စာရေးသူ အမေရိကမှာ ကျောင်းတက်နေစဉ်အခါတုံးက ချိုင်းနီးစ် ထရယ်ဒေးရှင်း (Chinese Tradition) ဆိုတဲ့ အတန်းတစ်ခုကို ယူခဲ့ဖူးတယ်။ အဲဒီအတန်းကို တက်ရောက်တဲ့အခါ ပရော်ဖက်ဆာက ̏သ် လပ်စ် အင်ပါရာ̋ (The Last empire) ဆိုတဲ့ တရုတ်ပြည် မှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ခုကို ပညာရေး ကဏ္ဍအတွက် ကြည့်ရှုရန် ကျောင်းသားများကို တိုက်တွန်းခဲ့တယ်။ ထိုဇာတ်ကားကို မြန်မာလို အဓိပ္ပါယ် ပြန်တော့ ̏နောက်ဆုံး မင်းဆက်̋ သို့မဟုတ် ̏ဧကရာဇ်မင်း တို့၏ နောက်ဆုံး နေ၀င်ချိန် ကာလ̋ဆိုတဲ့ အဓိပ္ပါယ်မျိုးကို သက်ရောက် စေတယ်။
ကြီးကျယ်ခမ်းနားတဲ့ တရုတ်နိုင်ငံတော်ကြီး၏ နောက်ဆုံးမင်းဆက် (The Quing dynasty or Manchu dynasty 1644 - 1912) လက်ထက်မှာ တိုင်းရေး၊ ပြည်ရေးတွေကလည်း မတည်ငြိမ်၊ နိုင်ငံရေးတွေကလည်း ရှုပ်ရှုပ်ထွေးထွေး၊ ဒီကြားထဲ ဂျပန်နှင့် အင်္ဂလိပ်တို့ကလည်း ၀င်ရောက်ဖက်စွက်ဆိုတော့ ဘာပြောကောင်းမလဲ နောက်ဆုံးမှာ တရုတ် မင်းဆက်များ ပြတ်သွား ခဲ့ရတဲ့ အထိ ရာဇ၀င်ဇာတ်ကြောင်းကို အသေးစိတ်ရိုက်ကူး တင်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုဖြစ်တယ်။ ဇာတ်အိမ် တည်ဆောက် မှုအပိုင်းကလည်းခိုင်မာ၊ သမိုင်း ကြောင်းကိုလည်း ထပ်ဟပ်အောင် ရိုက်ကူးတင်ပြထားလေတော့ ထိုရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ရှု သူတိုင်းရဲ့ နှလုးံဘ၀င်ကို ဆွဲကိုင်လှုပ်နိုင်တဲ့အထိ အနုပညာစွမ်းအားကို ပြသနိုင်ခဲ့တယ်။
ယဉ်ကျေးမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ အင်ပါယာတစ်ခု တစ်စုံတစ်ခုသော အကြောင်းကြောင့် ပျောက်ကွယ် သွားရပြီဆိုလျှင် မူလ အခြေအနေမျိုးသို့ တဖန်ပြန်လည်၍ ရောက်ရှိ၊ ရရှိနိုင်ဖို့ဆိုတာ မလွယ်ကူနိုင်တော့ပေ။ ထိုအခြအနေကို တရုတ်လူမျိုးများ အချိန်လွန်မှ သင်ခန်းစာကို ရရှိသွားခဲ့ကြတယ်။ အခြေအနေတစ်ခုဟာ အချိန်ကာလတစ်ခုအတွက် အနှောင်းကြီးနှောင်း သွားခဲ့ရပြီဆိုရင် ထိုအခြေအနေကို သိရှိလိုက်တာနှင့် တစ်ပြိုင်နက် ၀မ်းနည်းစိတ်နဲ့ အံကြိတ်၍ ခံစားရရုံမှတစ်ပါး အခြားနည်းလမ်း မရှိတော့ကြောင်း နှောင်းခေတ် လူတို့ သိနိုင်မည်မဟုတ်ပါ။ ထိုအခြေအနေများကို ကြိကြိုတင်တင် သိရှိနိုင်အောင် ထိုဇာတ်ကား ကြီးက တင်ပြသွားနိုင်ခဲ့တယ်လို့ ခံစားမိတယ်။
အလားတူပင် ဗုဒ္ဓယဉ်ကျေးမှုတွေ နိုင်ငံတစ်နိုင်ငံအတွင်းမှာ ပျောက်ကွယ်သွားပြီးဆိုလျှင် နောက်ထပ် တစ်ကြိမ် ရှင်သန်လာနိုင်ဖို့ ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါ။ ဥပမာ၊ ဗုဒ္ဓယဉ်ကျေးမှုတွေ ပျောက်ကွယ် သွားခဲ့ရတဲ့ အိန္ဒိယနိုင်ငံတို့လို နိုင်ငံမျိုးတွေ၊ ဘင်္ဂလားဒေးရှ်နိုင်ငံလို၊ ပါကစ္စတန်နိုင်ငံလို၊ အာဖဂန်နစ္စတန် နိုင်ငံလို၊ မလေးရှားနိုင်ငံနှင့် အင်ဒိုးနီးရှားနိုင်ငံတို့လို နိုင်ငံမျိုးတွေကို စံထား၍ ကြည့်နိုင်ပါတယ်။ ရိုးရှင်းတဲ့စိတ်နဲ့ နေခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်လူမျိုးတွေ၊ ဗြဟ္မစိုရ်တရားကို တန်ဖိုးထားကြခဲ့တဲ့ ဗုဒ္ဓဘာသာဝင် လူမျိုးတွေအတွက် ကမ္ဘာ့သမိုင်းကြောင်းများကို ပြန်လှန်၍ လေ့လာကြည့်ရှုရင် ကောင်းစွာသိနိုင်ပါတယ်။ သိရှိခွင့်ရရှိ တဲ့ အချိန်အခါ မျိုးမှာ အချိန်တွေက အတော်ကြီးကို နှောင်းခဲ့ပြီမို့ ၀မ်းနည်းရုံမှလွဲ၍ ဘယ်သိကြား၊ ဘယ်နတ်ဗြဟ္မာကမှ ကယ်နိုင် မည်မဟုတ်ကြောင်း သမိုင်းကြောင်းတွေက သက်သေထူလျှက်ရှိနေခြင်းပါ။
ကံ ဥာဏ် ၀ီရိယ စုံညီလှသော မြန်မာလူမျိုးတို့အတွက် အဆိုးထဲမှ အကောင်းများလည်း ကျန်ရှိ နေသေး တာကြောင့် ဖြေသာတဲ့ နည်းနှင့် ဖြေကြည့်မယ်ဆိုရင်လည်း တော်ပေသေးသည်ဟု ဆိုရမှာဖြစ်တယ်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ နယ်ချဲ့ကျူးကျော်ပြီး၊ မြန်မာရှင်ဘုရင်နှင့် မင်းမိဖုရား နှစ်ပါး ကို ရေခြားမြေခြားဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ချောင်ကျသောတစ်နေရာသို့ ပို့ဆောင်ပြီး အကျဉ်းစံဘ၀မျိုးနဲ့ နတ်ရွာ စံလွန်တဲ့အထိ ထားရှိခဲ့ကြတယ်။ အကျိုးဆက်အနေနှင့် မြန်မာတွေ ထီးနန်းပျောက် ခဲ့ရတယ်။ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုတွေ ခပ်များများဟာလည်း ခေတ်ဆိုး၊ စနစ်ဆိုးများနှင့်အတူ ပျောက်ကွယ်ခဲ့ ရတယ်။
သူ့ကျွန်ဘ၀တွင် ကျွန်ဇာတ်သွင်းခံရတဲ့ မြန်မာလူမျိုးများဟာ သတိလက်လွတ်ဖြစ်ကာ ကျွန်စိတ်များ တစ်စတစ်စပေါက်ဖွား လာနေ တာကို တွေ့မြင်သတိပြုမိသော အမျိုးသားရေးစိတ်ရှိတဲ့ မြန်မာရဟန်းသံဃာ တော်များ၊ အမျိုးသားခေါင်းဆောင်များသည် အမျိုးသားရေးစိတ်ဓာတ်များ ပြန်လည်နိုးကြားလာအောင် ̏သခင်မျိုးဟေ့ ဒို့ဗမာ̋ ဆိုတဲ့ ကြွေးကြော်သံတွေ ကို မြန်ပြည် အနှံ့ ပြန့်နှံ့အောင်ပြု၍ တိုင်းသူပြည်သားတို့အား အမျိုးသားရေးစိတ်ဓာတ်များကို ပြန်လည်နိုးကြားစေ၍ အမျိုးသားရေး စိတ်ဓာတ် များကို ပြန်လည်အသက် သွင်းပေးနိုင်ခဲ့ကြတယ်။
အမျိုးသားရေးစိတ်ဓာတ်များ ပြန်လည်နိုးကြားလာတဲ့ မြန်မာတို့ဟာ သွေးစည်းမှုတွေ၊ ညီညွတ်မှု စိတ်စွမ်းအားတွေနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး ပူးပေါင်း၍ တိုင်းပြည်ရဲ့လွတ်လပ်ရေးကို ပြန်လည်ရယူ နိုင်ခဲ့ကြတယ်။ အဲဒီအမျိုး သားခေါင်းဆောင်တွေထဲမှာ ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်များဟာ ရဟန်း တော်များဖက်မှာဆိုလျှင် ဆရာတော်ဦးဝိစာရနှင့် ဆရာတော်ဦးဥတ္တမ၊ လူပုဂ္ဂိုလ်များဖက်မှာဆိုလျှင် သခင် ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းစတဲ့ အာဇာနည်ခေါင်းဆောင်ကြီး များဖြစ်ကြတယ်။ မြန်မာနိုင်ငံကို ကိုလိုနီနိုင်ငံအဖြစ် နစ်ပေါင်းရာချည်လျှက် ဒီဗိုက်ဒက် ရူးလ် (Divided Rules) နိုင်ငံ တွင်းနေ ပြည်သူများရဲ့ စိတ်ဓာတ်ခွန်အားတွေကို အစိတ်အမွှာမွှာဖြစ်အောင် ခွဲခြားအုပ်ချုပ်တဲ့ နည်းဗျူဟာကို အသုံးပြု၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတယ်။ အယူဝါဒမတူသူ၊ ဘာသာမတူသူ တိုင်းတစ်ပါး သားတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ခါးသီးတဲ့ဒုက္ခသုက္ခတွေကို ပြည်သူတွေအားလုံး ခံစားခဲ့ကြရတယ်။ ထိုအတွက် သမိုင်းဆိုတဲ့ အိပ်မက်ဆိုးများကို မေ့မ ရနိုင်အောင်ဖြစ်နေသူတွေက ပြည်သူတွေပဲဖြစ်တယ်။
ပြည်သူထဲက ပြည်သူတွေထဲမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါဘုရင်မင်းမြတ်ရဲ့ မြစ်တော်တစ်ပါးအဖြစ် အသက်ထင်ကျန်နေဆဲဖြစ်တဲ့သူကတော့ ယနေ့အချိန်အထိ မန္တလေးမြို့ ဂေါ်ဝိန်ဆိပ်ရဲ့ နေ၀င်ချိန်ကာလကို ကြည့်ရဲတဲ့ခွန်အား သူမှာမရှိသေးဘူးလို့ ပြောဆိုတာကို ကြားသိရတယ်။ ပြည်သူတွေ လေးစားတဲ့ အရှင်နှစ်ပါးနှင့် သမီးတော်များလေးများကို ကြက်ကလေးတွေ၊ ငှက်ကလေးတွေကို အလွယ် တကူဖမ်းဆီးသွားသလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ̏သီပေါမင်း ပါတော်မူခန်း̋ ဇာတ်မဟာရဲ့မြင်ခွင်းကို မြင်ရသူတိုင်း ယူကြုံးမရ ဖြစ်ခဲ့ကြရတယ်။ ဒီအဖြစ်ကို ရင်တွင်းမှာ မချိမလှ ခံစားခဲ့ရတဲ့ ဆီးပန်းနီ ဆရာတော်ကြီးဘုရားက - ̏ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေမှာ၊ သေသော်မှတည့်၊ သြော် ကောင်း၏။ ̋ ရင်းတွင်းခံစားချက်ကို ရေးသားကို အမျိုးသားရေးကို နိုးကြားစေခဲ့တယ်။
အမျိုးသားရေးကို မလေးစားတတ်၊ ဘာသာတရားနှင့် ယဉ်ကျေးမှုကို တန်ဖိုးမထားတတ်သူတွေ အတွက်တော့ ̏အချစ်နဲ့စစ်မှာ မတရားဖူးဆိုတာမရှိဘူး̋ လို့ အဆိုပြုခဲ့ကြတယ်။ ဒီအဆိုအမိန့်ဟာ စစ်နိုင်သူ၊ အချစ်နိုင်သူတို့ရဲ့ အဆိုအမိန့်တစ်ခုဆိုတာ မှန်းဆကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်လာနိုင်ဖို့ဆိုတာ အကြောင်း များစွာ ပေါင်းဆုံ ပါမှ ဖြစ်လာနိုင်တဲ့ အရာမျိုးဖြစ်တယ်။ အဲဒီအထဲမှာ အဓိကကျတဲ့ အကြောင်းရင်း ကတော့ နိုင်ငံရေး ပယောဂ ဖြစ် တယ်။ ဒီနေရာမှာ အဘိဓမ္မာသီအိုရီတစ်ခုကို ထုတ်ပြချင်တယ်။ အကျိုးတရားတစ်ခု ဖြစ်ပေါ်လာတိုင်း အကြောင်း တရားတစ်ခု တည်းကြောင့် ဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ဘဲ အကြောင်းတရားများစွာ ပေါင်းဆုံပါမှ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သီအိုရီပါ။
ထို့ကြောင့် တိုင်းပြည်တစ်ခုကို ပြိုကွဲအောင် ဖျက်ဆီးနိုင်တဲ့ အကြောင်းတရားတွေကတော့ များစွာ ရှိနိုင်တယ်။ ဥပမာ၊ နိုင်ငံရေး အကြောင်းပြချက်တွေ၊ ဘာသာရေးအကြောင်းပြချက်တွေ၊ လူမျိုးရေး အကြောင်း ပြချက်တွေ စသည်ဖြင့် ဖြစ်နိုင် စရာ အကြောင်းတွေက များစွာရှိနေတယ်။ အမျိုးသားအချင်းချင်း အထင်အမြင် လွဲမှားစေနိုင်သော နည်းဗျူးဟာများကို ကျင့်သုံး၍ ညီညွတ်မှုများကို ပျက်ပြယ်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ခြင်း၊ လက်နက်ကိုင်စွဲ၍ တိုက်ပွဲဝင်ခြင်းများအထိ ပါဝင်လာနိုင်တယ်။
သို့သော် တိုင်းပြည်တစ်ပြည် ကျဆုံးသွားရခြင်းရဲ့ သမိုင်းဖြစ်စဉ်တို့သည် တစ်ပြည်နှင့်တစ်ပြည် မတူညီနိုင်ပါ။ ကာလ၊ ဒေသနှင့် လူမျိုးတို့ရဲ့ စရိုက်ဓလေ့များကြောင့် နိုင်ငံတစ်ခု ပျက်စီးသွားရခြင်း၏ သမိုင်းကြောင်းတို့သည် တစ်နိုင်ငံနှင့်မတူညီနိုင်ပါ။ သို့သော် တိုင်းပြည်တစ်ပြည်ရဲ့ နေ၀င်ချိန်ကာလများသည် ၀မ်းနည်းစရာဖြစ်ရပ်တွေ၊ ငိုကြွေးမည်တမ်းသံတွေ၊ အသံမထွက်ပဲ နှလုံးသားမှာပဲ ကြိတ်မှိတ်၍ ခံစားရင်း ရင်တွင်းအပူမီးကြောင့် မျက်လုံးအိမ်မှ ပြည့်လျှံယိုစီးကျလာတဲ့ မျက်ရည်စီးကြောင်းတွေ ဒီအပူတွေ၊ ဒီအခက်အခဲတွေ၊ ဒီပြဿနာတွေကို ဖြစ်လာပြီဆိုလျှင် ဘယ်သူကူ၍မှ မရနိုင်တော့ပါ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ-လို့ပဲ နှလုံသွင်းရတော့မှာလား။ သို့မဟုတ် ဘယ်လိုနှလုံးသွင်းကြရမှာလဲဆိုတာ မည်သူမျှ အတတ်ပြောနိုင်မည်မဟုတ်ပါ။
အိန္ဒိယအင်ပါယာကြီးရဲ့ အရှင်သခင်ဖြစ်တဲ့ အသောကဘုရင်ကြီးရဲ့ နောက်ဆုံးနေ၀င်ချိန်ဟာ မျက်ဝန်းအိမ်မှာ မျက်ရည်စတွေနဲ့ ဘ၀တစ်ခုကို နိဂုံးသတ်ခဲ့ရတယ်။ သာသနာတော်ကို သက်ဝင်ယုံကြည်တဲ့ ရှင်ဘုရင်ကြီးတစ်ပါးဖြစ်လို့ ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းပေါင်း ရှစ်သောင်းလေးထောင်၊ စေတီပေါင်း ရှစ်သောင်းလေးထောင် သာသနာတော်အား ပေးလှူခဲ့ တယ်ဆိုတာ လူတိုင်းနီးနီး သိရှိပြီးဖြစ်တယ်။ သို့သော် သာသနာတော်အား ကုဋေတစ်ရာ လှူဒါန်းရန် အဓိဋ္ဌာန်ရှိထား၍ အခွင့်အခါသင့်တိုင်း လှူဒါန်းနေခဲ့ရာ အဓိဋ္ဌာန်မပြည့်မီ အကြီးအကျယ် မမာ မကျန်းဖြစ်ခဲ့တယ်။ ဘုရင်အိုကြီး တစ်ပါးဖြစ်ခဲ့ပြီမို့ ဘဏ္ဍာ တော်များကို ကန့်သတ်ထိန်းချုပ်မှုတွေကို သားတော်၊ သမီးတော်တွေ က ပြုလုပ်လာခဲ့ကြတယ်။
ဖြစ်ရပ်က - အသောကဘုရင်းကြီးဟာ သူ့အဓိဋ္ဌာန်ရှိထားသည့်အတိုင်း သတ်မှတ်သော အတိုင်း အတာအထိ ရောက်ရှိနိုင်အောင် သူအတွက် ပွဲတော်တည်ရန် စားဖွယ်သောက်ဖွယ်များ ထည့်ယူ လာခဲ့သော ရွှေပုဂံ၊ ရွှေဇွန်း၊ ရွှေလင်ပန်း စသည်တို့ ကို ကျောင်းတော်သို့ပို့ခိုင်းပြီး သာသနာတော်အား လှူဒါန်းခဲ့တယ်။ ထိုအဖြစ်ကို သိရှိသွား၍ သူအတွက် ပွဲတော်တည်ရန် စားဖွယ်သောက်ဖွယ်များကို ငွေပုဂံ၊ ငွေဇွန်း၊ ငွေလင်ပန်းစသည်တို့ဖြင့် ထည့်ပြောင်း၍ ပွဲတော်ကို ဆက်ကပ်ကြတယ်။ အသောက မင်းကြီးသည် ထိုငွေပုဂံ၊ ငွေဇွန်း၊ ငွေလင်ပန်းစသည်တို့ကိုလည်း သာသနာတော်အား လှူဒါန်းခဲ့ပြန်တယ်။ ထိုအခါ စားဖွယ် သောက်ဖွယ် များကို ကြေးပုဂံ၊ ကြေးဇွန်း၊ ကြေးလင်ပန်းတို့ဖြင့် ထည့်ကပ်ကြပြန်တယ်။ အသောကမင်းကြီးက ထိုပစ္စည်း တို့ကိုလည်း သာသနာတော်အား လှူဒါန်းခဲ့ပြန်တယ်။ နောက်ဆုံးမှာ အသောကမင်းကြီး စားတော်တည်မည့် အစားအစာ များကို မြေအိုး၊ မြေခွက်၊ မြေပုဂံတို့နှင့် ထည့်ကပ်ခဲ့ကြ၍ အသောကမင်းကြီး အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်သွားခဲ့ရတယ်။
ထိုကြောင့် အနီးနေ မူးကြီးမတ်ရာများကို မေးမြန်းခဲ့တယ်။ ̏မောင်မင်းတို့ ... ဒီတိုင်းပြည်ကို အုပ်စိုးသူဟာ ဘယ်သူလဲ̋ ̏အရှင် မင်းမြတ်ဖြစ်ပါတယ်ဘုရား̋ လို့ လျှောက်တင်ကြတယ်။ ̏ဒီတိုင်းပြည်ကို ဘယ်သူပိုင်သလဲ̋ လို့ မေးမြန်းပြန်တယ်။ ̏အရှင်မင်းကြီးပဲ ပိုင်ပါတယ်ဘုရား̋ လို့ လျှောက်တင်ကြပြန်တယ်။ ဒီအခါမှာ အသောကမင်းကြီးက ဆေးဝါးဓာတ်စာအဖြစ် မှီဝဲသုံးဆောင်ရန် သူလက်တွင်းမှာရှိနေတဲ့ သျှစ်ရှားသီး တစ်ခြမ်းကို မူးကြီးမတ်ကြီးများအား ပြသလျှက် - ̏သင်တို့ မှန်ရာကို သံတော်ဦးတင်ကြပါ။ အမှန်တကယ် ဆိုလျှင် ငါဟာ ဒီတိုင်းပြည်ကြီးကို ငါမပိုင်တော့ပါ။ ငါပိုင်တာက ဒီသျှိသျှားသီးလေး တစ်ပိုင်းမျှသာ ပိုင်ဆိုင်တော့တယ်̋ လို့ ၀မ်းနည်ကြေကွဲစွာ ပြောဆိုပြီး ကွယ်လွန်သွားရခဲ့ရှာတယ်။ ၀မ်းနည်းသောကဖြင့် စုတေခဲ့ရတဲ့ အသောကဘုရင်ကြီးဟာ စုတေပြီးနောက် စပါးကြီးမြွေကြီး ဖြစ်ခဲ့ရတယ်။ ထိုနောက် သားတော် အရှင်မဟိန္ဒက ကယ်ချွတ်ခဲ့၍ ထိုဘ၀မှ လွှတ်မြောက်ကာ ရဟန္တာဖြစ်သွားတယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖေါ်ပြထားတာကို တွေ့ရှိရတယ်။ အရှင်မင်းကြီး အတွက် သံဝေဂယူစရာကောင်းသလို၊ စာဖတ်သူတို့ အတွက်လည်း သံဝေဂဖြစ်စရာကောင်းလှတယ်။
မကြာခင်က ထိုင်းနိုင်ငံသို့ အကြောင်းကိစ္စတစ်ခုဖြင့် ရောက်ရှိသွားခဲ့တယ်။ ထိုင်းနိုင်ငံရောက်ခိုက် တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေ အနေများ၊ သာသနာရေးအခြေအနေများ၊ စီးပွားရေးအခြေအနေများကို ဗဟုသုတ အဖြစ် မေးမြန်းကြည့်တဲ့အခါ ထိုင်းနိုင်ငံတော်ရဲ့ နက်နဲရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ပြောပြခဲ့ကြတယ်။ သာသနာတော်ကို အထူးကြည်ညိုတဲ့ ထိုင်းပြည်သူတို့ရဲ့ တလေး တစား တန်ဖိုးထားမြတ်နိုးနေတဲ့ ထိုင်းရှင် ဘုရင်ကြီးရဲ့အခြေအနေများကိုလည်း သိခဲ့ရတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅)နှစ်လောက်ကတည်းဖြစ်ရှိနေတဲ့ ထိုင်းနိုင်ငံရဲ့တောင်းပိုင်းအခြေအနေ များကအစ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများထိ ပြောကြားလာကြတယ်။ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က စပြီး၊ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆွမ်းခံကြွတဲ့ ရဟန်း သံဃာတော်များနှင့် ဆွမ်းလောင်းသူ ဒကာ၊ ဒကာမများကို ဘာသာရေးအစွန်းရောက်သူများက သေနတ်ဖြင့် ပစ်သတ်နေခဲ့တဲ့ လူသတ်မှုတွေ၊ မကြာခဏဆိုသလို ဖြစ်ပေါ်နေခဲ့တယ်။ ဒါကို နိုင်ငံတော်က တရားဥပဒေအတိုင်း အရေးယူမယ် ဆိုပြီး ပြင်းပြင်း ထန်ထန် အရေး မယူခဲ့၍ ထိုင်းတောင်ပိုင်းခရိုင်အချို့၌ ရဟန်းသံဃာတော်ခပ်များများဟာ ကိုယ့်ကျောင်းမှာပင် မနေရဲတော့တဲ့ အနေအထားမျိုးသို့ ရောက်ရှိလာခဲ့တယ်။ သူတို့ ပြောတဲစကားအတိုင်း ဆက်ပြောရမည်ဆိုလျှင် … ။
ထိုနောက် ထိုင်းဝန်ကြီးချုပ်သက်ဆင် အာဏာရခဲ့ပြီး ထိုင်းနိုင်ငံတောင်းပိုင်းကို ထိထိရောက်ရောက် အရေးယူကိုင်တွယ်နိုင်ခဲ့တယ်။ သို့သော် မကြာပါချေ။ ထိုဝန်ကြီးချုပ်လက်ထက် ရှပ်နီ၊ ရှပ်ဝါ အရေးအခင်းများ ပေါ်ပေါက်လာခဲ့၍ ထိုဝန်ကြီးချုပ် အာဏာ အသိမ်းခံ လိုက်ရတယ်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးဟာ ဘာသာခြားဖြစ်နေတယ်။ သူ့လက်ထက်မှာ ရာထူးကြီးသော နေရာ အတော် များများကို သူလူတွေကို အစားထိုးခန့်အပ်နိုင်ခဲ့တယ်။ ထိုနောက် ယင်လတ်ရှင်နာဝပ် ၀န်ကြီးချုပ်ဖြစ်လာပြန်တယ်။ သူမလက်ထက် မှာလည်း ရှပ်နီ၊ ရှပ်ဝါ ပြဿနာက ပိုမိုကြီးထွားလာပြန်တယ်။ တစ်ဖန် စစ်တပ်က အာဏာပြန်သိမ်းပြန်တယ်။
တပည့်တော်တို့လူမျိုးတွေ တစ်ခုမသိလိုက်တာက အချင်းချင်းသွေးကွဲနေတဲ့အချိန်မှာ သူတို့ဟာ ထိပ်တန်းနေရာအတော်များများကို သိမ်းပိုက်ထားလိုက်ကြတယ်။ အခုအခါမှာ စစ်တပ်ရဲ့ထိပ်တန်းအရာရှိ တွေဟာ ဘာသာခြားတွေက လွှမ်းမိုး ထားတာကို တွေ့နေ ရတယ်။ လွှတ်တော်မှာလည်း ဘာသာခြား လွတ်တော်အမတ်တွေက နှစ်ရာကျော်အထိ ၀င်ရောက်နေရယူထားကြပြီ။ ခရိုင် (၇၇)ခုမှာ ဘာသာခြား မြို့တော်ဝန်တွေက (၃၄) နေရာရှိနေတယ်။ ထို့ကြောင့် ခရိုင်မြို့ကြီးတိုင်းကို ယူအက်စ်အေ ဒေါ်လာ သန်းပေါင်း (၆၀)တန်တဲ့ သူတို့ကျောင်းတော်ကြီးတွေကို နိုင်ငံတော်ဘဏ္ဍာနှင့် တည်ဆောက်ပေးနေရပြီ။ သူတို့ယုံကြည်တဲ့ မကာ-ကို ဘုရားဖူးသွားရောက်တဲ့သူတွေကိုလည်း နိုင်ငံတော်စရိတ်နှင့် ပို့ဆောင်ပေးရတယ်။ ဗုဒ္ဓဘာသာ ၀င်တွေ အိန္ဒိယကို ဘုရားဖူးသွားတဲ့အခါ ဘာစရိတ်မှ မရရှိကြဘူးဟုဆိုတယ်။ မိမိတို့မြန်မာပြည်သူတွေ အတွက်လည်း သတိမူစရာ အချက်တစ်ခုဖြစ်လာတယ်။
အခြေအနေတွေကတော့ အလွန်အကျွန်ဖြစ်နေပြီဆိုတာကို သတိပြုမိတယ်။ သာသနာ့ဒါယကာ ကြီးဖြစ်တဲ့ ရေမြေသခင် ထိုင်းနိုင်ငံရဲ့ ဘုရင်ဧကရာဇ်မင်းမြတ်ကြီးရဲ့ ရွှေနားတော်သို့ ပေါက်ကြားအောင် မည်သူကမှ အဖြစ်မှန်ကို လျှောက်တင်နိုင်ရဲတဲ့ အခွင့်ရေးများ မရရှိနိုင်အောင် တားဆီးပိတ်ပင်ထားခဲ့ကြတယ်။ ၉၀%ခိုင်းနှုန်းခန့် ရှိနေသေးတဲ့ ထိုင်းပြည်သူတို့ရဲ့ ကံကြမ္မာအတွက် ရင်လေးမိခြင်းပါ။ ဘာသာခြားများရဲ့ ကျောင်းတော်မှ လွင့်ပျံ့လာသော ရွတ်သံဖတ်သံများကို ထိုင်းဘုရင်မင်းမြတ်ကြီး လားရာ ဂတိ ကောင်းမွန် နိုင်စေရန် မကြားမသိပါစေနဲ့ဟုသာ ဆန္ဒပြုမိပါ၏။ အကယ်၍များ ကြားသိသွားခဲ့မည်ဆိုလျှင် အသောက မင်းကြီး ကဲ့သို နောက်ဆုံး စုတိစိတ်ကျခါနီးမှာ နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်သွားနိုင်တာမို့ တိုင်းပြည်ကို အစဉ်စောင့်ရှောက်နေသော၊ သာသနာတော်ကို အစဉ်ချီးမြောက်နေသော ထိုင်းဘုရင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေဟုသာ ထိုင်းပြည်သူများကိုယ်စား ဆုတောင်းပေးနေမိတော့တယ်။ ချမ်းသာစွာ အိပ်စက် နိုင်ကြပါစေ။
Writer : ဒေါက်တာဓမ္မပိယ (ITBMU)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်