မြန်မာ့သမိုင်း အတိုအထွာ - ဒေါက်တာသန်းထွန်း



ပြည်မြို့ဘက်မှာ ပါဠိကျောက်စာ၊ ပျူကျောက်စာတွေမှာ ရေးတဲ့ လက်ရေးဟာ အိန္ဒိယတောင်ပိုင်းက ဂိုအ အနား၊ ကနရ မြောက်ပိုင်း ကဒံဘနယ်မှာ ခရစ် ငါး​-ခြောက်ရာစုနှစ်က ရေးခဲ့တဲ့ အက္ခရာနဲ့လက်ရေးပုံစံ တူညီတယ်။ ယိုးဒယား ​လောပူရိက မွန်ကျောက်စာမှာ တွေ့ရတဲ့ အက္ခရာနဲ့လက်ရေးတွေက အခုပြောတဲ့ ငါး-ခြောက်ရာစုနှစ်တွေက (​ဓမ္မပါလနဲ့ တစ်ခေတ်တည်း) ဖြစ်ပြီး၊ အိန္ဒိယတောင်ပိုင်း ကွန်ဂျီဗရဝမ်မှာ အသုံးပြုပါတယ်။ ဒီလို တွေ့လို့ ဒီလိုထင်ပါတယ် ဆိုပြီး တွေ့စက သမိုင်းပညာရှင်တွေ ရေးသားဆွေးနွေးကြတယ်။ [မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဝန်ရဲ့ ၁၉၁၉ ခုနှစ် အစီရင်ခံ စာ၊ စာမျက်နှာ ၂ဝ၊ လန်ဒန် အရှေ့တိုင်းနဲ့အာဖရိက ပညာလေ့လာရေးကျောင်းမဂ္ဂဇင်းမှာ ဘလက်ဂဒန်ရေး "ပျူကျောက် စာတွေ"၊ အိန္ဒိယကျောက်စာ အတွဲ(၁၂)၊ မြန်မာသုတေသနအသင်းဂျာနယ် ၁၉၁၇ နဲ့ အိန္ဒိယ ကျောက်စာညွန့်ပေါင်းအတွဲ ၅ တွေမှာ ဖတ်ကြည့်ပါ။]



တချို့ဆောင်းပါးမှာ၊ တွေ့ရှိတဲ့ ကမ္ပည်းကျောက်စာကို၊ ထည့်ပြတယ်။ ဗုဒ္ဓဆုံးမချက်တွေကို တော်တော် ပြည့်စုံအောင် ထည့်ပြတယ်။ ဗုဒ္ဓဆုံးမချက်တွေကို တော်တော်ပြည့်စုံအောင် သိနေကြပြီလို့ သူတို့ရွေးချယ်ပြီး ကျောက်ထက် အက္ခရာ တင်ခဲ့တဲ့ ဗုဒ္ဓကျောင်းတွေထဲက ကောက်နုတ်ချက်တွေက ပြတယ်။ ဒီလိုဆိုတိုင်း၊ မြန်မာနိုင်ငံက လူတွေ အများကြီး၊ ဗုဒ္ဓ သာသနာဝင်တွေ ဖြစ်နေပါကလားလို့တော့၊ မထင်ပါနဲ့။ ရန်ကုန်လို မြို့မှာ လက်တင်ဘာသာနဲ့ သင်္ခ࿿ျိုင်းစာ တစ်ခုတစ်လေ တွေ့ရုံနဲ့၊ "ဒီကလူတွေ လက်တင်ပညာရှင်တွေပါလား" လို့ ပြောလို့မဖြစ်သလိုပဲပေါ့။ ဂုဏ်ရှိတယ်လို့ ကျော်ကြားပြီးသား ဘာသာစကားကို "လူအထင်ကြီးအောင်" ယူသုံးတဲ့သဘောက ပိုများမှာ ဖြစ်ပါတယ်။ အလောင်းမင်းတရားလက်ထက်မှာ လက်တင်ဘာသာနဲ့ ရေးထားတဲ့ကျောက်စာ တစ်ချပ်-နှစ်ချပ် တွေ့တာနဲ့ ဒီနေရာမှာ ခရစ်အယူဝါဒတွေ ပျံ့နှံ့နေပြီပေါ့လို့ လည်း မပြောနိုင်ပါ။ (ပုဂံခေတ်အထိ စာရေးတတ်၊ ဖတ်တတ်တဲ့ လူဦးရေက အများကြီး နည်းပါတယ်။) မြန်မာ အညာ ပိုင်းမှာ ရာသီဥတု ခြောက်သွေ့တော့ မှတ်တမ်းတွေ ရှိသင့်သလောက် မရိမဆွေးဘဲ ကျန်နေတတ်ပါတယ်။ အဲဒါကြောင့် ဟလင်းက ကျောက်စာတချို့လွဲရင် ခရစ် ၁ဝ ရာစုနှစ်လောက် ရောက်တဲ့အခါမှ (အိန္ဒိယမြောက်ပိုင်း ဂုပ္ဘ ကို သုံးပြီး) မြန်မာ အညာပိုင်းက လူတွေ ဗုဒ္ဓသာသနာကို ပြောင်းယူကြမယ်။ စာရေးစာဖတ်တတ်မယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံက ရှင်ဘုရင်တွေကို၊ ကမ္ဘာတည်စ မဟာသမ္မတ က တိုက်ရိုက်ဆင်းသက်လာတယ်လို့ ပြောရဲတဲ့လူ​က ပြော တောင်၊ လက်ခံဆွေးနွေးဖို့ ခက်ပါတယ်။ မြန်မာစကားကို စာနဲ့အစ-အဆုံး ရေးတာကို (ခရစ် တစ်ဆယ့်တစ်ရာစုနှစ်လို့ သတ်မှတ်ကြပါတယ်။) မွန်ကို စာရေးတဲ့အတတ်ပညာရဖို့ ဆရာတင်ရမှာပါ။ ကိုယ့်စကားကို ရေးဖို့ သူများ ထွင်ထားတဲ့ အက္ခရာကို ယူရေးတဲ့အခါ၊ သိပ်ပြီး ပီပြင်အောင် ရေးနိုင်မယ် မထင်ပါ။ မြန်မာတွေ စာ စပြီး ရေးတဲ့အချိန်မှာ၊ မွန်က အများကြီး ကောင်းအောင် စာရေးနိုင်နေပါပြီ။ (ပျူဆိုရင် ခရစ်နှစ် ပေါ်စကပဲ စာရေးနေပြီ၊ ဒါပေမဲ့ စာတတ်သူ ဦးရေဟာ သိပ်နည်းနေသေးတယ်။)

ဒီလို အက္ခရာတင်ထားတဲ့ အထောက်အထား ရှားတဲ့အတွက် မှတ်တမ်းများများ မရှိနိုင်ပါ။ သက်ကြီးစကား သက်ငယ် ကြားဆိုတာ ပြောလေ့ရှိပေမယ့် သက်ကြီးစကားတွေက မှတ်ကျောက် အတင် မခံနိုင်ပါ။ သကျသာကီဝင် မင်းဆက်က မင်းတစ်ပါး တကောင်း လာနေတယ်။ သူ့အဆက်တွေ သရေခေတ္တရာ ရောက်လာတယ်၊ ပုဂံ ရောက်လာတယ်။ (ပျူစောထီးကြောင်း ကြားဖူးကြမှာပါ) ဒွတ္တဘောင်အကြောင်းလည်း ပြောကြ ရေးကြ၊ ကျောက်တိုင် ထုကြ၊ ဒါတွေ အများကြီး ကြားရ တွေ့ရကြမှာပါ။ ဂေါတမမြတ်စွာဘုရားက ရခိုင်လာတယ်၊ (ကိုယ်စားတော် မဟာမုနိ ရှိရစ်တယ်) မင်းဘူး ရွှေစက်တော် ရောက်တယ်၊ ခြေတော်ရာ ချတယ်၊ ပြည်မြို့က ဖိုးဝင်းတောင်လည်း ​ပါတယ်။ ခဏ ရပ်ပြီး ကြည့် တော်မူတဲ့နေရာက တန့်ကြည်တောင်လို့ တွင်တယ်။ ရွှေတိဂုံတို့၊ ရွှေဆံတော်တို့ဟာ တစ်ခေတ်တည်း၊ ဘုရား သက်တော် ထင်ရှားရှိစဉ်ကပဲ ပေါ်ခဲ့တာလို့ ပြောကြ ရေးကြပါတယ်။ သောဏနဲ့ဥတ္တရတို့ သထုံနယ်မှာ သာသနာပြု ရောက်တယ်။ ဥက္ကလာပ ကုန်သည်ညီနောင်က၊ မဇ္ဈိမဒေသ (အိန္ဒိယ ဗဟိုဒေသ) ကို ရောက်လို့ မြတ်စွာဘုရားက ဆံတော် ချီးမြှင့်လိုက် တယ်။ ပုဂံ ဆိုတာလည်း ဘယ်ရက်က ဘယ်မင်း တည်တာလို့၊ အတိအကျ ပြောတတ်ကြပေမယ့် အထောက်အထား မတင်ပြနိုင်ကြပါ။ ဗုဒ္ဓဃောသ က သီဟိုဠ်က ပိဋကကို ကူးလာတယ်။ အဲဒီကော်ပီက သထုံမှာ ရှိတယ်။ နော်ရထာကို ရှင်အရဟံက ဗုဒ္ဓသာသနာ အကြောင်း ပြောပြပြီး သထုံက ပိဋက တောင်းယူဖို့ ညွှန်းတယ်။ တောင်းလို့ မရတဲ့အခါ အဲဒီကို စစ်တိုက်ကြတယ်။ ပိဋကကို ရတော့ အဆင့်ဆင့် ပွားပြီး ရခိုင်ပြည်နယ် ရောက်၊ ရှမ်းပြည်နယ် ရောက်၊ နှံ့သွား တယ်။ ပိဋကကို နားလည်အောင် ပါဠိသင်ရတယ်။ နောက် မြန်မာဘာသာကို ပုံစံမျိုးစုံနဲ့ ဘာသာပြန်တယ်။ ဂူကျောင်း ဘုရားနံရံတွေမှာ အရုပ်နဲ့ရေးကြတယ်။ ယူနန်မှာ နေခဲ့ဖူးတဲ့ ရှမ်းတွေ၊ မြန်မာတွေရဲ့ဘိုးဘွားတွေဟာ (မြန်မာနိုင်ငံကို ခရစ်ကိုးရာစုနှစ်လောက်က ဝင်မလာမီ)၊ ကနေ့ မြန်မာနိုင်ငံရဲ့မြောက်ဘက်၊ အရှေ့မြောက်ဘက် မြန်မာနိုင်ငံရဲ့ အနီးအစပ် နေရာတွေမှာ နေစဉ်ကပဲ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်ပြီးသား ဖြစ်နိုင်တယ်။ ငါးရာ့ငါးဆယ်ထဲက အမှတ် ၅၂၅၊ ၅၂၆ ဆိုတာတွေကလည်း အိန္ဒိယက ပုံပြင်ကို မြန်မာနိုင်ငံ တစ်နေရာရာမှာ ဖြစ်လေဟန်၊ ရေးကြ ပြောကြတာ ဖြစ်တယ်။ (ဒီလို ပြောရင်း ဆိုရင်းနဲ့ ဘုရားလောင်း ခြင်္သ࿿မေ့င်းဖြစ်စဉ်က ဒီနေရာမှာ နေခဲ့တယ်။ အရင်ခေါ်တဲ့နာမည်က ဘယ်လို၊ နောက် ကာလကြာတော့ ဘယ်လို ပြောင်းသွားတယ်လို့ ပြင်ပြီး ပြောရာက၊ ပြောတဲ့အတိုင်း တကယ်ဖြစ်မှာပါလို့ ထင်မှတ် စွဲလမ်းသွားကြပါတယ်။) ၁၉ဝ၄ ထုတ် ဆူလက်တင် ခေါ်တဲ့စာစောင်နာမည်နဲ့ ပြင်သစ်ဘာသာရေး၊ အရှေ့တိုင်း အကြောင်းကို၊ ပေလီယို ဆိုသူက ရေးတဲ့စာတမ်းမှာ သမိုင်းကို ခိုင်ခံ့သလား၊ ယုံရမလား ဆိုပြီး မှတ်ကျောက် စပြီး တင်ကြည့်တာကို တွေ့နိုင်ပါတယ်။ ရှမ်းတွေမှာလည်း အလားတူ ပုံပြင်တွေ ရှိနေပါတယ်။

            ဂေါတမမြတ်စွာဘုရားသခင် ရဟန္တာငါးရာ ခြံရံပြီး၊ ကြွရောက်လာဖူးတာပေါ့ ဆိုတာကို၊ ယုံယုံကြည်ကြည် တွင်တွင်ကျယ်ကျယ် ပြောလာကြတယ်။ ဘုရားခြေတော်ရာက ဒီမှာ ဒီမှာတော့ ရှိတယ်။ လိုက်ရှာချင်တယ်လို့ သာလွန် မင်းကို ပြောတော့၊ စစ်သားအစောင့်အရှောက်နဲ့ လိုက်ရှာပေးတယ် ဆိုတာလည်း တကယ်ပြောတာ၊ မင်းမယုံရင် မင်းဟာ ဓမ္မန္တရာယ်ပဲဟေ့လို့ ပြောလာကြတယ်။ မြတ်စွာဘုရား ဟောကြားတဲ့ဒေသနာတွေကို ဖွင့်တဲ့ ဋီကာ၊ အဋ္ဌဌကထာတွေကပါ တစ်သံတည်း ထွက်လာတယ်။ ဥပမာ၊ အလောင်းတော်ကဿပ ဖြစ်ပေါ်လာပုံကို၊ မူလသရဝသ္တု ဆိုတဲ့ သက္ကတကျောင်း ထဲမှာ ရှိတယ်။ တရုတ်ဘာသာပြန်ပြီး တရုတ်တွေကလည်း ဘုရားခြေတော်ရာ သူတို့ဆီမှာ ထုလုပ်ကိုးကွယ်တယ်။ ဗျတ်ဝိ ဗျတ္တ တို့က ဘုရင်ဥတိဘွား လည်ပင်းကိုတောင် ထုံးသုံးရစ် တားလိုက်သေးတယ်။ ဂျပန်ကလည်း သူတို့ဆီမှာ ထုလုပ် ကိုးကွယ်တယ်။ ဂျပန်က "မင်းတို့ဆီမှာကော ခြေတော်ရာ ရှိသလား၊ တို့မှာ ရှိတယ်၊ ကြည့်စမ်း" လို့ပြတော့ တို့ဆီက ခြေတော်ရာက၊ မင်းတို့ဆီက ခြေတော်ရာထက် အဆမတန် သာတယ် ဆိုပြီး ကျွန်တော် အင်္ဂ္လိပ်ဘာသာနဲ့ ဆောင်းပါး ရှည်ရှည် ပုံတော်တွေ အများကြီးနဲ့ရေးပြီး ကာဂိုရှိမတက္ကသိုလ်ဂျာနယ် တစ်ခုမှာ ထည့်သွင်း ဖော်ပြဖူးပါတယ်။ ထွင်တဲ့ ပုံပြင်ဟာ ရှေးကျလေ ကောင်းလေဆိုတော့၊ လူစွမ်းကောင်းဟာ ပျူစောထီးပေါ့။ "ပျူ"က လူမျိုးနာမည်၊ "စော"က ရှမ်း လို"မင်း" အနက်ပေးတယ်။ "ထီး"က ရှေးတရုတ်စကားမှာ "ရှင်ဘုရင်"လို့ အနက်ပေးတယ်။ ဒီတော့ ပျူစောထီးဟာ လူပုဂ္ဂိုလ် တစ်ဦးရဲ့နာမည် မဟုတ်၊ ဂုဏ်ထူးရာထူးကို ဖော်ပြတဲ့နာမည်ပဲ ဖြစ်တယ်။ ဒီပုဂ္ဂိုလ်ဟာ ဥက ပေါက်တယ်လို့ ပြောပြန်တယ်။ တွင်းသင်းဝန် ဦးထွန်းညိုက "ဥက ပေါက်ရင် ငှက် ဖြစ်မှာပေါ့၊ လူ မဖြစ်နိုင်" လို့တော့၊ သူရေးတဲ့ ရာဇဝင် သစ်မှာ ပြောဖူး ရေးဖူးပါတယ်။ ဒီလိုပဲ ရှေးစကားဆိုတာ နည်းနည်းတော့ ကြွားမှာပေါ့လို့၊ ပြေလည်အောင် ဝင်ပြီး ရှင်းကြပါတယ်။ ​အသောကမင်း သာသနာပြု ကိုးတိုင်း ကိုးဌာနကို လွှတ်တယ်ဆိုတာ၊ သီဟိုဠ်ကျွန်းကလွဲလို့ ကျန်နေရာ တွေက ကုလားပြည်အတွင်းမှာပဲ ရှိပါတယ်။ သာသနာ နှစ်ထောင့်ငါးရာတုန်းက ကုလားအစိုးရ ပြန်ကြားရေးဌာနက၊ မြေပုံအကြီးကြီးမှာ ဒီကိုးတိုင်း၊ ကိုးဌာနကို ပြတယ်။ သူတို့ပြပွဲ မြန်မာမြို့ကြီးတွေအထိ သွားပြတယ်။ ဒီက ဘယ်ပုဂ္ဂိုလ် ကမှ "ဟေ့၊ ကြည့်စမ်း၊ တို့ပြောနေတာတွေ မဟုတ်ဘူးနော်" လို့ မပြောပါ။ "သူတို့ပြတာ မယုံနဲ့"လို့ ပြောတဲ့လူတော့ အနည်းအပါး ရှိမလား မသိဘူး။ ကုလားက ဇွတ်(ချဲ)တော့ မြန်မာ၊ ယိုးဒယား၊ တရုတ်၊ ဂျပန်တွေက ကွမ်းစားမပျက်၊ ကွာစေ့စား မပျက် ကြည့်လိုက်ကြပါတယ်။ ကျမ်းကိုးရှာကြည့်ရင်တော့၊ ဒီပုံပြင်ကို စပြောတာ ခရစ်ခြောက်ရာစု နှစ်ဦး လောက်က၊ သီဟိုဠ်က ရေးတဲ့ မဟာဝင်က စတာ ဖြစ်ပါတယ်။ အသောကမင်းကြီး (ခရစ်မပေါ်မီ ၂၇၂-၂၃၂) ကလည်း၊ သူ့သာသနာပြုအဖွဲ့ကို အီဂျစ်က တော်လမီဘုရင်တို့၊ မက်ဆီဒိုနီယားက အန်တီဂေါနပ်စ်တို့ဆီတောင် လွှတ်သေးတာ။ မြန်မာနိုင်ငံတော့် မေ့ရစ်မှာ မဟုတ်ဘူးဆိုပြီး၊ တို့ဆီကိုလည်း ရှင်သောဏနဲ့ရှင်ဥတ္တရတို့ ကြွလာပါတယ်လို့၊ ဇွတ်ဖြည့်ပြော ကြတယ်။ ဒီမှာလည်း လူခြောက်သောင်း၊ အကျွတ်တရား ရကြတယ်လို့ ပြောကြတယ်။ သမင်မက လူမိန်းကလေး မွေး တာ၊ အလံဗုသဇာတ် (၅၂၃)နဲ့ နာလိနိက (၅၂၆)မှာ တွေ့နိုင်တယ်။ နေနတ်သားနဲ့နဂါးမ ရတဲ့အခါ၊ နတ်ကပြား၊ မြွကေပြားပဲ ဖြစ်ဖို့ရှိတယ်။ လူဖြစ်ပါ့မလားလို့ မေးသူ ပေါ်လာပါတယ်။ ရိုးရိုးပြောတော့ မေးမိတဲ့လူက ကြောက်ကြောက် ရွံ့ရွံ့နဲ့ မေးတာပါ။ "ဘာကွ" လို့ ငေါက်လိုက်ရင်၊ ထပ်မေးရဲမယ် မထင်ပါ။ ဒွတ္တဘောင် ဇာတ်လမ်းကလည်း အတူတူပဲ။ ဘာတစ်ခုမျှ သမိုင်းမှန်ရဲ့လားလို့ အစစ်မခံရဲပါ။ "စောထီး" ဆိုတဲ့ ဝေါဟာရလိုပဲ၊ "တ္ဒ" ဆိုတဲ့ ဝေါဟာရက "မင်းကြီး"လို့ အဓိပ္ပါယ် ရှိလို့ ရာထူးအမည် ဖြစ်တယ်။ လူအမည် မဟုတ်ပါ။ ဆိုလိုတာက မြန်မာခေတ်ဦး သမိုင်းဟာ ပုံပြင်နဲ့စထား တယ်။ ပုံပြင်ဟာ သမိုင်း မဟုတ်ဘူးလို့ အများ သိကြပါတယ်။

စတိုင်သစ်၊ အောက်တိုဘာ၊ ၂ဝဝ၃၊ ၁၆-၁၉။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်