ပေါရိသတ်မြို့ဟောင်းသို့ တစ်ခေါက်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့သို့ စာရေးသူ အနေဖြင့် သင်္ကြန်ကာလ တွင် ရောက်ရှိနေ ထိုင်ခဲ့ သည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်ပြီး ပြီးခဲ့သောနှစ် ပိုင်းများတွင် ကျောက်ခေတ်ဂူများ ကွင်းဆင်းလေ့ လာခဲ့မှုလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ယခုနှစ် တွင်တော့ အင်း လေးဒေသတွင် မြို့ဟောင်းများ ရှိသည်ကို သိရှိသူနည်း ပါးသော ရှေးမြို့တော်ဟောင်း များ နေရာသို့ ကွင်းဆင်းလေ့လာ လိုစိတ် ဖြစ်ပေါ် ခဲ့သည်။ အင်းလေးဒေသသို့ လာရောက် လည်ပတ် ကြသော ဧည့်သည်များအနေဖြင့်လည်း မိမိတို့ဖြတ် သန်း သွားလာနေကြသော ရွှေညောင်-ညောင်ရွှေ ကားလမ်းနေ ရာသည် ပေါရိသတ် မြို့ဟောင်း ကို ဖြတ်ဖောက်ထားကြောင်းကို ဒေသခံတချို့မှလွဲ၍ သိရှိသူနည်း ကြသည်။ ယခင်က စာရေးသူ ကိုယ်တိုင်ပင် မသိရှိခဲ့ပေ။ ယခု ကွင်းဆင်းလေ့လာခဲ့မှုများနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်မှ အရာထမ်း၊ အမှုထမ်းများ၏ တူးဖော်မှုများအရလည်း ပိုမိုသိရှိလာခဲ့ရသည်။ မြန်မာနိုင်ငံတွင် စာရေးသူတို့ မသိရှိသော မြို့ဟောင်းများစွာ ရှိကြပေသည်။ လက်လှမ်း မီသလောက်ကိုသာ ပြင်ပပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များ ကွင်း ဆင်းလေ့လာ မှု ပြုနိုင်ခဲ့ကြသည်။ စာရေးသူအနေဖြင့်လည်း ကြုံတုန်းကြုံခိုက် အချိန်တွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သိရှိစေ လိုသော ရည်ရွယ်ချက်ဖြင့် ကွင်းဆင်း၍ လေ့လာခဲ့ပြီး စာရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။
ပေါရိသတ်မြို့ဟောင်းကို တည်သည့်ခုနှစ် သက္ကရာဇ်နှင့် တည်သောသူတို့ကို မပြောပြနိုင်ကြပေ။ မြို့ဟောင်း သည် မြောက် လတ္တီတွဒ် ၂ဝ ဒီဂရီ ၄၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၆ မိနစ်တွင် တည်ရှိလေ သည်။ မြောက် ဘက်မြို့ရိုးနှင့် တောင်ဘက်မြို့ရိုး၏ အလျားမှာ မီတာ ၂၁၅ဝ (ကိုက် ၂၃၅ဝ)ခန့်စီ ရှိကြသည်။ အရှေ့ဘက်နှင့် အနောက်ဘက် မြို့ရိုးတို့မှာ မီတာ ၁၅၅ဝ နှင့် ကိုက် ၁၆၅၅ ခန့် စီရှိကြသည်။ မြို့ရိုးများမှာ လေးဘက်လေး တန်စလုံး ဖြောင့် စင်းသည်။ ကွေးဝိုက်သည့် ဝိုင်းသည့်နေရာ မတွေ့ရပေ။ မြို့ဟောင်းများ လည်း ကွေးဝိုင်းမှုမရှိပေ။ ထောင့်ချွန်း မြို့ထောင့်များပင် ဖြစ်သည်။ မြောက်ဘက်မြို့ရိုးကို ကားလမ်းမဖြတ် သွားသည့် နေရာသည် မြို့ဟောင်း၏ အရှေ့ မြောက်ထောင့်မှ မီတာ ၄၅ဝ (ကိုက် ၄၉ဝ) ခန့်တွင် ဖြစ်သည်။ ထိုကားလမ်းမ မြို့ရိုးကို ဖောက်ဝင်သည့်နေရာမှ အနောက်ဘက်သို့ (မီတာ ၄၅ဝ) ခန့် အကွာတွင်ပင် နန်းလက် ချောင်းခေါ် ချောင်းတစ်ချောင်းသည် မြောက်ဘက်မြို့ရိုးကိုဖြတ်၍ စီးဝင်သည်။
ယင်းနောက် မြို့ဟောင်း၏ တောင်ဘက်မြို့ရိုး၏ အလယ်ဗဟိုခန့်လောက်ရှိ အုတ်ဖိုရွာအနီး တွင် ဖောက်ထွက်သွားလေသည်။ နန်းလက်ချောင်း စီးထွက်သည့် နေရာ သည် တောင် ဘက်မြို့ရိုး ကို ဖောက်ထွက်သည့် ကားလမ်းနှင့် ၂၂၅ မီတာ ခန့်မျှ ကွာပေသည်။ ပေါရိသတ်မြို့ဟောင်း၏ မြို့ရိုးမှာ အုတ် မြို့ရိုးပင် ဖြစ်သည်။ မြောက်ဘက်ပိုင်း စစ်တပ် စခန်းချထားသည့် နေရာတစ်လျှောက်တွင် မြို့ဟောင်း အုတ်ရိုးမှာ တချို့နေရာ၌ ရှစ်ပေ၊ ပေ ၁ဝဝ ခန့်မျှ မြင့်သေးသည်။ သို့ရာတွင် အခြားဘက် မြို့ရိုးများမှာ များစွာနိမ့်လျှောခဲ့ သည်။ တောင်ဘက် မြို့ရိုး၏ အရှေ့ဘက်ပိုင်း တစ်ပိုင်းလုံးမှာ အုတ်ဖို ရွာမှ အရှေ့ဘက် ကန် ထောင့်ရွာသို့ သွားသည့် လှည်းလမ်း၊ ဆိုင် ကယ်လမ်း ဖြစ်နေလေသည်။ နိမ့်လျှော လျက်ရှိနေသည်။ မြို့ရိုးကို လှည်းလမ်း၊ ဆိုင်ကယ်လမ်းအဖြစ် အသုံးပြုထားသည်။ တောင်ဘက်မြို့ရိုးတစ်လျှောက် အုတ်ဖိုရွာ မှ အနောက်ဘက်သို့ ဆက်သွားလျှင် ထိုမြို့ရိုးအပိုင်းသည် ထင်ရှားဆဲပင်ဖြစ်သည်။ မြို့ ဟောင်း၏ အရှေ့ဘက်တွင် ရေကန်ကြီးတစ် ကန် ရှိသည်။ မြို့ရိုး၏ အရှေ့တောင် ထောင့်မှ ၄၂၅ မီတာ(၄၆၅ ကိုက်)ခန့် နေရာ မှစ၍ အရှေ့ဘက်မြို့ရိုးတစ်လျှောက်တွင် တည်ရှိ သည့် ရေကန်ကြီးတစ်ကန်ရှိပြီး မြို့ထောင့် များတွင် မြို့ထောင့်စေတီများကို မတွေ့ရပေ။
မြို့ဟောင်းဝန်းကျင်၌ တွေ့ရသည့် ရွာများမှာ မြောက်ဘက်တွင် ရဲနွယ်နှင့်တာယော၊ အရှေ့ဘက်တွင် စခမ်းကြီး၊ ကန်ထောင့်နှင့် ဥယျာဉ်ရွာ၊ တောင်ဘက်၌ လင်းဇင်းကုန်း၊ အုတ်ဖိုနှင့်လမ်းဆုံကျေးရွာများနှင့် အနောက် ဘက်တွင် ဘုရားနီကျေးရွာတို့ တည်ရှိကြသည်။ အရှေ့မြောက်ဘက်တွင် ရွှေညောင်မြို့ရှိပြီး အနောက်မြောက်ဘက်တွင် တောင် လေးလုံးရွာ၊ အရှေ့တောင်၌ ကန်ထောင့် ကျေးရွာတို့ တည်ရှိကြသည်။ မြို့ဟောင်း၏ တောင်ဘက်ပို၍ကျပြီး ကားလမ်းမပေါ် တွင် ရွှေရန်ပြေ ရှေး ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ဘုရားနှစ်ဆူရှိသည်။ ပြတင်းပေါက်များမှာ ဘဲဥပုံသဏ္ဌာန်မျိုးဖြစ် ပြီး ရှေးဟောင်းလက်ရာ အဆောက်အအုံတစ်ခု ဖြစ်သည်။
ရှေးဟောင်း လက်ရာမွန်တစ်ခုအနေဖြင့် မူမပျက် ထိန်း သိမ်းသင့်သည့် အဆောက် အအုံ တစ်ခု ပင် ဖြစ်ပါသည်။ မြို့ဟောင်း၏အတွင်း၌ နတ်စင် ကုန်းဟု ခေါ်သော ကုန်းယောင်ယောင် တစ်ခုရှိပါ သည်။ ထိုနေရာတွင် သစ်ပင်အုပ်တို့ဖြင့် သိပ်သည်း ထူထပ်စွာ ပေါက်ရောက်လျက်ရှိသည်။ ထို ဒေသခံတို့က တောထူ ထပ်စွာ ပေါက်ရောက် သော နေရာများကို ဖျက်ဆီးမှု၊ ခုတ်ထွင် ရှင်းလင်းယူမှု မရှိကြကြောင်း သိရသည်။ စာရေးသူက မြို့ဟောင်း ကို တောင်လေး လုံး ကျေး ရွာမှတစ်ဆင့် ဘုရားငါး ဆူရွာ၏ အရှေ့ တောင် ဘက်တွင် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ လ၌ ရှေးဟောင်း သုတေသနဦးစီးဌာနမှ တူးဖော်ထားသော မြို့ရိုး ဝင်ပေါက်နေရာအား သွားရောက်လေ့လာ ခဲ့သည်။ မိုးတွင်းအချိန်တွင် မြို့ဟောင်းနေရာကို သွားရောက် လေ့လာ ရန်မသင့်ပေ။ အဘယ်ကြောင့်ဆိုသော် အောက်ခံမြေမှာ ရွံ့စေးမြေအမျိုးအစားဖြစ်သောကြောင့် မိုးရွာလျှင် သွားလာရန် ခက်ခဲနိုင်သောကြောင့်ဖြစ်သည်။ နေရာအနှံ့ လယ်ယာမြေများဖြစ်၍ လယ်မရိတ်သိမ်းမီ သွားရေးလာရေး ခက်ခဲသည်။ လယ်ရိတ်သိမ်း ပြီးချိန်တွင် ထိုဒေသသို့ သွားရောက် လေ့လာမှုပြုရန် အကောင်းဆုံးအချိန် ဖြစ်သည်။
ပေါရိသတ်မြို့ဟောင်းသည် တခြားမြို့ ဟောင်းများနှင့်မတူ မှန်ကူကွက်ပုံသဏ္ဌာန်ရှိ သော မြို့ဟောင်းများထဲတွင် အကြီးဆုံး မြို့လည်းဖြစ်သည်။ ဧရိယာအားဖြင့် ၈၂၄ ဧက ခန့်ပင် ရှိပေသည်။ မြို့ဟောင်းမှာ တောင်ပိုင်း ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့ဟောင်းမှအပ အတော်အတန်ကြီးသည့် မြို့ဟောင်းကြီး တစ်မြို့လည်းဖြစ်သည်။ ကောင်းကင်ဓာတ်ပုံ မှ ကြည့်လျှင် မြို့ဟောင်းအရာများမှာ ထင်ရှားဆဲဖြစ်သည်။ မြို့ရိုးထောင့်များသည်လည်း ကွေးဝိုင်းသည့် ထောင့်များ မပါရှိဘဲ ဆောက် လုပ်မှုပုံသဏ္ဌာန်စနစ်မှာ အလွန်ရှေးကျလှ သည်ဟု မဆိုသာသော်လည်း တွေ့ရှိရသော အုတ်အမျိုးအစားမှာ လက်စင်းရာပါရှိပြီး အုတ်အတွင်းသားများတွင်လည်း စပါးခွံနှင့် ကောက်ရိုးမျှင်များ ပါရှိကြောင်းကို တွေ့ရ သည်။ ပေါရိသတ်မြို့ဟောင်း မှ မြေမီးဖုတ်အုတ် ခွက်များကိုလည်း တွေ့ရှိခဲ့ရ သည့်အပြင် ဗိဿနိုးမြို့ဟောင်းတွင် တွေ့ရှိခဲ့ရသော ဗုဒ္ဓ ဆင်းတုတော်ပုံစံကိုလည်း ဤမြို့ဟောင်းတွင် တွေ့ရှိခဲ့ရပေသည်။ ဤသို့သောအချက်များ ကြောင့် ပေါရိသတ်မြို့ဟောင်းကို စာရေးသူ အနေဖြင့် ပျူမြို့ဟောင်းဟု မဆိုလိုချင်ပေ။ ကျန်ရှိသော အထောက်အထားများ သိပ္ပံ နည်းကျ စမ်းသပ်စစ်ဆေးမှုများ အရသာလျှင် ခေတ်ကာလကို သတ်မှတ်သင့်ပေသည်။ သို့သော်လည်း ၎င်းမြို့ဟောင်းသည် ပျူမြို့တော်များနှင့် ကူးလူးဆက်သွယ်မှုတော့ရှိခဲ့နိုင် သည်ဟု တွေးထင် ယူဆမိ သည်။ ပေါရိ သတ်မြို့ ဟောင်းကိုလည်း မြို့ဟောင်းတောင်ဘက်မြို့ရိုး၏ အပြင်ဘက်၌ ကပ်လျက် ထင်ရှား သည့် ရှေးဟောင်းစေ တီကြီးတစ်ဆူဖြစ်သည့် ပေါရိသတ်စေတီကြီးကို အမှီပြု၍ မြို့ဟောင်း ရာကြီးကို ပေါရိ သတ်မြို့ဟောင်း ဟု ခေါ်ခြင်း ဖြစ်ပေသည်။
ထိုပေါရိသတ်ဘုရားကို ရှမ်းဘာသာဖြင့် မော်လီဆပ် ဝါး၊ နှီး၊ ဖျာတို့ဖြင့် ဆောက်လုပ်၍ ထုံးသုတ်၊ ထီးတော်တင်လိုက်သဖြင့် ခေါ် ဆိုခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။ ခေတ်ကာလရွေ့လျောလာသဖြင့် ပေါရိ သတ်ဘုရားဟုခေါ်ဆိုကြကြောင်း ဖောင်တော် ဦးစေတီသမိုင်း စာ-၄ တွင် တွေ့ရှိရပေသည်။ ပေါရိသတ်မြို့ဟောင်းတွင် ဒဏ္ဍာရီ ဆန်သော သမိုင်းကြောင်းတော့ရှိသည်။ သို့သော်လည်း ယခုထိုသမိုင်းကြောင်းကို ရေးသားဖော်ပြမှု မပြုလိုတော့ပေ။ ကွင်းဆင်းသက်သေသည် ပိုမိုပြီး ထိရောက်သော အရာဖြစ်ပေသည်။ ပစ္စုပ္ပန်တည့်တည့်ကြည့်၍ ဖော်ပြခြင်းက စာရှုသူများကို မျက်ဝါးထင်ထင် သိမြင်စေ နိုင်လိမ့်မည်ဟု ထင်မှတ်မိပါသည်။ ယခုအချိန်တွင် မြို့ဟောင်းထဲ၌ လူနေအိမ်ခြေများ၊ ဟိုတယ်များ၊ ကားလမ်းများကို များ ပြားစွာတွေ့ ရှိ နေကြရပြီ ဖြစ်ပါသည်။ အရှေ့ မြောက်ဘက် မြို့ရိုးထောင့်နှင့် တချို့နေရာတို့ တွင် ကျောင်း၊ ဇရပ်၊ ရိပ်သာများ တည်ဆောက် မှုများကို တွေ့ရှိရပါသည်။ ယခုအခါတွင် တော့ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနမှ စတင်တူးဖော်သုတေ သနပြုနေပြီ ဖြစ်ပါသည်။ ရပ်ရွာ၊ မြို့နေလူထု ကလည်း မိမိတို့ဒေသရှိ ရှေးမြို့ဟောင်းကြီး တစ်မြို့ တည်ရှိနေသည် ကို ရှေးဟောင်း အမွေ အနှစ်နေရာဒေသတစ်ခုအနေဖြင့် သိရှိပြီး မိမိရပ်ရွာ၊ မိမိမြို့ဂုဏ်ကို ပိုမိုတိုးတက်စည်ပင် ဝပြောအောင် ထိန်းသိမ်း ထားသင့် ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်