ထားဝယ်သမိုင်းကို လေ့လာတဲ့အခါမှာ ကိုးကားစရာ အလွန့်အလွန်ကို ရှားပါးလွန်းလှတယ်။ ဘယ်လောက်ထိ ရှားသလဲ ဆိုရင် လက်ချိုးရေလို့ရလောက်အောင်ကို ရှားပါ
တယ်။ ထားဝယ်လူမျိုး စာရေးဆရာ တစ်ရာကျော် ရှိပါ တယ်။ သမိုင်းစာပေ ရေးသားသူကတော့ တဆယ် မပြည့် ပါ။ သမိုင်းလေ့လာသူ ရေးသားသူ အင်မတန် နည်းပါး ပါတယ်။ ရေးခဲ့တာတွေကရော သမိုင်းစစ်စစ် တွေ လားဆို မဟုတ်ပါ။ ရာဇဝင်စာပေများသာ ရှိပါတယ်။ ရာဇဝင် ကတော့ဖြင့် ရှေးမူအရ ထားကြပါဦးစို့။ နောက် ထပ် ရေးသားသူ သမိုင်းဆရာများသည်လည်း ရာဇဝင်ကို အရမ်းကြီး အကိုးအကားပြု ရေးသားထားကြတာကို တွေ့ ရပါ တယ်။ ရာဇဝင်ဘောင်ထဲမှာပဲ ချာလပတ်လည်နေတာ ကို တွေ့ရပါတယ်။ ထိုရာဇဝင်များ မှန်၏ မှား၏ စစ်ဆေး ခြင်း မရှိတော့ဘဲ ရာဇဝင်လာ စာများအတိုင်း မှီငြမ်း ကိုးကား ရေးသားကြတာတွေ့ရပါတယ်။ အခုချိန်ထိ ထိုနည်းနှင်နှင် စာအုပ် စာတမ်းများကိုသာ တွေ့နေရပါ တယ်။ ဒီတော့ အမှားကြာတော့ အမှန်လို ဖြစ်လာခဲ့ရတာ တွေ ရှိနေပါတယ်။ ရှိခဲ့တယ်။ ရာဇဝင်ကို မယုံကြည်သဖြင့် သမိုင်းပညာ ပေါ်ပေါက်လာခြင်းဖြစ်ရာ ရာဇဝင်လာ အချက်အလက်များကို ပြည်တွင်းပြည်ပ ခေတ်ပြိုင် အထောက်အထားများနှင့် စနစ်တကျ စစ်ဆေးအတည် ပြုပြီး တတ်အားသမျှ သမိုင်းစံမှီ သော စာအုပ်စာတမ်းများ ပေါ်ထွန်းလာရန် ကြိုးပမ်းသင့်သည်ဟု မြင်ပါသည်။
ရှေးဆရာများကို စော်ကားလိုခြင်း အပြစ်တင်လိုခြင်း သဘော မဟုတ်ပါ။ ထိုဆရာတို့ဖြင့် ကျေးဇူးဖြင့်သာ ဤသို့ သိမြင်လာရခြင်းဖြစ်ပါသည်။ ထိုအတွက် ဂါရဝထား ပါသည်။ ရိုလေသေစားပါသည်။ ယခု ကျွန်တော့် ဆိုလိုရင်း မှာ ကျွန်တော်တို့ ထားဝယ်တွေရဲ့ အားနည်းချက်ကို မြင်
သာစေရန် အကျိုးအပြစ်ကို ပြဆိုလိုရင်း ကောင်းစေလို သော စေတနာမှန်ဖြင့် ပြောဆိုခြင်းသာဖြစ်ပါသည်။ ပညာ ရှင် ပညာတတ်များဖြစ်ကြသော ရှေးဦးဆရာများမှ ဆိုလို ရင်းကို သိနားလည်စွာဖြင့် နားလည်ခွင့်လွှတ်ကြလိမ့်မည် ဟု ယုံကြည်ပါသည်။
လူမျိုးတစ်မျိုး ဒေသတစ်ခု၏ သမိုင်းကြောင်းသည် အလွန် အရေးကြီးပါသည်။ အရေးကြီးသည့် အလျောက်လည်း စံချိန်မှီ မှတ်တမ်းများ ရှိဖို့လိုသည်။ သမိုင်းကြောင်းဟူသည် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ရေးသား ဖော် ထုတ်၍ ရသော အရာမဟုတ်ပေ။ သူတွေ့တာ သူရေး ငါတွေ့တာ ငါရေးစသဖြင့် မှတ်တမ်းတင်ထားကြရာမှ ခိုင်မာသော သမိုင်းကျမ်း တရပ် ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ ငါနားမလည်၍ မမှတ်ထားဘူး ငါနဲ့ မဆိုင်လို့ မလုပ်ဘူး ဆိုပါလျှင် များမကြာမီအတွင်း ကိုယ့်သမိုင်းကို သူများ လာရေးသွားပါလိမ့်မည်။ ထိုသို့ အရေးခံခဲ့ရသည် မှာလည်း ကြာခဲ့ပြီ ဖြစ်သည်။ ထိုသို့ အရေးခံရခြင်းသည် ကိုယ်ညံ့၍ ဖြစ်သည်။ ထိုသို့ မဖြစ်စေရပါ။ ကိုယ့်သမိုင်း ကိုယ်ရေးနိုင်အောင် ကြိုးစားဖို့ လိုပါသည်။ သူတပါးနှပ်ချလို့ နှပ်ချခံရမှန်းမသိ အမှန်ထင်နေကြရသည် ဆိုပါလျှင် ကောင်းနိုင်ပါမည်လား။ မိမိတို့ အကျိုး ရှိပါမည်လား။
ကျွန်တော်တို့ ထားဝယ်များသည် အနေအေးဆေးသည်။ ရှုပ်ရှုပ်ရှက်ရှက် မလုပ်တတ်။ ဟောင်ဘွာ ဟောင်ဘွာ မလုပ်တတ်။ အရှုပ်အထွေးများမှ လွတ်လွတ်ကင်းကင်း နေထိုင်လိုကြသော သဘာဝ ရှိကြသည်။ ဘယ်သူ ဘာလုပ်လုပ် အရေးတကြီး မဖြစ်မနေ လိုအပ်သည် မဟုတ် လျှင် ပါဝင်လေ့ မရှိကြ။ စိတ်ဝင်တစား စပ်စုတတ်သည်မျိုး နည်းပါးလှသည်။ ထိုကြောင့်ပင်လည်း ကိုယ့်သမိုင်းကို သူများ ရေးချင်တာ ရေးခံခဲ့ရသည်။ ကျွန်တော်တို့ ထားဝယ် များ၏ အားနည်းချက်သည် ရှုပ်ရှုပ်ရှက်ရှက် မလုပ်လိုခြင်း ပင်ဖြစ်သည်။ သူတပါးထံ သွားရောက် စွက်ဖက်ခြင်း အလျဉ်း ကင်းကြသည်။ ထိုအားနည်းချက်သည် ဟာကွက် ဖြစ်ပေါ်စေနိုင်သည်။ ဖြစ်ပေါ်စေခဲ့သည်။ ထိုအချက်ကို သတိမူကြဖို့ လိုအပ်ကြပြီ ဖြစ်သည်။ ယခုခေတ်တွင် ယခင် ကာလအတိုင်း ပြီးပြီးရော နေ၍ မဖြစ်တော့ပေ။ မိမိကျွမ်း ကျင်ရာ နယ်ပယ်မှ နေ၍ မိမိလူမျိုး မိမိဒေသ၏ အကျိုးကို တတ်အားသရွေ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါပြီ။
ဤ စာအုပ်ပါ အချက်အလက်များသည် တစ်ဦး တစ်ယောက်ကို ရည်ရွယ်၍ သော်လည်ကောင်း အစုအဖွဲ့ တစ်ခုခုကို ထိခိုက်နစ်နာစေရန် သော်လည်းကောင်း ပဋိပက္ခ ဖြစ်စေနိုင်သော အကြောင်းအချက်များ ဖြစ်ပွား ပေါ်ပေါက်စေရန်သော်လည်းကောင်း ရေးသားထားသည် မဟုတ်ပါ။ သမိုင်းပညာရှု့ထောင့်မှ သမိုင်းပညာစံသဘော အရ ပညာရပ်အပေါ် ရပ်တည်ပြီး ရေးသားထားချက်များ သာ ဖြစ်ပါသည်။
ထားဝယ်သမိုင်းကို ရေးသားဖော်ပြရာတွင် ထားဝယ် သမိုင်းသီးခြား ရေးသားဖော်ပြပါမူ ရှင်းလင်း မှန်ကန်သော သမိုင်းတရပ် ထွက်ပေါ်လာနိုင်ခြင်း မရှိပါ။ အဘယ်ကြောင့် ဆိုသော် ထားဝယ်ကို ယိုးဒယားက ပိုင်သည်။ မွန်က ပိုင် သည်။ ရခိုင်က ဆင်းသက်လာသည်။ စသဖြင့် ယခင့် ယခင် ကာလများကတည်းက ဆိုစမှတ်ပြုခဲ့ကြသည်များ ရှိခဲ့ကြသည်။ ရေးသား ဖော်ပြခဲ့ကြသည်။ ထိုသို့ ပြောဆို ချက်များသည် အမှန်ဟုတ်ပါရဲ့လားဟူ၍ အကျယ်တဝင့် ဆန်းစစ် ဖော်ထုတ်ပြခဲ့သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။
ထိုသို့သော သမိုင်းစကား ရာဇဝင်စကား အရှုပ်အထွေးများ
များပြားလွန်းလှသဖြင့် ထားဝယ်သမိုင်းကို ရေးသားရာတွင် ထားဝယ်သမိုင်းကို ကွက်၍ သီးခြား ရေးသားဖော်ပါလျှင် ကနဦး ရှင်းလင်းချက်များ မပါရှိသော် နားလည်ကြဖို့ရာ မလွယ်ကူပါ။ သို့ဖြစ်ပါ၍ ထားဝယ်သမိုင်းတွင် လာရောက် ရောယှက်လျှက်ရှိသော ဆက်စပ်ရာ ရာဇဝင်သမိုင်း အား လုံးကို ခြေခြေမြစ်မြစ် သိနားလည်နိုင်ရန်နှင့် ထိုရာဇဝင် သမိုင်းတို့လာ စကားရပ်များ မှန်ကန်မှု ရှိမရှိကို သမိုင်း ပညာရပ်စံအပေါ်တွင် ရပ်တည်၍ မထောက်ညှာဘဲ စီစစ် တင်ပြထားခြင်းသာ ဖြစ်ပါသည်။
စစ်မှန်သော သမိုင်းတရပ်သည် အစစ်ဆေးခံနိုင်သည်။ မစစ်မှန်သော သမိုင်းလုပ်ဇာတ်များသည် အစစ်အဆေး မခံနိုင်။ မိမိတို့ သမိုင်း စစ်မှန်သည် မစစ်မှန်သည်ကို ငါ့စကားနွားရ ပြောဆို၍ မရပါ။ အချက်အလက် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တင်ပြရမည်သာ ဖြစ် ရာ မခိုင်မာသော သမိုင်းအချက်အလက်သည် ထုံးအိုးထဲ ရောက်သွားမည်သာ ဖြစ်ပါသည်။
မြန်မာ မွန် ရခိုင် ထားဝယ် စသော ရာဇဝင်သမိုင်း အရပ် ရပ်လာ စကားများ မှန်ကန်မှု ရှိမရှိ အရင် မရှင်း လင်းပဲ ထားဝယ်သမိုင်းကို မည်သို့မှ ရေး၍ အဆင်မပြေပါ။
ဆက်လက်၍ မှားယွင်းစွာ ဖော်ပြနေကြဦးမည်သာ ဖြစ် သည်။ ထိုကြောင့် ထားဝယ်သမိုင်းနှင့် ဆက်စပ်ပါ ရာဇဝင် သမိုင်း တို့ကို ပထမဦးစွာ စီစစ် တင်ပြရပါသည်။ ရာဇဝင် လုပ်ဇာတ် သမိုင်းလုပ်ဇာတ်များကို အရင် ရှင်းလင်းတင်ပြ ရပါသည်။
ဤစာအုပ်တွင် မြန်မာနိုင်ငံသမိုင်းတွင် အမှားကြာ၍ မှန် သယောင် ဖြစ်နေသော ထိုးဇာတ် လုပ်ဇာတ် ရာဇဝင်မှား သမိုင်းမှားများကို ထားဝယ်သမိုင်းနှင့် ဆက်စပ်သမျှ ရာဇဝင် သမိုင်းတို့၏ ချွတ်ချော်ချက်များကို လက်လှမ်း မှီသမျှ ရှင်းလင်းစွာ မြင်ရပါလိမ့်မည်။ ပြီးပြည့်စုံပြီ မဟုတ်ပါ ။ ဤစာအုပ်သည် ထားဝယ်သမိုင်း၏ အခြေခံ စာအုပ်မျှ သာ ဖြစ်ပါသည်။ ဆက်လက်၍ အမှားပြင်ဆင်ခြင်း အသစ် တွေ့ရှိချက်များ ဖြည့်သွင်းခြင်းများ ဆက်ဆက်၍ ပြုလုပ် သွားရမည်သာ ဖြစ်သည်။ ထိုမှသာ တစ်စတစ်စနှင့် ပြည့်စုံ လာမည်။ ပိုမိုခိုင်မာ လာမည် ဖြစ်ပါသည်။
ကျွန်တော်တို့၏ တောင်ပိုင်းတိုင်းသည် သဘာဝသယံဇာတ ပေါကြွယ်သကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော တိုင်းတစ်ခု ဖြစ်ပါသည်။ တူးဖော်ဆောင်ရွက် မှုများ များများစားစား မရှိသေးသည့်ကြားမှပင် ကျွန်တော် တို့ တိုင်းတွင်းတွင် ကျောက်ခေတ်မှသည် ဗုဒ္ဓခေတ် ပျူ ခေတ် ပုဂံခေတ် စသည့် ခေတ်အဆက်ဆက် သမိုင်း အထောက်အထားများ မြင်တွေ့ရပြီး ဖြစ်သည်မှာ အထင် အရှား ဖြစ်ပါသည်။ တူးဖော်ဆောင်ရွက်မှုများပြု၍ ပညာရှင် များ စနစ်တကျ လေ့လာမှတ်တမ်းတင်ကြပါမည် ဆိုပါ လျှင် ပြည်မ ပျူမြို့ဟောင်းများကဲ့သို့ပင် တနင်္သာရီပျူ မြို့ ဟောင်းတို့သည်လည်း များစွာသော သမိုင်းအထောက် အထားတို့ဖြင့် နိုင်ငံတော်သမိုင်း၏ လစ်ဟာကွက်များကို ဖြည့်ဆည်းပေးနိုင်မည်မှာ အမှန်ပင် ဖြစ်သည်။ ပညာရှင် ဆရာများကိုလည်း စောင့်မျှော်နေပါသည်။
ကျွန်တော့် အမြင်အားဖြင့် ဆိုရပါမူ အနောက်ဘက် ရခိုင် ဓညဝတီနှင့် တောင်ပိုင်း တနင်္သာရီတိုင်း မြို့ဟောင်းများကို တူးဖော်ခြင်း မပြုဘဲ မြန်မာနိုင်ငံတော် သမိုင်းကို ရေးမည် ဆို၍ ပြည့်စုံနိုင်မည် မထင်ပါ။ ပြည့်စုံသည့် အမှန်သမိုင်း တရပ် ဖြစ်လာဦးမည် မဟုတ်ဟု ယူဆမိပါသည်။ တောင် ပိုင်းတိုင်းသည် ရှေးကာလများကတည်းကပင်လျှင် လျည် လျားသော ကုန်သွယ်လမ်းမအတွင်း တည်ရှိနေသည့် ဆိပ်ကမ်းမြို့များ ဖြစ်နေသည်ကပင် စည်ကားသိုက်မြိုက် ရာနေရာ ဖြစ်ကြောင်း ဖော်ပြနေသည် ဖြစ်ရာ ပြည်မနှင့် မခြား သမိုင်း အထောက်အထားများ များစွာရနိုင်သည့် အပြင် ထူးခြားသည့် တွေ့ရှိချက်များလည်း တွေ့ရလိမ့်မည် ဟု ယုံကြည်ပါသည်။
ယခုကာလတွင် တောင်ပိုင်းတိုင်းအတွင်းတွင် လုံးဝ မတူး ဖော်ရသေးသည်နှင့်မခြား မြေစမ်းခရမ်းပျိုး အဆင့်မျှ လောက်ဖြင့်သာ ရှိနေသေးသည့် တိုင်အောင်ပင်လျှင် ရှေးဟောင်း ယဉ်ကျေးမှု အမွှေအနှစ်များများစွာ ရရှိထား ပြီး ဖြစ်ရာ စနစ်တကျ တူးဖော်ဆောင်ရွက်နိုင်ပါမူ နိုင်ငံ တော် အတွက် များစွာ အကျိုးများနိုင်ဖွယ် ဂုဏ်မြင့်ဖွယ် ရှိပါသည်။ ထိုကြောင့် တူးဖော် ဆောင်ရွက် လေ့လာ မှတ်တမ်း တင်စေလိုပါသည်။ ယခုသော်ကား မွေးစားသား အလား ပစ်ပယ်ထားသည့်အနေ ဖြစ်နေပါသဖြင့်လည်း များစွား စိတ်မကောင်းဖြစ်ရပါသည်။ ကိုယ့်ဒေသသမိုင်း ဖော်ဆောင်လိုသဖြင့် အတ္တဖြင့် ဆိုလိုခြင်း မဟုတ်ပါ။ မည်သည့်နေရာတွင် တူးဖော်သည် ဖြစ်စေ နိုင်ငံတော် သမိုင်းသာဖြစ်ရာ နိုင်ငံတေိာအတွက် လစ်ဟာနေသော လိုအပ်ချက်ကို ဖြည့်ဆည်းလိုရင်း ဖြစ်ပါသည်။ ထပ်တလဲ လဲ ကြိမ်ဖန်များစွာ တူးဖော်ပြီး ပီပြင်နေပြီဖြစ်သော နေရာ ဒေသများကို ခတ္တနား၍ မတူးဖော်ရသေးသော ဒေသများ တွင် တူးဖော်စေချင်သည်။ ထိုသို့ မတူးဖော်နိုင်သဖြင့် အကြောင်းအမျိုးမျိုးနှင့် ဆုံးပါး ပျက်စီးပေါင်း များခဲ့သည် မှာ လည်း အားလုံး အသိပင် ဖြစ်ပါသည်။ ထိုကြောင့် အလှည့် တဖန် ပေးစေလိုခြင်းလည်း ဖြစ်ပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်