ကျမ်းကိုးများ အထောက်အထားများက ရခိုင်သည် လူမျိုးအမည်မဟုတ်ပဲ ဒေသိယအမည် ဖြစ်ကြောင်း၊ ရခိုင်သား တို့သည် မြန်မာလူမျိုး ဖြစ်ကြောင်း ပြဆိုနေခြင်း



*****************************************************

(I) ကမ္ဘာပေါ်ရှိ လူမျိုးရင်း သုံးမျိုး

ပညာရှင်များက အာရိယံ၊ ဒြာဗီဒီးယန်း ၊ မွန်ဂိုလွိုက် ဆိုပြီး လူသားမျိုးနွယ်ကြီးကို သုံးမျိုးသတ်မှတ်ကြတယ်။
၁။ အာရိယံ ဆိုတာကတော့ လူဖြူမျိုးဖြစ်ပြီး မြန်မာများက ကုလားဖြူ လို့ ခေါ်ကြသူများ ဖြစ်တယ်။
၂။ ဒြာဗီးဒီးယန်းကတော့ လူမည်းမျိုးဖြစ်ပြီး မြန်မာများက ကုလားမည်းလို့ ခေါ်ကြသူများ ဖြစ်တယ်။
၃။ မွန်ဂိုလွိုက်ဆိုတာ မွန်ဂိုလူမျိုး မဟုတ်ပဲ အသားဝါလူမျိုး ကို ခေါ်တာဖြစ်တယ်။

(I-A) မွန်ဂိုလွိုက် မှာမှ ဘာသာဗေဒ (languages tic) အရ စကားတူညီရင် လူမျိုးတူအဖြစ် အစု ထပ်ခွဲတာကတော့
၁။ ရှမ်းတရုတ်အုပ်စု
၂။ မွန်ခမာအုပ်စု
၃။ တိဘက်တို ဘားမင်း ခေါ် တိဘက်မြန်မာ အုပ်စုတို့ ဖြစ်တယ်။

(I-B) မြန်မာ အစု
တိဘက်မြန်မာ အုပ်စုထဲမှာမှ မြန်မာအစု ဆိုတာ မြန်မာလူမျိုးစု၊ မြန်မာလူမျိုးလို့ ဆိုလိုတာ တဲ့။
အဲဒီ မြန်မာအစုထဲမှာ ရခိုင်၊ ရမ်းဗြဲ၊ မြိတ်၊ ထားဝယ်၊ ချောင်းသား၊ အနောက်သား၊ မြောက်သား၊ ဇဘိန်း၊ ယော၊ ဓနု၊ တောင်းရိုး၊ အင်းသား စသဖြင့် ပါဝင်ပါတယ်။ ရခိုင်၊ ရမ်းဗြဲ၊ မြိတ်၊ ထားဝယ်၊ ချောင်းသား၊ အနောက်သား၊ မြောက်သား ဇဘိန်း၊ ယော၊ ဓနု၊ တောင်းရိုး၊ အင်းသား တို့ဟာ လူမျိုး မဟုတ်ပဲ နေထိုင်ရာ ဒေသကို ခေါ်တာဖြစ်တယ်။
အဲ့ဒီဒေသမှာ နေထိုင်တဲ့ အသံဝဲမြန်မာစကား (ဒေသိယမြန်မာစကား) ပြောသူတွေဖြစ်လို့ သူတို့ဟာ မြန်မာလူမျိုး တွေပါ တဲ့။

အထက်မှာဖော်ပြခဲ့တာတွေကတော့ နိုင်ငံတကာစံနှုန်းနဲ့ ခေတ်ပေါ်နည်းစနစ်တွေသုံးပြီး လူမျိုးတူရာ အမျိုးတူ စုပေးထားတာ ဖြစ်တယ်။
ဒါတွေအားလုံးကို ဦးရည်စိန်ရဲ့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ဘာသာစကား အစုများကို ခွဲခြားတင်ပြခြင်း စာတမ်းထဲက ကောက်နှုတ်တင်ပြခြင်းဖြစ်တယ်
ထိုမူရင်းစာတမ်းကို ဦးရည်စိန်ရဲ့ လက်ရွေးစင်စာတမ်းများ (နှာ-၃၃၁) မှာ ဖတ်ရှုနိုင်တယ်။

*****************************************************

တစ်ကမ္ဘာလုံးက ပညာရှင်တွေက စကားတူရင် လူမျိုးတူတယ်၊ ဦးရည်စိန်ရဲ့သဘောသွား ရခိုင်ဆိုတာ ဒေသိယအမည်၊ ပြောတဲ့ စကားအရ မြန်မာလူမျိုးဖြစ်တယ် ဆိုတာကို အရမ်းလက်ခံလို့ မရပါဘူး။
ကိုယ့်ဘက်က၊ ရခိုင်ရာဇဝင်တွေဘက်က အစဉ်အလာပြောတာနဲ့မှ ညီရဲ့လား ဆိုတာ ပြန်တိုက်၊ ပြန်စစ် ဆေးဖို့ လိုပါတယ်။

ဒါကြောင့် ရခိုင်သားများ အထွတ်အမြတ်ထားရာ ရခိုင်ရာဇဝင်တွေထဲက အရှင်စန္ဒြမာလာ ပြုစုတဲ့ ရခိုင်ရာဇဝင်သစ်ကျမ်း၊ အဂ္ဂမဟာဓမ္မရာဇာဓိ ရာဇဂုရု ရခိုင်ဆရာတော် ပြုစုတဲ့ ဓညဝတီအရေးတော်ပုံတို့နဲ့ ရနိုင်သလောက် တိုက်စစ် ခဲ့ပါတယ်။

(II) ရခိုင်ရာဇဝင်များပါ ဖော်ပြချက်
အရှင်စန္ဒြမာလာ ပြုစုတဲ့ ရခိုင်ရာဇဝင်သစ်ကျမ်း စတုတ္ထတွဲ စာမျက်နှာ ၃၅၄ မှာ လက်အောက်ခံ ကုလားတို့ ထကြွတာကို နှိမ်နင်းဖို့ စစ်ချီတော့ စစ်ဦးမှာ ကျီးနဲ့ဗျိုင်း ခွပ်တယ်။
အဲ့ဒါကို အတိတ်ကို နမိတ်ကောက်ယူရာ ဖော်ပြတဲ့ စကားမှာ ကျီးကန်းကို ကုလားလို့ ဖော်ပြပြီး၊ ဗျိုင်းကိုတော့ မြန်မာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီမြန်မာ ဆိုတဲ့ လူမျိုးအမည်ဟာ ရခိုင်သားတွေ မိမိကိုယ်ကို ရည်ညွှန်းခေါ်ဆိုတဲ့ လူမျိုးအမည် ဖြစ်ပါတယ်။
ဒါကို တိုတို ပြောရရင်တော့ ရခိုင်ရာဇဝင်သစ်ကျမ်းမှာ မိမိကိုယ်ကို မြန်မာလို့ ခေါ်ဆို ရေးသား ထားတာပဲ ဖြစ်ပါတယ်။
အဲဒီ့အကြောင်းအရာကိုပဲ ဓညဝတီအရေးတော်ပုံ ပိုဒ်ရေ ၁၁ (နှာ ၁၀) မှာလဲ မကွဲမလွဲ ထပ်တူ ဖော်ပြထားပါတယ်။ ရခိုင်သားတွေကို မြန်မာလို့ ရည်ညွှန်းပြီးတော့ပေါ့။

ဓညဝတီ အရေးတော်ပုံ ပိုဒ်ရေ ၄၃၊ (နှာ ၅၁-၅၂) မှာ ရက္ခပူရတိုင်း၊ သာကီဝင် မင်းဖလောင်းကြီး လက်ထက်၊ ရုံးပြည်(ကုလားပြည်) မှ ပညာလာစမ်းတဲ့ အခန်းမှာ “ မြန်မာကို ပြဒါး၊ ကုလားကို မဲနာ” စတဲ့ရှေးဆိုရိုး စကားနဲ့ အညီ ရက္ခပူရတိုင်းသားတွေဟာ မြန်မာတွေဖြစ်ကြောင်း ထပ်လောင်း ဖော်ပြပါတယ်။

ဓညဝတီ အရေးတော်ပုံ ပိုဒ်ရေ ၄၃၊ (နှာ ၅၃) မှာ ရုံး (ကုလား)ပြည်က ကုလားမင်းသားကို ရက္ခပူရတိုင်းရဲ့ ဘာသာစကား၊ စာပေအက္ခရာ သင်ပေးတဲ့ အကြောင်းအရာကို “မြန်မာဘာသာ အက္ခရာများ” သင်ကြား စေသည်တဲ့။ ဒါဟာ ရက္ခပူရတိုင်းသားတွေဟာ မိမိကိုယ်ကို မြန်မာဖြစ်ကြောင်း ဖော်ပြ နေတာပါ။

ဓညဝတီ အရေးတော်ပုံ ပိုဒ်ရေ ၇၉၊ (နှာ ၉၇) မှာ တောင်စဉ်သားများ စစ်ချီလာတာတော့ စနည်း နာပြီး စနည်းကို အဓိပ္ပါယ်ပြန်ရာမှာ ရခိုင်သားတွေက ကိုယ့်ကိုယ်ကို မြန်မာ၊ မရမာ စသဖြင့် ပြောပြီး၊ ပြည်မက မြန်မာတွေကို ပျူတွေလို့ ခေါ်ဝေါ်သုံးစွဲထားပါတယ်။

ပြောဆိုတဲ့ စကားတူရင် လူမျိုးတူတယ်လို့ ကမ္ဘာ့ပညာရှင်များ သတ်မှတ်ထားတဲ့ အချက်ဟာ ရခိုင် ရာဇဝင်များက ပြောတာနဲ့ ကိုက်ညီနေပါတယ်။
ဦးရည်စိန်ကလည်း ရခိုင်းသားများ ပြောဆိုတဲ့ စကားဟာ ဒေသိယမြန်မာစကား လို့ ပြောသလို ရခိုင်ရာဇဝင်တွေကလည်း သူတို့ဟာ မြန်မာဖြစ်ကြောင်း ဖော်ပြကြပါတယ်။

အထက်ပါ ကျမ်းကိုးများ အထောက်အထားများက ရခိုင်သည် လူမျိုးအမည်မဟုတ်ပဲ ဒေသိယအမည် ဖြစ်ကြောင်း (ရခိုင်လူမျိုး မဟုတ်၊ ရခိုင်ဒေသ) ၊ ရခိုင်သား တို့သည် မြန်မာလူမျိုး ဖြစ်ကြောင်း ပြဆိုနေ ပါတော့တယ်။

အကိုးအကား စာအုပ်များကို စာမျက်နှာညွှန်းမျှသာမက စာမျက်နှာအလိုက် ဓာတ်ပုံများဖြင့် ဖော်ပြထားပါတယ်။ စာအုပ်လှန်စရာမလို တခါတည်း တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။
(နှာ=စာမျက်နှာ။ ဓညဝတီ အရေးတော်ပုံက ရာပြည့်ထုတ် အရေးတော်ပုံခြောက်စောင်တွဲ မူဖြစ်တယ်။)

ဒါတွေအားလုံးဟာ ကမ္ဘာ့ပညာရှင်များ ဖော်ပြချက်၊ ဦးရည်စိန်၊ ရခိုင်ရာဇဝင်သစ် ရေးတဲ့ အရှင်စန္ဒြမာလာ နဲ့ ဓညဝတီအရေးတော်ပုံကို စီရင်ရေးသားတဲ့ အဂ္ဂမဟာဓမ္မရာဇာဓိ ရာဇဂုရု ရခိုင်ဆရာတော် တို့ရဲ့ အာဘော်များ၊ ရေးသားချက်များသာ ဖြစ်ပါတယ်။ ကျွန်တော့် အာဘော် တစ်ခုမှ မပါဘူး။
ကျနော်က တဆင့်ပြန်လည် ထုတ်နှုတ် ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။
အထက်ပါ အကြောင်းအချက်များကို မကျေနပ်သူများ၊ လက်မခံသူများ၊ ကန့်ကွက် ဆဲရေး လိုသူများဟာ ကမ္ဘာ့ပညာရှင်များ၊ ဦးရည်စိန်၊ အရှင်စန္ဒြမာလာနဲ့ အဂ္ဂမဟာဓမ္မရာဇာဓိ ရာဇဂုရု ရခိုင်ဆရာတော် တို့ကိုသာ ကန့်ကွက်ဆဲရေးကြပါကုန်။

ကိုသာဝ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်