သာသနာနှင့်ရာဇာအပိုင်း(၃၆)


*****************

မိမိအကျိုးကိုစွန့်လျက် သူတစ်ပါး၏ အကျိုးဆောင်ဘ၀ဖြင့် နေသွားရန် ဆုံးမဥပဒေသ ပေးထားသော ကျမ်းဂန်ကို ရှိုတိုကု က သူ ဟောသည့်တရား၏ အခြေခံအထောက် အထား ပြုလုပ်ထားသည်။ အိမ်ရှေ့သားတော် ရှိုတိုကု၏ ရည်မှန်းချက်မှာလည်း ထိုအတိုင်းပင်ဖြစ်သည်။ ယင်း ရည် မှန်းချက်မျိုးထားသည့် အခြားအပေါင်းအဖော်အပေါင်း အမြောက်အမြား ပေါ်ပေါက်လာစေလိုသည့်ဆန္ဒ ရှိုတိုကု တွင် ရှိနေသည်။ ၀ိမလ ကိတ္တိနိဒ္ဒေသလည်း ရှိုတိုကု၏ ရည်မှန်းချက်ကို ထောက်ခံအားပေးသည့် သုတ်ဖြစ်သည်။ ထိုသုတ်၌ ၀ိမလကိတ္တိအကြောင်းကို ဤသို့ဆိုထားသည်။

" ၀ိမလကိတ္တိသည် ဝေသာလီမှ ဗုဒ္ဓဘာသာဝင် သူတော်စင် ဥပါသကာတစ်ယောက် ဖြစ်သည်။ ပြည်သူပြည်သားသည် သူ၏ အမိဖြစ်သည်။ အားလုံးအပေါ် မေတ္တာထားခြင်းသည် သူ၏ အဖဖြစ်သည်။ သတ္တ၀ါအားလုံးသည် သူ၏ အဆွေ ခင်ပွန်းဖြစ်သည်။ တပ်မက်မှုကင်းခြင်းသည် သူ၏ နေရာ ဖြစ်သည်။ ရောင့်ရဲခြင်းသည် သူ၏ မယားဖြစ်သည်။ ကရုဏာသည် သူ၏ သမီးဖြစ်သည်။ သစ္စာတရားသည် သူ၏ သားဖြစ်သည်။ ယင်းကဲ့သို့ အိမ်ထောင်ရှင်ဘ၀ဖြင့် နေထိုင်သော်လည်း ၀ိမလကိတ္တိသည်  လောကီအနှောင် အဖွဲ့များမှ ကင်းလွတ်နေသူဖြစ်သည်။ "

ယင်းသုတ်၏ အဖွင့်ကို ရှိုတိုကုက ဤသို့ ရေးသားထား သည်။ ၀ိမလကိတ္တိသည် တရားအမြင် ရနေပြီဖြစ်သော မုနိဖြစ်သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ ဘ၀သည် ရာဂနှင့် ဒေါသဘောင် အပြင်ဘက် ရောက်နေပြီ။ သူ၏ စိတ်နှလုံး သည် တိုင်းပြည်နှင့် လူ့လောက၏ လုပ်ငန်းဆောင်တာများ အပေါ်တွင် တွယ်တာကပ်ငြိမှု ကင်းနေပြီ။ သူ၏ အတွင်း သန္တာန်၌ အပိုင်းအခြားမရှိသော ကရုဏာရှိနေသည်။
ထို့ကြောင့် ကရုဏာအနန္တဖြင့် စေ့ဆော်အပ်သည်ဖြစ်၍
အိမ်ထောင်ရှင်ဘ၀ဖြင့် နေထိုင်သွားပြီးလျှင် အမြဲမပြတ် သူတစ်ပါး အကျိုးစီးပွားကိုသာလျှင် လုပ်ကိုင်ဆောင်ရွက် နေသည်။ ရှိုတိုကုသည် ၀ိမလကိတ္တိ၏ ပုံစံအတိုင်း သူ့ဘ၀ ကို ပုံသွင်းထားသည် ဆိုသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပေ။

ဗာရာဏသီမှ မိဖုရား သီရိမာလာသည် ဗုဒ္ဓ၏ စံပြတပည့်
ဒါယိကာမတစ်ဦး ဖြစ်သည်။ သီရိမာလာသည် မိဘ၏
ဂုဏ်ကျေးဇူးကိုသိသည်။ မိဖုရားဘ၀ဖြင့် နေသော်လည်း ဗုဒ္ဓ၏ ရှေ့တော်မှောက်၌ မိမိ၏ တာဝန်ဝတ္တရားနှင့် ပတ် သက်၍ ဤသို့ ၀န်ခံကတိထားသည်။

" တပည့်တော်မ၏ ရှိသမျှ ပစ္စည်းဥစ္စာကို ဆင်းရဲသူ ဆင်း ရဲသားနှင့် ခိုကိုးရာမဲ့များအတွက် ပေးလှူထားပါသည်။ တပည့်တော်မသည် ဆင်းရဲဒုက္ခ ရောက်နေသူများအား အစွမ်းကုန် ကူညီစောင့်ရှောက်ပါမည်။ ယင်းကို ပြုလုပ်ရန် အတွက် အသက်စွန့်ရစေကာမူ တပည့်တော်မ နောက်တွန့် လိမ့်မည် မဟုတ်ပါ။ "

ရှိုတိုကုသည် သီရိမာလာ၏ ပုံစံအတိုင်း မိမိ၏အရီးတော် ဘုရင်မအား ကျင့်ကြံပြုလုပ်စေလိုသည့် စိတ်ဆန္ဒရှိသည်။ ခိုကိုးရာမဲ့ ဒုက္ခသည်များနှင့် ရောဂါသည်များအား ပြုစု စောင့်ရှောက်ရန် တိုင်းပြည်နိုင်ငံ အနှံ့အပြား၌ ဒုက္ခသည် စခန်းများကို တည်ထောင်ဆောက်လုပ်ပေးသည်။

ယင်းပြည်သူ့အကျိုးဆောင် လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေသည့်ကြားကပင် ရှိုတိုကုသည် အတွင်း စိတ် ပိုင်းဆိုင်ရာ သန့်စင်ရေး၊ မှန်ကန်မွန်မြတ်ရေးအတွက်လည်း ကြိုးပမ်းအားထုတ်သည်။ ဟိုယုံကျိ ကျောင်းတိုက်၌ အဆောင် ရှစ်ဆောင်ရှိသော ကျောင်းသည် ယနေ့ထက် တိုင် ထင်ရှားရှိနေသည်။ ထိုကျောင်း၌ ရှိုတိုကုသည်
ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်ခဲ့သည်။ ထိုကျောင်း၌
ကိုးကွယ်ထားသော ဘုရားအလောင်း အ၀လောကိတေရွှရ ၏ သစ်သားရုပ်တုတော်မှာ သူ၏ ယင်းစိတ်သဘောကို
ဖော်ပြသည့်သဘောဖြင့် ရှိုတိုကုကိုယ်တိုင် သူ့လက်ဖြင့်
ထုလုပ်ကိုးကွယ်ထားသည့် ရုပ်တုတော်ဖြစ်သည်။ ယင်း ရုပ်တုတော်ကို ဖူးတွေ့ရသူ မှန်သမျှသည် "ရှိုတိုကုလက်နှင့် ထိလိုက်သည့် အရာမှန်သမျှ ပြောင်ပြောင်မြောက် မြောက် ပင် ရုပ်လုံးပေါ်လာသည်" ဟူ၍ ထင်မြင်ချက်ပေးကြသည်။ 
ရှိတင်နော်ဂျိကျောင်းသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင် သည့် ဘာသာရေးဌာနသဖွယ် ဖြစ်နေသည်။ ဂျပန်ပြည်၌ ရှိသော ဘာသာရေး ဌာနများစွာတို့သည် ရှိတင်နော်ဂျိ၏ ပုံစံနမူနာအတိုင်း လိုက်လုပ်ကြသည်။ ယင်းကျောင်းတိုက် ကြီးကို တည်ဆောက်ပြီးသောအခါ ရှိုတိုကုသည် မိမိ၏ ခမည်းတော် အထိမ်းအမှတ်အဖြစ်ဖြင့် အခြား အဆောက် အအုံတစ်ခုကို တည်ဆောင်ပြန်သည်။ ယင်းအဆောက် အအုံ ကို စာသင်ကျောင်းအတွက် အသုံးပြုသည်။ ယင်း ကျောင်းတိုက်နှစ်တိုက်အပြင် ရှိုတိုကုသည် အခြားကျောင်း တိုက် ငါးတိုက်ကိုလည်း ဆောက်လုပ်လှူဒါန်းသေးသည်။
ယင်းကျောင်းတိုက်ကြီးများကို ဗဟိုထားလျက် ရှိုတိုကုသည် ဂျပန်နိုင်ငံ တစ်နိုင်ငံလုံး၌ ဗုဒ္ဓ ဓမ္မ ပြန့်ပွားထွန်းကားရေးကို
ကြိုးပမ်းအားထုတ်သည်ဟု ယုံကြည်ရသည်။

ယင်းကျောင်းကြီးများမှာ အိန္ဒိယနိုင်ငံရှိ နာလန္ဒကျောင်း တိုက်ကြီးကဲ့သို့မူ ကြီးကျယ်ခြင်း ရှိဟန်မတူပေ။ သို့ရာ တွင် သူ့နည်းနှင့်သူ တည်ဆောက်ထားသည့် ကျောင်းတိုက်ကြီး များ ဖြစ်သည်။ ယင်းကျောင်းတိုက်ကြီးများ၌ အနုပညာ၊ သိပ္ပံပညာ၊ ဘာသာဗေဒ၊ စာပေ၊ သမိုင်း၊ ဒဿနဗေဒ၊
နိုင်ငံရေးပညာများနှင့်တကွ အခြားတိုင်းပြည် တိုးတက်ရာ
တိုးတက်ကြောင်း ပညာရပ်များကိုလည်း သင်ကြားပေး သည်။

ယင်းကျောင်းတိုက်ကြီးများသည် ဂျပန်နိုင်ငံအား တိုးတက် ကြီးပွားအောင်၊ ကြွယ်ဝအောင် လုပ်ကြသည်။ ယင်းကျောင်း တိုက်များအနက် ဟိုယုံဂျိကျောင်းတိုက်သည် အဓိက အကျ ဆုံး ဖြစ်သည်။ ဟိုယုံဂျိကျောင်းတိုက်သည် ဗုဒ္ဓဘာသာဝင် များအတွက် ဗုဒ္ဓဂယာသဖွယ် ဖြစ်နေပြီး ဂျပန်အမျိုးသား
စည်းလုံးညီညွတ်ရေး၏ ရုပ်လုံးသဖွယ် ဖြစ်နေသည်။

ရည်ရွယ်ချက် မြင့်မားပြီး ဘာသာရေးစိတ်ဓာတ် ထက်သန် ကြီးမားသော ဘုရင်တို့သည် အုပ်ချုပ်ရေး၌ အောင်မြင်မှု မရှိသော ဘုရင်ဖြစ်နေတတ်သည်။ သို့သော်လည်း
ရှိုတိုကု သည် ရည်မှန်းချက်နှင့် လက်တွေ့ လုပ်ဆောင်မှု အပိုင်း ထူးထူးခြားခြား ရောနှောပေါင်းဆုံနေသော ဘုရင် ဖြစ်သည်။ နိုင်ငံအုပ်ချုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ရာ၌ သူ၏ အပြုအမူသည် သူ၏ ဘုရင်အဖြစ်နှင့် လိုက်လျော ကိုက်ညီလှသည်။

ရှိုတိုကုသည် ၆၀၇ ခုနှစ်၌ တရုတ်နှင့် တိုက်ရိုက်နိုင်ငံရေး အရ ဆက်သွယ်မှုကို တည်ဆောက်ခဲ့သည်။ မိမိ သံတမန် တစ်ဦးကို စေလွှတ်၍ တရုတ်ဘုရင် ယန်တီ (၆၀၇-၆၁၇) ထံ ပေးပို့သော သ၀ဏ်လွှာ၌ ရှိုတိုကုသည် "နေထွက်တိုင်းပြည် (ဂျပန်) ဘုရင်ထံမှ နေ၀င်တိုင်းပြည်
(တရုတ်) ဘုရင်ထံသို့ သ၀ဏ်လွှာ ပါးလိုက်ပါသည်" ဟူ၍
ရေးသားထားသည်။ ထိုသ၀ဏ်လွှာကို ဖတ်ရသော တရုတ် ဘုရင်သည် အကြီးအကျယ် ရာဇမာန်ရှသွားသည်ဖြစ်၍
ဝိုင်းဝန်း ဖျောင်းဖျကြရသည်။

တရုတ်ဘုရင်က "ဘုရင်ယာမာမို၏ သားတော်ထံ သ၀ဏ် လွှာ ပါးလိုက်သည်" ဟူ၍ အကြောင်းပြန်ကြားလိုက်သည်။ ဤတွင် ရှိုတိုကုက "အရှေ့မှ နေထွက်ဘုရင်က အနောက် ဘက်ဘုရင်ထံ သ၀ဏ်လွှာ ပါးလိုက်ပါသည်" ဟု တစ်ဖန် သ၀ဏ်လွှာ ပြန်ပို့လိုက်သည်။ ယင်းသို့အားဖြင့် ရှိုတိုကု သည် တရုတ်နိုင်ငံအား မိမိနှင့် တန်းတူရည်တူပင် ဆက် ဆံသည်။

သူ၏ အုပ်ချုပ်မှုသက်တမ်း အနှစ် ၃၀ ကာလအတွင်း ရှိုတိုကု မည်သို့မည်ပုံ လုပ်ကိုင် ဆောင်ရွက်ခဲ့သည် ဆို သည်ကို ဂျပန်ယဉ်ကျေးမှုနှင့် ပတ်သက်၍ ထင်ပေါ် ကျော် ကြားသော ပညာရှင် ဒေါက်တာ မဆာဟာရုအာနေဆာကီ က ဤသို့ ရေးသားသည်။
"ရှိုတိုကု၏ အနှစ် ၃၀ ကြာ အုပ်ချုပ်ရေး သက်တမ်းကာလ သည် ဂျပန်သမိုင်း၌ ခေတ်သစ် ထူထောင်သော ကာလဖြစ် ၏။ ရှိုတိုကုသည် ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်အမျိုးသား စည်းလုံးရေးကို တည်ဆောက်သော ဗိသုကာဖြစ်၏။ ရှိုတိုကု သည် အမျိုးသားစည်းလုံးညီညွတ်မှုကို တည် ဆောက် ၏။ ဗုဒ္ဓတရားတော်၏ စိတ်ပိုင်းဆိုင်ရာ နမူနာ စံပြ များဖြင့် ဂျပန်လူမျိုးများအား အတွင်းစိတ်ဓာတ် မြင့်မားလာ စေရန် လှုံဆော် အားပေး၏။ လမ်းညွှန်လမ်းပြ ပြုလုပ်၏။ ရှိုတိုကုသည် ဂျပန်လူမျိုးများအား အနုပညာ၊ သိပ္ပံပညာ အပြင် အခြားယဉ်ကျေးမှုဆိုင်ရာများနှင့် ပတ်သက်၍ ပညာ ပေးခဲ့၏။ နှောင်းခေတ်လူများသာမက ခေတ်ပြိုင်လူများ ကပင် ရှိုတိုကုအား ဘုရားအလောင်း
အ၀လောကိတေရွှရ ၏ ကိုယ်ပွားအဖြစ် ထင်မှတ်ယူဆကြ သည်မှာ သဘာဝကျ၏။ ထက်သန်သော လုံ့လ၀ီရိယ၊ ကြီးမားသော ရည်မှန်းချက်၊ ထက်မြက်သော ပညာဉာဏ် တို့သည် ရှိုတိုကု၏ ပုဂ္ဂလိက ၀ိသေသများ ဖြစ်ကြ၏။ ယင်းပုဂ္ဂလိက ၀ိသေသများ၏ အခြေခံအကြောင်းတရားမှာ ဗုဒ္ဓတရားတော် ဖြစ်သည်ဟူ၍ ဆိုရပေလိမ့်မည်။ ဗုဒ္ဓတရား တော်ကသာလျှင် ရှိုတိုကုအား ပညာဉာဏ် ကြွယ်ဝ အောင်၊ စိတ်ဓာတ်မြင့်လာအောင် လုပ်ပေး၏။ ထို့ပြင် ဗုဒ္ဓတရား တော် ကသာလျှင် မြင့်မားသော ရှည်မှန်းချက်ကို အမျိုးသား ဘ၀၏ အခြေခံအုတ်ဖြစ်အဖြစ် ပြုလုပ်ရာ၌ အောင်မြင်မှု
ရရှိစေရန် ရှိုတိုကုအား အကူအညီ အထောက်အပံ့ပေး၏။"
ဟိုယုံဂျိကျောင်းသည် ဂျပန်နိုင်ငံ၏ ရှေးဟောင်းအကျဆုံး
ကျောင်းဖြစ်သည်။ ထိုကျောင်းကို ရှိုတိုကုသည် ခရစ်နှစ် ၅၈၆-၈၇ ခုနှစ်တွင် တည်ဆောက်သည်။ တစ်ကြိမ် မီး လောင်သွားသေးသည်။ ယခု ထင်ရှားရှိနေသောကျောင်းမှာ ၇၉၃ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည် ဆောက်သော ကျောင်း ဖြစ်သည်။ ဟိုရိုမိယန်ဘူတာမှ ဘတ်စ်ကားစီးသွား လျှင် ဟိုယုံကျောင်းအရောက် တစ်နာရီ၊ တစ်နာရီခွဲမျှသာ သွားရသည်။

ဂျပန်၏ ခြောက်သယောင်းနေသော မြေကို မြေသြဇာ ကောင်း လာအောင် ဗုဒ္ဓတရားတော် ရေကြည်ဖြင့် ရှိုတိုကု သွန်းလောင်းသော နေရာများထဲတွင် ဟိုယုံဂျိသည် အဓိက အကျဆုံး ဖြစ်သည်။ ထိုကျောင်းတိုက်၌ပင် ဂျပန်သည်
ယဉ်ကျေးမှု၊ အနုပညာ၊ သိပ္ပံပညာ၊ ဘာသာတရားနှင့် စပ်ဆိုင်သော ပညာရပ်များကို စတင်သည်။ အောင်မြင် ထမြောက်မှုလည်း ရလာခဲ့သည်။ ဟိုယုံဂျိကျောင်းတိုက်ရှိ
သစ်သားအဆောက်အအုံကြီးသည် ကမ္ဘာပေါ်ရှိ ရှေးအကျ ဆုံး သစ်သားအဆောက်အအုံအဖြစ် အသိအမှတ်ပြုကြ သည်။ ဂျပန်၏ ရှေးဟောင်း ရုပ်တု၊ အနုပညာ၊ ပန်းချီပညာ နှင့် စပ်ဆိုင်သော လက်ရာများကို ဟိုယုံဂျိကျောင်းတိုက်၌ တွေ့ရှိနိုင်သည်။ ၁၉၃၅ ခုနှစ်က ဂျပန်ရောက်သွားသော ရာဟုလာသံကိစ္စည်းသည် ဟိုယုံကျောင်းကို လေ့လာလျက် ထိုကျောင်းအကြောင်းကို ဤသို့ ရေးထားသည်။

"ဟိုယုံကျောင်းသည် မြေညီမြေပြန့်ပေါ်၌ နံရံတံတိုင်းများ ဖြင့် ကာရံထားအပ်သည်။ အတွင်းသို့ဝင်ရန် အဓိက၀င် ပေါက်မှာ တောင်ဘက်၌ရှိသည်။ ဟိုယုံဂျိကျောင်းကို ကြည့် ရှုရန် နေ့စဉ်နေ့တိုင်း လူပေါင်း ထောင်ပေါင်းများစွာတို့လည်း လာရောက်ကြသည်။ ကျောင်းသူကျောင်းသားများအတွက် ဟိုယုံဂျိသည် ဂျပန်သမိုင်း၏ သက်ရှိစာသင်ကျောင်း ဖြစ်နေ သည်။ ဆရာများသည် နေရာတိုင်း နေရာတိုင်းနှင့်ပတ်သက် ၍လည်းကောင်း၊ ပစ္စည်းဝတ္ထုတိုင်း ပစ္စည်းဝတ္ထုတိုင်းနှင့် ပတ်သက်၍လည်းကောင်း အသေးစိတ် ရှင်းလင်းပြောပြကြ သည်။ ထိုနေ့ကလည်း ကျောင်းသူကျောင်းသားများသည် အုပ်စုများဖွဲ့လျက် လာရောက်ကြသည်။ တောင်ဘက် ၀င်း တံခါးမကြီးသည် တံတိုင်းကြီးနှင့် ကပ်နေသည်။ ထို့နောက် အဆင့်နှစ်ဆင့်ရှိသော အလယ်တံခါးသည် အလယ်၌ရှိ နေ သော ကျွန်းတိုင်ကြီးများနှင့်အတူ ကျက်သရေ ရှိလှပေ သည်။ ယင်းအလယ်တံခါး၌ တံခါးစောင့် သစ်သားနတ်ရုပ် များရှိသည်။ ယင်းတံခါးမှာ ရှစ်ရာစု အစပိုင်းလောက်က လုပ်ထားသော တံခါးဖြစ်သည်။ ရုပ်တုများလည်း ထိုအချိန် က ရုပ်တုများ ဖြစ်ဟန်ရှိသည်။ အလယ်တံခါးကို လွန်သွား သောအခါ ခန်းမကြီးထဲ ရောက်သွားသည်။ထိုခန်းမကြီးထဲ၌ အဓိက နတ်ကွန်းရှိသည်။ ၀ဲဘက်၌ အဆင့်ငါးဆင့်ရှိသော ပုထိုးရှိပြီး ယာဘက်၌ အဓိက နတ်ကွန်းရှိသည်။ ပထမဦးစွာ အဓိကနတ်ကွန်းသို့ ရောက်သွားသည်။ လမ်းညွှန်က ပထမ ကျွန်ုပ်တို့ကို ရှေ့ဘက်ဝရန်တာသို့ ခေါ်သွားသည်။ထိုနေရာ ၌ ကျွန်ုပ်တို့အား ဖျင်ဖိနပ် စီးဖို့ပေးသည်။ ဂျပန်ဘုရား ကျောင်း များ၌ ဖိနပ်စီးဝင်ခြင်းသည် မသင့်လျော် မလျောက် ပတ်ဟု ယူဆထားကြသည်။ ထိုနည်းအတိုင်းပင် သူတို့၏ အမျိုးသားဟန်ဖြင့် ဆင်ပြင်ထားသော အိမ်တွင်းသို့လည်း ဖိနပ်စီးဝင်ခြင်းသည် မသင့်လျော် မလျောက်ပတ်ပေ”

ရှိုတိုကုသည် ဗုဒ္ဓတရားနှင့် အတူတကွ ဂျပန်အတွေးအခေါ် နှင့် အစဉ်အလာ ယုံကြည်ချက်များကိုလည်း လေးစားမှုရှိ သည်။ ရှေးဟောင်း နတ်ဒေ၀ီ ဒေ၀တာများအား ဗုဒ္ဓဘာသာ နတ်ဒေ၀ီဒေ၀တာများအဖြစ် ထင်မှတ်ယူဆထားသည်။
ကောင်းကင်ပေါ်က နတ်နှင့် မြေအောက်က နတ်အား လေးစားမှုကို ပြရန်အတွက် ကြီးမားသော ပွဲသဘင်များကို ဆင်ယင်ကျင်းပသည်။ သို့သော်လည်း ရှိုတိုကုသည် အထက်တန်းလွှာများ ကိုးကွယ်သော ရှင်တိုဘာသာကိုမူ အပြင်းအထန် ဆန့်ကျင်သည်။ ရှိုတိုကု၏ အမြင်၌ ဘာသာ တရားနှစ်ခုသည် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ရှင်တို ဘာသာ သည် ထင်ရှားရှိသည့် အရာဝတ္ထုနှင့်သာလျှင်
ပတ်သက် ဆက်နွှယ်နေပြီး ကွန်ဖြူရှပ်ဘာသာသည် ထင်ရှား မရှိသည့် အရာဝတ္ထုနှင့်သာလျှင် ပတ်သက်ဆက် နွှယ်နေသည်။

၆၂၁ ခုနှစ်၌ ရှိုတိုကု ကံကုန်သွားသည်။ ထိုအချိန်က အကြောင်းကို ရှေးဟောင်း သမိုင်းဆရာတစ်ယောက်က ဤသို့ ရေးသားထားသည်။
"လယ်ထွန်နေသူများသည် ထွန်သွားကို ရပ်ထားကြသည်။
မောင်းထောင်းနေကြသူများသည် မောင်းကို ရပ်ထားကြ သည်။ အလားလုံးက `နေနှင့်လ ကွယ်သွားကြပြီ။ ပထ၀ီ မြေကြီးနှင့် အာကာသကောင်းကင်သည် အစိတ်စိတ် အမြွှာမြွာ ဖြစ်သွားပြီ။ ငါတို့ ဘယ်သူ့ကို အားကိုးကြတော့ မည်နည်း' ဟု မြည်တမ်းကြသည်။ ဆင်းရဲချမ်းသာမရွေး ဂျပန်တစ်နိုင်ငံလုံး ပူဆွေးသောက ရောက်ကြသည်။ လူကြီး များက သူတို့၏ တစ်ဦးတည်းသောသား ကွယ်လွန်သွား ပြီဟု ထင်မှတ်ကြသည်။ လူငယ်များက သူတို့၏ဖခင်
ပျောက်ဆုံးသွားပြီဟု အောက်မေ့ကြသည်။ လမ်းကြီးလမ်း ငယ် အားလုံး၌ ငိုကြွေးမြည်တမ်းနေကြသော မိန်းမ ယောက်ျားအပြည့် ဖြစ်နေသည်" ။

ဂျပန် ရှေးဟောင်းသမိုင်းအရ သိရသည်မှာ ရှိုတိုကု ကွယ်လွန်စဉ်က ဂျပန်နိုင်ငံတွင် ကျောင်းတိုက်ပေါင်း ၄၇ ကျောင်း ရှိသည်။ ယင်းကျောင်းတိုက်များ၌ ရဟန်း ၈၁၆ ပါးနှင့် ရဟန်းမ ၅၆၉ ပါးတို့ သီတင်းသုံးနေထိုင်ကြသည်။

ရှိုတိုကုသည် သူ မကွယ်လွန်မီကပင် သူ၏ ရုပ်ကလာပ်ကို
မြေမြှုပ်သင်္ဂြိုဟ်ရန် နေရာကို သတ်မှတ်ထားသည်။ သူ၏
အလိုဆန္ဒအရ ထိုနေရာ၌ အရိုးဂူ လုပ်ထားသည်။ ယင်းဂူ သည် ဂျပန်တစ်နိုင်ငံလုံးအတွက် ဂုဏ်ယူစရာ၊ ပူဇော်ပသ စရာ ဖြစ်လာခဲ့သည်။

ရှိုတိုကု ကွယ်လွန်သောအခါ ရှိုတိုကု၏ ငယ်ဆရာဖြစ်သော၊ နောင်သောအခါ၌ ရှိုတိုက၏ ကူဖော်လောင်ဖက် ဖြစ်လာ သော အေဂျီကေသည် သူ၏တပည့်နှင့် ပတ်သက်၍ ဤသို့ ထုတ်ဖော်ပြောပြသည်။
"ရှိုတိုကုသည် ဂျပန်၏ မုနိဖြစ်သည်။တိုယတို မိမိအမည်ဖြင့် တစ်နိုင်ငံလုံး၌ ထင်ရှားကျော်ကြားသည်။ မြင့်သော နန်း ဆောင်ထက်က ဘုရင့်သားတော်ဟူ၍ အနက်အဓိပ္ပာယ် ရ သည်။ အမှန်စင်စစ်ပင် ရှိုတိုကု၌ မုနိတစ်ပါး၏ ဂုဏ်သိက္ခာ များရှိသည်။ သူသည် သူ၏ ဘ၀တစ်လျှောက်လုံး၌ ကမ္ဘာ လောကကို အမှန်အတိုင်း ရှုမြင်သုံးသပ်သည်။ ရှေးရှေးမုနိ တို့၏ ဂုဏ်သိက္ခာများသည် သူ့တွင် ပေါင်းစုနေကြသည်။
မိမိအသက်ကဲ့သို့ပင် သူသည် ရတနာသုံးပါးကို လေးစား ကြည်ညိုသည်။ မိမိ၏ တိုင်းသူပြည်သားများအားလည်း
ဆင်းရဲခြင်းမှ ကာကွယ်စောင့်ရှောက်သည်။ စကားလုံး တစ်လုံးတည်းနှင့် ပြောရလျှင် ရှိုတိုကသည် မဟာရသေ့ တစ်ပါး ဖြစ်သည်"။

ရှိုတိုကု၏ အိမ်ထောင်မိသားစုနှင့် ပတ်သက်၍ ရေးသား ဖော်ပြထားချက်ကို မတွေ့ရပေ။ တစ်သက်လုံး အိမ်ထောင် မပြု ဘဲ နေသွားသည်ဟု ထင်ရသည်။ ဘာသာရေးနှင့်
နိုင်ငံရေးတာဝန်များကြောင့် ရှိုတိုကုသည် အိမ်ထောင်ကျပြီး မိသားစုနှင့် နေသွားရန် အချိန်ရရှိဟန် မတူပေ။

အမှန်မှာ ရှိုတိုကုသည် ဘုရင်မဟုတ်ပေ။ ဘုရင်အဖြစ်နှင့် သူ၏ အရီးတော် ရှိနေသည်။ သို့ရာတွင် တိုင်းပြည်အုပ်ချုပ် ရေးမှာမူ သူ့လက်ထဲတွင် ရှိနေသည်။ သူကိုယ်တိုင် ဘုရင် လုပ်၍ ရသည်။ သို့သော်လည်း ဘုရင်လုပ်လိုသည့် ဆန္ဒ မရှိပေ။ သူ၏ ဦးခေါင်းပေါ်၌ ဘုရင်၏ မကိုဋ် မရှိပေ။ သို့ရာ တွင် သူသည် ဂျပန်နိုင်ငံ၌ ကြီးကျယ်မြင့်မြတ်သော ဗုဒ္ဓ ဘာသာလောက၏ ဘုရင်တစ်ဆူဖြစ်သည်။ ရှိုတိုကုနှင့် ပတ်သက်၍ ဘဒ္ဒန္တအာနန္ဒာ ကောသလ္လာယနက ဤသို့ ရေးသားထားသည်။

"ပန်ဂျပ်၌ ဂုရုဂေါဝိန္ဒသီဟ ရရှိသည့် နေရာမျိုးကို လည်း ကောင်း၊ ရာဂျစတန်၌ မဟာရာဏာ ပရတာပ ရရှိသည့် နေရာမျိုးကိုလည်းကောင်း၊ မဟာရတ်ရှထရ၌ ရှိဝဂျီ ရရှိ သည့်နေရာမျိုးကိုလည်းကောင်း၊ သီဟိုဠ် (သီရိလင်္ကာ) ၌
အဘယဂါမဏိ ရရှိသည့်နေရာမျိုးကိုလည်းကောင်း၊
အိန္ဒိယ တစ်နိုင်ငံလုံး၌ ဘုရင် အသောက ရရှိသည့် နေရာ မျိုးကိုလည်းကောင်း ဂျပန်နိုင်ငံ၌ ဘုရင်ရှိုတိုကု ရရှိ သည်" ။

အပိုင်း(၃၇)ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်