ထားဝယ်ဆိုတဲ့ စကားက ဘယ်က ဆင်းသက်လာတာလဲ



ဒီမေးခွန်းကို မွန်သမိုင်းလေ့လာသူ ဝါသနာရှင်တစ်ဦးက ကျွန်တော်ကို မေးခွန်း လေးခု မေးပါတယ်။

ဒီမေးခွန်းက ပထမဆုံး မေးခွန်းပါ။
ဒီမေးခွန်းကိုပဲ အရင် ဖြေပါမယ်။ ထားဝယ်ဆိုတာ ဘယ်က မှ ဆင်းသက်လာတာ မဟုတ်ပါဘူး။ ယခင်ခေတ်ဦးက လူတွေက မူလကတည်းက ကိုယ့်ဟာကိုယ် အမည် သတ်မှတ် ခေါ်ဆိုကြတာပါ။ လူမျိုးစု အကြီးအကဲတစ်ဦးက  စတင် သတ်မှတ်လိုက်တာပါ။ ကျွန်တော်နည်းနည်း မေးချင် ပါတယ်။ စကားတလုံး ပညတ်တစ်ခုအတွက် အခြားလူမျိုးစု (သို့) ဘာသာစကား တစ်ခုခုစီကနေ ဆင်းသက်လာဖို့ လိုအပ်ပါသလား။ ကိုယ်တိုင် ပေးလို့ရော မရဘူးလား။ ဒါလေးတွေ ဖြေကြည့်စေချင်ပါတယ်။

ဒီမေးခွန်းနဲ့ ဆက်စပ်လို့ တွေးမိတာလေးတွေ ဆက်ပြော သွားပါဦးမယ်။ ဘာဖြစ်လို့များ စကားလုံးတွေကို ဟိုက ဆင်းသက်တယ် ဒီက ဆင်းသက်တယ်လို့  အတင်း ဆင်းသက် ခိုင်းချင် နေကြတာလဲ ကျွန်တော် နားမလည် ဘူး။

ကျွန်တော်တွေးမိတာ ဒီလို ဟိုကဆင်းသက်တယ် ဒီက ဆင်းသက်တယ် ဆိုတဲ့ အယူအဆဟာ လူမျိုးစု တစ်စုက သူ့ဆီမှာ မူပိုင် ဝေါဟာရ မတီထွင်နိုင်ဘူးဆိုတဲ့ သဘော (အလုံးစုံ မဟုတ်ပါ) ဖြစ်သွားမယ်လို့ မယူဆချင်ဘူးလား

ယခု မြန်မာပြည် ရုံးသုံးဘာသာစကားကို ဥပမာထားပြီး များပြားထင်ရှားတာကိုပြောရင် ၁၈ ရာစု ကနေ ၂၀ ရာစု ကြား ပညာရှင် ဆိုသူတွေက တရုတ်က ဆင်းလာတာ မွန် က ဆင်းလာတာ အိန္ဒိယက ဆင်းလာတာ တိဗက်က လာတာ စသည်ပေါ့ လျောက်ပြောသွားလိုက်ကြတာ ကျမ်း တွေမှဖြင့် အထူကြီးတွေ ဖြစ်ကုန်တယ်

အဲဒီဆင်းသက်လာတဲ့ ဝေါဟာရတွေက အနည်းအကျဉ်းဆို ဒီစကား ကျွန်တော် မပြောပါဘူး အခုဟာက ကျမ်းထူချက် တွေက စာအုပ်စင် ကျိုးကျလောက်တယ်။

တကယ်တမ်း အဲသလို ထောင်သောင်းချီအောင် ဆင်းသက်ကြေးဆို မူလပင်ရင်းစကား ဆိုတာ ဘာမှမရှိ တော့သလောက် ဖြစ်သွားမယ် ထင်ပါတယ်  အကြောင်းက ရှာရင်တွေ့တာပဲ မဟုတ်လားလေ။ အချိန်တစ်ခုပဲ ပေးရ တာပါပဲ။

နောက် မူလလူမျိုးစု ဘာသာစကားက နည်းပါးလွန်းတော့ အဲဒီလူမျိုးစုက နဗလိန်းတုန်းတွေ လို့ ဆိုလိုတဲ့ သဘော သက်ရောက်နေပြန်တယ်။ 

ပရိုင်းမိတ်ခေတ်ကနေ ပြန်စပြောရမလို ဖြစ်နေတာ ဟိုကဆင်း ဒီကဆင်းတယ် ဆိုတာ နည်းနည်းတော့ ချော်နေသလားလို့ပါ။

ကျွန်တော်တွေးတာ မှန်တယ်လို့ မဆိုလိုပါဘူး လွဲချင်လဲ လွဲနိုင်တာပဲ ကိုယ်သိမှီ ခဲ့တဲ့ ဟာတွေမှ မဟုတ်ဘဲ။

ဂုဏ်ငယ်တာ ပြောတာ မဟုတ်ပါဘူး မွေးစားတာက အဲသလောက်တောင် များနေရအောင်က မဟုတ်သေးဘူး ထင်တာပါ

ဥပမာ မွန် ဆိုပါစို့ သူဆီကနေ မြန်မာတွေ မွေးစားယူတယ် ဆိုတာတွေကတော့ ရှိမှာပါ ဒါက အထူးအဆန်းတော့ မဟုတ်ဘူးပေါ့

ဦးဖိုးလတ် မြန်မာစကားအဖွင့်ကျမ်း တစ်အုပ်ပဲ ကြည့်ပါဦး ဟိုကလာ ဒီကလာနဲ့ နည်းတာ မဟုတ်ဘူး  စကားလုံးတွေ မွေးစားလိုက်တာ 

အရာတစ်ခုခုကို အဲဒီ စကားလုံး ဝေါဟာရ အခေါ် မမွေးစားခင်တုန်းက မြန်မာတွေမှာ အခေါ်စကား မရှိ ဘူးလား ဆိုတာက စဉ်းစားသင့်တယ်  ထင်လို့ပါ

တိဗက်ကလာတဲ့ ဝေါဟာရ ဆိုတာမျိုး ဆိုရင် အဲလို မွေးစားယူနိုင်ဖို့ တိဗက်မှာ နေတဲ့ လူတစ်ဦး တစ်စု က ကူးသန်း သွားလာတာမျိုး ထင်ရှားရှိဖို့လိုမယ် မဟုတ်လား

အပြန်အလှန် သွားလာနေကြပြီလား ဆိုတာက တစ်ချက် စကားတစ်လုံး မွေးစားယူဖို့ ဆိုရင် အတော် ရင်းနှီး ကျွမ်းဝင်မှ သို့မဟုတ် ပြည်ပ သွင်းကုန် တစ်ခုခု ရှိမှ ဆိုတာက တချက် စဉ်းစားရမယ် ထင်ပါတယ်။

ပြည်တွင်းဖြစ်တွေဆိုရင်လည်း မွေးစားယူစရာ လိုလောက် အောင် မဖြစ်လောက်ပါဘူး အခေါ်တစ်ခုကတော့ ရှိမယ် ယူဆတာမျိုးပါ။

ဒီလိုပါပဲ ထဝယ် ဆိုတဲ့ စကားလုံးကလည်း ဘယ်ကမှ မဆင်းသက်ဘူး။ မူလ လူမျိုးစုတွေကနေ ကိုယ့်ဟာကိုယ် ဖန်တီးပြီး အမည်တစ်ခု ပေးလိုက်တာပါ။ ဒါရိုးရှင်းပါတယ်။
ကျွန်တော် ဒီလိုပြောတာကို မဟုတ်ဘူးလို့ အငြင်းထုတ်ချင် တယ်ဆိုရင် ဘာသာဗေဒ စကားရင်းမြစ်ပညာ စတာတွေနဲ့
ပညာရှင်တွေ လက်ခံနိုင်လောက်အောင် ပြပေးနိုင်ဖို့တော့ လိုပါတယ်။ ယုတ္တိမရှိတဲ့ ရှေးရှေးတုန်းက အတွေးအခေါ် တွေနဲ့တော့ ပြောလို့ လက်ခံမှာ မဟုတ်ပါဘူး။ အမည် တစ်ခု ဝေါဟာရ တလုံး သတ်မှတ်ဖို့ဆိုတာ သူများဆီက ဆင်းသက်လာရအောင်ထိ မလိုအပ်ပါဘူး။

နောက်မေးခွန်း တစ်ခုက ထဝယ် ဆိုတဲ့ စကားက ဘာပြော တာလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော် နောက်မှာ စကားရင်း မြစ်ပညာရပ်နဲ့ စစ်တမ်းလုပ်ပြီး ထဝယ်ဆိုတဲ့ စကားရဲ့ အနက် အဓိပ္ပါယ်ကို ဖော်ပြပေးထားပါတယ်။

တတိယမေးခွန်းက ထားဝယ်မှာ ပျူကျောက်စာ တွေ့ဖူးသလား လို့ မေးထားပါတယ်။

ထားဝယ်မှာ ပျူ ကျောက်စာ တွေ့ဖူးသလား ဆိုတော့ ကျောက်စာတော့ မတွေ့ရသေးပါဘူး ဒါပေမယ့် ကျောက်စာထက် ပိုခိုင်မာတဲ့ အရင်းအမြစ်ကျကျ ပျုစာ တွေတော့ ပေါပေါများ များတွေ့ရပါတယ်။

ကျောက်စာထက် ပိုခိုင်မာတယ် ပြောလို့ တလွဲတော့ မတွေးပါနဲ့။ ကျောက်စာဆိုတာက မြန်မာတစ်ဦးဟာ ဗုဒ္ဓဂယာမှာ သွားပြီး မြန်မာဘာသာထိုး ကျောက်စာကို သွားရောက် စိုက်ထူထားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာ ဟာ မြန်မာ ပိုင်နက် ဖြစ်ချင်မှ ဖြစ်မှာပါ။

ကျွန်တော်ပြောတဲ့ ကျောက်စာထက် ပိုခိုင်မာတဲ့ အရင်းအမြစ်ကျကျ ပျူစာတွေဆိုတာ အုတ်ခဲစာတွေကို ပြောတာပါ။ ဒီအုတ်တွေကို ဒီနေရာကပဲ ထုတ်ကြတာပါ။ ဒီအုတ်တွေမှာ ရေးထိုးထားတဲ့ ပျူစာ ဆိုတာလည်း ဒီနေရာက လူတွေ တတ်ကျွမ်းလို့သာ ရေးထားခဲ့တာပါ။ အုတ်ဖုတ်သမားတောင် စာတတ်နေမှတော့ မင်းစိုးရာဇာ အပြင် ကျန်တဲ့ လူတွေလည်း တတ်နေပြီလို့ ယူရမှာပါ။ ဒါကြောင့် ကျောက်စာထက် ပိုခိုင်မာတယ် အရင်းအမြစ် ကျတယ် ပိုတန်ဖိုးများတယ်လို့ ဆိုနိုင်ပါတယ်။ အုတ်ပိုင်းကျိုး တစ်ခုက စာတလုံး နှစ်လုံးစ ဆိုလို့ ပေါ့ပေါ့ လေး မထင်ပါနဲ့။ ဒီဟာရဲ့ တန်ဖိုးက အရင်းအမြစ်ကျတဲ့ သမိုင်းတန်ဖိုးတွေကို အများကြီး ပြောနိုင်ပါတယ်။
ဒီအုတ်တွေကို အခြားကနေ သယ်ယူလာတာ မဟုတ်တဲ့ အတွက် အရင်းအမြစ်ကျတာတွေပါ။ အုတ်ခွက်စာ ကြေးပြားစာ စဥ့်ကွင်းစာ ခေါင်းလောင်းစာ ကျောက်စာ တွေဟာ အခြားကနေ သယ်ယူလာတာပါလို့ ပြောနိုင် ပါသေးတယ်။ အုတ်ကတော့ နေရာတိုင်းမှာ ထုတ်လို့ ရတာ မို့ ဒါကို မဟုတ်ဘူး ငြင်းရင် ရူးလို့ ငြင်းတာပဲ ဖြစ်ပါလိမ့်မယ် လို့ပဲ ပြောရင်း ဒီမေးခွန်းအတွက် ဒီလောက်နဲ့ပဲ နားလိုက်ပါ
မယ်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်