မြန်မာတက္ကသိုလ်များနှင့် ရှေးဟောင်းသုတေသနပညာ - ဒေါက်တာသန်းထွန်း



အက္ခရာတင်ပြီး ရေးမှတ်ထားတဲ့ အထောက်အထားရှိမှ သမိုင်း ဖြစ်တယ်။ သက်ကြီးစကား သက်ငယ် ကြားဆိုပြီး ပြော တိုင်း မယုံသင့်ဘူး ဆိုတဲ့စကား၊ ရှေ့တန်း ရောက်လာတဲ့အခါမှာပဲ အရင်က ရေးမှတ် ပြောဆိုနေကြတဲ့ ဦးကုလား မဟာ ရာဇဝင်၊ ဦးထွန်းညို ရာဇဝင်သစ်၊ ရဟန်းပညာရှိ လူပညာရှိ ၁၃ ဦး မှန်နန်းတော်မှာ စည်းဝေးပြီး ရေးသားပြုစုတဲ့ မှန်နန်းရာဇဝင်တွေမှာ၊ ကမ္ဘာဦးက စပြီး၊ မဟာသမ္မတက အဖရိုက်ရာ သားဆက်ခံတာကို၊ မင်းတစ်ပါးပြီး တစ်ပါး ရေးသား တင်ပြတာကို၊ ခြွင်းချက်မရှိ လက်ခံခဲ့ကြတယ်။ နောက် အင်္ဂ္လိပ်လူမျိုး Cocks တို့၊ Harvey တို့၊ Hall တို့၊ Pearn တို့က မြန်မာရာဇဝင်ကို ရေးပြီး ဆယ်တန်းကျောင်းသုံး ပြဋ္ဌဌာန်းလိုက်ကြတယ်။ ဦးဘသန်း၊ ဦးဖိုးကျား၊ ဦးအုံး မောင်တို့က ကျောင်းသုံးစာအုပ် ရေးကြတယ်။ အဲဒီအခါက ရေးသားပုံတွေကို ယှဉ်ကြည့်တဲ့အခါ၊ စာမျက်နှာ အနည်း အများပဲ ကွာတယ်။ ၁၉ ရာစုနှစ်လေသံနဲ့ ၂ဝ ရာစုနှစ်လေသံပဲ ကွာခြားပါတယ်။ အကြောင်းအရာ ဖော်ထုတ်ပုံက တူနေပါတယ်။



အထောက်အထား စာပေ အရေးအသားရှိမှ သမိုင်း(history) ဖြစ်လို့၊ အကြိုသမိုင်း (prehistory)၊ အစသမိုင်း (prohistory) တွေကို ဘာအထောက်အထားနဲ့ ရေးမလဲ ဆိုတဲ့မေးခွန်းကို ဖြေနိုင်အောင်၊ အချက်အလက် စုဆောင်းကြရ ပါတယ်။ အကျိုးအကြောင်း ဆက်စပ်ပြီး အရင်းခံကိစ္စ(cause)၊ အဖြစ်အပျက် (event) နဲ့ ကောင်းကျိုး-ဆိုးပြစ် (result) ဆက်ပြီး ရေးပါမှ၊ သမိုင်း ဖြစ်မယ်။ အက္ခရာ အထောက်အထား မရှိရင်၊ မနုဿဗေဒ(anthropology) ကို လေ့လာရမယ်၊ ရှေးဟောင်းသုတေသန(archaeology) ကို လေ့လာရမယ်လို့၊ အဖြေထွက်လာပါတယ်။

            မနုဿဗေဒဆိုတာက အခု မျက်မှောက်ခေတ်မှာပဲ၊ ကမ္ဘာအရပ်ရပ်မှာ တိုးတက်မှုတွေနဲ့ ကင်းကွာပြီး ရှေးကလိုပဲ နေထိုင်စားသောက်မြဲ နေထိုင်စားသောက် ယုံကြည်ဆောင်ရွက်တဲ့ လူတွေကို ရှာပြီး၊ သူတို့ကို ကြည့်ပြီး ငါတို့လည်း အရင် အနှစ်တစ်ထောင်က ဒီလိုပဲ နေကြမှာပါလို့၊ မှန်းဆချက် ဖြစ်ပါတယ်။ အဲဒါကို လူ တော်တော်များများက လက်ခံချင်မယ် မဟုတ်ပါ။ ဒါပေမဲ့ အဖေနဲ့သား အသက်အားဖြင့် အနှစ် နှစ်ဆယ် ကွာမယ်၊ ဒီအနှစ် နှစ်ဆယ်ရဲ့ဟိုဘက်ထိပ်မှာ အဖေ- အမေ နေထိုင်ခဲ့ပုံနဲ့ ဒီဘက်ထိပ်မှာ ငါတို့လင်မယား နေထိုင်ပုံ တူသလား မေးရင်၊ မတူဘူးလို့ပဲ ဖြေရမှာပါ။ ကိုယ့်မြေး မြစ် တွေလည်း ဒီလိုပဲ တွေ့ကြရမှာပါ။ ဒါပေမဲ့ ယေဘုယျစကား ပြောတဲ့အခါ အမှားနဲ့အမှန်၊ မှားတဲ့ဘက်က များတတ်လို့ ခုခံ ပြီး မပြောနိုင်၊ မပြောဝံ့ပါ။ ဒါပေမဲ့ မြစ်ထဲက​ ရေလို "အရင်ရေ နောက်ရေ" လို့ ခွဲမရပေမယ့်၊ အခုရေဟာ အရင်ရေ မဟုတ် တော့တာလည်း သေချာပါတယ်။ ပြောင်းလဲတာတော့ သေချာတယ်။ တိုးတက်တယ်၊ ဆုတ်ယုတ်တယ်လို့​ ပြောဖို့ကတော့ ခက်တယ်။ အကောင်းဆုံး နမူနာ ပြရရင်၊ အရင်က ဒီလူမျိုးနဲ့ အခုလူမျိုး တစ်ဆက်တည်း ဖြစ်တာ မှန်ပေမယ့်၊ အရင်လူ တွေ မရှိလို့ အရင်စရိုက် အကုန်မပျောက်ပါ။ မတူတာတွေလည်း အများကြီး၊ တူတာ​လည်း ရှိပါတယ်။ အဲဒီလို ခွဲခြား စိတ်ဖြာပြီး ကြည့်တဲ့အခါမှာမှ၊ တိုးတက်မှုလည်း တွေ့မယ်၊ ဆုတ်ယုတ်တာလည်း တွေ့မယ်။ ဆိုလိုတာကတော့ ရှေးလူတွေ ဘယ်လိုနေမလဲ သိချင်ရင်၊ အခုထိ မဖွံ့ဖြိုးတဲ့လူတွေကို ရှာကြည့်ပါ ဆိုတဲ့ အကြံပေးချက်ကိုလည်း ခြွင်းချက်နဲ့ လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ခေတ်ဟောင်းကို ဖော်ထုတ်ချင်ရင်၊ မနုဿဗေဒနည်းကို လိုက်နာရမှာက အရေး ကြီးတဲ့အချက် တစ်ခု ဖြစ်ပါတယ်။

            ရှေးဟောင်း​သုတေသန(archaeology) ကိုလည်း မသုံးဘဲ နေလို့ မရပါ။ ပစ္စည်းတစ်ခု ကောက်ရတယ် (surface find) ပဲဖြစ်ဖြစ်၊ တူးဖော်(excavation) လို့ရတယ်ပဲဖြစ်ဖြစ် ရလာတဲ့ပစ္စည်းကို-

(၁) ဒါကို ဘာအတွက်လုပ်တဲ့ ပစ္စည်းလဲ၊

(၂) ဘယ်လိုလူက လုပ်တာလဲ၊

(၃) ဘယ်အချိန်ကာလ လုပ်တာလဲ လို့

အရေးကြီးတဲ့ မေးခွန်း(၃)ခုကို မေးပါ။ ဖြေနိုင်မယ့်လူကို ရှာပါ။ ဒီမှာ မရ မတွေ့ရင်၊ နိုင်ငံခြားမှာ ရနိုင် တွေ့နိုင်မလား စူးစမ်းပါ။ ပြီးတော့မှ ပတ်ဝန်းကျင် အနေအထားနဲ့ချင့်ချိန်ပြီး ဘာအတွက် ဘယ်သူတွေက ဘယ်တုန်းက လုပ်တာလဲလို့ အတိအကျ မမှန်တောင်၊ အနီးစပ်ဆုံး မှန်အောင် ဖြေနိုင်ကြပါလိမ့်မယ်။ ရှေးဟောင်းသုတေသန(archaeology)ပညာဟာ အဲဒီနေရာမှာ အသုံးကျလာပါတယ်။

အစိုးရဌာနတွေမှာ "ရှေးဟောင်းသုတေသနဌာန" ဆိုတာက၊ ၁၈၉၈ လောက်က မြန်မာနိုင်ငံမှာ ရှိခဲ့လို့၊ ၁၉၉၈ လောက်မှာ အနှစ်တစ်ရာ ရှိပါပြီ။ အဲဒီနေရာက ရှေးပစ္စည်းတွေကို

(၁) ရှေးအတိုင်း လက်ရာမပျက် ထိန်းပေးတယ် (preservation)

(၂) နောက်ထပ် မပျက်အောင်လည်း ကာကွယ်ပေးတယ် (conservation)၊

(၃) တတ်စွမ်းသမျှ ရှေးပုံစံကို ဖော်ထုတ်တယ် (restoration)၊

ဒီသုံးချက်ကို အခုမြန်မာနိုင်ငံမှာ ရှိတဲ့ ရှေးဟောင်းသုတေသနဌာန(Archaeology Department)က တည်တည်ငြိမ်ငြိမ် စနစ်တကျ ဆောင်ရွက်ပေးနေတဲ့အတွက် အများကြီး ကျေးဇူးတင်ရပါတယ်။

ရန်ကုန် မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ၊ ရှေးဟောင်းသုတေသနကို အထူးစိတ်ပါဝင်စားလာကြ တဲ့အချိန်က ဖြစ်ပါတယ်။ အဲဒီအခါက တူးဖော်ရေးခေါင်းဆောင် ဦးအောင်သော်ရဲ့ မှတ်တမ်းအရ၊ ၁၁ ဇွန် ၁၉၅၉ မှ ၁ စက်တင်ဘာ ၁၉၅၉ အထိ၊ တောင်တွင်းကြီး အနောက်တောင် ၁၂ မိုင်အကွာ ကက္ကိုခွရွာမြောက် (လက်တီတွဒ် ၂ဝံ မြောက်၊ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၃' အရှေ့)မှာ၊ ဘာတွေ တွေ့သလဲ၊ သူတို့ တူးဖော်ပေးသမျှ ငါတို့အတွက်ပါကလားလို့ ကျွန်တော်တို့ ကျောင်းသားတွေပါ ခေါ်သွားပြီး တူးဖော်ရေးစခန်းမှာ နေ့ရက်များစွာ သွားရောက်လေ့လာခဲ့ကြပါတယ်။ ရှေးဟောင်းသုတေသနဌာနကလည်း သိပ်ဝမ်းသာပြီး

(၁) တူးဖော်ဖို့ မြေကွက်ကို ဘယ်လို ရှာရတယ်၊

(၂) မြေလွှာအလိုက် ဘယ်လို တူးရတယ်၊

(၃) ရှေးဟောင်းပစ္စည်း တွေ့ရင်၊ ဘယ်အခြေအနေမှာ ဘယ်လို တွေ့တယ် ဆိုတာကို၊ စနစ်ကျကျ မှတ်တမ်းယူရတယ်၊

(၄) အခုလို ရတဲ့ပစ္စည်းကို အသေအချာ လေ့လာပြီးနောက် အစီရင်ခံစာ ရေးရတယ်၊

ဆိုတာတွေကို အသေးစိတ် (လက်တွေ့ကျကျ) သင်ပေးတဲ့အပြင်၊ ကျောင်းသားတစ်ယောက်ကို နေ့စားအလုပ်သမား တစ်ယောက်ကို ပေးတဲ့လုပ်ခ (သုံးကျပ်ခွဲ) နေ့စဉ် ပေးပါသေးတယ်။

၁၉ စက်တင်ဘာ ၂ဝဝ၄။


မိုးဂျာနယ်၊ နိုဝင်ဘာ၊ ၂ဝဝ၄၊ ၁၁၂-၁၁၅။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်