မြန်မာ နှင့် ဗမာအတူတူဖြစ်ပြီးမူလ ဗြဟ္မာဆိုသည့် စကားလုံးမှ ဆင်းသက်လာတာဖြစ်ကြောင်းရှင်းလင်းချက်




ယခုခေတ် မြန်မာစာ၊ မြန်မာစကားလို့ သုံးနှုံးခေါ်ဝေါ် ကြတဲ့ စာနဲ့ စကားဗမာစာ၊ ဗမာစကားနဲ့ အတူတူ ဖြစ်ပြီးအဲ့ဒီ မြန်မာ=ဗမာဆိုတဲ့ မူလစကားလုံးရင်းမြစ်ဟာပါဠိဘာသာအရေး ဗြဟ္မာ ဖြစ်ပြီးသက္ကတဘာသာနဲ့တော့ ဘရမာလို့ ခေါ်ပါတယ် လို့ ဆရာဦးသောင်းလွင် (ဘီအေ၊ သကျသီဟဝဋံ့သကာနှင့် အစိုးရဓမ္မာစရိယ)ရဲ့ မြန်မာအက္ခရာဗေဒစာအုပ်မှာဖော်ပြထားပါတယ်။

အဲ့သလိုပဲမင်းတုန်းမင်းလက်ထက် သာသနာပြု စလင်းဆရာတော် ပြုစုတဲ့ ဝိသုဒ္ဓိမဂ် ဒီပနီမှာ မြန်မာ=ဗမာရဲ့ မူလအမည်ဟာ ဗြဟ္မာ ဖြစ်တယ်လို့ အဂ္ဂမဟာပဏ္ဍိတပါဠိဆရာကြီးဦးဖြေရဲ့ ပေါရာဏမူလကာမှာဖော်ပြထားပါတယ်။

ဆရာကြီးဦးသာမြတ်ရဲ့ ပေါရဏအဘိဓာန်မှာ
“ထေရဝါဒသုံးပါဠိဘာသာအရေးမှာမရမ္မ၊ မြမ္မ လို့ ရေးပြီး၊ မွန်နဲ့ ယိုးဒယားတို့က ဗြန်၊ ဗမာ၊ ဖမာခေါ်တယ်။ အိန္ဒိယတိုင်းသားတို့ကသက္ကတဆန်ဆန် ဗရမာ၊ ဗြမာလို့ ခေါ်ကြတယ်။ တောင်ဖီလာဆရာတော် တို့လို ရှေးဆရာတော်ကြီးတွေကတော့ မြန်မာကို ဗြဟ္မာလို့ မူလအခေါ်အတိုင်းပဲ ရေးကြပါတယ်တဲ့။”

သာဓကထုတ်ပြရရင် “မြန်မာဘာသာပြန် နည်းနာကိုပါဠိလို ဗြဟ္မဘာသာယနိဿယ” ဆိုပြီး မြန်မာနေရာမှာ ဗြဟ္မာလို့ ရေးတာမျိုးပေါ့။ ဒါဟာသဒ္ဒါပရိယာယ် ဖြစ်ပြီး၊ “ဘဝိသျှပူရာဏ်ကျမ်း၊ သီရိဓရကောသ” တို့မှာ မြမ္မာလို့ မရေးပဲ ဗြဟ္မာလို့ သဒ္ဒါမှန်အောင် ရေးထားကြောင်းရွှေရေးဆောင်မူ“ မုဒ္ဓ ဗောဓဗျာကရဏနိဿယကျမ်း” ကျမ်းပြုဆရာတော် သီရဘဒ္ဒန္တ နန္ဒမာလာဆရာတော်ကအဲ့ဒီနိဿယမှာရေးသားခဲ့ပါတယ်။

အရှင်အာဒိစ္စရံသီမုံရွေးဇေတဝန်ဆရာတော်ကြီးကစေတီယကထာခေါ် ရာဇဝင်ချုပ်မှာဟန်လင်းရာဇဝင်ကိုဟော့သလိုရေးပြပါသေးတယ်။
“ထိုဗြဟ္မာမျိုး၊ ဗြူမျိုး၊ မြန်မာမျိုးဟုဆိုအပ်သောသုနာပရန္တတိုင်းအပြင်၌ မန္ဓာတုဟူသောစကြာမင်းမရှိသည့်နောက် တိုင်းနိုင်ငံထောင်ထားကြ၍ ဇမ္ဗူဒီပါ ကျွန်းအပြင်၌ အသီးသီးမင်းမူကြသောကာလမနုဇန္ဒသမ္မတမင်းကြီးသည် ဟံသာနာဂရမည်သောဟံလင်းမြို့ ကြီးကိုတည်၏။” တဲ့။

ကျွန်တော်တို့ဟာအခုခေတ်မှာသဒ္ဒါနည်း ၄၀ မတတ်ကြတော့တာမို့ ဗြဟ္မာကနေ မြန်မာဗမာဘယ်လိုဖြစ်လာတယ်ဆိုတာမသိရတော့ဘူးထင်နေပေမယ့် ဆရာကြီးဦးသာမြတ်ကရှင်းပြခဲ့လို့ အလွယ် သိရပါတော့တယ်။
မူလသဒ္ဒါအမှန်
ဗြဟ္မာကနေ ၁- ဗြမ္မာ၊ ၂- မြမ္မာ၊ ၃-ဗြဟမာ၊ ၄-ဗြဟ်မာ၊ ၅-ဗြန်မာ၊ ၆-မြန်မာ၊ ၇-ဗြဟမာ၊ ၈-ဗြမာ၊ ၉-ဗမာ၊ စသဖြင့် ပရိယာယ်ပြားလို့ ရပါတယ်။

ရှင်းလင်းချက်ကတော့ သဒ္ဒါနည်းပရိယာယ်အရ ဗြဟ္မာကနေ
၁။ ဗြမ္မာ=== (“ဗြဟ္မာ” မှ ဟ ကိုချေပြီးလျှင် မကိုဒွေ ဘော်ပြု၍ “ ဗြမ္မာ” ရသည်။)
ခုခေတ် အရေးအသားနဲ့ ရှင်းပြရရင် မူလ “ဗြဟ္မာ” က ဟ နေရာမှာ မကို နှစ်ခုပွားလိုက်တဲ့အခါ ဗြမ္မာရတယ်။ဒီတော့ ဗြဟ္မာ= ဗြမ္မာ ဖြစ်တယ်။

၂။ မြမ္မာ (ဗြမ္မာမှ ဗ နှင့် မကိုဖလှယ် နိုင်သဖြင့် မြမ္မာရသည်။ (ဥပမာပါဠိစကားနဗဒါကိုနမ္မဒါ၊ မြစ် လို့ ခေါ်သလိုပေါ့။ ဒြဝိဍကို ဒြဗိဠ။ ဒဗိလကိုဒမိဠ၊ တမိလ (Tamil) ဖြစ်လာတဲ့ နည်းအတိုင်း ဝ ဗ, ဍ, ဠ၊ လ မ နှင့် ဗ ဖလှယ်နိုင်ပါတယ်တဲ့။)

၃။ ဗြဟမာ ( ဗြဟ္မာကနေ ဗြဟမာ ဖြစ်တာကတော့ ပါဌ်ဆင့်ကိုအဆင့်မပါပဲခွဲထုတ်ရေးတာပါ)
၎။ ဗြဟ်မာ (ဗြဟမာ မှ ဟသတ် နှင့် ဗြဟ်မာရသည်။)

၅။ ဗြန်မာ ( ဗြဟ်မာမှ ဟနှင့်န အထက်ပါ နိရုတ္တိနညအးအရဖလှယ်၍ ဗြန်မာဟုပညတ်ဝေါဟာရရသည်။ (ဥပမာသီဟ = သိဟ်ရာသီ= သိန်ရာသီ ဖြစ်လာပုံကို ကြည့်)

၆။ မြန်မာ (ဗြန်မာမှ ဗနှင့် မကိုနိရုတ္တိနည်းအရဖလှယ်၍ မြန်မာရသည်။)
၇။ ဗြဟမာ (ဗြဟ္မာမှ အထက်ပါ နံပါတ် (၃) နည်းအရ ဗြဟမာရသည်။)

၈။ ဗြမာ (ဗြဟမာမှ ဟကိုချေ၍ ဗြမာရသည်။

၉။ ဗမာ (ဗြမာ မှ အရစ် “ရ” ကိုချေ၍ ဗမာရသည်။

အထက်မှာ ပြတဲ့အတိုင်း ဗြဟ္မာကနေ မြန်မာ၊ ဗမာ ဖြစ်လာပုံဟာသဒ္ဒါပုဒ်စစ်နည်း ၄၀ နားလည်တဲ့ သူတွေ အတွက်တော့ အထူးအဆန်းမဟုတ်ပါဘူးလို့ ဆရာကြီးဦးသာမြတ် ကဆိုပါတယ်။

နောက်တနည်းကတော့ မြန်မာ- ဗမာ- ဗြမာ- ဗြဟ်မာ- ဗြဟ္မာဈာန် စတဲ့ ဂုဏ်တို့နဲ့ ကြီးပွား မြင့်မြတ်တဲ့ လူမျိုး မြန်မာကိုဗမာလို့ ခေါ်ကြတာကိုထောက်ရင် ဒဗိဠကိုဒမိဠ (ဗ နေရာမှာ မ နဲ့ လှယ်သုံးတယ်)၊ သီဟဆိုတဲ့ သိဟ်ရာသီဆိုတာမှာ ဟ နေရာမှာ န ကိုလှယ်သုံးပြီး ဟိတ်ရာသီခေါ် သလို ဗြဟ္မာမှာ ဗ နေရာမှာ မ၊ ဟ နေရာမှာ န ကိုလှယ်ပြီး မြန်မာလို့ ရေးထုံး ပြု တယ်လို့ မှတ်ပါလို့ ဆရာကြီးဦးသာမြတ်ရဲ့ ပေါရာဏအဘိဓာန် စာမျက်နှာ -၂၂၀-၂၂၁၊ ဆရာကြီးဦးဖြေရဲ့ ပေါရာဏမူလကထာအဘိဓာန်ကျမ်းစာမျက်နှာ ၁၈၀-၁၈၁ တို့မှာဖော်ပြ ထားပါတယ်။

သဒ္ဒါ၊ ဘာသာဗေဒနည်းနဲ့ ဖော်ပြထားပေမယ့် ရှေးမြန်မာ (ရှေးဗမာ) ကြီးတွေမှာအဲ့ဒီ့ အသုံးတွေ ရှိမရှိကိုတော့ သုတေသီဆရာဘုန်းတင့်ကျော်ကပုဂံခေတ် ကျောက်စာတွေနဲ့ တိုက်စစ်ခဲ့ပါတယ်။
အဲ့သလိုတိုက်စစ်တော့ ပုဂံခေတ် ကျောက်စာတွေမှာ များစွာတွေ့ရပြီး ကိုယ့်လူမျိုးကိုကိုယ် *1 ဗြရမာ၊ *2ဗြဟ္မာ၊ ဗြဟ္မ၊ *3 ဗြုဟ္မာ၊ *4 ဗြုံမာ၊ *5ပြုမှာ၊ *6 ဗ္လ မ္လာ *7မြံမ္မာ၊ *8 မရမ္မ၊ *9 ဗရုမ်လယ် (ဗမာလယ်)၊ *10မြန်မာစသဖြင့် ရေးထားတာကို ၁၀ ခုကောက်နှုတ် တင်ပြလိုက်ပါတယ်။
(*1 မှ *10 အထိအောက်ခြေမှတ်စု၊ ကျောက်စာစာရင်းကိုအဆုံးမှာဖော်ပြပေးပါမယ်။ ဒီထက်မကများစွာ ပြလို့ရပေမယ့် စာသိပ်ရှည်မှာစိုးလို့ နမူနာ မျှသာထုတ်ပြတာပါ။)

သဒ္ဒါ၊ ဘာသာဗေဒနည်းအရရောပုဂံခေတ် ကျောက်စာအထောက်အထားတွေအရပါ မြန်မာနဲ့ ဗမာဟာအတူတူဖြစ်ရုံတင်မကရင်းမြစ်ဟာ ဗြဟ္မာ ဖြစ်ကြောင်းလဲသိကြရပါပြီ။

လွတ်လပ်ရေးရပြီးခေတ်ရောက်မှ မှတ်ပုံတင်၊ ပတ်စပို့၊ သက်သေခံကဒ် တွေ လုပ်ရင် လွယ်ကူအောင် လူမျိုးအမည်ကိုဗမာလို့ ဖြည့်စေတာကို လူမျိုးဆိုဗမာ၊ နိုင်ငံသားဆို မြန်မာလို့ လှေနံဓားထစ် မှတ်လို့ မရပါဘူး။

တိုင်းရင်းသား ၁၃၅ မျိုးလုံးဟာ မြန်မာလူမျိုးမဟုတ်ပဲ မြန်မာနိုင်ငံသားသာဖြစ်တယ် ဆိုတာတောင် မသိပဲ မြန်မာဆိုတာ တိုင်းရင်းသား ၁၃၅မျိုးလုံးရဲ့ လူမျိုးအမည်လို့ ပြောတာမျက်မမြင်ပုဏ္ဏား ဆင်စမ်းတာထက်ဆိုးတဲ့ အသိညဏ်ကန်းမှု ပါပဲ။

အလည်အလတ် လမ်းစဉ်ကိုကျင့်ရမယ်လို့ ပြောတဲ့ ဗုဒ္ဓရဲ့ တရားနဲ့ ဆန့်ကျင်စွာ အစွန်းရောက် အဝိဇ္ဖာတွေ ဖုံးနေပြီးအသိညဏ် ကန်းနေတော့ ဒီနေ့ သူငယ်တန်းကနေဆယ်တန်းအထိသင်ရတဲ့ မြန်မာစာဟာ ဗမာစကား၊ ဗမာသဒ္ဒါ ရေးထုံးနဲ့ ရေးထားတဲ့ဗမာစာနဲ့ အတူတူဆိုတာတောင် မသိနိုင်တော့တာသနားစရာကောင်းလှပါတော့တယ်။

ဗမာနဲ့မြန်မာမတူဘူးလို့ ပြောချင်သူများနောက်ထပ် တစ်ခွန်းမှ မဟနိုင်စေရန် ပါးစပ်ကိုဆို့ဖို့ သဒ္ဒါနည်း ၄၀ နဲ့တစ်ကွ ပုဂံခေတ် ကျောက်စာအထပ်လိုက်ရှိတယ်ဆိုတာနည်းနည်းလောက် အမြည်းပေးလိုက်ပြီး သမိုင်းရေးနည်းလေးပါ သင်ကြားပေးလိုက်ပါတယ် ကွယ်။

အဓိကကျမ်းကိုး။ ။ ဘုန်းတင့်ကျော် - နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း ၂
ရှေးဟောင်း မြန်မာကျောက်စာမျာ၊ ဦးကျော်ငြိမ်း (၄တွဲ)

အောက်ခြေမှတ်စု။ ။ *1 ဗြရမာ (ရှေးဟောင်း မြန်မာကျောက်စာများ၊ ပထမတွဲ၊ သက္ကရာဇ် ၄၇၄ မှ ၆၀၀။ ဦးရေ-၁၈၀၊ စာမျက်နှာ-၃၁၀။ ၅၉၉။)

*2ဗြဟ္မာ (က-၃၀)၊ ဗြဟ္မ (က-၃၂) (ရှေးဟောင်း မြန်မာကျောက်စာများ၊ ပထမတွဲ၊ သက္ကရာဇ် ၄၇၄ မှ ၆၀၀။ ဦးရေ-၄၊ စာမျက်နှာ-၁၃။ ၄၉၂။တိုင်းရင်းမြန်မာကျောက်စာများ ပတွဲ-၁)

*3ဗြုဟ္မာ(သက်စိုးတောင်ကျောက်စာ၊ ရှေးဟောင်း မြန်မာကျောက်စာများ၊ ပထမတွဲ၊ သက္ကရာဇ် ၄၇၄ မှ ၆၀၀။ ဦးရေ-၅၊ စာမျက်နှာ-၄၀၀။ တိုင်းရင်း တ- ၃၀၃)

*4 ဗြုံမာ (ရှေးဟောင်း မြန်မာကျောက်စာများ၊ တတိယတွဲ၊ ဦးရေ-၉၂၊ စာမျက်နှာ-၁၆၈။ ၆၄၀-၆၅၅။)

*5 ပြုမှာ (ရှေးဟောင်း မြန်မာကျောက်စာများ၊ တတိယတွဲ၊ ဦးရေ-၁၄၁၊ စာမျက်နှာ-၂၃၉။ ၆၇၀)

*6 ဗ္လမ္လာ (ရှေးဟောင်း မြန်မာကျောက်စာများ၊ ပထမတွဲ၊ သက္ကရာဇ် ၄၇၄ မှ ၆၀၀။ ဦးရေ-၁၈၀၊ စာမျက်နှာ-၃၁၀။ ၅၉၉။)

*7 မြံမ္မာ (ရှေးဟောင်း မြန်မာကျောက်စာများ၊ စတုတ္ထတွဲ၊ ဦးရေ-၁၃၈၊ စာမျက်နှာ-၂၃၃။)

*8 မြမ္မ ဘာသာ (ရှေးဟောင်း မြန်မာကျောက်စာများ၊ ပဉ္စမတွဲ၊ ဦးရေ-၁၈၀၊ စာမျက်နှာ-၁၄၅။)

*9 ဗရုမ်လယ် (ဗမာလယ်) (ရှေးဟောင်း မြန်မာကျောက်စာများ၊ ပထမတွဲ၊ သက္ကရာဇ် ၄၇၄ မှ ၆၀၀။ ဦးရေ-၁၄၂၊ စာမျက်နှာ-၂၃၈။ ၅၉၄။)

*10 မြန်မာ (ရှေးဟောင်း မြန်မာကျောက်စာများ၊ ပထမတွဲ၊ သက္ကရာဇ် ၄၇၄ မှ ၆၀၀။ ဦးရေ-၂၉၊ စာမျက်နှာ-၅၀။ ၅၅၂။တိုင်းရင်း- ပထမတွဲ ၊၁၀/က )

ဖဘမှာရေးရေး၊ ဂျာနယ် မဂ္ဂဇင်းမှာရေးရေး၊ ပညာပဒေသာမှာရေးရေးသမိုင်းရေးတယ်ဆိုအခုလိုအထောက်အထားအကိုးအကားနဲ့ ရေးရပါတယ် ချစ်တဲ့ညို။ အခုလို ၂၁ရာစုမှာ ကိုယ့်သမိုင်းကိုအများလက်ခံအောင် ရေးချင်ရင် လွန်ခဲ့သော ဘီစီသုံးထောင်ကျော်က ဟိုဗဒတ် မင်းကြီးဟာ ဟိုဟာဏသီ ပြည်ကြီးကိုစတည်ထောင်ပြီး ဟိုသီးကြီးကို ဟိုဓားကြီးနဲ့ ခွဲလိုက်တာ ဟိုဘုရင်ကြီး ဖြစ်မယ့် ဟိုကလေးလေး မွေးလာတယ် ဆိုတာမျိုး လုပ်မရဘူးဆိုတာသတိပေးရင်း သမိုင်းရေးနည်းပါ သင်ပေးလိုက်ပါတယ် ချစ်နှမ ညို။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်