ဓမ္မာစရိယဦးဌေးလှိုင်မှသည် သီးခြားဝိနည်းဓိုရ်ခုံရုံးတော်သို့ ......


ဓမ္မာစရိယဦးဌေးလှိုင်၏ " မြန်မာနိုင်ငံပဋိပတ္တိသာသနာဝင် ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ" စာအုပ်သည် အရေးအသား
နှင့် အကြောင်းအရာ ၂ မျိုးလုံးပြောင်မြောက်လှပသော ကျမ်းစာဖြစ်သည်။ ရဟန်းတော်များ အကြောင်းရေးသား
ထားသောကြောင့် ထေရုပ္ပတ္တိဖြစ်သည်။ သို့ သော် လေးအီမသွား၊ စဖတ်မိလျှင် လက်က မချချင်အောင် ဆွဲဆောင်
အားကောင်းလှသည်။ ဒဂုန်တာရာ စကားအသုံးအတိုင်းပြောက ရုပ်ပုံလွှာ အရေးအဖွဲ့ ဟု ဆိုချင်ပါသည်။ထေရုပ္ပတ္တိ
စာရေးဆရာ ဦးဌေးလှိုင်သည် တရားရှာဖွေသူတို့ ၏အတွေ့ အကြုံ၊ အဟောအေပြာမျှကိုသာ တင်ပြသူမဟုတ်၊ စကားအစွန်း မလွတ်သည် တို့ ကိုလည်း ဆင်ခြင်တွေးတောနိုင်အောင် လမ်းကြောင်းပြပေးသူဖြစ်သည်။ဘာသာရေး ဆိုင်ရာ အယူ ဝါဒပြဿနာဖြစ်နိုင်ကြောင်း လိမ္မာပါးနပ်စွာ တင်ပြနိုင်ခဲ့ပါသည်။ ဓမ္မာစရိယဦးဌေးလှိုင်၏ အရေးအသား ပရိယာယ်ကို သဘောပေါက် နားလည်ပြီး ဆက်စပ် စဉ်းစားသောအခါ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး စာအုပ်ပါ ဆရာတော်၂ ပါး တို့ ၏ စာအုပ် များ၊ ဟောပြောချက် များသည် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ၊ သီးခြား ဝိနည်းဓိုရ်များ၏ ဝိနိစ္ဆယခုံရုံးတော်မှာ အမှားလား၊ အမှန်လား စိစစ် သုံးသပ်ခံပြီး အနေအထားသို့ ရောက်ခဲ့ပြီဖြစ်ကြောင်း ထင်ရှားစွာ တွေ့ လိုက်ရပါတော့သည်။ 

ပထမကြောင်ပန်းဆရာတော်---။ ဘွဲ့ တော် ဦးဣန္ဒက--။ လယ်တီဆရာတော်ကြီး၏ တပည့်တပါးဖြစ်သည်။ ၁၄ နှစ်ကျော် ၁၅ နှစ်ခန့် တရားအားထုတ်ပြီးနောက် "တုံးနာမ်တိုင်နာမ်" အယူအဆကို စတင်ဟောပြောသည်။ လယ်တီဆရာတော် တပည့် များပင်ဖြစ်ကြသော ဦးထွန်းဦး၊ ဦးထွန်းလှ၊ ဦးရန်ငြိမ်း စသော အဘိဓမ္မာဆရာများက တုံးနာမ်တိုင်နာမ်ဟောပြောချက် ကို ငြင်း ချက် ထုတ်ကြသည်။ လယ်တီဆရာတော်ထံ အဆုံးအဖြတ်ပေးရန် တင်ပြကြရာ  "အဆုံးအဖြတ် ငါမပေးလို " ဟု ငြင်းပယ်တော် မူခဲ့သည်။ တုံးတိုင်တို့ ကို နာမ် စိတ် ဝိညာဏက္ခန္ဓာဟုယူဆ ပြောဟောချက်၏ အကျိုးဆက်မှာ ဗူးရွက်၊ ကန်စွန်းရွက် ချက်စား သည့်အခါ နာမ်အသက် ရှိနေ၍ ပါဏာတိပါတကံ ကျူးလွန်ရာရောက်သည် ဟု အစွန်းထွက် များပေါ်လာခြင်းပင်----။

စာပေနည်းအရဖြစ်စေ၊ လက်တွေ့ အားထုတ်နည်းအရဖြစ်စေ စိတ်သည် မှီရာအာရုံနှင့် မကင်း---။ အာရုံ အာရမ္မဏိက ဟု အတွဲစကားလုံး ရှိသည်။ မြင်သိစိတ် ဝီထိဖြစ်စဉ်အရ မျက်လုံးက တုံးတိုင်ကို မြင်သောအခါ တုံးတိုင်သည် အာရုံ၊ မြင်သိစိတ် နာမ်သည် အာရမ္မဏိက ဖြစ်သည်။ ကြောင်ပန်း၏ အယူအဆမှာ တုံးသည်ပင်နာမ် တရား၊ တိုင်သည်ပင် နာမ်တရားဟု တုံးနှင့်နာမ်၊ တိုင်နှင့်နာမ်ကို လုံးထွေးပြောဆိုထားသည်။ ထိုအချက်ကိုထောက်၍ တုံးနာမ် တိုင်နာမ်ဝါဒ သည် ဓမ္မဝါဒမဟုတ် (အဓမ္မဝါဒ) ဟု နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အဖွဲ့ အမှတ် (၃) က ဆုံးဖြတ်သည်။
 
တုံးနာမ်တိုင်နာမ် ဝါဒကို အဆုံးအဖြတ် မပေးလိုငြင်းဆိုတော်မူခဲ့သော လယ်တီဆရာတော်ကြီးက ကြောင်ပန်းဆရာတော် အား  "မင်းတရားက နွားမဝှေ့ တရားကိုးကွယ့်။ နွားထီးများကတော့ ဝှေ့ကြတဲ့အခါ တကောင့်တကောင် တွန်ခြိမ်းဟိန်းဟောက်ကာ ခွါပေါက်စောင်းမြောင်းပြီးမှဝှေ့ကြတာကွယ့်။ နွားမ ဆိုတာကတော့ ဘာသံမပေး၊ ညာသံမပေး တေ့ဆက်ဒက်ကနဲ ဝှေ့ ပြေးကြ တယ်။ မင်းတရားကလဲ နွားမဝှေ့သလို အကျဉ်းဒက်ကနဲတေ့လိုက်တော့ လူတိုင်းနားမခံနိုင်ကြဘူးကွယ့်။ သိပ်ပြီးကျယ်လွန်းတော့ လဲ လင်ဗန်းထဲရေထည့်သောက်ရသလိုဖြစ်တတ်ပြန်ရော " ဟု တိုက်ရိုက်ပင် မိန့် တော်မူခဲ့သည်။

ဓမ္မာစရိယဦးဌေးလှိုင်က လယ်တီဆရာတော်၏ မှတ်ချက် စကားကို အခြေခံကာ ကြောင်ပန်းဆရာတော်၏ ကျင့်ကြံ အားထုတ် မှု ကို သံသယ မရှိပါ။ တုံးနာမ်တိုင်နာမ် ကိစ္စမှာ ဟောပြောမှု အတတ်ပညာခေါ် စကားအသုံးအနူန်း ပညတ်တင်မှု အားနည်းသောကြောင့် ငြင်းခုံပြောဆိုရမှုများ ပေါ်ခဲ့ရကြောင်း သုံးသပ်ထားလေသည်။

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁) က ကျောက်သင်္ဘောဝါဒ ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ခဲ့သည်။ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၂) က လူသေလူဖြစ်ဝါဒကို အဓမ္မဝါဒ အဖြစ် ဆုံးဖြတ်ခဲ့သည်။ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့  အမှတ် (၃) က ကြောင်ပန်းတောရဝါဒရှိ အချို့ အယူအဆကို ဓမ္မ၊ အချို့ အယူအဆကို အဓမ္မဟု ဆုံးဖြတ်ခဲ့သည်။ ကျောက်သင်္ဘော ဆရာတော်သည် ကြောင်ပန်းဆရာတော်၏ တုံးနာမ်တိုင်နာမ်ဝါဒကို အားထုတ်
ရာမှ တရားအမြင်ပေါက်ကာ တုံးစိတ်တိုင်စိတ် ဝါဒဖြစ်ပေါ်လာသည်။ ထို့ ကြောင့် ကြောင်ပန်းဝါဒသည် ကျောက် သင်္ဘောဝါဒ ၏ ပင်မ အတွေးအခေါ်ဖြစ်သည်။

ဆက်လက်၍ ဓမ္မာစရိယ ဦးဌေးလှိုင်က ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင် ကြောင်ပန်းဆရာတော်၏ "ဤကဲ့သို့
စာပေ ကို ကြည့်၍လည်းကောင်း၊ သူတပါးပြောဟောသော တရားကိုကြား၍သော်လည်းကောင်း မိမိစိတ်၌ ခြိုက်ခ
နဲ သိမြင်လျှင် သောတာပန် ဟုသာ မှတ်ပါ "ဟူသောရေးသားချက်ကို ဖော်ပြသည်။ ယင်းနောက် "လျင်မြန်စွာတရား
ထူးရကြသော်လည်း ရုပ်နာမ်ဓမ္မကို မရှုမှတ် မပွားများဘဲ သောတာပန် စသည်ဖြင့် ဖြစ်ရိုး ထုံးစံ မရှိကြလေ။ ယခုအခါ (လျင်မြန်စွာတရားထူးရသော) ထိုပုဂ္ဂိုလ်မျိုးလည်း ရှားပေလိမ့်မည်။ ကြောင်ပန်းတောရ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ပင် လျှင် တဆယ့်လေးငါးနှစ် ကြိုးစားတော်မူခဲ့ရ၏ "ဟု ပါးနပ်စွာစောဒနာတက်ပြထား၏။ ရှင်းရှင်းဆို လျှင်ကြောင်ပန်း ဆရာတော်၏ စကားမှာ "ကျင့်ကြံနေစရာမလို၊ သိရင်သောတာပန်ဖြစ်ပြီ" ဟု ဆိုလိုနေ၏။

ကြောင်ပန်းတောရဝါဒကို ဝိနိစ္ဆယခုံရုံး တင်ရာတွင် ကြောင်ပန်းဆရာတော်၏ အထက်ပါစကားရပ်အပြင် "ဤကဲ့သို့ 
ရုပ်ဓာတ် နာမ်ဓာတ် တို့ကို ပေါက်အောင်ရှုမြင်သော သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပညာရှိ တို့ သိမြင်ပုံတည်း။ ဤကဲ့သို့ စာပေ ကြည့် ၍သော်လည်းကောင်း၊ သူတပါးဟောသော တရားကိုကြား၍သော်လည်းကောင်း မိမိစိတ်၌ တကယ်နှစ်ခြိုက်စွာသိမြင် လျှင် သောတာပန် ဟုသာ မှတ်ပါ" ဟူသော ရေးသားချက်ကို အကိုး သာဓကပြုပြီး ကြောင်ပန်းဝါဒသည် အကျင့်ကို ပယ်ပြီး သိရုံနှင့်သောတာပန် ဟုယူဆသောကြောင့် အဓမ္မဝါဒဖြစ်နေကြောင်း စောဒနာ တင်ကြ၏။

ဓမ္မာစရိယဦးဌေးလှိုင်ကောက်နုတ်ဖော်ပြသမျှ အတိုင်းသာ ဆိုပါက ကြောင်ပန်းဝါဒသည် အမှန်တကယ် အဓမ္မဝါဒ ဖြစ်နေ ပါ သည်။ ကျင့်နေစရာမလို၊ သိရင်သောတာပန် ဝါဒဖြစ်နေပါသည်။ သို့ သော် စကား ၂ ရပ်လုံးကို ဆက်စပ်ကာ "ပရတောဃောသ (တရားနာ၊စာပေဖတ်မှု)ကြောင့် မိမိစိတ်ဓာတ်၌ ရုပ်ဓာတ် နာမ်ဓာတ် တို့ ပေါက်အောင် သမ္မာဒိဋ္ဌိမဂ္ဂင်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် သိမြင် လျှင် သောတာပန်ဟု မှတ်ပါ" ဟု အဓိပ္ပါယ် ယူကသင့်လျော်သောကြောင့် အဓမ္မဝါဒသဘော မသက်ရောက် ဟု ဝိနည်းဓိုရ်အဖွဲ့  က ဆုံးဖြတ်ချက် ချမှတ်ခဲ့လေသည်။ ဤနေရာတွင် ကြောင်ပန်းဝါဒမှန်၏ ဟု အမှတ်ပေးလိုက်ခြင်းပေတည်း-------။

မိုးကုတ်ဆရာတော်--။ ဘွဲ့ တော် ဦးဝိမလ---။ နှစ်ပေါင်း ၃ဝ ကျော် မာတိကာ-ဓာတုကထာ၊ ယမိုက်နှင့် ပဋ္ဌာန်းကျမ်းများ ကို ပို့ ချပေးတော်မူခဲ့သော အဘိဓမ္မာ အထူးပြု စာချဘုန်းတော်ကြီး တပါးဖြစ်ခဲ့သည်။ အဘိဓမ္မာတရားတော်များကို လည်း အခါအခွင့် အားလျော်စွာ ဟောပြောတော်မူခဲ့သော အဘိဓမ္မာဓမ္မကထိက လည်းဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း မိုးကုတ်မြို့ နှင့် ၄ မိုင်အကွာဘော်ဘတန်းရွာ အနီးရှိ ကျောက်လိုဏ်ဂူအတွင်း တရား
အားထုတ်တော် မူခဲ့သည်။ သီဟိုဠ်ကျွန်း မဟာဗောဓိစေတီတော်၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော်များဝယ် ရတနာ စိန်ဖူးတော်များကို ဦးဆောင်တင်လှူတော်မူခဲ့ပါသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကိုလည်း အလှူ ခံရရှိတော်မူခဲ့ သည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ပဓာနထား၍ တရားဟောပြောမှုများသောကြောင့် မိုးကုတ်ဆရာတော်နှင့် ပဋိစ္စသမုပ္ပါဒ်၊ ပဋိစ္စသမုပ္ပါဒ်နှင့် မိုးကုတ်ဆရာတော် ဟူ၍ ယှဉ်တွဲကျော်ကြား ခဲ့ပါသည်။

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ လောကမှန်ကင်းကျောင်းတိုက်ဆရာတော်ဦးဝိသုဒ္ဓက မိုးကုတ်ဆရာတော်
ကြီး၏ဟောပြောချက် တရားတော်များသည် ထေရဝါဒဗုဒ္ဓစာပေများနှင့် မညီညွတ်သည့် အချက်အလက်များပါဝင်
နေကြောင်း၊ ဓမ္မ အဓမ္မ ကွဲပြားအောင်ကြားနာစစ်ဆေး အဆုံးအဖြတ်ပေးပါရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ 
သို့ ၂ဝဝ၂ ခုနှစ်တွင် တင်ပြလျှောက်ထားခဲ့သည်။ဆရာတော်ဦးဝိသုဒ္ဓဘက်၊ မိုးကုတ်ဝိပဿနာအဖွဲ့ ချုပ်ဘက်တို့ မှ နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့ ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် သဘောတူညီကြသည်။  ၂ဝဝ၅ ခုနှစ်တွင် မိုးကုတ်ဝိနိစ္ဆယ ကိစ္စပြီးစီးသည်။

ထူးခြားချက်မှာ တရားသူကြီး (ဝိနည်းဓိုရ်)အဖွဲ့ အမှတ်(၁၂) သည် မိုးကုတ်ဆရာတော်ကြီး၏ဟောတရားများတွင်
 ပါဝင်နေသော ပါဠိမှား၊ အနက်မှား၊ ပုဂ္ဂိုလ်မှား၊ဌာနမှား၊ကျမ်းညွှန်းမှား၊အရေအတွက်မှား၊အချက်အလက်မှားများ
ကိုဟောစဉ် စာအုပ် အဖြစ် ထုတ်ဝေကပြင်ဆင်ရန်၊အသံသွင်းတိပ်ခွေဖြစ်က အမှားများကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်
သည်။ အဓမ္မဝါဒဖြစ်သည် ဟုကား မဆုံးဖြတ်ပါ-----။ မိုးကုတ်ဝိနိစ္ဆယ စာအုပ်ပါ အမှားပြင်ဆင်ချက်များအပြင် တခြား
အမှား များကိုလည်း ပိဋကတ်ပညာရှင်များ အကူအညီယူကာပြင်ဆင်ခြင်းဖြင့် မိုးကုတ်ဆရာတော်ကြီးအား ပူဇော်ကြရန် ဝိနည်းဓိုရ်အဖွဲ့ က မိုးကုတ် ဝိပဿနာအဖွဲ့ ချုပ်ကို တိုက်တွန်းထားသည်။

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့  မပေါ်ခင်ကလည်း မိုးကုတ်ဆရာတော်၏ တရားဟောပြောချက်ကို အကြောင်းပြုကာ ဝိနိစ္ဆယ ဌာနသို့ ပြဿနာရောက်လာခဲ့သေးကြောင်း ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာအုပ်၌ ဖော်ပြထား၏။
"မင်းတို့ အမေမိဘတွေ အဘိုးအဘွားတွေ ဒီတရားမျိုးနာမသွားရရှာဘူး။ ကျောင်းဒကာကျောင်းအမလောက်နဲ့ သေသွားကြရရှာတယ်။ ကြိုးစားနာကြ" ဟု တချိန်က ဆရာတော်ဟောဖူး၏။ ပဋိပတ္တိသာသနာ ပြန်လည်ပွင့်ထွန်း လာသည့်သဘောကို တိုက်တွန်းဟောကြေား လိုရင်းဖြစ်၏။ ပရိယတ္တိသန်သူများက မကြိုက်ကြချေ။ မည်သူတွေက မည်သို့ တို့ ကြ၊ တိုင်ကြ၊စောဒနာကြသည်မသိ။ ဝိနိစ္ဆယဌာန သို့ ပင်ပြဿနာတက်လာသည် ဟု ထင်သည်။ ကောင်းစွာမမှတ်မိ။" (ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ၊ အဋ္ဌမအကြိမ်၊ စာမျက်နှာ-၆၄၆။)

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်၊ မိုးကုတ်ဆရာတော်အကြောင်းတနေရာတွင် "ဆရာတော်၏လေသံကိုလိုက်၍ တပည့်အချို့  ကလည်း "သွားတယ်၊လာတယ်မှတ်နေရုံနှင့်တရားမရနိုင်။ ပဋိစ္စသမုပ္ပါဒ်သိပြီးမှ၊ ဖြစ်ပျက်ထိအောင်ရှု
နိုင်မှ ကိစ္စပြီးသည်" ဟု ရေးသားပြောဆို မှတ်ထင်နေကြသေး၏။ တရားသဘောကား သီသီကလေးဖြစ်၍ "တရား
သေ" မစွဲယူကြရာ။ ဝိပဿနာအလုပ်သည် ပညတ်ဖြင့်သာ အစတည်ကြရ၏။ သမထလှေကားထစ်ကိုသာ စ၍ နင်းကြရသည်။ အခွံကိုခွာဦးမှ အသားကို ရ၏။ "သွားတယ်၊လာတယ်"မှတ်နေခြင်းသည် အခွံခွာနေခြင်းဖြစ်သည်။ ခွာပါများလျှင် အသားကို မတွေ့  ချင်၍ မရပြီ။ ရုပ်နာမ်ဖြစ်ပျက်ကို ထိုးထွင်း၍ သိရန်လည်း အဆုံးအမဒေသနာ ဗဟုသုတကို အသင့်ရနိုင်သော ခေတ် လည်းဖြစ်ပေ၏။" ဟုတွေ့ ရ၏။ စကားအစွန်းမလွတ်၊ ဘာသာရေးအယူဝါဒပြဿနာ ပေါ်နိုင်ကြောင်း အရေးအသား လိမ္မာချောမွေ့  စွာဖြင့် ဓမ္မာစရိယဦးဌေးလှိုင် တင်ပြခဲ့၏။

နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂)ကလည်း "မိုးကုတ်ဆရာတော်ကြီးသည် ပဋိစ္စသမုပ္ပါဒ်၌လေ့လာမှု
များသောကြောင့် ပဋိစ္စသမုပ္ပါဒ်တရားကို တိုက်ရိုက်မဟောသည့်သုတ္တန်များကိုပင် ပဋိစ္စသမုပ္ပါဒ်တရားဟောကြား
လေဟန် ဟောကြားထားခြင်း---စသည်ဖြင့် ပညာရှိတို့ လက်မခံနိုင်စရာ ဟောကြားချက်များလည်း ပါရှိနေရာ ထိုအချက်များ ကို စိစစ်သုံးသပ်ရာတွင် သတိပညာရှေ့ သွားပြုလျက် ကျမ်းဂန်အသီးသီးဖြင့် တိုက်ဆိုင် စိစစ်ရသော
ကြောင့် မလွယ်ကူလှပါ" ဟု မိုးကုတ်ဝိနိစ္ဆယ စာအုပ်နိဒါန်း တွင် ဖော်ပြထားသည်။

မြင်းမှီဆွဲမောင်ဆန်ခေါ် အရှင်ဆန္နအကြောင်းမိုးကုတ်ဆရာတော်ကြီး၏ဟောပြောချက်ကို ဓမ္မာစရိယဦးဌေးလှိုင်
က စကားလုံးရွေးချယ်မှုကောင်းကောင်းဖြင့် ငြင်းပယ်ခဲ့လေသည်။ "ကတ္တီပါလက်အိတ် စွပ်ထားသော သံလက်သီး
အရေးအသား" ဟု အမည်ပေးသော် သင့်အံ့ထင်၏။ ကြည့်ပါလေ---။
"ရှင်ဆန္နဟာ ဒီသဿတခံနေလို့  ၄၅ နှစ်လောက် အနိစ္စ ဒုက္ခ အနတ္တရှုပေမယ့် တရားမရတာ ရှင်းပလား၊ ဖြစ်
သင့်လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ် လို့ သိရင် မပူနဲ့ တော့။ ဗလဝဝိပဿနာဖြစ်ပြီ။ (မိုးကုတ်ဆရာတော်)

ဤနေရာ၌ ဆရာတော်က "သက္ကာယ၊ သဿတ၊ ဥစ္ဆေဒမခွာဘဲ တရားအားထုတ်လျှင် ၊ ပဋိစ္စသမုပ္ပါဒ်နားမလည် သေးဘဲ တရား အားထုတ်လျှင် တသက်လုံးအားထုတ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်မရနိုင်ဘူး "ဟု ပိုပိုသာသာ ဟောလေ့ရှိသည် ဟု ဆိုရပေ မည်။ ပရိညာသုံးပါး အဓိပ္ပါယ်ကိုလည်း ပိုပိုသာသာဟောထား၏။ စင်စစ် ရှင်ဆန္နထေရ်ကို သာဓကထိုးသည် ကိုလည်း အခိုင်အမာ မစွဲယူကြရာ။ အဘယ့်ကြောင့်ဆိုသော် သဿတနှင့်စပ်၍ သာသနာတွင် ရှင်ဆန္နတပါးလောက် ဥပမာပြရုံသာ ရှိလေ သည်။ ကြိုတင်ဟောပြောပေးသော ထိုအသိသည်လည်း  "သုတမယ "မျှသာ ရှိသေးရာ တရားသဘောကား ကွာရမည့် အရာသည် လုပ်မှပင် အစစ် ကွာ၏။ သိရမည့်အရာလည်း လုပ်မှပင် အစစ် သိလာရမြဲ ဖြစ်သည်။ ပုံသေတထစ်ကျ မသုံးသပ် မစွဲယူသင့်-----။ " (ရဟန္တာနှင့်ပုဂ္ဂိုလ်ထူး၊ ၆၃၈)

ဓမ္မာစရိယဦးဌေးလှိုင်က မိုးကုတ်ဆရာတော်သည် ပဋိစ္စသမုပ္ပါဒ်၊ ပရိညာတရားတို့ ကိုဟောပြောပြီဆိုလျှင် "ပိုပိုသာသာဟောသည်" ဟု မှတ်ချက်ပေး၏။ ယင်းစကားသည် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂)၏
" မိုးကုတ်ဆရာတော်ကြီးသည် ပဋိစ္စသမုပ္ပါဒ်၌လေ့လာမှုများသောကြောင့် ပဋိစ္စသမုပ္ပါဒ်တရားကို တိုက်ရိုက်
မဟောသည့် သုတ္တန်များကိုပင် ပဋိစ္စသမုပ္ပါဒ်တရားဟောကြားလေဟန် ဟောကြားသည်" စကားနှင့် ညီမျှပါသည်။

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများကျမ်းလာ ဝေဖန်ချက်သည် မိုးကုတ်ဝိနိစ္ဆယ၏အမှတ် ၄ စောဒနာစိစစ်ချက်ဖြစ်လာပါ
သည်။ ဤဆောင်းပါးတွင် နောက်ဆုံး ဆုံးဖြတ်ချက် ကိုသာ ကူးယူဖော်ပြထားပါသည်။

"ထို့ ကြောင့် အရှင်ဆန္နရဟန္တာဖြစ်ရေးတွင် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို နာကြားရခြင်းသည် အားကြီးသော အကြောင်းဖြစ် ၍ "ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့ အနိစ္စ ဒုက္ခ အနတ္တတွေ နင်းပြီးကြိုးစား၊ရကိုမရဘူး။" ဟူသော မိုးကုတ်ဆရာတော်ကြီး၏ ဟောပြောချက်သည် မှားယွင်းသည်ဟု မဆိုနိုင်ပေ။

သို့ သော် ဉာဏ်နုနယ်သူ၊ ပရိယတ္တိအားနည်းသူများအဖို့  ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှသာ ဝိပဿနာဉာဏ် မဂ်ဉာဏ်ရနိုင်သည်။ သစ္စာတရား၊ သတိပဋ္ဌာန်တရားစသည်တို့ ကို နားလည်ရုံမျှဖြင့် ဝိပဿနာဉာဏ် မဂ်ဉာဏ် မရနိုင်ဟု အသိမှားနိုင်သောကြောင့် "ပဋိစ္စသမုပ္ပါဒ်နားမလည်ဘဲနဲ့" ဟူသောစကားကို "ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘောကို နားမလည်ဘဲနဲ့" ဟု လည်းကောင်း၊ "ဘာနားမလည်လို့ တုန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့" ဟူသော စကားကို "ဘာနားမလည်လို့ တုန်းဆိုတော့ ကြောင်းကျိုးဆက်ပြီး ဖြစ်ပျက်တဲ့သဘောကို နားမလည်တော့ " ဟူ၍ လည်းကောင်း ပြင်ဆင်ပေး ရမည်။
တိတ်ခွေ၌လည်း "ပဋိစ္စသမုပ္ပါဒ်ကို နားမလည်ဘဲနဲ့" ဟူသောစကား၊ "ဘာနားမလည်လို့ တုန်းဆိုတော့ပဋိစ္စသမုပ္ပါဒ်
နားမလည်တော့" ဟူသောစကားရပ်တို့ ကို ပယ်ဖျက်ပေးရမည်။
ထို့ ပြင် "သူရှုနေတာ ၄၄ နှစ်၊၄၅ နှစ် ကြာပါပြီတဲ့"ဟူသော စကားသည်လည်းကျမ်းဂန်တွင် တိုက်ရိုက်မပါသောကြောင့် ယင်း စကားရပ်နှင့် အလားတူစကားရပ်များကို ဖြုတ်ပယ်ပေးရမည်။ အသံသွင်းတိတ်ခွေတို့ ၌လည်း ယင်းစကားရပ်များကို ပယ်ဖျက်ပေးရမည်။" (မိုးကုတ်ဝိနိစ္ဆယ၊ ၅၇၊)

ပထမကြောင်ပန်းဆရာတော်ကြီးလွန်တော်မူပြီး ၅၅ နှစ်အကြာ ကြောင်ပန်းတောရဝိနိစ္ဆယ ပေါ်ပေါက်လာသည်။ မိုးကုတ် ဆရာတော်ကြီး လွန်တော်မူပြီး ၄၁ နှစ်အကြာ မိုးကုတ်ဝိနိစ္ဆယပေါ်ထွက်လာသည်။ ဓမ္မာစရိယဦးဌေးလှိုင်
သည် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်နိဒါန်းအရ  ကြောင်ပန်းဆရာတော်၊မိုးကုတ်ဆရာတော်အပါအဝင် ဆရာတော် များစွာ တို့ ၏ ကျင့်ကြံဟောပြောမှု အဖုံဖုံကို ၁၉၇၃-ခုနှစ်ဝန်းကျင်တွင် ရေးသားခဲ့သည်ဟု ယူဆရပါသည်။
 
ဆရာတော်ကြီး ၂ ပါး၏ဟောပြောချက်ကို တင်ပြရာတွင် ဦးဌေးလှိုင်၏ရေးသားချက်သည် ဝိနည်းဓိုရ်ဆရာတော် များ၏ စိစစ် သုံးသပ်ချက်နှင့်နှိုင်းယှဉ်လျှင် လိုသည်၊ပိုသည်များ ရှိသည်ကို တွေ့ ရပါသည်။ ဦးခေါင်းတလုံးတည်း၏ ဝေဖန်စိစစ် ဉာဏ်ဖြင့်သာ တင်ပြရေးသားရသည့်အတွက် အဆုံးအဖြတ်ကိစ္စပိုင်းတွင် အားပျော့နေသည်။ သို့ သော် ဓမ္မစာပေစာရေးဆရာတဦး၏ အမြင် တွင် ဆရာတော်ကြီးများ၏ မိန့် ဆိုရေးသားချက်သည် ဂယက်အနက် (သို့မဟုတ်) အယူဝါဒမီးပွားမီးစငွေ့ ငွေ့ မျှ ရှိနေကြောင်းကို မူ စာဖတ်သူများကို ထင်သာမြင်သာပြခဲ့လေသည်။

သီးခြားဝိနည်းဓိုရ်ခုံရုံးတော်သို့  ဆရာတော်ကြီး ၂ ပါး၏ ရေးသားမိန့် ဆိုချက်များရောက်ရှိလာသောအခါတွင် အယူဝါဒဂယက် ထသည်ကို ငြိမ်အောင်၊ မီးစငွေ့ ငွေ့ တောက်လောင်သည်ကိုအပြီးတိုင်ငြိမ်းအောင်ဖြေရှင်းသည်ကို တွေ့ ရကြောင်း ဓမ္မစာပေ ပရိသတ်များ အတွေးနက်နက် ပွားနိုင်စေရန် ရည်ရွယ်တင်ပြလိုက်ပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်