ရှေးဟောင်းအမွေအနှစ် လက်ကျန်တွေနဲ့ ဆက်ရန် ရှိသေးတဲ့ မြို့တွံတေး - Heritage from Ton Tay City

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိပြီး ခုတလော နိုင်ငံခြားသားခရီး သည်တွေ စိတ်ဝင် စားနေတဲ့ မြို့ လေးတစ်မြို့ ကို ရောက်ခဲ့ပါတယ်။ အဲဒီမြို့ ကတော့ ရန်ကုန်မြို့ကနေ ၁၉ မိုင်လောက် သာဝေးတဲ့ တွံတေးမြို့ပါပဲ။ ရှေးဟောင်း အ မွေ အနှစ်တွေနဲ့ မြန်မာ့ဗိသုကာ လက်ရာ စေတီ ပုထိုးတွေဟာ နိုင်ငံခြားသားတွေကို မျက်စိကျစေ ပါတယ်။ တွံတေးမြို့အကြောင်း ကို ပြောမယ်ဆို ရင်တော့ မြန်မာ့ရိုးရာ အိုး လုပ်ငန်းအကြောင်း ကိုလည်း ချန်လှန်ထား ခဲ့လို့ မရပါဘူး။ တွံတေးမြို့ကို လူသိများ ထင်ရှားစေတဲ့ အရာတွေထဲမှာ အိုးဖုတ်လုပ် ငန်းဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမဲ့ ခုအချိန်မှာတော့ တစ်ချိန်က အိုး မြို့တော်လို့ နာမည်ကျော်ခဲ့တဲ့ တွံတေးမြို့ မှာ အိုးလုပ်ငန်းဟာ တစ်စတစ်စ မှေးမှိန် ဖျော့တော့လာတာကို စိတ်မကောင်းဖွယ် ကြားသိနေ ပါတယ်။ အိုးလုပ်ငန်းတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတဲ့ အကြောင်းရင်းတွေ ထဲမှာတော့ လူတွေဟာ ရွှံ့မြေအိုးတွေကို အသုံးပြုမှု နည်းလာတာကြောင့်နဲ့ အိုးလုပ် တဲ့ ရွှံ့မြေသားတွေ ရှားပါးလာတာကြောင့် ဖြစ်တယ်လို့ တွံတေးဒေသခံတစ်ဦးဖြစ်တဲ့ ဦးလှမျိုးက ပြောပါတယ်။
''အိုးလုပ်ငန်းက ပေါ်လစီ မဖြစ် တော့ဘူး။ နောက်ပိုင်း အိုးလုပ်ဖို့ မြေကြီး တွေက ရှားလာ တယ်။ မြေဝါတွေ၊ တောင် မြေတွေက တူးရင်းကုန် သွားတယ်။ တူးပြန် တော့လဲ ဂဝံမြေတွေ များလာ တယ်။ ခေတ် အဆက်ဆက်က အိုးလုပ်ငန်းတွေ လုပ်လာ တော့ ဒီဘက်မှာ မြေလွှာတွေက သိပ်မရှိ တော့ဘူး။ ရှိတဲ့မြေကြီးတွေ ကလဲ ရှေးဟောင်း အဆောက်အအုံတွေ ရှိနေတော့ မရောင်း ရဲကြဘူး''လို့ သူက ပြောပါတယ်။ အိုးလုပ်ရာတွင် မြေဝါနှင့် မြေ နက် အမျိုးအစား များဖြင့် လုပ်ကိုင်ကြ ရပြီး မြေနက်မြေ ကိုရရှိရန် တွံတေးတူးမြောင်း ထဲမှ တူးရကြောင်း တွံတေးတူးမြောင်း ကမ်း ပြိုမှုတွေ ဖြစ်လာတဲ့အတွက် အာဏာပိုင် များက တားဆီးမှုတွေရှိလာပြီး တူးဖော်ခွင့် မရှိတော့ကြောင်း သူက ဆက်ပြောပါတယ်။ အိုးလုပ်ငန်းလုပ်ကိုင်ရန် နိုင်ငံ တော်အစိုးရက သတ်မှတ်ထားတဲ့ မြေနေ ရာမရှိကြောင်းနဲ့ အရင်က အိုးလုပ်ငန်း လုပ် ကိုင်တဲ့ အလုပ်ရုံပေါင်း တစ်ရာကျော်ရှိရာ မှ လက်ရှိအချိန်တွင် လေးငါးရုံလောက်သာ ရှိတော့ကြောင်း ဦးလှမျိုးက ပြောပါတယ်။ တွံတေးမြို့ကို လာရောက်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ အနေ နဲ့ လက်မှုလုပ်ငန်းများ၊ အိုးလုပ်ငန်းတွေကို လာရောက်လေ့လာကြပြီး အိုးလုပ်ငန်းတွေ ကို အရည်အသွေး ပိုမိုကောင်းမွန်တဲ့ အိုး အသေးစားများကို စဥ့်များဖြင့် လုပ်ဆောင် ကြရန် အကြံÓဏ် ပေးကြကြောင်း ဦးလှ မျိုးက ပြောပါတယ်။
''စဥ့်လုပ်ငန်း လုပ်ဖို့အတွက် နည်းပညာ လိုပါတယ်။ အင်းလေးဘက်မှာ တော့ စဥ့်အိုးလေးတွေလုပ်ပြီး ထိုင်းဘက် ကို ပို့တဲ့အတွက် ဝင်ငွေတွေ ရကြတယ်။ ကျွန်တော်တို့ဒေသအတွက် စဥ့်ပညာကို ပံ့ပိုးပေးနိုင်မယ့် အဖွဲ့အစည်းတွေ လိုပါ တယ်''ဟု ဦးလှမျိုးက ပြောပါတယ်။ တွံတေးမြို့မှာ တခြားလက်မှုပ ညာလုပ်ငန်းတွေ လေ့လာမယ်ဆိုရင်တော့ ပန်းကန်ပြားလုပ်တဲ့ လုပ်ငန်းနဲ့ ဝါးနဲ့ တောင်း ရက်တဲ့ လုပ်ငန်း၊ အမွှေးတိုင်လုပ်ငန်းလေး တွေကိုလည်း လေ့လာနိုင်ပါတယ်။ ''နိုင်ငံခြားသား ဧည့်သည်တွေ တွံတေးကို သွားမယ်ဆိုရင်တော့ အိုးလုပ် ငန်းလုပ်ကိုင်တဲ့ ရပ်ကွက်ရှိတယ်။ အဲဒီကို သွားကြတယ်။ အရင်တုန်းကဆိုရင်တော့ တစ်ရပ်ကွက်လုံး မြေအိုးတွေ လုပ်ကြတယ်။ အခုတော့ လေး၊ ငါးအိမ်လောက်ပဲ လုပ် ကြတော့တယ်''ဟု ဝါရင့် အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်ဦးညီညီက ပြောပါတယ်။ တွံတေးမြို့ကို သွားမယ်ဆိုရင် တော့ ပန်းဆိုးတန်းကနေ သင်္ဘောနဲ့ မြစ်ကို ဖြတ်ကူးပြီး ဒလမြို့ကနေတစ်ဆင့် လိုင်းကား၊ တက္ကစီတွေနဲ့ သွားလာနိုင်ပြီး နောက်တစ် လမ်းကတော့ လှိုင်သာယာကနေ ဘုရင့်နောင် တံတားကို ဖြတ်ပြီးလည်း သွားလာနိုင်ပါ တယ်။ သွားလာမှုအတွက် ကြာမြင့်ချိန်က တော့ တစ်နာရီခွဲ နှစ်နာရီလောက် ကြာမြင့် နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် အဆို တော်ကြီးဖြစ်သူ တွံတေးသိန်းတန် နေထိုင် ခဲ့တဲ့ တွံတေးမြို့မှာတော့ လူဦးရေ တစ်သိန်း ခွဲကျော် ခန့် နေ ထိုင်ပြီး လေ့ လာစရာတွေ အများကြီး ရှိနေပါတယ်။ တွံတေးမြို့၏ စီး ပွားရေးလုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းတွေကို အဓိက လုပ်ကိုင် ကြပြီး မွေးမြူရေးမှာတော့ ငါးမွေးမြူရေး လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြပါတယ်။ ငါးကန်လုပ်ငန်း လုပ်ကိုင်တဲ့အခါ ရာသီ ဥတုကြောင့် ငါးတွေ သေ ဆုံးခြင်း၊ ငါးအ စာ ဈေးနှုန်းတွေ ကြီးမြင့်ခြင်းတွေေ ကြာင့် ငါးလုပ်ငန်းရှင်တွေ အရှုံးပေါ်ကြပါတယ် လို့ ဒေသခံတချို့က ပြောပါတယ်။ တွံတေးမြို့မှာ တခြား လေ့လာ စရာတွေ အနေနဲ့ ကတော့ ရှေးဟောင်းအ မွေအနှစ် စာရင်းမဝင်သေးတဲ့ ရှေးဟောင်း ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ တွံတေးမြို့နယ် အတွင်းမှာ တလမြို့ဟောင်း၊ ပေါက္ခရဝတီ မြို့ဟောင်း၊ ခပင်းမြို့ဟောင်း၊ ကျိုက်ပါမြို့ ဟောင်းများ တည်ရှိနေပြီးတော့ မပြုပြင် ရ သေးတဲ့ စေတီပုထိုးပျက်ပေါင်း ၁ဝဝ ကျော် ရှိပြီးတော့ ရှေးသိမ်ဟောင်း ၁၇ ခုနှင့် ပျူ ခေတ် အသုံးအဆောင် ဆေး တံတွေ၊ ကြေး အသုံးအဆောင် စုတ်တံတွေနဲ့ ကြေးအနက် နဲ့ သွန်းလုပ်ထားတဲ့ ပေါ်တော်မူ ရုပ်ပွား တော်တွေကိုလည်း တွံတေးနယ်ထဲက တွေ့ ရှိထားပြီးဖြစ်တယ်လို့ တွံတေးရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီမှ သိရပါတယ်။
''ရွှေဆံတော်ဘုရားရဲ့ တစ်မိုင် ဝန်းကျင်အတွင်းက ဥယျာဉ်ခြံတွေ၊ မြို့ပေါ် ရပ်ကွက်တွေအတွင်းက ရှေးကျုံးနေရာမှာ ရှိတဲ့ ရှေးစေတီဟောင်းတွေက မထိန်းသိမ်း ရသေးဘူး၊ ရပ်ကွက်တွေထဲကို အိမ်နောက် ဖေးလမ်းကြားတွေ၊ လမ်းဘေးတွေမှာ ရှိ တယ်။ မပြုပြင်ရသေးတဲ့ ရှေးဟောင်းအဆူ ပေါင်း ၁ဝဝ ကျော်လောက်ရှိတယ်။ ဖျက် ပစ်တာတွေလဲ ရှိတယ်။ ပြန်သုံးနေတဲ့ သိမ် တစ်ခုကတော့ ကွမ်းခြံရပ်ကွက် ညောင်ဝိုင်း သိမ်တစ်ခုပဲ ရှေးဟောင်းသိမ် ဖြစ်ပါတယ်။ တရားဝင်ဧရိယာအဖြစ် မသတ်မှတ်ပေးသေး ဘူးဟု ဦးလှမျိုးက ပြောပါတယ်။ ရှေးဟောင်းအမွေအနှစ် စေတီ ငုတ်တိုလေးရဲ့ အပေါ်မှာ ကိုးတောင်ပြည့် စေတီငယ်လေးတွေကို ပြုပြင်မွမ်းမံပြီး တည် ထား ကိုးကွယ်ထားတာကိုလည်း တွေ့မြင် ခဲ့ရပါတယ်။ အဘိုးအဘွားတွေ လက်ထက် က စေတီတော်တွေကို လုံးလုံးမပြုပြင်နိုင် တာကြောင့် ထပ်မံမပျက်စီးအောင်ပြုပြင် မွမ်းမံပြီး ကိုးကွယ်ထားကြတယ်လို့ တွံတေး မြို့ ဒေသခံတွေဆီက သိခဲ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ တွံတေးမြို့ဟာဆိုရင် ရှေးမြို့ဟောင်း များစွာ တည်ရှိနေတဲ့ မြို့တော်တစ်ခုဖြစ်ပေ မယ့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်နိုင်ဖို့အရေး ကွင်းဆင်း သုတေ သနပြုဖို့ လိုအပ်နေသေးတဲ့ မြို့နယ်တစ်ခု ပဲဖြစ်ပါတယ်။ တွံတေးမြို့ ရွှေဆံတော်ဘုရား တစ်မိုင်ဝန်းကျင်အတွင်းမှာရှိတဲ့ နန်းတော် ရာကုန်းမှာလည်း နှစ်ပေါင်းများစွာ ကြာမြင့် ပြီး ပျက်စီး ယိုယွင်းနေပြီဖြစ်တဲ့ မထင်မရှား ရှေးဟောင်း အဆောက်အအုံ အပိုင်းအစ တချို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အ ပြင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းတွေမှာ စာရင်း ကောက်ယူထားတဲ့ ရှေးဟောင်းစဥ့် ဖိုပေါင်း ၂ဝဝဝ ကျော်ကို တွံတေးမြို့နယ်အ တွင်းမှာ တွေ့ရှိထားကြောင်း သိရပါတယ်။
တွံတေးမြို့နယ်အတွင်းမှာ ရှိတဲ့ ရွှေဆံတော်စေတီဘုရားနှင့် ကျွန်းတောရပ် ကွက်အတွင်းမှာရှိတဲ့ ရုပ်စုံဘုရားတို့ကို သမိုင်း စာများအရ ရှေးဟောင်းသုတေသနနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှု အမွေအ နှစ်အဖြစ် သတ်မှတ်ပေးထားပြီး ဖြစ်တယ် လို့သိရပြီး တွံတေးမြို့ စမ်းရွာက မောင်းတီး စေတီတော်ကို အနော်ရထာမင်း အုတ်ခွက် ဘုရားများ တွေ့ရှိခဲ့တာကြောင့် ပုဂံခေတ် လို့ မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံ ရှေးဟောင်း သုတေသနဌာနရဲ့ တူးဖော် သုတေသနပြုချက်အရ တွံတေး မြို့နယ် ကံကြီးကုန်းကျေးရွာက ရှေးဟောင်း စဥ့်ဖို နှစ်ဖိုနဲ့ ဖလှယ်ကြီးကျေးရွာက ရှေး ဟောင်း စဥ့်ဖိုတစ်ဖို စုစုပေါင်းသုံးဖိုကို အေ ဒီ ၁၇ ရာစုကလို့ ရှေးဟောင်းအမွေအနှစ် အဖြစ် သတ်မှတ်ပါတယ်။ ရှေ့ဟောင်းသုတေသနနဲ့ အမျိုး သားပြတိုက် ဦးစီးဌာနက သတ်မှတ်ထား တဲ့ စေတီပုထိုးတွေအပြင် နောက်ထပ် ဌာန က မသတ်မှတ်၊ မဖော်ထုတ်ရသေးတဲ့ နေ ရာတွေကို သတ်မှတ်နိုင်ဖို့အတွက် နိုင်ငံတ ကာ ပညာရှင်တွေ၊ သက်ဆိုင်ရာဌာနတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဆောင်ရွက်သွား မယ်လို့ သိရပါတယ်။ ''တွံတေးတောကြီးတန်း ရွှေဆံ တော်ဘုရားရဲ့တစ်မိုင်ဝန်းကျင်မှာ ရှေးဟောင်း သုတေသနဌာန နဲ့ နိုင်ငံတကာ ပညာရှင် တွေ၊ ကျွန်တော်တို့အဖွဲ့ရယ် ပူးပေါင်းပြီး တိမ်မြုပ်နေတဲ့ ဓမ္မစေတီမင်း လက်ထက်က မဖော်ထုတ်ခဲ့ရသေးတဲ့ ရှေးဟောင်း သိမ် ဟောင်းတွေ၊ စေတီပုထိုးဟောင်းတွေ၊ ရေ တွင်း၊ ရေကန်ဟောင်းတွေကို ဖော်ထုတ် မယ်''လို့ ဦးလှမျိုးက ဆိုပါတယ်။
လက်ရှိမှာတော့ ရှေးဟောင်းအ မွေအနှစ်အဖြစ် သတ်မှတ်နိုင်တဲ့ အဆောက် အအုံ၊ သိမ်၊ စေတီ၊ ဘုရားရုပ်တုတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်မှုတွေ လုပ်နေ ပြီး သက်ဆိုင်ရာဌာနတွေကို တင်ပြသွားဖို့ အတွက် စာတမ်းရေးသားနေတယ်လို့ တွံ တေး ရှေးဟောင်းအမွေအနှစ် စောင့်ရှောက် ရေးအဖွဲ့က ဆိုပါတယ်။ ''စာတမ်းထဲမှာ ပါဝင်တဲ့အချက် တွေက တွံတေးမြို့မှာ အမွေအနှစ် ထိန်း သိမ်းတဲ့ နေရာမှာဆိုရင် သဘာဝ အမွေအ နှစ်တွေ ဖြစ်မယ်။ သစ်တောတွေ ပါမယ်။ ယဉ်ကျေးမှု အမွေအနှစ်ဆိုရင် ရှမ်း၊ ကရင် လူမျိုးတွေရဲ့ ရိုးရာပွဲတော်တွေ၊ ဓလေ့တွေ၊ ရိုးရာစကားတွေကို ဖော်ထုတ်မယ်''ဟု ဦးလှ မျိုး ကဆိုပါတယ်။ ''တွံတေးမြို့ထဲက ရှေးဟောင်း အမွေအနှစ်တွေရှိတဲ့ နေရာတွေကို ပိုင်ဆိုင် နေတဲ့ ဒေသခံတွေအနေနဲ့ လှူချင်လဲလှူ ဒါန်းလို့ရအောင် မေတ္တာရပ်ခံပါမယ်။ ဒါမှ မဟုတ်ရင် နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ရှေးဟောင်း အမွေအနှစ် ကာကွယ်ထိန်း သိမ်းရေးနှင့် စောင့်ရှောက်ရေးဥပဒေကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၂ဝ ရက်မှာ နိုင်ငံတော် သမ္မတ က ပြဋ္ဌာန်းထားတဲ့ ဒီဥပဒေကို ကျေး ရွာမှာ ဖြန့်ဝေမယ်ဆိုရင် ကိုယ့်ကျေးရွာမှာ ရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ထိန်း သိမ်းကာကွယ်မှုကို မျက်ဝါးထင်ထင် သိပြီး စိုးရိမ်ကြောင့်ကြမှု မရှိနိုင်တော့ဘူး။ အခုကျ တော့ အဲဒီလိုမရှိတော့ သူတို့ခြံမြေကို သိမ်း မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြစိတ် ရှိနေကြ တယ်။ ဒီဥပဒေကို သိရင်တော့ ရှေးဟောင်း ပစ္စည်းကို ကိုယ်ပိုင်လဲ ထိန်းလို့ရတယ်။ အ များပိုင်လဲ ထိန်းသိမ်းလို့ရတယ်''လို့ ဦးလှ မျိုးက ဆက်ပြောပါတယ်။
တွံတေးမြို့ကို ရှေးဟောင်းသုတေ သနက တာဝန်ရှိသူများနဲ့ နိုင်ငံတကာ ရှေး ဟောင်းသုတေသန ပညာရှင်တွေ လာရောက် လေ့လာတာတို့ မှတ်တမ်းတင်တာတို့ကို ပြု လုပ်လာကြပါတယ်။ တစ်ချိန်ချိန်မှာတော့ တွံတေးမြို့ရဲ့ သမိုင်း ရာဇဝင်ကို ဖော်ထုတ် နိုင်မှာဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်း မိမိ တို့ဒေသကို ဂုဏ်ယူကြတော့မှာ ဖြစ်ပါတယ်။ ''ရှေးသုကနေ သုတေသန လုပ် ပြီး စစ်ဆေးမှုတွေ လုပ်နေကာ ရှေးဟောင်း အမွေအနှစ်မြို့အဖြစ် သတ်မှတ်ပေးနိုင်ရင် တော့ ခရီးသွားလုပ်ငန်းပါ ဖွံ့ဖြိုးလာပါလိမ့် မယ်။ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စား တဲ့ အိုးလုပ်ငန်းတွေ ရပ်တန့်သွားပေမယ့်လဲ တစ်ဖက်ကနေ ရှေးဟောင်း အမွေအနှစ် တွေကို လာရောက်လေ့လာ နိုင်ပါသေးတယ်'' လို့ ဦးလှမျိုးက ဒေသအတွက် ခံစားချက်ကို ပြောပြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အိုး မြို့တော်က အိုးလုပ်ငန်းတွေ ရပ်တန့်သွား တာကတော့ အနှစ် ၂ဝ ကျော် ကြာခဲ့ပါပြီ။ ဒါပေမဲ့ လက်ကျန်အိုး အလုပ်ရုံတွေကိုတော့ ဓာတ်ပုံဆရာတွေ၊ မှတ်တမ်းတင် ရိုက်ကူးမှု တွေ လာရောက်ရိုက်ကူးလေ့ရှိပြီး တွံတေးရဲ့ အိုးလုပ်ငန်းကတော့ နာမည် ကျန်ရစ်ခဲ့ပါ သေးတယ်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်