မုတ္ထီး

မုတ္ထီးမြို့ဟောင်း

မုတ္ထီးမြို့ဟောင်းသည် ထားဝယ်မြို့က တောင်ဘက် ၆ မိုင်ခန့် အကွာ ထားဝယ်မြိတ်ကားလမ်းပေါ်တွင် ရှိသည်။
ယခုလက်ရှိ ထားဝယ်မြို့နယ် ရှင်မုတ္ထီး ကျေးရွာတွင် တည် ရှိသည်။

မြို့ရိုးပုံသည် သာဂရ မြို့ဟောင်းလောက် ရှေးမကျဟု ဆိုသော်လည်း အခြားတွေ့ရှိချက် အထောက်အထားများ က ပုဂံခေတ် မတိုင်မှီ ရှေးဦးမြန်မာနိုင်ငံခေတ်ကိုပင် ဖော် ညွှန်းနိုင်သည့် မြို့ဟောင်းနေရာ ဖြစ်သည်။

ကောင်းကင်ဓါတ်ပုံတွင် ထင်ရှားစွာ မြင်ရသကဲ့သို့ အထောက်အထား အရာဝတ္ထုများ တော်တော်များများ ရခဲ့ဖူးသော မြို့ဟောင်းနေရာ ဖြစ်သည်။ မြို့ပုံသဏ္ဍာန်မှာ စတုဂံပုံ ဖြစ်ပြီး မြို့ရိုး သုံးထပ် ရှိသည်။ သို့သော် မြို့ရိုး ထောင့်များသည် ထောင်မှန်မကျချေ။ ထူးခြားချက်မှာ မြို့၏ အရှေ့ဘက် တောင်ကုန်းပေါ်တွင် တည်ရှိသည့် ဘုရားပုထိုးများကို ရစ်ပတ်ကာပြီး မြို့တံတိုင်းကို မြုံ၍ တည်ထားခြင်း ဖြစ်သည်။ အနောက်ဘက်မြို့ရိုးမှတပါး ကျန်မြို့ရိုးများကို ကောင်းစွာ မြင်ရသေးသည်။ အနောက် ဘက် မြို့ရိုး၏ ကျုံးရာမှာ ကျန်သေး၍ မှန်းဆနိုင်သည်။
ထားဝယ်မှ မြိတ်သို့ သွားသော ကားလမ်းသည် မြို့ဟောင်း ၏ အနောက်ဘက်ပိုင်း ၃ ပုံ တစ်ပုံခန့်တွင် မြောက်ဘက် မြို့ရိုးနှင့် တောင်ဘက်မြို့ရိုးကို ဖြတ်သွားသည့် မြို့ဟောင်း အတွင်း ကားလမ်းပေါ်တွင် လက်ရှိ ရှင်မုတ္ထီးဘုရားသည် လည်း မြို့ဟောင်းရာအတွင်း တည်ရှိသည်။

ထူးခြားချက်တစ်ခုမှာ မြို့တစ်ဝက်ကို တောင်နှင့် မြောက် ကန့်လန့်ဖြတ်ထားသော ကျုံးနှင့် မြို့ရိုးတစ်ခုကို တွေ့ရ သဖြင့် အတွင်းမြို့နှင့် အပြင်မြို့ဟူ၍ ခွဲခြားထားလေသလား
သို့မဟုတ် ယခင်က ယခုမြို့ဟောင်းထက် စောစွာ တည်ခဲ့ သော မြို့ဟောင်းမှကျုံးလေလား စဉ်းစားစရာ ရှိသည်။
အတွင်း အပြင်ခွဲသည်ဆိုသည့်အချက်က သဘာဝ သိပ် မကျဟု ထင်ပါသည်။ အတွင်းအပြင်ခွဲခြားဖို့ရာ မိမိပိုင်နက်
အတွင်းဖြစ်၍ ကျုံးတူးဖော် ပိုင်းခြားရန်မျှအထိ မလိုအပ်ပေ။
ယခင် မူလတည်ခဲ့သော မြို့ဟောင်းပေါ်တွင် မြို့ထပ်မံ တည်ဆောက်ထားသောကြောင့်သာ မူလမြို့ရိုးတို့ ပျက် ကုန်ခြင်း ကျုံးသည် အတွင်းစည်း၌ ရှိနေခြင်း ဖြစ်မည်ဟု ကောက်ချက် ချပါသည်။ အနောက်ဘက်မြို့ရိုးကို မတွေ့ရ ဘဲ ပေါက်တိုင်းချောင်းသွယ်ထဲသို့ စီးဝင်နေသည့် ချောင်း လက်တက် တစ်ခု ရှိသဖြင့် ချောင်းကိုပင် ကျုံးအဖြစ် ထား ဟန်ရှိပါသည်။ ဤသည်မှာ ထူးဆန်းသည်တော့မဟုတ်ပါ။ အခြား မြို့ဟောင်းများ၌လည်း လုပ်ရိုးလုပ်စဉ် ပုံစံ တစ်ခု သာ ဖြစ်သောကြောင့် ထိုချောင်းကို ကျုံးအဖြစ်ထားရှိ သည်ဟု ကောက်ယူပါသည်။

တောင်ဘက်မြို့ရိုး၏ အလယ်ပိုင်းမှ ဖြိုဖျက်၍ လယ်ယာ များ ပြုလုပ်ထားခြင်း လူနေအိမ် ဆောက်လုပ်ထားခြင်းများ ကြောင့် အပြင် မြို့ရိုးနှစ်တန်းမှာ ပျက်စီးလျက် ရှိပြီး အတွင်း မြို့ရိုးတန်းသာ ထင်ရှားစွာ မြင်ရတော့သည်။

တောင်ဘက်မြို့ရိုးသည် ပေပေါင်း ၄၀၀၀ ခန့် ရှည်လျား၍ အရှေ့ဘက် မြို့ရိုးနှင့် မြောက်ဘက်မြို့ရိုးတို့မှာ ပေပေါင်း ၁၂၀၀ ခန့် အသီးသီး ရှိကြသည်။ မုတ္ထီးမြို့၏ ဧရိယာမှာ ၂၇၀ ဧကခန့် ရှိမည်ဟု ခန့်မှန်းရသည်။ မုတ္ထီးမြို့ဟောင်း သည် မြေပုံအညွှန်း စတုရန်း (အကွက်အမှတ် ၉၅-ကေ-၁)
တွင် ရှိသည်။

ရှင်မုတ္ထီးရွာ အရှေ့ဘက်တွင် ရောင်းမော်ကျေးရွာ အနောက်ဘက်တွင် ထားဝယ်မြစ် မြောက်ဘက်တွင် ကနိုင်းဒါ ကျေးရွာ တောင်ဘက်တွင် ညောင်ဇင် ကျေးရွာ တို့ တည်ရှိသည်။

မုတ္ထီးမြို့ဟောင်း တောင်ဘက်မြို့ရိုးအစွန်တွင် ထိကပ်လျက်
မြို့ဟောင်းရာတစ်ခု ကောင်းကင်ဓါတ်ပုံတွင် ပေါ်နေသည် ကို တွေ့ရသည်။ ထိုမြို့ဟောင်းရာသည် စော်ဝရွာကို ငုံ၍ တည်ထားပုံပေါ်သည်။ မုတ္ထီးကျေးရွာနှင့် စော်ဝကျေးရွာ ကို မြေအနေအထားအရ ခွဲခြားမရသကဲ့သို့ မြို့ဟောင်းနှစ်ခု သည်လည်း ထိစပ်လျက် ရှိသည်။ သို့သော် မြို့ပုံသဏ္ဍာန် မှာ မတူပါ။ မုတ္ထီးမြို့ဟောင်းတွင် အနောက်ဘက် မြို့ရိုး မရှိ။ ထားဝယ်မြစ်ဘက်က ဖွင့်ထားသည်။ မုတ္ထီး(၂) ခေါ် စော်ဝကျေးရွာ မြို့ဟောင်းရာသည် မြစ်ဘက်တွင်ပါ မြို့ တည်ဆောက်ထားသည်ကို တွေ့ရသည်။ မြို့ဟောင်းရာ သည် စတုဂံပုံဟု ဆိုသော်လည်း အင်းဝနန်းမြို့ရာနှင့် တူ သည်။ တောင်ကုန်းတစ်ခုကို ငုံ၍ ဆောက်ထားသည်။ တောင်ကုန်းပေါ်တွင် စေတီတစ်ဆူ (ရွှေဂူတောင်ဘုရား) ရှိသည်။ မြောက်ဘက်မြို့ရိုးနှင့် တောင်ဘက်မြို့ရိုးမှာ အလျားပေ ၁၆၀၀ မျှရှိပြီး အနောက်ဘက် မြို့ရိုးမှာ ပေ ပေါင်း ၃၃၀၀ ခန့်မျှရှိသည်။ မြို့၏ ဧရိယာ ဧက ၁၅၀ ခန့် ရှိ သည်။

ရှင်မုတ္ထီးမြို့ဟောင်းနှင့် ပက်သက်၍ စာပေ အထောက် အထားအရ သိရသည်မှာ ပထမအင်းဝမင်းခေါင်ကြီး ဖြစ်လာမည့် မင်းဆွေသည် အိမ်နိမ့်စံ ဘဝရှိစဉ် ထားဝယ် ဒေသရှိ ဆန်းချီရွာသူကြီးသမီး(ဆံရှည်မ)နှင့် အကြောင်းပါ ပြီး သားတစ်ယောက်ရခဲ့သည်။ မင်းတရား ဟု ခေါ်သည်။
ထားဝယ်ယဉ်ကျေးမှု စာမျက်နှာ ၁၁ တွင် ကောဇာ သက္ကရာဇ် ၇၇၉ တွင် မုတ္တသုခနာဂရ မြို့ကို ထိုမင်းတရား တည်ထောင်သည်ဟု ဆိုထားသည်။

ကောဇာ ၇၇၉ ဆို လျှင် AD-1417 ဖြစ်သည်။ ယခု မြေပေါ်တွင် တွေ့ရှိ ထားသော အထောက်အထားတို့ အရပင်လျှင် ထိုမင်းက ထိုမြို့ကို ပထမဆုံး တည်ထောင် သည် ဆိုသည်မှာ ဘယ်လို မှ မဖြစ်နိုင်ပါ။ တွေ့ရှိထား သော အထောက်အထားများ သည် မြန်မာနိုင်ငံခေတ်ဦး အထိပင် မှီနေသည်ကို ထောက် ၍ ဆိုခြင်းဖြစ်ပါသည်။ ဗြဟ္မီ စာများလည်း ရရှိထားသည်။ ပျူစာများလည်း တွေ့ သည်။ အခြား အထောက်အထားများကလည်း ထိုအစော ပိုင်းခေတ်တွင် မြို့ပြနိုင်ငံငယ် ထွန်းကားခဲ့ကြောင်း သက်သေ ပြနေသည်။ ထိုကြောင့် အင်းဝခေတ်ရောက်မှ မင်းခေါင်ကြီး၏သားက ပထမဆုံး တည်သည် မဟုတ်ပါဟု ဆိုပါသည်။

ဤတွင် သတိထားသင့်သည်မှာ ထားဝယ်ရာဇဝင် အစောင်စောင်တို့က ထိုအကြောင်းကို တညီတညွှတ် တည်း ဆိုထားကြသော်လည်း ထိုမြို့ကို ထိုမင်းက ပထမ ဆုံး တည်ထောင်သည် ဟူ၍ကား မည်သည့် ရာဇဝင် မှတ်တမ်းဆရာကမှ မဆိုထားကြပါ။ ထိုမင်း တည်ထောင် သည် ဟုမျှသာ ဖော်ပြထားကြသည်။ သတိထားသင့်သည့် အချက်ဟု ဆိုပါသော်လည်း ဤအဆိုကို ပြောရခြင်းမှာ ကွဲပြားစေရန် ဖော်ပြခြင်းနှင့် တွေ့ရှိချက် အထောက် အထား ပစ္စည်းတို့က ပြောသော အချက်အလက်တို့အရ ယခု တွေ့မြင်နေရသော မုတ္ထီးမြို့ဟောင်းရာသည် နောက် ဆုံး အကြိမ် တည်ထားခြင်း ဖြစ်သည်ဟု ဖော်ပြလိုသော ကြောင့် ဖြစ်ပါသည်။ ဒီနေရာတွင် ကျွန်တော် လိုရာဆွဲ၍ ပြောသည် မဟုတ်ပါ။ တွေ့ရှိချက် အထောက်အထား တို့ က BC ခေတ်အထိ မှီနေသောကြောင့် ထိုသို့ ဆိုခြင်း ဖြစ် ပါသည်။ သဘောကွဲလွဲလောက်စရာ မရှိသော အချက်ဟု လည်း မြင်ပါဖြင့် ထိုသို့ ဆိုပါသည်။

ယခုမြင်နေရသော ထားဝယ်ဒေသ၏ မြို့ဟောင်းရာများ အားလုံးသည် (သာဂရ မုတ္ထီး ဝေဒီ အောင်သာဝတီ မဟာသုခနာဂရ ဟု အကြမ်းမှတ်ပါ) နောက်ဆုံးအကြိမ် တည်ထားတာတွေကိုသာ တွေ့နေရခြင်း ဖြစ်သည်။ ထို ယခင် ကာလများတွင် မြို့ပြ တည်ရှိသည်ကို အထပ်ထပ် ရှိနေသော မြို့ရိုးများ မြို့ဟောင်းရာကွက် အပြိုင်ဖြစ်နေခြင်း တို့သည်လည်းကောင်း တွေ့ရှိချက် အထောက်အထားတို့ အရ လည်းကောင်း သက်သေ ပြုနေပါသည်။ တနေရာ တည်းကို တပြိုင်တည်း နန်းမြို့ နှစ်မြို့ မတည်နိုင်ဟူသည် ကား ကလေးတွေပင် သိလောက်သော အရာဖြစ်ရကား အထူးတလည် ရှင်းလင်းနေစရာ မလိုအပ်တော့ပေ။

မုတ္ထီးမြို့ရိုးကို သုံးထပ် တွေ့သည်။ အကြမ်းအားဖြင့် သုံးကြိမ် တည်သည်။ မုတ္ထီး (၁-၂) နှစ်ခုပေါင်း ဆိုလျှင် ငါးကြိမ် တည်သည်ဟူ၍ပဲ လျော့တွက်ဖြင့် ဆိုကြပါဦးစို့။
တွေ့ရှိချက် အထောက်အထားများအရ ကိုက်ညီနေသည် ဖြစ်သည်။

ထားဝယ်တို့တွင် စာပေမှတ်တမ်းမှတ်ရာ အားနည်းလွန်း သည့်က စသည့် အကြောင်းခံ ဖြစ်သည်။ ရှေးလူကြီးများကို အပြစ် မဆိုသာပါ။ သူတို့အနေဖြင့် သူတို့ခေတ် ကာလ အလျောက် ရာဇဝင်စာပေသာ ခေတ်စားခဲ့သည် ဖြစ်ရာ   သူတို့ လက်လှမ်းမှီနိုင်သမျှ မှတ်တမ်းပြုပေးခဲ့ကြခြင်းပင် ဖြစ်သည်။ သူတို့ခေတ်က ယခု ကာလများ ကဲ့သို့ တူးဖော် တာတွေ မလုပ်ကြ။ စာပေအရသာ သိမှီသဖြင့် မှတ်တမ်း ပြု လမ်းကြောင်းပေးခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ လမ်းကြောင်း ပေးထားခဲ့ရာတွင် မှန်သည်လည်း ရှိမည်။ မှားတာလည်း ပါမည်။ သို့သော် ထိုမှတ်တမ်းတို့ကြောင့်ပင် ကျွန်တော်တို့ ယခုကဲ့သို့ စီစစ် ဆောင်ရွက်နိုင်ခြင်း ဖြစ်ရာ ရှေးဆရာများ ကို ကျေးဇူးတင်ရသည်။ ကျေးဇူးများလှသည်သာ ဖြစ် သည်။

ယခုခေတ်ကာလ သမိုင်းပညာစံနှင့် မတူညီသော အယူ အဆတို့ကြောင့်လည်းကောင်း ရှေ့ခေတ်ဆရာများ သည် စာပေကို ဝှက်စာသဏ္ဍာန် ရေးသားတတ်ကြသည့် အလေ့ အထ ရှိသည်တို့ကြောင့်လည်းကောင်း ဒဏ္ဍာရီ ဆန်ဆန် တွေ ဖြစ်နေပါသော်လည်း ထိုအချက်တို့ထဲတွင် ယူစရာ သမိုင်း Myth အရ ဖော်ထုတ်နိုင်စရာ အမြောက် အများ ပါသည်။ ကျွန်တော်တို့၏ အသိပညာ အတတ်ပညာ အားနည်းခြင်း ထိုအရင်ခေတ်က ရှေးဆရာများတတ်ကျွမ်း ကြသော လောကီပညာများသည် ကျွန်တော်တို့နှင့် အလှမ်းကွာသလို စိမ်းနေခြင်း ရှင်းရှင်းဆိုရပါမူ ထိုခေတ် ဆရာများတတ်ကြသော အသိအတတ်ပညာတို့ကို ကျွန်တော်တို့ မတတ်မြောက်သေးကြခြင်း တို့ကြောင့်သာ ဆရာတို့ မှတ်တမ်းတင်ထားခဲ့သော စာပေများကို ဖတ်ရှု ရာတွင် အချို့နေရာများသည် ဟာသဆန်ဆန် ယခုကာလ အမြင်ဖြင့် ကြည့်လျှင် လုံးဝမဖြစ်နိုင်သော အကြောင်းများ ဟု ငြင်းဆိုဖွယ် ဖြစ်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဘက်က ထိုခေတ်အခါက သုံးစွဲကြသော ပညာရပ်နယ်ပယ် များကို လေ့လာဖို့ လိုအပ်နေခြင်းသာ ဖြစ်ပါသည်။

အချို့ ရာဇဝင်ဆရာတို့၏ လုပ်ဇာတ် ထိုးဇာတ်များ ခင်း၍ လီဆယ်ရေးသားသော ရာဇဝင်များကိုကား အပေါ်တွင် ကျွန်တော် ဆိုခဲ့သော အချက်များကြောင့် မဟုတ်ပါ။ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်ပါသည်။ ဆိုရိုးရှိခဲ့ပါသည်။ အမိယုတ်သား နှုတ်ကြမ်း သည်။ အဖယုတ်သား မဟုတ်တမ်းတရားရေးသည်။ ဟု ရှေးလူကြီးများ ဆိုခဲ့ကြသည်။ တမင်တကာ လုံးဝ မဖြစ်နိုင် သောစကားရပ်များ ရေးသားသူတို့သည်လည်း ရှေးလူကြီး များ ဆိုစမှတ်ရှိကြသကဲ့သို့သော သဘောသာ သက် ရောက်သည်ဟု ယူဆဖွယ်ရာ ရှိသည်။ ကျွန်တော်အနေ နဲ့ ဖြင့်တော့ ထိုသို့ မပြောလိုပါ။ လုပ်ကြံလီဆယ်ပြီး ရေးသည် ဖြစ်စေ သာသာထိုးထိုးမြှောက်ပင့်ရေးသည်ဖြစ်စေ သမိုင်း ပညာစံအရ အစစ်ဆေးခံနိုင်လျှင် သမိုင်းကျန်မည်သာ ဖြစ် ပါသည်။ အစစ်ဆေး မခံနိုင်လျှင် လုပ်ကြံလီဆယ်ထားသမျှ
ပေါ်ပေါက်လာပြီး သမိုင်းသေခြင်း သမိုင်းပျောက်ခြင်း သမိုင်းကွင်းဆက် ပြတ်ခြင်း စသည့် ပညာရပ်က ပေးသော အပြစ်ဒဏ်အရ သူ့တရား သူစီရင်သွားမည်သာ ဖြစ်သည်။

ကျွန်တော့်အနေဖြင့် အချို့နေရာတို့တွင် စကားလုံးသုန်းနှုန်း တာ ကြမ်းတမ်းခဲ့သည် ရှိသော် ကျွန်တော်သည် စာအရေး အသားညံ့နေသေးခြင်း စာပါးမဝသေးခြင်း တို့ကြောင့်သာ ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှလည်းကောင်း လူမျိုးစု တစ်စုစုတို့ကိုလည်းကောင်း ထိခိုက်စေလို နစ်နာစေလိုသော စေတနာဖြင့် ပြောဆိုခြင်း မဟုတ်ပါဟု ကြိုတင် စကားခံထားပါမည်။ ကျွန်တော်၏ ပင်ကိုသဘာဝ အလျောက်ကပင်လျှင် သရော်စာ ရေးသည့်ဘက်တွင် အားသန်မှု ရှိပါသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အချို့ စာစကားတို့သည် သရော်ဟန် ငေါ့ဟန်တွေ ပါနေမည် မလွဲပါ။ သို့သော်လည်း ကျွန်တော့်အနေဖြင့် သမိုင်း အထောက်အထားကို ကိုင်၍သာ ပြောခြင်းဖြစ်ပါသည်။ လွဲမှားနေသည်ကို မြင်ရသော် ပင်ကိုယ်သဘောအရ အလိုလိုပင် သရော်စာရေးသလို ဟာသ ထထဖောက် တတ်သည်ဖြစ်ရာ ကိုလိုနီခေတ်က ကာတွန်းတစ်ကွက်လို "မောင်ရင့် ဟာက စာရေးဆရာမှ မဟုတ်ဘဲ ဘောင်ဆာ တွေပဲကွ" ဟု စာသား ဖော်ပြပြီး စာအုပ်ဖတ်နေသူကို စာအုပ်ထဲက ဘောင်ဆင်လက်သီး ထွက်ထိုးနေသော ကာတွန်းလို ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ မရည်ရွယ် ပါကြောင်း ထပ်ဆင့် ပြောကြားလိုပါသည်။

ကျွန်တော်အနေ့ဖြင့် အထောက်အထားအရသာ ပြောဆို သည် ဖြစ်သောကြောင်း မှားတာတွေ့လျှင် မှားကြောင်း ပြောမည်။ လိမ်ထားတာ တွေ့လျှင် လိမ်ထားကြောင်း တည့်တည့်ပင် ဆိုမည် ဖြစ်ပါသည်။ စာကို ရှည်ရှည်ဝေးဝေး စီကာပတ်ကုံးပြောပြီး အနုအယွကွန့်၍ သိမ်သိမ်မွေ့မွေ့ ရေးနေမည် မဟုတ်ပါ။ လိုရင်းသာ ပြောမည် ဖြစ်သည်။ နုယွသိမ်မွေ့အောင် စာချောရေးနေရအောင်ကဖြင့်လည်း ကျွန်တော်သည် ဘုန်းတော်ဘွဲ့များ ချစ်ခန်းကြိုက်ခန်းများ ဖော်ကျူးနေသည် မဟုတ်ဘဲ သုတေသနနည်းဖြင့် လိုရင်း ကို ရေးသားနေသည်သာ ဖြစ်သောကြောင့် ဤစာသည် နုနေ ယွနေဖို့လည်း မလိုအပ်ဟု ယူဆသည်။ ပြောလိုရင်း တင်ပြလိုရင်းကို ဒက်ခနဲ့ ပြောလိုက်ခြင်းက စာဖတ်သူ၏ အချိန်ကိုလည်း ကျွန်တော် တန်ဖိုးထားလေးစားရာ ရောက် သည်ဟု ယူဆပါသည်။ ဖွဲ့ကာနွဲ့ကာဖြင့် ပြောလည်း ဒီ စကား လိုရင်းပြောလည်း ဒီစကား အတူတူပင် ဖြစ်ရကား စာဖတ်သူ၏ အချိန်ကိုလည်း မခိုးယူ မဖြုန်းတီးလို။ ကျွန်တော်၏ အချိန်ကိုလည်း မဖြုန်းတီးမိပဲ ထိန်းသိမ်းရာ ရောက်မည်။ အပြန်အလှန် အလေးဂရုပြုခြင်းကို အလေး ပေး၍ တိုတိုတုတ်တုတ် လိုရင်းချက်ကို တည့်တည့် ပြော ခြင်း ဖြစ်ပါသည်။

ကျွန်တော့်စာတွင် အမှားပါရှိခဲ့လျှင်လည်း ကျွန်တော် ပြောသလို ကျွန်တော်ကို ပြန်ပြောနိုင်သည်။ ညှာတာ နေစရာ အားနားနေစရာ မလိုပါ။ မှားနေသည် ဆိုသည့် အချက်ကို ထောက်ပြပြီး အမှန်က ဒီဟာပါဟု အထောက် အထားနှင့်တကွ နည်းမှန်လမ်းမှန် ထောက်ပြ နိုင်လျှင် ကျွန်တော့်ကို လာဆဲဆိုသွားပါလျှင်လည်း ကျေနပ်စွာ ခံယူမည် ဖြစ်သည်။ "အမှားကိုပြပြီး အမှန်ပြင်ပေးနိုင်သူ သည် ဆရာ မည်၏" လို့ ကျမ်းဂန်တို့တွင် လည်းကောင်း ဆရာစဉ်ဆက်တို့က လည်းကောင်း ဆိုဆုံးမခဲ့ကြပါသည်။ အမှန်ပြင်ရေးသည်သာ အဓိကအချက် ဖြစ်သည်ဟု ခံယူ ပါသည်။ မှားတယ် ပြောပြီး အမှန် က ဘာဆိုတာ အသေအချာ မပြောနိုင်လျှင်တော့ဖြင့် တချက်လေးတောင် မဟလာစေလိုပါ။ သုတေသနထုံးတွင်  ဗျစ်ရည်ဆိုင်တွင် ထိုင်ကာ ပေါက်ပန်းသေး ပြောလိုရာ ပြောသလို နည်းကား ပြောချင်တိုင်း ပြော၍ မရပေ။ အမှန် ပြပေးနိုင်လျှင်ဖြင့် ကျွန်တော့်ကို ပြောလိုရာ ပြောနိုင်ပါသည်။ စာပေ အထောက်အထားအပေါ်တွင်သာ ပြောဆိုခြင်း ဖြစ်ပါ သည်။ လူကို မုန်း၍ ဆိုခြင်းမျိုး မဟုတ်သလို နိမ့်ကျနစ်နာ စေလိုခြင်း လည်း မရှိပါ။ ကျွန်တော့်အနေဖြင့် စာကို စာဟု မျှသာ သဘောထားပါသည်။ ရင်ဘတ်ထဲ ထည့်၍ ခံစားခြင်း အမုန်းအငြိုး အမျက်သိုခြင်း အာဃာတထားခြင်း မျိုး မရှိပါ။ စာဖတ်ပြီးလျှင် စာဖတ်သည့်နေရာတွင်သာ တွေးစဉ်းစားမည်။ မလိုအပ်တဲ့အချက်တွေကို အပင်ပန်းခံ၍ ကာလရှည် သယ်ထားလေ့ မရှိပါ။ ထိုနေရာတွင်သာ ထား ပစ်ခဲ့ပြီး ဖြစ်ပါသည်။ ပြောဆိုသော လူနဲ့ မသက်ဆိုင်။ စာကိုသာ မထောက်မညှာ အားမနာပါဘဲ ဝေဖန်ခြင်း သက် သက် ဖြစ်ပါသည်။ ဤအကြောင်း ထည့်သွင်း ပြောဆို ရခြင်းသည် ကျွန်တော်ဘက်က ရန်လိုစိတ် မရှိ။ မာန်မာန ထားပြီး ဆိုနေခြင်းလည်း မဟုတ်ပါ ဆိုသည်ကို စာဖတ်သူ ရှင်းလင်းကွဲပြားစွာ သိထားနိုင်ပါစေရန် ထည့်ပြောရခြင်း ဖြစ်ပါသည်။

ဆရာကြီး ဒေါက်တာသန်းထွန်း၏ စကားနှင့် ပြောလျှင် "သမိုင်းရေးဆရာ ဟူသည် ကလောင်ကိုင်၍ ရန်သူ မွေးနေခြင်း ဖြစ်သည်" ဟု ဆိုမိန့်ခဲ့သည်။ တနည်း ပြောရ လျှင် လူမျိုးစွဲ ဒေသစွဲ အားကြီးလွန်းလှသည်တို့သည် လည်းကောင်း ရာဇဝင်မှန်း သမိုင်းမှန်း ကွဲပြားစွာ သိနား လည်ခြင်း မရှိဘဲ ရာဇဝင်ပါစာတို့ကို တရားသေအမှန်ထင် နေတတ်ကြသူတို့သည် လည်းကောင်း အထောက်အထား မပေးနိုင်ဘဲ လိုရာဆွဲ ရေးသားထားသော သမိုင်းလုပ်ဇာတ် များကို အမှန်ထင်ကာ ငါသာလျှင် အမှန်ဟူ၍ ငါတကော ကောတတ်သော သူတို့သည်လည်းကောင်း တချို့က လည်း မှားနေမှန်းသိသိနှင့် အမှားကို မပစ်နိုင်ဘဲ ဘယ်သူ က ပြောတာပါ ဘယ်ပညာရှင်က ဖော်ပြခဲ့တာပါ ဆိုတာ မျိုး တွင်တွင်သုံးပြီး အမှားတွေကို ဆက်လက်ကိုင်စွဲထားလို သော တယူသန် တဇောက်ကန်းသမားတို့သည် လည်းကောင်း ပညာရှင် အမည်ခံထားပါသော်လည်း အမှားကို မှားကြောင်းသိလျှက်နှင့် မိမိလူမျိုးရေး အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီး ဖင်ပိတ်ငြင်းနေခြင်း နည်းပညာ များကို အသုံးချကာ လုပ်ကြံ ဝါဒဖြန့်ခြင်း စသော မသမာ သော နည်းလမ်းများကို အသုံးချကာ ယုတ်ညံ့သော နည်းလမ်းတို့ဖြင့် ပြုမူခြင်း အချို့ပညာရှင်အမည်ခံတို့မှာမူ
တရားဝင် ပြောဆိုရမည့် နေရာတို့တွင် မပြောဆိုနိုင်ပါပဲ နှုတ်ဆိတ် နေတတ်ကြပြီး ပြင်ပရောက်သည်နှင့် မဟုတ် တမ်းတရားတွေ ပြောဆိုတတ်သော အသိခေါက်ခက် အဝင်နက်တတ်သော သိက္ခာမဲ့ ပညာရှင်များသည် လည်းကောင်း မိမိတို့ ရှုံးနိမ့် မခံလိုသော တလွဲမာနဖြင့်
ဆက်လက် လုပ်ကြံလီဆယ် ဖော်ပြနေခြင်းမျိုးသည် လည်း ကောင်း ဘာမသိညာမသိနှင့် ငါ့လူမျိုး ငါတို့သမိုင်းကို ပြော ရမလား ဆိုပြီး အမျက်သိုတတ်ခြင်းသည်လည်းကောင်း
သမိုင်းကို ဖော်ထုတ်ရာတွင် ငါ့လူမျိုး ဂုဏ်တက်ရေးကို ဦးစားပေး၍ နိုင်ငံတော်သမိုင်းကို မျက်ကွယ်ပြုကာ နိုင်ငံတော်ကို သစ္စာဖောက်နေကြသော အမည်ခံပညာရှင် အစွန်းရောက် သုတေသီတို့ သည်လည်းကောင်း သုတေ သန ပြုလုပ်ရာတွင် အထောက်အထားထိမ်ချန်ခြင်း ဖျောက်ဖျက်ခြင်း စသော လုပ်ရပ်မျိုး လုပ်ဆောင်ကာ နိုင်ငံတော်သမိုင်းကို ဖျက်လိုဖျက်ဆီး လုပ်ချင်သော သူတို့ သည်လည်းကောင်း သုတေသနလုပ်ကြရာတွင် ကြိုးဝိုင်း တွင်း တင်ပေးထားသော လက်ဝှေ့အကျော်အမော်များ အဖြစ် အထင်ရောက်ကာ သုတေသနပြုရာကို သားသတ်ကွင်းပမာ သဘောထား၍  အနိုင် အရှုံး ယှဉ်ပြိုင် လိုစိတ်ဖြင့် မိမိသာနိုင်ရမည် မိမိတို့ဘက်က အသာဖြစ်စေ ရမည်စသည်ဖြင့် မိမိကို မိမိ စဉ်းစားဆင်ခြင်မြော်မြင်တတ် သူ အသိဥာဏ်ရှိသည့် လူဟူ၍ မထင်တော့ဘဲ တိရိစ္ဆာန် တစ်ပိုင်း မိစ္ဆာစိတ်ရိုင်းတို့ဖြင့် ဆောင်ရွက်တတ်ကြသူတို့ သည်လည်ကောင်း လူအစားစား ရှိကြရာ မိမိဘက်က အရှုံးပြသည်ဟု ထင်လျှင် မလိုမုန်းထား ဆဲဆိုရန်လိုခြင်း မိမိခံယူချက်အတ္တကို ထိပါးလာလျှင် မှားသည် မှန်သည် မစဉ်းစား မစီစစ် မသုံးသပ်တော့ပါပဲ အရမ်းကာရော ပြုမူ တတ်ကြသူတို့သည်လည်းကောင်း စိတ်ဆိုးကြသည် ရှိမည်။ မုန်းနိုင်သည် ရှိမည်။ လူ့သဘော သဘာဝအရ မလွဲ မရှောင်သာ ရင်ဆိုင်ရမည့် ကိစ္စရပ်များဖြစ်ရာ ကျွန်တော့် အနေဖြင့် နားလည်ထားပြီး ဖြစ်ပါသည်။ ထူးဆန်းသည့် ကိစ္စလည်း မဟုတ်တော့ပါ။

တကယ်တမ်းမှာ ထိုသို့ ပြောဆို ပြုမူသူတို့သည် မိမိတို့ ဘာသာ မိမိတို့ အလိုလိုနေရင်း အရှုံးပြနေသည်ကို မသိ ကြ။ နိုင်ငံတော်အဆင့် ပညာရှင်အဆင့် စာတမ်းဖတ်ပွဲ တို့တွင် အထောက်အထားခိုင်ခိုင်မာမာဖြင့် တရားဝင် ချေပ မပြောဆိုနိုင်သဖြင့်သာ သူတို့အနေဖြင့် ထိုသို့ ပြုမူနေခြင်း ဖြစ်သည်ဟူသော အခြေအနေ အမှန်ကိုလည်း နားမလည် ကြဘဲ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေခြင်းသာ ဖြစ်ပါ သည်။ တကယ်သာ အထောက်အထားခိုင်ပါသည် အစစ် ဆေးခံနိုင်ပါသည် ဆိုလျှင် ဘယ်သူမှ ငုံ့ခံမနေပါ။ တရား ဝင် ပြန်လည် ချေပပြီး ဖြစ်မည်မှာ မလွဲဧကန် ဖြစ် သည်။

ထိုသို့ မချေပနိုင်သေးသည်ကို မမြင် ပြောရလျှင် ပြီးရော အကျိုးဆက်က ဘာတွေဖြစ်လာမလဲ ဆိုတာလည်း မသိ ရှက်ရမ်း ရမ်းနေတတ်သူများလည်း အများအပြား ကြုံခဲ့ရဖူး ပါသည်။ ထိုသို့ ပြုမူလိုက်ကာမှ ညံ့ရာကနေ ဖျင်းတဲ့ အဆင့် ရောက်သွားပြီး ဆက်လက်ပြောဆို ပြုမူနေပါမူ လိမ်တာပါ ကွင်းဆက် လိုက်ပြီး ပေါ်လာရလေတော့သည်။ ဤကား လူဖျင်း လူညံ့ လူနုံ လူအ လူကြောင် လူ့ပေါက်ပန်း လူမိုက် လူလိမ်တို့၏ ဝိသေသလက္ခဏာ ဖြစ်ပါသည်။ ညံ့နေသည့် အဆင့်တွင် အခြေအနေအမှန်အတိုင်း မှားနေတာကို မှားကြောင်း ဝန်ခံ၍ အမှန်ပြင်ပါလျှင် လူနပ် လူပါး လူတော် လူဇော် လူမော် လူချွန် လူလိမ္မာ ဖြစ်နိုင်ပါလျက် မှားနေမှန်း မသိ။ သိသူတို့ကလည်း ဝန်ခံရဲသော သတ္တိမရှိ။ အမှားကို မပြင် တရားသေ ဆုပ်ကိုင်ထားပြီး ဆက်လက် ပြောဆိုရေး သားဖော်ပြနေပါမူ လူလိမ် ဖြစ်သွားတော့၏။ မှားမှန်း သိသိ နှင့် ဆက်လက် လုပ်နေခြင်း ဖြစ်ရာ အဘယ်မှာ အမှန်ရ လာနိုင်အံ့နည်း။ အမှားကြာ အမှန်ဖြစ်သည်ဟူသည်ကား ဆိုရိုး စကားသာ ရှိသည်။ တကယ့်လက်တွေ့ဘဝတွင် နှစ် ထောင်ချီကြာက အမှားပင်လျှင် အမှန် မဖြစ်လာပါ။ ဥပမာ အားဖြင့် ဦးကုလားရာဇဝင်ပါ အချက်အလက်အမှားများ နောက် ထေရဝါဒဘာသာတွင် နတ်ကိုးကွယ်ခြင်း မရှိ ဟူ သော အမှန်ပြင်ဆင်ချက်များကို ကြည့်လျှင် လွယ်လွယ်ပင် သိနိုင်ပါသည်။ တချိန်ချိန်တွင် တော်လှန်ကြမည့် အသိ ပညာရှင် အတတ်ပညာရှင်များ ပေါ်လာ၍ အမှားကို အမှန် ပြင်ဆင်ကြသည်ချည်းသာ ဖြစ်ပါသည်။ ဆင်ခြင်သင့်လှပါ သည်။ မည်သည့်နယ်ပယ်တွင် ဖြစ်စေ တာဝန်ယူမှု တာဝန် ခံမှု ဟူသည် အဓိကကျသော အချက်ဖြစ်သည်။ တာဝန် ယူနိုင်ခြင်းလည်းမရှိ တာဝန်ခံရဲသော အစွမ်းအစ သတ္တိတွေ လည်း မရှိလျှင် ဘာမှ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ဖို့ ရာ မရှိပေ။

ရှင်မုတ္ထီးအနီးတဝိုက်တွင် တွေ့ရသော အုတ်ခဲစာများကို ဒီနေရာတွင် ခဏ ချန်ထား၍ အုတ်ခွက်ဘုရားတို့တွင် ပင် လျှင် ပုဂံခေတ်ထက် စောသည့် အုတ်ခွက်ဘုရား အုတ်ခွက်စာများကို တွေ့ရပေသည်။ ပုဂံခေတ်ထက် စော သော အုတ်ခွက် ဘုရားများတွင် "ယေဓမ္မာ ဟေတုပ္ပဝါ" အစချီသော ဂါထာကို ရေးထိုးထားသည်။ ပုဂံခေတ် ကျန်စစ်သားမင်း ဘွဲ့တော်ပါ အုတ်ခွက်ဘုရားများလည်း ရှိသည်။

"၁၉၂၄ ခုနှစ်အတွင်း တနင်္သာရီခရိုင် မော်လမြိုင်၌ မစ္စတာ အိပ်ခ်ျအင်မ်စတီဗင်ဆင် (အိုင်စီအက်စ်) မင်းကြီး ရှိစဉ် အခါက ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာအနီး လယ်ကွင်း တစ်ခုထဲမှ ရှေးဟောင်းပစ္စည်းများ တွေ့ရှိရာ ၎င်းတို့ အထဲတွင် အုတ်ခွက်ဆင်းတုပေါင်း ၃၀၀ လောက် တွေ့ရ သည်ဟု မြန်မာကမ္မည်းကျောက်စာဌာန ၁၉၂၄ ပြဌာန်း။ စာမျက်နှာ ၃၈ တွင် ဖော်ပြပါရှိသည်။
(ဦးမြ။ ရှေးအုတ်ခွက်ရုပ်ပွား ဆင်းတုတော်များ။ စာ-၅၇)

ထိုဆင်းတုတော်တွေ အထဲမှ တချို့၏ ကျောဘက်တွင် ရှေးဟောင်းမွန်ကမ္ဗည်းစာများ ပါရှိသည်ဟု ဦးမြက ဆိုပါ သည်။ ဘာသာပြန်လည်း ဖော်ပြထားတာ တွေ့ရသည်။ ထိုရှေးဟောင်းမွန်စာပါ အုတ်ခွက်ဘုရားများ ဆိုတာတွေကို ကျွန်တော် မတွေ့ဖူးပါ။ ထိုကြောင့် ဦးမြအဆို မှန်သည်ဟု
ကျွန်တော် လက်မခံသေးပါ။ အုတ်ခွက်ဆင်းတုတော် ဦးမြ အနေနှင့် ထိုသို့ ဆိုထားသော်လည်း ကျွန်တော့် အနေဖြင့် ဦးမြ အဆိုကို ယတိပြတ် ပယ်ပါသည်။ မမြင်ဖူးပါဘဲ မည် သို့ ပယ်ပါသနည်း မေးခွန်း တက်လာစရာ ရှိပါသည်။ ပယ် ရသည့် အကြောင်းမှာ ထိုကာလက မွန်ဟူ၍ မရှိသေးပါ။ မွန်ဟူ၍ပင် မရှိသေးသည် ဖြစ်ရာ မွန်စာက မည်သို့ ရှိပါ မည်နည်း။ ထိုကြောင့် ပယ်တာ ဖြစ်ပါသည်။ ဦးမြတို့ခောတ် က အယူအဆတို့တွင် မွန်လူမျိုးတို့သည် ပုဂံမတိုင်မီ က တည်းက မြန်မာပြည်တွင်းသို့ ရောက်နေသည် ဆိုသော မှားယွင်းနေသော အဆိုကို ကိုင်စွဲ၍ ဦးမြက ထိုသို့ သတ် မှတ် ဖော်ပြထားသည်ကို သတိထားရပါမည်။ ယနေ့ခေတ် တွေ့ရှိ ဖော်ထုတ်ပြီးသမျှအရ ဦးမြတို့ခေတ်က စွဲကိုင်သော မူသည် ပက်ပက်စက်စက် လွဲချော်နေကြောင်း ပေါ်ပေါက် ပြီး ဖြစ်ပါသည်။ ထိုကြောင့် မမြင်ဖူးသော်လည်း ရဲရဲ ယတိ ပြတ် အပြီးပယ်ချခြင်း ဖြစ်ပါသည်။

ထိုအုတ်ခွက်ဘုရားများကို ကိုယ်တိုင် စစ်ဆေးကြည့်ပါဦး မည်။ သူတို့ ပြောတိုင်းတော့ဖြင့် ကျွန်တော် မယုံကြည်ပါ။ လက်မခံသေးပါ။ ထိုကြောင့် ယခုစာအုပ်တွင် ထိုအုတ်ခွက် ဘုရား အုတ်ခွက်စာများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ချန်လှပ် ထားခဲ့ပါသည်။ ကိုယ်တိုင်ဖြစ်စေ အခြားပညာရှင် တို့ဖြင့် ဖြစ်စေ သွားရောက် စစ်ဆေးကြည့်ပြီး မည်သည့်စာ ဖြစ်သည်ဟု အတည်ပြုနိုင်ပါမှ ထိုအုတ်ခွက်ဘုရားကို ထပ်မံ တင်ဆက်ပေးပါမည်။ ထိုအုတ်ခွက်စာများကို ဦးမြ စကားလှယ်ပြထားသော စာများ ကျွန်တော့်ထံတွင် ရှိပါ သည်။ သို့သော် မှန်၏ မှား၏ မသိရသေးသဖြင့် ထည့်သွင်း မဖော်ပြခြင်း ဖြစ်ပါသည်။ ဦးမြ စကားလှယ်ထားသော စာ များ အမှန်ဖြစ်သည် ဆိုပါလျှင်လည်း ထိုစာသည် ရှေး ဟောင်းမွန်စာ မဟုတ်ပါ။ မွန်ခမာအုပ်စုဝင် မွန်ဘာသာ စကားနှင့် အတော်အတန်(အများစု) တူညီသော တလိုင်း လူမျိုးတို့၏ ရှေးဟောင်း တလိုင်းစာသာ ဖြစ်ပါသည်။ ထို အချိန်က မွန်ဟူ၍ မရှိသေးက တစ်ကြောင်း ထားဝယ်နယ် တွင် မွန်နှင့် ဆက်စပ်သော နေရာများ မရှိသည်က တစ် ကြောင်း ထိုအကြောင်းများကြောင့် မွန်စာ မဟုတ်ပါဟု ဆိုရခြင်း ဖြစ်သည်။ မွန်နှင့် ဆက်စပ်သော နေရာများ မရှိ သော်လည်း တလိုင်းနှင့်ကား ဆက်စပ်မှု ရှိသည်။ တလိုင်း နှင့် ပက်သက်သော အခေါ်များ များစွာရှိသည်။ တလိုင်းမစု တလိုင်းရှောင် တလိုင်းမျှော် တလိုင်းစုပိုင်း စသဖြင့် အခေါ် ပြုသည်များ ထင်ရှားရှိနေပါသည်။ အထင်ရှားဆုံးကား ကြက်စား မြို့ကို ကုန်းဘောင်ခေတ်တွင်ပင် တလိုင်းရှောင် မြို့ဟု ခေါ်တွင်ခြင်းပင် ဖြစ်သည်။ တလိုင်းတို့ကို ဘာကြောင့် ရှောင်မှန်းတော့ မသိရပါ။ (ပေါက်ကရ ပြောရ ရင် ကြည့်မရလို့ ရှောင်တာပေါ့) တလိုင်းတို့နှင့် ထိုအချိန်က စစ်ဖြစ်ခဲ့လေသလားဟု တွေးမိပါသည်။ သို့သော် စစ်ဖြစ်ခဲ့ ကြောင်း အထောက်အထားလည်း မရှိ။ မှတ်တမ်းလည်း မရှိပါ။

မှတ်တမ်းမရှိတာနဲ့ စစ်မဖြစ်နိုင်ဘူးလို့ ပြောလို့ရ မလား ဆိုပြီး စောဒဂ တက်လာနိုင်ပါသည်။ တခါတည်းပဲ ဖြေပေး ပါမည်။ ထိုမြို့တည်ကာလသည် AD-1751 ဖြစ်ပါသည်။
၁၈ ရာစုလယ် ဖြစ်နေပါပြီ။ ထိုအချိန်တွင် စစ်ဖြစ်ခဲ့ပါမူ မှတ်တမ်း တစ်ခုခုဖြင့်တော့ အနည်းဆုံး ကျန်နေရမှာ ဖြစ် ပါသည်။ ထိုကာလ မတိုင်မီ အစောပိုင်းကာလများတွင်ပင် မှတ်တမ်းမှတ်ရာများ ရှိပြီး ဖြစ်ရာ ထိုစစ်ပွဲ မှတ်တမ်း မတွေ့ ရခြင်းမှာ စစ်မဖြစ်ခဲ့လို့ မှတ်တမ်း မရှိတာ ဖြစ်ပါတယ်လို့
ယူရမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေဖြင့် စစ်ဖြစ်ခဲ့ သည် ဆိုပါလျှင် မည့်သည့်နေရာတွင် ဖြစ်ခဲ့ပါသနည်း မေးစရာ ရှိနေပါတယ်။ ထိုနေရာကိုလည်း မပြနိုင်သဖြင့် စစ်မဖြစ်ခဲ့ဟူသည်မှာ သေချာပါသည်။ ထိုကာလသည် များစွာ ဝေးကွာလွန်းလှသည် မဟုတ်ပါ။ လက်လှမ်းမှီ နေသော ကာလတစ်ခုသာ ဖြစ်ပါသည်။ မြန်မာရာဇဝင် သမိုင်း တလိုင်းရာဇဝင်တို့ ဖြင့် ခေတ်ပြိုင် ရှာကြည့်ပါသော် လည်း မှတ်တမ်း မရှိပါ။ မြန်မာ့သမိုင်းနှင့် ဆိုပါမူ အတော် ကိုပင် ချော်နေပါသည်။ တလိုင်းရာဇဝင်တို့တွင်လည်း မှတ်တမ်း မရှိပါ။ ထိုကြောင့် စစ်ဖြစ်ခဲ့လို့ ရှောင်ပြေးတာမို့ တလိုင်းရှောင်လို့ ခေါ်တာပါ ဆိုတဲ့ အဆိုကို ပယ်ချလို့ ရသွားပြီ ဖြစ်ပါတယ်။ ကြက်စားမြို့ အကြောင်း သီးသန့် ထပ်မံပြောပါမည်။ ရှင်မုတ္ထီးဘက် ပြန်သွားကြည့် ရအောင် ပါ။

၁၉၈၀ ခုနှစ်အတွင်းကလည်း ရှင်မုတ္ထီး ကျေးရွာမှ အုတ်ခွက်ဘုရား တချို့ ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်အတွင်း တွင်လည်း ရှင်မုတ္ထီးနှင့် ကပ်လျက်ရှိသော ရောင်းမော် ကျေးရွာမှ ငှက်ရုပ် ပါသော ခဲပြား အထူကြီးများကို ရရှိ သည်။

မုတ္ထီးမြို့ဟောင်း (၂) ယခု စော်ဝ ကျေးရွာရှိ ရွှေဂူတောင် ဟု ခေါ်သော တောင်ကုန်းပေါ်မှ ရွှေဂူတောင်ဘုရားသည် လည်း AD-788 တွင် ကမ္ဘောဒီးယား မင်းသမီး  နန်းကြီး မျက်မှန် တည်ထားကိုးကွယ်သော ဘုရားဖြစ်သည်လို့
Amended List Of Ancient Monument in Burma (TEN.DIVLP.4) တွင် ဆိုထားတာ တွေ့ပါ တယ်။

AD-788 မှာ သာဂရ နန်းတည်ပြီး ဖြစ်နေပြီး ဖြစ်နေပါပြီ
ကမ္ဘောဒီးယားမင်းသမီးက ထားဝယ်အထိလာပြီး ထားဝယ် ပိုင်နက်ထဲမှာ ဘုရားလာတည်ဆိုတာ ဟုတ်နိုင်ပါ့မလား။
AD-8 ရာစု နှောင်းပိုင်း ဒွါယဝတီခေတ် ဖြစ်နေပါပြီ နယ် ကျော်ပြီး လာရဲတဲ့ သတ္တိကတော့ဖြင့် လေးစားလောက်ပါ ပေတယ်။ ခမာတွေက ထိုအချိန်က ဟိန္ဒူဘာသာကိုးကွယ် တာ အထင်အရှားပါ။ ဘယ်လိုလုပ်ပြီး စေတီဘုရား လာ တည်မှာလဲလေ။

နောက် မဟာသမိုင်းတော်ကြီးပေါင်းချုပ် စာမျက်နှာ ၃၅ မှာ  ပြထားတာက ယွန်း(ကမ္ဘောဒီးယား)ဘုရင်သမီးတော် စောမြဒေဝီ ထီးတော် တင်သည်ဟု ပြပါတယ်။

ဒီမှာလည်း လွဲနေပါတယ် စောမြဒေဝီ ဆိုတာ မှိုင်းကာရီ မြို့က မင်းသမီး ဖြစ်သလို တတိယ သာဂရမြို့ ဒုတိယ မြောက်မင်း ရှင်ဇံရဲ့ မိဖုရားလည်း ဖြစ်ပါတယ်။ မှိုင်းကာရီမြို့ ဟောင်းအကြောင်း ပြဆိုစဉ်က ယွန်းမင်းကြီး ဆိုတာ လွဲမှားနေကြောင်း ပြထားပြီး ဖြစ်၍ ဒီမှာ ထပ်မပြောတော့ပါ ဘူး။ ဘုရင်နာမည်နဲ့ မင်းသမီးနာမည်တွေက မြန်မာနာမည် တွေဖြစ်ပြီး ယွန်းမင်းကြီးဆိုတာနဲ့ ကမ္ဘောဒီးယားလုပ်ထား တာတော့ မသင့်ပါဟုသာ ဆိုပါမည်။

နောက်တခါ အခြေပြမြန်မာနိုင်ငံသမိုင်း ပထမတွဲ စာ-၂၃၅ တွင်" ယိုးဒယားမြောက်ပိုင်း သမိုင်းဟောင်းများတွင် ကမ္ဘောဒီးယား နိုင်ငံက အနော်ရထာမင်းကြီးကို ရိုသေလေ စား ခန့်ညားရကြောင်း ယင်းဒေသသို့ အနော်ရထာမင်းကြီး ကိုယ်တိုင် စစ်ချီတက်ခဲ့ဖူးကြောင်းကို ဖော်ပြထားသည် လို့
ဦးသန်းဆွေ(ထားဝယ်) ထားဝယ်ဥဒါန်း စာမျက်နှာ-၁၀၀ မှာ တဆက်တည်း ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါ တယ်။

ဒီမှာ အနော်ရထာခေတ်နှင့် AD-778 သည် ဘာမှ မသက်ဆိုင်ပါ။ အနော်ရထာ ကမ္ဘောဒီးယားကို စစ်ချီတာ မချီတာကို ဒီနေရာမှာ မဆွေးနွေးလိုပါ။ ဆရာကြီး ဦးသန်းဆွေ(ထားဝယ်)က ရွှေဂူတောင် ဘုရားကို ကမ္ဘောဒီးယား မင်းသမီး နန်းကြီးမျက်မှန် မူလတည်ပြီး နောင်အခါ စောမြဒေဝီ မင်းသမီးက ယနေ့မြင်ရသော စေတီကို ပြန်တည်သည်ဟု မှတ်ချက်ထိုးပြီး အခိုင်အမာ အဆို ပြုထားလို့ ဒီအကြောင်းကို ပြောနေတာပါ။

ပျူအုတ်ခွက်ဘုရားများကို ရှင်မုတ္ထီးတွင် တွေ့ရသည်။ ထိုအုတ်ခွက်ဘုရားများသည် သရေခေတ္တရာ အုတ်ခွက် ဘုရားများနှင့် သော်လည်းကောင်း သရေခေတ္တရာ အုတ်ခွက်ဘုရားများနှင့် ဆင်တူသည့် ရခိုင်အုတ်ခွက်ဘုရား များနှင့် သော်လည်းကောင်း ဆင်တူသည်။ "(၈.၆ × ၆.၉) စင်တီမီတာ အရွယ်ရှိ အုတ်ခွက်ဘုရား နှစ်ဆူတွင် ဗုဒ္ဓသည် ဆင်နှစ်ကောင်ပေါ်တွင် ထိုင်တော်မူပြီး ပန်းကဲ့သို့ လည်း ကောင်း စေတီကဲ့သို့ လည်းကောင်း အရာဝတ္ထုများ ရံထား သည်။ (၁၂.၅ × ၁၀) စင်တီမီတာ အရွယ်ရှိ အခြားတစ်ဆူ တွင်မူ ကြာပလ္လင်ပေါ်တွင် ဗုဒ္ဓထိုင်နေတော်မူဟန် ဖြစ် သည်။ လက်ယာတော်သည် ဘူမိဖဿမုဒြာဟန် ဖြစ်၍ လက်ဝဲတော်တွင် သပိတ်တော်ရှိသည်။ ရုပ်ပွားတော်၏ အခြားတဖက်တွင် စေတီကဲ့သို့သော ပုံသဏ္ဍာန်ရှိသည့် အရာဝတ္ထု နှစ်ဆူစီက ရံထားသည်။ ဖော်ပြပါ အုတ်ခွက် ဘုရားများသည် သစ်ရွက်ပုံသဏ္ဍာန်ကဲ့သို့သော အုတ်ခွက် ဘုရားများဖြစ်ပါသည်။
E-Moore and Than Swe - Early Walled Sites of Dawei : Thagara and Mokti.

မုတ္တီးမှ တွေ့ရသည့် အခြာပစ္စည်းများ

ရှင်မုတ္ထီး တိုက်ကျောင်းကြီးတွင် လာရောက်လှူဒါန်း၍ ရရှိ ထားသော ရှေးဟောင်းပစ္စည်း အချို့ရှိသည်။

၁။ ကြာပလ္လင်ပေါ်မှ အဆင်တန်စာပါသော ခြေတဖက်

လူ နတ် တစ်ခုခု၏ ခြေထောက် ဖြစ်ဟန်ရှိ၏ ဘာ ခြေထောက်ဟူ၍ ခန့်မှန်းရန် မလွယ်ကူပါ။ သီးခြားထုလုပ် သော ပလ္လင်မှ သီးခြား ခြေတစ်ဖက်သာ ဖြစ်၍ ထူးဆန်း နေ သည်။

၂။ ရွဲလုံးကဲ့သို့သောအရာကို ကိုက်ချီထားသည့် ကျောက်စီ ငှက်ရုပ်။

မူလတွေ့ရှိသူမှ လာလှူဒါန်းထားသည်မှာ ထိုမျှသာ ဖြစ်ပါသည်။ သို့သော် ဘုန်းတော်ကြီးက နတ်ကြီးလေးပါး အခြံအရံဖြင့် တံခွန်တိုင်ငယ်ကဲ့သို့ ပြုလုပ်ပြီး တံခွန်တိုင် ထိပ် ထီးတော်အောက်တွင် ဟင်္သာရုပ်သဏ္ဍာန် ဖန်တီး ထားပါသည်။ လူတို့၏ အသုံးအဆောင်ပစ္စည်းလော ကိုးကွယ်ရာ အဆောက်အဦမှ အသုံးအဆောင်ပစ္စည်းလား
ခွဲခြား မပြောနိုင်ပါ။

၃။ အလျှံတော်ပါသည့် လက်နက်စကြာတစ်ခု

ပုံသဏ္ဍာန်ကိုကြည့်ခြင်းအားဖြင့် ဟိန္ဒူနတ်ရုပ်မှ လက်နက်စကြာ လေလား တွေးမိပါသည်။ ဟုတ် မဟုတ် တော့ဖြင့် မခွဲခြားနိုင်သေးပါ။

၎။ အုတ်ခွက်ဘုရားများ

အုတ်ခွက်ဘုရားများတွင် အကောင်းများပါသကဲ့သို့ အကျိုး အပဲ့များလည်း ပါပါသည်။ ထူးခြားသည်မှာ အုတ်ခွက် အကျိုး တစ်ခုတွင် အလယ်မှ ဗုဒ္ဓရုပ်ပွားတော်ကို ဘေးတဖက် တစ်ချက်တွင် ရုပ်ပွားတော်များ ခြံရုံပြီး အောက်ခြေ၌လည်း ရုပ်ပွားတော် ၅ ဆူ ရှိသည်။ အပေါ်ပိုင်း ပြတ်နေ၍ အပေါ်ဘက်တွင်လည်း ရုပ်ပွားတော် ငယ်များ ရှိမရှိ မပြောနိုင်ပါ။ အခြား အုတ်ခွက်ဘုရား တစ်ဆူတွင် ဘူမိဖဿမုဒြာ ထိုင်တော်မူပုံနောက်၌ တံကဲ ရှိပြီး တဖက်တချက်တွင် ရွှေပန်းခိုင် ငွေပန်းခိုင်ဖြင့် ပူဇော် ထားသည်။ အချို့ အုတ်ခွက်ဘုရားများ အခြေတွင် စာများ ပါဝင်နေသော်လည်း လုံးဝ ဖတ်ရှုရမည့်ပုံ မရှိချေ။ စေတီရံ များ ပါဝင်သည့် အုတ်ခွက်ဘုရားများလည်း ရှိသည်။

၅။ ဗိဿနိုး နတ်ရုပ် သီဝနတ်ရုပ်

ဗိဿနိုးနတ်ရုပ် အကျိုးတစ်ခု သီဝနတ်ရုပ် အကျိုးတစ်ခု
တံကဲနှင့် သဏ္ဍာန်တူသည့် ကျောက်ပြားတွင် ထွင်းထား သည့် ဗိဿနိုးနတ်ရုပ် တစ်ခုကို ထားဝယ်ပြတိုက်တွင် ပြ ထားပါသည်။

သီဝနတ်ရုပ်ကြီးတစ်ခုမှာ ဒေါက်တာနိုင်ပန်းလှနှင့် ဦးသန်းဆွေတို့၏ ထောက်ခံချက်အရ ပုဂံခေတ် လက်ရာ တစ်ခုအဖြစ် သတ်မှတ်ကာ ရှေးသုမှ ငွေ ၃၀၀၀ ကျပ်မှ ကုန်ကျခံကာ ပြုပြင်မွမ်းမံပြီး အင်္ဂတေအဆောက်အဦလေး တစ်ခု ဆောက်၍ ထိန်းသိမ်းပေးခဲ့ပါသည်။

ရုပ်ထု၏ အမြင့် ၁၅၀ စင်တီမီတာ (၅ ပေ)။ အကျယ် ၄၅ စင်တီမီတာ(၁ ပေခွဲ) အထူ ၁၂ စင်တီမီတာ (၅လက်မ)။ ရှိသော သဲကျောက်ပြားပေါ်တွင် ထွင်းထုထားခြင်း ဖြစ် သည်။ လက်လေးဖက် ပါရှိပြီး လက်နှစ်ဘက်သည် ဘေးသို့ ချ၍ ကျန်လက်နှစ်ဘက်ကို အထက်သို့ မြှောက်ထားသည်။ လက်သုံးတော်ဆောင်များ ကိုင်စွဲထားသည်။ နတ်ရုပ်တု၏ အောက်ခြေ၌ တောင်ပံနှစ်ဖက်ပါရှိသော လူပျံပုံပါ ကျောက်ပြားချပ် တစ်ခုလုံးအား ရေနံချေးများ သုတ်ထားပြီး  မျက်လုံး နှစ်ဖက်နေရာတွင် ဘော်သတ္တုဖြင့် မျက်လုံးပုံဖော် ထားသည်။

ရှင်မုတ္ထီးကျေးရွာအုပ်စု လန်ဒေါ့ကျေးရွာ (ထားဝယ် မြိတ် ကားလမ်းနံဘေး) ကားလမ်းနံဘေးတွင် (၁၅) ပေ ပတ်လည် ခန့်ရှိ နတ်ကွန်းဆောင်နှင့် တကွ ရွာခံများနှင့် ဟိန္ဒူဘာသာဝင်တို့ ကိုးကွယ်ကြသည်ကို လေ့လာသိရှိရပါ သည်။

"ထိုနတ်ရုပ် ပုံမျိုးကို မြန်မာနိုင်ငံတွင် နှစ်ခုသာ တွေ့ရှိဖူး သေးကြောင်း ဒေါက်တာနိုင်ပန်းလှက ဆိုပါသည်။ သီရိခေတ္တရာ မြို့ဟောင်းတွင်လည်း ထိုကဲ့သို့သော နတ်ရုပ် တုပါ ကျောက်ပြားချပ်ကြီးများ ရရှိခဲ့ဖူးကာ သီရိခေတ္တရာ မှော်ဇာပြတိုက်တွင် ပြထားသည်။" ဦးသန်းဆွေ(ထားဝယ်) ။ ထားဝယ်ဥဒါန်း စာ-၉၆

ဒေါက်တာနိုင်ပန်းလှတို့က ထိုနတ်ရုပ်တုကို သရေခေတ္တရာ တွေ့ နတ်ရုပ်များနှင့် အတူတူ ဆိုခဲ့ပြီး အဘယ်အတွက် ကြောင့် မသိရ ပုဂံခေတ်ဟု ခေတ်ပိုင်းသတ်မှတ်ထား သည်။ ထိုနတ်ရုပ်ကို မုတ္ထီးသို့ ကျွန်တော် ရောက်ခဲ့စဉ်က မြင်တွေ့ ခဲ့ရသည်နှင့် အခြားနိုင်ငံတကာ ပြတိုက်တို့ရှိ အလားတူ နတ်ရုပ်များ၏ ခေတ်အပိုင်းအခြားတို့ကို နှိုင်းယှဉ် ကြည့်သော အခါ ထိုနတ်ရုတ်ထုသည် AD-2 ထက် နောက်မကျသော အစောပိုင်း လက်ရာဟန်မျိုးသာ ဖြစ်သည်ကို နှိုင်းယှဉ် သိမြင်ရပါသည်။

မုတ္ထီး အကြောင်းကို ချုပ်၍ ဆိုရပါမူ မုတ္ထီး (၁) နှင့် (၂) သည် ကျယ်ဝန်း၍ ကွေကောက်စီးစင်းသွားသော ထားဝယ် မြစ်အနီး၌ တည်ရှိသဖြင့် ရေကြောင်းခရီးဖြင့် ဆက်သွယ် သွားလာမှုသည် ယခင်က ယခုထက်ပင် ပိုမိုလွယ်ကူဟန် ရှိပါသည်။ ထိုကြောင့် တိုင်းတပါးသားတို့ ဝင်ထွက်ကုန် သွယ်ရာ ဖြစ်သဖြင့် တိုင်းတပါး ယဉ်ကျေးမှုနှင့် ဘာသာ အယူဝါဒများ ရောက်ရှိခဲ့ဟန် တူပါသည်။ များများစားစား တော့ မတွေ့ရပေ။

မုတ္ထီးတွင် သာဂရကဲ့သို့ ပျူသချိုင်းမျိုး မတွေ့ရသေးသော် လည်း (မတူးဖော်ရသေးပါသဖြင့်) ပျူဟန်လက်ရာ ပျူ ခေတ်သုံးစာပေ အထောက်အထားများ အများအပြား တွေ့ရှိရပြီး ဖြစ်ပါသည်။ ဟိန္ဒူအယူဝါဒနှင့် ဗုဒ္ဓဘာသာ အယူဝါဒ ယောယှက်နေသော မဟာယာနဆန်ဆန် ရုပ်တုများ တွေ့ရသည်။ ဗုဒ္ဓဘာသာ ထွန်းကားသည်ဟု ဆိုနိုင်သည်။ ဘာသာရေး လွတ်လပ်ခွင့် ရှိသည့် နေရာ ဖြစ်သည်ဟု ယူဆနိုင်သည်။ ထေရဝါဒ မဟာယာနဟု ခွဲခြား မပြောလိုပါ။ နှစ်မျိုးစလုံး ရှိနေပါသည်။ ထိုကြောင့် ဗုဒ္ဓဘာသာ ထွန်းကာူသညိဟုသာ ဆိုခြင်း ဖြစ်ပါသည်။
ထူးခြားသည်မှာ အုတ်ခွက်ဘုရားများ မြောက်များစွာ တွေ့ရခြင်း ဖြစ်သည်။ ခေတ်အဆက်ဆက် အပိုင်းလိုက် ကွာဟသည့် လက်ရာဟန်များ ဖြစ်ပါသည်။ တခေတ်တည်း ကလက်ရာများကို စုပုံ တွေ့ရခြင်းမျိုးမဟုတ်ပါ။ ထိုအုတ်ခွက် ဘုရားများကို ပြန်လည်စီစစ်ကာ ခေတ်ပိုင်း ခြား အတည်ပြုပြီး ပြန်လည် ဖော်ပြသင့်ပါသည်။ ဖော်ပြပါ မည်။ လတ်တလော သေချာသည့် အချက်တစ်ခုကို ဆိုရလျှင် မုတ္ထီးအုတ်ခွက် ဘုရားများကို လေ့လာကြည့်ခြင်း ဖြင့် သရေခေတ္တရာနှင့် ပုဂံခေတ်နှောင်းလက်ရာတို့သည် တသားတည်း တူညီမှု ရှိသည်ကို တွေ့ရပါသည်။ ထိုကြောင့် ပုဂံသည် ပျူ ဖြစ်သည် ဟူသော အဆိုကို ထောက်ခံလျက် ရှိပါသည်။

မုတ္ထီးသည် ထားဝယ်ရာဇဝင်များအရ အင်းဝခေတ်နှင့် ခေတ်ပြိုင် ဖော်ပြထားကြသော်လည်း တွေ့ရှိချက် အထောက်အထားများအရ ဆိုပါလျှင် ထိုမှတ်တမ်းတင် သောစာများပါ ကာလတို့သည် သိမှီသမျှ တစ်စွန်းတစ်စ ကိုသာမှတ်တမ်းတင်ထားကြောင်း ထင်ရှား ပေါ်လွင်နေ သည်။ စာမှတ်တမ်းပါ အရထက် ရာစုနှစ်ပေါင်း များစွာ စော၍ မုတ္ထီးတွငိ မြို့ပြစနစ် ထွန်းကားနေပြီ ဖြစ်ပါသည်။ ထိုအချက်က ထင်ရှားလှသည်။

မုတ္ထီး (၂) သည် အင်းဝနန်းမြို့နှင့် ပုံစံတူ ဖြစ်ရာ ရာဇဝင် မှတ်တမ်းပါ အင်းဝနှင့် ခေတ်ပြိုင် မုတ္တသုခနာဂရမြို့ဟူသည် မုတ္ထီး (၂) စော်ဝ သာဖြစ်ရမည်ဟု ကျွန်တော့်အနေဖြင့် ကောက်ချက်ချပါသည်။ သို့ရာတွင် ရာဇဝင်တွင် ပါသော မုတ်တွင်းသည် မုတ်ထီး(၁) တွင် ရှိနေသည်။ ဤမုတ်တွင်း သည် အစစ် ဖြစ်သည် မဖြစ်သည်ကိုကား မည်သူမှ မပြော နိုင်သဖြင့် မသေချာမရေရာသောကြောင့် ပယ်ပါသည်။
ရာဇဝင်တွင် ပါသည်မှာလည်း မုတ္တသုခနဂရမြို့သည် ယာယီ နန်းစိုက်သော မြို့ဟုသာ ဖော်ပြထားပါသည်။

မုတ္ထီး ၁ နှင့် ၂ တို့၏ အတိတ်ကို မှန်းဆနိုင်ရန် တူးဖော် သုတေသန များစွာ ပြုလုပ်ရန် လိုပေသေးသည်။ မုတ္ထီးကို လုံးဝ မတူးဖော်ရသေးပါ။ ယခုတွေ့မြင် တင်ပြထားသည့် အချက်အလက် အထောက်အထားများသည် မြေပေါ်တွင် တွေ့ရှိရသော အထောက်အထားများကို သုံးသပ် တင်ပြ ထားခြင်းမျှသာ ဖြစ်ပါသည်။









 






0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်