုံးမချ မိအောင်၊ ပညာတတ် အသိတွေ တိုးတက်မြင့်မားသထက်မြင့်မားအောင်၊ ကြံဆတီထွင် ဖန်တီးလိုစိတ် ထက်သန်လာအောင်၊ လောကဓံ အတွေ့အကြုံ ဆိုးကောင်းကိုကြံ့ကြံ့ခံနိုင်ရည်ရှိအောင် ရသစာပေကို ဖတ် တတ် နားလည် ခံစားတတ်ရမယ်
မြန်မာစာပေမိခင်ကြီးသည်မြန်မာစာပေကို ရှာဖွေလေ့လာပွားများရေးသားထားခဲ့ပါပြီ။ စာပေ ရသ သဘော ကို စစ်ကြောကာ လောကကောင်းကျိုးပြု၊ ဆိုးကျိုးပယ်ရန် ဝေဖန် လေ့လာနည်းကိုပါ မှတ်မှတ်သားသားရေးထားခဲ့ပါပြီ။ မြန်မာစာပေ ဂန္တဝင်တွင် စံတင်ဂုဏ်ပြုထိုက်သောမြန်မာစာပေမိခင်ကောင်းတစ်ဦးဖြစ်ကြောင်းထပ်လောင်းဂုဏ်ပြုအပ်ပေသည်။ ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်