သာသနာနှင့် ရှေးဘုရင်မင်းမြတ်တို့၏သဘောထား - Attitute of the Kings

မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် အသွင်ကူးပြောင်းအုပ်ချုပ်လာခဲ့သည်မှာ ၂၀၁၆ ခုနှစ်အထိဆိုလျှင် သက်တန်း (၅)နှစ် ကျော် လွန်လာခဲ့ပြီဖြစ်၍ ဒီမိုကရေစီဆိုတဲ့ စကားလုံးနှင့် ပြည်သူများ ယဉ်ပါးစပြုလာပြီလို့ ဆိုနိုင်တဲ့အချိန်အခါဖြစ်တယ်။ သမ္မတ သက်တန်းတစ်ခု ပြီးဆုံးသွားပြီဖြစ်၍ ဒီမိုကရေစီစနစ်အရ ၂၀၁၆-ခု၊ မတ်လ (၁၅)နေ့တွင် အနိုင်ရပါတီမှ သမ္မတအသစ်ကို ရွေး ချယ်တင်မြောက်လိုက်ပြီဖြစ်တယ်။
ပြည်သူရွေးချယ်တင်မြောက်သော သမ္မတဖြစ်၍ ပြည်တွင်း၊ ပြည်ပမှ ပြည်သူများ၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များဖြစ် ကြသော အမေရိကန်သမ္မတ ဘရက်အိုဘားမားနှင့် နိုင်ငံခြားရေးဌာနမှ အကြီးအကဲများ၊ တရုတ်အစိုးရနှင့် တရုတ်နိုင်ငံခြားရေး ဌါန ပြောခွင့်ရသူ Lu Kang၊ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီ၊ ပြင်သစ်အစိုးရနှင့် နိုင်ငံခြားရေးဌာနမှ အကြီးအကဲများ၊ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွန် တန်းဘူးလ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး-စသော ခေါင်ဆောင် တို့ကလည်း ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြတယ်။
ပြည်တွင်းမှာရှိသော အဖွဲ့အစည်းအသီးသီးတို့မှလည်း သမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ အားလုံး၊ တိုင်းသူ၊ ပြည်သား များအားလုံးသက်ရှည် ကျန်းမာ စိတ်ချမ်းသာစွာဖြင့် တိုင်းပြည်ကို ငြိမ်းချမ်း သာယာအောင် အတူပူးပေါင်း၍ ဆောင်ရွက်နိုင် ကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့ပေးကြတာကို ကြားသိရ၍ များစွာဝမ်းမြောက်မိပါတယ်။ သမ္မတကြီး အမျိုးဂုဏ်နှင့် ဇာတိ ဂုဏ်ကို ဆက်လက်ထိန်သိမ်းနိုင်ပါစေ။ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ထူးခြားသောနိုင်ငံ တစ်နိုင်ငံဖြစ်နေ သည်ကို သတိပြု မိတယ်။ ရေမြေသဘာဝအားဖြင့်လည်း ထူးခြားတယ်။ ယဉ်ကျေးမှုအမွေအနှစ်အားဖြင့်လည်း ထူးခြား တယ်။ ကိုးကွယ်မှုဘာသာတရားအရလည်း ထူးခြားတယ်။ ထိုကဲ့သို့ ထူးခြားဖြစ်တွေကို လေ့လာသုံးကြည့်လျှင် သမ္မတဆိုတဲ့ အသုံးအနှုန်း ကို ပါဠိစကားဖြင့် သုံးနှုန်းထားတာဟာလည်း ထူးခြားနေပြန်တယ်။
ပုဂံအင်ပါယာကို စတည်တည်ထောင်သူဟာ မင်းမြတ်အနော်ရထာမဟုတ်သော်လည်း မြန်မာနိုင်ငံ တော်ကို စတင်တည်ထောင် သူဟာ မင်းမြတ်အနော်ရထာလို့ ဆိုနိုင်တယ်။ အဘယ့်ကြောင့်ဆိုသော် ပုဂံမင်း ဆက် ၅၅-ဆက်ရှိခဲ့ပြီး၊ ၄၂-ဆက်မြောက်မင်းမှာ မင်းမြတ်အနော်ရထာဖြစ်ခဲ့တယ်။ အနော်ရထာမင်းသည် သမိုင်းတစ်ခုကို ဆန်းသစ်နိုင်ခဲ့သလို၊ သမိုင်းအမွေအနှစ်တစ်ခုကိုလည်း ချမှတ်နိုင်ခဲ့တယ်။ အနော်ထာမင်းကြီး ပုဂံပြည်ကို စတင်အုပ်ချုပ်စဉ်ကာလကို ပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါ ပုဂံပြည်သည် ပျူယဉ်ကျေးမှုအမွေနှစ်များဖြစ်တဲ့ ဘာသာစကား၊ ဆင်ယဉ်ထုံးဖွဲ့မှု၊ ပြည်သူတို့ကိုးကွယ်သော ဘာသာတရား စသည်များနှင့် အုဋ္ဌ်အရော၊ ကျောက်အရောဖြစ်နေခဲ့တယ်။ နတ်ကိုးကွယ်မှုများ၊ ဟိန္ဒူဘာသာ ကိုးကွယ်မှုများ၊ ဗုဒ္ဓဘာသာ ကိုးကွယ်မှုများနှင့် ယဉ်ကျေးမှုအားဖြင့် ရောထွေးနေတဲ့ အချိန်အခါမျိုးဖြစ်တယ်။ ထိုဘာသာတရားများထဲတွင် အရည်းကြီးများကို ကိုးကွယ်ဆည်းကပ်သော ဘာသာဓလေ့သည် တစ်ခေတ် တစ်ခါက ပုဂံပြည်မှာ နာမည်ကြီးလှ၍ မြန်မာလူမျိုးတိုင်းနီးနီး အရည်ကြီးတို့ရဲ့ အမူအကျင့်များကို သိထားပြီးဖြစ် ကြတယ်။
ပုဂံမင်းဆက် ၄၂-ဆက်မြောက်မှာ အနော်ရထာမင်း ပုဂံပြည်ကို အုပ်ချုပ်ခွင့်ရတယ်။ ပုဂံမင်းဖြစ်၍ မကြာမီနှစ်များအတွင်း အရှင်အရဟံ ပုဂံပြည်သို့ ကြွရောက်လာခဲ့တယ်။ အရှင်အရဟံရဲ့ တရားဓမ္မများကို နာကြားခဲ့ရပြီးနောက်ပိုင်း၊ အရှင်အရဟံ၏ အဆုံးအမနှင့်ညွန်ကြားချက်ကို ကောင်းစွာလိုက်နာခဲ့တယ်။ တိုင်း ပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာအတွက် ဆောင်ရွက် သင့်၊ ဆောင်ရွက်ထိုက်များကို ဆောင်ရွက်ခဲ့တယ်။ သူဆောင်ရွက်ခဲ့သော ကိစ္စများထဲတွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်၏ အဆုံးအမကို ပြည်သူ၊ ပြည်သားတို့၏ နှလုံးအိမ်အတွင်းသို့ သွေးနှင့်အတူဆီးဆင်းနေနိုင်အောင် ပုဂံပြည်ကို ထေရ၀ါဒ ဗုဒ္ဓသာသ နာယဉ်ကျေးမှုနှင့် အသစ်တစ်ဖန် ရှင်သန်စေခဲ့တယ်။ ထိုဘာသာ၊ သာသနာယဉ်ကျေးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်များ အမြဲ တစေ ခိုင်မြဲနေစေရန် မြန်မာစကား၊ မြန်မာစာပေကို ရဟန်းတော်များအကူအညီနှင့် ပြည်ရွာအနှံ့ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ထိုအချိန်မှစ၍ မြန်မာစာပေ၊ မြန်မာလူမျိုးဆိုတာ ပေါ်လွင်ထင်ရှားစ ပြုလာတယ်။
သမိုင်းကြောင်းများအရ အနော်ရထာမင်းမတိုင်မီက သက္ကတနှင့် ပါဠိစာပေတို့ကို သုံးစွဲခဲ့ကြသော်လည်း ကျန်စစ်သားလက်ထက်တွင် မြန်မာစာပေကို စတင်ပြီး သုံးလာသည်ဟုမှတ်တမ်းမျးက ဆိုတယ်။ အလောင်း စည်သူမင်း လက်ထက်တွင် မြန်မာစာပေသည် အင်အားကောင်းလာပြီး အလောင်းစည်သူ (စည်သူ ၂) လက်ထက်မှစ၍ မြန်မာစာပေကို အဓိကစာပေအဖြစ် အသုံးပြုလာကြတယ်။ မြန်မာနိုင်ငံတော်ကို ဗုဒ္ဓတော်ယဉ်ကျေးမှုများနှင့် ဖေါင်းဒေးရှင်းချခဲ့၍ စာပေ၌လည်း ပါဠိသက် ဝေါဟာရများ ရာထောင်ချည်၍ တွေ့နိုင်သလို၊ မင်းအဆက်ဆက်တို့ လိုက်နာကျင့်သုံးသော ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေးမှအစ စစ်ရေးစစ်ရာများအထိ ဘာသာတရားကို ဦးထိပ်ထား၍ နိုင်ငံအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သမိုင်းများ၌ ဖေါ်ပြထားတာကို တွေ့ရတယ်။
ပုဂံမင်းဆက်ပျက်သုဉ်းသွားပြီး တောင်ငူမင်းဆက်ကို တည်ထောင်သော ဘုရင့်နောင်သည် စစ်တိုက် ရာတွင် သစ္စာဆို၍ စစ်တိုက်ခဲ့ကြောင်းသမိုင်းမှတ်တမ်းများက ဆိုတယ်။ သူဆိုခဲ့သော သစ္စာစကားက- ̏ငါသည် သာသနာကို စောင့်ရှောက်နိုင်သော မင်းဖြစ်မည်ဆိုလျှင် ဤဆင်နွှဲနေသောစစ်ပွဲ အောင်နိုင်ပါစေ သတည်း̋တဲ့။ ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရား ဦးအောင်ဇေယျကလည်း စစ်တိုက်ရာတွင် သစ္စာဆိုစစ်တိုက်ကြောင်း သမိုင်းမှတ်တမ်းများက ဆိုထားပြန် တယ်။ သူ့ရဲ့ သစ္စာစကားက- ̏ သူက သာသနာ ပြုမင်း ဖြစ်မည်ဆိုလျှင် ဤစစ်ပွဲ၌ သူနိုင်ပါစေသတည်း၊ ငါက သာသနာပြု မင်း ဖြစ်မည်ဆိုလျှင် ဤစစ်ပွဲကို ငါနိုင်ပါစေသတည်း̋ တဲ့။
ဘာသာ သာသနာ ယဉ်ကျေးမှုများပေါကြွယ်လှသော ဤမြန်မာနိုင်ငံသည် နိုင်ငံတော်အတွင်းသို့ ဘယ်အရပ်ဒေသကို သွားသွား ဘုရားရိပ်၊ ကျောင်းရိပ်၊ တန်ဆောင်းရိပ်များပေါများလှသလို၊ ဘယ်မြေ၊ ဘယ်ရေကို တူးတူး ရွှေငွေကြေးသွပ် သံဖြူ ကျောက်စိမ်း ကျောက်နီ ကျောက်ဝါစသော သယံဇာတ တွင်းထွက်ပစ္စည်းများ ပေါကြွယ်လှ၍ ဒီတိုင်းပြည်ကို တိုင်းတစ်ပါး သားတို့ မျက်စိကျလျှက်ရှိတယ်ဆိုတာ အထူးအဆန်းကြီးတော့မဟုတ်လှပါ။ သို့သော် ဒီမိုကရေစီစနစ်လို ညင်သာသော နိုင်ငံရေး စနစ်ကို ကျင့်သုံး ကြသော ဤခေတ်ကာလမျိုးတွင် လူအခွင့်ရေးဆိုသော ဘောင်စည်းများက ရှိနေ၍ ဇွတ်အတင်းဝင်၊ ဇွတ်အတင်းဆွဲဖဲ့သော အပြုအမူမျိုးကို နိုင်ငံကြီးသားတို့က ကျင့်သုံးမှာမဟုတ်ပဲ၊ တစ်ဦးတစ်ဦး အထင်အမြင် လွဲအောင် မီဒိယာသုံး၍ ဆောင်ရွက်ခြင်း၊ စီမံကိန်းကြီးတွေချ၍ သွေးခွဲတဲ့နည်းကို ကျင့်သုံးခြင်း၊ ဘာဆုတွေ၊ ညာဆုတွေပေး၍ မဟာမိတ်ပြုခြင်း၊ ထရိန်နင်းသင်တန်းတွေ၊ ပညာရေးအခွင့်အလန်းတွေပေး၍ လူရွယ်၊ လူငယ်တို့အား စည်းရုံးခြင်းစသော နည်းဗျူးဟာများဖြင့် ကျင့်သုံးတတ်ကြသည်မှာ သူတို့ရဲ့ ဓမ္မတာဟု ဆိုရမည် ဖြစ်တယ်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည်အထိ ခေါင်းဆောင်းဖြစ်သူတို့ရဲ့ သာသနာတော်အပေါ်၌ ထားရှိသော မွန်မြတ်သော စိတ်ထားကို အားကျမိတယ်။ ဗုဒ္ဓဘာသာနှင့်စပ်လျဉ်း၍ မြေမြတ်မဟာဖြစ်သော ဗုဒ္ဓဂယာဒေသ ဘာသာခြားတို့ရဲ့ လက်အောက်သို့ ရောက်ရှိသွားချိန်မှာ ဦးသိန်းမောင် (သမ္မတ) ဦးဘစီနှင့် ဒေါက်တာသိန်းမောင်တို့သည် ဗုဒ္ဓဂါယာ ဥပဒေကြမ်း ကို ရေးဆွဲပြီး ဒေလီဘုရင်ခံချုပ်ထံ တင်သွင်းခဲ့တယ်။ တင်သွင်းခဲ့သော စာတမ်းမှာ - ̏ ဗုဒ္ဓဂါယာမြို့တွင် တည်ရှိနေသော မဟာဗောဓိစေတီတော်မြတ်၏ နေရာတွင် ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိတော်မူသဖြင့် ကမ္ဘာ့ဗုဒ္ဓဘာသာ အတွက် အမြတ်ဆုံးသောနေရာဖြစ်ပေသည်။ မူဆလင်များအဖို့ မက္ကာမြို့၊ ဟိန္ဒူဘာသာဝင်များအဖို့ အယုဒ္ဓယမြို့၊ ခရစ်ယန် ဘာသာဝင်များအဖို့ ဂျေရုဆလင်မြို့တို့သည် အမြတ်ဆုံးဖြစ်သကဲ့သို့ ထိုနေရာသည် ဗုဒ္ဓဘာသာဝင်တို့အဖို့ အမြတ်ဆုံးဖြစ်ပေသည်။ ထိုစေတီနှင့်မြေမှာ ဗုဒ္ဓဘာသာဝင်တို့အဖို့ မည်မျှပင် အမြတ်ဆုံး ဖြစ်စေကာမူ ဗုဒ္ဓဘာသာဝင် မဟုတ်သူ (သျှီဝ) သီဝဂိုဏ်းဝင် မဟန့်၏လက်ထဲ၌ ကျရောက်နေမှုကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှာ သူ၏ပြုပြင် စီမံပုံတို့ကို များစွာပင် မနစ်ချြိုက်ဘဲ ရှိခဲ့လေသသည် … ̋ (ဗုဒ္ဓသမိုင်း နှာ ၅) စသည်ဖြင့် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ ဘုရင်ခံချုပ်ထံ တင်သွင်းခဲ့သည့် ထိုအစီအစဉ်ခံစာသည် ဗုဒ္ဓဘာသာ ၀င်တို့အတွက် အထူးစိတ်ဝင်စားဖွယ်ကောင်းလှတယ်။
ယနေ့မြန်မာနိုင်ငံ၏ အခြေအနေမှာ အပြောင်းအလဲတွေများလှ၍ ပြောင်းလဲနိုင်ခြင်းကြောင့် ကောင်း တာတွေရှိသလို၊ အပြောင်းအလဲတွေများခြင်းကြောင့် ဆိုးတာတွေလည်း ရှိလာနိုင်ခြင်းပါ။ အဘယ့်ကြောင့် ဆိုသော် နိုင်ငံရေးသီအိုရီ၌ ကုသိုလ်နှင့် အကုသိုလ်တို့ အကျိုးပေးဖြစ်စဉ်များကို ဖေါ်ပြထားခြင်းမရှိသလို၊ ကုသိုလ်ဖြစ်ကြောင်း၊ အကုသိုလ်ဖြစ်ကြောင်း တရားများ ကိုလည်း ဆွေးနွေးတင်ပြခြင်းမျိုးများကို ပြုလုပ်ကြမည် မဟုတ်ပါ။ သားသမီးများအပေါ် ဘေးအန္တရာယ်များ ကျရောက်လာခဲ့သော် အမေမှလွဲ၍ ကယ်မည်သူမရှိပါ။ ထို့ကြောင့် တိုင်းပြည်တစ်ခုအတွက် အမေနှင့်လည်းတူ၊ အဖေနှင့်လည်း တူသော နိုင်ငံခေါင်းဆောင်များသည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် ဆောင်ရွက်ပေးရန် တာဝန်များကျရောက် လာခဲ့သော် ခေါင်းမရှောင်ပဲ ခေါင်းဆောင်များသည် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ နေပြနိုင်တဲ့ နေရာမျိုးမှာ အစဉ်ရှိနေလိမ့်မည် ဟု မျှော်လင့် မိတယ်။
ဆရာကြီးမင်းသုဝဏ်ရဲ့ နောင်တသံသရာ ကဗျာလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။ ̏ ကြံမိမှား၍၊ တရားနောင်တ၊ နေခြည်ပသို့၊ ရခဲ့သည်လည်း များခဲ့ပြီ …။ ဆိုမိမှား၍၊ တရားနောင်တ၊ နေခြည်ပသို့၊ ရခဲ့သည် လည်း များခဲ့ပြီ …။ ပြုမိမှား၍၊ တရားနောင်တ၊ နေခြည်ပသို့၊ ရခဲ့သည်လည်း များခဲ့ပြီ …။ နောင်တကင်းရာ၊ မြတ်ချမ်းသာကို၊ ငါလျှင် ဘယ်နံ့၊ ရပါအံ့ဟု၊ မျှော်ငံ့ခိုက်တွင်၊ နေမင်းဝင်သည်၊ မှောင်တွင်စမ်း၍ လှမ်းရသော… ။ ဆရာကြီးရဲ့ဆန္ဒအတိုင်း တိုင်းပြည်အုပ်ချုပ် သူများနှင့် ပြည်သူ၊ ပြည်သားအပေါင်း နောင်တသံသရာမှ ကင်းဝေး နိုင်ကြပါစေ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

Writer : ဒေါက်တာဓမ္မပိယ (ITBMU)

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်