၁၉၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် အီတလီနိုင်ငံ ဖက်ဆစ်အာဏာရှင် အဖြစ် ၁၉၂၂ ခုနှစ်မှ ၁၉၄၃ ခုနှစ်တိုင် အုပ်စိုးသွားခဲ့သော ဘန်နစ်တို မူဆိုလိုနီနှင့် ဇနီးဖြစ်သူ ရာချဲလ်ဂေါ်ဒီတို့မှ သမီးဦး တစ်ယောက်ကို ဖွားမြင်ခဲ့သည်။ သူတို့က သမီးဦးလေးကို အက်ဒါရိုဆာ အက်ဗီဂီဟု အမည်ပေးလိုက်ကြသည်။ ရိုဆာဆိုသည်မှာ မူဆိုလိုနီ၏ မိခင်အမည်ကို အစွဲပြုပြီး ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ အက်ဒါကို မွေးဖွားစဉ်က သူတို့မိဘနှစ်ဦး လက်ထပ်ခဲ့ကြရသေးသည် မဟုတ်ပေ။ မူဆိုလိုနီသည် ဘာသာတရား ယုံကြည်ကိုးကွယ်သူတစ်ဦး မဟုတ်သောကြောင့် ခရစ်ယာန ဘုရားကျောင်းတော် ကိုလည်း နှစ်သက်ခြင်း မရှိသဖြင့် လက်မထပ်ဖြစ်ခဲ့ပေ။ ထို့ကြောင့် မွေးဖွားလာသည့် သားသမီးများကိုလည်း သာသနာဝင်အဖြစ် ပြုလုပ်ပေးခဲ့ခြင်း မရှိပေ။
မွေးဖွား လက်မှတ်တွင် အက်ဒါသည် မူဆိုလိုနီ၏ တရားမဝင် သမီးတစ်ဦး အဖြစ်သာ နေခဲ့ရပြီး၊ မွေးစာရင်းတွင်လည်း မိခင်တစ်ဦးတည်း အမည်ကိုသာ တွေ့ခဲ့ကြရသည်။ ထိုအချက်ကိုထောက်ပြီး မူဆိုလိုနီသည် ထိုအချိန်ခန့် ကတည်းက ရုရှားဂျူးဆိုရှယ် လစ်များနှင့် အဆက်အသွယ် ရှိမည်ဟု ယူဆကြသည်။ သို့သော် သမိုင်းတွင် မူဆိုလိုနီနှင့် ရုရှားတို့ ရန်သူကြီးအဖြစ် ဆန့်ကျင်ပြောင်း လဲသွားပုံမှာ ထူးခြားသည်ဟု ဆိုရမည်။ မူဆိုလိုနီသည် သမီးလေး အက်ဒါကို အလွန်ချစ်မြတ်နိုးခဲ့သည်။ သမီးလေးကြောင့် သူ၏ အရိုင်းစိတ်များလည်း ပျော့ပျောင်းနူးညံ့ လာခဲ့ရသည်ဟု ဆိုကြသည်။ ထို့ပြင် သမီးအနာဂတ် အတွက်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မွေးကင်းစ ရက်ပိုင်းအရွယ် သမီးလေးကို မျက်စိအောက်က အပျောက်မခံ ဖြစ်ခဲ့ပြီး၊ ညအိပ်လျှင်ပင် အနားတွင် ထားအိပ်သည် ဟုဆိုကြသည်။ သမီးလေးက ညမအိပ်လျှင် သူက ထပြီး တယောထိုးပြသည်။ ဂီတက သမီးဖြစ်သူကို အိပ်ပျော်စေမည်ဟု သူကထင်ပြီး တယောထိုးသော်လည်း အက်ဒါက သူငိုချင်သလို ငိုသည်။ အိပ်ချင်မှ အိပ်သည်။ သမီးက မီးလင်းလျှင် မအိပ်ဟုထင်ပြီး ဖယောင်းတိုင်များကို ငြှိမ်းပစ်သည်။ သို့သော် သမီးဖြစ်သူက မအိပ်ဘဲ အော်ငိုသည့်အခါတွင် သူ့ဇာတိစိတ်များ ထိန်းမနိုင်သိမ်းမရ အုံကြွလာပြီး စာအုပ်များ၊ နာရီများ၊ ဖိနပ်များကို ပစ်ပေါက်သောင်းကျန်းခဲ့မှုများ ဖြစ်ခဲ့ရသည်။
အက်ဒါကို မွေးဖွားစဉ်က မူဆိုလိုနီသည် အာဏာရှင် မဖြစ်သေး။ အလွန်လည်း ဆင်းရဲသည်။ စားစရာ မရှိသည့် ဘဝကိုပင် ရောက်ခဲ့ဖူးသည်။ သူတို့ အဓိက စားသောက်ကြရသည့် အစားအစာမှာ အရွက်ပြုတ်များသာ ဖြစ်သည်။ သူတို့ ထမင်းဝိုင်းတွင် အသားကို လုံးဝ မတွေ့ရသလောက် ဖြစ်သည်။ ဆင်းရဲစဉ် မွေးလာသည့် သမီးလေး ဖြစ်သောကြောင့်လည်း အက်ဒါကို အမည်ပြောင်အဖြစ် ‘မွဲလေး’ ဟု ခေါ်ကြသည်။ သူတို့မိသားစုသည် ဆင်းရဲသော်လည်း အလွန်ပျော်ရွှင်ကြသည်။ မူဆိုလိုနီက Avanti သတင်းစာတိုက်တွင် အလုပ်ရသွားသောကြောင့် မိသားစု စားဝတ်နေရေး ပြေလည်စ ပြုလာသည်။ ၁၉၁၁ ခုနှစ်တွင် မူဆိုလိုနီ ထောင်ငါးလကျသည်။ လစ်ဗျားနိုင်ငံကို ကျူးကျော်စစ် ပြုသည်ကို ဆန့်ကျင် သပိတ်မှောက်သည့် အထဲတွင် ပါဝင်သောကြောင့် ဖြစ်သည်။ သူထောင်ကျနေစဉ် သမီးနှင့် ဇနီးတို့ ထောင်ဝင်စာ လာတွေ့ကြသည်။ ထိုအချိန်တွင် မူဆိုလိုနီက သမီးဖြစ်သူ၏ ဂါဝန်ထဲတွင် လျှို့ဝှက်စာများကို ထည့်ပေးလိုက်ပြီး ပြင်ပရှိ ရဲဘော်များနှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။
ထောင်ကလွတ်သည့် အခါတွင် မူဆိုလိုနီသည် Avanti သတင်းစာတိုက်တွင် အယ်ဒီတာ ဖြစ်လာသည်။ မိသားစုလည်း မီလန်ကို ပြောင်းရွှေ့လာကြသည်။ လက်ရှိအိမ်မှ ပရိဘောဂပစ္စည်းများ အကုန်ရောင်းပြီး မီလန်ကို ပြောင်းကြရခြင်း ဖြစ်သည်။ အက်ဒါသည် ငယ်စဉ်ကတည်းက ဂျစ်တစ်တစ် ပေတေတေ ဖြစ်သည်။ ရေလည်း ချိုးချင်မှ ချိုးသည်။ ဖခင်၏ စရိုက်ဆိုးလေးတွေကို သူ့တွင် တွေ့မြင်ရသည်ဟု ဆိုကြသည်။ အက်ဒါတစ်ယောက် အရွယ်ရောက်လာသည့် အခါတွင် မူဆိုလိုနီသည် သမီးကို သတင်းစာတိုက်သို့ လည်းကောင်း၊ ပါတီပွဲများသို့ လည်းကောင်း ခေါ်သွားလေ့ ရှိသည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့သည်။ ဆိုရှယ်လစ်ပါတီသည် အီတလီနိုင်ငံက စစ်ပွဲကို ဝင်နွှဲမည် ဆိုခြင်းအား ကန့်ကွက်ခဲ့ကြသည်။ မူဆိုလိုနီကလည်း ယင်းအချက်ကို ထောက်ခံခဲ့သည်။
သို့သော် စစ်ပွဲက မြောက်ပိုင်းအီတလီကို လွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုဟု သူက ယုံကြည်ပြီး ဆိုရှယ်ပါတီကို ဆန့်ကျင်ကာ အီတလီ စစ်ပွဲဝင်သင့်ကြောင်း သတင်းစာက တစ်ဆင့် ထောက်ခံရေးသားမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် မူဆိုလိုနီသည် သူ့ကိုယ်ပိုင် သတင်းစာတစ်စောင် ဖြစ်သော “Il Popolo D’Italia” ကို ထူထောင်ခဲ့သည်။ ဇနီးဖြစ်သူက အထောက်အကူ များစွာပြုခဲ့သည်။ အီတလီနိုင်ငံက ပထမကမ္ဘာစစ်အတွင်း ဝင်ရောက်သည့်အခါ မူဆိုလိုနီလည်း လက်နက်ကိုင်ပြီး စစ်တပ်ထဲဝင်ကာ လှုပ်ရှားတော့သည်။ စစ်ထဲ ဝင်နွှဲနေရင်းက မူဆိုလိုနီတစ်ယောက် ဗွေဖောက်ပြီး အိုင်ရင်းဒယ်ဆာ ဆိုသူနှင့် ရှုပ်သည်။ သားတစ်ယောက် ရခဲ့သည်။ သို့သော် ရာချဲလ်ကိုတော့ မမေ့။ နောက်ဇနီး အိုင်ရင်းက အပြတ်ရှင်းမှ ဖြစ်တော့မည်ဟု ယူဆပြီး မယားကြီး ရာချဲလ်နှင့် လာတွေ့သည်။ သူတို့နှစ်ဦး အက်ဒါရှေ့တွင် တွေ့ဆုံကြခြင်း ဖြစ်သည်။ အိုင်ရင်းက အက်ဒါကို “မင်း ဖေဖေက မင်း မေမေကို တကယ်ချစ်ရဲ့လား” ဟု မေးလိုက်သည်။ အမှန်တော့ အိုင်ရင်းသည် သူ့ကိုယ်သူ မူဆိုလိုနီက တရားဝင် လက်ထပ်ထားသည့် မိန်းမတစ်ယောက် ဖြစ်သယောင် ဟန်ထုတ်ခြင်းသာ ဖြစ်သည်။
စစ်ပွဲတွင် မူဆိုလိုနီ ဒဏ်ရာရသည်။ မယားကြီးရော၊ မယားငယ်ပါ ဆေးရုံကို အရောက်ပြေးကြသည်။ သို့သော် ရာချဲလ်နှင့် အက်ဒါက အလျင်ရောက်ပြီး ဖခင်ကို မည်သို့ စည်းရုံးလိုက်သည်မသိ မူဆိုလိုနီနှင့် ရာချဲလ်တို့ လျှို့ဝှက်စွာဖြင့် လက်ထပ်ပွဲလေး တစ်ပွဲ ကျင်းပလိုက်တော့သည်။ လက်ထပ်ပြီး ရာချဲလ်တွင် ကိုယ်ဝန်ထပ်ရသည်။ ၁၉၁၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဖြစ်သည်။ သားတစ်ယောက် ထပ်မွေးပြန်သည်။ သားလေးကို ဗစ်တိုရီယိုဟု အမည်ပေးလိုက်သည်။ အက်ဒါသည် နောက်ထပ် မမျှော်လင့်ဘဲ မွေးလားသည့် မောင်ဖြစ်သူကို မနာလိုမှုများ ဖြစ်ခဲ့ရသည်။ မောင်ကို ကြည့်မရသည့် အဆုံးတွင် အက်ဒါတစ်ယောက် သူတို့အိမ် အနီးတွင် လာရောက်နေထိုင်သည့် ဂျစ်ပ်ဆီများနှင့် အဖွဲ့ကျသည်။ ဂျစ်ပ်ဆီများ အနေအထိုင်၊ အဝတ်အစား၊ အပြောအဆိုများအတိုင်း လိုက်နေထိုင်ပြီး ထိုအုပ်စုထဲတွင် ပျော်မွေ့နေတော့သည်။ မိခင်က ဂျစ်ပ်ဆီများနှင့် မပေါင်းသင်းရန် ပြောသော်လည်း နားမထောင်။ ဂျစ်ပ်ဆီတွေ ပြောင်းရွှေ့သွားမှ အက်ဒါတစ်ယောက် အဆက်အသွယ် ပြတ်သွားတော့သည်။
အပျိုအရွယ်လေး ရောက်လာသော အက်ဒါကို ကာလသားတွေက ကြောက်ကြသည်။ သူ့ဖခင်အရှိန်ကြောင့် ဖြစ်သည်။ အက်ဒါကလည်း ပါးစပ်ကြမ်းသည်။ သို့သော် ရောမတွင် ဂလက်ဇို စီယာနိုဆိုသူနှင့် သွားတွေ့ပြီး ချစ်ကြိုက်သွားသည်။ စီယာနိုသည် ရေတပ်ဗိုလ်ချုပ်ကြီး ကော့စ်တန်ဇို စီယာနို၏ သားဖြစ်သည်။ သူသည် မူဆိုလိုနီကို ထောက်ခံသူတစ်ဦး ဖြစ်ပြီး ဖက်ဆစ်ဝါဒကို လက်ခံသူတစ်ဦးလည်း ဖြစ်သည်။ အက်ဒါနှင့် ဂလက်ဇိုတို့ ၁၉၃၀ ဧပြီ ၂၄ ရက်နေ့တွင် လက်ထပ်ခဲ့ကြသည်။ အက်ဒါ၏ ခင်ပွန်းကို ရှန်ဟိုင်းကောင်စစ်ဝန် အဖြစ် ခန့်အပ်သည်။ သူတို့ လင်မယား ၁၉၃၂ နှစ်တွင် အီတလီကို ပြန်ရောက်လာကြသည်။ ဂလက်ဇိုကို နိုင်ငံခြားရေးဝန်ကြီး ရာထူးပေးသည်။ ပထမကမယ္ဘစစ် ဖြစ်ချိန်တွင် အက်ဒါသည် အီတလီ ကြက်ခြေနီအဖွဲ့တွင် စေတနာ့ဝန်ထမ်း ဝင်ရောက်လုပ်ကိုင်သည်။
၁၉၄၃ ခုနှစ် ဇူလိုင်လတွင် မူဆိုလိုနီကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပေါ်ထွက်လာသည်။ သမက် ဂလက်ဇိုက ယောက္ခမ မူဆိုလိုနီကို ဆန့်ကျင်သူ ဖြစ်လာသည်။ မူဆိုလိုနီက သမက်ကိုဖမ်းပြီး ထောင်ချသည်။ ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကွပ်မျက်လိုက်သည်။ သမီးဖြစ်သူ အက်ဒါသည် ၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကတည်းက ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ လယ်သူမတစ်ဦးအသွင် ပုံစံပြောင်းပြီး လျှို့ဝှက်နေထိုင်ခဲ့ရသည်။ ဆွစ်ဇာလန်မှ အီတလီသို့ ပြန်လာသည့်အခါတွင် အက်ဒါတစ်ယောက် အဖမ်းခံရသည်။ လီပါရီကျွန်းတွင် အကျဉ်းချထားခြင်း ခံရသည်။ ဖက်ဆစ်တို့ကို ထောက်ခံမှုဖြင့် ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၂၀ တွင် ထောင်ဒဏ်နှစ်နှစ် ချထားခြင်း ခံရခြင်းဖြစ်သည်။
လီပါရီကျွန်းတွင် နေထိုင်စဉ် အက်ဒါရေးခဲ့သည့် စာများကို ၁၉၄၅ ခုနှစ် စက်တင်ဘာလမှ ၁၉၄၇ ခုနှစ် ဧပြီလ ရက်စွဲများဖြင့် ပြန်တွေ့ရသည်။ ထိုစာများအရ အက်ဒါသည် ဖခင် မူဆိုလိုနီကို ၁၉၃၀ နှစ်များတွင် အကြံပေးအဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထိုအချိန်တွင် အီတလီ အမျိုးသမီးများ အနေနှင့် နိုင်ငံရေးတွင် ပါဝင်ခွင့် နည်းသော်လည်း ထက်မြက်သူတစ်ဦး ဖြစ်သောကြောင့် ဖခင်၏ ကိစ္စများတွင် ဝင်ရောက်ဆောင်ရွက်ခွင့် ရသည်ဟု ယူဆရသည်။ သူမ၏ ခင်ပွန်းဖြစ်သူ စီယာနိုသည် မူဆိုလိုနီ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၉၃၆ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ရခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ကက်ဘိနက် အစည်းအဝေး၌ မူဆိုလိုနီကို ဆန့်ကျင်ပြီး စီယာနိုက မဲမပေးခဲ့သဖြင့် သူ့ကို ဖက်ဆစ်ဝါဒ ဆန့်ကျင်သူအဖြစ် စွပ်စွဲကာ ထောင်ချခြင်း ခံလိုက်ရသည်။
ဟစ်တလာက မူဆိုလိုနီကို ရုပ်သေးအစိုးရအဖြစ် တင်မြှောက်လိုက်သည်။ စီယာနိုကို သစ္စာဖောက် အဖြစ် သတ်မှတ်ပြီး သေဒဏ်ပေးလိုက်သည်။ အက်ဒါသည် ဖခင်နှင့် ဟစ်တလာထံ တောင်းပန်သော်လည်း လက်မခံဘဲ ၁၉၄၄ ခုနှစ်တွင် သေနတ်ဖြင့် ပစ်သတ်လိုက်ကြသည်။ အက်ဒါတစ်ယောက် ခင်ပွန်းဖြစ်သူကို အဆုံးစီရင်ခြင်း ခံလိုက်ရပြီးကတည်းက ဖခင်အမည်နှင့် မိသားစု အမည်ကိုပါ ဆက်ခံရန် ငြင်းဆိုလိုက်တော့သည်။ သူမရေးသည့် စာထဲတွင် - “ရှင်ဟာ ကျွန်မအဖေ မဟုတ်တော့ဘူး။ ကျွန်မ မူဆိုလိုနီဆိုတဲ့ အမည်ကို စွန့်လွှတ်ပါတယ်” ဟု အတိအလင်း ရေးသားထားသည်။ စစ်ပွဲပြီးဆုံးသည့်အခါတွင် အက်ဒါသည် ရောမတွင် နေထိုင်ခဲ့သည်။ သူမ တွေ့ကြုံခဲ့ရသမျှ အဖြစ်အပျက်များကို ၁၉၇၅ ခုနှစ်တွင် “ကျွန်မ၏ ဖြောင့်ချက်” ဆိုသည့် အမည်ဖြင့် စာအုပ်ထွက်လာသည်။ ထိုစာအုပ်ထဲတွင် မိခင်ဖြစ်သူကလည်း မူဆိုလိုနီကို ဖြုတ်ချရန် ကြိုးပမ်းသည့် သမက်ကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း ရေးသားထားသည်။ အက်ဒါသည် ဘဝတစ်လျှောက်လုံး ခင်ပွန်းသည်၏ စီယာနိုဆိုသော အမည်ကိုပင် ခံယူပြီး နေထိုင်ခဲ့သည်။ သားသမီးသုံးဦး ထွန်းကားခဲ့သည်။ နှလုံး၊ အဆုပ်၊ ကျောက်ကပ်ပျက်စီးမှုများဖြင့် ၁၉၉၅ ခုနှစ် တွင် ရောမမြို့၌ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန် တွင် အသက် ၈၄ နှစ်ရှိပြီ ဖြစ်သည်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်