ပိဋက နှင့် နိကာယ် ကို သရုပ်မကွဲသူ အဘိဓမ္မာ ဆရာတဦးသို့



အဘိဓမ္မာ----။
ဗုဒ္ဓဘာသာ၏ နက်နဲသော အတွေးအခေါ်ကိုပြဆိုရာ တရားတော်များ စုဝေးရာနေရာဖြစ်သည်။ ပုဂ္ဂလဓိဋ္ဌာန် အားဖြင့်
 ဖော်ပြခြင်း မပြုဘဲ ဓမ္မဓိဋ္ဌာန် အားဖြင့်သာ ဟောပြသော တရားတော်များ စုဝေးရာနေရာဖြစ်သည်။
အဘိဓမ္မာသင်တန်း---။
အဘိဓမ္မာကို သင်တန်း အဖြစ်ရော၊ တရားပွဲအဖြစ်ရော သင်ကြားပို့ ချမှုများမှာ ယနေ့ ခေတ်သည် အလွန် ပွင့်လင်းသော ခေတ်ဖြစ်လေသည်။ သို့ ဖြစ်ပေရာ မိမိသည်လည်း အဘိဓမ္မာသင်တန်း၊ အဘိဓမ္မာ တရားတော်များ ကို အွန်လိုင်း မှတဆင့် လေ့လာသင်ယူသူတဦးဖြစ်နေခဲ့သည်။ အခြားတပါးသို့ သွားရောက်ခဲ့ခြင်း မရှိဘဲ ကိုယ့်နေရာကလေးမှာပင် အဘိဓမ္မာ တရားကို လေ့လာခဲ့ရခြင်း အတွက် အလွန်ပင် သက်တောင့်သက်သာ ရှိလှ၏။ ခေတ်သစ်တက္ကနိုလိုဂျီသည် ဗုဒ္ဓတရားတော် ကို လေ့လာသင်ယူရာတွင် ထိရောက်သော သင်ထောက်ကူပစ္စည်း တခုဖြစ်ပေရာ အလွန်ကျေးဇူး များလှ၏။
အဘိဓမ္မာသင်တန်း တစ်ခုမှ အသံဖိုင်များကို နာယူမိသည်။ ပထမ အသံဖိုင်မှာ အဖွင့်တရားတော်ဖြစ်သည်။ ယင်းတရား 
ဟောပြောချက်တွင် သင်တန်းဆရာက ပိဋက ၃ ပုံ၊ နိကာယ် ၅ ရပ် အကြောင်းကို ရှင်းပြသွားပါ၏။ ထိုသင်တန်းဆရာ၏ ရှင်းပြချက်မှာ ကြားနေကျ အဓိပ္ပါယ် မဟုတ်ဘဲ ထူးဆန်းနေ၏။ သူ၏ ရှင်းပြချက် ဆိုလိုရင်းမှာ ဖော်ပြပါ အတိုင်းဖြစ်၏။ 
           "မြတ်စွာဘုရားဟောတဲ့တရားတော်တွေကို ဓမ္မက္ခန္ဓာအားဖြင့်ရေတွက်မယ်ဆိုရင် ရှစ်သောင်း လေးထောင် ရှိ တယ်။ အသောကမင်းတရားကြီးက ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်တယ် ဆိုတာ အဲဒီ ဓမ္မက္ခန္ဓာကို ပူဇော်တဲ့အနေနဲ့ တည်တာပဲ။ အဲဒီတော့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အကျဉ်းအားဖြင့် ထပ်ခွဲပါဆိုတော့ 
နံပတ် ၁- ဝိနည်းပိဋကတ်၊ ဝိနည်းပိဋကတ်မှာ ဓမ္မက္ခန္ဓာပေါင်း နှစ်သောင်းတထောင်၊ 
၂-သုတ္တန်ပိဋကတ်မှာ ဓမ္မက္ခန္ဓာပေါင်းနှစ်သောင်းတထောင်၊ 
အဘိဓမ္မာပိဋကတ်မှာ ဓမ္မက္ခန္ဓာပေါင်းလေးသောင်းနှစ်ထောင်၊ 
အားလုံးပေါင်းရှစ်သောင်းလေးထောင်-----။ 
 
နိကာယ် ၅ ရပ် အနေနဲ့ ခွဲရင် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ 
အဂုင်္တ္တရနိကာယ်၊ သံယုတ္တနိကာယ်၊ ခုဒ္ဒကနိကာယ်၊ အားလုံးပေါင်း ၅ ခု--။ 
 
အဲဒီတော့ လူတွေမှာ ပြဿနာတက်တာရှိတယ်၊ ပိဋကသုံးပုံနဲ့ နိကာယ် ၅ ရပ်တူသလားဆိုတော့ မတူဘူး၊ 
မှတ် ထားနော်၊ သို့ သော်လည်း ပိဋက ၃ ပုံကို နိကာယ် ၅ ရပ်ထဲမှာ သွင်းဆို သွင်းလို့ ရတယ်။ ဝိနည်း၊သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်အားလုံးဟာ ခုဒ္ဒကနိကာယ်ထဲမှာ ပါတယ်။ အဲဒီတော့ ပိဋက ၃ ပုံရွတ်တာကို တိပိဋကလို့ 
ပြောတယ်။ နိကာယ်တွေကို ရွတ်တာ မဟုတ်ဘူးနော်၊ နိကာယ်အတွက် စာအုပ်တွေက သီးသန့် ရှိသေးတယ်။
 နိကာယ် ၅ ရပ် လုံးကို အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကတော့ မပေါ်သေးဘူး။ ပိဋကတ်သုံးပုံကို အာဂုံဆောင်တာနဲ့ ၊
 နိကာယ် ၅ ရပ် ကို အာဂုံဆောင်တာနဲ့  မတူဘူး။ လူတွေမှာ တခါတလေကျရင် ဝေသွားတတ်တယ်နော်--။ 
ဝိနည်းပိဋကရော၊ သုတ္တန်ပိဋကရော၊ အဘိဓမ္မာပိဋကရော နိကာယ်အားဖြင့်ပြောလိုက်ရင် ခုဒ္ဒကနိကာယ်ထဲ ရောက်သွားတယ်နော်--။ခုဒ္ဒကနိကာယ်တခုတည်းပဲ--။ 
 
သာသနာလောကမှာ---တိပိဋကတွေ---မင်းကွန်းဆရာတော်ကြီးတို့ တော့ ပေါ်ပြီနဲ့ တူတယ်။ နိကာယ် ၅ ရပ်ထဲမှာ
 နိကာယ် ၄ ခုလောက်ကို အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ် တပါးပေါ်တယ်။ အဲဒီ ပုဂ္ဂိုလ်ကဘယ်သူလဲဆိုရင် ဘုန်းဘုန်းတို့ တော့ 
မမှီဘူး။ သူ့ ကိုဘုန်းကြီး ဘဝနဲ့ မမှီဘူး။ သူဟာ ယောက်ကော်ဆရာတော်တို့ ၊ ဦးပရမဝဏ္ဏသိဒ္ဓိတို့ နဲ့ အတူတူ ဗိုလ်ချုပ်စိန်လွင် လက်ထက်မှာ လူချွတ် ခံရတယ်နဲ့ တူတယ်။ သူ့ ဘုန်းကြီးဘွဲ့ တော့ မသိဘူး။ သူဟာ ဟိုအရင်တုန်းကမြန်မာနိုင်ငံမှာ သာသနာ့ရောင်ခြည် ဆိုတဲ့ စာစောင်ဆိုတာ ထွက်တယ်လေ။ အဲဒီမှာ ဦးစံတင့် (စတုနိကာယဘာဏက) ဆိုတဲ့ ပုဂ္ဂိုလ်ရှိတယ်။ သူက နိကာယ် ၄ ခုအထိ အာဂုံဆောင်နိုင်တယ်။
ဒါ--- နိကာယ်နဲ့ ပိဋကတ်နဲ့ မတူဘူး ဆိုတာပြောပြတာ--။ "
သင်တန်းပြ ဆရာ၏ စကားတို့ ကို အကျဉ်းချုပ်ကြည့်သည်။
 
(က) ပိဋက ၃ ပုံ နှင့် နိကာယ် ၅ ရပ်ဆိုတာ အတူတူမဟုတ်
(ခ) ပိဋက ၃ ပုံဆိုတာ နိကာယ်အားဖြင့် ခုဒ္ဒကနိကာယ် တခုတည်းပါ။
(ဂ) နိကာယ်စာအုပ် (နိကာယ်ကျမ်း) များဟု သီးသန့် ရှိသည်။
(ဃ) ပိဋက ၃ ပုံ စာမေးပွဲအောင်သော်လည်း  နိကာယ် ၅ ရပ်ကို အောင်မြင်သူ မဖြစ်နိုင်
(င)  နိကာယ် ၅ ရပ် အနက် မြန်မာပြည်မှာ နိကာယ် ၄ ရပ်အောင်မြင်သူမှာ ဦးစံတင့် (စတုနိကာယဘာဏက) ဆိုသူ တယောက်သာ ရှိသေးသည်။ သူ့ အပြင် နောက်ထပ် မပေါ်သေး။
ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာ (ပါ-သီ-အ)ဟူသော အဋ္ဌကထာကြီး
 ၃ စောင် ၏ နိဒါနကထာပိုင်းတွင် ပရိနိဗ္ဗာန်ဝင်စံတော်မူလေပြီးသောမြတ်စွာဘုရားရှင်၏ စကားတော်များကို အရှင် မဟာကဿပဦးဆောင်၍ သံဂါယနာတင်ကြရာတွင် အမျိုးအစားအလိုက်၊ အရွယ်အစား အလိုက်စနစ်တကျ စုစည်း လိုက်ကြပုံများကို အသေးစိတ်ဖော်ပြထားပါ၏။ စင်္ကာပူ၊အဘိဓမ္မာအသင်းနည်းပြဆရာ၏ရှင်းပြချက်မှားသည်၊ မှန်သည်ကို ဝေဖန်ဆန်းစစ်ရာတွင် အထက်ပါ အဋ္ဌကထာကြီးများ၏ အဆိုအမိန့် များကို မှတ်ကျောက်အဖြစ် အသုံးပြုမည်ဖြစ်ပါသည်။
"တံ သဗ္ဗမ္ပိ သင်္ဂယှမာနံ  ပိဋကတော တီဏိ ပိဋကာနိ ဟောန္တိ,နိကာယတော ပဉ္စ နိကာယာ,အင်္ဂတော နဝင်္ဂါနိ,
ဓမ္မက္ခန္ဓတော စတုရာသီတိပဉ္စသဟဿာနိ= မြတ်စွာဘုရား၏ စကားတော်များကို ပေါင်းစုလိုက်လျှင် ပိဋကအားဖြင့် ၃ ပုံ၊ နိကာယ် အားဖြင့် ၅ ရပ်၊ အင်္ဂါအားဖြင့် ၉ ခု၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင်ဖြစ်လာလေသည်။"
"ကထံ?သဗ္ဗမ္ပိ ဟေတံ ပိဋကတော ဝိနယပိဋကံ သုတ္တန္တပိဋကံ အဘိဓမ္မပိဋကန္တိတိပ္ပဘေဒမေဝ ဟောတိ=   
မည်သို့ မည်ပုံ ပိဋက ၃ ပုံ၊ နိကာယ် ၅ ရပ်စသည်ဖြစ်သနည်း? မြတ်စွာဘုရားရှင်၏ စကားတော် အားလုံးသည်
 ပိဋက အားဖြင့် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက အားဖြင့် ၃ မျိုးပြား၏။ "
ဤသို့  ပိဋက ၃ ပုံအမည်ကို အစချီပြီးနောက် ပါတိမောက်နှစ်ပါး၊ ဝိဘင်း နှစ်ပါး၊ ခန္ဓက ၂၂ ပါး၊ ပရိဝါရ ၁၆ ခု
 ( ဆဋ္ဌသံဂါယနာကျမ်းစာ ခွဲပုံအရ ပါရာဇိကပါဠိ၊ ပါစိတ္တိယပါဠိ၊ မဟာဝဂ္ဂပါဠိ၊ စူဠဝဂ္ဂပါဠိ၊ ပရိဝါရပါဠိ 
ဟူသော ဝိနည်း ၅ ကျမ်း) သည် ဝိနယပိဋက မည်၏။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ 
အဂုင်္တ္တရနိကာယ်၊ ခုဒ္ဒကပါဌစသော ၁၅ ကျမ်းဟူသော ခုဒ္ဒကနိကာယ်သည် သုတ္တန္တပိဋကမည်၏။ ဓမ္မသင်္ဂဏီ 
(သို့ မဟုတ်) ဓမ္မသင်္ဂဟ စသော ၇ ကျမ်းသည် အဘိဓမ္မပိဋက မည်၏ ဟု အဓိပ္ပါယ် ရှင်းပြသည်။
ယင်းနောက် "ကထံ နိကာယတော ပဉ္စ နိကာယာတိ? နိကာယ်အားဖြင့် မည်သို့ မည်ပုံ  ၅ မျိုးဖြစ်ရသနည်း
 မေးခွန်းဖြင့် အစချီကာ နိကာယ် အကြောင်းကို အဋ္ဌကထာကျမ်း တို့ ရှင်းပြပြန်၏။ ထိုတွင် အုပ်စု (ဝဂ်) ၃၊ 
သုတ္တန်ပေါင်း ၃၄ ခု ပါဝင်သော နိကာယ်သည် ဒီဃနိကာယ် မည်၏။ အုပ်စု ၁၅ စု၊ သုတ္တန်ပေါင်း ၁၅၂ ခု
ပါဝင်သော နိကာယ်သည် မဇ္ဈိမနိကာယ် မည်၏။ သုတ္တန်ပေါင်း ၇၇၆၂ ခု ပါဝင်သော နိကာယ်သည် 
သံယုတ္တနိကာယ် မည် ၏။ သံယုတ္တနိကာယ်တွင် ဒေဝတာသံယုတ် စသည်ဖြင့် ဆိုင်ရာ သံယုတ် အမည်ပေးကာ
 ခွဲခြားထားသည်။ သုတ္တန်ပေါင်း ၉၅၅၇ ခု ပါဝင်သော နိကာယ်သည် အဂုင်္တ္တရနိကာယ် မည်၏။ 
အဂုင်္တ္တရနိကာယ်တွင် ၁ မှ ၁၁ အထိ တရားအရေအတွက် အားလျော်စွာ ခွဲခြားထားသည်။
ခုဒ္ဒကနိကာယ်တွင် (ပထမသံဂါယနာကာလက) ခုဒ္ဒကပါဌ စသော ကျမ်းပေါင်း ၁၅ ကျမ်းနှင့် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အဂုင်္တ္တရနိကာယ်ကျမ်းစာများအပအခြားသောကျမ်းများ (ဝိနည်း ၅၊ အဘိဓမ္မာ ၇ ကျမ်း) ပါဝင်ကြသည်။
 (ကတမော ခုဒ္ဒကနိကာယော ? သကလံ ဝိနယပိဋကံ,အဘိဓမ္မပိဋကံ,ခုဒ္ဒကပါဌာဒယော စ ပုဗ္ဗေ ဒဿိတာ ပဉ္စဒသပ္ပဘေဒါ, ဌပေတွာ စတ္တာရော နိကာယေ အဝသေသံ ဗုဒ္ဓဝစနံ။ ပါ-သီ-အ အဋ္ဌကထာများ)
အဘိဓမ္မာအသင်းကြီး၏ သင်တန်းပြ ဆရာက " အဲဒီတော့ လူတွေမှာ ပြဿနာတက်တာ ရှိတယ်၊
 ပိဋကသုံးပုံနဲ့ နိကာယ် ၅ ရပ် တူသလား ဆိုတော့ မတူဘူး၊ မှတ်ထားနော်၊ သို့ သော်လည်း ပိဋက ၃ ပုံကို
 နိကာယ် ၅ ရပ်ထဲမှာ သွင်းဆို သွင်းလို့ ရတယ်။ ဝိနည်း၊သုတ္တန်၊ အဘိဓမ္မာပိဋကတ် အားလုံးဟာ
 ခုဒ္ဒကနိကာယ် ထဲမှာ ပါတယ်။" ဟု သေသေချာချာပြောဆို၏။ 
 
အမှန်မှာ သူပြောသလို မဟုတ်ချေ--။ 
ပါ-သီ-အ-အဋ္ဌကထာကြီးကျမ်း ၃ စောင်အရ ဝိနည်းပိဋက၊ အဘိဓမ္မာပိဋက ၂ သည် ခုဒ္ဒကနိကာယ်ထဲမှာ ပါသည်။ အကျူံးဝင် သည်။ သုတ္တန်ကို ခုဒ္ဒကနိကာယ် အဖြစ်ပြောရာတွင် သတိပြုသင့်၏။ ဒီဃနိကာယ်လာသုတ္တန်၊ မဇ္ဈိမနိကာယ်လာသုတ္တန်၊ သံယုတ္တနိကာယ်လာသုတ္တန်၊ အဂုင်္တ္တရနိကာယ်လာသုတ္တန်များသည် ခုဒ္ဒကနိကာယ်မှာ မပါကြပါ--။ သီးခြား နိကာယ် အမည် ရှိနှင့်ပြီးဖြစ်ကြ၏။ 
 
ထို့ ကြောင့် ဒီ-မဇ်-သံ-အင်နိကာယ်များမှာ မပါသော သုတ္တန်များသည် ခုဒ္ဒကနိကာယ်မှာ ပါကြသည် ဟုသာ ဆိုနိုင်ပါ၏။ ခွဲခြားပြောရမည့်နေရာမှာ ခွဲခြားပြီးမပြောလျှင် လွဲတတ်သည်။ သင်တန်းနည်းပြက ဘာဘာညာညာ မခွဲခြားဘဲ ရောချ လိုက် သည့်အတွက် သူ၏ စကားအမှားဖြစ်လေသည်။
တဖန် သင်တန်းနည်းပြက " အဲဒီတော့ ပိဋက ၃ ပုံရွတ်တာကို တိပိဋက လို့ ပြောတယ်။ နိကာယ်တွေကို 
ရွတ်တာ မဟုတ်ဘူးနော်၊ နိကာယ်အတွက် စာအုပ်တွေကသီးသန့်  ရှိသေးတယ်။"ဟု ပြောပြန်၏။ 
သူက လူတွေ ပိဋက ၃ ၊ နိကာယ် ၅ ရပ်နှင့်ပတ်သက်ပြီးတွေဝေနေသည်ဟု ဆို၏။ အမှန်မှာ 
သူကိုယ်တိုင်တွေဝေနေခြင်း ပင်ဖြစ်လေရာ "ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်၊ သူများမျက်ချေးကို လိုက်မြင်သူပမာ"
ဖြစ်နေလေသည်။
ဥပမာ------
ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့သည် မင်္ဂလသုတ်ကို ရွတ်ဆိုကြ၏။ ပိဋကအနေဖြင့်ဘယ်ပိဋကကို ရွတ်သနည်းမေး က သုတ္တန်ပိဋက ကို ရွတ်သည်ဟု ဖြေရ၏။ နိကာယ်အနေဖြင့် ဘယ်နိကာယ်ကိုရွတ်သနည်းမေးက မင်္ဂလသုတ်သည် သုတ္တနိပါတပါဠိ၊ စူဠဝဂ်တွင် ပါဝင်သောကြောင့် ခုဒ္ဒကနိကာယ်ကို ရွတ်သည် ဟုဖြေရ၏။ 
ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို ရွတ်သည်ဆိုပါစို့ ---။ ဘယ်ပိဋကကို ရွတ်သနည်းမေးလျှင် အဘိဓမ္မာပိဋကကို 
ရွတ်သည်ဖြေမည်။ ဘယ်နိကာယ်ကို ရွတ်သနည်းမေးလျှင် ခုဒ္ဒကနိကာယ်ကို ရွတ်သည်ဖြေမည်။
ပိဋကကို ရွတ်တာနှင့်နိကာယ်ကို ရွတ်တာ မတူဟူသော စကားမှာ သင်တန်းပြဆရာသည် ဆဋ္ဌမူပါဠိတော် စာအုပ်များ၏ မျက်နှာဖုံးမှာ ပါသည့် စာများကို အသေအချာကြည့်ဖူးပုံ မပေါ်ကြောင်း "စကားထဲက သက်သေပြ"ဆိုသလို ထင်ရှား၏။
စင်စစ် ဆဋ္ဌမူ ပါဠိတော် စာအုပ်မျက်နှာဖုံးတိုင်းမှာ ယင်းစာအုပ်ပါဝင်သော ပိဋကအုပ်စု၊ နိကာယ်အုပ်စုအမည်များ
ကို တိတိကျကျ ထင်ထင်ရှားရှားဖော်ပြထားစမြဲဖြစ်လေသည်။ သို့ဖြစ်ပေရာ"ပိဋကကိုပဲရွတ်တာ၊ နိကာယ်ကို ရွတ်တာ မဟုတ်" ဟူသော သူ၏စကားမှာ ကာယကံရှင် သင်တန်းဆရာ၏ ဗဟုသုတနည်းမှုကို ဖော်ပြသည်မှတပါး အခြားအကြောင်း မရှိပါချေ--။
နိကာယ်အတွက် စာအုပ်သီးသန့် ရှိသေးသည်ဟု သူက ခပ်တည်တည် လုပ်နေသေးရာ နီးစပ်သူ အဘိဓမ္မာ
သင်တန်းသူ၊ သင်တန်းသားက နိကာယ်စာအုပ်များကို လက်တွေ့ ပြရန် တိုက်တွန်းသင့်ပါသည်။ သင်တန်းနည်းပြဆရာ အလိုအရ မြန်မာပြည်ရှိ တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော်များသည် ပိဋက ၃ ပုံကိုသာ အောင်သေးသည်၊ နိကာယ် ၅ ရပ် ကို မအောင်ကြသေးဟု ဆိုရ၏။ ဆရာတော်များ၏ ဂုဏ်ကို သေးသိမ်စေပြီး စိတ်ပျက်ဖွယ်ကောင်းသောစကားဖြစ်၏။ တဏှာနှင့် လောဘအတူတူ (တခုတည်း) ဟု မသိသူတဦးက "ငါလောဘတော့ အကုန် ပယ်နိုင်ပြီ၊ တဏှာတော့ နည်းနည်း ကျန်သေးတယ်"ပြောသလိုဖြစ်နေ၏။
နိကာယ် ၅ ရပ်အနက် နိကာယ် ၄ ရပ်အောင်မြင်သူအဖြစ် သာသနာရေးဦးစီးဌာနထုတ် သာသနာ့ရောင်ခြည်
စာစောင် ၏ဆောင်းပါးရှင်တဦးဖြစ်ခဲ့သော ဦးစံတင့် (စတုနိကာယဘာဏက) ဆိုသူကို သက်သေပြ၏။ ဦးစံတင့်၏ ဆောင်းပါး တပုဒ်စ၊ နှစ်ပုဒ်စကို လည်း ဖတ်ဖူး၏။ ထို ဦးစံတင့်သည် မည်သည့် စာမေးပွဲကို အောင်မြင်ပြီး "စတုနိကာယဘာဏက"ဖြစ်လာ သည် ဆိုသည့် ကိစ္စ ကိုတော့ မသိပါ။ သို့ သော် ဦးစံတင့်နိကာယ် ၄ ခု ကို ဆောင်နိုင်ခြင်းသည် ပိဋက ၃ ပုံ၊ နိကာယ် ၅ ရပ် ဆိုတာ  ၃ စု၊ ၅ စု အနေဖြင့် ခွဲခြား ပုံခြင်းသာ မတူသည်၊ အမည်ချင်းသာ မတူသည်၊ တရားကိုယ်အရကောက် အနှစ်သာရချင်း မှာ အတူတူဖြစ်သည် ဟူသော အဋ္ဌကထာကျမ်းကြီးတို့ ၏ ဖွင့်ဆိုရှင်းပြချက်ကို ပယ်ရှား တွန်းလှန်ရန် ခိုင်မာသော သက်သေ မဟုတ် ပါချေ--။
ပိဋကနှင့် နိကာယ မတူဟု ဆိုချင်လျှင် ဦးစံတင့်ကို သက်သေ မပြသင့်---။ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်နေသောကြောင့်ဖြစ်၏။
ခိုင်မာသော ထေရဝါဒပိဋကရှိ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကို ပြရပေမည်။ သို့ မှ ဓမ္မဓိဋ္ဌာန် ဆုံးဖြတ်ရာရောက်ပေမည်။
ဆွမ်းဆန်ထဲ ကြွက်ချေးရောတတ်သလို အမှန်ဓမ္မကို ရှာဖွေပါလျှက် အမှားအဓမ္မကို ရရှိတတ်သည့်အတွက် အမှားကို အမှန်ဖြစ်အောင် ပို့ ချပေးတတ်သည့် ဆရာများ
 (သို့ မဟုတ်) ငါ့ဝါဒကို ဗုဒ္ဓဝါဒ အဖြစ် ရုပ်ဖျက်ကာဖြန့် ဖြူးကြမည့်ဆရာများကို သဒ္ဓါပညာသတိတရား
အပြည့်အဝ သုံးစွဲကာ ရွေးချယ်သင့်ပါကြောင်း------။
 
 

1 comment:

  1. အရမ်းကျေးဇူးတင်ပါသည် သာဓုပါ

    ReplyDelete

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်