အန္ဒိယစာပေသမိုင်း ဗုဒ္ဓစာပေကဏ္ဍ


ပြန်ကြားရေးဌာန
ဘာသာရေးဆိုင်ရာ စာပေခွင့်ပြုချက် အမှတ် ၆၅၆
တာဝန်ခံထုတ်ဝေသူ ဦးစိန်ကြည်
ပြည်သူ့အလင်းစာပေတိုက်
၁၀၇၊ ဗိုလ်ချုပ်အောင်ဆန်းဈေး
ရန်ကုန်မြို့။
၁၉၆၇ခုနှစ်၊ အောက်တိုဘာလတွင် အုပ်ရေ ၂၀၀၀ကို ပထမအကြိမ်အဖြစ် ရိုက်နှိပ်ပြီးစီးသည်

မူလရေးသူ - ဂျာမန်ပါမောက္ခကြီး ဒေါက်တာ မောရစ်(စ်)၀င်တာနစ်
မြန်မာပြန်သူ - အရှင် ဇာဂရာဘိဝံသ

ဤစာအုပ်သည် မျက်မှောက်ခေတ် မြန်မာလူမျိုး ဗုဒ္ဓဘာသာများ အတွက် အလွန် တန်ဘိုး ကြီးမားလှသော ကျမ်းစာအုပ် တစ်အုပ်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆောက်လိုက်ရပေသည်။                             MA ကောလင်း အမှာစာမှ

ရှေးအကျဆုံး ဗုဒ္ဓဘာသာစာပေ အားလုံးလောက်လိုလိုတွင် ဟောချက်ပြောချက်များ၊ သြ၀ါဒတော်များ၊ ဂါထာများ၊ ၀တ္ထုကြောင်းများ ရဟန်းတို့၏ သိက္ခာပုဒ်များကို စုဆောင်း ထားချက်များ ပါဝင်၏။ ပိဋကတ်တော်ပူသည် အထက်ပါ စုဆောင်ချက်မျိုးတို့၏ အစုအဝေးကြီး တစ်ခုမျှသာဖြစ်၏။ ဤကဲ့သို့ စုဆောင်ချက်မျိုးများသာ များစွာအရေးပါ၍ ခက်ခဲသော စာပေလှုပ်ရှားမှုတစ်ခု၏ ပြီးစီးမှုကြီးတခုကို ဖြစ်စေနိုင်ပြီး ပါဝင်သော အစိတ်အပိုင်းများကို စုဆောင်းမှုသည် တစ်ချိန်တည်းတွင် ဖြစ်နိုင်စရာမရှိသည်မှာ ထင်ရှားလှလေသည်။
ဗုဒ္ဓဘာသာ အစဉ်အလာမှတ်တမ်းအရ ဤကဲ့သို့သော အပြည့်အစုံ စုဆောင်းပြီးစီးမှုသည် အတော်စောစီးစွာသော ကာလကပင် ပြီးစီးနေပြီးဖြစ်၏ သက်တော်ထင်ရှား ဘုရားရှင်ကို မှီလိုက်သော သာဝကကြီးများသည် ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရက်သတ္တပါတ် အနည်းငယ်လောက်တွင် ဓမ္မ(ဗုဒ္ဓဘာသာ ဆိုင်ရာ တရားတော်) ၀ိနယ(ရဟန်းတော်တို့၏ သိက္ခာပုဒ်တော်များ)ကို စုဆောင်းဖွဲ့စည်းရန် ရာဇဂြိုဟ်ပြည် (ယခု ရာဂျဂီရ်)တွင် ပဌမ သင်္ဂါယနာခေါ်သော သံဃာအစည်းအဝေးကြီး တခုကို ပြုလုပ်ခဲ့ကြ၏ဟု မှတ်တမ်းတင်ထားခဲ့၏။ ဤမှတ်တမ်းက ကျွန်ုပ်တို့အား အထက်ပါ အဆိုကို ချွင်းချက်မရှိ ယုံကြည်စေရန် ရည်ရွယ်သည့် အချက်သည်ပင်လျှင် ပဌမသင်္ဂါယနာမူ အတိုင်း ကျွန်ုပ်တို့ လက်ထက်သို့ ဆင်းသက်လာသည့်အတွက် ဤမူကို ရှေးအကျဆုံးဟု ယုံကြည်၍ မဖြစ်နိုင်သည်ကို ဖော်ပြလျှက်ရှိ၏ အကြောင်းမှာ ပိဋကတ်တော်၏ အစိတ်အပိုင်းကြီး ၂ခုဖြစ်သော ၀ိနည်းနှင့် သုတ္တန် ပိဋကတ်တော်များသည် ယခု ကျွန်ုပ်တို့ တွေ့မြင်နေရသည့် ပါဠိတော်အတိုင်း တသွေမတိမ်း ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး၍ မကြာမီပင် ဖြစ်လာကြ၏ဟူသော အချက်သည် လုံးလုံးပင် မဖြစ်နိုင်သောကြောင့် ဖြစ်၏။ ဤ အကြောင်းကြောင့် အစဉ်အလာ ဆိုရိုးဆိုးစဉ်သည် လုံးဝအခြေအမြစ်မရှိဟု ယူဆစရာ မလိုချေ။ သုတ္တန်တရားတော်နှင့် ၀ိနည်းသိက္ခာပုဒ်တော်များ၏ အခြေခံအချက်များတွင် တညီတညွတ်တည်းရှိစေရန် ရည်ရွယ်ချက်ဖြင့် သံဃာ့ထေရ်ကြီးများသည် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ချက်ချင်းပင် စည်းဝေးတော်မူကြသည်ဟူသော အချက်ကား မဖြစ်နိုင်စရာ မရှိချေ။
ထိုအစည်းအဝေးပြုလုပ်ခဲ့သည့် အချက်ကို မှတ်တမ်းတစ်ခုအဖြစ် စာပေအဆက်ဆက် တွင် ထည့်သွင်းထားစရာရှိပေ၏။
သို့သော် ထိုမျှလောက်အချိန်ကလေးနှင့် ယခုလက်ရှိပိဋကတ်တော်ကြီးကဲ့သို့သော ပါဠိတော် ပိဋကတ်ကြီးတစ်ခုကို စုဆောင်းရေးအတွက် တိုတောင်းလှချေသည်တကား။
(စာမျက်နှာ ၂၈-၂၉မှ)

သီဟိုဠ်သို့ သာသနာပြုစေလွှတ်မှုအကြောင်း ဖော်ပြချက်သည် ဒဏ္ဍာရီပုံပြင်ဆန်လှ၍ ရှင်မဟိန္ဒ အမှူးရှိသော ရဟန်းတော်များသည် ကြိုးကြာငှက်များသဖွယ် သီဟိုဠ်သို့ ကောင်းကင်ခရီးဖြင့် သွားကြသည်ဆိုသော ရာဇ၀င်ဆရာများ၏ စကားကို ကျွန်ုပ်တို့ မယုံကြည်စေကာမူ ရာဇ၀င်ပါ စကားရပ် အားလုံးကို ငြင်းပယ်ရန်မလိုဘဲ ဒဏ္ဍာရီဆန်သော စကားများကို ချန်လှပ်၍ ဗုဒ္ဓဘာသာနှင့် ပါဠိတော် ပိဋကတ်များကို ရှင်မဟိန္ဒကိုယ်တိုင် သူနှင့်အတူ သီဟိုဠ်သို့ ဆောင်ယူခဲ့သည်ဟူသော အဖြစ်အပျက်မှန် ရဇ၀င်စကားကိုကား မှတ်သားရပေမည်။
ရှင်မဟိန္ဒ ဆောင်ယူခဲ့သော ပိဋကတ်တော်များသည် ခရစ်မပေါ်မီ ပဌမရာစုနှစ်အတွင်း သီဟိုဠ်ဘုရာင် ၀ဋ္ဋ­­ဂါမဏိလက်ထက် ပေထက်အက္ခရာ တင်သည်အထိ ဦးစွာပဌမ နှုတ်ဖြင့်သာ ဆောင်လာခဲ့ကြ၏။                                     (စာမျက်နှာ-၃၄)

ဘာသာစကားဘက်ကရော၊ အဓိပ္ပါယ် သဘာဝတ္ထဘက်ကပါ စဉ်းစားလိုက်သော ကျွန်ုပ်တို့၏ လက်ရှိပိဋကတ်ပါဠိတော်သည် အသောကမင်းတရား လက်ထက်က စုဆောင်း ခဲ့သော ပိဋကတ်တော်နှင့် နီးစပ်မှု ရှိစေကာမူ ၄င်းနှင့်တူကား မတူနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် တတိယသင်္ဂါယနာတင်ရာ ဘီစီ ၃ရာစုနှင့် ပေထက်အက္ခရာ တင်ရာဘီစီ ၁ရာစု ကာလ အတောအတွင်း (အချို့ ပိဋကတ်များကား ဤထက်ပင် နောက်ကျသေး၏) ပါဠိတော်များသည် မြောက်မြားလှစွာသော ပြောင်းလဲမှုများ အထူးအားဖြင့် ဖြည့်စွက်မှုများဖြင့် အလူးအလဲ ခံခဲ့ရသည်ကို၎င်း၊ များစွာသော အချို့တို့တွင်အဖွင့်အဌကထာစကားများက ပါဠိတော်များအတွင်း ဖောက်ထွင်းဝင်ရောက် ရောနှောခဲ့သည်ကို၎င်း ကျွန်ုပတို့ ၀န်ခံကြရမည် ဖြစ်သောကြောင့်တည်း။
အထက်ပါအချက်များကို သိသာစေရန် ခြေရာကောက်စရာ သဲလွန်စများလည်း မကျန်ဘဲ မဖြစ်နိုင်ချေ။ ပိဋကတ်တော်အတွင်း မြောက်မြားလှစွာသော ကျောချင်းကပ် ဖြောင့်ဖြောင့်ဆန့်ကျင်နေမှုများ၊ စောစောပိုင်းက ရေးသားထားခဲ့သော စကားရပ်များနှင့် နောက်ပိုင်းကျမှ ထည့်သွင်း ရေးသားထားသော စကားရပ်များ၏ နေရာအမြောက်အများတွင် ယှဉ်ပြိုင်တည်ရှိနေမှုများ ကွဲပြားသော ကျမ်းစာအုပ်များတွင် တထပ်တည်းသော ပါဠိတော်များကို မကြာခဏတွေ့နေရမှုများက သဲလွန်စရှိမှုကို သက်သေထူလျက် ရှိနေလေပြီ။
(စာမျက်နှာ - ၄၃)

ရဟန်းတော်များအတွက် ပညတ်ထားသမျှ သိက္ခာပုဒ်ပေါင်း အမြောက်အများသည် ဘုရားရှင်လက်ထက်တော် မတိုင်မီအခြားဘာသာအယူဝါဒကွဲပြားသော ရဟန်း(တိတ္ထိများ) အတွင်း လူကြိုက်များ၍ တွင်ကျယ်နေပြီးသာ ဖြစ်နေသည်ကိုလည်း တွေ့ရမည်ဖြစ်၏။
သို့ရာတွင် ၀ိနည်းသိက္ခာပုဒ်အားလုံး ကျင့်ဝတ်အားလုံးကို ဘုရားရှင် ကိုယ်တော် တိုင်သာ ပညတ်တော်မူခဲ့သည်ဟု ဆို၏။ သုတ္တ၀ိဘင်္ဂနှင့် ခန္ဓကတို့ရှိ သိက္ခာပုဒ် ကျင့်ဝတ် အားလုံးတို့ကို မည်သည့်အခါ မည်သည့်အကြောင်းကြောင့် ဘုရားရှင် ပညတ်တော် မူခဲ့ကြောင်း မှတ်တမ်းတင် ၀တ္ထုကြောင်းများဖြင့် နိဒါန်းပျိုးထား၍ အထက်ပါအချက်ကို ခိုင်လုံ စေပြန်သည်။
ရေးသားပုံရေးသားဟန်နှင့် ပတ်သက်၍ ခန္ဓကတွင်ပါသော ၀တ္ထုကြောင်းများသည် သုတ္တ၀ိဘင်္ဂတွင်ပါသော ၀တ္ထုကြောင်းများနှင့် များစွာတူညီနေရကား ခန္ဓကရော သုတ္တ၀ိဘင်္ဂပါ တချိန်တည်း မရှေးမနှောင်းတွင်ပင် ဖြစ်ကြောင်း မှတ်ယူရပေမည်။
ဝတ္ထုကြောင်း အဖြစ်အပျက် အနည်းငယ်တွင်သာ တကယ့်အဖြစ်အပျက်မှန်ကို ရည်ညွှန်းမှု ဖြစ်နိုင်စရာရှိ၍ ၀တ္ထုကြောင်း အမြောက်အများတို့တွင် တီထွင်တည့်သွင်းမှုများသာ ဖြစ်စရာရှိ၏။                                                                         (စာမျက်နှာ - ၅၅)

ဤ ဇီဝက ၀တ္ထုကဲ့သို့သော ဟာသ၀တ္ထုကြောင်းကလေးများကတော့ ဤတစ်ခုတည်း သာမဟုတ်ချေ။ ဤသည်ကို ထောက်သဖြင့် ၀ိနယ ပိဋကတ်ကို စီမံရေးသားသူများ သို့မဟုတ် စုဆောင်းပြုစုသူများသည် တစ်ခါတစ်ရံ ပျင်းရိငြီးငွေ့လာ၍ ပညတ်တော်များ၊ သိက္ခာပုဒ်များ အကြားတွင် အပျင်းပြေဖတ်စရာ ၀တ္ထုတိုများညှပ်၍ညှပ်၍ ထည့်ထားသည်ကို သိသာလှချေသည်။                                                                (စာမျက်နှာ - ၆၄)

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်