သာသနာနှင့်ရာဇာအပိုင်း (၃၅)


*****************

ဂျပန်

ဘုရင်ရှိုတိုကု

တောင်ကိုရီးယား ကုဒါရာမှ ဘုရင်ဆေအီမေအီသည် ခရစ် နှစ် ၅၅ ခု၌ ဂျပန်ဘုရင် (၅၃၉-၅၇၂)ထံ ဗုဒ္ဓနှင့် ရဟန္တာ အရှင်မြတ်များ၏ ရုပ်ပွားတော်များကိုလည်းကောင်း၊ ဓမ္မ ကျမ်းစာများကိုလည်းကောင်း လက်ဆောင်ပဏ္ဏာ အဖြစ် ပေးပို့လိုက်သည်။ ယင်းလက်ဆောင် ပဏ္ဏာများနှင့်အတူ စာသ၀ဏ်လွှာ တစ်စောင်ကိုလည်း ပေးလိုက်သည်။ ယင်း သ၀ဏ်လွှာမှာ ဤသို့ဖြစ်၏။

"ဤဓမ္မသည် သိရှိနားလည်ရန် ခက်ခဲနက်နဲသော်လည်း ရှိရှိသမျှ ဟောကြားချက်များထဲတွင် အမြတ်ဆုံး အကောင်း ဆုံးဖြစ်၏။ တရုတ်ဘုန်းတော်ကြီးများ အတွက်ပင်လျှင်ယင်း ဓမ္မကို နားလည်သဘောပေါက်ဖို့ရန် မလွယ်ပေ။ ယင်းဓမ္မကို လိုက်နာကျင့်ကြံသူများသည် အပိုင်းအခြားမရှိသော သုခ နှင့် အကျိုးထူးတရားကို ခံစားရရှိနိုင်ပေ၏။ စိန္တမဏိ မနေမ ယ ပတ္တမြားရတနာသည် ဘာမဆို လိုတရစေသကဲ့သို့
ဤ တရားမြတ်သည်လည်း လူတို့၏ မျှော်မှန်းတောင့်တ ချက် ကို ပြည့်ဝအောင်မလုပ်ဘဲ မနေပေ။ ဤဓမ္မသည် ဇမ္ဗူဒိပ်ကျွန်းမှ ကိုရီးယားသို့ ရောက်ရှိလာခြင်း ဖြစ်၏။ မည် သူမဆို ဤဓမ္မကို လိုက်နာကျင့်သုံးနိုင်၏"

သ၀ဏ်လွှာနှင့်အတူ ထိပ်တန်းအနုပညာ လက်ရာများကို လည်းကောင်း၊ ရုပ်ပွားတော်များနှင့် ဓမ္မကျမ်းဂန်များကို လည်းကောင်း တွေ့ရသောအခါ ဂျပန်၏ ကံကြမ္မာ ဖန်တီး သူများသည် မျက်လုံးပွင့်သွားကြသည်။ ထိုအချိန် ကာလ မတိုင်မီ နှစ်ပေါင်း ၂၀၀-၂၅၀ ခန့်ကပင် ဂျပန်သည်
ကိုရီးယားမှတစ်ဆင့် တရုတ်နှင့် အဆက်အသွယ် ရရှိပြီး လေပြီ။ ယင်းဆက်သွယ်မှုအရ ဂျပန်သည် တရုတ်အက္ခရာ အရေးအသားနှင့် အခြားအရာဝတ္ထု အတော်များများကို သင်ကြားတတ်မြောက်ပြီးနေပြီ။ သို့သော်လည်း ယဉ်ကျေးမှု ၏ အဆင့်မြင့် နမူနာများကိုမူ တွေ့ရှိခွင့် မရရှိသေးပေ။ ကိုရီးယားမှ ရောက်ရှိလာသော ယင်းလက်ဆောင်ကောင်း လက်ဆောင်မွန်များနှင့် ပတ်သက်၍ ဂျပန်နန်းတွင်းသူ နန်း တွင်းသားများ ကြားထဲတွင် သဘောထားကွဲလွဲနေကြသည်။
ဂျီအက်ဖ်မိုက ဤသို့ရေးထားသည်။ နန်းရင်းဝန် ဆိုဂါသည် ဘာသာတရား အသစ်ဖြစ်သော ယင်းဓမ္မကို လက်ခံကြိုဆို သည်။ အခြားနန်းတွင်းသူ နန်းတွင်းသားများက ဆန့်ကျင် ဘက် လုပ်ကြသည်။ ယမာတို နန်းတွင်း၌ ဗုဒ္ဓဘာသာကို ဆန့်ကျင်ဘက် လုပ်ကြသူများမှာ စစ်အရာရှိများနှင့် ရှင်တို ဘာသာဝင်များ ဖြစ်ကြသည်။ ယင်းသို့ ဆန့်ကျင်ဘက် ပြု လုပ်နေသည်မှာ နှစ်ပေါင်း ၅၀ အထိ ကြာမြင့်သည်။ မို၏ အဆိုအရ ဆန့်ကျင်ဘက်သမားများသည် ဆိုဂါ၏ ကျောင်း တိုက်ကို မီးရှို့ပစ်ကြပြီး ရုပ်ပွားတော်ကို ချောင်းထဲလွှင့်ပစ် ကြ သည်။ ခရစ်နှစ် ၆၇၇ ခုတွင် ဂျပန်နိုင်ငံတွင်းသို့ ဒုတိယ အကြိမ် ဗုဒ္ဓဘာသာ သွတ်သွင်းရန် ကြိုးပမ်းအားထုတ် ကြ ပြန်သည်။ ထိုအချိန်၌လည်း ပထမအကြိမ်တုန်းက အခြေ အနေအတိုင်းပင် ဖြစ်လာခဲ့သည်။

မို၏အဆိုအရ ဆိုဂါသည် ဗုဒ္ဓဘာသာကို လက်ခံသည့် ဘက်က ဖြစ်သည်။ ရာဟုလာသံကိစ္စည်း၏ အဆိုအရမူ ဆိုဂါမျိုးနွယ်သည် ဗုဒ္ဓဘာသာကို ဆန့်ကျင်ကန့်ကွက်သူများ ဖြစ်သည်။

ယင်းကဲ့သို့ အနှေင့်အယှက် အဟန့်အတားများ ရှိသော် လည်း ဗုဒ္ဓဘာသာသည် ဂျပန်ပြည်၌ ပြန့်ပွားထွန်းကား သွား ပြီးလျှင် ပြည်သူလူထုကို ဆွဲဆောင်နိုင်သည့် အခြေအနေ ရောက်ရှိသွားသည်။ ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ သက်ဝင် ယုံကြည်သူများထဲတွင် မင်း ၃၂ ဆက်မြောက် မိကိုတာ မိကိုဒို ဆုရွှန်တင်နော်နှင့် သူ၏ မိဖုရားကြီးတို့လည်း ပါဝင် ကြသည်။

ဆုရွှန်တင်နော်နှင့် သူ၏ ဗုဒ္ဓဘာသာဝင် မိဖုရားကြီးတွင် ၅၇၄ ခုနှစ်၌ သားတော်တစ်ပါး ဖွားမြင်သည်။ သားတော် ၏အမည်မှာ ဥပယဒိုဟု ခေါ်သည်။ ဘုရင့်နန်းတော်တွင်းသို့ ဗုဒ္ဓဘာသာ ခြေချလာခဲ့သည်မှာ ၃၆ နှစ်ကြာ ရှိသွားလေပြီ။ သို့ရာတွင် ဆန့်ကျင်ဘက် အင်အားစုမှာ ရှိမြဲရှိနေသည်။ ဗုဒ္ဓဘာသာသည် နန်းတော်ဘာသာ၊ နိုင်ငံတော်ဘာသာ နေရာ မရရှိသေးသော်လည်း ဘုရင်နှင့် မိဖုရားတို့သည် ပုဂ္ဂလိကအနေဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြသည်။

နန်းတွင်းသူ နန်းတွင်းသားများ ကြားထဲတွင် ဗုဒ္ဓဘာသာဝင် များနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများ နှစ်ဂိုဏ်းကွဲနေကြ သည်။ ယင်းနှစ်ဂိုဏ်းတွင် ဗုဒ္ဓဘာသာဝင်များက အား ကောင်းလာသည်။ ၅၉၂ ခုနှစ်တွင် ဘုရင်ဆုရွှန် ကွယ်လွန် သွားသည်။ ထိုဘုရင်ကို ဆိုဂါဘက်တော်သားများက အဆိပ် ကျွေးသတ်သည်ဟု အဆိုရှိသည်။ ဆိုဂါသည် ဘုရင် ဆုရွှန်ကို လုပ်ကြံရုံမျှသာမကဘဲ သားတော်
ရှိုတိုကု ကိုလည်း ထီးနန်းမရအောင် လုပ်ထားပြီးလျှင် ဦးရီးတော် ဆုအိကို (၅၉၂-၆၂၉)အား ထီးနန်းတင်လိုက် သည်။ ရှိုတိုကုကိုမူ အိမ်ရှေ့အရာ အပ်နှင်းထားသည်။ အရည်အချင်းလည်းရှိ၊ ရဲစွမ်းသတ္တိလည်း ရှိသော်လည်း ရှိုတိုကုသည် သူနှင့် သူ့ဖခမည်းတော်အပေါ် ပြုလုပ်သော မတရားမှုကို တုံ့ပြန်ကလဲ့စားချေခြင်း မပြုလုပ်ပေ။ ယင်းသို့ သည်းခံနေနိုင်ခြင်းမှာ သူကိုယ်တိုင်က ရည်မှန်းချက် ကြီး ကြီးမားမားထားဟန် မတူသောကြောင့်ဟု ယူဆကြသည်။

ရှိုတိုကုမွေးဖွားခြင်းနှင့် စပ်လျဉ်း၍ ဒဏ္ဍာရီဆန်ဆန်
အကြောင်းအရာများ ပြေစမှတ်ပြုကြသည်။ ထူးခြားသော ပုဂ္ဂိုလ်များ မွေးဖွားလာချိန်၌ အံ့ဖွယ်သရဲ အဖြစ်အပျက်များ ဖြစ်လေ့ဖြစ်ထ ရှိသကဲ့သို့ပင် ရှိုတိုကု မွေးဖွားခြင်းကိုလည်း အံ့ဖွယ်များနှင့် ဆက်စပ်ထားသည်။ ယင်း အဖြစ်အပျက်များ ကို ထောက်၍ ရှိုတိုကုအား ဂျပန်လူမျိုးများက မည်မျှလေး စားကြည်ညို ကြသည်ဆိုသည်ကို သိရှိနိုင်ပေသည်။

ရှိုတိုကု သားတော်လေးကို မမွေးဖွားမီ သူ၏ မယ်တော် မိဖုရားသည် နန်းတော်မှထွက်၍ နန်းတော် အနီးအနား တစ်ဝိုက်၌ လမ်းလျှောက်သည်။ ထို့နောက် မြင်းဇောင်းထဲ
ဝင်သွားသည်။ မြင်းဇောင်းထဲအ၀င် တံခါးဝ၌ပင် ရှိုတိုကုကို ဖွားမြင်သည်။ မြင်းဇောင်း၌ မွေးဖွားသောကြောင့် ဥပယဒိုဟု မှည့်ခေါ်ခြင်းဖြစ်သည်။ ဖွားမြင်စဉ်၌ မိခင်သည် ဘယ်လို အဝေဏိက ဝေဒနာမျိုးကိုမှ မခံစားရပေ။ မွေးမွေးချင်း ကလေးသည် စကားစ၍ပြောသည်။ အတန်ငယ် ကြီးပြင်း လာသောအခါတွင်သူငယ်သည် သာမန်လူဆယ်ယောက် စကားပြောနိုင်သည့် စွမ်းအားဖြင့် စကားပြောနိုင်သည်။ ထို့ကြောင့် သူငယ်၏ ဒုတိယအမည်သည် တိုယိုတိုမိမိဟု တွင်လာခြင်းဖြစ်သည်။ သူ၏ ထူးခြားမှုအမျိုးမျိုးတို့ကြောင့် သူ၏ အမည်နာမများလည်း ဆယ့်နှစ်မျိုးလောက် ရှိနေ သည်။ သို့ရာတွင် အထက်ပါ အမည်နာမနှစ်မျိုးမှာ ပို၍ ထင်ရှားသည်။ ----

ရှိုတိုကု၏ မွေးဖွားပုံဇာတ်လမ်းကို သိဒ္ဓတ္ထ မွေးဖွားပုံ ဇာတ် လမ်းကို ပုံတူယူ၍ ပြောကြပုံရသည်။ မတ်တတ်ရပ် မွေးဖွား ခြင်း၊ မွေးဖွားစဉ်က အဝေဏိက ဝေဒနာ မခံစားရခြင်း စသည်တို့သည် သိဒ္ဓတ္ထမင်းသား မွေးဖွားစဉ်၌ လည်း ဖြစ် ပျက်ခဲ့သည်။ သိဒ္ဓတ္ထမင်းသားသည် မွေးမွေးချင်း လမ်း လျှောက်သည်။ ယင်းပုံစံကို အတုယူလျှက် ရှိုတိုကုအား မွေးမွေးချင်း စကားပြောသည်ဟု ဖန်တီးထားကြပုံရသည်။ မဇ္ဈိမနိကာယ် အဋ္ဌကထာ၏ အဆိုအရ သာမန်ရိုးရိုး လူ တစ်ယောက် စကားတစ်ခွန်းပြောသည့် အချိန်ကာလ အတွင်း၌ ရှင်အာနန္ဒာသည် စကားလုံးရေ ရှစ်ဆယ်ကို
ပြောဆိုနိုင်သည်။  ရှင်အာနန္ဒာ စကားတစ်လုံးတစ်လုံး ပြောဆိုသည့် အချိန်ကာလအတွင်း၌ မြတ်စွာဘုရားသည်
စကားလုံးဆယ့်ခြောက်လုံးကို ပြောဆိုတော်မူနိုင်သည်။
ယင်းအဖြစ်အပျက်ကို တုလျက် ရှိုတိုကုကို သာမန်လူ
ရိုးရိုးလူဆယ်ယောက် စွမ်းအားဖြင့် စကားပြောနိုင်သည်ဟု
အမွှမ်းတင်ထားကြပုံရသည်။

ရှိုတိုကုသည် ကိုရီးယား ရဟန်းတော် တျေကျေထံမှ ဗုဒ္ဓ တရားတော်ကို သင်ကြားဆည်းပူးသည်။ တရုတ်စာပေကို လည်း တစ်ဖက်ကမ်းခပ် တတ်မြောက်သည်။ တိုင်းပြည် အုပ်ချုပ်သည့် တာဝန်ကို မထမ်းရွက်ခင် ခမည်းတော်၏ အလိုဆန္ဒအရ အိမ်ရှေ့မင်းသားဘ၀ဖြင့် နေရစဉ်ကပင် ရှိုတိုကုသည် ဆန့်ကျင်ဘက်များကို ရင်ဆိုင်ရသည်။

သူ၏မကိုဋ်၌ ဝေဿ၀ဏ္ဏ၊ ၀ိရုဠက၊ ဓတရဌ၊ ၀ိရုပက္ခ
နတ်မင်းကြီးလေးပါးတို့၏ ရုပ်ပုံများကို ထွင်းထုပြီးလျှင် ရှိုတိုကုသည် စစ်ချီလေ့ရှိသည်။ စစ်အောင်နိုင်သောအခါ ယခုခေတ် အိုဆာကာခေါ် နန်ဝါ၌ နတ်မင်းကြီးလေးပါးတို့၏ နတ်ကွန်း (တင်နော်ဂျီ)ကို ခရစ်နှစ် ၅၉၂ ခုနှစ်၌ တိုင်းပြည် အုပ်ချုပ် မင်းလုပ်ရသည့် တာဝန်ကို ယူလျှင်ယူချင်း ရှိုတိုကု သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာ လိုက်ပြီးလျှင် ယခုခေတ် အိုဆာကာ၌ တင်နော်ဂျီကို
ဆောက်လုပ်လှူဒါန်းသည်။ ထိုအဆောက်အအုံမှာ ဘုရား ကျောင်း သက်သက်မျှသာမကဘဲ စာပေ၊ ဓမ္မ၊ ဒဿနပညာ ရပ်များ ပို့ချရာ တက္ကသိုလ်ကျောင်းတစ်ခုလည်း ဖြစ်သည်။ ရှိုတိုကုကိုယ်တိုင် မဇ္ဈမိက (နာဂါဇုန) ဒဿနကို အထူးလေ့ လာ ဆည်းပူးသည်။

၆၀၇ ခုနျစ်၌ ရှိုတိုကုသည် လူဝတ်ကြောင် စာသင်သား များ နှင့် ရဟန်းတော်များကို ပညာသင်ကြားဆည်းပူးရန် ကိုရီးယား နှင့် တရုတ်နိုင်ငံသို့ စေလွှတ်သည်။ ရှိုတိုကု ထီး နန်း စတင်စိုးစံစဉ်အခါက ဂျပန်နိုင်ငံသည် အနုပညာ ထွန်း ကားပြန့်ပွားခြင်း မရှိသေးပေ။ ရှိုတိုကုသည် နိုင်ငံရပ်ခြားသို့ ပညာတော်သင်များကို စေလွှတ်ရုံမျှသာမကဘဲ နိုင်ငံရပ်ခြား မှ ပန်းချီ၊ ပန်းပု စသော အနုပညာရှင်များနှင့် လက်မှုပညာ ရှင်များကိုလည်း အမြောက်အမြား ပင့်ဖိတ်လျက် ဂျပန်ပြည် ကို အနုပညာ၊ လက်မှုပညာ ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ကြိုးပမ်းအားထုတ်သည်။ တရုတ်နှင့် ကိုရီးယား သို့သွားကြသော ပညာတော်သင်များသည် နိုင်ငံရေးဒဿန၊ တရုတ်အက္ခရာ အရေးအသား၊ အနုပညာ စသော နယ်ပယ် များ၌ ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်လာကြသည်။

ရှိုတိုကုသည် စွယ်စုံရပုဂ္ဂိုလ်ဖြစ်သည့်အပြင် ဂျပန်၏ ကံကြမ္မာ ဖန်တီး တည်ဆောက်သူလည်း ဖြစ်သည်။ ၆၀၄ ခုနှစ်၌ ရှိုတိုကုသည် ဥပဒေ ၁၇ ခု ပါရှိသော ဂျပန်၏ ပထမ ဆုံး အုပ်ချုပ်မှုဥပဒေကို ရေးဆွဲသည်။ ထိုဥပဒေသည် ယနေ့ ထက်တိုင် ဂျပန်နိုင်ငံ၏ ဂုဏ်ယူစရာဖြစ်နေသည်။ ထိုဥပဒေ တစ်နေရာ၌ ဤသို့ဆိုထားသည်။

"တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲသော်လည်း ကျွန်ုပ်တို့ သည် စိတ်လိုက်မန်ပါ မပြုလုပ်သင့်ကြပေ။ လူတိုင်းလူတိုင်း တွင် ကိုယ်ပိုင်ဦးနှောက် ရှိကြသည်။ ဦးနှောက်တိုင်း ဦးနှောက်တိုင်းသည် ကိုယ်ပိုင် ထူးခြားချက် ရှိသည်။ တစ်ဦး တစ်ယောက်၏ အမြင်၌ သင့်လျော်သည်ဟု ထင်မြင်သော အရာသည် အခြားတစ်ဦးတစ်ယောက်၏ အမြင်၌ မသင့် လျော်သောအရာ ဖြစ်ချင်ဖြစ်နေနိုင်သည်။ ကျွန်ုပ်တို့သည် အမှားမရှိသော ရသေ့ရဟန်းများလည်း မဟုတ်ပေ။ လူပြိန်း လူအများလည်း မဟုတ်ပေ။ ကျွန်ုပ်တို့အားလုံး သာမန်ရိုးရိုး လူများသာ ဖြစ်ကြသည်" စသော အများပြည်သူ အကျိုး ရှိမည့် လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်သည်။

ရှိုတိုကုသည် မိမိနိုင်ငံအား ကြွယ်ဝချမ်းသာပြီး အမှီအခို
ကင်းမဲ့သွားစေရန်အတွက် ကောက်ပဲသီးနှံအသစ်များ ထွက် သည့် လယ်ယာစိုက်ပျိုးခြင်း အလုပ်ကို အားပေး အား မြှောက် ပြုလုပ်ပြီးလျှင် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက် ၍ ဂျပန်ကို ကြီးပွားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် သည်။ ရှိုတိုကုသည် ဂျပန်နိုင်ငံ၏ ပထမဦးဆုံး လမ်းစတင် ဖောက်လုပ်သူဖြစ်သည်။

ဘုရင့်သားတော် ရှိုတိုကုသည် အဆင့်မြင့် တရားဟော ဆရာတစ်ဦး ဖြစ်သည့်အပြင် ကျမ်းပြုဆရာတစ်ဦးလည်း ဖြစ်သည်။ တရားဟောပလ္လင်ပေါ်၌ ထိုင်လျက် ရှိုတိုကု တရားဟောချိန်၌ ကလေးလူကြီးမရွေး တရားနာပရိတ် ထောင်ပေါင်းများစွာ လာပြီး တရားနာလေ့ရှိကြသည်။ ရှိုတိုကုသည် သဒ္ဓမ္မပုဏ္ဍရိက၊ ၀ိမလကိတ္တိနိဒ္ဒေသ၊ မာလာ ဒေ၀ီ သီဟနာဒသုတ်များ၏ အဖွင့်ကျမ်းများကို ရေးသားပြုစု သည်။ ယင်းအဖွင့်ကျမ်းမှာမူ လက်ရေးမူဖြင့် ယနေ့ထက် တိုင် ရှိနေသေးသည်။ သူ၏ အရီးတော် ဘုရင်မကြီး၏ အမိန့် ဖြင့် ရှိုတိုကုသည် မာလာဒေ၀ီ သီဟနာဒသုတ်နှင့်
ပတ်သက်ပြီး သုံးရက်တိတိ တရားဟောကြားသည်။

ထိုနည်းအတူ အိုကမိုတို နန်းတော်တွင်လည်း သဒ္ဓမ္မပုဏ္ဍရိ က အကြောင်းကို ဟောကြားသည်။ ရှိုတိုကု၏ အရည် အချင်း နှင့် ထူးခြားသော ပညာဉာဏ်ကို တွေ့ရသောအခါ ဘုရင်မကြီးသည် အထူးပင် အားရ၀မ်းသာ ဖြစ်သွားသည်။ ဘုရင်မကြိးသည် ရှိုတိုကုအား ကျယ်ပြန့်ကြီးမားသော လယ်မြေကွက်ကို အပိုင်စားပေးသနားသည်။ ယင်းလယ် မြေကွက်ကို ဘုရင့်သားတော်က အိဆန်ကျောင်းတော်အား လှူဒါန်းလိုက်လေသည်။

သဒ္ဓမပုဏ္ဍရိက (မဟာယာန)၌ ဗုဒ္ဓက ဤသို့ ဟောကြား တော် မူသည်။
" မိမိ၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် မကြိုးစားပါနှင့်။ သတ္တ၀ါ တစ်ယောက်တလေမျှပင်ဖြစ်စေ ဆင်းရဲဒုက္ခ ခံစား နေရပါက မိမိ၏ လွတ်ငြိမ်းမှုကို မစဉ်းစားဘဲ ထိုဒုက္ခခံနေ ရသူ ဆင်းရဲဒုက္ခက လွတ်ငြိမ်းသွားအောင် ကြိုးစားအား ထုတ်ရမည် "

အပိုင်း(၃၆)ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်