ဆင်ဆိပ် မြို့ဟောင်း (၁) ညောင်ခရားမြို့ဟောင်း
ဆင်ဆိပ်ရပ်ကွက်ပေါ်တွင် မြို့ဟောင်းရာကို ကောင်းကင် ဓါတ်ပုံမှ မြင်ရခြင်း ဖြစ်၍ ဆင်ဆိပ်မြို့ဟောင်းဟု အမည် တပ်ခြင်း ဖြစ်ပါသည်။ ရှေးက ညောင်ခရားမြို့ဟောင်း ဟု ခေါ်သည်။ ဤ အခေါ် မှန် မမှန် မသိပါ။ ရာဇဝင်မှာ လုပ်ဇာတ် ဖြစ်နေပါသည်။ ဆင်ဆိပ် ခေါ်ခေါ် ညောင်ခရား ခေါ်ခေါ် ယာယီပဲ ဖြစ်ပါသည်။
အရှေ့ဘက်နှင့် တောင်ဘက် မြို့ရိုးနှစ်ခုကို အထင်ရှားဆုံး တွေ့ရသည်။ မြို့၏ ပုံသဏ္ဍာန်မှာ စတုဂံ ပုံဖြစ်သည်။ ကျုံး တစ်ထပ် မြို့ရိုး တစ်ထပ်သာ ရှိသည်။ အနောက်ဘက်မြို့ ရိုးကား ရှာမတွေ့တော့ပေ။ ကားလမ်းဖောက်ရာတွင် ပါသွားဟန် တူသည်။ မြို့ဟောင်းအတွင်း ရှေးဟောင်း ဘုရား သုံးဆူ တွေ့ရပြီး တစ်ဆူမှာ ထားဝယ်တွင် ထင်ရှား သော သြရဂဠုန် စေတီ ဖြစ်သည်။
ဆင်ဆိပ်(၂) ညောင်ရမ်း သို့ သုခနဂရ
ဆင်ဆိပ်(၁)( ညောင်ခရား) အရှေ့ဘက်မြို့ရိုးနှင့် ကပ် လျက် နောက်ထပ်မြို့ဟောင်းရာ တစ်ခု ကောင်းကင်ဓါတ်ပုံ တွင်ပေါ်နေသည်။ ဦးအောင်မြင့်က ဆင်ဆိပ်မြို့ဟောင်း (၂) သုခနဂရ ဟု အမည်ပေးထားသည်။ အချို့ကလည်း မဟာသုခနာဂရ ဟုလည်း ခေါ်သည်။
ရှေးဟောင်းမှတ်တမ်းများအဆိုအရမှာလည်း မဟာ သုခနဂရ မြို၏ မူလနေရာသည် ယခု ထားဝယ် လေဆိပ် နေရာဝန်းကျင်ပင်ဖြစ်ပါသည်။ ဒီနေရာကနေ မဟာသုခနာဂရ စာပါ ခဲဒင်္ဂါးတွေ တွေ့ရသည်။ ခဲပြား နှစ်မျိုး ရှိသည်ကို တွေ့ရသည်။ ပထမတမျိုးမှာ ခဲပြား အဝိုင်း ဖြစ်၍ အချင်းဝက် နှစ်လက်မခွဲခန့် ရှိသည်။ မျက်နှာ တဖက်တွင် စက်ဝိုင်းနှစ်ထပ်ကြား ဗိန္ဓုအစက်ပြောက်များ ပါပြီး ဒုတိယ စက်ဝိုင်း တတိယ စက်ဝိုင်းကြားတွင် မဟာ သုခနာဂရ ဟူသော လေးထောင့်စာလုံး စာတန်းပါသည်။
အလယ်ဗဟိုတွင် ရောင်ချည်လက်လိုလို နှစ်ဖက်ချွန်လေးခု ကြက်ခြေခတ်ပုံ ပါသည်။
ဒုတိယတမျိုးမှာ အဝိုင်းပုံ အရွယ်အစားချင်း ပထမတမျိုးနှင့် တူသော်လည်း မျက်နှာနှစ်ဖက်လုံးတွင် မတူညီသည်များ ရှိသည်။ မျက်နှာတစ်ဖက်တွင် တိုးရုပ်နေရာ၌ ရေလှိုင်းနှင့် လှေလိုလို ငှက်လိုလို မထင်မရှား ပုံပါသည်။ အခြားတဖက် တွင် မဟာသုခနဂရ စာလုံး စာတန်းပုံပါသည်။ အချို့ ဒင်္ဂါးများတွင် စာလုံးပြောင်းပြန် ဖြစ်နေသည်။ အချင်း လက်မဝက်ခန့်ရှိ အလယ်ဗဟို စက်ဝိုင်းကို (၄) စိတ် စိတ်ထားပြီး တစ်စိတ်တွင် အစက်အပြောက် ၃ ခုစီပါသည်။
ဗဟိုချက်ကို အစက်ကြီး တစ်စက်ဖြင့် ဖော်ပြထားသည်။ ခဲကို သွန်းထားသည့် လက်ရာမှာ ကြမ်းတမ်းသည်ဟု ဆို ရပေမည်။
ဒေါက်တာကျော်သက်၏ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမိုင်း စာ ၇၆ တွင် ဖော်ပြထားသည်မှာ ပုဂံခေတ် အလောင်းစည်သူမင်းသည် တနင်္သာရီတိုင်း မြိတ်သို့ တိုင် အောင် ကိုယ်တော်တိုင် တိုင်းခန်းလှည့်လည် ကြွချီ၍ ပုဂံမင်းတို့၏ တန်ခိုးအာဏာ ပြခဲ့သည့် အထောက်အထား ရှိကြောင်း သိရပေသည်။ ထိုအဆိုသည် ဆရာကြီး ထားဝယ်ကျော်မင်း ဆိုသော မဟာသုခနဂရမြို့ကို အလောင်းစည်သူမင်း တည်သည် ဟူသော အဆိုကို ထောက်ခံနေသကဲ့သို့ ရှိသည်။ ယာယီနန်းတော် ဖြစ်ဟန် တူသည်။
ဆင်ဆိပ် (၂) ၏ အနောက်ဘက် မြို့ရိုး သည် ဆင်ဆိပ် (၁) မြို့ရိုးနှင့် ပေါင်းစည်း၍ တည်ရှိရာမှ တောင်ဘက်သို့ ကိုက် ၁၂၀ ကျော်မျှ တည်ရှိပြီး တောင်ဘက်မြို့ရိုးနှင့် လာဆုံနေသည်။ မြောက်ဘက် အနောက်ဘက် တောင်ဘက် မြို့ရိုးရာများ ရှိသော်လည်း အရှေ့ဘက်မြို့ရိုး ကိုမူ ရှာမတွေ့ချေ။
ထူးခြားမှုတစ်ခုမှာ တောင်ဘက် မြို့ရိုးတန်း၏ တောင်ဘက် ကိုက် (၂၀၀) ခန့်တွင် ခင်တန်းရှည်ကြီး တစ်ခု တွေ့ရခြင်း ပင်ဖြစ်သည်။ ဤကုန်းတန်း ရှည်ကြီးသည် လက်ဝဲကျွန်း ရပ်ကွက်မှ အရှေ့စူးစူးသို့ ကားလမ်းဘေးကို မြှောင်၍ အိမ်ရှေ့ပြင်ရွာအထိ ဖြောင့်တန်းစွာ တည်ရှိသည်။ ထားဝယ်လေဆိပ် လေယာဉ်ပြေးလမ်းသည် ဤ မြို့ရိုးနှင့် ကိုက် ၄၄၀ တောင်ဘက်မြို့ရိုး တောင်ဘက်ရှိ ကုန်းတန်း ရှည်ကြီးမှာ ကိုက်ပေါင်း ၁၅၀၀ ကျော် ခန့်မျှ တစ်မိုင်နီးပါး ရှိသည်။
နောက်ထူးခြားချက်မှာ ဤ မြို့ဟောင်းအတွင်း မြို့ကို တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်း ခွဲခြားသကဲ့သို့ ရှိစေသော အရာဟောင်း တစ်ခုကိုလည်း တွေ့ရှိရခြင်း ဖြစ်သည်။ တောင်ဘက်စွန်းမှာ မြို့ရိုးကုန်းတန်းရှည်ကြီး သည် အိမ်ရှေ့ပြင်ရွာအနီး ထန်းတောပြင်ချောင်း၌ အဆုံးသတ်ထားသဖြင့် မြောက်ဘက်မြို့ရိုးထိပ်ကိုလည်း တောင်ဘက်မြို့ရိုးထိပ်နှင့် မျဉ်းပြိုင်ထား၍ တွက်ယူရမည် ဆိုပါက မြို့၏ ဧရိယာသည် ဧက ၁၇၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ (၁၉၈၄ ခုနှစ် တနင်္သာရီတိုင်း မှတ်တမ်း အောက်တိုဘာလ ၁၅ ရက်)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်